Switch Mode

အခန်း (၁၂၅)

ထိုးစစ်လည်းမတိုက်နိုင် ခံစစ်လည်းမခုခံနိုင်

အခန်း (၁၂၅) ထိုးစစ်လည်းမတိုက်နိုင် ခံစစ်လည်းမခုခံနိုင်

ကျိဟန်ရူ အသုံးပြုသည့် “နတ်တောင်လက်သီးသိုင်း”က ပြင်းထန်သော သိုင်းစွမ်းအားများကို ထုတ်ဖော်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ရသည့် တိုက်ပွဲတိုင်းတွင် ရန်သူကို တုန်လှုပ်စေခဲ့သည်ချည်းပင် ဖြစ်သည်။

သို့သော် ယခုတော့ စောစောက ယုံကြည်မှုအပြည့်ရှိနေသည့် ကျိဟန်ရူသည် အနည်းငယ် မျက်နှာပျက်လျှက် ရှိသည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက်ကို ပြုလုပ်လိုက်သည်။

“တိုက်…”

ထို့နောက် ကျိဟန်ရူ၏ သိုင်းကွက်လှုပ်ရှားမှုနှင့် လက်သီးသိုင်းဝိညာဉ်က ရုတ်တရက် ပြောင်းလဲသွားသည်။

ပြင်းထန်ပြီးကြောက်မက်ဖွယ်ရာ ကြယ်တာရာချီစွမ်းအားထဲတွင် ဝိညာဉ်စွမ်းအားသဲလွန်စအချို့ ထွက်ပေါ်လာသည်။

မြင့်မားလှသည့် တောင်ထိပ်တစ်ခုတွင် သစ်ပင်များ ၊ လယ်ကွင်းများ စိမ်းလန်းစွာ ထွက်ပေါ်လာပြီး ပန်းများပွင့်လန်းလာသည့်အလားပင် ဖြစ်သည်။

အခြားသူများအမြင်တွင် ကျိဟန်ရူ၏ လက်သီးသိုင်းဝိညာဉ်သည် တောင်တစ်လုံးနှင့် ဆင်တူပြီး ပုံရိပ်ယောင်တစ်ခုပမာ မဟုတ်ဘဲ စွမ်းအားများစုစည်းထားသည့် အစစ်အမှန်တည်ရှိမှုတစ်ခုအလား ခံစားကြရသည်။

လက်သီးချက်ကို ထုတ်လွှတ်လိုက်သည်နှင့် အစစ်အမှန် တောင်တစ်တောင်ထွက်ပေါ်လာသည့်အလား ထင်မှတ်ရပြီး   ထိုက်စန်းတောင်ကြီးဆင်းသက်လာသည့်အလား လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေသည်။

ကြယ်တာရာချီစွမ်းအားထဲတွင် ဝိညာဉ်စွမ်းအား ထည့်သွင်းလှည့်ပတ်နိုင်ခြင်းမှာ ရှန်ထျန်း ကနဦးအဆင့် သိုင်းပညာရှင်များ၏ စစ်မှန်သော စွမ်းအားကို ညွှန်ပြခြင်းဖြစ်သည်။

ကျိဟန်ရူက မာနကြီးသူတစ်ယောက်ဖြစ်သည်။ ရန်ကျောက်ကဲက ချောင်ယွမ်လုန်နှင့် ရှောင်ရှန်းတို့ကို ဆက်တိုက်အောင်ပွဲခံခဲ့ကြောင်း သိရှိသည့်တိုင် ထိုလူငယ်လေးသည် အပြင်ပိုင်းကြယ်တာရာချီအဆင့်သာ ရှိသေးသည်။ ထို့ကြောင့် သူက သေချာပေါက် အနိုင်ယူနိုင်မည်ဟု တွက်ဆပြီး အားကုန်ပင် ထုတ်မသုံးခဲ့ပေ။ ရန်ကျောက်ကဲက နတ်ဆိုးတစ်ကောင်ပမာ ကြောက်မက်ဖွယ်ရာဖြစ်သည်ကို မယုံကြည်ဘဲ အနည်းငယ်တိုက်ခိုက်ရုံမျှဖြင့် ယှဉ်ပြိုင်နိုင်မည်ဟု တွေးထင်ခဲသည်။

