အခန်း (၆၀) ကျွန်မကရှင်နဲ့ ချစ်ချင်တာပါ
မိန်းမပျိုလေးက ကျန်းလန်၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
သို့သော်… သူမက ဘောင်ကျော်သည့်အလုပ်များ တစ်ခုမှ မလုပ်ခဲ့ပေ။
သူမပုံစံက ပုံမှန်အတိုင်း ကျန်းလန်နှင့်စကားပြောရန် ဤနေရာသို့ ရောက်လာသည့်နှယ် ဖြစ်သည်။
သို့သော် … သူမ၏ မျက်နှာလေးကတော့ ရှက်သွေးဖြာကာ ပန်းနုရောင်သမ်းလျှက် ရှိလေသည်။
ကျန်းလန်က တည်ငြိမ်စွာဖြင့်…
“ဘာလဲ… ကျုပ်အသက်ကို ဘယ်လိုနှုတ်ရမလဲဆိုတာ ဆွေးနွေးမလို့လား…”
ကျန်းလန်၏ စကားများကြောင့် မိန်းမပျိုက အံ့အားသင့်သွားခြင်း မရှိပေ။
သူမက ချစ်စရာကောင်းအောင် ပြုံးလိုက်ရင်း ခေါင်းကို အသာခါရမ်းလိုက်သည်။
“မဟုတ်ရပါဘူးရှင်… ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်က ဘယ်လောက်အဖိုးတန်လဲဆိုတာ ကျွန်မ သိပါတယ်… ၊ ဒီတော့ ရှင့်အသက်ကို လွယ်လွယ်နဲ့ မနှုတ်ယူရက်ပါဘူးရှင်… ၊ ကျွန်မက ဒီလို မဆီလျော်တဲ့အလုပ်တွေ ဘယ်လုပ်ပါ့မလဲ…”
ပြောပြီးသည်နှင့် သူမက ကျန်းလန်ကို မော့ကြည့်လိုက်သည်။
ပြီးမှ… သူမက ရှက်သွေးဖြာဟန်ဖြင့် ခေါင်းကို အသာငုံ့လိုက်ရင်း…
“ရှင်က ထူးခြားတဲ့သူဆိုတာ ရှီရှီ သိပါတယ်… ပြီးတော့… ရှင်နဲ့…”
ရှီရှီဆိုသည့် မိန်းမပျိုက စကားဆက်မပြောဘဲ ရပ်တန့်လိုက်သည်။
ထို့နောက်… ရှက်သွေးဖြာနေသည့် မျက်နှာလေးဖြင့် ကျန်းလန်ကို မော့ကြည့်လာသည်။
“ကျွန်မက ရှင်နဲ့အတူ ကိုယ်ဝန်ရတဲ့အထိ ရမ္မက်နွံထဲမှာ ချစ်ချင်တာပါ… ၊ အဲဒီလို ဖြစ်နိုင်မလားဟင်…”
ထို့နောက် သူမက ကျန်းလန်၏ ရင်ခွင်ထဲ တိုးဝင်လာပြီး လက်နှစ်ဖက်ဖြင့် ကျန်းလန်ကို ပွေ့ဖက်ထားလိုက်သည်။
သူမ၏ လက်များက ကျန်းလန်၏ နောက်ကျောကို ပွတ်သပ်လျှက်ရှိပြီး ကျန်းလန် စိတ်ပါလာအောင် မြူဆွယ်လျှက် ရှိသည်။
ကျန်းလန် စိတ်ကိုအသာလျှော့ချလိုက်သည်။
မိန်းမပျို၏ လက်များက သူ့ကို ထိန်းချုပ်ရန် အခွင့်အရေး ပေးလိုက်သည်။
အမှန်တော့… မိန်းမပျိုသာ ကျန်းလန်ကို ထိန်းချုပ်သွားနိုုင်လျှင် သူ့အနေဖြင့် မိန်းမပျို၏ မာယာညွှတ်ကွင်းအတွင်းသို့ လုံးလုံးလျားလျား ကျရောက်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် ကျန်းလန် သူ့ကိုယ်သူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
သို့သော်… ကျန်းလန်ကတော့ အရေးမစိုက်ဘဲ သူ့ကို မြူဆွယ်နေသည့် မိန်းမပျိုကို အခွင့်အရေး ပေးလိုက်သည်။
ထို့နောက် တည်ငြိမ်စွာဖြင့် မိန်းမပျိုကို ငုံ့ကြည့်လိုက်ရင်း…
“မဖြစ်နိုင်ဘူး…”
ဟု ပြောလိုက်၏။
စကားဆုံးသွားသည်နှင့် ကျန်းလန် မိန်းမပျိုကို လက်သီးဖြင့် ထိုးချလိုက်သည်။
