စာစဉ် (၁၃) အပိုင်း (၁၇၁)

ထူးဆန်းအံ့ဖွယ်သားရဲ

မြူများက တောင်ကြားထဲ၌ နေရာအနှံ့ ပျံ့နှံ့ နေ၏။ အေးစက်သော အရိပ်တစ်ခုက ထိုနေရာသို့ ဖြတ်ကျော်သွားသည်။

ဇူယွမ်က နှင်းခဲလေး၏ ကျောပေါ်တွင် ထိုင်လျက်ရှိနေပြီး သူ့စိတ်ဝိညာဉ် မှာတော့ အပြင် ပတ်ဝန်းကျင် တစ်လျှောက်    ဖြန့်ကြက် အာရုံခံထားသည်။ မြူများက လူတစ်ယောက်၏ အမြင်အာရုံအား အနှောင့်အယှက် ဖြစ်စေသည့် အတွက် ဇူယွမ်က သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်တစ်ခု ကိုသာ အားပြုနိုင်ပေသည်။ ဘယ်ဘက်သွားမယ်။ ဇူယွမ်က အသံပြုလိုက်သည်။ ချက်ချင်းပင် နှင်းခဲလေးက အတောင်ပံ ခတ်လိုက်ပြီး ဦးတည်ရာ ပြောင်းလိုက်၏။ ငါတို့က တောင်ကြောရဲ့ အနက်ပိုင်းကို ရောက်နေပြီ။ ဇူယွမ်က နောက်ဘက်သို့ ပြန်လှည့်ကြည့် လိုက်၏။ သူ့အကြည့်ကာ တင်းမာသွားကာ ဆက်လက် ပြောဆိုလိုက်သည်။ “သူတို့နီးကပ် လာနေပြီ။ ဘယ်လိုတောင် စိတ်ရှည်လိုက်တဲ့ ကောင်တွေလဲ …”

ဇူယွမ်က သူတို့နောက်ရှိ အကွာအဝေး တစ်ခုတွင် ရှိနေသော တည်ရှိမှု တချို့အား သတိထား မိလိုက်သည်။ သူတို့က အရိပ်တစ်ခုလို နောက်က ကပ်၍ လိုက်လာနေခြင်း ဖြစ်သည်။ ဝူဟောင်နှင့် သူ့အဖွဲ့က လွယ်လွယ်ကူကူ အရှုံး မပေးနိုင်သည်မှာ ထင်ရှားလှပေသည်။

ကျိန်းရွှမ်းက အသံနှိမ့်၍ ပြောလိုက်သည်။ “ငါတို့ခု ဘာလုပ်ကြမလဲ။ ပိုပြီးနက်နက် ဆက်သွားမယ်ဆိုရင် ငါတို့က အဆင့်လေး သားရဲတွေနဲ့ တွေ့ရလိမ့်မယ် …”

ဇူယွမ်က မြူအနက်ပိုင်းမှာ ရွှေရောင်ဖျော့ဖျော့ကို စူးစိုက်ကြည့်ကာ မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူက စွမ်းအား ပြည့်ဝလှသော မူလသားရဲ များ၏ ချီအငွေ့အသက် များကိုလည်း အာရုံခံ မိလေသည်။ သူတို့က ရွှေရေကန်နှင့် နီးစပ် လာနေသည်မှာ သိသာပေသည်။ မူလချီများက ရေကန်ကို ကာကွယ်နေသော သားရဲများထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ဇူယွမ်က ဆုံးဖြတ်ချက် ချပြီးဟန်ဖြင့် ပြောလိုက်သည်။ “ဆက်ဝင်ကြစို့ …”

လုလျိုက အံကြိတ်လိုက်ပြီး နှင်းခဲလေးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ နှင်းခဲလေးက ကျယ်လောင်စွာ မြည်ကျွေးလိုက်ကာ သူ့အရှိန်ကို သိသာစွာ မြှင့်တင်လိုက်၏။ မိနစ်အနည်းငယ် အကြာမှာ ဇူယွမ်တို့ အုပ်စုက မြူများကြားထဲမှ ထွက်ပေါက်ကို ‌တွေ့ရှိ လိုက်ကြသည်။ မြူများကြားမှ ထွက်ခွာ လိုက်သည့်အခါ ရှေးဟောင်းတောအုပ် တစ်ခု ပေါ်လာခဲ့သည်။ ထိုနေရာ၌ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးများက တည်ရှိလို့နေ၏။

