အခန်း (၁၂၃) ရောက်ရောက်ချင်းအကူအညီတောင်းခြင်း
ထိုသူ၏စကားကိုကြားတော့ မီးလောင်ပြီး မိုးခိုးငွေ့များ တလူလူထွက်နေသည့် တောင်ပေါ်တစ်နေရာသို့ ရန်ကျောက်ကဲ လှမ်းကြည့်လိုက်သည်။
ထိုနေရာက ယင်ယန်တိမ်တိုက်စမ်းချောင်း တည်ရှိရာနေရာ ဖြစ်သည်။ ယန်စွမ်းအားသီးသန့်ပါဝင်သည့် ယင်စွမ်းအားသီးသန့်နေရာတစ်ခုဖြစ်သလို သွေးနီသက်တံ့ဂိုဏ်း၏ ဝိညာဉ်ဆေးပင် စိုက်ခင်းများ တည်ရှိရာနေရာလည်း ဖြစ်သည်။
ထိုကြေးစားက…
“စတုတ္ထမင်းသားနဲ့ ‘ကျင်း’မိန်းကလေးတို့ တောင်ပေါ်မှာ ရှိနေပါတယ် ၊ သွေးနီသက်တံ့ဂိုဏ်းရဲ့ စိုက်ခင်းတွေကို အဆုံးမဲ့တောင်တန်းကလူတွေက မီးရှို့သွားလို့ စတုတ္ထမင်းသားက စိတ်မထိန်းနိုင်ဘဲ တိုက်ပွဲဖြစ်နေပါတယ်”
ရန်ကျောက်ကဲ ထိုနေရာသို့ ခေါင်းမော့ကြည့်လိုက်သည်။ ကျောက်မင်သည် ကျောက်ယွမ် ၊ ကျောက်ရှန်းနှင့် အခြားသောမင်းသားများထက် ပိုမိုကြမ်းတမ်းပြီး ဒေါသအလျှောက် မဆင်မခြင် လုပ်တတ်သူပင်။
ကျင်းယွင်ကျီတို့ဂိုဏ်း၏ ဝိညာဉ်ဆေးပင်စိုက်ခင်းများ မီးရှို့ခံရသည့်အခါ ဒေါသမထိန်းနိုင်ဖြစ်ပြီး သူရောက်ရှိနေသည့်နေရာက အဆုံးမဲ့တောင်တန်းနယ်မြေဖြစ်သည်ကိုပင် အရေးမစိုက်တော့ဘဲ တိုက်ခိုက်မိခြင်း ဖြစ်နိုင်သည်။
“အဆုံးမဲ့တောင်တန်းကလူတွေက ဘာလို့ သွေးနီသက်တံ့ဂိုဏ်းက စိုက်ခင်းတွေကို မီးရှို့ရတာလဲ”
ရန်ကျောက်ကဲက အဓိကအကြောင်းရင်းကို တိုက်ရိုက်မေးလိုက်သည်။
ကြေးစားက ခဏမျှ တုံ့ဆိုင်းသွားပြီး…
“တိမ်လွှာတောင်တန်းပိုင်နက်နယ်မြေမှာ သံမဏိယွမ်ဂိုဏ်း ကျက်စားပါတယ် ၊ သူတို့က အာဏာနည်းနည်းပါးပါးရှိတော့ စိုက်ခင်းနားက အိမ်တော်တစ်ခုကို အဓမ္မကျူးကျော်ဖို့ကြိုးစားတယ် ၊ အိမ်ပိုင်ရှင်က ခွင့်မပြုတော့ နှစ်ဦးနှစ်ဖက် ပြဿနာတက်ကြပြီး အိမ်ပိုင်ရှင်ရဲ့သားကြောင့် သံမဏိယွမ်ဂိုဏ်းက ဂိုဏ်းသားတစ်ယောက် ဒဏ်ရာရသွားတယ် ၊ အဲဒါကြောင့် သူတို့က လက်စားခြေတဲ့အနေနဲ့ အိမ်တော်ရဲ့ ခံစစ်ကို ထိုးဖောက်ဝင်ရောက်ကြတယ်”
“’ကျင်း’မိန်းကလေးက အဲဒီအိမ်တော်မှာ ဧည့်သည်အနေနဲ့ အချိန်အကြာကြီး တည်းခိုခဲ့ဖူးတယ် ၊ ဒါကြောင့် အိမ်တော်မိသားစုနဲ့ အတော်လေး ခင်မင်တယ် ၊ ဒါကြောင့် အိမ်တော်ရဲ့သတင်းကိုကြားတော့ သူက ကူညီဖို့ အပြေးအလွှားရောက်လာခဲ့တယ် ၊ သံမဏိယွမ်ဂိုဏ်းက ဂိုဏ်းချုပ်ကလည်း အဆုံးမဲ့တောင်တန်းက တပည့်တစ်ယောက်နဲ့ရင်းနှီးတော့ အဆုံးမဲ့တောင်တန်းကလူတွေကို စစ်ကူခေါ်လာပြီး အိမ်တော်ကလူတွေကို ဖမ်းဆီးဖို့ကြိုးစားတယ်”
