ကံကြမ္မာသမင်လမ်းနှင့် မက်မွန်ရွက်လမ်းသို့ ချန်ပင်အန်း မရောက်ဖြစ်ခဲ့လျှင် ကြွေပန်းအိုးလမ်းကလေး မည်မျှမှောင်မိုက်ကျဉ်းမြောင်းသည်ကို နားလည်ခဲ့မည်မဟုတ်။ သို့သော် သူ့ဘဝသူ စိတ်ဓာတ်မကျ။ လုံခြုံစိတ်ချရသကဲ့သို့ ခံစားမိနေသည်။ သူတစ်ချက်ပြုံးလျက် လက်နှစ်ဘက်ကို ဘေးသို့ဆန့်ထုတ်လိုက်သည်။ လက်များက ဘေးဘယ်ညာ မြေတံတိုင်းစည်းရိုးထိပ်များကို လှမ်းမီရုံသာဖြစ်သည်။ လွန်ခဲ့သည့်လေးနှစ်က ထိုသို့မဟုတ်ခဲ့။ လက်ချောင်းထိပ်ကလေးနှင့် ထိသည်ဆိုရုံသာ ထိနိုင်ခဲ့သည်။
သူအိမ်ပြန်ရောက်လာချိန်တွင် ခြံဝင်းတံခါးမှာ ပွင့်လျက်သားဖြစ်သည်။ သူခိုးဝင်သည်ဟု ထင်လိုက်သဖြင့် အထဲသို့ အမြန်ပြေးဝင်သွားသည်။ တံခါးလှေခါးထစ်ပေါ်တွင် အရပ်မြင့်မြင့် ရင်အုပ်ကျယ်ကျယ် လူငယ်တစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သောခတ်ထားသည့်တံခါးကိုမှီလျက် ပျင်းရိပျင်းရော်ဟန်ဖြင့် သမ်းဝေနေသည်။ ချန်ပင်အန်းကိုမြင်သည်နှင့် ဖင်ကိုဆူးစူးသကဲ့သို့ ချက်ချင်းခုန်ထကာ အပြေးလှမ်းလာသည်။ ထို့နောက် ချန်ပင်အန်းလက်မောင်းကို ခပ်တင်းတင်းကိုင်လျက် တံခါးပေါက်ဆီ ချက်ချင်းခေါ်သွားကာ လေသံခပ်အုပ်အုပ်ဖြင့်
“တံခါးဖွင့်စမ်း၊ မင်းကိုငါ အရေးတကြီးပြောစရာရှိလို့ကွ”
ချန်ပင်အန်း သူ့လက်မှလွတ်အောင် မရုန်းနိုင်ဘဲ တံခါးပေါက်ဆီ ယက်ကန်ယက်ကန်ဖြင့် ပါသွားသည်။ ထိုလူငယ်သည် ချန်ပင်အန်းထက် အသက်နှစ်နှစ်ပိုကြီးသည်။ ခန္ဓာကိုယ်လည်း ပို၍ဖွံ့ဖြိုးသည်။
တံခါးဖွင့်ပြီးသည်နျင့် ချန်ပင်အန်းကို ဘေးသို့တွန်းထုတ်ကာ ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် သစ်သားကုတင်ပေါ်သို့ တက်သွားသည်။ နံရံကို နားနှင့်ဖိကပ်၍ တစ်ဘက်အိမ်မှအသံကို နားစွင့်နေသည်။
“ဘာလုပ်နေတာလဲ လျိုရှန်ယန်”
ချန်ပင်အန်း နားမလည်ဟန်ဖြင့် မေးလိုက်သည်။
လျိုရှန်ယန်က သူ့ကိုအရေးမစိုက်။ ခုနစ်မိနစ်ခန့်ကြာပြီးနောက် သူ့အမူအရာများ ပုံမှန်ပြင်ဖြစ်သွားပြီး ကုတင်စွန်းတွင် ပြန်ထိုင်သည်။ သူ့မျက်နှာပေါ်တွင် စိတ်သက်သာရာရခြင်းနှင့် စိတ်ပျက်ခြင်းအရိပ်များ ရောထွေးနေသည်။
ထိုစဉ် ထူးထူးဆန်းဆန်းအလုပ်တစ်ခု လုပ်နေသည့် ချန်ပင်အန်းကို သူသတိထားမိသွားသည်။ ချန်ပင်အန်းသည် တံခါးပေါက်အတွင်းဘက်တွင် ဆောင့်ကြောင့်ထိုင်လျက် ခါးကိုရှေ့သို့ ကိုင်းထားသည်။ ဖယောင်းတိုင်တစ်ချောင်းဖြင့် အဝါရောင်စက္ကူတစ်ခုကို မီးရှို့နေသည်။ ဖယောင်းတိုင်မှာလည်း လက်မခန့်သာ ကျန်တော့သည်။ စက္ကူမီးလောင်ပြာများ တံခါးဝအပြင်ဘက်တွင် ကျနေသည်။ ချန်ပင်အန်း တစ်စုံတစ်ခုကို ရွတ်ဆိုနေဟန်ရှိသည်။ လျိုရှန်ယန်က သူနှင့်နည်းနည်းအလှမ်းဝေးသဖြင့် သူရွတ်ဆိုနေသည့်စကားကို မကြားရပေ။
လျိုရှန်ယန်သည် အဘိုးယော်၏ အတော်ဆုံးတပည့်ဖြစ်သည်။ လက်မှုပညာပါရမီညံ့ဖျင်းသည့် ချန်းပင်အန်းမှာ အဘိုးယော်၏ တပည့်ဖြစ်ခွင့်မရသည့် တပည့်ဖြစ်သည်။ ရိုးရာအစဉ်အလာအရ တပည့်ကဆရာကို အတည်အတံ့အခမ်းအနားဖြင့် လက်ဖက်ရည်ခွက် ပေးအပ်ခြင်းမပြုလျှင် ဆရာတပည့်မမည်ပေ။
အဘိုးဖြစ်သူ မကွယ်လွန်မီက လျိုရှန်ယန်ကို ထိန်းမတ်ပဲ့ပြင်မည့် လူကြီးတစ်ယောက်ရှိသည်ဟု ဆိုနိုင်သေးသည်။ သူ့အဘိုးနာမကျန်းဖြစ်၍ ကွယ်လွန်သွားပြီးနောက်တွင် လျိုရှန်ယန်သည် အိမ်နီးချင်းများအတွက် ဂြိုလ်ဆိုးတစ်ယောက်ဖြစ်လာသည်။
