Switch Mode

အခန်း (၃)

နေတက်ချိန်

မြို့သည် သိပ်မကြီးလှ။ မိသားစု ခုနစ်ရာပင်မပြည့်။ မြို့ထဲမှ ဆင်းရဲသားမိသားစုအားလုံးနီးပါးကို သူသိသည်။ သို့သော် လူချမ်းသာမိသားစုဆိုသည်မှာ သူ့လိုဆင်းရဲသားမျိုးနှင့် အလှမ်းကွာလွန်းလှသည်။ လူချမ်းသာများစုဖွဲ့နေထိုင်ရာ ညီညာပြန့်ပြူးနေသည့် ဤလမ်းမများပေါ်သို့ တစ်ခါမှပင် ခြေမချဖူးခဲ့ပေ။

လမ်း‌ပေါ်တွင် အပြာရောင်ကျောက်ပြားများ ခင်းထားသည်။ မိုးရွာလျှင်ပင် ဗွက်မထ။ နှစ်ရာချီ၍ လူများ မြင်းများ ရထားလုံးများ နင်းချေပွတ်တိုက်ခံရသဖြင့် အရည်အသွေးမြင့် အပြာရောင်ကျောက်တုံးများမှာ မှန်သားကဲ့သို့ပင် ချောမွတ်တောက်ပြောင်နေသည်။

လု၊လီ၊ကျောက်၊ဆုန် တို့သည် မြို့ထဲတွင် အကျော်ကြားဆုံး မျိုးရိုးနာမည်များဖြစ်သည်။ ကိုယ်ပိုင်ကျောင်းကိုလည်း ထိုမိသားစုများ၏ ရန်ပုံငွေဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။ သူတို့အားလုံး မြို့ပြင်တွင် ကြွေထည်အလုပ်ရုံ နှစ်ခုသုံးခုစီ ပိုင်ဆိုင်ထားကြသည်။ ကြွေထည်လုပ်ငန်း လာရောက်ကြီးကြပ်သည့် နန်းတွင်းအရာရှိများသည်လည်း ထိုလူချမ်းသာများနှင့် တစ်လမ်းတည်းအတူနေခဲ့ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယခု ချန်ပင်အန်း ပို့ရမည်စာများမှာ မြို့ထဲမှ နာမည်ကျော်လူချမ်းသာများအိမ်သို့ လိပ်စာတပ်ထားသည်။ သို့သော် ထိုအဖြစ်သည်လည်း မဆန်းလှ။

နဂါးသွေးနှင့်ဖီးနစ်သွေးဆက်များသာ ကောင်းကင်ဘုံသို့ တက်နိုင်သည်ဟူသည့်စကား ရှိသည်။ ကြွက်သွေးဆက်များမှာ မြေထဲသို့သာ အောင်းကြရသည်။ ခရီးဝေးထွက်၍ မိသားစုထံ စာပြန်ပို့နိုင်သူများသည် နောက်ခံအင်အားတောင့်တင်းသည့် လူများသာဖြစ်သည်။

ထိုသို့မဟုတ်ခဲ့လျှင်လည်း ထိုမျှဝေးကွာသည့် နေရာများသို့သွားရန် ငွေကြေးအထောက်အပံ့နှင့် သတ္တိအင်အားမျိုး ရှိလိမ့်မည်မဟုတ်။

ယခု ချန်ပင်အန်း၏ စာဆယ်စောင်တွင် ကိုးစောင်မှာ နေရာနှစ်ခုသို့သွားပို့ရမည်ဖြစ်သည်။ ကံကြမ္မာသမင်လမ်းနှင့် မက်မွန်ရွက်လမ်းဖြစ်သည်။ ထိုလမ်းနှစ်ခုတွင် ခင်းထားသည့် အပြာရောင်ကျောက်ပြားများမှာ ကုတင်အရွယ်အစားခန့်ပင် ကျယ်ပြန့်ကြီးမားသည်။ ထိုလမ်းပေါ်တွင် ပထမဆုံးအကြိမ် ခြေချဖူးခြင်းဖြစ်၍ ချန်ပင်အန်း နေမထိထိုင်မသာဖြစ်နေသည်။ ခြေလှမ်းများ အလိုလို နှေးသွားသည်။ သိမ်ငယ်စိတ်များ ဝင်လာသည်။ သူ့မြက်ဖိနပ်ကြောင့် ကျောက်ခင်းလမ်း ညစ်ပတ်သွားမည်ကိုပင် စိုးရိမ်နေမိသည်။

