စာစဉ် (၁၃) အပိုင်း (၁၇၀)

ကြားဖြတ်ခြင်း

“ရွမ်း …“

လေခွင်းသံများ ထွက်ပေါ်နေပြီး မြူထဲတွင် အပြာရောင် ပုံရိပ်တစ်ခုက ဖြတ်သန်းကာ ပျံသန်းနေသည်။ အေးခဲသော လေများ ထုတ်လွှတ်လျက် ထိုအပြာရောင် ပုံရိပ်ဖြတ်သန်း သွားသော အနီးအနားမှ သစ်ပင်များက အေးခဲပြီးကျန်ခဲ့သည်။

ထိုအပြာရောင် အလင်းက အလွန်ကြီးမားသော ရေခဲငှက်ကြီး တစ်ကောင်ဖြစ်ပြီး သူ၏ ကျောပေါ်တွင် ဇူယွမ်နှင့် လုလျိုတို့က ထိုင်လျက် လိုက်ပါလာကြသည်။

ဇူယွမ်က အနောက်သို့ လှည့်ကြည့်ရင်း သူ၏ နဖူးကြောများပင် ရှုံ့တွသွားပြီး ရေရွတ်လိုက်သည်။ “အနက်ရောင် ဝတ်ရုံနဲ့လူက ဝူဟောင်နဲ့ ပူးပေါင်းပြီး ယောင်ယောင်ကို ဒဏ်ရာရ စေခဲ့တဲ့ ယဲ့မင်ပဲ ဖြစ်မယ်”

“သူကလည်း သာမန်လူတစ်ယောက် မဟုတ်ဘူးပဲ”

အစောပိုင်းတွင် ယဲ့မင်က မလှုပ်ရှား ခဲ့သော်လည်းပဲ ဇူယွမ်၏ စိတ်ဝိညာဉ်က ထိုသူ၏ အရှိန်အဝါ အငွေ့အသက်မှာ ဝူဟောင်ထက် အားမနည်းကြောင်း ခံစားမိပေသည်။

ဝူဟောင်၊ ယဲ့မင် အပြင် ကျိုးယင်။                                                                         သူတို့ သုံးဦးပေါင်း၏ စွမ်းအားက ရှင်းလင်းစွာပင် သူနှင့် လုလျိုတို့ နှစ်ယောက်ပေါင်း စွမ်းအားထက် အားကြီးပေသည်။

“ဇူယွမ် ငါတို့တွေ မြူတွေထဲ ဝင်လာခဲ့ပြီ။ အဲအရာက ငါတို့ရဲ့ အာရုံခံစားမှုကို အနှောင့်အယှက် ပေးလိုက်မယ် အဲတာက ပြဿနာ ဖြစ်လာလိမ့်မယ်နော်” လုလျိုက စိတ်ပူစွာ ပြောသည်။

ဇူယွမ်က ခေါင်းယမ်းလိုက်ပြီး “ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။ တစ်စက္ကန့်လောက် နောက်ကျသွားနဲ့ သူတို့ ထုတ်သုံးလိုက်တဲ့ စွမ်းအားတွေက ငါတို့ကို ရပ်တန့်လိမ့်မယ်။ ငါတို့သာ ပိတ်မိခဲ့ရင် ပိုပြီး အဆင်မပြေ ဖြစ်လိမ့်မယ်”

“မြူတွေထဲကို ဝင်ရောက်ခြင်း ကပဲ သူတို့ကို ပုန်းဖို့ ငါတို့ ကြိုးစားနိုင်မှာ”

လုလျိုက ဒေါသထွက်စွာ အံကြိတ်လိုက်သည်။ “ဒီမျိုးမစစ်တွေ။ သူတို့ အရေအတွက်က များနေလို့ပေါ့”

သူမက သားရဲတစ်ထောင် အင်ပါယာက သခင်မလေး ဖြစ်သည်။ အခု သူမက ဒုက္ခရောက်ပြီး သိက္ခာကျစွာ ဘာလို့ ထွက်ပြေးနေရသည်။

ဇူယွမ်က အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ပြီး ရယ်မောလိုက်သည်။ ဇူယွမ်၏ မျက်လုံးများက ပြန်၍ ကျဉ်းမြောင်းသွားပြီး အစောက ဝူဟောင်နှင့် တိုက်ပွဲအား ပြန်စဉ်းစား ကြည့်လိုက်သည်။ အရင်အချိန်က ထက်စာလျှင် သူက သိသိသာသာပင် သန်မာလာခဲ့သည်။