ရန်ကျောက်ကဲ ထိုမျှကြမ်းမည်ဟု မည်သူ ထင်ပါမည်နည်း။ ကျိဟန်ရူ၏ သံမဏိလက်သီးချက်ကို ရှောင်လွှဲရန် မကြိုးစားဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

ထိုပြင် ကျိဟန်ရူ လက်ခံရန် ခက်ခဲနေသည်မှာ လက်လက်ချင်း ယှဉ်ပြိင်သည့်ပွဲတွင် တကယ်တမ်းရှုံးနိမ့်သွားသူက သူကိုယ်တိုင် ဖြစ်နေခြင်းပင်။

တိုက်ပွဲတွင် ရန်ကျောက်ကဲ အသာစီးရခဲ့သည်မှာ ထင်ရှားသည်။

အဆုံးမဲ့တောင်တန်း၏သိုင်းပညာက တိုက်စစ်ဖြစ်စေ ခံစစ်ဖြစ်စေ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရတိုင်း အထူးအံဝင်ခွင်ကျဖြစ်သောသိုင်းပညာ ဖြစ်၏။

ယခု‌တော့ ကျိဟန်ရူမှာ လျှပ်တပြက်တောက်လောင်နေသည့် အတွေးများဖြင့် ဘာကိုမှ မထိန်းနိုင်တော့ဘဲ သူ၏ စွမ်းအားအစစ်အမှန်ကို ချက်ချင်းထုတ်ဖော်လိုက်သည်။

ကြယ်တာရာချီစွမ်းအားတွင် လှည့်ပတ်နေသော ဝိညာဉ်စွမ်းအားက ကျိဟန်ရူ၏ လက်သီးသိုင်းဝိညာဉ်ထဲတွင် ပျံ့နှံ့ထွက်ပေါ်လာသည်။ သူက နတ်တောင်လက်သီးသိုင်းကိုအသုံးပြုကာ အတင်းအကျပ် ခံစစ်တိုက်ခိုက်လိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲမျက်နှာသည်လည်း အနီရောင်အလင်းတန်းများ တောက်ပလာသည်။

လေမီးကပ်ဘေး ၊ မီးကပ်ဘေး။

ကျိဟန်ရူ၏ လက်သီးချက်ကို ရန်ကျောက်ကဲက သုံးကြိမ်ဆက်တိုက် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ပြင်းထန်သည့် ပေါက်ကွဲမှုကြီးက တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ ဖြစ်ပေါ်လာသည်။

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲထွက်လာသည့် စွမ်းအားများက အဆုံးမရှိဟု ထင်မှတ်ရပြီး အထွတ်ထိပ်သို့ အဆက်မပြတ် ‌ရောက်ရှိလာသည်။

ရန်ကျောက်ကဲ၏ လက်ဖဝါးက ခရမ်းနီ‌‌ရောင်တောက်ပလာသည်။ တုရှိတလက်ဝါးသိုင်းတွင် ရန်သူ၏ ကြယ်တာရာချီစွမ်းအားများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည့် အထူးလုပ်ဆောင်ချက်တစ်ခု ပါရှိသည်။ ယခု ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က ကျိဟန်ရူ၏ ကြယ်တာရာချီစွမ်းအားအလွှာများစွာကို ဖြတ်ကျော်ဝင်ရောက်သွားပြီး လက်ဝါးရိုက်ချက်နှင့် လက်သီးချက်တို့ တိုက်ရိုက်ထိတွေ့သွားသည်။

လေထုထဲတွင် လေးလံသော အရာဝတ္ထု (၂)ခု တိုက်မိသွားသကဲ့သို့ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ကျိဟန်ရူ၏လက်သီးမှာ မည်သို့မှမတတ်နိုင်ဘဲ အနည်းငယ် တုန်ယင်သွားသည်။

သူက ရှန်ထျန်း ကနဦးအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်လေရာ အာရုံခံနိုင်စွမ်းနှင့် အာရုံစူးစိုက်နိုင်စွမ်း အပြည့်အဝ ရှိသည်။ ထို့ကြောင့် ရန်ကျောက်ကဲ၏ တတိယမြောက်တိုက်ကွက်တွင် တုနှိုင်းမရနိုင်သော ရက်စက်ကြမ်းတမ်းမှုများကို သိရှိခံစားနိုင်ခဲ့သည်။