ရှီရှီ မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။
သူမ ပြုစားခြင်းမန္တန်ကိုအသုံးပြုပြီး ကျန်းလန်ကို ပြုစားထားခဲ့သည် မဟုတ်ပါလား။ ယခုတော့ သူမ၏ ပြုစားခြင်းက ကျန်းလန်ကို လုံး၀ သက်ရောက်ဟန် မရှိပေ။
အဘယ့်ကြောင့် သူမ ကျန်းလန်ကို မပြုစားနိုင်ရပါသနည်း။
ကျန်းလန်ကို ကြည့်ရသည်မှာ ဤလောကအတွင်းမှ သာမန်လူတစ်ယောက်မျှသာ ဖြစ်လေသည်။
သို့သော်… သူမ အဖြေကိုရှာဖွေရန် အချိန်မရတော့ပေ။
ကျန်းလန်၏ လက်သီးချက်က သူမထံဝင်ရောက်လာသည်နှင့် သူမက ကမန်းကတန်း လက်သီးချက်ကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော်… ပြင်းထန်သည့်လက်သီးချက်က ရှီရှီ၏ ခန္ဓာကိုယ်ထက် ကျရောက်လာပြီး ကြီးမားသည့် စွမ်းအားကြီးတစ်ခုက သူမ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းဝင်ရောက်သွားသည်။
“ဘုန်း…”
ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရှီရှီ၏ ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်သည့် နာကျင်ခြင်းကို ခံစားလိုက်ရသည်။
“ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
သူမ ခန္ဓာကိုယ်တစ်ဝက်ခန့် သွေးမှုံများအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း သတိပြုလိုက်မိသည့်တိုင်အခြေအနေများကို သူမ နားမလည်နိုင်သေးပေ။
ဤလူငယ်က အမှန်တကယ် ရက်စက်ကြမ်းကြုတ်လှပေသည်။ သူမကဲ့သို့ မိန်းကလေးတစ်ယောက်ကိုပင် သနားညှာတာခြင်း မရှိခဲ့ပေ။
ပြီးတော့… ဤလူငယ်က အလွန်တရာ စွမ်းအားကြီးမားလွန်းလှ၏။
အစကတည်းက ကျန်းလန် ဤမျှစွမ်းအားကြီးမားကြောင်း သိရှိခဲ့ပါက သူမ ကျန်းလန်ကို ပြုစားရန် မစဉ်းစားဘဲ တိုက်ခိုက်သည့် နည်းလမ်းကိုသာ ရွေးခြယ်ခဲ့မည် ဖြစ်သည်။
သို့သော်… ယခုတော့ အရာရာ နောက်ကျသွားခဲ့လေပြီ…။
သူမ နှလုံးသားတစ်ခုလုံး မကျေနပ်မှုများဖြင့် ပြည့်နက်နေခဲ့သည်။
သို့သော်… သူမ သေရပေတော့မည်။
ကျန်းလန်၏ လက်သီးချက်က သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို သွေးမှုံများအဖြစ် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။
သူမက မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ဤလူငယ်လေးက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ရှိသေးသည်။
သို့သော်… ဤလူငယ်၏ တိုက်ခိုက်မှုကို သူမ အဘယ့်ကြောင့် မခုခံနိုင်ခဲ့ရပါသနည်း။
သူမသာ ရန်သူကို လျှော့မတွက်ခဲ့လျှင် ယခုကဲ့သို့ ဆိုးရွားသည့် အဆုံးသတ်မျိုး ကြုံတွေ့ရမည် မဟုတ်ပေ။ သို့သော်… ယခုတော့ သူမ၏ နောင်တတရားက အချိန်နှောင်းသွားခဲ့လေပြီ…။