“အဲဒီမှာ စတုတ္ထမင်းသားနဲ့ ‘ကျင်း’မိန်းကလေးတို့က လက်မခံတော့ အဆုံးမဲ့တောင်တန်းကလူတွေက အငြိုးထားပြီး ဝိညာဉ်ဆေးပင်စိုက်ခင်းတွေကို မီးရှို့ခဲ့ကြတာပါ”
ရန်ကျောက်ကဲက ခေါင်းမော့လိုက်ရင်း…
“ဟွန်း… တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုပဲ”
ရန်ကျောက်ကဲ၏စကားကြောင့် ကြေးစားက အံ့အားသင့်သွားပြီး…
“သခင်လေး’ရန်’ ၊ စတုတ္ထမင်းသားက အဆုံးမဲ့တောင်တန်းနဲ့ တမင်သက်သက် ရန်သူဖြစ်ချင်တာ မဟုတ်ပါဘူး ၊ အဲဒါက…”
ရန်ကျောက်ကဲက လက်ကာပြလိုက်ရင်း…
“ငါက ကျောက်မင်ကို ပြောနေတာ မဟုတ်ပါဘူး”
ထို့နောက် သူက အားဟူကို လှည့်ကြည့်လိုက်ပြီး…
“ဒီကိစ္စကို ဆရာဒေါ်လေး’ဖူ’ကို သတင်းသွားပို့ပါ”
အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း…
“သခင်လေး ၊ အဆုံးမဲ့တောင်တန်းက ထိပ်တန်းအကြီးအကဲ (၃)ယောက်လည်းရှိနေတယ်ဆိုတော့…”
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း…
“ဒီပြဿနာလောက်ကို လောလောဆယ်မှာ သူတို့အဆင့်တွေ ဝင်ပါမှာ မဟုတ်သေးဘူး ၊ အဆုံးမဲ့တောင်တန်းက ဒီကိစ္စကို ဖြေရှင်းဖို့ အောက်ပိုင်းလူတွေကိုပဲ စေလွှတ်လိမ့်မယ် ၊ ဒါပေမဲ့ ဆရာဒေါ်လေး’ဖူ’ကိုတော့ အကြောင်းကြားထားသင့်တယ်လေ ၊ ဒါမှ အခြေအနေကိုသဘောပေါက်ပြီး ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာ ၊ အဆုံးမဲ့တောင်တန်းက ထိပ်တန်းအကြီးအကဲတွေ ပြဿနာထဲ ဝင်ပါလာကြရင် ဆရာဒေါ်လေး’ဖူ’လည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေမှာ”
“အခုတော့ ငါ့ဘက်က နည်းနည်းလောမှဖြစ်မယ် ၊ တိုက်ပွဲမှာ ကျောက်မင်ရှုံးသွားလို့ မဖြစ်ဘူး ၊ ကြည့်ရတာ တိုက်ပွဲမှာ ကျောက်မင်ကို အနိုင်တိုက်နိုင်တဲ့ သိုင်းသမားတွေ ရှိနေတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲ တိုက်ပွဲဖြစ်ပွားရာသို့ ထွက်ခွာသွားသည်။
ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းက တောင်ပေါ်လမ်းအဝတွင် မတ်တတ်ရပ်လျှက် ယခုပင် ဖူအန်းစု သင်ပေးလိုက်သည့် သိုင်းပညာအကြောင်း ဆွေးနွေးနေကြသည်။