ယခင်က တိုက်ပွဲတွင် သူ့အနေဖြင့် ဝူဟောင်၏ တိုက်ခိုက်မှုများကို ခုခံခဲ့သည်။ သို့သော်လည်း အစောပိုင်းတို က်ပွဲတွင် သူအနေဖြင့် ဝူဟောင်နှင့် ယှဉ်၍ ရင်ဆိုင် တိုက်ခိုက်နေပြီ ဖြစ်သည်။

ထိုအရာက သူ၏ အခြေအနေ တိုးတက်လာသည်ကို ပြနေသည်။

“ဝူဟောင်၊ အခုချိန်မင်း ဘယ်လို ခံစားနေရမလဲ ငါသိချင်မိတယ်” ဇူယွမ်၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

“ဝှစ် …

ဇူယွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူတို့၏ နောက်ဘက် မြူထုထဲသို့ ကြည့်လိုက်လျှင် မှိတ်ဖျော့သော လှိုင်းဂယက်လေး များကို တွေ့မြင်လိုက်ရသည်။ “လုလျို အရှိန်မြှင့်လိုက်တော့ သူတို့ လိုက်လာနေပြီ”

လုလျိုက ထိတ်လန့်စွာ ပြောလိုက်သည်။ “ငါတို့ မြူထဲ ဝင်လာပြီးပြီ မလား။ သူတို့ လမ်းပျောက်မှာ မကြောက်ကြဘူးလား”

ဇူယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကြည့်ရတာ ငါဝူဟောင်ကို ထိတ်လန့်စေမိပြီ ထင်တယ်။ အခုသူ ငါ့ကို ရှင်းပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ပုံပဲ”

ဝူဟောင် အနေဖြင့်လည်း ဇူယွမ်၏ တိုးတက်လာမှုကို ခံစားမိပေမည်။ တိုးတက်လာခြင်းကြောင့် မကြာမီပင် အရာအားလုံးက ဝူဟောင်၏ ထိန်းချုပ်နိုင်စွမ်းမှာ လွတ်မြောက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

လုလျိုက ရေခဲငှက်အား လျင်မြန်စွာ ပုတ်လိုက်သည်နှင့် ချက်ချင်းပင် ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသည်။ ရေခဲငှက်၏ အတောင်များကို လျင်မြန်စွာ ခတ်လိုက်ပြီး ရေခဲချီများက အနောက်တွင် ပေါက်ကွဲကာ ကျန်ခဲ့ပြီး သူ၏ အမြန်နှုန်းမှာ တိုးသွားကာ မှုန်ဝါးဝါး ပုံရိပ်သာ ကျန်ခဲ့ပြီးအရှေ့သို့ ပျံထွက်သွားသည်။

ရေခဲငှက် အနေဖြင့် အခြား တစ်နေရာသို့ ရောက်သွားပြီး ခဏအကြာတွင် မြူထုထဲ၌ လှိုင်းဂယက် ထသွားကာ ပုံရိပ်သုံးခု ပေါ်ထွက်လာခဲ့သည်။

“ဘယ်လောက်တောင် မြန်လိုက်လဲ” ဝူဟောင်က မျက်နှာသေကြီးနှင့် ပြောလိုက်သည်။

ယဲ့မင်၏ မျက်လုံးအတွင်းတွင် နက်ရှိုင်းသော ဝဲဂယက်တစ်ခု ဖြစ်ပေါ်နေပြီး စိတ်မပါစွာဖြင့် ပြောလိုက်သည်။ “ဇူယွမ်မှာ ထက်မြက်စွာ အာရုံခံစား နိုင်တဲ့ စိတ်ဝိညာဉ်တစ်ခု ရှိတာပဲ။ ငါတို့ နီးကပ်လာတာကို အာရုံခံမိတယ် ဆိုတော့ သူ့ရဲ့ စိတ်ဝိညာဉ်က တကယ်ကို အားကောင်းတာပဲ”

“ဒါပေမဲ့ မစိုးရိမ်ပါနဲ့ သူမလွတ်မြောက် နိုင်ပါဘူး”

သူက ရုတ်တရက် အခြားတစ်ဖက်ကို စိုက်ကြည့်လိုက်ပြီး နောက် သူ၏ လက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်။ မူလချီလုံး တစ်ခုက ပေါက်ကွဲသွားပြီး မနှစ်မြို့ဖွယ် ကောင်းသောချီများက ပျံ့လွင့်သွားသည်။

မကြာမီပင် ထိုနေရာရှိ မြူထုမှ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီး နောက်ထပ် လူရိပ်သုံးခု ပေါ်လာခဲ့သည်။ သူတို့က တုံးရွှမ်တိုက်ကြီးမှ နောက်ထပ် အထွတ်အထိပ် အဆင့် ပါရမီရှင် သုံးယောက်ဖြစ်သည်။

“ကျန်းချွမ်း၊ အဲကို ဘာသွား လုပ်တာလဲ ”  ယဲ့မင်က ကျိန်းရွီး၏လမ်းကို သွားတားဆီးခဲ့သည့် လူငယ်ကို ကြည့်ပြီးမေးလိုက်သည်။

ကလေးမျက်နှာနှင့် ကျန်းချွမ်းက ပြုံးပြုံးဖြဲဖြဲနှင့် ခေါင်းညိတ်လိုက်ပြီး “သူကတော်တော်ကို ကောင်းမွန်တဲ့ လူပဲ သူ့မှာ အကြမ်းခံနိုင်တဲ့ ခန္ဓာကိုယ် ရှိတယ်။ သို့သော်လည်း အခု သူဒဏ်ရာ ရသွားပြီး မြူတွေထဲကို ထွက်ပြေးသွားတယ်”

ယဲ့မင်၏ နက်မှောင်သော မျက်လုံးများဖြင့် ဧရိယာ တစ်လျှောက်ကို စစ်ကြည့်လိုက်ပြီး စိတ်မပါစွာ ပြောလိုက်သည်။ “လောစရာ မလိုပါဘူး။ သူတို့ထဲက တစ်ယောက်မှ မလွတ်မြောက်နိုင်ဘူး”

“သွားစို့ …”

သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူနှင့် ဝူဟောင်က အရှေ့သို့ ပျံသန်းလိုက်သည်။

“သူတို့ လူအရေအတွက်က ထပ်တိုးလာတာလား” ဇူယွမ်က စွမ်းအားများကို စိတ်ဝိညာဉ်ထဲသို့ ဖြည့်သွင်းပြီးနောက် သူ၏ သူစိတ်ဝိညာဉ်ကို မြူထုထဲသို့ ဖြန့်ကြက်လိုက်ပြီး ထပ်မံ၍ ထောက်လှမ်းရန် အတွက် သုံးလိုက်သည်။ ခဏအကြာတွင် သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူတို့၏ အနောက်ဘက်တွင် မူလချီ လှိုင်းငယ်လေးများ ပိုတိုးလာသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။

ထိုစဉ် သူတို့၏ ရှေ့ဆီ၌ အလွန်သန်မာသည့် စွမ်းအားတစ်ခု ကိုပါ အာရုံခံ မိလိုက်သည် ထိုအရာက သူတို့ထက် အားမနည်းဘူး ဆိုတာကို ပြသနေပေသည်။

လုလျို၏ မျက်နှာပင် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မေးရိုးများပင် ထောင်လာသည်အထိ အံကြိတ်ကာ ပြောလိုက်သည်။ “သူတို့က ငါတို့ကို အဖက်ဖက်က ဝန်းရံပိတ်ဖို့ ကြံနေတယ် ထင်တယ်”

ဇူယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ခေတ္တအကြာမှာ ဇူယွမ်၏ အမူအရာက တည်ငြိမ်နေရာမှ ပြောင်းလဲသွားပြီး သူလက်အတွင်းရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံအား အရှေ့သို့ ထိုးလိုက်သည်။ နှင်းဖြူရောင် အမျှင်တန်း များက တစ်ခုနှင့်တစ်ခု ဆက်သွယ်ကာ ရှည်လျားသော ကျာပွတ်အသွင်သို့ ပြောင်းလဲသွားပြီး မြူထုအတွင်းရှိ ပစ်မှတ်တစ်ခုအား သွားရောက် ထိမှန်သည်။

