အခန်း (၁၂၂) တိမ်လွှာတောင်
ရန်ကျောက်ကဲတို့အုပ်စု တတိယအကြိမ်ထူးကဲယင်ပြိုင်ပွဲသတင်းကို ရရှိသကဲ့သို့ အဆုံးမဲ့တောင်တန်းမှ လူများသည်လည်း သတင်းရရှိကြသည်ပင်။
အပြင်ပန်းထုတ်ဖော်မပြကြသော်လည်း အဆုံးမဲ့တောင်တန်းမှလူများက သူတို့အပေါ် ပိုမိုနွေးထွေးစွာဆက်ဆံလာသည်ဟု ရန်ကျောက်ကဲ ခံစားမိသည်။
နေသူတော်စင်ဂိုဏ်း ပိုမိုကြီးမားသော အားသာချက်ကို ဆုပ်ကိုင်ထားပြီဖြစ်ရာ အဆုံးမဲ့တောင်တန်းအနေဖြင့် သူတို့ကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ပိုမိုသတိထားနေမည် ဖြစ်သည်။
အဆုံးမဲ့တောင်တန်းက လုံလောက်သော ကျောထောက်နောက်ခံ မရှိသေးသရွေ့ နေသူတော်စင်ဂိုဏ်း၏အင်အားကို ခံရပ်နိုင်ရန်အတွက် ဝါဒတောင်က သူတို့ကို ကူညီမည်ဆိုလျှင် ကောင်းသည့်ကိစ္စပင် ဖြစ်သည်။
သို့သော် တိမ်လွှာတောင်ရှိ ဘီလူးဝိညာဉ်သံလိုက်သွေးကြောကိစ္စနှင့်ပတ်သက်ပြီး သူတို့၏သဘောထားက တစ်စုံတစ်ခု မရေမရာဖြစ်နေသကဲ့သို့ ရန်ကျောက်ကဲ ခံစားရသည်။
သူတို့၏ ကနဦးတုံ့ပြန်မှုများက ရည်ရွယ်ချက်ရှိသည်လား မရှိသည်လား မသိနိုင်သော်လည်း အဆုံးမဲ့တောင်တန်းအနေဖြင့် အချို့ကိစ္စများတွင် ဝါဒတောင်နှင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်း သတိပြုမိသည်။
အဆုံးမဲ့တောင်တန်း၏ သဘောထားက အတော်လေး မရှင်းလင်းသေးသည့်တိုင် ဖူအန်းစု ၊ ရန်ကျောက်ကဲနှင့် အခြားသူများကတော့ ခရီးစဉ်အတိုင်း တိမ်လွှာတောင်ပိုင်နက်နယ်မြေသို့ မသိမသာ ဝင်ရောက်လာခဲ့ကြသည်။
“သခင်လေး ၊ ကျောက်မင်နဲ့ သူ့ကောင်မလေးလည်း တိမ်လွှာတောင်ကို ရောက်နေတယ်တဲ့”
အာဟူက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို ပြောလိုက်သည်။
အားဟူတစ်ယောက်ကတော့ လမ်းတစ်လျှောက်ခရီးနှင်ရင်း လက်အောက်ငယ်သားများ ပေးပို့သည့် သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကာ အလုပ်များနေသည်။
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…
“အမှန်ပဲ ၊ သွေးနီသက်တံ့ဂိုဏ်းက တိမ်လွှာတောင်တန်းပိုင်နက်နယ်မြေနဲ့ စီးပွားရေးအရ အဆက်အသွယ်ရှိတယ်လေ”
အားဟူက ခေါင်းညိတ်ရင်း…