သူတို့က အလျှင်အမြန် ထွက်လာသည့် ရန်ကျောက်ကဲကိုတွေ့သည်နှင့် စိတ်ဝင်တစားမေးမြန်းလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး ဘယ်သွားမလို့လဲ”
ရန်ကျောက်ကဲက တောင်ပေါ်မှ အနက်ရောင်မီးခိုးလုံးများကို ညွှန်ပြလိုက်ရင်း…
“အဲဒီမှာ အဆုံးမဲ့တောင်တန်းကလူတွေနဲ့ ငါတို့ဂိုဏ်းကတပည့်တွေ တိုက်ခိုက်နေကြတယ် ၊ သွားကြည့်ရအောင်”
ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြကာ ရန်ကျောက်ကဲနောက်သို့ လိုက်သွားကြသည်။
တောင်ပေါ်လမ်းတစ်နေရာအရောက်တွင် အဆုံးမဲ့တောင်တန်းမှ သိုင်းသမားတစ်ယောက်က သူတို့ကို တားဆီးလိုက်သည်။
“တောင်ပေါ်မှာ တိုက်ပွဲဖြစ်နေတယ် ၊ မင်းတို့တွေ ရပ်လိုက်ကြစမ်း”
ရန်ကျောက်ကဲက သိမ်မွေ့သည့်လေသံဖြင့်…
“ငါတို့မသွားရင် မင်းတို့ရဲ့ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော အန္တရယ်ဖြစ်တော့မယ်”
တစ်ဖက်လူက…
“ဟမ်… သတ္တုသံလိုက်သွေးကြောက တောင်ခြေမှာရှိတာ မဟုတ်ဘူးလား”
ရန်ကျောက်ကဲက လမ်းဆက်လျှောက်ရင်း…
“မင်း ဒီအလုပ်ကို လုပ်နိုင်မှာ မဟုတ်ဘူး”
အဆုံးမဲ့တောင်တန်းမှ သိုင်းသမားက သူတို့ကို တားဆီးချင်သည့်တိုင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး သူ့ကို လွင့်ထွက်သွားစေလေရာ စကားမပြောနိုင်တော့ဘဲ နောက်သို့ဆုတ်သွားရတော့သည်။
ရန်ကျောက်ကဲက စကားမပြောတော့ဘဲ တောင်ပေါ်သို့ အလျှင်အမြန်တက်သွားလေရာ ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့လည်း အပြေးအလွှားလိုက်ပါသွားကြသည်။
မကြာမီ မီးလောင်နေသည့် နေရာသို့ ရောက်ရှိလာပြီး ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ နေရာတစ်ခုလုံး မီးခိုးငွေ့များထူထပ်လျှက်ရှိပြီး တိုက်ပွဲဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။
ကျောက်မင်က လူရွယ်တစ်ယောက်နှင့် တိုက်ခိုက်နေသည်။ ထိုလူရွယ်က အပြင်ပိုင်းကြယ်တာရာချီ အလယ်ဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး သူ အသုံးပြုသည့် သိုင်းပညာက အဆုံးမဲ့တောင်တန်း၏ သိုင်းပညာ မဟုတ်ပေ။ ထိုသူက သံမဏိယွမ်ဂိုဏ်းချုပ် ဖြစ်နိုင်သည်။