” ဝေါင်း ”

ဇူယွမ်တို့ အဖွဲ့က မြူများကြားမှ ထွက်ခွာ လာပြီးပြီးချင်း ကျယ်လောင်သော သားရဲအော်သံကို ရုတ်တရက် ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှ ကြမ်းကြုတ်ပြီး ထိတ်လန့်ဖွယ် စွမ်းအားများနှင့် ပြည့်နှက်နေသည့် ကြီးမားသော အရိပ်တစ်ခု ဆင်းသက်လာသည်။ နှင်းခဲလေးက ထိုအရိပ်ကို ပေါ့ပါးဖျတ်လတ်စွာ ရှောင်၍ ရှေ့သို့ တိုးတက်လိုက်သည်။

”ဘုန်း”

ဇူယွမ်တို့အဖွဲ့ ရှေ့သို့ရောက်ပြီး ခဏမှာပင် သူတို့ ရှိခဲ့သော နေရာသို့ ထိုအရိပ်က ဆင်းသက်လာပြီး မြေကြီးပင် တစ်စစီ တုန်ခါကွဲအက် ကုန်သည်။ လေထဲ၌ ဖုန်မှုန့်များ ပြည့်နှက်သွား၏။ ထို့နောက်မှာ ဇူယွမ်တို့သုံး ယောက်က ကြေးခွံများ ဖုံးအုပ်ထားသော ဧရာမ လူဝံကြီးအား တွေ့လိုက်ရသည်။ လူဝံကြီးက ကြမ်းကြုတ်စွာ မတ်တတ်ရပ်လျက် ရှိပြီး နီရဲရဲ မျက်လုံးကြီးများဖြင့် သူတို့သုံးယောက်အား စူးစိုက်ကြည့်နေ၏။ ကြေးခွံများနှင့် လူဝံကြီးထံမျှ အားကောင်းလှသော မူလချီများ ထွက်ပေါ်လျက် ရှိပြီး မုန်တိုင်းတစ်ခု အလား ထင်မှတ်ရသည်။

အဆင့်လေး မူလသားရဲ။

ကြမ်းကြုတ် ရက်စက်သော အရှိန်အဝါက သူတို့သုံးယောက်အား မျက်လုံး သူငယ်အိမ်ပင် ကျုံ့သွားစေ၏။ ထိုအဆင့်သားရဲ ကောင်များက သူတို့၏ ခွန်အားများကို အပြည့်အဝ သုံး၍ တိုက်ပွဲတွင် တိုက်ခိုက်လေ့ရှိသည်။

”စွက်”

ဧရာမလူဝံကြီး ပေါ်ထွက်လာပြီး ခဏအကြာ မှာပင် ပုံရိပ်ခြောက်ခုက မြူများကြားမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး ဇူယွမ်တို့ အနီး၌ ခြေချလိုက်သည်။

သေချာစွာပင် ထိုပုံရိပ် ခြောက်ခုမှာ ဝူဟောင်၊ ယဲ့မင်နှင့် အခြားလူများပင် ဖြစ်၏။

”ဝေါင်း ”

ပိုမိုများပြားသော လူများက ကျူးကျော်လာသည့် အတွက်ကြောင့် အကြေးခွံနှင့် လူဝံကြီးမှာ ဒေါသထွက်လာသည်။ သူ၏ သွေးနီရောင် ပါးစပ်ကြီးဖြင့် ကျယ်လောင်စွာ ဟိန်းလိုက်ပြီး သူ့ဧရာမ ကိုယ်ကြီးဖြင့် လေထဲသို့ ခုန်တက်လိုက်ပြီး ဝူဟောင်တို့ အုပ်စုစီသို့ ရုန့်ရင်းကြမ်းတမ်း လှသောလ က်သီးတစ်ချက် ထိုးထည့်လိုက်သည်။ ရှေးဦးစွာ လက်သီးချက်နှင့်အတူ ကြောက်မက်ဖွယ် ဖိအားများ ဆင်းသက်လာသည်။ လက်သီးရိုက်ချက် တိုက်ရိုက် မထိမှန်ခင်ထဲက လက်သီးအရိပ်ကြီးမှာ မြေပြင်ပေါ်သို့ ဖိရာထင်ကျန် စေလေသည်။