“ဖန်း … “

သစ်ပင်ကြီး တစ်ခု၏ ပင်စည်မှာ ပေါက်ကွဲ ထွက်သွားပြီး ထိုအပင်နောက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ဇူယွမ်နှင့် လုလျိုတို့ နှစ်ယောက်လုံး ထိုနေရာသို့ လှမ်းကြည့်လိုက်ချိန်မှာ နှစ်ယောက်လုံး စွံအသွားသည်။ ထိုပုံရိပ်မှာ အဝတ်အစားများ စုတ်ပြတ်နေပြီး သူ့ကို ကြည့်ရသည်မှာ အလွန်ပင် သနားဖွယ်ရာ ကောင်းပေသည်။ သွေးဆုတ်ဖြူရော် နေသည့် မျက်နှာပိုင်ရှင် ရာမကလန်မှ ကျိန်းရွီးပင်ဖြစ်သည်။

“ကျိန်းရွီးလား …” လုလျို အံ့အားသင့်စွာ မေးလိုက်သည်။ “မင်းဘာကြောင့် ဒီမှာ ပုန်းနေတာလဲ”

ကျိန်းရွီး၏ ခံစားချက် ကင်းမဲ့နေသော မျက်နှာကို စိုက်ကြည့်နေရင်းမှ ဇူယွမ်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မေးလိုက်သည်။ “မင်းလည်းပဲ တုံးရွှမ်တိုက်ကြီးက လူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာလား”

ကျိန်းရွီးက ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“နင့်ရဲ့ ပြိုင်ဘက်ကို နင်မရိုက် နိုင်ခဲ့ဘူးလား” လုလျိုက အထင်သေးစွာ ပြောသည်။ ကျိန်းရွီးက ပြန်ဖြေသည်။

“ငါနဲ့ တိုက်ခိုက်ခဲ့တဲ့ တစ်ယောက်ကို ငါလုံး ဝမကြောက်ဘူး ဒါပေမဲ့ ငါတို့ရဲ့ အနီးမှာ လူနှစ်ယောက်က ငါ့ကို ထိန်းချုပ်ထားတယ် ငါက သူတို့နှစ်ယောက် ကိုလည်း အာရုံစိုက် နေရလို့ ငါ့ရဲ့ စွမ်းအားအားလုံးကို အဲကောင်နဲ့ တိုက်ခိုက်တဲ့ နေရာမှာ အသုံးမပြု နိုင်ခဲ့ဘူး”

လုလျိုက ခေတ္တမျှ တုံ့ဆိုင်းသွားပြီး “တော်တော် စက်ဆုပ်ဖို့ ကောင်းတာပဲ”

လုလျိုက မုန်းတီးစွာ ပြောလိုက်သည်။ “ဘာလို့ တုံးရွှမ်တိုက်ကြီးက လူတွေက ငါတို့နဲ့ ပြဿနာ ဖြစ်ချင်တာလဲ”

ဇူယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဘာလို့လဲ ဆိုတော့ မင်းရဲ့ အဆင့်က သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရှိလို့ပဲ”

ကျိန်းရွီးသည် အားနည်းစွာ ချောင်းဆိုးပြီးနောက် မည်သည့်စကားမှ ထပ်မဆိုတော့ပဲ လှည့်ထွက် သွားလိုက်သည်။

ဇူယွမ်က ကျိန်းရွီး၏ နောက်ကျောပြင်ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက်ထကာ ကမ်းလှမ်းချက် ဆိုလိုက်သည်။ “သူတို့ ကြည့်ရတာ ဒီမြူတောထဲ မှာလည်း ကျွမ်းကျင်ပုံရတယ် မင်းအနေနဲ့ ငါတို့နဲ့ ပူးပေါင်းသင့်တယ်”

ကျိန်းရွီးအနေဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားပြီး ဖြစ်သည်။ သူတစ်ဦးတည်းသာ လှုပ်ရှားပါက ချက်ချင်းပင် ဝူဟောင်နှင့် ယဲ့မင်တို့၏ ဖမ်းဆီးမှုကို ခံရပေလိမ့်မည်။

ကျိန်းရွီး၏ ခြေလှမ်းများ ရပ်တန့်သွားပြီးနောက် ဇူယွမ်ဘက်သို့ ခေါင်းလှည့်ကာ သူ၏ မျက်လုံးပြာများဖြင့် ဇူယွမ်ကို ကြည့်လိုက်သည်။ “ငါအစောပိုင်းက မင်းကို တိုက်ခိုက်ခဲ့တယ် ဒါပေမဲ့ အခု ဘာလို့မင်းက ငါ့ကို ကူညီချင်နေတာလဲ”