ကျောက်မင်က ထိုသူကို ဖိနှိပ်ထားနိုင်သည့်တိုင် ပတ်ဝန်းကျင်မှလူများကလည်း ကျောက်မင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
ဝါဒတောင်မှတပည့်တစ်ယောက်ဖြစ်သော ကျောက်မင်၏သိုင်းစွမ်းက ရန်သူများအားလုံးထက်သာလွန်သည်။ ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည့်တိုင် သူက အေးအေးဆေးဆေး ပြန်လည်ခုခံရင်း ကလေးငယ်တစ်ယောက်ကိုပင် ကာကွယ်ပေးနေသေး၏။
သို့သော် တိုက်ပွဲအတွင်းမှ ရုန်းမထွက်နိုင် ဖြစ်နေရသည်။ သူက စိတ်ပူပန်စွာဖြင့် ဘေးသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် အဆုံးမဲ့တောင်တန်း၏တပည့်တစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်တို့ တိုက်ခိုက်နေကြသည်။
ထိုမိန်းကလေးက ကျောက်မင်၏ချစ်သူ ၊ ဝါဒတောင်၏တပည့်တစ်ယောက်ဖြစ်သော ကျင်းယွင်ကျီပင် ဖြစ်သည်။
သူတို့ (၂)ယောက်လုံးက အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်ဖြစ်ပြီး ကျင်းယွင်ကျီက ဝါဒတောင်တမှ သိုင်းပညာကို အသုံးပြုတိုက်ခိုက်နေသည့်တိုင် အသာစီးမရ ဖြစ်နေသည်။
တိုက်ပွဲကိုကြည့်လိုက်သည်နှင့် သူမ၏ဟာကွက်နေရာတိုင်းသို့ တစ်ဖက်လူ၏ တိုက်ခိုက်မှုက ကျရောက်လာကြောင်း တွေ့မြင်ရသည်။
ကျင်းယွင်ကျီနှင့် တိုက်ခိုက်နေသူ မည်သူဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။ ယခင်က ဂိုဏ်းအစီရင်ခံစာတစ်ခုတွင် ထိုလူငယ်အကြောင်း သူ သိရှိဖူးသည်။ ထိုလူငယ်၏နာမည်က ဟိုရှန်းဖြစ်ပြီး ယခုနှစ်များအတွင်း အဆုံးမဲ့တောင်တန်းက ပျိုးထောင်ပေးသည့် ပါရမီရှင်လူငယ်များထဲမှ တစ်ယောက်ဖြစ်၏။
မီးလောင်ရာအနီးတစ်ဝိုက်တွင် အလောင်းများပြန့်ကျဲနေပြီး အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ကျောက်မင်နှင့် ကျင်းယွင်ကျီတို့၏ လူများဖြစ်ကြောင်း သိနိုင်သည်။
ရန်ကျောက်ကဲက နောက်သို့လှည့်ကြည့်လိုက်ပြီး…
“ဂိုဏ်းတူညီမလေး’စစ်ခုန်’က ဂိုဏ်းတူညီမလေး’ကျင်း’ကို ကူညီပါ ၊ ဂိုဏ်းတူညီမလေး’ဖန်း’က ဂိုဏ်းတူညီလေး’ကျောက်မင်’ကို ကူညီပါ”
ဖန်းယွင်ရှန်းက ချက်ချင်းပင် သူမ၏ဓားကို ဆွဲထုတ်ရန် ဓားရိုးထက်လက်တင်လိုက်ချိန် ရန်ကျောက်ကဲက ပွင့်လင်းစွာပင် စကားဆိုသည်။