ဝူဟောင်က သူ့မျက်လုံးထဲ၌ လျင်မြန်စွာ ရွေ့လျားလာသော လူဝံကြီးကို မထူးခြားဟန်ဖြင့် မမှိတ်မသုန် စိုက်ကြည့်လျက်ရှိသည်။ သူက မြေပြင်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ပြီး လက်သီးတင်းကျပ်စွာ ဆုပ်လိုက်သည်။

သူ့ပုံရိပ်က ဝက်ဝံကြီး ရှေ့သို့ လျှပ်တပြက် ရောက်သွားပြီး နေထွက်လာသကဲ့သို့ အလွန်စူးရှ တောက်ပသော လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ထိုစူးရှသော လက်သီးက ခုခံစွမ်းအား မဲ့စေ၏။

”ဘုန်း”

လူသားနှင့်သားရဲ တို့၏ လက်သီးချက်များက လေထဲမှာ ပြင်းထန်စွာ ရင်ဆိုင်မိကြသည်။ လေထုက တုန်ခါသွားသည်ကို တွေ့မြင်ရပြီး အကြိမ်ကြိမ် ပေါက်ကွဲမှုများ ဖြစ်စေသည်။ ထိုထိပ်တိုက် တွေ့ဆုံမှု အပြီး၌ ဧရာမ လူဝံကြီးမှာ နောက်သို့ ပြန်ကန်ထွက်သွား၏။ လူဝံကြီးက မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး သိမ့်သိမ့်ခါ တုန်သွားသည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကြောင့် မြေပြင်တစ်ခုလုံး ဖွာလန်ကျဲသွားပြီး ရှည်လျားသော စွတ်ကြောင်းကြီး ဖြစ်ပေါ်လာသည်။ တခြားတစ်ဖက်၌ ဝူဟောင်က နောက်သို့ ခြေဆယ့်နှစ်လှမ်းခန့် ဆုတ်လိုက်ရသော်လည်း သူ့ပုံစံက အစတုန်းက အတိုင်း ဘာမှ မထူးခြားဟန် ရှိ၏။ ယဲ့မင်နှင့် တုံးရွှမ်းကုန်းမြေမှ အခြားလေးယောက်မှာ ဝူဟောင်အား အံ့အားသင့်ဟန် ငေးကြည့် မိလိုက်ကြသည်။

လုလျိုက မနေနိုင်စွာ မှတ်ချက်ပြု လိုက်မိသည်။ “ဒီကောင်က တကယ့် မွန်းစတားပဲ …”

သူမက အဆင့်လေး သားရဲကောင်အား ရင်ဆိုင်နိုင်သော်လည်း ထိုအရာမှာ ၎င်းအား ရပ်တန့်စေရုံလောက်သာ တက်နိုင်သည်။ နှိုင်းယှဉ်မည် ဆိုပါက ဝူဟောင်က အဆင့်လေး သားရဲကောင်အား တိုက်ရိုက်ဖိနှိပ် ထားနိုင်လေသည်။

ကျိန်းရွှီး၏ အမူအရာ ကင်းမဲ့သော မျက်နှာ၌ လေးနက်မှု အချို့ဖြတ်ပြေး သွား၏။ ဝူဟောင်က စိတ်ခံစားချက် ကင်းဟန်ဖြင့် ဇူယွမ်ထံ စူးစိုက်ကြည့်လိုက်သည်။ “မင်းက ဒီနေရာမှာ ပုန်းနေရုံနဲ့ ငါက ကြောက်လန့်နေမယ် ထင်နေတာလား”

ဇူယွမ်က လှောင်ပြောင် သရော်ဟန် ပြုံးလိုက်၏။

”ဝေါင်း”

ထိုစဉ်မှာပင် ဧရာမလူဝံကြီးက ထရပ်လိုက်ပြီး ဒေါသထွက်စွာ ဟိန်းလိုက်သည်။ ထိုဟိန်းသံက တောင်ကြော တစ်လျှောက် ပဲ့တင်ထပ်သွား၏။ လူဝံကြီးက ထိုသို့ ဟိန်းဟောက် လိုက်သည့်အခါ တောင်ကြော အတွင်းမှ သားရဲချီများ တစ်ခုပြီးတစ်ခု ပေါက်ကွဲ ထွက်လာတော့သည်။ တောင်ကြော တစ်ခုလုံး တုန်ခါသွားစဉ် မှာပင် ဧရာမသားရဲကြီး လေးကောင်က မြန်ဆန်စွာ ထွက်ပေါ်လာပြီး ကြေးခွံနှင့် လူဝံကြီး အနောက်၌ ရပ်လိုက်ကြသည်။