ထိုစဉ်က သူ့အသက် ဆယ့်သုံးနှစ်ခန့်သာရှိသေးသော်လည်း လူငယ်ယောက်ျားတစ်ယောက်လိုပင် ခန္ဓာကိုယ်ဖွံ့ဖြိုးနေပြီဖြစ်သည်။ တစ်နေ့တွင် လုမိသားစုမှကလေးများနှင့် ရန်ဖြစ်ခဲ့သည်။
ထိုရန်စကြောင့် နောက်ပိုင်းတွင် ကြွေပန်းအိုးလမ်းထဲ၌ လျိုရှန်ယန်ကို အုပ်စုဖွဲ့၍ ရိုက်နှက်ကြသည်။ ရန်သူကလေးအုပ်စုကလည်း ဖြစ်လာမည့်အကျိုးဆက်ကို ထည့်မစဉ်းစားကြ။ လျိုရှန်ယန်ကို သွေးအန်သည်ထိ ရိုက်ကြနှက်ကြသည်။ ကြွေပန်းအိုးလမ်းမှ မိသားစုများမှာ အခြေခံလူတန်းစား အိုးလုပ်သားများသာဖြစ်၍ ဝင်ရောက်ဖြန်ဖြေခြင်း မပြုရဲကြပေ။
ထိုအချိန်တွင် ဆုန်ကျိရှင်းမှာ သွေးထွက်သံယိုမြင်ကွင်းကို ကြောက်လန့်ခြင်းမရှိဘဲ တံတိုင်းစည်းရိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ ရန်ပွဲကို အရသာခံ၍ ကြည့်နေခဲ့သည်။
နောက်ဆုံးတွင် ပိန်ပိန်သေးသေး ကလေးတစ်ယောက်သာလျှင် သူ့ခြံထဲမှထွက်၍ လမ်းပေါ်သို့ပြေးတက်ကာ အသံကုန်ခြစ်၍ အော်ဟစ်အကူအညီတောင်းပေးခဲ့သည်။
“လာကြပါဦးဗျို့၊ ဒီမှာ လူသေတော့မယ်”
‘သေ’ဟူသည့်စကားကြားမှ လုမျိုးနွယ်မှကလေးများ လန့်ဖျတ်သွားကြသည်။ လျိုရှန်ရန်မှာ သွေးအလူးလူးဖြစ်နေသည်။ သေခါနီးအခြေအနေမျိုးဖြစ်နေသည်။ လုမျိုးနွယ်များ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လမ်းထဲမှ အမြန်ထွက်ပြေးသွားကြသည်။
သို့သော် ထိုဖြစ်ရပ်နောက်ပိုင်းတွင် လျိုရှီယန်မှာ သူ့အသက်ကို ကယ်ခဲ့သည့်ကလေးအား ကျေးဇူးမတင်ရုံသာမက အမြဲလိုလိုပင် လာ၍အနိုင်ကျင့်သည်။ ထိုကလေးမှာ မိဘမဲ့ တစ်ကောင်ကြွက်ဖြစ်သည်။ သူသည် အလွန်ခေါင်းမာသည်။ မည်မျှပင် အနိုင်ကျင့်ခံရသည်ဖြစ်စေ သူမငိုပေ။ သူမငိုလေ လျိုရှန်ယန်က ဒေါသထွက်လေဖြစ်သည်။
တစ်ချိန်တွင် ထိုမိဘမဲ့လေးသည် ထိုနှစ်ဆောင်းရာသီကိုလွန်၍ အသက်ဆက်ရန် မဖြစ်နိုင်သော့သည့် အခြေအနေမျိုးသို့ ရောက်လာသည်။ ထိုအချိန်ကျမှ လျူရှီယန် အသိပြန်ဝင်လာသည်။ သူသည် အဘိုးယော်၏ တပည့်ဖြစ်နေပြီးဖြစ်၍ ထိုမိဘမဲ့ကို “ရတနာချောင်းရိုး”ဘေးမှ တော်ဝင်ကြွေထည်ရုံသို့ ခေါ်သွားခဲ့သည်။
မြို့အနောက်ဘက်သို့ သူတို့နှစ်ယောက် ဦးတည်လျှောက်ခဲ့ကြသည်။ နှင်းများထူထဲစွာ ကျဆင်းနေချိန်တွင် ကြမ်းတမ်းသည့် တောင်တန်းခရီး ကီလိုဆယ်ချီကို ဖြတ်ကျော်ခဲ့ကြသည်။ ခြေသလုံးပလွေရိုးဖြစ်နေသည့် ထိုမိဘမဲ့လေးသည် ကြွေထည်ရုံထိရောက်အောင် မည်သို့မည်ပုံလျှောက်နိုင်ခဲ့သည်ကို လျိုရှန်ယန် ယနေ့အထိ စဉ်းစား၍မရသေးပေ။
အဘိုးယော်က ချန်ပင်အန်းကို လက်ခံခဲ့သော်လည်း ကလေးနှစ်ယောက်ကို ဆက်ဆံပုံက မိုးနှင့်မြေလို ကွာခြားသည်။ အတော်ဆုံးတပည့် လျိုရှန်ယန်ကို ဆဲဆိုရိုက်နှက်ခြင်း မပြုသည်တော့မဟုတ်။ သို့သော် ဆရာချီ၏ စကားများလုပ်ရပ်များနောက်ကွယ်တွင် လျိုရှန်ယန်အား မည်မျှစေတနာထားသည်ကို မျက်ကန်းတစ်ယောက်ပင် သိနိုင်ပေသည်။
ဥပမာပြောရလျှင် တစ်ရက်တွင် အဘိုးယော် နည်းနည်းလက်လွန်သွားပြီး လျိုရှန်ယန်နဖူးတွင် သွေးထွက်အနာတရဖြစ်အောင် လုပ်လိုက်မိသည်။ စိတ်ဓာတ်မာသည့် ကလေးဖြစ်၍ ထိုဒါဏ်ရာကို လျိုရှန်ယန် လုံးဝမမှု။ သို့သော် အဘိုးယော်မှာ သူ့လုပ်ရပ်အတွက် အတော်စိတ်မကောင်းဖြစ်သွားသည်။ တပည့်များရှေ့တွင်တော့ ထိုဒါဏ်ရာအတွက် တောင်ပန်ခြင်း အခြေအနေမေးမြန်ခြင်းမပြု။ မျက်နှာတင်းတင်းဖြင့် ဆရာသဘာကို ထိန်းထားသည်။