ပထမဆုံးပို့ရမည့်စာမှာ လုမျိုးနွယ်အိမ်တော်သို့ဖြစ်သည်။ လုမျိုးနွယ်တွင် အင်ပါယာကျောက်စိမ်းတံဆိပ် ချီးမြှင့်ခံထားရသည့် ဘိုးဘေးတစ်ယောက်ရှိသည်။ လုအိမ်တော်တံခါးဝ၌ ရပ်လိုက်ချိန်တွင် ချန်ပင်အန်း၏စိတ်များ ပို၍လှုပ်ရှားလာသည်။ ဂဏာမငြိမ်ဖြစ်လာသည်။

လူချမ်းသာတို့သည် ကိစ္စအတော်များများကို အဆန်းတကျယ်ပြုလုပ်လေ့ရှိကြသည်။  လုအိမ်တော်သည် အတော်ကြီးမားသကဲ့သို့ တံခါးဝတစ်ဘက်တစ်ချက်စီတွင်လည်း ကျောက်ခြင်္သေ့ရုပ်တုနှစ်ခု ရှိနေသည်။ လူတစ်ရပ်ခန့်မြင့်သည်။ ကြည့်ရသည်မှာပင် ကျောချမ်းစရာကောင်းလှသည်။ ဆုန်ကျိရှင်းပြောသည့်စကားအရ ထိုခြင်္သေ့ရုပ်များသည် ယုတ်ညံ့သည့် မကောင်းဆိုးဝါးများအား မောင်းထုတ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။ ယုတ်ညံ့သည့် မကောင်းဆိုးဝါးဆိုသည်မှာ ဘာကိုပြောမှန်း ချန်ပင်အန်း မသိ။

ယခု သူစိတ်ဝင်စားနေသည်မှာ ခြင်္သေ့ရုပ်ပါးစပ်ထဲမှ လုံးလုံးဝန်းဝန်းသဏ္ဌာန်ကျောက်တုံးကိုသာဖြစ်သည်။ အဘယ်ကြောင့် ထိုကျောက်တုံးမျိုး ထုလုပ်ထားသည်ကို နားမလည်နိုင်အောင်ဖြစ်နေသည်။ ထိုကျောက်တုံးအား ထိကိုင်ကြည့်ချင်စိတ်ကို သူအတင်းထိန်းချုပ်လိုက်သည်။ ထို့နောက် တံခါးနားသို့တိုးကပ်ကာ ခြင်္သေ့ခေါင်းလက်ကိုင်ကွင်းနှစ်ခုကို လှုပ်ခါလိုက်သည်။

လူငယ်တစ်ယောက် အိမ်ထဲမှအမြန်ထွက်လာသည်။ စာလာပို့ခြင်းဖြစ်ကြောင်း သိသွားပြီးနောက် ခပ်တည်တည်မျက်နှာဖြင့် ချန်ပင်အန်းလက်ထဲမှ စာအိတ်၏အစွန်းကို လက်နှစ်ချောင်းဖြင့်ညှပ်၍ ဖျတ်ခနဲဆွဲယူသည်။ ထို့နောက် အိမ်ထဲသို့ ချက်ချင်းပြန်ဝင်သွားပြီး ဓနအရောင်အဝါတောက်ပနေသည့် တံခါးနှစ်ချပ်ကို ပိတ်လိုက်သည်။

ထိုနောက်ပိုင်းတွင် စာပို့ရသည့်အလုပ်မှာ ငြီးငွေ့စိတ်ပျက်ဖွယ်အတိဖြစ်နေသည်။

မက်မွန်ရွက်လမ်းထောင့်တွင် တစ်ခြားအိမ်တော်များလောက် သိပ်မထင်ရှားသည့် အိမ်တော်တစ်ခုရှိသည်။ သဘောမနောကောင်းပုံရသည့် အရပ်ပုပျတ်ပျတ် သေးသေးကွေးကွေး အဘိုးအိုတစ်ယောက်နှင့် ချန်ပင်အန်းတွေ့ရသည်။ ထိုအဘိုးအိုက စာကိုလက်ခံယူပြီးနောက် ပြုံးရွှင်သည့်အမူအရာဖြင့်