ထိုသားရဲကြီး လေးကောင်ထံမှ မူလချီများ ရိုက်ခတ် လှုပ်ရှားထကြွ နေ၏။ ထိုမူလချီ များက ၎င်းတို့ တစ်ဦးချင်းစီက အဆင့်လေးသားရဲများ ဖြစ်ကြောင်း ညွှန်ပြလို့နေသည်။ ဝူဟောင်နှင့်ယဲ့မင် တို့၏ အမူအရာမှာ အနည်းငယ် လှုပ်ရှားသွားသည်။ ယဲ့မင်က ဇူယွမ်အား စူးစိုက်ကြည့်၍ မှတ်ချက်ချသည်။ “ကျားတွေကို ဝံပုလွေတွေနဲ့ တိုက်ခိုက်အောင် သွေးဆောင်ခြင်း။ ကောင်းလိုက်တဲ့ အစီအစဉ် …”

“ကံမကောင်းစွာနဲ့ ဒီအစီအစဉ်က အလုပ်မဖြစ်ဘူး …” ယဲ့မင်၏ နက်မှောင်နေသောမျက်လုံးများက ရစ်ဆိုင်းလာပြီး ထူးဆန်းသောလှိုင်းများ ဖြန့်ထွက်လာကာ ထိုအဆင့်လေး မူလသားရဲ ငါးကောင်အား စူးစိုက်ကြည့်လိုက်၏။

ထိုခဏ၌ ဧရာမလူဝံကြီးနှင့် အခြားသားရဲ လေးကောင်မှာ အားပျော့သွားပြီး မျက်လုံးထဲ၌ အနက်ရောင် ရစ်သိုင်းလာကာ စိတ်အာရုံ ချောက်ချားခြင်းကို ကြုံတွေ့လိုက်ရဟန် ရှိသည်။ ယဲ့မင်၏ မျက်လုံးထောင့်မှ သွေးတချို့ ယိုစီးကျလာကာ သူ့မျက်လုံးများက နွမ်းမောဟန် ဖြစ်လာ၏။

“သူ … သူက အဆင့်လေး သားရဲတွေကို ထိန်းချုပ်နိုင်တယ် …” လုလျိုက တုန်လှုပ်စွာ ပြောလိုက်မိသည်။

ဇူယွမ်လည်း မျက်လုံး ပြူးမိသွား၏။ စိတ်ဝိညာဉ် စွမ်းအားများက သူ့မျက်လုံး ကျင့်စဉ်အား အင်အားဖြည့်ပေးပုံ ရသည်။ မူလသားရဲ များမှ ခန္ဓာကိုယ်မှာ သန်မာလှသော်လည်း သူတို့၏ စိတ်ဝိညာဉ်မှာမူ အားနည်းပေ၏။

ထို့ကြောင့် ၎င်းတို့က ယဲ့မင်၏ တိုက်ခိုက်မှုအား အလွယ်တကူ ခံလိုက်ရခြင်းပင်။ ဇူယွမ်က အသံနှိမ့်၍ ပြောလိုက်သည်။ “ရွှေရေကန်ဆီ သွားကြမယ် …”

သူ့အသံ ထွက်ပေါ်လာပြီးပြီး ချင်းမှာပင် နှင်းခဲလေးက တစ်ဟုန်ထိုး ရှေ့သို့ ဆက်သွားလိုက်သည်။

“ဒီနေ့မင်းတို့ အားလုံး မလွတ်မြောက် နိုင်တော့ဘူး …” ဝူဟောင်က အေးစက်စွာ ပြောပြီးပြီးချင်း ကြက်သွေးရောင် အလင်းတန်းတစ်ခု ကဲ့သို့ ပြောင်းသွားပြီး မြန်ဆန်စွာပင် နောက်က လိုက်၏။ ယဲ့မင်နှင့် အခြားလူများ ကလည်း မြန်ဆန်စွာပင် နောက်က လိုက်လာကြသည်။