ထိုနေ့က အဘိုးယော်သည် အခန်းထဲတွင် တစ်ညလုံးနီးပါး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ လျိုရှီယန်အတွက် စိုးရိမ်နေခဲ့သည်။ မတတ်သာသည့်အဆုံးတွင် ချန်ပင်အန်းကိုခေါ်ကာ လျိုရှန်ယန်အတွက် လိမ်းဆေးတစ်ဘူး ပေးခိုင်းသည်။
ထိုနှစ်များအတွင်းက လျိုရှန်ယန်ကို ချန်ပင်အန်း အားကျခဲ့ရသည်။ လျိုရှန်ယန်ကို ပါရမီကောင်း၍ ခွန်အားကောင်း၍ ရုပ်ချော၍ အားကျခြင်းမဟုတ်။ လျိုရှန်ယန်၏ အကြောက်အလန့်ကင်းသည့်စိတ်ကို အားကျခဲ့ခြင်းဖြစ်သည်။ မည်သည့်နေရာသို့သွားသည်ဖြစ်စေ လျိုရှန်ယန် ဘာကိုမှမကြောက်။ တစ်ကိုယ်တည်းဖြစ်နေသည်ဟုလည်း အားငယ်ခြင်းမရှိ။
သူသွားလေရာတွင် တွေ့သည်လူနှင့် ရင်းနှီးအောင်ပေါင်းနိုင်သည်။ ညီရင်းအကိုလိုပင် ခင်မင်ရင်းနှီးသွားကြသည်။ အရက်သောက်လျှင်လည်း အရက်သောက်တမ်း ပြိုင်ကစားကြသည်။ အဘိုးဖြစ်သူ ကျန်းမာရေးချူချာသည့်အတွက် လျိုရှီယန်မှာ ငယ်စဉ်ကတန်းကပင် ကိုယ့်ဒူးကိုယ်ချွန်ခဲ့ရသည်။ သူနေသည့်နေရာတစ်ဝိုက်မှ ကလေးများကြားတွင် ခေါင်းဆောင်တစ်ယောက်လို ဖြစ်လာခဲ့သည်။
အားလုံးကို သူကျွမ်းကျင်သည်။ မြွေဖမ်းကျွမ်းသည်။ ငါးဖမ်းကျွမ်းသည်။ ငှက်ဥနှိုက်ကျွမ်းသည်။ လေးပြင်တတ်တတ်သည်။ ငါးမျှားတံပြင်တတ်သည်။ လေးခွပြင်တတ်သည်။ ငှက်အိမ် လုပ်တတ်သည်။ သူမလုပ်တတ်သည့်အရာ မရှိတော့သလောက် ဖြစ်နေသည်။ အထူးသဖြင့် လယ်သွင်းရေမြောင်းများထဲမှ ငါးရှဉ့်ဖမ်းခြင်း၊ ငါးခူဖမ်းခြင်းတို့တွင် ပြိုင်ဘက်ကင်းဘုရင်တစ်ဆူဖြစ်သည်။
လျိုရှန်ယန် ကိုယ်ပိုင်ကျောင်းမှ ထွက်ခဲ့သည်။ စာသင်သည့်ဆရာရှုက အိပ်ယာပေါ်တွင်လဲနေသည့် သူ့အဖိုးထံရောက်လာပြီး လျိုရှန်ယန်ကို အခကြေးငွေမယူဘဲ ပညာသင်ပေးပါမည်ဟု ကမ်းလှမ်းခဲ့သည်။
သို့သော် လျိုရှန်ယန်က လုံးဝကျောင်းပြန်မတက်ပါဟု အပြတ်ငြင်းသည်။ ငွေကိုသာရှာချင်သည်ဟု သူပြောသည်။ ပညာရေးကို လုံးဝစိတ်မဝင်စား။ ဆရာရှုကသူ့ကို စာချကျောင်းသားအဖြစ် လခပေး၍ အလုပ်ခန့်မည်ဟု ပြောပြန်သည်။ သို့သော် ထိုအလုပ်ကိုလည်း လျိုရှန်ယန်က ငြင်းခဲ့သည်။
လျိုရှန်ယန်မှာ သူ့ဝင်ငွေနှင့်သူ အတော်လေး အဆင်ပြေသည်။ အဘိုးယော်ကွယ်လွန်ပြီး ကြွေထည်အလုပ်ရုံပိတ်သွားသော်လည်း နဂါးစီးလမ်းမှ ပန်းပဲဆရာက သူ့ကိုမျက်စိကျသွားသည်။ ယခု ထိုပန်းပဲဆရာမှာ မြို့တောင်ပိုင်းတွင် ပန်းပဲရုံတည်ဆောက်ရင်း အလုပ်များနေသည်။
လျိုရှန်ယန် ချန်ပင်အန်းကို ကြည့်နေသည်။ ချန်ပင်အန်း ဖယောင်းတိုင်မီးကို မှုတ်၍ စားပွဲပေါ်တွင် ချထားလိုက်သည်။
ထို့နောက်တွင် လျိုရှန်ယန်က မေးသည်။
“ဒီမနက် ထူးထူးဆန်းဆန်းအသံမျိုးတွေ မင်းကြားသေးလား။ ပြောရရင် ဟိုလိုကွာ—“
ချန်ပင်အန်းက ခုံရှည်တွင်ဝင်ထိုင်၍ လျိုရှန်ယန် စကားဆုံးအောင် စောင့်နေသည်။
လျိုရှီယန် ခဏချီတုံချတုံဖြစ်နေသည်။ သူ့ထံတွင် အလွန်တွေ့ရခဲသည့် ရှက်ရွံ့ပုံမျက်နှာထားမျိုး ဖြစ်နေသည်။ နီရဲနေသည့်မျက်နှာနှင့် သူဆက်ပြောသည်။
“ဟိုလေ.. ကြောင်တွေ ညည်းတဲ့အသံမျိုးပေါ့ကွာ”
“ဆုန်ကျိရှင်းက ကြောင်လိုအော်နေတာမျိုးကို ပြောတာလား။ ဒါမှမဟုတ် ကျီကွေ့ကိုလား”
ချန်ပင်အန်း မေးလိုက်သည်။