“မင်းတကယ် အလုပ်ကြိုးစားတာပဲ ကောင်လေးရ၊ အိမ်ထဲကိုဝင်နားပြီး ရေနွေးကြမ်းလေး သောက်ပါဦးလား”

ချန်ပင်အန်း အားတုံ့အားနာဟန်ဖြင့် ခေါင်းခါပြီးနောက် ပြေးထွက်လာခဲ့သည်။

အဘိုးအိုက စာကို ညင်သာစွာခေါက်၍ အင်္ကျီလက်ထဲသို့ ထည့်သိမ်းလိုက်သည်။ အိမ်ထဲသို့မဝင်သေးပဲ ရီဝေသည့်မျက်လုံးအစုံဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်နေသည်။

ထို့နောက် သူ့မျက်လုံးများက လမ်းဘေးတွင် အစီအရီရှိနေသည့် မက်မွန်ပင်များထံ အကြည့်ရောက်သွားသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

အဘိုးအို လှည့်ထွက်သွားပြီးနောက် သိပ်မကြာမီတွင် ချစ်စရာအရောင်အသွေးရှိသည့် စာဝါငှက်တစ်ကောင် မက်မွန်ကိုင်းတစ်ခုပေါ်သို့ နားခိုလာပြီး ကျီကျီကျာကျာ အော်မြည်နေလေသည်။

ချန်ပင်အန်းပို့ရမည့်နောက်ဆုံးစာမှာ ကိုယ်ပိုင်ကျောင်းမှ ဆရာထံသို့ ဖြစ်သည်။  ကျောင်းဆီသို့အသွားလမ်းတွင် ရှေ့ဖြစ်ဟောစင်မြင့်တစ်ခုကို သူတွေ့ရသည်။ တာအိုသင်္ကန်းဝတ် ဘုန်းကြီးငယ်တစ်ပါး ခါးကိုမတ်လျက် ထိုင်နေသည်။ သူ့ခေါင်းတွင် ကြာပွင့်သဏ္ဌာန် ဦးထုပ်တစ်ခုကို ဆောင်းထားသည်။

ချန်ပင်အန်း ဖြတ်ပြေးသွားချိန်တွင် ထိုတာအိုဘုန်းကြီးက အမြန်လှမ်းခေါ်လိုက်သည်။

“အနာဂါတ်ကိုသိနိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံပါနဲ့ ကောင်လေး။ ကံကြမ္မာတုတ်ံတစ်ချောင်းတစ်ခု ရွေးလိုက်ပါ။ မင်းရဲ့ကံကြမ္မာကို ငါဟောပေးမယ်။ မင်းကြုံရမယ့် ကံအဆိုးအကောင်းကို ငါကူညီခန့်မှန်းပေးနိုင်ပါတယ်”

ချန်ပင်အန်း မရပ်ဘဲ ဆက်ပြေးနေသည်။ တာအိုဘုန်းကြီးကို လှည့်ကြည့်၍ မရွေးတော့ကြောင်း လက်ဝှေ့ယမ်းပြသည်။

တာအိုဘုန်းကြီးက လက်မလျှော့သေး။ ခါးကိုရှေ့သို့ အနည်းငယ်ကိုင်းကာ အသံမြှင့်၍ ဆက်ပြောသည်။

“ဒီလို လုပ်ပါလားကောင်လေး။ ငါက တစ်ခါဟောရင် ကြေးပြားဆယ်ပြားယူတယ်။ ဒါပေမယ့် ဒီနေ့ ချွင်းချက်အနေနဲ့ မင်းဆီက ကြေးပြားသုံးပြားပဲယူမယ်။ ဒါပေမယ့် ကံ‌ကောင်းတဲ့တုတ်ချောင်းကို မင်းရွေးမိရင်တော့ ငွေနည်းနည်းပိုပေးပေါ့ကွာ။ တကယ်လို့ ကံအကောင်းဆုံးတုတ်ချောင်းကို မင်းရွေးမိရင်တောင် ငါက ကြေးပြားငါးပြားပဲ တောင်းမှာပါ။ မင်းဘယ်လိုသဘောရလဲ”