ကျိဟန်ရူ၏ ညာဘက်လက်တစ်ခုလုံး ထုံကြဉ်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။ သူက ဘယ်ဘက်လက်ကို အသုံးပြုကာ ရန်ကျောက်ကဲကို လက်ဝါးဇောင်းဖြင့် ခုတ်ချလိုက်သည်။

လက်ဝါးဇောင်းရိုက်ချက်ကျ‌ရောက်လာသည်နှင့် ပြင်းထန်လွန်းသည့် ကြယ်တာရာချီစွမ်းအားများ ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါး၏ ပုဆိန်တစ်လက်အလား ဖြစ်သည်။

ပုဆိန်ခုတ်ချက် သက်ဆင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ မြင့်မားသောတောင်တန်းများ ကွဲအက်သွားသည့်အလား ထင်မှတ်ရသည်။

ကျိဟန်ရူ၏တိုက်ကွက်ကိုတွေ့သည်နှင့် ရန်ကျောက်ကဲက ရယ်မောလိုက်၏။

သူက ဘယ်ဘက်လက်မှ တုရှိတလက်ဝါးသိုင်းက ကျိဟန်ရူ၏ ညာဘက်လက်သီးကို ဖိနှိပ်ထားပြီး သူ၏ညာဘက်လက်မှ လက်ညှိုးလက်ခလယ်ကို အသုံးပြုကာ ခုနစ်စဉ်ကြယ်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

ကျိဟန်ရူ၏ စွမ်းအားအနည်းဆုံးနေရာသို့ ရွှမ်ကျိကောင်းကင်ရောင်ပြန်ဓားချက်က* ပြီးပြည့်စုံစွာ ဝင်ရောက်သွားသည်။

(*ရွှမ်ကျိ – ခုနစ်စဉ်ကြယ်၏ ပထမဆုံး ကြယ်စင် (၄)လုံးကို စုပေါင်းပြီး ခေါ်ဆိုသည့်အမည်)

ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်မှ တုရှိတလက်ဝါးသိုင်းက မီးကဲ့သို့ ကြမ်းတမ်းခက်ထန်ပြီး ညာဘက်လက်မှ ခုနစ်စဉ်ကြယ်ဓားကတော့ သိမ်မွေ့နက်နဲပြီး လှပသည်။

ရန်ကျောက်ကဲက ကြမ်းတမ်းသော သိုင်းပညာနှင့် ပျော့ပြောင်းသည့်သိုင်းပညာ (၂)ခုကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်မှာ တကယ့်ကို ချီးကျူးစရာပင်။

ခုနစ်စဉ်ကြယ်ဓားဝိညာဉ်ထွက်ပေါ်လာသည်နှင့် ကျိဟန်ရူ၏ ကောင်းကင်ကိုထိုးခွင်းလာသော ပုဆိန်သည် လေထဲတွင် ခေတ္တရပ်တန့်သွားသည်။

ထိုခဏတွင် ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်ဖဝါးက သူ့ကို ဆက်လက်ဖိနှိပ်ထားဆဲ ဖြစ်၏။

စွမ်းအားပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာပြီး စွမ်းအာလှိုင်းလုံးကြီးများမြင့်တက်လာသည်။ လူတိုင်း၏ နားထဲတွင် တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံတစ်သံကို ယောင်ဝါးဝါး ကြားလိုက်ရသည်။

ထို့နောက် ကျိဟန်ရူ အနောက်သို့ လွင့်ထွက်ကာ လဲကျသွားသည်။

ရန်ကျောက်ကဲက အားသာချက်ကို အသုံးပြုကာ ခုနစ်စဉ်ကြယ်ဓားဝိညာဉ်ဖြင့် ကျိဟန်ရူကို ထိုးချိန်ထားလိုက်သည်။

ထို့နောက် အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းက ပဲ့တင်ထပ်ထွက်ပေါ်လာကာပြီး တိမ်တိုက်များအလယ်မှ နဂါးကြီးတစ်ကောင် ကျိဟန်ရူရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