ထိုသို့အဖြစ်ဆိုးမျိုး ရင်ဆိုင်ရမည်စိုးသောကြောင့် ကျန်းလန်က ရန်သူကို ဘယ်တော့မှ လျှော့မတွက်ခဲ့ခြင်း ဖြစ်၏။
ရန်သူကလည်း သူကဲ့သို့ပင် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသူ ဖြစ်နေပါက မည်သို့ရှိမည်နည်း။
မည်သူမဆို ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားနိုင်လေသည်။ ကျန်းလန်က ထိုအချက်ကို အမြဲတမ်း ခေါင်းထဲထည့်ထားသူ ဖြစ်၏။
အမှန်တော့… ကျန်းလန်က မိန်းကလေးများကို မုန်းတီးသူတစ်ယောက် မဟုတ်ပေ။
သို့သော်… သူ့ကို သတ်ဖြတ်ရန်ကြံစည်သည့် မိန်းကလေးများကိုတော့ သဘောမကျနိုင်ပေ။
“လက်စသတ်တော့… သူက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာကိုး… ၊ အကြောက်အလန့်မရှိဘဲ သတ္တိကောင်းနေတာ မအံ့သြတော့ပါဘူး…”
ကျန်းလန်၏ ပတ်ဝန်းကျင်မှ အသံတစ်သံထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင်…
အရပ်မျက်နှာအသီးသီးမှ လူများစွာ ထွက်ပေါ်လာပြီး ကျန်းလန်ကို ဝိုင်းထားလိုက်ကြသည်။
စုစုပေါင်း (၆)ယောက်…။
ထိုသူများက သူတို့၏အဖော် မိန်းမပျို အသတ်ခံလိုက်ရသည်ကို အရေးမစိုက်ကြပေ။
ကျန်းလန်ကတော့ ရန်သူများကို တည်တည်ငြိမ်ငြိမ်ပင် အကဲခတ်လိုက်သည်။
“အားလုံး (၆)ယောက်… ၊ ကနဦးရွှေပြဒါးအမြုတေအဆင့် တစ်ယောက် ၊ အလယ်ဆင့်ရွှေပြဒါးအမြုတေအဆင့် တစ်ယောက် ၊ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားတဲ့သူ နှစ်ယောက် ၊ ကနဦးမူလဝိညာဉ်အဆင့် တစ်ယောက်နဲ့ အလယ်ဆင့်မူလဝိညာဉ်အဆင့် တစ်ယောက်… ၊ အင်း… အတော်တော့ မလွယ်တဲ့ အုပ်စုပဲ…”
ကျန်းလန် တွေးလိုက်သည်။
ထို့နောက်… ရန်သူများကိုတိုက်ခိုက်ရန် ခေါင်းထဲတွင် အစီအစဉ်ဆွဲလိုက်သည်။
စွမ်းအားအကြီးဆုံးသူကို အရင်ဖြိုရမည် ဖြစ်သည်။
စွမ်းအားအကြီးဆုံးသူမှာ သူ့ရှေ့တည့်တည့်တွင်ရှိနေသည့် အဘိုးကြီး ဖြစ်၏။
အဘိုးကြီးက…
“ကျုပ်တို့ကိုကူညီပြီး အလုပ်တစ်ခု လုပ်ပေးမယ်ဆိုရင်… မင်းကို အသက်ချမ်းသာပေးမယ်… ဘယ်လိုလဲ…”
ထို့နောက် အဘိုးကြီးက ကျန်းလန်ကို အကဲခတ်လိုက်ရင်း…
“မင်းက ခွန်လွန်တောင်က တပည့်တစ်ယောက်ဆိုပေမယ့် အခုချိန်မှာ ခွန်လွန်တောင်ကလူတွေ မင်းကိုလာပြီး ကယ်နိုင်မှာ မဟုတ်ဘူး…”
သူ့ကို ရန်သူများ ဝိုင်းထားပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
ကျန်းလန်က…
“ကျုပ်က ဒီအတိုင်း ဖြတ်သွားဖြတ်လာ တစ်ယောက်ပါ… ၊ မင်းတို့ကို ဘာများ ကူညီနိုင်မှာတဲ့လဲ…”
စကားပြောရင်း ကျန်းလန် အချိန်ဆွဲလိုက်သည်။
ထိုအဘိုးကြီးကို သတ်ဖြတ်ရန် အခွင့်အရေးရှာဖွေရမည် ဖြစ်သည်။
အဘိုးကြီးက ကျန်းလန်ကို ကြည့်လိုက်ရင်း…