လျိုရှန်ယန် မျက်လုံးထောင့်ကပ်၍ ကြည့်သည်။ သူ့စကားကို နည်းနည်းမှမရိပ်မိသည့် လူမျိုးနှင့် လေကုန်ခံ၍ ဆက်ပြောလိုဟန်မရှိ။ သူ့လက်ဝါးနှစ်ဘက်ကို သစ်သားကုတင်ပေါ်တွင်ထောက်လိုက်သည်။ ထို့နောက် တံတောင်ကို အကွေးအဆန့်ပြုလုပ်လိုက်သည်။ တစ်ကိုယ်လုံးကို လက်နှစ်ဘက်တည်းဖြင့်သာ ထိန်းထားသည်။ သူ့ခါးအောက်ပိုင်းသည် ကုတင်ခင်းပေါ်မှကြွတက်လာသည်။ ခြေထောက်များ ကြမ်းပြင်နှင့်မထိတော့။
ထို့နောက် ပြုံးစေ့စေ့အမူအရာဖြင့်
“ကျီကွေ့ဆိုတာ ဘယ်လို နာမည်ကြီးလဲကွာ။ သူ့နာမည်က ဝမ်ကျူးပါ။ ဆုန်မျိုးရိုးကောင်ဟာ လက်တောက်လောက်အရွယ်ကတည်းက ကြွားလုံးထုတ်တတ်တဲ့ကောင်ပဲ။ ကျီကွေ့ဆိုတဲ့ နာမည်စာလုံးကို တစ်နေရာရာကနေ သူတွေ့ခဲ့ဖတ်ခဲ့ဖူးတာဖြစ်မယ်။ အဲဒါကို အဓိပ္ပါယ်ရှိမရှိ မစဉ်းစားဘဲ အရူးထပြီး ယူသုံးထားတာဖြစ်မှာပါ။ ဝမ်ကျူးဟာ ရှေးဘဝကဝဋ်ကြွေးတွေ ပါလာလို့ ဆုန်ကျိရှင်းရဲ့ အစေခံအဖြစ်မွေးလာပြီး ဒီလိုဘဝဆိုးမျိုး ကြုံနေရတာဖြစ်မယ်”
လျိုရှန်ယန်အမြင်ကို ချန်ပင်အန်း ဘာမှလိုက်မပြောပါ။
လျိုရှန်ယန်မှာ လက်နှစ်ဘက်နှင့် ခန္ဓာကိုယ်ကို ကြွထားဆဲဖြစ်သည်။ အေးစက်စက် လှောင်ရယ်လျက် သူဆက်ပြောသည်။
“မင်းတကယ် နားမလည်ဘူးလားကွာ။ သူရေပုံးသယ်လာတာကို မင်းတစ်ခါကူညီလိုက်ပြီးကတည်းက သူမင်းကို တစ်ခါမှ စကားမပြောတော့ဘူးမဟုတ်လား။ အဲဒါ ဆုန်ဆိုတဲ့ငနာကောင်က မနာလိုဝန်တိုဖြစ်ပြီး ဝမ်ကျူးကို မင်းနဲ့နောက်ထပ်စကားမပြောဖို့ အတင်းအကြပ်ခြိမ်းခြောက်ထားလို့ပဲ ဖြစ်မှာပေါ့။ ခြေထောက်နှစ်ချောင်းကို ရိုက်ချိုးပြီး ကြွေပန်းအိုးလမ်းပေါ်ကို လွှင့်ပစ်မယ်တို့ဘာတို့ ပြောခဲ့တာဖြစ်မယ်”
ချန်ပင်အန်း ငြိမ်၍နားထောင်မနေနိုင်တော့ဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
“ဆုန်ကျိရှင်းက သူ့ကို အဲလိုမရက်စက်ပါဘူး”
သူ့စကားကြောင့် လျူရှန်ယန် ဒေါသထွက်သွားသည်။
“မင်းက ဘာသိမှာလဲကွ။ ကောင်းမှန်းဆိုးမှန်းတောင် နားမလည်တဲ့ကောင်ပဲ”
ချန်ပင်အန်းမျက်လုံးများက ကြည်လင်ရှင်းလင်းနေသည်။
“တစ်ခါတစ်လေ သူခြံထဲမှာ အလုပ်လုပ်နေတဲ့အချိန်ဆို ဆုန်ကျိရှင်းက ခွေးခြေပေါ်မှာထိုင်ပြီး ဒေသကောင်တီစာအုပ်ကို ဖတ်နေတတ်တယ်။ ကျီကွေ့ကလည်း သူ့ကိုလှမ်းကြည့်ပြီး ပြုံးနေတာပဲလေ”
ထိုစကားကြောင့် လျိုရှန်ယန် တစ်ချက်တွန့်သွားသည်။
ရုတ်တရက် ကုတင်၏အလယ်ပိုင်းတွင် ဂျွတ်ခနဲအက်ကွဲသွားသည်။ လျိုရှန်ယန်၏ခန္ဓာကိုယ်အလေးချိန်ကို မခံနိုင်သောကြောင့် ဖြစ်လိမ့်မည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ်သူထိုင်ချလိုက်သည်။
ချန်ပင်အန်း စိတ်ပျက်ဟန်ဖြင့် သက်ပြင်းချကာ ခေါင်းကို လက်နှစ်ဘက်ဖြင့်အုပ်ကိုင်လျက် ဆောင့်ကြောင့်ထိုင်လိုက်သည်။
လျိုရှန်ယန်က ခေါင်းတစ်ချက်ကုတ်ရင်း ထရပ်လာသည်။ ကုတင်အက်ကွဲသွားသည့်ကိစ္စကို တောင်းပန်ခြင်းမရှိ။ စိတ်မကောင်းဖြစ်ဟန်လည်းမရှိပေ။ ချန်ပင်အန်း စနောက်၍ တစ်ချက်ပိတ်ကန်ကာ ရယ်ကျဲကျဲဖြင့်ပြောလိုက်သည်။
“ဒါအတွက် စိတ်မကောင်းဖြစ်မနေပါနဲ့ကွာ။ ကုတင်ကလည်း အတော်စုတ်နေပါပြီ။ ဒီနေ့ငါလာတာ မင်းကို သတင်းကောင်းပြောဖို့ကွ။ ဒီကုတင်စုတ်ထက် ပိုတန်ဖိုးရှိတဲ့သတင်းပေါ့”
ချန်ပင်အန်း ခေါင်းမော့လာသည်။
လျိုရှန်ယန်က ဟန်တစ်ခွဲသားမျက်နှာဖြင့် ဆက်ပြောသည်။