ကျိဟန်ရူမှာ ညာဘက်လက်တစ်ခုလုံးထုံကြဉ်နေပြီး တိုက်ပွဲကို ဦးဆောင်နိုင်စွမ်း မရှိတော့ပေ။ သူက ဆုံးဖြတ်ချက်တစ်ခု အလျှင်အမြန်ချလိုက်ပြီး ဘယ်ဘက်လက်ဖဝါးကို ရင်ဘတ်ထက်သို့တင်လိုက်သည်။

သူက ကြယ်တာရာချီ အလွှာပေါင်းများစွာကို တစ်စုတစ်စည်းတည်း ပေါင်းစပ်လိုက်ပြီး အားနည်းချက်လုံးဝမရှိသော သိုင်းကွက်တစ်ခု ထုတ်ဖော်လိုက်သည်။

အဆုံးမဲ့တောင်တန်း၏ မူပိုင်သိုင်းပညာ – မဟာြဒပ်စင်လက်ဝါးသိုင်း။

ထိုလက်ဝါးသိုင်းက နှေးကွေးပြီး ရက်စက်သော်လည်း ကျင့်ကြံရန် မလွယ်ကူလှပေ။ လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ သိုင်းပညာများထဲတွင် အဆုံးမဲ့တောင်တန်း၏ ထိပ်တန်းခံစစ်သိုင်းပညာတစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။

ဦးဆောင်ထိုးစစ်ဆင်နိုင်စွမ်း ဆုံးရှုံးလိုက်ရပြီး ညာလက်ကိုပင် အသုံးမပြုနိုင်တော့သည့် ကျိဟန်ရူသည် လက်ရှိအခိုက်အတန့်တွင် သူ့စိတ်ကို သံမဏိပမာခိုင်မာစေလျှက် ခံစစ်ကို အာရုံစိုက်တိုက်ခိုက်လိုက်သည်။ သူ၏လက်ဝါးရိုက်ချက်စွမ်းအားဖြင့် သူ့ကိုယ်သူ စည်းတံဆိပ်ခတ်လိုက်ပြီး ရန်ကျောက်ကဲ၏ တိမ်တိုက်နဂါးသိုင်းကွက်ကို ယာယီချိုးဖျက်လိက်သည်။

“လောကမှာ ပြိုင်ဘက်ကင်းသိုင်းပညာဆိုတာ မရှိဘူး ၊ ပြိုင်ဘက်ကင်း သိုင်းသမားပဲ ရှိတယ်”

ရန်ကျောက်ကဲက ဖြည်းညင်းစွာရေရွတ်လိုက်ပြီး သူ၏ဓားဝိညာဉ်က ရုတ်တရက်ပြောင်းလဲသွားကာ မြောက်ပိုင်းကိုးကွယ်ခုနစ်စဉ်ကြယ်ဓားကွက် ထွက်ပေါ်လာသည်။

ဓားဝိညာဉ် (၇)စင်းထွက်ပေါ်လာပြီး ဓားရိပ်များထဲမှ စွမ်းအားက အမြင့်ဆုံးအဆင့် ပေါင်းစပ်သွားသည်။ တိမ်တိုက်နဂါးက သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားနေသည့်အလား ရန်ကျောက်ကဲ၏လက်သည်လည်း တုန်ယင်လျှက် ရှိ၏။

ထိုခဏတွင် အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းနှင့် ခုနစ်စဉ်ကြယ်ဓားဝိညာဉ်တို့ ပေါင်းစပ်သွားကြသည်။

ခုနစ်စင်ကြယ်ကိုစီးနှင်လာသည့်နဂါး။

ကြီးမားသည့် သံမဏိတူကြီးများက နွားသရေကို မချိုးဖျက်နိုင်သည့်တိုင် ချွန်ထက်သည့် သံမဏိလက်သည်းများကတော့ နွားသရေကို ထိုးဖောက်စုတ်ဖြဲပစ်နိုင်သည်။

စွမ်းအားကုန်စုစည်းထားသည့် ရန်ကျောက်ကဲ၏ဓားချက်က ကျိဟန်ရူ၏ မဟာြဒပ်စင်လက်ဝါးသိုင်းကို တုန်လှုပ်ချောက်ချားဖွယ်ရာ ထိုးဖောက်ဝင်‌ရောက်သွားသည်။