”ဝုန်း”

အုပ်စုနှစ်ခု၊ တစ်အုပ်စုက ပြေး၍ နောက်တစ်အုပ်စုက နောက်မှာ လိုက်နေသည့် အတွက် တောင်ကြား အနက်ပိုင်းမှာ ဆူပူ လှုပ်ရှားမှု မြင့်တက် လာတော့သည်။

သူတို့က အချိန်တိုလေး အတွင်းမှာပင် များပြားသော တောင်များကို ဖြတ်ကျော်လာကြသည်။ သူတို့မျက်လုံးရှေ့ အကွာအဝေး တစ်ခုတွင် ဧရာမတောင်ကြီး တစ်ခုကို မြင်လိုက်ရပြီး ထိုနေရာမှ ရွှေရောင်အလင်းများ ဖြာထွက်လျက်ရှိ၏။ ထိုတောင်ထိပ်က မီးတောင်တစ်ခု အလား ထင်မှတ်ရကာ အဆုံးမဲ့သော ရွှေရောင်အလင်း များက အဝတွင် ထွက်ပေါ်လျက်ရှိပြီး ရွှေရေကန် တစ်ခုနှင့် ဆင်တူနေ၏။

“ရွှေရေကန် …” တောင်ထိပ်ကို ကြည့်ငေးရင်း လုလျို၏ မျက်လုံးများ တောက်ပလာသည်။

ဝူဟောင်၊ ယဲ့မင်နှင့် အခြားလူများက သူတို့နောက်မှ နီးကပ်စွာ လိုက်လာ၏။ သူတို့အကြည့် များက ရွှေရေကန်ကို ငေးကြည့်နေရင်း မျက်လုံးထဲ၌ လိုအင်ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ ကြည့်ရတာ ရွှေရေကန်ရဲ့ ကံကောင်းမှုတွေက ငါတို့ အတွက်ပဲ ထင်တယ်။

ယဲ့မင်က လက်နှစ်ဖက်ကို ပွတ်ကာ ရယ်မောလိုက်သည်။ “မင်းဇူယွမ်တို့ နောက်ကိုလိုက်ဖို့ ‌ရွေးချယ်လိုက်တာ တကယ်ကို မှန်ကန်ခဲ့တာပဲ၊ ကျေးဇူးတင်ပါတယ် …”

”ဝေါင်း”

သို့ရာတွင် ဒီဧရိယာကို ဖြတ်၍ ဟိန်းဟောက်သံ အများအပြား ထွက်ပေါ်လာသည့် အတွက်ကြောင့် ယဲ့မင်က ရယ်မောနေရာမှ ရပ်တန့်သွား၏။ ထို့‌နောက်မှာတော့ သားရဲများ တစ်ကောင်ပြီးတစ်ကောင် တောင်ထိပ်မှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသောကြောင့် လူတိုင်းက မျက်ခုံး လှုပ်မိသွားကြသည်။ သားရဲများ၏ မျက်လုံးရဲရဲ အကြည့်များက သူတို့ အပေါ်သို့ ကျရောက်လာသည်။

အဆင့်လေး မူလသားရဲ ဆယ့်နှစ်ကောင်။

ထိုပမာဏက နှစ်ဖွဲ့လုံး၏ အမူအရာ များကို ပြောင်းလဲသွားစေ၏။ သို့သော် ထိုမျှနှင့် မပြီးသေးပေ။ ဤဧရာမ သားရဲကြီးများက ဦးညွှတ် ဝပ်တွား လိုက်ကြသည်ကို တွေ့လိုက်ရ၏။

ကျိန်းရွှီးက သိပ်မကောင်းဟန် ရသော အမူအရာနှင့် ပြောလိုက်၏။

“ကောလာဟလ ပြောကြတာကတော့ ဒီရွှေရေကန်မှာ အဆင့်လေး မူလသားရဲကောင်တွေ အလျှော့ပေးရတဲ့ အံ့ဖွယ် မူလသားရဲ တစ်ကောင်ရှိတယ် …”

