အရုဏ်အလင်း ထွက်ပေါ်စအချိန်ဖြစ်သည်။
လင်းကြက်မတွန်မီမှာပင် ချန်ပင်အန်း အိပ်ယာမှ ထပြီးဖြစ်နေသည်။ ပါးလွှာသည့် သူ့ခြုံစောင်က အနွေးဓာတ်ကောင်းကောင်း မပေးနိုင်ပေ။ ထို့အပြင် အိုးလုပ်သားဘဝကတည်းက မနက်စောစောထ၍ နောက်ကျမှအိပ်ယာဝင်သည့်အကျင့်ကို မွေးမြူထားခဲ့သည်။
အိမ်တံခါးကိုဖွင့်၍ နူးညံ့စိုစွတ်သည် ခြံဝင်းမြေပြင်ပေါ်သို့ လှမ်းထွက်ကာ အသက်ကိုအဝရှူလိုက်သည်။
အညောင်းတစ်ချက်ဆန့်ပြီးနောက် ခြံဝင်းအပြင်သို့ ထွက်သည်။ ပိန်သွယ်သွယ် ခပ်နွမ်းနွမ်း လူတစ်ယောက်ကို သူတွေ့လိုက်ရသည်။ ဆုန်ကျိရှင်း၏အစေခံပင် ဖြစ်သည်။ ရေတစ်ပုံးကို လက်နှစ်ဘက်ဖြင့် ဆွဲလာရင်းမှ ခြံဝင်းတံခါးကို ပုခုံးဖြင့် တွန်းဖွင့်နေလေသည်။ ဆီးသီးပန်းလမ်းထဲရှိ ‘သံသော့အိမ်’ရေတွင်းမှ ရေသွားသယ်လာပုံရသည်။
ချန်ပင်အန်း အကြည့်ကိုလွှဲဖယ်လျက် ဖြေးဖြေးမှန်မှန် ပြေးထွက်လာခဲ့သည်။ လမ်းသွယ်လမ်းကြားများကိုဖြတ်ကာ မြို့အရှေ့ဘက်ဆီသို့ ဦးတည်၍သွားသည်။ ကြွေပန်းအိုးလမ်းသည် မြို့အနောက်ဘက်စွန်တွင် တည်ရှိသည်။ အရှေ့ဘက်မြို့စွန် မြို့အဝင်ဂိတ်တွင် ညကင်းလှည့်တာဝန်နှင့် ကုန်သည်ဧည့်သည်များ မြို့ထဲသို့ ဝင်ထွက်သွားလာသည်ကို ကြီးကြပ်ရန် တာဝန်ယူထားသည့် လူတစ်ယောက်ရှိသည်။
ထိုလူက ဘေးလုပ်ငန်းအနေဖြင့် ရပ်ဝေးမှ စာလွှာများကိုလက်ခံ၍ မြို့တွင်းသို့ ပို့ပေးသည့်လုပ်ငန်းကိုလည်း လုပ်သည်။။ ချန်ပင်အန်း၏တာဝန်မှာ ထိုစာများကို တစ်စောင်လျှင် ကြေးပြားတစ်ပြားနှုန်းဖြင့် မြို့သူမြို့သားများထံ ပြန်ပို့ပေးရခြင်းဖြစ်သည်။ အတော်ကြိုးစားအားထုတ်ကာ ရလာခဲ့သည့် ဝင်ငွေရအလုပ်တစ်ခုဖြစ်သည်။ ထိုအလုပ်သည်ပင် လုန်ထိုင်ထိုပွဲတော်နေ့ပြီးလျှင် တစ်ခြားတစ်ယောက်ကို လွှဲပြောင်းပေးရတော့မည်ဖြစ်သည်။
ဆုန်ကျိရှင်း ပြောသကဲ့သိုပင် ချန်ပင်အန်းသည် ဆင်းရဲဇာတာပါလာသည်။ ကံကောင်းခြင်းများ သူ့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလျှင်ပင် ထိုကံကောင်းခြင်းကို ထိန်းသိမ်းထားနိုင်စွမ်း ရှိမည်မဟုတ်။
ဆုန်ကျိရှင်းသည် ထိုကဲ့သို့ပင် နားလည်ရအတော်ခက်သည့် စကားမျိုး မကြာခဏပြောတတ်သည်။ သူဖတ်ဖူးသည့် စာအုပ်များထဲမှ ပညာရှိစကားများဖြစ်ဟန်တူသည်။ ထိုစကားမျိုးကြားရတိုင်း ချန်ပင်အန်းမှာ အူတူတူဖြင့် ခေါင်းကုတ်ရင်း ကျန်ခဲ့လေ့ရှိသည်။