“လူသတ်သမားတွေအကုန်လုံး တစ်ယောက်မှ အရှင်မထားနဲ့”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ လေပြင်းများတိုက်ခတ်လာပြီး တောက်လောင်နေသည့်မီးတောက်များကို ငြိမ်းသတ်လိုက်သည်။
စစ်ခုန်ချင်းက စကားတစ်ခွန်းမှမဆိုဘဲ ဓားကိုဆွဲထုတ်လိုက်ရာ အေးစိမ့်သည့်အငွေ့အသက်များထွက်ပေါ်လာပြီး ကျင်းယွင်ကျီရှိရာသို့ ခုန်ဝင်လိုက်ကာ အဆုံးမဲ့တောင်တန်းမှ ဟိုရှန်းနှင့် ရင်ဆိုင်လိုက်သည်။
ဖန်းယွင်ရှန်းသည်လည်း ဓားကိုဆွဲထုတ်လိုက်လေရာ ပတ်ဝန်းကျင်တစ်ခုလုံးမှ တိမ်နှင့်လေများ ပြောင်းလဲသွားသည်။ သူမက ပြင်းထန်သောအရှိန်အဟုန်ဖြင့် တိုက်ပွဲအတွင်းဝင်ရောက်သွားလေရာ ကျောက်မင်ကို ဝိုင်းဝန်းတိုက်ခိုက်နေသူများ နောက်ပြန်ဆုတ်သွားကြသည်။
စစ်ကူရောက်လာသဖြင့် ကျောက်မင်လည်း စိတ်သက်သာရာရစွာ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ သူက ခုနစ်စဉ်ကြယ်ဓားသိုင်းကို ထုတ်ဖော်ကာ အပြင်ပိုင်းကြယ်တာရာချီအဆင့် သက်လတ်ပိုင်းလူရွယ်ကို အာရုံစိုက်တိုက်ခိုက်လိုက်သည်။ ဖိအားများစွာ ခံစားရသည့်အတွက် သူ့ကျောပြင်တစ်ခုလုံး ချွေးများစိုရွှဲလျှက် ရှိ၏။
တိုက်ပွဲအတွင်းသို့ စစ်ခုန်ချင်း ဝင်ရောက်လာသည်နှင့် ဟိုရှန်းက အကြီးအကျယ်ဒေါသထွက်သွားပြီး…
“ဝါဒတောင်ကလူတွေ ၊ မင်းတို့တွေက ငါတို့ဂိုဏ်းရဲ့ နယ်မြေထဲမှာ ဒီလောက်အတင့်ရဲကြသလား”
ရန်ကျောက်ကဲက မီးတောက်များကို ငြိမ်းသတ်နေရင်း လှည့်မကြည့်ဘဲ ခပ်ပေါ့ပေါ့လေသံဖြင့် ဆိုသည်။
“ဒီမှာသေနေတဲ့ လူတွေအားလုံးက ဓားနဲ့ထိုးအသတ်ခံထားရတာ ၊ မင်းက ဓားမသုံးတဲ့သူဆိုတော့ လူသတ်သမားမဟုတ်ဘူးဆိုတာ ထင်ရှားတယ် ၊ ဒီတော့ စိတ်အေးအေးထားစမ်းပါ ၊ မင်း သေစရာမလိုပါဘူး”
ရန်ကျောက်ကဲစကားကြောင့် ဟိုရှန်း၏ခန္ဓာကိုယ်တစ်ချက်တောင့်တင်းသွားသည်။ ထို့နောက် ရန်ကျောက်ကဲကိုကြည့်ရင်း အေးစက်စွာပြုံးလိုက်၏။
“ဒီနေ့တော့ အသစ်အဆန်းတွေ တွေ့နေရတာပဲ ၊ ငါတို့ဆီလာပြီး အကူအညီတောင်းတဲ့သူတွေက ဒီလောက်မာနကြီးတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး ၊ ဟက်… မင်း ဘယ်သူလဲဆိုတာရယ် ၊ ငါတို့ တောင်တန်းနယ်မြေကို ဘာလို့ရောက်လာရတာလဲဆိုတာ ရယ် အကုန်လုံး ငါသိတယ်”