ဇူယွမ်က မျက်ခုံးတင်းကျပ်စွာ ကြုတ်လိုက်မိသည်။ ဒီကောလာဟလက အမှန်ဖြစ်နေသည့် ပုံရ၏။ ဤအရာက သူတို့အတွက် လုံးဝ ကံမကောင်းခြင်း ဖြစ်သည်။ ကျားများက သူတို့ အနောက်တွင် ရှိနေပြီး ဝံပုလွေအုပ်က ရှေ့မှာ စောင့်နေ သကဲ့သို့ ကြုံနေရ၏။

“အခြေအနေတွေ ပိုဆိုးလာမယ် ဆိုရင် ငါတို့က ပရမ်းပတာ ရှုပ်ထွေးနေချိန်မှာ မြန်မြန်ဆန်ဆန် လွတ်မြောက်အောင် လုပ်ရမယ် …” ဇူယွမ်က ခပ်တိုးတိုး ပြောလိုက်သည်။

လုလျိုနှင့်ကျိန်းရွှီး တို့က ခေါင်းညိတ်လိုက်ကြသည်။ လုလျိုက ရွှေရေကန်နှင့် ပတ်သက်၍ ထပ်မတွေးတော့ချေ။ သူတို့နောက်  အကွာအဝေး တစ်ခုမှာ ရှိသော ဝူဟောင်နှင့်ယဲ့မင် တို့၏ အသွင်မှာလည်း လေးနက်လို့ သွားသည်။ သူတို့က ရွှေရေကန်၏ အတွင်းဘက်မှ အန္တရာယ်ရှိသော စွမ်းအား အငွေ့အသက် များကို ခံစားမိကြသည်။ သူတို့ စူးစိုက်ကြည့်နေစဉ်  မှာပင် တောင်ထိပ်မှ ဟိန်းသံ သဲ့သဲ့ ထွက်ပေါ်လာပြီး မူလသားရဲ အားလုံးကို ကြောက်ရွံ့ တုန်ယင်စေသည်။

ရွှေရောင် အလင်းများထဲမှ ပုံရိပ်တစ်ခုက ခပ်ဖြည်းဖြည်းထွက်ပေါ်လို့လာကာ ထိုပုံရိပ်က လူတိုင်း၏ မျက်လုံးထဲ၌ ပေါ်လာခဲ့၏။

”အယ် ”

လူတိုင်းက မှင်တက်မိ သွားသည်။ အကြောင်းမှာ ထွက်ပေါ်လာသော ပုံရိပ်က ဧရာမသားရဲကြီး မဟုတ်ဘဲ မီးခိုးရောင် ခွေးလေးတစ်ကောင် ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ထိုသားရဲလေးက ပျင်းရိစွာ သမ်းဝေလိုက်ပြီး ရှေ့ရှိလူအုပ်အား ကြည့်လိုက်လေသည်။

ဇူယွမ်နှင့် လုလျိုက ဒီသားရဲလေးအား ငေးကြောင်ကြောင် ကြည့်လိုက်မိသည်။ သူတို့က နောက်တစ်ကြိမ် မျက်လုံးပွတ်၍ သေချာ ထပ်ကြည့်လိုက်ပြန်သည်။ သူတို့အသွင်မှာ အံ့ဘနန်းအရာ တစ်ခုအား တွေ့လိုက် ရသလိုပင်။ လုလျိုက ချီတုံချတုံ အသံဖြင့် မေးလိုက်သည်။

“ဇူယွမ်။ ငါမျက်လုံး မှောက်နေတာလား။ ဒီကောင်လေးက ထန်ထန်နဲ့ ဘာလို့အဲလောက် တူနေတာလဲ …”

ဇူယွမ်က ခဏတိတ်ဆိတ်    သွားပြီးနောက် အသည်းအသန် ခေါင်းညိတ်ပြလိုက်သည်။

“နင့်မျက်လုံးတွေ မမှားဘူး …”

“အပြင်ဘက်မှာ ငါတို့က အသက်ရှင်ဖို့ အသည်းအသန် တိုက်ခိုက်ရုန်းကန် နေရတဲ့ အချိန်မှာ ဒီခွေးကောင်လေးက သူ့ရဲ့ အချိန်တွေကို ဒီနေရာမှာ ဘုရင်တစ်ပါးလို လာနေထိုင်ပြီး ကျေနပ်ပျော်ရွှင် နေတာ …”


Comment

Leave a Reply

Options

not work with dark mode
Reset