တရုတ်ရိုးရာပြက္ခဒိန် နှစ်လပိုင်းနှစ်ရက်နေ့သည် နဂါးအမောက်ထောင်သည့်နေ့၊ လုန်ထိုက်ထိုပွဲတော်နေ့ပင် ဖြစ်လေသည်။
ညအမှောင်ထုက ပတ်ဝန်းကျင်တစ်ခုလုံးလွှမ်းခြုံနေသည်။
ခပ်ပိန်ပိန်ကောင်လေးတစ်ယောက် ကြွေပန်းအိုးလမ်းဟုခေါ်သည့် သီးခြားနေရာလေးတွင် တစ်ကိုယ်တည်းရှိနေသည်။ ဖယောင်းတိုင်တစ်ခုနှင့် မက်မွန်တစ်ခက်ကို လက်တစ်ဘက်စီတွင်ကိုင်၍ ရိုးရာအစဉ်အလာတစ်ခုကို လုပ်ဆောင်နေသည်။ အိမ်ခန်းထဲမှ သစ်သားကုတင်၊ နံရံလေးဘက်နှင့် အမိုးမျက်နှာကျက်တို့ကို ဖယောင်းတိုင်မီးဖြင့် အလင်းရအောင်ပြု၍ မက်မွန်ခက်ဖြင့် လှည့်ပတ်ရိုက်ပုတ်ကာ မြွေပါးကင်းပါး မခိုမကပ်နိုင်အောင် ခြောက်လှန့်မောင်းထုတ်နေသည်။
သူ့နှုတ်မှလည်း ရိုးရာမန္တာန်တစ်ခုကို ရွတ်ဆိုနေသည်။
“နှစ်လပိုင်း နှစ်ရက်နေ့ ဆီမီးရောင်သည် အိမ်မျက်နှာကျက်ကို ထွန်းလင်းပါစေ၊
မက်မွန်ခက်သည် နံရံကိုရိုက်ပုတ်၍ မြွေပါးကင်းပါး ကင်းဝေးပါစေ”
သူ့နာမည် ချန်ပင်အန်း။
မိဘနှစ်ပါးလုံး သူငယ်စဉ်ကတည်းက ဆုံးပါးသွားသည်။
ကြွေထည်လုပ်ငန်းကဖြင့် နာမည်ကျော်ကြားသည့် ဤမြို့လေးတွင် သူနေသည်။ တိုင်းပြည်စတည်ထောင်ကတည်းက နန်းသုံးကြွေအိုးကြွေခွက်များ ဆက်သရန် ဤမြို့လေးမှ တာဝန်ယူကြရသည်။ နန်းတွင်းအရာရှိများ ဤနေရာသို့ အမြဲလိုလိုလာရောက်စတည်းချကာ ကြွေလုပ်ငန်းကို ကြီးကြပ်ကြသည်။
မှီခိုရာမဲ့ချန်ပင်အန်းလည်း ကြွေထည်လုပ်သားတစ်ယောက်ဖြစ်လာခဲ့သည်။ ဒေါသကြီး၍ အမြင်ကျဉ်းသည် ဆရာတစ်ယောက်၏ လက်အောင်တွင် နှစ်အတော်များများ ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရသည်။ အစပိုင်းတွင် သိပ်အရေးမကြီးသည့်အလုပ်များ၊ ခန္ဓာကိုယ်အားသုံးရသည့်အလုပ်များသာ လုပ်ခဲ့ရသည်။
ရေနစ်သူ ဝါးကူထိုးဟူသည့်စကားမှန်သည်။ ကြွေအိုးမီးဖုတ်သည့်ပညာကို သူတတ်မြောက်စပြုချိန်မှာပင် သူတို့မြို့လေး၏ ကြွေထည်လုပ်ငန်း လုပ်ကိုင်ခွင့်ဆုံးရှုံးသွားသည်။ ကြွေထည်အလုပ်ရုံများအားလုံး ညတွင်းချင်း ပိတ်သိမ်းရန် အမိန့်ကျလာခဲ့လေသည်။
—————-
ချိုးယူလာသည့် မက်မွန်ခက်ကိုချကာ ဖယောင်းတိုင်ကို မီးမှုတ်၍ အိမ်အပြင်သို့ သူထွက်လာသည်။ အိမ်လှေခါးထစ်ပေါ်တွင်ထိုင်၍ ကြယ်ရောင်စုံသည့် ညကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူမှတ်မိနေသေးသည်။