“အစတုန်းကတော့ မီးစွမ်းအားနည်းနည်းလောက် စုပ်ယူပေးဖို့ မင်းကို အကူအညီတောင်းမလို့ပဲ… ၊ ဒါပေမဲ့ … မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာတယ်လေ…”
အဘိုးကြီးက ကျန်းလန်ကို အကဲခတ်ရင်း ဆက်ပြောသည်။
“ဒီတောအုပ်ထဲမှာ လူသားတွေကို မယုံကြည်တဲ့ သစ်သားမျောက်ဝံသားရဲကြီးတစ်ကောင်ရှိတယ်… ၊ ဒါပေမဲ့… ဘာကြောင့်မှန်းမသိဘူး… ဒီကောင်ကြီးက မင်းကိုတော့ သဘောကျပုံရတယ်… ၊ ဒါကိုကြည့်ရင် မင်းက အတော်လေးထူးခြားတဲ့သူဆိုတာ သေချာတယ်… ၊ ဒီတော့ ကျုပ်တို့က မင်းဆီက အကူအညီတစ်ခုလောက် လိုချင်လို့ အခုလို ထောင်ချောက်ဆင်လိုက်ရတာပဲ…”
ကျန်းလန်က…
“ကျုပ်က မကူညီနိုင်ဘူးဆိုရင်ရော…”
အကြီးအကဲက ပြုံးလိုက်ရင်း…
“ကျုပ်တို့က မင်းနဲ့ ညှိနှိုင်းနေတာ မဟုတ်ဘူးကွ… ၊ မင်းကို လုပ်ပေးဖို့ စေခိုင်းနေတာ…”
ရန်သူများက သူတို့အလုပ်ကို ကူညီပေးရန်အတွက် ကျန်းလန်ကို အေးအေးဆေးဆေး ညှိနှိုင်းနေခြင်း မဟုတ်ပေ။ အတင်းအကျပ်ဖိအားပေး စေခိုင်းနေခြင်း ဖြစ်၏။
သူတို့က သစ်သားမျောက်ဝံသားရဲကြီး၏ အမြုတေကို လိုချင်သူများ ဖြစ်ကြသည်။ ထိုအရာကို ရရှိရန် မည်သည့်အလုပ်ကိုမဆို ပြုလုပ်ကြမည် ဖြစ်သည်။
ကျန်းလန်က ခွန်လွန်တောင်တွင် မည်မျှအဆင့်မြင့်သည့် တပည့်တစ်ယောက်ဖြစ်ပါစေ သူတို့ကတော့ သူတို့လိုချင်သည့်အရာရရှိရန် ဖိအားပေးစေခိုင်းမည် ဖြစ်သည်။
ကျန်းလန် နေရာတွင်ပင် ရပ်နေ၏။
သစ်သားမျောက်ဝံသားရဲကြီးဆိုသည်မှာ စောစောက တွေ့လိုက်ရသည့် အစိမ်းရောင်မျက်နှာ ၊ အစွယ်ရှည်ရှည်ဖြင့် မိစ္ဆာသားရဲကြီးကို ပြောခြင်းဖြစ်ပေမည်ဟု ကျန်းလန် တွေးလိုက်သည်။
ထိုစဉ်မှာပင်…
ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူက ကျန်းလန်ကို စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
ထိုသူက ကျန်းလန် ရှိရာသို့ အလွန်လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
သို့သော်… ထိုသူက ကျန်းလန်ကို ချက်ချင်းမတိုက်ခိုက်သေးပေ။ တိုက်ခိုက်ရန် ခွင့်ပြုချက်တောင်းသည့်အနေဖြင့် အဘိုးကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။
တစ်ဖက်လူက မတိုက်ခိုက်သေးသော်လည်း ကျန်းလန်ကတော့ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
သို့သော်… တိုက်ခိုက်ရန် ဝင်ရောက်လာသည့် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူကို အဘိုးကြီးက မျက်ရိပ်ပြကာ တားဆီးလိုက်၏။
ယခုအချိန်က တိုက်ခိုက်ရန် အချိန်ကောင်း မဟုတ်သေးပေ။
သို့သော်… တစ်ဖက်လူက တိုက်ခိုက်ခြင်း ၊ မတိုက်ခိုက်ခြင်းကို ကျန်းလန် အရေးမစိုက်ပေ။ ယခုအချိန်က သူ့အတွက် လက်ဦးမှုရယူထားရန် အကောင်းဆုံးအချိန် ဖြစ်သည်။