ထိုအချိန် ကျိဟန်ရူ၏ ညာဘက်လက် ပြန်လည်အသုံးပြုလာနိုင်သဖြင့် ရန်ကျောက်ကဲ၏ ဓားချက်ကို အချိန်မီ တားဆီးလိုက်နိုင်သည်။

သို့သော် နဂိုကတည်းက အနည်းငယ်ဒဏ်ရာရထားသည့် သူ၏ညာဘက်လက်သည် နောက်တစ်ကြိမ် ထပ်မံဒဏ်ရာရရှိခဲ့ပြီး ကျိဟန်ရူမှာ ထိန်းမနိုင်သိမ်းမရ နောက်သို့ လွင့်ထွက်သွားပြန်သည်။

ရန်ကျောက်ကဲ၏ ဓားချက်က သူ့နောက်သို့ လိုက်ပါသွားသည့်တိုင် သူက ဆက်လက်မတိုက်ခိုက်တော့ဘဲ အေးအေးဆေးဆေးပင် လက်နှစ်ဖက်နောက်ပစ်ကာ ခေါင်းကို ကောင်းကင်ဆီသို့ မော့ထားလေ၏။

ထိုအချိန် လေထုတစ်ခုလုံး တုန်လှုပ်သွားပြီး လူအချို့ ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဖူအန်းစုနှင့် အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများ ‌‌ရောက်လာကြခြင်းပင်။

အကြီးအကဲများကိုတွေ့သည်နှင့် ကျိဟန်ရူ၏မျက်နှာတစ်ခုလုံး စိမ်းဖန့်ဖန့် ဖြစ်သွားသည်။

သူ့တွင် ထုတ်မသုံးရသေးသော သိုင်းကွက်များစွာ ရှိနေသေးသည့်တိုင် ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် အပြင်ပိုင်းကြယ်တာရာချီအဆင့် ရန်ကျောက်ကဲ၏ ထိုးနှက်တိုက်ခိုက် အနိုင်ယူခြင်းကို အမှန်တကယ် ခံခဲ့ရသည်။

အပြင်ပိုင်းကြယ်တာရာချီ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်က အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူခြင်းနှင့် အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ရှန်ထျန်း ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူခြင်းက အလွန်တရာ ကွာဟချက် ကြီးမားသည်။

ကျိဟန်ရူ၏အနောက်ဘက်တွင်ရှိနေသည့် အဆုံးမဲ့တောင်တန်းမှ တပည့်များမှာ သူတို့ရှေ့မှမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်လျှက် ရှိကြသည်။

မကြာမီအချိန်က ရန်ကျောက်ကဲနှင့်ပတ်သက်သည့် ကောလဟလများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူ၏ကျော်ကြားမှုက မြင့်တက်လာခဲ့သည်။

သို့သော် နားဖြင့်ကြားရခြင်းထက် လူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့မြင်ရခြင်းက လုံးဝ မတူကွဲပြားသည်။

အထူးသဖြင့် သူတို့ရှေ့မှ ရန်ကျောက်ကဲသည် ကောလဟလများထက်ပင် ပိုကြမ်းသေး၏။

ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်တိုင် အဆုံးမဲ့တောင်တန်းမှ မိုးကောင်းကင်မျက်နှာသာပေးခြင်းခံရသည့် ရှန်ထျန်း ကနဦးအဆင့် သိုင်းပညာရှင် ကျိဟန်ရူမှာ မရှုမလှ ရှုံးနိမ့်သွားခဲ့သည် မဟုတ်လား။

တိုက်ပွဲကို စတင်တိုက်ခိုက်သူမှာ ကျိဟန်ရူဖြစ်သော်လည်း နောက်ပိုင်းတွင် ခံစစ်ဖြင့် အလူးအလဲကာကွယ်ခဲ့ရသည်မှာ ထင်ရှားသည်။ ပိုပြီးရှက်စရာကောင်းသည်မှာ ခံစစ်ကိုပင် အောင်အောင်မြင်မြင် မခုခံနိုင်ခဲ့ပေ။