“ငါ့စိတ်ထဲ သိပ်မရှင်းပေမယ့် အခု မင်းတို့ဝါဒတောင်က ငါတို့အဆုံးမဲ့တောင်တန်းရဲ့ အကူအညီကို လိုအပ်နေတာ မဟုတ်လား ၊ ထူးကဲယင်သရဖူကို နေသူတော်စင်ဂိုဏ်းက ရသွားပြီဆိုတော့ သူတို့မှာ အထွတ်ထိပ်မှော်ဝင်လက်နက် (၂)ခု ရှိနေပြီလေ ၊ ဒါက မင်းတို့ဝါဒတောင်အနေနဲ့ ရင်မဆိုင်နိုင်တဲ့ကိစ္စပဲ”
ဟိုရှန်းက အသက် (၂၀)ပင် ပြည့်ဟန်မတူသေးပေ။ ဤအသက်အရွယ်ဖြင့် အတွင်းပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာအောင် ကျင့်ကြံရန်မှာ အတော်လေးခက်ခဲသည်ဟု ဆိုနိုင်သည်။
ထို့ပြင် သူကသိုင်းပညာ အလွန်တော်သူဖြစ်သည်။ စစ်ခုန်ချင်းနှင့် တိုက်ခိုက်ရာတွင် ယခုချိန်ထိ ဟာကွက်တစ်ခု မရှိသေးဘဲ စနစ်တကျ တိုက်ခိုက်နေဆဲ ဖြစ်သည်။
သူက ရန်ကျောက်ကဲကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့က ငါတို့ဆီက စစ်ကူလိုချင်နေတာလေ ၊ မင်းတို့နဲ့အတူ နေသူတော်စင်ဂိုဏ်းကို တိုက်ခိုက်ပေးဖို့ ငါတို့နဲ့ပူးပေါင်းချင်တာ မဟုတ်လား ၊ ဒါကြောင့် မင်းတို့အဖွဲ့ ငါတို့နယ်မြေထဲ တကူးတက ရောက်လာတာလေ”
“အရှေ့ထန်တိုက်ပွဲတုန်းက ငါတို့ဂိုဏ်းက မင်းတို့ဘက်က ရပ်တည်ပေးပြီး ဘာမှမလှုပ်ရှားဘဲ နေခဲ့တာနော် ၊ မင်းတို့က ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ မဟာမိတ်ဆိုပေမယ့် အဲဒီတုန်းက ငါတို့သာ နေသူတော်စင်ဂိုဏ်းဘက်က တိုက်ခိုက်ပေးမယ်ဆိုရင် ဘယ်သူအနိုင်ရမလဲဆိုတာ မပြောနိုင်ဘူး”
“အခု ကျောက်စိမ်းပင်လယ်မြို့တော်ကလည်း ထူးကဲယင်သရဖူကို ဆုံးရှုံးလိုက်ရပြီဆိုတော့ ကောင်းကင်မိုးကြိုးခန်းမက သူတို့ကို အာရုံစိုက်နေပြီ ၊ ငါတို့ အဆုံးမဲ့တောင်တန်းက မင်းတို့ကို ကူညီမယ်ဆိုရင် ကိစ္စမရှိပေမယ့် ငါတို့သာ နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် မင်းတို့ဝါဒတောင် တစ်ခါတည်းကိစ္စပြတ်သွားလိမ့်မယ်”
သူက စစ်ခုန်ချင်း၏ ဓားချက်ကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ခုခံရင်း ရန်ကျောက်ကဲကို အဆက်မပြတ် အော်ဟစ်ပြောဆိုနေခြင်း ဖြစ်သည်။
“မင်းမျက်လုံးကိုဖွင့်ပြီး အမြင်ကျယ်ကျယ်နဲ့ ကြည့်စမ်းပါ ၊ အကူအညီလိုချင်ရင် ယဉ်ယဉ်ကျေးကျေး အကူအညီတောင်းပါ ၊ ဒီနေရာက မင်းစိတ်ထင်ရာလုပ်လို့ရတဲ့နေရာ မဟုတ်ဘူး”