ချန်ပင်အန်းပြေးနေသည်မှာ အတော်ဝေးဝေးသို့ ရောက်နေပြီဖြစ်သည်။ သို့သော် ခြေလှမ်းများ သိသိသာသာ နှေးသွားသည်။ ထိုအဖြစ်ကို မြင်သည်နှင့် တာအိုဘုန်းကြီးက အခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်ထရပ်၍ လှမ်းပြောသည်။

“အခုမှ မနက်အစောကြီးရှိသေးတာဆိုတော့ မင်းက ငါ့ရဲပထမဆုံးဖောက်သည်ဖြစ်နေတယ် ကောင်လေး။ ဒီတော့ မင်းကိုငါ တစ်ခုအပိုဆောင်းပြီး ကူညီပေးမယ်။ မင်း ဒီမှာထိုင်ပြီး ရှေ့ဖြစ်ဟောနိမိတ်ဖတ်မယ်ဆိုရင် မင်းရဲ့ဘိုးဘေးတွေအတွက် ကုသိုလ်ရအောင် ဆုတောင်းနိုင်မယ့် အဝါရောင်မှော်အဆောင်စက္ကူတစ်ချို့ ငါရေးပေးမယ်။ ငါ့ပညာစွမ်းအရ နောင်ဘဝမှာ မင်းလူချမ်းသာအဖြစ် မွေးဖွားလာအောင် လုပ်ပေးနိုင်မယ်လို့တော့ အာမမခံရဲဘူး။ ဒါပေမယ့် မင်းရဲ့ကံဇာတာ နည်းနည်းတက်လာအောင်တော့ ငါသေချာပေါက် ကူညီပေးနိုင်ပါတယ်”

ချန်ပင်အန်း ခြေလှမ်းတုံ့သွားသည်။ မယုံမရဲဟန်ဖြင့် နောက်ပြန်လှည့်လာပြီး ရှေ့ဖြစ်ဟောစင်ရှေ့မှ ခုံတန်းရှည်တွင် ဝင်ထိုင်လိုက်သည်။

ဤသို့ဖြင့် ဣန္ဒြေရှင်တာအိုဘုန်းကြီးနှင့် ဆင်းရဲသားလူငယ်တို့ မျက်နှာချင်းဆိုင် ထိုင်နေသည့်အဖြစ်သို့ ရောက်သွားသည်။ နှစ်ယောက်လုံး ငမွဲချည်းဖြစ်သည်။

တာအိုဘုန်းကြီးက ပြုံးရွှင်သည့်မျက်နှာဖြင့် ချန်ပင်အန်းကို ဝါးကျည်တောက်ဘူးထဲမှ တုတ်ချောင်းတစ်ခုရွေးရန် လက်ဟန်ပြလိုက်သည်။

သို့သော် ချန်ပင်အန်းက

“ကျွန်တော် ကံကြမ္မာတုတ်ချောင်း မရွေးချင်ဘူး။ အဝါရောင်မှော်အဆောင်စက္ကူတစ်ခုလောက်ပဲ လိုချင်တာပါ။ ခင်ဗျားရေးပေးနိုင်မလား”

ထိုတာအိုဘုန်းကြီး ဤမြို့တွင်နေထိုင်နေသည်မှာ ငါးနှစ်ခြောက်နှစ်ခန့် ကြာပြီဖြစ်သည်။ ထိုနှစ်များအတွင်း သူ့ပုံစံက သိပ်အပြောင်းအလဲမရှိခဲ့။ လူတိုင်းကို ခင်မင်ရင်းနှီးစွာ ဆက်ဆံသည်။ ပုံမှန်အားဖြင့် အရိုးနိမိတ်ဗေဒင်ဟောသည်။ အင်္ဂဝိဇ္ဇာဟောသည်။ ကံကြမ္မာတုတ်ချောင်းရွေးခိုင်း၍ ရှေ့ဖြစ်ဟောသည်။ တစ်ခါတစ်ရံ သရဲနှင်အဆောင်စက္ကူများလည်း ရေးပေးသည်။

စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ချက်တော့ရှိသည်။ သူ့စားပွဲပေါ်မှ ကျည်တောက်ဘူးထဲတွင် ဝါးတုတ် ၁၀၈ ချောင်းရှိသည်။ သို့သော် သူဤမြို့တွင် ရှိနေချိန်အတွင်း မည်သူမှ ကံဆိုးခြင်းတုတ်ချောင်းကို မရွေးမိဖူးပေ။ ထိုကျည်တောက်ဘူးထဲ၌ ကံကောင်းခြင်းတုတ်ချောင်းနှင့် ကံအဆိုးအကောင်းမရှိသည့် တုတ်ချောင်းများသာရှိပြီး ကံဆိုးသည်ဟူ၍ မရှိသကဲ့သို့ပင်ဖြစ်နေသည်။

ထို့ကြောင့်လည်း ပွဲလမ်းတစ်ခုခုရှိသည့်အချိန်တိုင်း မြို့ခံများက ကံကောင်း‌ချင်ရုံသက်သက်ဖြင့် ရှေ့ဖြစ်နိမိတ်တစ်ခါဖတ်ရန် ကြေးပြားဆယ်ပြားကို လိုလိုလားလားပင် ပေးကြသည်။ တကယ်ဒုက္ခကြုံမနေရသည့်တိုင်အောင် အပျော်သက်သက် ရှေ့ဖြစ်လာမေးကြသူများလည်း ရှိကြသည်။ ထို့ကြောင့် ဤတာအိုဘုန်းကြီးကို လူလိမ်အစစ်ဟု မပြောသာပေ။

မြို့သည် သိပ်ကြီးလှပေ။ တကယ်တမ်းသာ လူလိမ်သက်သက်ဖြစ်လျှင် မြို့ထဲမှ နှင်ထုတ်ခံရပြီးဖြစ်ပေလိမ့်မည်။ ထို့အချက်ကိုကြည့်ခြင်းအားဖြင့် တာအိုဘုန်းကြီး၏ကျော်ကြားမှုသည် ရှေ့ဖြစ်ဟောခြင်းကြောင့် မဟုတ်ကြောင်း ထင်ရှားနေသည်။ ဤနှစ်များအတွင်း မြို့သူမြို့သားတို့၏ အသေးအဖွဲရောဂါအများအပြားကို သူ၏မှော်ရေစင်ဖြင့် ကုသကာ နာမည်ကြီးလာခဲ့ခြင်းသည်။

တာအိုဘုန်းကြီးက ခေါင်းကို တွင်တွင်ခါယမ်းနေသည်။

“ငါပြောပြီးသားပဲလေ။ ကြေးပြားငါးပြားနဲ့ မင်းကိုငါ ရှေ့ဖြစ်ဟောပြီး အဝါ‌ရောင်မှော်အဆောင်စက္ကူရေးပေးမယ်”

“ကြေးပြားသုံးပြားလို့ ပြောခဲ့တာပါ”

ချန်ပင်အန်းက အသံတိုးတိုးဖြင့် ပြန်ငြင်းလိုက်သည်။

“ဟုတ်ပါတယ်။ ဒါပေမယ့် ကံကောင်းတဲ့တုတ်ချောင်းကို မင်းရွေးနိုင်ရင် ကြေးပြားငါးပြားပေးရမှာလေ”

တာအိုဘုန်းကြီးက ရယ်ကျဲကျဲဖြင့်ပြောလိုက်သည်။

ချန်ပင်အန်း စိတ်ဆုံးဖြတ်လိုက်သည်။ ကျည်တောက်ဘူးဆီ လက်လှမ်းရင်းမှ တာအိုဘုန်းကြီးကို ရုတ်တရက် မော့ကြည့်လျက်

“ကျုပ်မှာ ကြေးပြားငါးပြား အတိအကျရှိတာ ခင်ဗျားဘယ်လိုသိတာလဲ’

တာအိုဘုန်းကြီးက အလေးအနက်ပုံစံဖြင့်

“လူတွေရဲ့ ကံအဆိုးအကောင်းကို ငါမြင်နိုင်တယ်လေ။ အထူးသဖြင့် ငွေကြေးချမ်းသာမှုနဲ့ပတ်သက်လာရင် ငါ့ဟောကွက်တွေက ပိုတိကျတယ်ကွ”