ကျန်းလန် ချက်ချင်းပင် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး နွားရိုင်းခုနစ်ကောင်စွမ်းအားကို အသင့်ပြင်လိုက်သည်။
“ဝှစ်…”
ကျန်းလန် ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားသည်။
ထို့နောက် အဘိုးကြီး၏ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာပြီး အဘိုးကြီးကို လက်သီးဖြင့် ထိုးစိုက်ချလိုက်၏။
ကျန်းလန် ပျောက်ကွယ်သွားသည်နှင့် အဘိုးကြီးက ချက်ချင်း သတိအနေအထား ဖြစ်သွားသည်။
သို့သော်… ကျန်းလန်က ရုတ်တရက် သူ့ရှေ့တွင်ပေါ်လာသည့်အခါ အတော်လေး အံ့အားသင့်သွားဟန် ရှိ၏။
အဘိုးကြီးက ချက်ချင်းပင် သူ၏ တန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်ပြီး ကျန်းလန်ကို ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
သူက အစကတည်းက ကျန်းလန် တိုက်ခိုက်လာမည်ကို သတိထား စောင့်ကြည့်နေသူ ဖြစ်သည်။
အဘိုးကြီးက အေးစက်စွာ ပြုံးလိုက်ရင်း…
“ကျုပ်က ဒါမျိုးကို စောင့်နေတာကွ…”
ကျန်းလန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားကြောင်း သိရှိပြီးနောက်ပိုင်း အဘိုးကြီးကလည်း ရန်သူ၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထူးခြားသည့်စွမ်းအားတစ်ခုခုမရှိဘဲ ခွန်လွန်တောင်မှ တပည့်က သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေမည် မဟုတ်ပေ။
အကြောက်အလန့်ကင်းရခြင်း၏ နောက်ကွယ်တွင် အကြောင်းတစ်ခုတော့ ရှိရမည်ကို အဘိုးကြီးက ကြိုတင်တွက်ဆပြီးသား ဖြစ်သည်။
ထို့ကြောင့်… သူက ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားခဲ့သည်။
ယခုတော့ သူဆင်ထားသည့် အကွက်ထဲ ကျန်းလန် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
အကြီးအကဲအဘိုးကြီး၏ ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများက တဖြည်းဖြည်း မြင့်တက်လာသည်။ သူက ကျန်းလန်ကို တစ်ချက်တည်းဖြင့် အနိုင်တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။
ထို့နောက်… အဘိုးကြီးက ကျန်းလန်၏ လက်သီးချက်ကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တုန့်ပြန်ရင်ဆိုင်လိုက်သည်။
သို့သော်… ကျန်းလန်၏ လက်သီးချက်ဖြင့် အဘိုးကြီး၏ လက်ဝါးရိုက်ချက် ထိခတ်မိသွားသည်နှင့် အဘိုးကြီး၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
ကြက်ဥနှင့် ကျောက်တုံးတိုက်မိသည့်အလား… ၊ တောင်မြင့်ကြီးတစ်လုံး သူ့ခန္ဓာကိုယ်ထက်သို့ ပြုတ်ကျလာသည့်အလား… အဘိုးကြီး ခံစားလိုက်ရလေတော့၏။