သူ့ဆရာသည် ယော်မျိုးရိုး။
ဆရာယော်က သူ့ကို အလုပ်သင်အဖြစ်သာ လက်ခံခဲ့သည်။ လွန်ခဲ့သည့်နှစ်က ဆောင်းရာသီတစ်မနက်တွင် ဆရာယော်သည် ဝါးကုလားထိုင်လေးတွင်ထိုင်ရင်း ကြွေထည်အလုပ်ရုံကို မျက်နှာမူလျက် ကွယ်လွန်သွားခဲ့သည်။
အမှန်အတိုင်းဆိုရလျှင် ဆရာယော်လို ဇွဲကောင်းသူ၊ စိတ်နှစ်ကိုယ်နှစ်ကြိုးစားသူ အတော်ရှားသည်။
ဤမြို့မှလူများသည် ကြွေလုပ်ငန်းတစ်ခုတည်းသာ လုပ်ကြသည်။ မင်းမိန့်ကျလာပြီးဖြစ်၍ ကြွေထည်လုပ်ငန်း ဆက်မလုပ်ရဲကြ။ အသင့်ရှိပြီးသည့် ကြွေထည်ပစ္စည်းများကိုလည်း သာမန်လူတို့လက်သို့ မရောင်းချရဲကြ။ ထို့ကြောင့် အသက်ရှင်ရပ်တည်ရန် တစ်ခြားလုပ်ငန်းများ ရှာဖွေလုပ်ကိုင်ရတော့သည်။
ဆယ့်လေးနှစ်သား ချန်ပင်အန်းလည်း အလုပ်ပြုတ်လာသည်။ ကြွေပန်းအိုးလမ်းသို့ ပြန်လာ၍ ယိုင်နဲ့နဲ့ အိမ်အိုအိမ်ဟောင်းလေးတွင် နေထိုင်ရသည်။ သုံးဖြုန်းစရာ ငွေဟူ၍လည်းမရှိပေ။
အတော်ကြာအောင် ဦးတည်ရာမဲ့ သူလေလွင့်နေခဲ့သည်။ ငွေဝင်မည့်လမ်းစကို ရှာမရ။ ကုတ်ကပ်၍စုထားသည့် ငွေလေးဖြင့် ဝမ်းဝရုံ အသက်ဆက်ခဲ့ရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တစ်ခြားနယ်မှ ရွမ်မျိုးရိုးပန်းပဲဆရာတစ်ယောက် နဂါးစီးလမ်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည်။ နဂါးစီးလမ်းသည် ကြွေပန်းအိုးလမ်းနှင့် မဝေးလှ။ ထိုပန်းပဲဆရာရွမ်က တပည့် ခုနစ်ယောက်ရှစ်ယောက်ခန့် ခေါ်မည်ဟု ကြေညာခဲ့သည်။ လစာတော့မပေး။ ထမင်းကျွေးမည်ဟုပြောသည်။
ချင်ပင်အန်းလည်း သွား၍ကံစမ်းကြည့်ခဲ့သည်။ သို့သော် မဟန်ခဲ့။ ဆရာရွမ်က သူ့ကို တစ်ချက်သာကြည့်ပြီး ချက်ချင်းငြင်းပယ်လိုက်သည်။ သူ စိတ်ပျက်ခဲ့ရသည်။ နားမလည်နိုင်အောင်လည်းဖြစ်ရသည်။ ထိုပန်းပဲဆရာသည် ခွန်အားကိုမကြည့်ပဲ ရုပ်ရည်ကိုကြည့်၍ လူရွေးလေသလားဟုပင် သံသယဖြစ်ခဲ့မိသည်။
သူ့ရုပ်ရည်က ချူချာသော်လည်း ခွန်အားတော့ မသေးပါ။ ကြွေအိုးပုံသွန်းခြင်း၊ မီးဖုတ်ခြင်းလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ခဲ့ရသဖြင့် ခန္ဓာကိုယ်အတော်သန်မာသည်။ ထို့အပြင် ဆရာယော်နှင့်အတူ နေရာစုံသို့ ခရီးဆန့်၍ အောက်တန်းအကျဆုံး အပင်ပန်းဆုံးဟူသည့် အလုပ်များကို မညည်းမညူ လုပ်ခဲ့သည်။