ခဏတာ တွေဝေနေပြီးနောက် ချန်ပင်အန်း ကျည်တောက်ဘူးကို ကောက်ယူလိုက်သည်။

တာအိုဘုန်းကြီးက ပြုံးလျက်

“စိတ်မလှုပ်ရှားပါနဲ့ ကောင်လေး။ ဖြစ်ကံပါရင် ဖြစ်မှာပဲ။ ကံမပါရင်လည်း အတင်းလုပ်ယူလို့ မရဘူးကွ။ မမြဲတဲ့သဘောတရားကို ငြိမ်းချမ်းတဲ့စိတ်နဲ့ ရှုမြင်နိုင်ခြင်းဟာ အရာအားလုံးအတွက် အဖြေပါပဲ”

ချန်ပင်အန်းက ကျည်တောက်ဘူးကို စားပွဲပေါ်ပြန်ချလိုက်သည်။ ထို့နောက် တည်ငြိမ်သည့် မျက်နှာဖြင့်

“ဒီလိုလုပ်ပါလား။ ကျွန်တော်ခင်ဗျားကို ကြေးပြားငါးပြားပေးမယ်။ နောက်ပြီး ကံကြမ္မာတုတ်ချောင်းကို ကျွန်တော်မရွေးတော့ဘူး။ ကျွန်တော်လိုချင်တာ ပုံမှန်ထက် နည်းနည်း‌လေးပိုကောင်းတဲ့ အဝါရောင်မှော်စက္ကူအဆောင်ပါပဲ။ အဲဒါ ရေးပေးလို့ရမလား”

တာအိုဘုန်းကြီးက အပြုံးမပျက်ပေ။ ခဏကြာအောင် စဉ်းစားနေပြီးနောက် ခေါင်းတစ်ချက်ငြိမ့်သည့်။

“ကောင်းပြီလေ”

စားပွဲပေါ်တွင် စာရေးစရာပစ္စည်းများနဲ့ စက္ကူက ရှိနေပြီးဖြစ်သည်။ တာအိုဘုန်းကြီးက ချန်ပင်အန်းမိဘများ၏ နာမည်၊ မွေးဖွားရာဇာတိနှင့် မွေးနေ့တို့ကို မေးမြန်သည်။ ထို့နောက် အဝါရောင်အဆောင်စက္ကူတစ်ခုကိုဆွဲထုတ်၍ စာာတစ်ချို့ရေးလိုက်သည်။

သူ ဘာရေးနေမှန်း ချန်ပင်အန်းမသိ။

တာအိုဘုန်းကြီးက စုတ်တံကို ပြန်ချလိုက်ပြီးနောက် အဆောင်စက္ကူကို ကောက်ကိုင်ကာ မင်များခြောက်သွားအောင် လေမှုတ်လိုက်သည်။

“ဒါကိုအိမ်ယူသွား၊ ပြီးရင် မင်းက တံခါးအတွင်းဘက်မှာနေ။ ဒီစက္ကူကို တံခါးအပြင်မှာထားပြီး မီးရှိုက်လိုက်ရုံပဲ”

ချန်ပင်အန်းက မှော်အဆောင်စက္ကူကို ဂရုတစိုက်လှမ်းယူသည်။ အဖိုးထိုက်ရတနာကဲ့သို့ အမြတ်တနိုးသိမ်းဆည်း၍ ကြေးပြားငါးပြားကို စားပွဲပေါ်တင်ကာ ဘုန်းကြီးကို ကျေးဇူးတင်သည့်သဘောဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။

တာအိုဘုန်းကြီးက သွားနိုင်ပြီဖြစ်ကြောင်း ချန်ပင်အန်းကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက်တွင် နောက်ဆုံးစာကိုပို့ရန် ချန်ပင်အန်း အမြန်ထွက်သွားသည်။