ဥပမာအားဖြင့် ဆုန်ကျိရှင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ထူးဆန်းသည့် စာတစ်ကြောင်းကို ကိုးကားပြောဆိုခဲ့သည်။
“နွေဦးအအေးဓါတ်ကို သတိထားပါ။ ဒါဟာ လူငယ်တွေရဲ့ သေမင်းပဲ”
သူ့စကားကို ချန်ပင်အန်း နားမလည်။
သို့သော် နှစ်စဉ် နွေဦးအစတွင် ဆောင်းရာသီထက်ပိုအေးတတ်သည့် ထူးခြားဖြစ်စဉ်ကို သူကိုယ်တွေ့ကြုံဖူးထားသည်။ ရုတ်တရက်ဖြစ်လာတတ်သည့် နွေဦးအအေးဓာတ်ကို သိပ်အရေးမစိုက်ကြသဖြင့် လူအတော်များများ အသက်န္တရာယ်ဖြစ်ကြရသည့်အဖြစ်ကို ဆုန်ကျိရှင်းက ရည်ရွယ်ခြင်းဖြစ်ဟန်တူသည်။ တိုက်ပွဲတွင် ထင်မှတ်မထားပဲ ရန်သူက အလစ်ဝင်တိုက်ခိုက်ခံရသည့်အဖြစ်မျိုး ဖြစ်သည်။
မြို့ဘေးပတ်လည်တွင် တံတိုင်းမြို့ရိုးများ ကာရံထားခြင်းမရှိ။ ထို့ကြောင့် သူခိုးသာမက လူမိုက်ဓားပြများပင် ဝင်လာနိုင်သည်။ မြို့တော်ဂိတ်တံခါးဆိုသည်မှာလည်း ဟောင်းနွမ်းနေသည့် မညီမညာ စည်းရိုးတစ်ချို့သာဖြစ်သည်။ မြို့အင်္ဂါနှင့်ညီစေရန်အတွက် လူများ ယာဉ်များ အဝင်အထွက် စစ်ဆေးရေးဂိတ်ပုံစံမျိုး ဖန်တီးထားခြင်းဖြစ်သည်။
ဆီးသီးပန်းလမ်းကြားဘေးမှ ဖြတ်ပြေးနေစဉ် မိန်းမများ ကလေးများ သံသော့အိမ်ရေတွင်းနားတွင် တိုးဝှေ့စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။ ရေငင်သည့်ဘီးလုံးထံမှ တကျွီကျီမြည်သံများ အဆက်မပြတ်ထွက်ပေါ်နေသည်။
နောက်ထပ် လမ်းတစ်ခု ဖြတ်ကျော်ပြီးနောက် သူနှင့်ရင်းနှီးနေသည့် စာဖတ်သံများကို ကြားလိုက်ရသည်။ ထိုနေရာတွင် ကိုယ်ပိုင်ကျောင်းတစ်ခုရှိသည်။ မြို့ထဲမှ အချမ်းသာဆုံးမိသားစုများ၏ စုပေါင်းရံပုံငွေဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။
သင်ကြားရေးဆရာမှာ ဤမြို့မှမဟုတ်ပေ။ ချန်ပင်အန်းငယ်ငယ်က ကျောင်းပြတင်းအပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်၍ စာသင်နေသည်ကို ခိုးနားထောင်လေ့ရှိသည်။ ထိုဆရာသည် စာသင်နေချိန်တွင် စည်းကမ်းတင်းကြပ်သော်လည်း ချန်ပင်အန်းလို အခမဲ့လာနားထောင်သူမျိုးကို ခေါ်ယူကြိမ်းမောင်းခြင်း မောင်းထုတ်ခြင်းမရှိ။ နောက်ပိုင်းတွင် ကြွေထည်အလုပ်ရုံ၌ အလုပ်သင်ဖြစ်သွားသဖြင့် ဤကျောင်းသို့ သူမရောက်ဖြစ်တော့။