“ဆရာရွမ်နဲ့ မြို့တောင်ဘက် ချောင်းရိုးဆီကိုရောက်တုန်းက သူငါ့ကိုပြောတယ်။ ရေတွင်းနည်းနည်းလောက် တူးချင်တယ်တဲ့။ လုပ်ဖို့ကိုင်ဖို့လည်း လူအင်အားကမလောက်ဘူး။ ငါလည်း စိတ်ကူးရလာပြီး မင်းအကြောင်း သူ့ကိုပြောလိုက်တယ်။ မင်းဟာ လုပ်နိုင်ကိုင်နိုင်တဲ့ကောင်ပါလို့ ပြောလိုက်တာပေါ့။ ဆရာရွမ်က သဘောတူတယ်။ နောက်သုံးလေးရက်နေရင် မင်းသူ့ကို လာတွေ့ပါလို့ ပြောတယ်”
ချန်ပင်အန်း ချက်ချင်းထရပ်လာသည်။ ကျေးဇူးတင်စကားဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် လျိုရှန်ယန်က လက်ကာပြ၍
“မပြောနဲ့တော။ ငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ မင်းအတွက်ငါလုပ်ပေးခဲ့တာကိုပဲ မှတ်ထားလိုက်ပါ”
ချန်ပင်အန်း မချိသွားဖြဲ ပြုံးနေသည်။
လျိုရှီယန်က အိမ်ထဲတွင် မျက်လုံးဝေ့ကြည့်လိုက်သည်။ အိမ်ထောင့်တစ်နေရာတွင် ထောင်ထားသည့် ငါးမျှားတံတစ်ချောင်း၊ ပြတင်းဘောင်ပေါ်တင်ထားသည့် လေးခွတစ်လက်နှင့် နံရံတွင်ချိတ်ထားသည့် သစ်သားဒူးလေးတစ်လက်တို့ကို သူမြင်သွားသည်။ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် ဘာစကားမှ ထွက်မလာတော့ပေ။
တံခါးပေါက်ဆီသွားကာ ခြေလှမ်းကျဲကျဲ လှမ်းကျော်လိုက်သည်။ အဆောင်စက္ကူမီးရှို့ထားသည့် ပြာများကို မနင်းမိအောင် ရှောင်လိုက်ခြင်းဖြစ်သည်။
ထွက်သွားသည့် သူ့နောက်ကျောကို ချန်ပင်အန်း ကြည့်နေသည်။ ထိုစဉ် ရုတ်တရက် လျိုရှန်ယန်က နောက်ပြန်လှည့်လာပြန်သည်။
ထို့နောက် ဒူးကိုကွေး၍ ခပ်ကုန်းကုန်းအနေအထားမျိုးပြောင်းကာ ချန်ပင်အန်းထံ ခြေကွက်နင်း၍ ရောက်လာသည်။ ထို့နောက် လက်သီးထိုးဟန်တစ်ချက် လှုပ်ရှားလိုက်သည်။ ထို့နောက် မတ်မတ်ပြန်ရပ်ကာ လက်သီးကို ပြန်ရုတ်လျက် တဟက်ဟက်ရယ်နေသည်။
“ဒီသိုင်းကွက်ကို တစ်နှစ်လောက်ကျင့်ဖို့ ဆရာရွမ်ကငါ့ကို လျှို့ဝှက်ပြီး ပြောထားတယ်ကွ။ လူတစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့တောင် သတ်နိုင်တယ်တဲ့”
ထိုသို့ပြောနေသော်လည်း သူ့လှုပ်ရှားမှု သိုင်းဟန်ကို ကျေနပ်ပုံမရသေး။ ထူးဆန်းသည့် ခြေကန်ချက်တစ်ခု လှုပ်ရှားလိုက်ပြန်သည်။
“ခွဆုံကို မိမိရရကန်နိုင်ရင် မူးနေတဲ့မြည်းတစ်ကောင်ကို သတ်နိုင်တယ်တဲ့ကွ”
ထို့နောက် သူ့ရင်ဘတ်သူ့ လက်မဖြင့်ညွှန်လျက် ဟန်ကြီးပန်ကြီးလေသံဖြင့် ပြောလိုက်သည်။
“ဆရာရွမ်ငါ့ကို လက်သီးသိုင်းကွက်တွေသင်တုန်းက ကိုယ့်ဘာသာကြံဆရင်းနဲ့ အမြင်သစ်တစ်ချို့ ရခဲ့တယ်။ အဲလိုနဲ့ ဆရာ့ကို အဘိုးယော်ရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ကြွေအိုးပုံသွင်းနည်းတို့ဘာတို့ကိုပါ ငါကျွမ်းကျင်တဲ့အကြောင်း ပြောလိုက်တယ်။ ဆရာရွမ်က ငါ့ကို ချီးကျူးတယ်ကွ။ ငါ့မှာ သိုင်းပညာရှင်ဖြစ်နိုင်တဲ့ ဗီဇဉာဏ်ရည်မျိုး ရှိတယ်တဲ့။ ငါနဲ့အတူတွဲနေရင် မင်းဘဝလည်း တိုးတက်လာမှာ သေချာပါတယ်”
ထိုစဉ် ကျီကွေ့မှာ ခြံတစ်ဘက်မှအိမ်ထဲသို့ဝင်သွားသည်ကို သူမျက်လုံးထောင့်မှ လမ်းမြင်လိုက်ရသဖြင့် ကိုယ်ရည်သွေးစကားများ ဆက်ပြောရန် သူစိတ်မပါတော့။
မျက်နှာကို ပြန်ပြင်၍ ပုံမှန်လေသံဖြင့် ချန်ပင်အန်းကို ပြောလိုက်သည်။
“ဒါနဲ့စကားမစပ် ခုနက ဟိုကန္တာရသစ်ပင်အိုကြီးနားရောက်တော့ စင်မြင့်အသစ်တစ်ခုပြင်ထားတဲ့ အဘိုးကြီးတစ်ယောက်နဲ့ ငါတွေ့ခဲ့တယ်။ သူကိုယ်သူ ပုံပြောဆရာလို့တော့ ငါ့ကိုပြောတာပဲ။ ငါတို့ကိုပြောပြချင်တဲ့ စိတ်ဝင်စးစရာပုံပြင်တွေ အများကြီးရှိတယ်တဲ့။ မင်းအချိန်အားရင် သွားကြည့်လို့ရတယ်”