တာအိုဘုန်းကြီးက သူ့ထိုင်ခုံတွင် ပျင်းပျင်းရိရိဟန်ဖြင့် ထိုင်နေသည်။ စားပွဲပေါ်မှ ကြေးပြားငါးပြားကို တစ်ချက်ကြည့်၍ ရှေ့သို့ခါးကိုင်းကာ အနီးသို့ဆွဲယူလိုက်သည်။

ထိုစဉ် စာဝါငှက်လေးတစ်ကောင် လေထဲမှ စာပွဲပေါ်သို့ ဝဲပျံဆင်းလာသည်။ ကြေးပြားတစ်ခုကို နှုတ်သီးဖြင်ဆိတ်သည်။ ထို့နောက် စိတ်မဝင်စားတော့ဟန်ဖြင့် ပျံသန်းသွားလေသည်။

“ပန်းခူးချင်တဲ့ ငှက်စာဝါ

မက်မွန်ပန်းတို့ မပွင့်သေးပါ”

ကဗျာအပိုင်းအစတစ်ခု တာအိုဘုန်းကြီး ရေရွတ်လိုက်သည်။ ထို့နောက် စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် အင်္ကျီလက်ကို ဖျတ်ခနဲခါလျက် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဖြစ်ဖို့ကံမပါရင် ဘာကိုမှအတင်းလုပ်ယူလို့မရနိုင်ပါဘူးဘူး”

အင်္ကျီလက်ကို ခါလိုက်ချိန်တွင် ဝါးတုတ်ချောင်းနှစ်ခု ထွက်လာပြီး မြေပေါ်သို့ ဘုတ်ခနဲကျသွားသည်။ တာအိုဘုန်းကြီး အထိတ်တလန့်ဖြစ်သွားသည်။ တုတ်ကိုအမြန်ကောက်၍ ဘေးအနီးအနားတွင် လူသူရှိမရှိကြည့်လိုက်သည်။ မည်သူမှ ရှိမနေကြောင်း သိလိုက်ရမှ သူစိတ်သက်သာရာရသွားလေသည်။ ထို့နောက် ထိုဝါးတုတ်နှစ်ချောင်းကို သူ့အင်္ကျီလက် ဖေါင်းဖေါင်းကြီးထဲသို့ ထိုးထည့်လိုက်လေသည်။

ထို့နောက် ချောင်းတစ်ချက်ဟန့်လျက် နောက်လာမည့် ဖောက်သည်များကို စောင့်မျှော်နေလေသည်။

ရှေ့ဖြစ်နိမိတ်ဖတ်ရန် ငွေပိုသုံးတတ်ကြသည့် မိန်းမသားများ ပေါ်လာကောင်းပါ၏ဟုတွေးကာ သူ့ကိုယ်သူ အားပေးနေလေသည်။

သူ့အင်္ကျီလက်ထဲတွင် ဝှက်ထားသည့် ဝါးတုတ်နှစ်ချောင်းမှာ ကံအကောင်းဆုံးတုတ်ချောင်းနှင့် ကံအဆိုးဆုံး တုတ်ချောင်း ဖြစ်သည်။ သူ့ငွေရပေါက်အတွက် ထိုတုတ်များကို ဝှက်ထားခြင်းဖြစ်သည်။

ထိုကိစ္စ မည်သူ့ကိုမှ ထုတ်မပြောဖူး။ ချန်ပင်အန်းလည်း ထိုလျှို့ဝှက်ချက်ကို လုံးဝသတိမထားမိ။

ချန်ပင်အင်း ကိုယ်ပိုင်ကျောင်းဆီ ခပ်သွက်သွက်ပြေးသွားသည်။ ကျောင်းအနီးတွင် စိမ်းစိုနေသည့် ဝါးတောအုပ် တစ်ခုရှိသည်။

ကျောင်းအပြင်ဘက်သို့ရောက်လာချိန်တွင် ပြေးသည့်အရှိန် လျှော့လိုက်သည်။ နူးညံ့ချိုသာသည် ကျောင်းဆရာ၏အသံက ကျောင်းခန်းထဲမှ ပျံ့လွင့်လာသည်။

“လက်လင်းဖြာတဲ့ နေခြည်ဟာ သဘာဝသားမွှေးဝတ်ရုံပေါ်သို့ ကျနေပါတယ်”

ထိုစာကြောင်းကို ချစ်စဖွယ်အသံလေးများက သံပြိုင်လိုက်ဆိုကြသည်။

“လက်လင်းဖြာတဲ့ နေခြည်ဟာ သဘာဝသားမွှေးဝတ်ရုံပေါ်သို့ ကျနေပါတယ်”

ချန်ပင်အန်း မော့ကြည့်လိုက်သည်။ နေမင်းသည် အရှေ့အရပ်တွင် မြင့်တက်စပြုနေပြီဖြစ်သည်။ ခဏတာ သူငေးမော၍ ကြည့်နေမိသည်။

သူအသိပြန်ဝင်လာချိန်တွင် ကျောင်းထဲမှ ကလေးများမှာ စာတစ်ပိုဒ်ကို ဆရာဆိုသည့်အတိုင်း လေ့ကျင့်ရွတ်ဆိုနေသည်ကို တွေ့လိုက်ရသည်။

“’ကျင်းကျာ့’လ အချိန်မှာ မိုးနှင့်မြေ လှုပ်ရှားလာသည်။ သက်ရှိအားလုံး ရှင်သန်ဖွံ့ဖြိုးလာသည်။ နောက်ကျမှအိပ်၍ စောစောထပါ။ ပုံမှန်လမ်းလျှောက်ပါ။ ကျန်းမာရေးနှင့် အသက်ဓာတ်ကောင်းမွန်ရန် ဖြေးဖြေးလုပ်ဆောင်ပါ”

ချန်ပင်အန်း ကျောင်းတံခါးဝတွင် ရပ်နေသည်။ တစ်ခုခု လှမ်းပြောချင်သော်လည်း စကားသံက ထွက်မလာပေ။

နားသယ်စပ်မှ ဆံပင်များ ဖြူဖွေးနေပြီဖြစ်သည့် သက်လတ်ပိုင်းဆရာက ကျောင်းခန်းထဲမှ အသာထွက်လာသည်။

ချန်ပင်အန်းက စာကို လက်နှစ်ဘက်ဖြင့်ကမ်းပေး၍ လေးလေးစားစားပြောလိုက်သည်။

“ဆရာအတွက် စာပါခင်ဗျ”

ဆရာက စာကိုလှမ်းယူရင်း နွေးထွေးကြင်နာသည့်အသံဖြင့်

“မင်းအားတဲ့အချိန်ကျရင် ငါ့သင်ခန်းစာတွေ လာနားထောင်လို့ရပါတယ်”

ချန်ပင်အန်း ကတိမပေးရဲပေ။ ထိုသင်ခန်းစာများကို လာနားထောင်ရန် အချိန်အားမည်ဟု သူအာမမခံနိုင်။ ဆရာကိုလည်း လိမ်မပြောလိုပေ။

ဆရာက နားလည်ဟန်ဖြင့် တစ်ချက်ပြုံးလျက်

“ဘာမှမဖြစ်ပါဘူးကွာ။ အသိပညာဆိုတာ စာအုပ်ထဲမှာအားလုံးရှိပါတယ်။ ဒါပေမယ့် လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် စာအုပ်ပြင်ပကအရာတွေကိုလည်း လေ့လာဖို့လိုပါတယ်။ မင်းသွားလို့ရပြီ ကောင်လေး”

ချန်ပင်အန်း စိတ်သက်သာရာရသွားသည့်။ ပင့်သက်တစ်ချက်ရှိုက်လျက် ထိုနေရာမှ ထွက်လာခဲ့လေသည်။

ဘာကြောင့်မှန်းမသိ။ ကျောင်းမှ အတော်ဝေးဝေးသို့ ရောက်လာပြီဖြစ်သော်လည်း နောက်လှည့်၍ ပြန်သွားချင်စိတ်များ သူ့ရင်ထဲတွင်  ဖြစ်ပေါ်လာသည်။

ဆရာက ကျောင်းတံခါးဝတွင်ရပ်နေဆဲဖြစ်သည်။ အဝေးမှကြည့်လျှင် နေရောင်အောက်တွင် ထွန်းလင်းနေသည့် နတ်တစ်ပါးနှင့် တူနေပေသည်။

*******************************

Comment

Leave a Reply

Options

not work with dark mode
Reset