မျက်စိရှေ့မှမြင်ကွင်းကြောင့် အဆုံးမဲ့တောင်တန်းမှ အကြီးအကဲ’ကျော်’ ၊ သံလိုက်အကြီးအကဲနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားကြသည်။

တစ်ချိန်တည်းတွင် ဖူအန်းစု၏ မျက်နှာထက်တွင်တော့ ဖုံးမနိုင်ဖိမရ အပြုံးတစ်ခုထင်ဟပ်နေသည်။ ရန်ကျောက်ကဲကို ကြည့်နေသည့် သူမ၏အကြည့်များထဲတွင် အကြီးအကဲတစ်ယောက်၏ ရှားရှားပါးပါး ကျေနပ်မှုအရိပ်အယောင်များ ပေါ်လွင်လျှက် ရှိ၏။

အကြီးအကဲ’ကျော်’က တည်ငြိမ်စွာဖြင့် ရန်ကျောက်ကဲကို ကြည့်နေသည်။

သံလိုက်အကြီးအကဲနှင့် အဆုံးမဲ့တောင်တန်းမှ အကြီးအကဲသိုင်းဆရာသခင်တစ်ယောက်က ဖူအန်းစုကို မသိမသာ ဝိုင်းရံလိုက်ကြသည်။

အဆုံးမဲ့တောင်တန်းမှ သိုင်းဆရာသခင် အကြီးအကဲ (၃)ယောက်နှင့်အတူ ဖူအန်းစုပါ ရောက်ရှိလာသည်ကို တွေ့သည့်အခါ အဆုံးမဲ့တောင်တန်းမှ တပည့်များသည်လည်း ရုတ်ချည်းပင် ငြိမ်သက်သွားကြသည်။

မည်သို့ပင်ဖြစ်စေ တိမ်လွှာတောင်က သူတို့ပိုင်နက်ဖြစ်သည့်အတွက် အကြီးအကဲများ တိုက်ခိုက်ကြမည်ဆိုလျှင်တောင်မှ သူတို့ဘက်မှ လူအင်အားပိုများသည်။

ထို့ပြင် ဖူအန်းစုက ရန်တိမဟုတ်သည့်အတွက် (၃)ယောက် (၁)ယောက် ယှဉ်နိုင်မည် မဟုတ်ပေ။

ဤသို့သောအခြေအနေတွင် ရန်ကျောက်ကဲက နဂါးတစ်ကောင်ဖြစ်သည်ဆိုလျှင်တောင်မှ ဝပ်တွားရမည်ဖြစ်သလို ကျားတစ်ကောင်ဖြစ်သည်ဆိုလျှင်လည်း မာန်လျှော့ရမည် ဖြစ်သည်။

ယခုပင် ကျိဟန်ရူကို ပျော်ရွှင်စွာ အနိုင်ယူခဲ့သူသည် အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများရောက်လာသည့်အခါ ချက်ချင်းပင် အကြွေးပြန်ဆပ်ရတော့မည် ဖြစ်သည်။

ရန်ကျောက်ကဲက ကျားချေင်းချေင်းသလို သူ့ကိုကြည့်နေကြသည့် အဆုံးမဲ့တောင်တန်းမှ တပည့်များ၏အကြည့်ကို မသိချင်ယောင်ဆောင်လိုက်ပြီး အကြီးအကဲ’ကျော်’ကို မျက်နှာချင်းဆိုင်ပြီး ရိုသေစွာ ဂါရဝပြု နှုတ်ဆက်လိုက်သည်။ သို့သော် သူ့ပုံစံက လုံးဝတုန်လှုပ်ခြင်း မရှိပေ။

“လေးစားရပါတဲ့ အကြီးအကဲများခင်ဗျာ ၊ ဒီ’ရန်’မျိုးနွယ်က မီးလောင်နေတာကို အောင်အောင်မြင်မြင် ငြိမ်းသတ်နိုင်ခဲ့ပြီး ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ထိခိုက်ပျက်စီးမှာကို အချိန်မီ တားဆီးနိုင်ခဲ့ပါတယ်”

“ဟမ်…”

ရန်ကျောက်ကဲ၏စကားကြောင့် အားလုံး မျက်လုံးများ ပြူးကျယ်သွားကြလေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset