အခန်း (၁၂၄) ညှိနှိုင်းလို့မရရင်ချသာချ
ဟိုရှန်းက လှည့်စားမှုမျိုးစုံဖြင့် စွပေးနေသည်ကို ရန်ကျောက်ကဲက စိတ်အနှောက်အယှက်မဖြစ်ဟန်ဖြင့် ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။
“ထူးကဲယင်သရဖူက နေသူတော်စင်ဂိုဏ်းလက်ထဲရောက်သွားပေမယ့် မင်းတို့ အဆုံးမဲ့တောင်တန်းက သူတို့နဲ့ သွားပူးပေါင်းလို့ မရပါဘူးကွာ ၊ မင်းတို့တွေက နေသူတော်စင်ဂိုဏ်းကို ကူညီမယ်လို့ တွေးနေတယ်ဆိုရင်တော့ ဦးနှောက်ပေါက်နေလို့ပဲ ဖြစ်ရမယ်”
“မင်းတို့ အဆုံးမဲ့တောင်တန်းကလူတွေ ဒီလိုမျိုး တစ်ဖက်လူကို ကျွန်ခံချင်တဲ့စိတ်ထားမျိုးနဲ့ ရွှေဉာဏ်တော်စူးရောက်နေတယ်ဆိုရင်တော့ ဘယ်တော့မှတိုးတက်လာမှာ မဟုတ်ဘူး”
စစ်ခုန်ချင်းက ကျင်းယွင်ကျီကိုယ်စား ဟိုရှန်းကို ဝင်ရောက်တိုက်ခိုက်လိုက်သည်ကို တွေ့ရသည့်အခါ ကျောက်မင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဖန်းယွင်ရှန်းကလည်း သူ့ကို ကူညီတိုက်ခိုက်ပေးနေသည့်အတွက် သူ့စိတ်ထဲမှ စိုးရိမ်သောကများ ပျောက်ကွယ်သွားသည်။ ကျောက်မင်က ချက်ချင်းပင် ကျားတစ်ကောင်အလား ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးဖြင့် သံမဏိယွမ်ဂိုဏ်းချုပ်ကို ဝင်ရောက်တိုက်ခိုက်လိုက်၏။
ရန်ကျောက်ကဲကတော့ မီးငြိမ်းသတ်နေရင်း ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာနေသည်။
သူ့အကြည့်က စောစောက ကျောက်မင်ကာကွယ်ပေးနေသည့် ကလေးငယ်ထံသို့ ရောက်ရှိသွားသည်။
ကလေးငယ်က အသက် (၁၀)နှစ်ပင် မပြည့်သေးဘဲ ခပ်တုံးတုံးခပ်အအ ပုံစံလေး ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ စိတ်ကျပ်မပြည့်သည့် ကလေးတစ်ယောက်နှင့် တူညီသည်။
ကလေးငယ်က လူတစ်ယောက်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်ရင်း…
“ဖေဖေ… ဖေဖေ…”
ရန်ကျောက်ကဲ မျက်ခုံးများ အနည်းငယ် တွန့်ချိုးလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် ကလေးငယ်၏အဖေဖြစ်သူမှ နောက်ဆုံးထွက်သက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်သည်။
ဖခင်ဖြစ်သူက လျစ်လျူရှုထားသည့်အခါ ကလေးငယ်က တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး တခြားနေရာသို့ လမ်းလျှောက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တဖျတ်ဖျတ်လင်းလက်နေသည့် ဓားရိပ်များကို ကလေးငယ်က အမှုမထားပေ။
သူက လဲကျနေသည့် အမျိုးသမီးတစ်ယောက်အနားသို့ ရောက်သွားပြီး သူမ၏လက်ကိုကိုင်ကာ လှုပ်ယမ်းလိုက်သည်။
“မေမေ… မေမေ”
ရန်ကျောက်ကဲ စိတ်ထဲက သက်ပြင်းချလိုက်သည်။
ဒီကလေးတော့ မိဘမဲ့ဖြစ်ရှာပြီ။
ကလေးငယ်က နားမလည်နိုင်ဟန်ဖြင့် ပတ်ဝန်းကျင်ကို ခေါင်းမော့ကြည့်လိုက်သည်။ သူ့မိဘများက သူ့ကို အဘယ့်ကြောင့် အရေးမစိုက်သည်ကို နားမလည်နိုင် ဖြစ်နေသည်။
စစ်ခုန်ချင်း တိုက်ပွဲအတွင်းဝင်ရောက်လာသဖြင့် ကျင်းယွင်ကျီက နောက်ဆုတ်ပေးလိုက်ပြီး ကလေးငယ်အနားသို့ ရောက်ရှိလာသည်။ မြေပြင်ထက် ပျံ့ကျဲနေသည့် အလောင်းများကို တွေ့သည့်အခါ သူမမျက်ဝန်းထဲတွင် ဒေါသတရားများ တစ်ဖန်ပြန်လည်ထွက်ပေါ်လာသည်။
ကလေးငယ်၏ မိသားစု သေဆုံးသွားသည့်အပြင် စိုက်ခင်းတာဝန်များ စီမံခန့်ခွဲရန် သွေးနီသက်တံ့ဂိုဏ်းမှ စေလွှတ်ထားသူများအားလုံး သေဆုံးကုန်ကြရသည်။
ကျင်းယွင်ကျီက ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံကို ပြုလုပ်လိုက်ပြီး ရန်သူများကို ဖန်းယွင်ရှန်းနှင့်အတူ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
သိုင်းပညာရှင်အဆင့် လူရွယ်တစ်ယောက်ဖြစ်သော သံမဏိယွမ်ဂိုဏ်းချုပ်မှာ ကျောက်မင်၏ အပြင်းအထန်တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည်။ သူက ကျောက်မင်နှင့် ကျင့်ကြံခြင်းအဆင့်တူညီသည့်တိုင် ရှုံးနိမ့်သွားခဲ့သည်။
သူက ဟိုရှန်းဘက်သို့ လှည့်ကြည့်ကာ အကူအညီတောင်းခံလိုက်သည်။
“ကယ်ပါဦး…”
သို့သော် သူ့စကားမဆုံးမီမှာပင် ကျောက်မင်က သူ့ကို ဓားဖြင့် ထိုးစိုက်ချလိုက်သည်။
ထိုစဉ် အဝေးဆီမှ နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာပြီး…
“ငါတို့ အဆုံးမဲ့တောင်တန်းရဲ့ နယ်မြေထဲမှာ လူသတ်ရဲတာလား”
စကားသံအဆုံးသတ်သွားသည်နှင့် ပြင်းထန်သည့် ကြယ်တာရာချီစွမ်းအားတစ်ခု လေထဲတွင် ဖြတ်သန်းထွက်ပေါ်လာပြီး တောင်တစ်လုံးကိုပင် ခုတ်ပိုင်းနိုင်လောင်အောင် စွမ်းအားကြီးမား ၊ မာကျောထက်ရှလွန်းသည့် ဓားဝိညာဉ်တစ်ခုက ကျောက်မင်ထံသို့ ဝင်ရောက်လာသည်။
အမှန်တော့ ထိုဓားဝိဉာဉ်က ပုဆိန်ခုတ်ချက်တစ်ချက် ဖြစ်သည်။ စွမ်းအားအပြည့်အဝ အသုံးပြုမထားသည့်တိုင် ဤပုဆိန်ခုတ်ချက်ကို ကျောက်မင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အသက်မသေလျှင်တောင်မှ ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။
ရန်ကျောက်ကဲ၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ လက်နှစ်ချောင်းကို ထိုးညွှန်လိုက်ရာ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။
ကြယ်တာရာချီစွမ်းအား (၇)ခုက ခုနစ်စဉ်ကြယ် ဓားဝိညာဉ် (၇)ခုအသွင်ပြောင်းလဲသွားပြီး ကြီးမားသော ပုဆိန်ကြီးကို ပိတ်ဆို့ထားလိုက်သည်။
ဓားဝိညာဉ် (၇)စင်းသည် မတူညီသော အမြန်နှုန်း ၊ မတူညီသောစွမ်းအားများဖြင့် ရွေ့လျားသွားပြီး ကြီးမားလှသည့် ကြယ်တာရာချီစွမ်းအား ပုဆိန်ကြီးကို ထိန်းချုပ်လိုက်သည်။ ပုဆိန်ကြီးမှာ ဓားဝိညာဉ်များ၏ ထိန်းချုပ်ခံရမှုကြောင့် အနည်းငယ်ကွေ့သွားပြီး ဦးတည်ချက်လွဲချော်သွားသည်။
ထိုမြင်ကွင်းကိုတွေ့သည်နှင့် ကျောက်မင်က သံမဏိယွမ်ဂိုဏ်းချုပ်၏ ရင်ဝတည့်တည့်သို့ ဓားဖြင့်ထိုးစိုက်ချလိုက်တော့သည်။
သက်လတ်ပိုင်းလူရွယ်မှာ မျက်လုံးအပြူးသားဖြင့် မြေပြင်ထက်သို့ လဲကျသွား၏။
သူ နောက်ဆုံးမြင်လိုက်ရသည်မှာ စောစောက သူကိုယ်တိုင် သတ်ဖြတ်ခဲ့သဖြင့် အသေဆိုးဖြင့် သေခဲ့ရသည့် အမျိုးသမီး၏အလောင်းနှင့် သူမဘေးတွင် ထိုင်နေသည့် တုံးတုံးအအ ကလေးငယ်သာလျှင် ဖြစ်သည်။
ထို့နောက် နောက်ဆုံးထွက်သက်ကို ရှူရှိုက်ရင်း လူရွယ်၏ မျက်ဝန်းများ အသက်မဲ့သွားသည်။
ဖန်းယွင်ရှန်း ၊ ကျောက်မင်နှင့် ကျင်းယွင်ကျီတို့က ရန်သူများအားလုံးကို သုတ်သင်ပြီး ရန်ကျောက်ကဲအနားသို့ ရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက…
“ငါ ရောက်လာတာ နောက်ကျလို့ အခုလိုဖြစ်ရတာ စိတ်မကောင်းပါဘူး ဂိုဏ်းတူညီမလေး’ကျင်း’နဲ့ ဂိုဏ်းတူညီလေး’ကျောက်’ ၊ နောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
ကျောက်မင်က ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်များက အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။
ထိုနေရာက ကြီးမားသော ကြယ်တာရာချီစွမ်းအားပုဆိန်ကြီး ထွက်ပေါ်လာရာ နေရာဖြစ်ပြီး တောင်ပေါ်မှ အလျှင်အမြန် ဆင်းလာသည့် လူတစ်စုကို တွေ့မြင်ကြရသည်။
ထိုလူအုပ်စုကိုဦးဆောင်လာသူ၏ ဦးခေါင်းထက်တွင် ဝိညာဉ်စွမ်းအားရောင်ဝါတစ်ခု ထွက်ပေါ်နေပြီး ထိုဝိညာဉ်စွမ်းအားက မိုးကုတ်စက်ဝိုင်းနှင့် ချိတ်ဆက်ထားသည်။ ထိုရောင်ဝါက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသဖြင့် တစ်ခါတစ်ရံသာ တွေ့မြင်ရပြီး ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း ပြောနေစရာမလို သိသာလှသည်။
သိုင်းစွမ်းအခြေခံမြင့်မားလွန်းသည့် ထိုသူက အသက် (၂၆) (၂၇)နှစ်ခန့် ရှိပြီး အမူအရာက အေးစက်တည်ငြိမ်လွန်းသည်။
သူက အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး ဝတ်စုံထက်တွင် တောင်ထိပ်တစ်ခု၏သင်္ကေတပုံစံ ရေးထိုးထားသည်။ အဆုံးမဲ့တောင်တန်း၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဝတ်ဆင်ရသည့်ဝတ်စုံပင် ဖြစ်၏။
ရန်ကျောက်ကဲကိုတွေ့သည်နှင့် ထိုသူ၏အကြည့်များက ချက်ချင်း တင်းမာသွားသည်။
ရန်ကျောက်ကဲကလည်း ထိုသူကို တည်ငြိမ်စွာစိုက်ကြည့်ရင်း မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်သည်။
ထိုသူက ကျိဟန်ရူဆိုသူဖြစ်ပြီး လုဝမ် ၊ ရှောင်ရှန်းတို့နှင့် သက်တူရွယ်တူအုပ်စု လူငယ်မျိုးဆက်ဖြစ်သည်။ သူက ၎င်းတို့ထက် အသက်အနည်းငယ်ကြီးပြီး အဆုံးမဲ့တောင်တန်း၏ ထိပ်တန်းတပည့်တစ်ယောက်လည်း ဖြစ်၏။
လူငယ်မျိုးဆက်တွင် ထိပ်တန်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယခုနှစ်များအတွင်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် “တောင်ငယ်သခင်”ဟု အရှိန်အဟုန်ဖြင့် နာမည်ကြီးလာသူ ဖြစ်သည်။
လွန်ခဲ့သည့်နှစ်များက ကျိဟန်ရူသည် မိုးကြိုးနယ်မြေမှ ထိပ်သီးသိုင်းဂိုဏ်းတစ်ခုဖြစ်သော ကောင်းကင်မိုးကြိုးခန်းမ၏ ဆက်ခံသူ မိုးကြိုးသခင်လေးနှင့် တိုက်ခိုက်ခဲ့သည်။
မိုးကြိုးသခင်လေးဆိုသည်က ကောင်းကင်မိုးကြိုးခန်းမ အကြီးအကဲ၏ တစ်ဦးတည်းသောသား ဖြစ်ပြီး ဝါဒတောင်သခင်လေး ရန်ကျောက်ကဲ ၊ နေသူတော်စင်ဂိုဏ်းမှ အလင်းမင်းသားဟွမ်ကျိတို့နှင့်အတူ လက်ရှိခေတ် မင်းသား (၄)ပါးတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။
မိုးကြိုးသခင်လေးနှင့်တိုက်ပွဲတွင် ကျိဟန်ရူက သရေကျခဲ့ပြီး မျိုးဆက်သစ်လူငယ်များထဲတွင် စွမ်းအားအမြင့်မားဆုံး သိုင်းသမားတစ်ယောက်အဖြစ် အဆင့်အတန်းတစ်ခု တည်ဆောက်နိုင်ခဲ့သည်။
ရန်ကျောက်ကဲ တိမ်လွှာတောင်သို့ ရောက်ခါစတွင် ကျိဟန်ရူနှင့် တစ်ကြိမ်ဆုံခဲ့ဖူးသည်။ ယခုတော့ ယနေ့တိုက်ပွဲတွင် တိုက်ဆိုင်စွာ ပြန်လည်ဆုံတွေ့ရပြန်လေပြီ။
ကျိဟန်ရူက ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး အေးစက်စွာ စကားဆိုသည်။
“မင်းတို့ဝါဒတောင်က ဧည့်သည်တွေဖြစ်ပါလျှက်နဲ့ အဆုံးမဲ့တောင်တန်း ပိုင်နက်ထဲမှာ လူသတ်ရဲသလား”
ရန်ကျောက်ကဲက မထီမဲ့မြင်ဟန် မေးကိုပင့်လိုက်ပြီး ဟိုရှန်းနှင့် စစ်ခုန်ချင်း တိုက်ခိုက်နေသည့်နေရာသို့ ညွှန်ပြလိုက်သည်။
“သွေးနီသက်တံ့ဂိုဏ်းက ငါတို့ ကောင်းကင်နယ်မြေက ဂိုဏ်းတစ်ဂိုဏ်းပဲ ၊ ဂိုဏ်းတူညီမလေး’ကျင်း’ကလည်း ငါတို့ ဝါဒတောင်က တပည့်တစ်ယောက်ပဲ ၊ သူတို့က တိမ်လွှာတောင်မှာ မြေနေရာငှားယမ်းပြီး ဝိညာဉ်ဆေးပင် စိုက်ပျိုးတဲ့အလုပ်ကို လုပ်ကိုင်နေတာ ၊ မင်းတို့ကို အဖိုးအခပေးဖို့လည်း ဘယ်တော့မှ မပျက်ကွက်ခဲ့ဘူး”
“အခု ငါတို့ဝါဒတောင်က မင်းတို့ဆီ အလည်အပတ်ရောက်နေတဲ့အချိန် မင်းတို့အဆုံးမဲ့တောင်တန်းကလူတွေက သူတို့ရဲ့ စိုက်ခင်းတွေကို မီးရှို့ပစ်ကြတယ် ၊ မင်းတို့အနေနဲ့ အိမ်ရှင်တစ်ယောက်လုပ်ရမယ့်အလုပ်လားဆိုတာ ပြန်စဉ်းစားသင့်တယ်”
အဆုံးမဲ့တောင်တန်း အတွင်းပိုင်းတွင် ဝါဒတောင်နှင့်ပတ်သက်ပြီး အုပ်စုနှစ်ခြမ်းကွဲကာ သဘောထားကွဲနေခဲ့သည်။ အုပ်စုတစ်စုက ဝါဒတောင်ကိုလိုလားပြီး တစ်စုကတော့ ဝါဒတောင်ကို မလိုလားပေ။
ရန်ကျောက်ကဲသိသလောက် လူငယ်မျိုးဆက်များကြားတွင် ကျိဟန်ရူက ဝါဒတောင်ကို မလိုလားသည့်အုပ်စုတွင် ပါဝင်သည်။
ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ကျိဟန်ရူကို ကောင်းကောင်းမွန်မွန် မျက်နှာချင်း မဆိုင်နိုင်ပေ။
ရန်ကျောက်ကဲက သူ့ကို ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်…
“ဒါမှမဟုတ် မင်းတို့ဘက်က တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလား”
ကျိဟန်ရူက တည်ငြိမ်စွာဖြင့်…
“မင်း ဒီကို ဘာကိစ္စနဲ့ ရောက်လာသလဲဆိုတာ ငါသိတယ် ၊ ဒါပေမဲ့ မင်းဘက်က အထိန်းအချိုပ်မရှိ လျှောက်လုပ်နေမယ်ဆိုရင်တော့ ဘာမှအားကိုးလို့ရမှာ မဟုတ်ဘူး ၊ မင်းရဲ့ ရိုးရှင်းတဲ့ဇာတ်ကွက်လေးတစ်ခုလောက်နဲ့ ဒီတိမ်လွှာတောင်က ငါတို့ အဆုံးမဲ့တောင်တန်းရဲ့ ပိုင်နက်ဆိုတာကို ပြောင်းလဲလို့ရမှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒီနေရာမှာ ဘာတွေပဲ ဖြစ်နေပါစေ ငါတို့ဂိုဏ်းရဲ့ ဥပဒေတွေနဲ့ သဘာဝကျကျ ဖြေရှင်းလို့ရတယ် ၊ မင်းတို့ ဝါဒတောင်ကသာ စည်းကျော်ပြီး ငါတို့ အဆုံးမဲ့တောင်တန်းကို မျက်စိထဲမထားဘဲ လူသတ်ရဲတာ မဟုတ်လား”
ရန်ကျောက်ကဲက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း…
“လိုအပ်တဲ့အချိန်မှာ မင်းရောက်လာတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ အလကားပဲ”
ကျိဟန်ရူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ မြင့်တက်လာပြီး ရှေ့သို့ တစ်လှမ်းချင်းလှမ်းလာသည်။ သူ့နောက်မှ အဆုံးမဲ့တောင်တန်း တပည့်များကလည်း အလားတူပင် ပြုလုပ်လိုက်ကြသည်။
“လူသတ်သမားတွေအကုန်လုံးဖမ်းဆီးပြီး ဂိုဏ်းရဲ့အကြီးအကဲတွေဆီ လွှဲပြောင်းပေးမယ် ၊ ရန်ကျောက်ကဲ… မင်းနဲ့ ကစားစစ်ထိုးဖို့ ငါ့မှာ စိတ်ကူးမရှိဘူး ၊ အခုတလော မင်းနာမည် တော်တော်ကြီးလာတယ်ကြားတယ် ၊ မင်းအရည်အချင်း ဘယ်လောက်ရှိလဲ စမ်းကြည့်ရအောင်”
သူက ဆက်ပြောသည်။
“ငါ ကျိဟန်ရူ ကောလဟလတွေကို ဘယ်တုန်းကမှ ယုံတဲ့သူ မဟုတ်ဘူး ၊ ငါ့မျက်လုံးနဲ့ ငါ့လက်သီးကိုပဲ ယုံတယ်”
ပြောပြီးသည်နှင့် တောင်မြင့်ကြီးတစ်လုံးပမာ ပြင်းထန်လှသည့် လက်သီးချက်တစ်ချက်ဖြင့် ရန်ကျောက်ကဲကို ထိုးစိုက်ချလိုက်သည်။
ရန်ကျောက်ကဲက သူ့ကို ကြည့်ပင်မကြည့်ဘဲ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တုံ့ပြန်လိုက်၏။
လက်ဝါးရိုက်ချက်ထုတ်ဖော်လိုက်သည်နှင့် နဂါးဟိန်းသံနှင့် ကျားဟိန်းသံများ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ လက်ဖဝါးထက်တွင် မီးတောက်များနှင့်ဆင်တူသည့် ကြယ်တာရာချီစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကျိဟန်ရူ၏ ပြင်းထန်လှသည့် လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။
ကျိဟန်ရူက အေးစက်စွာ ရယ်မောလိုက်ရင်း…
“မင်းက ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်တာလား”
ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းတွင် အဆုံးမဲ့တောင်တန်းမှ သိုင်းပညာက အရှိန်အဟုန်မြင့်မားသလို စွမ်းအားကြီးမားသည်ဟု ကျော်ကြားသည်။
ကျိဟန်ရူ၏လက်သီးချက်က ကြီးမားသည့် တောင်မြင့်ကြီးတစ်လုံးပမာ အရှိန်အဟုန်ပြင်းထန်လှပြီး သစ်ပင်များကို ကျိုးကျေသွားစေကာ သစ်သားများကို အမှုန့်ဖြစ်သွားစေသည်။ သူ၏လက်သီးချက်က ရန်ကျောက်ကဲ၏ တုရှိတလက်ဝါးသိုင်းကို ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရသည်။
သို့သော် ရန်ကျောက်ကဲက လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ရုံမျှဖြင့် သူ၏လက်ဖဝါးမှ စွမ်းအားများ တဟုန်ထိုးမြင့်တက်လာပြီး ပေါက်ကွဲထွက်သွားသည်။
“ညှိနှိုင်းလို့မရရင် ချမှာပဲ ၊ မင်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ ငါက ဘာကိုကြောက်နေရမှာလဲ”
ရန်ကျောက်ကဲ၏ တုရှိတလက်ဝါးသိုင်းတွင် မျောက်ဝံမိစ္ဆာလက်သီးသိုင်းအနှစ်သာရကို ပေါင်းစပ်ထားသည်။
ထို့ကြောင့် ရုတ်တရက် ပေါက်ကွဲထွက်သွားသည့် စွမ်းအားများက ကောင်းကင်ကို တုန်လှုပ်စေပြီး မြေပြင်ကို လှုပ်ခတ်သွားစေသည်။
ကျိဟန်ရူ၏ ကြီးမားသော တောင်မြင့်ကြီးတစ်လုံးနှင့်ဆင်တူသည့် လက်သီးချက်မှာ ငလျှင်လှုပ်ခတ်မှုကြောင့် ယိမ်းယိုင်သွားသည့်တောင်မြင့်ကြီးပမာ ခဏတာမျှ အရှိန်အဟုန် နှေးကွေးသွားရလေ၏။