သူ ဆက်ပြေးသည်။ ကျောက်သားဥမင်လမ်းတစ်ခုကို ရောက်လာသည်။ ထိုဥမင်လမ်းအား ကျောက်တိုင်ဆယ့်နှစ်ခုဖြင့် ထောက်ကန်ထားသဖြင့် ဒေသခံများက ဂဏန်းဥမင်ဟု ခေါ်ကြသည်။ ထိုဥမင်၏ မူလနာမည်နှင့်ပတ်သက်၍ ဆုန်ကျိရှင်းနှင့် လျိုရှန်ယန်တို့ အမြင်ချင်းမတူကြ။
ဆုန်ကျိရှင်းက “ဒေသကောင်တီမှတ်တမ်း’ဟူသည့် ရှေးစာအုပ်ထဲတွင် ထိုဥမင်ကို မဟာအတွင်းဝန်ဥမင်ဟု ရေးထားကြောင်း၊ စစ်တပ်များစွာကိုဦးစီး၍ တာဝန်ထမ်းရွက်ခဲ့သည့် အတိတ်တစ်ချိန်က အရာရှိတစ်ယောက်ကို ဂုဏ်ပြုသည့်အနေဖြင့် အင်ပါယာမင်းမြတ်က ထိုနာမည်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောသည်။
လျိုရှန်ယန်မှာ ချန်အန်းလို လူဆင်းရဲတစ်ယောက်သာဖြစ်သည်။ ထိုဥမင်ကို ဂဏန်းဥမင်ဟုသာခေါ်ကြောင်း အတိုက်အခံ ပြန်ငြင်းသည်။ နှစ်ပေါင်းများစွာ ထိုသို့ပင် ခေါ်လာကြသည်။ မဟာအတွင်းဝန်ဥမင်ဟူသည့် ကြောင်တောင်တောင်နာမည်မျိုး မှည့်ခေါ်စရာအကြောင်းမရှိဟု သူယူဆသည်။ နောက်ဆုံးတွင် သူက ဆုန်ကျိရှင်းကို ပြန်မေးလိုက်သည်။
“ဒါဆိုရင် အဲဒီအရာရှိဆိုတဲ့လူရဲ့ ခေါင်းဆောင်းဦးထုပ်က ဘယ်လောက်ကြီးလဲ မင်းပြောနိုင်လား။ အဲဒီဦးထုပ်က သံသော့အိမ်ရေတွင်းထက် ကြီးသလား”
ဆုန်ကျိရှင်း မဖြေတတ်တော့။ ရှက်စိတ်ဖြင့် ဆွေ့ဆွေ့ခုန် ဒေါသထွက်၍ ကျန်ရစ်ခဲ့သည်။
တိုင်ဆယ့်နှစ်ခုရှိသည့် ဥမင်ကို ဖြတ်ပြေးနေရင်း ပေါင်းမိုးခုံးပြားပေါ်တွင် ထူးဆန်းသည့် စာတန်းလေးခု ရေးထွင်းထားသည်ကို တွေ့လိုက်ရသည်။ စာလုံးပုံစံက ထူးဆန်းသည်။ တစ်ခုနှင့်တစ်ခုလည်း မတူကြ။
“ကိုယ့်အလုပ် ကိုယ်လုပ်နေ”
“သဘာဝအစီအစဉ်နှင့် ပေါင်းစည်း”
“အပြင်ဘက်သို့ မြင်ခွင့်မရ”
“အတုမဲ့ ကိုယ်ရောင်စွမ်းအင်”
ဆုန်ကျိရှင်းစကားအရ ထိုစာတန်းလေးခုတွင် သုံးခုသည် တစ်ချိန်ချိန်က ပျက်စီးခဲ့ခြင်း သို့မဟုတ် ပြောင်းလဲရေးသားခဲ့ခြင်းဖြစ်မည်ဟု ဆိုသည်။ ချန်ပင်အန်း ထိုအကြောင်းများကို ဘာမှနားမလည်။ တွေးလည်း တွေးမကြည့်ဖူးပေ။ ထိုစာလုံးများကို အဖြေရှာဖို့လည်း သူစွမ်းနိုင်မည်မဟုတ်။ ဆုန်ကျိရှင်းပြောသည့် ဒေသကောင်တီမှတ်တမ်းဟူသည်စာအုပ်ကိုပင် ယခုချိန်ထိ ဘာမှန်းမသိသေး။
ဥမင်ကို လွန်လာပြီးနောက် စိမ်းစိမ်းစိုစို ကန္တာရပင်တစ်ပင်ကို တွေ့သည်။ အပင်ခြေရင်းတွင် မည်သူချထားမှန်း မသိသည့် သစ်တုံးတစ်ခု ရှိနေသည်။ ထိုသစ်တုံးကို အနည်းငယ်ပြုပြင်ထားသည်။ အပြာရောင်ကျောက်တုံးနှစ်ခု သစ်တုံးအစွန်းနှစ်ဘက်အောက်တွင် ထိုးခံထားသည်။ ထိုင်စရာ ခုံတန်းလျားအကြမ်းထည်သဘောမျိုး ဖြစ်လာသည်။
နွေရာသီရောက်တိုင်း မြို့ထဲမှလူများ ထိုသစ်ပင်အောက်တွင်စု၍ အေးရိပ်ခိုကြသည်။ လူချမ်းသာမိသားစုများက ရေတွင်းထဲတွင် အအေးခံသိမ်းဆည်းထားသည့် သစ်သီးများ၊ ဖရဲသီးများကို ကလေးများအတွက် ခြင်းဆွဲဖြင့်ထည့်ယူလာကြသည်။ ဗိုက်ပြည့်အောင်စားပြီးလျှင် ကလေးများအတူစု၍ သစ်ပင်ရိပ်တွင် ကစားကြသည်။
ချန်ပင်အန်းမှာ ဝေးလံသည့် ဤခရီးလမ်းကြောင်းနှင့် နေသားကျနေပြီဖြစ်ည်။ ထို့ကြောင့် မြို့စစ်ဆေးရေးဂိတ်အထိ ပြေးလာရသော်လည်း မောပန်းခြင်းမရှိ။ တစ်ခုတည်းသော မြေစိုက်ဂိတ်တဲသို့ ရောက်လာချိန်တွင် သူအပြေးရပ်သွားသည်။
အပြင်လူများ ဤမြို့သို့သိပ်မလာကြ။ ယခု ကြွေထည်လုပ်ငန်းများလည်းရပ်ဆိုင်း၍ ငွေဝင်လမ်းမရှိတော့သည့်အတွက် ပို၍ပင်အလာကျဲသွားသည်။
တစ်ချိန်က ယော်အဘိုးအို အတော်မူးနေခဲ့သည့် နေ့တစ်နေ့ရှိခဲ့ဖူးသည်။ ထိုနေ့က ချန်ပင်အန်းနှင့် လျိုရှန်ယန်အပါအဝင် သူ့တပည့်များကို ပြောသည်။ တိုင်းပြည်တစ်ခုလုံးတွင် တရားဝင်ကြွေထည်လုပ်ငန်း လုပ်ကိုင်သူမှာ သူတို့သာရှိသည်ဟု ပြောသည်။ သူတို့ ထုတ်လုပ်သည့် ကြွေထည်ပစ္စည်းများကို အင်ပါယာမင်းမြတ်နှင့် အင်ပါယာမိဘုရားတို့က အသုံးပြုသည်။ လူချမ်းသာဖြစ်စေ၊ တော်ဝင်အရာရှိဖြစ်စေ ထိုပစ္စည်းများကို သုံးစွဲခွင့်မရှိ။ သုံးစွဲလျှင် ခေါင်းဖြတ်ခံရမည်။ ထိုအကြောင်းများ ပြောသည့်နေ့က အဘိုးယော်၏အသွင်မှာ လုံးဝကွဲပြားသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။
ချန်ပင်အန်း ဂိတ်တံခါးအပြင်ဘက်သို့ ငေးစိုက်ကြည့်နေသည်။ တံခါးအပြင်ဘက်တွင် လူခုနစ်ယောက်ရှစ်ယောက် ရပ်စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။ လူကြီး ကလေး၊ ယောကျ်ားမိန်းမ စုံလင်လှသည်။
ထိုလူများကို သူတစ်ခါမှမမြင်ဖူးခဲ့။ မြို့ခံများသည် ဤအရှေ့ဂိတ်တံခါးသို့ လာခဲသည်။ အားလုံးက လယ်ယာလုပ်ငန်းနှင့် ကြွေထည်လုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။ ဤအရှေ့ဂိတ်တံခါးအပြင်ဘက်တွင် မည်သည့်ကြွေထည်ရုံ၊ မည်သည့်စိုက်ခင်းမှမရှိ။
ချန်ပင်အန်းနှင့်အပြင်ဘက်မှလူများ ဂိတ်တံခါးကိုဖြတ်၍ အပြန်အလှန် စိုက်ကြည့်နေကြသည်။
ချန်ပင်အန်းမှာ သူကိုယ်တိုင်ရက်လုပ်ထားသည့် မြက်ဖိနပ်ကို စီးထားသည်။ အဝတ်အစား ထူထူထဲထဲဝတ်ထားသည့် အပြင်ဘက်ကလူစိမ်းများကိုကြည့်၍ သူအားကျမိသည်။ သူတို့အဝတ်အစားများသည် အတော်ပင်နွေးထွေး၍ အအေးဒါဏ်ကို ကာကွယ်နိုင်လိမ့်မည်ဟု သူထင်မိသည်။
ဂိတ်တံခါးအပြင်မှလူများတွင် အစုလေးငါးစု ကွဲနေကြသည်။ အဖွဲ့အစည်းတစ်ခုတည်းက မဟုတ်သည်မှာ သိသာသည်။ သို့သော် အားလုံးက မျက်နှာကြောတင်းတင်းဖြင့် ချန်ပန်အန်းကိုစိုက်ကြည့်နေကြသည်။ လူနှစ်ယောက်က သူ့ကိုကျော်၍ မြို့ထဲသို့ စိုက်ကြည့်နေသည်။
ချန်ပင်အန်း တွေးရခက်နေသည်။ ထိုလူများသည် တော်ဝင်ကြွေထည်အလုပ်ရုံများ ပိတ်သိမ်းလိုက်သည့်ကိစ္စကို မသိသေးခြင်းဖြစ်မည်။ ထိုသို့မဟုတ်လျှင် ထိုကိစ္စ၏အကြောင်းရင်းမှန်ကို သိနေသဖြင့် ဤမြို့တွင် လုပ်ငန်းထူထောင်ရန် အခွင့်အရေးရှိကြောင်း တွေးမိထားကြခြင်းလည်း ဖြစ်နိုင်သည်။
ထူးထူးဆန်းဆန်းဦးထုပ်ချွန်တစ်ခုကို ဆောင်းထားသည့် လူငယ်တစ်ယောက် ထိုလူစုထဲတွင် ရှိနေသည်။ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးဖြစ်သည်။ သူ့ခါးတွင် အစိမ်းရောင် ကျောက်စိမ်းပြားတစ်ခု ချိတ်ဆွဲထားသည်။ စောင့်ဆိုင်းနေရသည်ကို စိတ်မရှည်ဖြစ်လာဟန်တူသည်။ ဂိတ်တံခါးသည် သော့ခတ်မထား။ ထိုလူငယ်က လူအုပ်ထဲမှ တစ်ယောက်တည်းခွဲထွက်လာသည်။ တံခါးကို တွန်းဖွင့်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ဂိတ်တံခါးကို လက်နှင့်ထိခါနီးမှ ရုတ်တရက် ရပ်လိုက်သည်။ လက်ကို ပြန်ရုတ်သည်။ ထို့နောက် လက်နှစ်ဘက်နောက်ပစ်လျက် ချန်ပင်အန်းကို ပြုံး၍ကြည့်နေသည်။ ဘာစကားမှမပြော။ ပြုံးရုံသာ ပြုံးနေခြင်းဖြစ်သည်။
ထိုလူငယ်နောက်ဘက်မှလူများ စိတ်ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်နေကြသည်ကို ချန်ပင်အန်း အလိုလို သတိထားမိလိုက်သည်။ တစ်ချို့က စိတ်ပျက်နေကြသည်။ တစ်ချို့က ပျော်နေသည်။ တစ်ချို့က နဖူးကြောရှုံ့နေသည်။ တစ်ချို့က မျက်လုံးတွင် လှောင်ရိပ်သန်းနေသည်။
ထိုခဏမှာပင် ဆံပင်ဖရိုဖရဲနှင့် သက်လတ်ပိုင်းလူတစ်ယောက် ဂိတ်တံခါးဆီ အမြန်သွားဖွင့်ပြီး ချန်ပင်အန်းကို ကျယ်လောင်စွာ အော်ဟစ်ငေါက်ငန်းလိုက်သည်။
“ခွေးသူတောင်စား၊ မင်းက ငွေအတော့်ကိုလိုချင်နေတယ်ပေါ့။ ဒီလိုအချိန်မဟုတ်အခါမဟုတ် လာရသလားကွ။ သေသွားတဲ့မင်းမိဘတွေနဲ အတော်တွေ့ချင်နေပြီလား”
ချန်ပင်အန်း မျက်လုံးစွေ၍သာ ကြည့်နေသည်။ ထိုလူ၏ ကြိမ်းမောင်းစကားကို သူအရေးမစိုက်နိုင်ပေ။ သူသည် ပညာမဲ့လူတန်းစားများပြည့်နေသည့် အစွန်အဖျားနေရာတစ်ခုတွင် နေထိုင်သူဖြစ်သည်။ စော်ကားခံရတိုင်းသာ စိတ်ထိခိုက်ရမည်ဆိုလျှင် ရေတွင်းထဲခုန်ချ၍ ကိုယ့်ကိုယ်ကိုသတ်သေမိပြီးဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤသက်လတ်ပိုင်းအရွယ် ဂိတ်စောင့်သည် မြို့သူမြို့များအလှောင်ခံအဟားခံ လူ့ပေါလောတစ်ယောက်သာဖြစ်သည်။ အထူးသဖြင့် နှုတ်စောင်းထက်၍ ရဲဝံ့သည့် မိန်းမများက သူ့ကို အမြဲလိုလို ဆဲဆိုရန်တွေ့ကြသည်။ မကြခဏဆိုသလို ထုကြရိုက်ကြသည်။ ထိုလူကလည်း ဘောင်းဘီပင် မြဲမြဲမဝတ်နိုင်သေးသည့် ကလေးများရှေ့ရောက်လျှင် အမြဲတမ်းကြွားလုံးထုတ်တတ်သည်။ သူငယ်ရွယ်နုပျိုစဉ်အချိန်က တောင့်တင်းသန်မာသည့် လူငါးယောက်ခြောက်ယောက်ကို ဂိတ်တံခါးရှေ့တွင် ရိုက်နှက်အနိုင်ယူခဲ့ကြောင်းပြောသည်။ သူ့ရိုက်ချက်ကြောင့် ထိုလူစု သွားများကျွတ်ထွက်ကာ မြေပေါ်မှ ပြန်ကောက်ကြရသည်ဟုပြောသည်။ ဂိတ်တံခါးရှေ့ ပေနှစ်ဆယ်ကျယ်သည့်လမ်းပေါ်တွင် သွေးများအိုင်ထွန်းသွားပြီး မိုးရွာချသကဲ့သို့ ဗွက်ထသွားသည်ဟု ပြောသည်။
“မင်းရဲ့ အသေးအဖွဲအလုပ်ကိစ္စကို ခဏနေမှပြောမယ်”
ထိုလူက ချန်ပင်အန်းကို မကျေမချမ်းလေသံဖြင့် ပြောလိုက်သည်။
ဤမြို့ထဲတွင် ထိုလူကို မည်သူမှ လေးစားကြသည်မဟုတ်။ သို့သော် အပြင်လူများ မြို့ထဲဝင်ခွင့်ပြုမပြုကို သူကသာ ဆုံးဖြတ်ပေးနိုင်သည်။
ဘောင်းဘီထဲ လက်နှိုက်လျက် ဂိတ်တံခါးဆီသို့ သူလျှောက်သွားသည်။
ချန်ပင်အန်းကို ကျောပေးလျက် ဂိတ်တံခါးကိုဖွင့်သည်။ အပြင်ဘက်လူစုထံမှ ပိုးအိတ်ငယ်တစ်ခုစီ ယူကာ အင်္ကျီလက်ထဲသို့ထည့်လျက် မြို့ထဲသို့ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြောသည်။
ချန်ပင်အန်းက ထိုလူများဖြတ်သွားနိုင်စေရန် ဘေးသို့ဖယ်ပေးလိုက်သည်။ အပြင်လူရှစ်ယောက် အဖွဲ့လေးငါးဖွဲ့ခွဲ၍ မြို့ထဲသို့ဝင်ကြသည်။ ခုနစ်နှစ်အရွယ်ကလေးနှစ်ယောက်လည်း ကျောက်စိမ်းတံဆိပ်ပြားခါးချိတ်ထားသည့် လူငယ်၏ဘေးတစ်ဘက်စီတွင် လိုက်ပါလာသည်။ ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်ဖြစ်သည်။ ကောင်လေး၏ကိုယ်ပေါ်တွင် အရောင်တောက်သည့် အနီရောင်ဝတ်ရုံ ဝတ်ထားသည်။ ကောင်မလေးမှာ အကောင်းစားကြွေရုပ်ကလေးကဲ့သို့ ဖြူဖွေးနူးညံ့နေသည်။
ထိုကောင်းလေးက ချန်ပင်အန်းထက် ခေါင်းတစ်လုံးနိမ့်သည်။ ချန်ပင်အန်းဘေးမှ ဖြတ်သွားချိန်တွင် တစ်ခုခုပြောမည့်ဟန်ဖြင့် ပါးစပ်ဟလာသော်လည်း ဘာမှမပြော။ သို့သော် သူပြောမည့်စကားမှာ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားမျိုးဖြစ်မည်မှာ သိသာလှသည်။
ထိုကောင်လေးလက်ကို ဆွဲထားသည့် သက်လတ်ပိုင်းအမျိုးသမီးက ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထို့နောက်တွင် သူ ငြိမ်သွားသည်။
သူတို့နှစ်ယောက်နောက်ဘက်မှ လိုက်လာသည့် ကောင်မလေးမှာ ခန္ဓာကိုယ်တောင့်တင်းသည့် ဆံဖြူအဘိုးတစ်ယောက်နှင့်အတူ ပါလာသည်။ ထိုကောင်မလေးက ချန်ပင်အန်းဘက်သို့လှည့်၍ ရှေ့မှထွက်သွားသည့် ကောင်လေးကို ချက်ချင်းလက်ညှိုးထိုးပြကာ စကားများပြောနေသည်။
သူဘာပြောနေသည်ကို ချန်ပင်အန်းနားမလည်။ သို့သော် ရှေ့မှကောင်လေးကို အပြစ်တင်နေမှန်းတော့ ရိပ်မိသည်။
အဘိုးအိုက ချန်ပင်အန်းကို မျက်လုံးထောင့်ကပ်ကြည့်သည်။ ချစ်ခြင်း မုန်းခြင်းမရှိသည့် သာမန်အကြည့်မျိုးသာဖြစ်သည်။ သို့သော် ချန်ပင်အန်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ ကြောင်ကိုတွေ့လိုက်သည့် ကြွက်သူငယ်လို ဖြစ်သွားသည်။
သူ့အမူအရာကြောင့် စိတ်အားထက်သန်စွာ စကားပြောနေသည့်မိန်းကလေးက ချက်ချင်းနှာခေါင်းရှုံ့သွားသည်။ ချန်ပင်အန်းကို မကြည့်တော့ဘဲ မျက်နှာလွှဲသွားသည်။ မျက်စိစပါးမွှေးစူးသွားဟန်ရှိသည်။
ချန်ပင်အန်းတွင် လူမှုဆက်ဆံရေးအတွေ့အကြုံ သိပ်မရှိ။ သို့သော် မျက်နှာရိပ်မျက်နှာကဲကို နည်းနည်းနားလည်ပါသည်။
ထိုလူများ အဝေးသို့ ရောက်သွားပြီးနောက် ဂိတ်စောင့်လူက ချန်ပင်အန်းကိုလှည့်ကြည့်၍ မေးလိုက်သည်။
“သူတို့ဘာပြောသွားလဲဆိုတာ မင်းသိချင်သလား”
“ဟုတ်ကဲ့”