သို့တိုင်အောင် သူသည် ဆရာယော်၏ ချီးကျူးခြင်းကိုမခံခဲ့ရ။ ပါရမီညံ့ဖျင်းသည်ဟူဆိုကာ အမြဲတမ်း အထင်အမြင်သေးခံခဲ့ရသည်။ ဆရာယော်၏ အတော်ဆုံးတပည့် လျိုရှန်ယန်ကို သူဘယ်လိုမှ ယှဉ်မရခဲ့။
ဆရာယော်ကိုလည်း မျက်နှာလိုက်သည်ဟု မပြောသာပေ။ ဆရာဆိုသည်မှာ အခြေခံလောက်သာ သင်ပြရရိုးထုံးစံရှိသည်။ သင်ယူသူတပည့်၏ ပါရမီနှင့်ကြိုးစားမှုကသာ တတ်မြောက်မှုအဆင့်ကို အဆုံးအဖြတ်ပေးသည်။
ချန်ပင်အန်းနှင့် လျိုရှန်ယန် ပါရမီအတော်ကွာသည်။ လျိုရှန်ယန်သည် ကြွေအိုးပုံသွန်းပညာရပ်ကို ခြောက်လနှင့် တတ်မြောက်ကျွမ်းကျင်ခဲ့သည်။ ချန်ပင်အန်းမှာ သုံးနှစ်ကြာအောင် ကြိုးစားမှ တတ်မြောက်ခဲ့သည်။
—————
ကြွေအိုးပုံသွန်းပညာကို နောက်ထပ် အသုံးချခွင့် ကြုံမကြုံ သူမသိ။ သို့သော် နေ့စဉ်နေ့တိုင်း ပုံမှန်အလုပ်တစ်ခုကဲ့သို့ လေ့ကျင့်နေဆဲဖြစ်သည်။
*သူ့ မျက်လုံးမှိတ်လိုက်သည်။ သူ့ရှေ့တွင် လှည့်ဘီးတစ်ခုနှင့် အောက်ကံကျောက်ပြားတစ်ခု ရှိနေသည်ဟု စိတ်ကူးဖြင့် မှန်းဆပုံဖေါ်သည်။ ထို့နောက် အိုးပုံသွန်းလုပ်နေသည့်ဟန်မျိုး လှုပ်ရှားသည်။ သူတတ်မြောက်ထားသည့် ပညာကို တိုးတက်အောင် လေ့ကျင့်နေခြင်းဖြစ်သည်။
*မည်သူမှ သူ့ကို လုပ်ခိုင်းသည်မဟုတ်။ သူ့ဘာသာ စိတ်ဆုံးဖြတ်၍ လုပ်ဆောင်နေခြင်းဖြစ်သည်။
ဆယ့်ငါးမိနစ်တစ်ကြိမ် နားသည်။ လက်ကောက်ဝတ်ကို လှုပ်သည်၊ ခါသည်။ ထို့နောက် ပြန်လေ့ကျင့်သည်။ လုံးဝပင်ပန်းသွားသည်အထိ အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်ပြီးနောက် သူထရပ်၍ အိမ်ခြံဝင်းထဲသို့ လမ်းလျှောက်ထွက်လာသည်။
*ထိုစဉ် ငြိမ်းအေးတိတ်ဆိတ်သည့် ပတ်ဝန်းကျင်ကို လှောင်ပြောင်သံတစ်ခုက နှောက်ယှက်ဖျက်ဆီးလိုက်သည်။ ချန်ပင်အန်း ခြေလှမ်းရပ်သွားသည်။
သူထင်သည့်အတိုင်းပင်။
သူ့နှင့်ရွယ်တူကောင်လေးတစ်ယောက် စည်းရိုးနံရံပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ သူ့ကို ပြီတီတီမျက်နှာဖြင့် ကြည့်နေသည်။
ထိုကောင်လေးသည် သူ့အိမ်နီးချင်းဖြစ်သည်။ ထိုကောင်းလေးသည် ယခင်ကြွေလုပ်ငန်းကြီးကြပ်သူ နန်းတွင်းအရာရှိ၏ တိတ်တိတ်ပုန်းသားတစ်ယောက်ဖြစ်သည်ဟု ပြောကြသည်။ ထိုအရာရှိသည် ကြွေလုပ်ငန်းများ ကိစ္စနှင့်ပတ်သက်၍ နန်းတော်စိစစ်ရေးအဖွဲ့က သံသယဝင်မည်ကို စိုးရိမ်သဖြင့် အစီရင်ခံတင်ပြရန် နန်းမြို့တော်သို့ ပြန်သွားခဲ့သည်။ သူ့နေရာတွင် အစားဝင်လာသည့် မိတ်ဆွေရင်း ကြွေလုပ်ငန်းကြီးကြပ်အရာရှိထံ သူ့သားကို အပ်နှံသွားခဲ့သည်။
ကြွေထည်လုပ်ငန်းများ ပိတ်သိမ်းလိုက်ရသဖြင့် ထိုအရာရှိသစ်လည်း ဘာလုပ်စရာမှမရှိတော့။ သူ့လုပ်ဖေါ်ကိုင်ဘက်အရာရှိ၏ တိတ်တိတ်ပုန်းသားကိုလည်း ဆက်၍ကြည့်ရှုစောင့်ရှောက်ရန် စိတ်မဝင်စားတော့ပေ။ ငွေတစ်ချို့ထားခဲ့ပြိးနောက် နန်းမြို့တော် ဩဇာရှိပုဂ္ဂိုလ်များနှင့် အဆက်အသွယ်မပြတ်စေရန် မြို့တော်သို့ အမြန်ပြန်သွားသည်။
ဤကောင်လေးသည် ထိုအဖြစ်များကိုမသိ။ သူစွန့်ပစ်ခံလိုက်ရမှန်း မသိသေးပေ။ ပေါ့ပါးလွတ်လပ်စွာ နေထိုင်နေဆဲဖြစ်သည်။ သူ့ကိုယ်ပိုင်အစေခံကိုနှင့်အတူ မြို့ထဲတွင် လည်ပတ်၍ လမ်းသလားနေသည်။ ဘာအလုပ်မှ မလုပ်သော်လည်း သူ့အတွက် ငွေရေးကြေးရေး ပူစရာမရှိ။
ကြွေပန်းအိုးလမ်းကြားရှိ အိမ်များကို စည်းခြားထားသည် မြေအုတ်တံတိုင်းများက ခပ်နိမ့်နိမ့်သာဖြစ်သည်။ ထို့ကြောင့် ထိုကောင်လေးသည် နံရံပေါ်မှကျော်၍ တစ်ခြားတစ်ဘက်သို့ အလွယ်တစ်ကူ လှမ်းကြည့်နိုင်သည်။ သို့သော် ချန်ပင်အန်းနှင့်စကားပြောတိုင်း ခြံစည်းရိုးတံတိုင်းပေါ်တွင်ခွထိုင်၍ ပြောရသည်ကို သူသဘောကျသည်။
ထိုကောင်လေး၏ နာမည်မှာ ဆုန်ကျိရှင်းဖြစ်သည်။ ချန်ပင်အန်းဟူသည့် မျိုးရိုးနိမ့် ဆင်းရဲသားနာမည်ထက် ပို၍ထူးခြားဆန်းပြာသည်။ သူ့ကိုယ်ပိုင်အစေခံဖြစ်သူ ကျီကွေ့၏ နာမည်သည်ပင် အတော်ခံ့ညားနေသည်။
ယခု ကျီကွေ့မှာ တံတိုင်းတစ်ဘက်တွင် မရဲတရဲမျက်လုံးဝိုင်းလေးဖြင့် ရပ်နေသည်။
ထိုစဉ် ခြံဝင်းတံခါးဆီမှ စကားသံတစ်ခုထွက်ပေါ်လာသည်။
“မင်းရဲ့အစေခံ ငါ့ကိုရောင်းမလား”
စကားသံကြောင့် ဆုန်ကျိရှင်း တစ်ချက်တွန့်သွားပြီး လှည့်ကြည့်လိုက်သည်။ ခြံဝင်းအပြင်ဘက်တွင် သူနှင့်မရင်းနှီးသည့် ပိုးချည်ဝတ်ရုံဝတ်ကောင်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုကောင်လေးဘေးတွင် အရပ်မြင့်မြင့် ရင်အုပ်ကားကား အသားဖွေးဖွေး သဘောမနောကောင်းဟန်ရှိသည့် အဘိုးအိုတစ်ယောက် ရပ်နေသည်။ ထိုအဘိုးအိုက ခြံချင်းကပ်လျက်ရှိနေသည့် လူငယ်သုံးယောက်ကို လှမ်းကြည့်နေသည်။
ချန်ပင်အန်းကို သာမန်မျှသာကြည့်သည်။ သို့သော် ဆုန်ကျိရှင်းနှင့် အစေခံဆီ အကြည့်ရောက်သွားချိန်တွင် သူ့မျက်နှာမှ အပြုံးများ ပို၍ဝေဆာလာလေသည်။
ဆုန်ကျိရှင်းက ပိုးချည်ဝတ်လူငယ်ကို မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။
“ရတယ်လေ၊ ရောင်းမှာပေါ့”
“မင်းသူ့အတွက် ဘယ်လောက်လိုချင်သလဲ”
ပိုးချည်ဝတ်လူငယ်က ပြုံး၍ မေးလိုက်သည်။
အရောင်းအဝယ်စကားကို ကြားလိုက်ရသဖြင့် ကျီကွေ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူပုံစံမှာ ကြောက်လန့်နေသည့် သမင်မလေးတစ်ကောင်နှင့် တူနေသည်။
ဆုန်ကျိရှင်းက မျက်လုံးစွေကြည့်၍ လက်တစ်ချောင်းထောင်ကာ ဘယ်ညာယမ်းပြလိုက်သည်။
“ငွေတုံး တစ်သောင်း”
ပိုးချယ်ဝတ်လူငယ်၏မျက်နှာတွင် အပြောင်းအလဲမရှိ။ ခေါင်းတစ်ချက်ငြိမ့်လျက်
“ဟုတ်ပြီ။ ငါသူ့ဝယ်မယ်”
သူ့ပုံစံက နောက်ပြောင်နေပုံမရသဖြင့် ဆုန်ကကျိရှင်း စကားအမြန်ပြင်ပြောလိုက်သည်။
“တကယ်တော့ ငါက ငွေတုံးနှစ်သောင်းလိုချင်တာပါ”
ပိုးချည်ဝတ်လူငယ်မျက်နှာ ပြုံးစေ့စေ့ဖြစ်လာသည်။
“ငါက တမင်စနေတာပါကွာ”
ဆုန်ကျိရှင်း မျက်နှာရှုံ့မဲ့သွားသည်။
ပိုးချည်ဝတ်လူငယ်က ဆုန်ကျိရှင်းကို ဂရုမစိုက်တော့ဘဲ ချန်ပင်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဒီနေ့ ဟိုငါးကြင်းကို ငါဝယ်နိုင်တာ မင်းကျေးဇူးကြောင့်ပါ။ အိမ်ပြန်ရောက်ပြီးတော့ အဲဒီ့ငါးကိုကြည့်လေ ငါသဘောကျလာလေပဲ။ ဒါကြောင့် မင်းကို ငါကိုယ်တိုင် ကျေးဇူးတင်စကားပြောချင်လို့ လာခဲ့တာ။ အဘိုးဝူကို မင်းဆီ ချက်ချင်းခေါ်သွားပေးဖို့ တောင်းဆိုခဲ့ရတယ်”
ထိုလူငယ်က ချန်ပင်အန်းထံ ပိုးအိတ်ခပ်ကြီးကြီးတစ်ခု ပစ်ပေးလိုက်သည်။ ထို့နောက် ပြုံးရွှင်သည့်မျက်နှာဖြင့်
“ဒါ မင်းကိုကျေးဇူးပြန်ဆပ်တာပါ။ အခုငါတို့ချင်း ကျေသွားပြီနော်”
ချန်ပင်အန်းက စကားပြန်ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ပိုးချည်ဝတ်ရုံရှင်လူငယ်မှာ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ချန်ပင်အန်း မျက်မှောင်ကျုံ့လျက်သား ကျန်ရစ်ခဲ့သည်။
ယနေ့အစောပိုင်းက ငါးခြင်းတစ်ခုဆွဲလာသည့် သက်လတ်ပိုင်းလူတစ်ယောက်နှင့် လမ်းပေါ်တွင် သူဆုံခဲ့သည်။ ထိုလူက လက်မောင်းခန့်ရှည်သည့် ရွှေရောင်ငါးကြင်းတစ်ကောင်ကို ဖမ်းမိလာသည်။ ဝါးခြင်းထဲတွင် အတင်းရုန်းကန်ခုန်ပေါက်နေသည့်ငါးကို ကြည့်နေရင်း အလွန်လှပ၍ ချစ်စရာကောင်းသည်ဟု ချန်ပင်အန်း ခံစားလိုက်ရသည်။ ထို့ကြောင့် ငါးကြင်းကို ကြေးပြားဆယ်ပြားဖြင့်ရောင်းရန် ငါးကြင်းပိုင်ရှင်ကို ပြောသည်။
ငါးကြင်းပိုင်ရှင်မှာ ထိုငါးကို ချက်စားရန်သာ ရည်ရွယ်ထားခဲ့သည်။ သို့သော် အကျိုးအမြတ်ရနိုင်သည့် အခွင့်အရေးကို အမိအရဖမ်းဆုပ်၍ ကြေးပြားသုံးဆယ်ဖြင့် ရောင်းမည်ဟု စျေးတင်သည်။ ဆင်းရဲသား ချန်ပင်အန်းလက်ထဲတွင် ငွေအပိုသိပ်မရှိ။ ရွှေရောင်ငါးကြင်းကိုလည်း သူမထားရစ်ခဲ့နိုင်ပေ။
ငါးကြင်းပိုင်ရှင်နှင့် စျေးညှိသည်။ ကြေးပြားဆယ့်ငါးပြားဖြင့ ရောင်းရန်ပြောသည်။ ထို့နောက် ကြေးပြားနှစ်ဆယ်အထိပင် တိုးပေးခဲ့သည်။ ငါးကြင်းပိုင်ရှင် သဘောတူတော့မည့်ဆဲဆဲအချိန်တွင် ပိုးချည်ဝတ်ရုံရှင် ကောင်လေးတစ်ယောက်နှင့် အဘိုးအိုတစ်ယောက် ရောက်လာသည်။ ထိုနှစ်ယောက်က ငါးကြင်းရော ငါးခြင်းကိုပါ ကြေးပြားငါးဆယ်ဖြင့် ချက်ချင်းပေးဝယ်သွားလေသည်။ ချန်ပင်အန်းမှာ မချင့်မရဲဖြစ်၍ ကျန်ရစ်ခဲ့ရသည်။
ပိုးချည်ဝတ်လူငယ်နှင့်အဘိုးအို ထွက်သွားသည်ကို အတော်ကြာအောင်စိုက်ကြည့်နေပြီးနောက် ဆုန်ကျိရှင်းက မကျမနပ်မျက်နှာဖြင့် စည်းရိုးတံတိုင်းပေါ်မှ ခုန်ဆင်းသွားသည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ချန်ပင်အန်းဘက်သို့ လှည့်မေးလိုက်သည်။
“ပြီးခဲ့တဲ့လတုန်းက ခြေလေးချောင်းကောင်ကို မင်းမှတ်မိသေးလား”
ချန်ပင်အန်း ခေါင်းငြိမ့်ပြလိုက်သည်။သူ ကောင်းကာင်းမှတ်မိနေပါသည်။
ဤမြို့တွင် ရာစုနှစ်များစွာ ဖြစ်တည်လာသည့်ရိုးရာယုံကြည်မှုအရ တွားသွားသတ္တဝါများ အိမ်ထဲဝင်လာလျှင် ကံကောင်းသည်ဟု ယူဆကြသည်။ ထိုသတ္တဝါမျိုးကို အိမ်ရှင်က နှင်ထုတ်ခြင်း သတ်ဖြတ်ခြင်းပြုလုပ်လျှင် ရိုးရာစည်းမျဉ်ကို ချိုးဖေါက်ခြင်းဟု ယူဆကြသည်။
တရုတ်ပြက္ခဒိန် ပထမလ၏ တစ်ရက်နေ့တွင် ဆုန်ကျိရှင်းသည် အိမ်တံခါးဝတွင်ထိုင်၍ နေပူဆာလှုံနေခဲ့သည်။ ထိုစဉ် ခြေလေးချောင်းမြွေဟု သိကြသည့် သတ္တဝါတစ်မျိုးသည် သူ့မျက်စိရှေ့မှာပင် အိမ်ထဲသို့ ဖြေးညှင်းစွာဝင်လာသည်။
ဆုန်ကျိရှင်းက ထိုသတ္တဝါကို ဖမ်းကိုင်လျက် ခြံဝင်းထဲမှ လွှင့်ပစ်ခဲ့သည်။ သတ္တဝါကောင်မှ၍ ဘုန်းခနဲပြုတ်ကျ၍ ပုံပျက်ပန်းပျက်သွားသော်လည်း ပို၍ပင်ရဲတင်းလာဟန်ရှိသည်။ ဆုန်ကျိရှင်း လွှင့်ပစ်လိုက်တိုင်း အိမ်ထဲသို့ ထပ်ကာထပ်ကာ ဝင်ရန်ကြိုးစားသည်။
ဆုန်ကျိရှင်းမှာ ရိုးရာအစွဲအလန်းများကို ယုံကြည်သူမဟုတ်ပေ။ အလွန်ခေါင်းမာသည့် သတ္တဝါကို ဒေါသထွက်လာသဖြင့် ချန်ပင်အန်း၏အိမ်ဝင်းထဲသို့ လွင့်ပစ်ခဲ့သည်။ သို့သော် သူအံ့အားသင့်ခဲ့ရသည်။ နောက်တစ်နေ့မနက်တွင် ထိုခြေလေးချောင်းမြွေမှာ သူ့ကုတင်အောက်တွင် ခွေနေသည်ကို တွေ့ရလေသည်။
ကျီကွေ့က သူ့အင်္ကျီလက်အား လာဆွဲသည်ကို ဆုန်ကျီရှင်းသတိပြုမိသည်။ သူတို့နှစ်ယောက်ကြားတွင် အပြန်အလန်နားလည်မှုတစ်ခု ရှိပုံရသည်။ ကျီကွေ့ ဘာပြောချင်သည်ကို ဆုန်ကျိရှင်း ချက်ချင်းရိပ်မိလိုက်သည်။ ပြောရန်ပြင်နေသည့်စကားကို မပြောဖြစ်တော့။
သူမွေးထားသည့် ထိုခြေလေးချောင်းသတ္တဝါသည် ဦးခေါင်းတွင် ဦးချိုနှင့်တူသည့် ဘုသီးတစ်ခုပေါ်လာကြောင်း သူပြောပြလိုခြင်းဖြစ်သည်။
သူတစ်ခြားအကြောင်းတစ်ခုကိုသာ ဆက်ပြောလိုက်သည်။
“ကျီကွေ့နဲ့ငါ နောက်လဆိုရင် ဒီမြို့ကနေ ထွက်သွားဖြစ်လောက်တယ်”
ချန်ပင်အန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါ”
“ငါယူသွားလို့မရတဲ့ ပစ္စည်းတစ်ချို့ အိမ်မှာကျန်ခဲ့လိမ့်မယ်။ ငါမရှိတဲ့အချိန် မင်းခိုးဖို့မကြိုးစားနဲ့နော်”
ဆုန်ကျိရှင်းက ဟာသလိုလို အတည်လိုလိုပြောလိုက်သည်။
ချန်ပင်အန်းခေါင်းခါသည်။
ချင်ပင်အန်းပုံစံကို လက်ညှိုးထိုး၍ မခိုးမခန့်မျက်နှာဖြင့် ဆုန်ကျိရှင်း လှောင်ပြောင်ရယ်မောလိုက်သည်။
“မင်းက တကယ့်ငကြောက်ပဲ။ လူဆင်းရဲမျိုးနွယ်ကနေ မြင့်မြတ်တဲ့သားသမီးမျိုး မွေးမလာတာလည်း မဆန်းလှပါဘူး။ ဒီဘဝရော နောင်ဘဝမှာပါ မင်းဟာ သူများအနိုင်ကျင့်လှောင်ရယ်ခံရမယ့်ကောင် ဖြစ်နေမှာပါပဲ”
ချန်ပင်အန်းက ဘာမှပြန်မပြော။
လူငယ်နှစ်ယောက် သူ့အိမ်ကိုယ့်အိမ် ပြန်သွားကြသည်။ ချန်ပင်အန်း တံခါးကိုပိတ်၍ သစ်သားကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ ထို့နောက် မျက်လုံးကိုမှိတ်၍ ခပ်တိုးတိုးရေရွတ်နေသည်။
“တစ်နှစ်ပတ်လုံး ငြိမ်းအေးပါစေ။
တစ်နှစ်ပတ်လုံး ဘေးကင်းပါစေ။
ကျွန်တော့်ဘဝလည်း တစ်နှစ်ပတ်လုံး ဘေးရန်ကင်းပြီး ငြိမ်းအေးပါစေ”
*******************************
gg
Good
good