ချန်ပင်အန်း ခေါင်းငြိမ့်ပြလိုက်သည်။ လျိုရှန်ယန် ကြွေပန်းအိုးလမ်းမှ ထွက်ခွာသွားသည်။
မြို့အနှံ့ခြေဆန့်နေသည့် ထိန်းမနိုင်သိမ်းမရ ဤလူငယ်နှင့်ပတ်သက်၍ ပြောစရာအကြောင်းများစွာ ရှိနေပါသည်။ သို့သော် သူကိုယ်တိုင် မကြာခဏပြောလေ့ရှိသည်မှာ သူ့ဘိုးဘေးအကြောင်းဖြစ်သည်။ ထိုဘိုးဘေးသည် တိုက်ပွဲတွင် စစ်သည်များစွာကို ဦးဆောင်ခဲ့သည့် တပ်မှူးတစ်ယောက်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ထိုတပ်မှူးဝတ်ဆင်သည့် အဖိုးတန်သံချပ်ကာကို သူတို့မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာခဲ့ကြသည်။
ချန်ပင်အန်း ထိုသံချပ်ကာကို တစ်ခါက မြင်ဖူးခဲ့သည်။ အလွန်ကြည့်ရဆိုးသည်။ ဖုထစ်ရွတ်တွကာ အညှိတက်နေသည့် သစ်ခေါက်မျက်နှာပြင်မျိုးနှင့်တူသည်။
လျိုရှန်ယန်၏ ရန်သူတော်များကတော့ ထိုဘိုးဘေးအကြောင်းကို တစ်မျိုးတစ်ဖုံပြောကြသည်။ သူတို့ပြောစကားအရ လျိုရှန်ယန်၏ ဘိုးဘေးသည် ဤမြို့သို့ ထွက်ပြေးလာသည့် တပ်ပြေးတစ်ယောက်ဖြစ်သည်။ မြို့ထဲမှ မိသားစုတစ်ခုတွင် တက်ကစီးသားမက်တစ်ယောက် ဖြစ်လာသည်။ ငွေကြေးအမြောက်အများ ပေးဆောင်ခဲ့သဖြင့်သာ အာဏာပိုင်များက သူ့ကိုမဖမ်းဆီးခဲ့ခြင်းဖြစ်သည်။။ ထိုဇာတ်လမ်းမှာ တကယ့်အစစ်အမှန်ဖြစ်ကြောင်း လျိုရှန်ယန်၏ပြိုင်ဘက်များက အခိုင်အမာပြောကြသည်။ ထိုဘိုးဘေး စစ်မြေပြင်မှ ထွက်ပြေးကာ ဤမြို့လေးသို့ရောက်လာသည်ကို ကိုယ်တွေ့မြင်ထားကြသကဲ့သို့ပင် ဖြစ်သည်။
ထိုအကြောင်းများ ပြန်တွေးမိနေပြီးနောက် ချန်ပင်အန်းသည် တံခါးဝတွင် ခါးကုန်းခေါင်းငုံ့လျက် စက္ကူပြာများကို မှုတ်ထုတ်လိုက်သည်။
ထိုစဉ် ဆုန်ကျိရှင်းက ကျီကွေ့နှင့်အတူ စည်းရိုးတစ်ဘက်တွင် ပေါ်လာသည်။ ချန်ပင်အန်းကို လှမ်းအော်သည်။
“ကန္တာရသစ်ပင်အောက်မှာ သွားကစားဖို့ ငါတို့နဲ့အတူလိုက်မလား”
“မလိုက်တော့ဘူး”
ချန်ပင်အန်း လှမ်းကြည့်၍ ပြန်ပြောလိုက်သည်။
“အတော်လက်ပေါက်ကပ်တဲ့ကောင်ပဲ”
ဆုန်ကျိရှင်း မကျေမနပ် ရေရွတ်လိုက်သည်။ ထို့နောက် ပြုံးရွှင်သည့်မျက်နှာဖြင့် ကျီကွေ့ဘက်သို့ လှည့်ကြည့်၍
“သွားကြစို့ ကျီကွေ့။ မင်းကို မက်မွန်ပန်းမိတ်ကပ်ဘူးကြီးတစ်ဘူး ဝယ်ပေးမယ်”
“ဘူးအသေးလေးဆိုရင် တော်ပါပြီ”
ကျီကွေ့က ရှက်ရွံ့နေဟန်ဖြင့် ပြန်ပြောသည်။
ဆုန်ကျိရှင်းက လက်နှစ်ဘက်နောက်ပစ်၍ ခေါင်းမော့ကာ ခြေလှမ်းကျဲကျဲနှင့် လျှောက်နေသည်။ ရင်ဘတ်ကို ကော့လျက် အသံကျယ်ကျယ်ဖြင့်
‘ငါတို့ဆုန်မိသားစုဟာ မျိုးရိုးစဉ်ဆက် အဆင့်အတန်းမြင့်မြင့်နေလာတာပါ။ ငါအဲလောက်ကပ်စီးနည်းနေရင် ငါတို့မျိုးနွယ်အတွက် အရှက်ရစရာဖြစ်ကုန်မှာပေါ့”
ချန်ပင်အန်းမှာ တံခါးဝတွင်ထိုင်ရင်း စိတ်ပျက်ညီးငွေ့ဟန်ဖြင့် နဖူးကိုလက်နှင့်ပွတ်နေသည်။ ကြောင်တောင်တောင်စကားများ မပြောသည့်အချိန်မျိုးတွင် ဆုန်ကျိရှင်းသည် သိပ်မဆိုးလှပါ။ ယခုလို စကားကြီးစကားကျယ်ပြောသည့်အချိန်မျိုးတွင် လျိုရှန်ယန်သာရှိနေပါက ချန်ပင်အန်းအား ဆုန်ကျိရှင်းခေါင်းနောက်စေ့ကို အုတ်ခဲဖြင့်ထုရန် အတင်းတိုက်တွန်းပေလိမ့်မည်။
ချန်ပင်အန်း တံခါးဘောင်တွင်မှီ၍ ထိုင်နေသည်။ နောက်တစ်နေ့ မည်သို့ဖြတ်သန်းရမည်ကို စဉ်းစားနေသည်။ ယနေ့လိုပင် ကုန်ဆုံးရဦးမည်ဟု ထင်နေသည်။ တစ်ရက်ပြီးတစ်ရက် ထိုသို့ပင် ဖြတ်ကျော်နေရသည်။ သံသရာလည်နေသည့် ဤဘဝထဲမှ သူရုန်းထွက်ချင်သည်။ အဘိုးယော်လို ငြိမ်းချမ်းစွာသေသွားချင်သည်။
ဤကမ္ဘာမြေပေါ်မှ လူသားတိုင်းသည် ဘဝတစ်လျှောက်လုံး ပစ္စည်းဥစ္စာအပေါ် မှီခိုကြရသည်။ သို့သော် သေသည့်အချိန်တွင် မြေကြီးကပင် ပြန်လည်ဝါးမျိုးခြင်းခံကြရသည်။ နောက်ဆုံးအကြိမ် မျက်လုံးမှိတ်ပြီးနောက် မျက်လုံးတစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် နောက်ဘဝအသစ်တစ်ခုသို့ ရောက်နေပေလိမ့်မည်။
သူ့ခြေထောက်မှ မြက်ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
အပြာရောင်ကျောက်ခင်းလမ်းပေါ် လျှောက်ရသည်နှင့် စိုထိုင်းထိုင်းမြေသားပေါ် ခြေနင်းရသည်မှာ ခံစားရပုံချင်း လုံးဝမတူပေ။
———–
ကြွေပန်းအိုးလမ်းမှ ထွက်လာပြီးနောက် ရှေ့ဖြစ်ဟောစင်မြင့်ဘေးမှ ဖြတ်သွားစဉ် လျိုရှန်ယန်ကို တာအိုဘုန်းကြီးက လှမ်းခေါ်သည်။
“လာပါ ကောင်လေး။ မင်းမှာ လောင်စာအပြည့်နဲ့ မီးတောက်လိုအသားအရောင်မျိုးရှိတာ ငါမြင်နေရတယ်။ ဒါဟာ ကောင်းတဲ့နိမိတ်မဟုတ်ဘူး။ ဒါပေမယ့် မကြောက်ပါနဲ့လေ။ မင်းအန္တရာယ်ကင်းစေဖို့အတွက် ငါ့မှာနည်းလမ်းရှိပါတယ်”
လျိုရှန်ယန် အတော်အံ့အားသင့်သွားသည်။ ထိုတာအိုဘုန်းကြီးကို ကံကြမ္မာတုတ်ချောင်းဖြင့် ရှေ့ဖြစ်ဟောသည်ကိုသာ သူမြင်ဖူးခဲ့သည်။ သူဟောသည့်စကား မှန်မမှန်အပထား။ ထိုတာအိုဘုန်းကြီး ကိုယ်တိုင်က ဖောက်သည်များကို စိတ်အားထက်သန်စွာ သွေးဆောင်စည်းရုံးနေသည်ကို သူမမြင်ဖူးခဲ့။ လူအားလုံးနီးပါးက ကိုယ့်ဆန္ဒအလျောက်သာ သူ့ထံသို့ သွားကြခြင်းဖြစ်သည်။ တော်ဝင်ကြွေထည်လုပ်ငန်းများ ပိတ်သိမ်းခြင်းကြောင့် ထိုတာအိုဘုန်းကြီး၏ စီးပွားရေး ထိခိုက်လာသည်လားတော့မသိ။ အကြပ်အတည်းကြုံ၍ သူကိုယ်တိုင်က ဖောက်သည်ခေါ်သည့်အဆင့်မျိုး ရောက်နေခြင်းဖြစ်မည်။
လျိုရှန်ယန် မခိုးမခန့် ရယ်လိုက်သည်။
“ခင်ဗျား အန္တရာယ်ရှင်းပေးမယ့်နည်းက ကျုပ်ပိုက်ဆံပေးမှ ရမှာမဟုတ်လား။ သွားစမ်းပါ။ ကျုပ်အိတ်ထဲက တစ်ပြားမှရဖို့ စိတ်မကူးနဲ့”
တာအိုဘုန်းကြီးက ခပ်တည်တည်မျက်နှာဖြင့် အသံမြှင့်၍ ပြောလိုက်သည်။
“လူအားလုံးက ကံကောင်းပြိး တိုးတက်ကြီးပွားချင်ကြတာပဲ။ ဒါပေမယ့် ဘယ်လိုအသက်အန္တရာယ်မျိုးကြုံရမယ်ဆိုတာ မသိနိုင်ကြဘူး။ ဒုက္ခဖြစ်လာမှ နတ်ဘုရားတွေဆီ ရောက်လာကြတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို တကယ်လိုချင်ရင် နတ်ဘုရားတွေကို အမြဲတမ်းမွှေးတိုင်ထွန်းညှိပြီး ပူဇော်သင့်တာပေါ့”
လျိုရှီယန် ရုတ်တရက် နောက်ပြန်လှည့်၍ ရှေ့ဖြစ်ဟောစင်မြင့်ဆီ တဟုန်ထိုး ပြေးသွားသည်။ တင်းမာခက်ထန်သည့် မျက်နှာဖြင့် မဲ့ပြုံးပြုံးလျက်
“ခင်ဗျားက ကျုပ်ကို မွှေးတိုင်မီးရှို့စေချင်တယ်ပေါ့။ အခု ခင်ဗျားရဲ့စင်ကို ကျုပ်အရင်မီးရှို့လိုက်မယ်လေ၊ ဘယ်လိုလဲ”
တာအိုဘုန်းကြီးမှာ သူ့စကားကြောင့် တုန်လှုပ်ခြောက်ချားသွားလေသည်။ သူ့စင်မြင့်ကို ပစ်ထားခဲ့ပြီး ချက်ချင်း လှည့်ပြေးသွားသည်။
လျိုရှန်ယန်က စင်မြင့်ဘေးတွင်ရပ်လျက် ထွက်ပြေးသွားသည့် တာအိုဘုန်းကြီးကိုကြည့်ကာ တဟားဟားအော်ရယ်နေသည်။ ထို့နောက် စားပွဲပေါ်တွင် မြင်နေရသည့် ဝါးကျည်တောက်ကို တွန်းဖယ်လိုက်သည်။ အထဲမှ ဝါးတုတ်များ စားပွဲပေါ်တွင် ပြန့်ကျဲသွားသည်။