ချန်ပင်အန်း ခေါင်းငြိမ့်သည်။
ဂိတ်စောင့်က ဟက်ခနဲတစ်ချက်ရယ်လျက်
“သူတို့က မင်းကို ရုပ်ချောတယ်လို့ ချီးကျူးသွားတာကွ။ မင်းရဲကောင်းကြောင်းတွေ ပြောသွားတာပါ”
ချန်ပင်အန်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
‘ကျွန်တော် ဒီလောက်တုံးတဲ့ပုံ ပေါက်နေလို့လား’
ဂိတ်စောင့်ကလည်း ချန်ပင်အန်းအတွေးကို ရိပ်မိသဖြင့် တဟားဟားရယ်မောနေသည်။
“မင်းသာ ငတုံးမဟုတ်ရင် ဒီကိုလာပြီး စာပို့တဲ့အလုပ်ကို ငါလုပ်ခိုင်းပါ့မလားကွာ”
ချန်ပင်အန်း သူ့ကို စကားခွန်းတုံပြန်၍ မပြောရဲ။ ထိုလူစိတ်ဆိုးသွားပြီး စာပို့သည့်အလုပ် ဆုံးရှုံးသွားမှာကို စိုးရိမ်သည်။
ဂိတ်စောင့်က မျက်နှာစိမ်းလူစု ထွက်သွားရာဘက်သို့ ငေးစိုက်ကြည့်နေသည်။ မေးစေ့ကို ပွတ်သပ်နေရင်းမှ
“ခုနက ဟိုမိန်းမရဲ့ ခြေထောက်တွေဟာ လူသတ်သမားခြေထောက်မျိုးပဲ”
ချန်ပင်အန်းက ခဏတုံ့ဆိုင်းနေပြီးနောက် စိတ်ဝင်စားလာသည့်အမူအရာဖြင့် မေးလိုက်သည်။
“သူက သိုင်းပညာကျင့်ကြံတဲ့လူလား”
သူ့အမေးကြောင့် ဂိတ်စောင့် တစ်ချက်တွန့်သွားသည်။ ချန်ပင်အန်းကို ခပ်တင်းတင်းလှည့်ကြည့်၍
“မင်းက တကယ်တုံးတဲ့ကောင်ပဲ”
ချန်ပင်အန်းမှာ ယခုထိ ငတုံးဘဝမှ မလွတ်နိုင်သေး။
ဂိတ်စောင့်က သူ့ကို အပြင်ဘက်တွင် စောင့်နေရန် ပြောပြီးနောက် ဂိတ်တဲထဲသို့ ဝင်သွားသည်။ ထို့နောက် စာအိတ်တစ်ထုပ်ကိုင်၍ ပြန်ပေါ်လာသည်။ အိတ်ထုပ်က သိပ်မကြီးလှ။ စာဆယ်စောင်လောက်သာ ပါသည်။ စာအိတ်ထုပ်ကို ချန်ပင်အန်းအား လှမ်းပေး၍
“အရူးတွေဟာ ကံကိုအားကိုးသတဲ့။ လူတော်တွေကတော့ အလုပ်ကိုပဲ အားကိုးသတဲ့။ အဲဒါကို မင်းယုံသလား”
ချန်ပင်အန်း စာအိတ်ထုပ်ကို လက်တစ်ဘက်ဖြင့် လှမ်းယူ၍ နောက်တစ်ဘက်ကို လက်ဝါးဖြန့်လိုက်သည်။ ရိုးရိုးသားသားအသွင်ဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ
“စာတစ်စောင်ကို ကြေးပြားတစ်ပြားပေးမယ်လို့ ခင်ဗျားကတိပေးထားတယ်နော်”
ဂိတ်စောင့်က ပွစိပွစိရေရွတ်လျက် ကြိုတင်ပြင်ဆင်ထားသည့် ကြေးပြးငါးပြားကို ချန်ပင်အန်းလက်ဝါးပေါ်သို့ ဖျောင်းခနဲ ရိုက်ထည့်ပေးလိုက်သည်။ ထို့နောက် လက်တစ်ဘက်ဝှေ့ယမ်းပြလျက်
“ကျန်တဲ့ ငါးပြားကို ငါနောက်မှပေးမယ်”
***************************************
Good