ဇူယွမ်က ဖျော့တော့စွာ ပြုံးလိုက်ပြီး “အဲအရာက ငါတို့နှစ်ယောက် ကြားမှာ ကြီးမားတဲ့ ရန်ငြိုးမှ မဟုတ်ပဲ အခု အခြေအနေမှာ အရေးကြီးဆုံးက ငါတို့ အတူပူးပေါင်းပြီး ဝူဟောင်တို့ကို ရင်ဆိုင်ဖို့ပဲ”

ကျိန်းရွီးက တိတ်ဆိတ်နေသည်။

“တွေးမနေနဲ့ ဖြူဖပ်ဖြူရော်နဲ့ ကောင်ရေ။ မင်းရဲ့ အခြေအနေကို မင်းကောင်းကောင်း နားလည်သဘောပေါက် သင့်တယ်။ မင်းဒီမှာ သေချင်လလား အသက်ရှင်လျက် ထွက်သွားမလား”

ကျိန်းရွီး၏ မျက်လုံးများမှာ အရောင်လက်သွားပြီး အဆုံးတွင် သူက လေပေါ်သို့ ခုန်တက်ကာ ရေခဲငှက်၏ ကျောပေါ်သို့ ခြေချလိုက်သည်။

“ကျေးဇူးပါ၊ ငါဒီကျေးဇူးကို မှတ်ထားပါ့မယ်” ကျိန်းရွီးမှာ ခက်ခဲစွာ ပြောလိုက်သည်။ အစောပိုင်းက သူက ဇူယွမ်အား တိုက်ခိုက်ခဲ့သော်လည်း အခုချိန်တွင် ဇူယွမ်၏ အင်အားကို ငှားရမ်းနေရပြီ။

ဇူယွမ်က အသာအယာပင် လက်ကာပြလိုက်သည်။ သူ့ အတွက်လည်း တုံးရွှမ်တိုက်ကြီးမှ ပါရမီရှင်များနှင့် ပူးပေါင်းထားသော ဝူဟောင်ကို အနိုင်ရရှိရန် ကန်မင်တိုက်ကြီးမှ ပါရမီရှင် များ၏ အကူအညီကို လိုအပ်ပေသည်။

“ငါတို့ အခု ဘာလုပ်ကြမလဲ၊ ငါတို့ အခု ဘယ်သွားကြမလဲ။ သူတို့မှာ ပါရမီရှင်တွေ အများကြီး ပါလာခဲ့တယ် ပြီးတော့ ငါတို့ဘက်မှာလည်း ဒဏ်ရာရနေတဲ့ သူရှိတယ်။ သူတို့နဲ့သာ ရင်ဆိုင်ရရင် ငါတို့ ဖယ်ရှား ခံရမှာပဲ” လုလျို၏ မျက်နှာမှာ လွန်စွာ ခါးသီးနေသည်။

ဇူယွမ်က ခေတ္တမျှ တိတ်ဆိတ်စွာ စဉ်းစားနေပြီး သူ၏ မျက်လုံးများက တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် တောက်ပနေသည်။ ခေတ္တအကြာတွင် သူက မြူထု၏ အနက်ရှိုင်းဆုံး နေရာသို့ ညွှန်ပြလိုက်သည်။

“မင်းပြောခဲ့တာက အဆင့်လေး မူလသားရဲ အမြောက်အမြားနဲ့ ပဟေဠိဆန်တဲ့ မူလသားရဲ ခေါင်းဆောင်တစ်ကောင်က တောင်ရဲ့ အတွင်းပိုင်းမှာ ရွှေရေကန်ကို စောင့်ရှောက်နေတယ်။ ဟုတ်တယ်မလား”

“ဟုတ်တယ်”

“ဒါဆို အဲနေရာကို ဦးတည် သွားကြတာပေါ့ … အဲမှာသွားပြီး ပရမ်းပတာ အခြေအနေ တစ်ခု ဖန်တီးနိုင်ရင် သူတို့ဆီမှာ ရှုံးနိမ့်တော့မှာ မဟုတ်ဘူး”


Comment

Leave a Reply

Options

not work with dark mode
Reset