လျိုရှန်ယန်က ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် တာအိုဘုန်းကြီးကို လက်ညှိုးလှမ်းထိုးကာ ကြိမ်းဝါးလိုက်သည်။
“ဒီနေ့ကစလို့ ခင်ဗျားကိုတွေ့တဲ့အချိန်တိုင်း ကျုပ်ဝင်ရိုက်မယ်”
တာအိုဘုန်းကြီးက အသားနားခံတောင်းပန်သည့်ဟန်ဖြင့် လက်နှစ်ဘက်ဆုပ်၍ ဦးညွှတ်နေသည်။
ထို့နောက်တွင် လျိုရှန်ယန် သူ့ကို အလွတ်ပေးလိုက်ပါသည်။
လျိုရှန်ယန် အဝေးသို့ထွက်သွားပြီးမှ တာအိုဘုန်းကြီး သူ့နေရာသို့ ပြန်လာရဲသည်။ သူ သက်ပြင်းချနေသည်။
“အခက်အခဲကာလကို ကြုံနေရတာပဲ။ လူတွေလည်း အရင်လို မေတ္တာတရား ကိုယ်ချင်းစာတရား မရှိကြတော့ဘူး။ အသက်ရှင်ရပ်တည်ဖို့ ပိုပြီး ခက်ခဲလာပြီ”
ထို့စဉ် ရုတ်တရက် သူ့မျက်လုံးများ အရောင်လက်လာပြန်သည်။ မျက်လုံးကိုအမြန်မှိတ်၍ ခပ်ကျယ်ကျယ် ရွတ်ဆိုလိုက်သည်။
“ငြိမ်းချမ်းမှုပျက်စီးတဲ့အခါ ပြင်ပအနှောက်အယှက်တွေကိုပဲ လူတွေက အပြစ်တင်တတ်ကြတယ်။ဒါပေမယ့် တကယ့်အနှောက်အယှက်ဆိုတာ စိတ်အတွင်းထဲကလာတာ။ အောင်မြင်မှုဆိုတာ လေယူရာကို လွင့်ပါရတဲ့ ရေပြင်ပေါ်က ကြာပွင့်လေးတွေလိုပါပဲ”
ဖြတ်သွားသည့် လူငယ်နှစ်ယောက်က သူ့အသံကိုကြားသည်။ သို့သော် တာအိုဘုန်းကြီး ကံမကောင်းပေ။ ထိုလူငယ်နှစ်ယောက်က ရပ်တန့်မည်ဟန်မရှိ။
တာအိုဘုန်းကြီးက မျက်လုံးကိုမပွင့်တပွင့်ဖွင့်၍ အကဲခတ်ကြည့်လိုက်သည်။ ငွေပေးနိုင်သည့် ဖေါက်သည်များ သူ့အနားမှ ကျော်လွန်သွားတော့မည်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် စားပွဲခုံကို လက်ဝါးဖြင့် ဖျောင်းခနဲပုတ်ကာ အသံကိုမြှင့်၍ ဆက်ပြောလိုက်သည်။
“ပညကျော်တွေ ဝန်မင်းတွေဆိုတာ မအောင်မြင်ခင်တုန်းက သာမန်လူတွေပါပဲ။ နက်နဲ့တဲ့အသိပညာရှိမှသာ နာမည်ကျော်ကြားမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရနိုင်တယ်”
ဆုန်ကျိရှင်းနှင့် ကျီကွေ့တို့ မရပ်ဘဲ ဆက်လျှောက်သွားကြသည်။
တာအိုဘုန်းကြီး စိတ်ဓာတ်အကြီးအကျယ်ကျသွားပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
“သွားပြန်ပြီ”
ထိုစဉ် ဆုန်ကျိရှင်းက သူ့ကို လှည့်ကြည့်လာသည်။ ဘာမပြောညာမပြော ကြေးပြားတစ်ပြား လှမ်းပစ်ပေးလိုက်သည်။ ထို့နောက် ပြုံးရွှင်သည့်မျက်နှာဖြင့်
“ခင်ဗျားပေးတဲ့ အသိပညာအတွက် ကျေးဇူးတင်ပါတယ်”
တာအိုဘုန်းကြီး ကြေးပြားကို အမြန်ဖမ်းယူ၍ လက်ဖြန့်ကြည့်လိုက်သည်။ တန်ဖိုးအနည်းဆုံး ကြေးပြားလေးသာဖြစ်သည်။ သူ သိပ်အားမရပေ။
ကြေးပြားကို စားပွဲပေါ်သို့ သူတင်လိုက်သည်။
ထိုစဉ် စာဝါငှက်တစ်ကောင် စားပွဲပေါ်သို့ရောက်လာပြီး ကြေးပြားကို ညင်သာစွာထိုးဆိတ်၍ နှုတ်သီးဖြင့်ကိုက်ချီလိုက်သည်။ ထို့နောက် တာအိုဘုန်းကြီးကို လူသားတစ်ယောက်ကဲ့သို့ ကြည်လင်စူးရှသည့် မျက်လုံးအစုံဖြင့် ကြည့်နေသည့်။
တာအိုဘုန်းကြီး သက်ပြင်းချလိုက်သည်။
“သွားတော့၊ ဒါ မင်းနေရာမဟုတ်ဘူး”
စာဝါငှက်ကလေး ဖျတ်ခနဲ ပျံတက်သွားသည်။
တာအိုဘုန်းကြီးက ပတ်ဝန်းကျင်ကို မျက်လုံးဝေ့၍ ကြည့်နေသည်။ ခပ်လှမ်းလှမ်းမှ မြင့်မားသည့် ဥမင်လမ်းဆီ အကြည့်ရောက်သွားသည်။ ပေါင်းမိုးနံရံပေါ်မှ “တုနှိုင်းမဲ့ ကိုယ်ရောင်စွမ်းအင်” ဟူသည့် စာတန်းကို သွားမြင်သည်။ ထို့နောက် အတွေးထဲတွင် နစ်မြောနေသည်။
“ဆိုးတာပဲ။ ဒါကိုသာ အပြင်မှာထုတ်ရောင်းရင် အနည်းဆုံး ငွေတုံး ရှစ်ရာတစ်ထောင်တော့ သေချာပေါက်ရမှာ”
LIKE