“ဟုတ်ကဲ့… ယန်စွမ်းအားသီးသန့်ပါဝင်တဲ့ ယင်စွမ်းအားသီးသန့်နေရာတစ်ခုတွေ့ဖို့ဆိုတာ တော်တော်ရှားတယ် ၊ သွေးနီသက်တံ့ဂိုဏ်းအတွက် ဒီလိုနယ်မြေမှာ အမြင့်ဆုံးအဆင့် ဝိညာဉ်ဆေးပင်တွေ အများကြီး စိုက်ပျိုးနိုင်တယ် ၊ အဲဒါကြောင့် သူတို့က တိမ်လွှာတောင်မှာ မြေကွက်တွေငှားယမ်းပြီး ဆေးပင်စိုက်ပျိုးတဲ့လုပ်ငန်းကို လုပ်နေတာ မဟုတ်လား”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။ ဝါဒတောင်က ဤကိစ္စကို သိရှိသော်လည်း တားမြစ်ခြင်း မရှိပေ။
ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းတို့သည် ပြိုင်ဘက်များဖြစ်ကြသော်လည်း သူတို့ (၂)ဦးကြား ဆက်ဆံရေးက နေသူတော်စင်ဂိုဏ်းလောက် တင်းမာမှု မရှိပေ။
ဝါဒတောင်၏ကောင်းကင်နယ်မြေနှင့် အဆုံးမဲ့တောင်တန်း၏ တောင်တန်းနယ်မြေတို့အကြား တပည့်အချင်းချင်း ပဋိပက္ခဖြစ် တိုက်ခိုက်ကြသည်မှာ မရှိသလောက်နည်းပါးသည်။
တိမ်လွှာတောင်က အဆုံးမဲ့တောင်တန်းအတွက် အရေးကြီးသော နေရာတစ်ခု ဖြစ်သော်လည်း ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို မထိပါးသရွေ့ ပြင်ပလူအဝင်အထွက်ကို ကန့်သတ်ထားခြင်း မရှိပေ။
ဝါဒတောင်ကဲ့သို့ အဆင့်တူညီသည့် ပြိုင်ဘက်သိုင်းဂိုဏ်းများ ချဉ်းကပ်လာပါက အဆုံးမဲ့တောင်တန်းအနေဖြင့် သတိပြုစောင့်ကြည့်မည် ဖြစ်သော်လည်း သွေးနီသက်တံ့ဂိုဏ်းကဲ့သို့သော ဂိုဏ်းငယ်လေးကတော့ ပြဿနာမရှိလှပေ။
အားဟူက…
“သူတို့ရဲ့ ဆေးပင်စိုက်ခင်းတွေမှာ တစ်ခုခုဖြစ်နေတယ်လို့ သတင်းကြားတယ် ၊ ဒါကြောင့် ကျောက်မင်ရော ကျင်းယွင်ကျီပါ နှစ်ယောက်လုံး ရောက်လာကြတာ”
ကျင်းယွင်ကျီဆိုသည်က သွေးနီသက်တံ့ဂိုဏ်းချုပ်၏ သမီးဖြစ်ပြီး ဝါဒတောင်သို့ တပည့်အဖြစ် ဝင်ရောက်ခဲ့သူလည်း ဖြစ်သည်။
ရန်ကျောက်ကဲက…
“ငါတို့ တိမ်လွှာတောင်ကိုရောက်ရင် သူတို့ကိုအကြောင်းကြားလိုက်မယ်လေ ၊ အချိန်ရရင် ဆုံလို့ရတာပေါ့ ၊ ပြီးတော့ ကျင့်ဝတ်အရဆိုရင် သူတို့အနေနဲ့ ဆရာဒေါ်လေး’ဖူ’ကို လာပြီး ဂါရဝပြုရဦးမှာ မဟုတ်လား”
အားဟူက ရိုးရှင်းစွာပင် ရယ်မောလိုက်ရင်း…
“ဟုတ်တာပေါ့ သခင်လေး”
တိမ်လွှာတောင်တန်းပိုင်နက်နယ်မြေသို့ ဝင်ရောက်ပြီးသည့်နောက် ရန်ကျောက်ကဲတို့အုပ်စု မရေမတွက်နိုင်သော တောင်တန်းများကို ဖြတ်ကျော်ကာ အရှေ့ဘက်သို့ ခရီးဆက်ခဲ့ကြသည်။
တဖြည်းဖြည်း တိမ်လွှာတောင်၏ အမြင့်ဆုံးတောင်ထွတ်ကို စတင်တွေ့မြင်လာရပြီ ဖြစ်၏။
တိမ်လွှာတောင်တန်းတစ်ခုလုံးက ရစ်ခွေနေသည့် နဂါးကြီးတစ်ကောင်နှင့်ဆင်တူပြီး တိမ်လွှာတောင်ထွတ်ကတော့ နဂါးဦးခေါင်းပမာ ဖြစ်သည်။
ထိုတိမ်လွှာတောင်ထွတ်၏တောင်ခြေသို့ ပတ်ဝန်းကျင်တောင်တန်းများအားလုံးက တောင်ကြားချိုင့်ဝှမ်းတစ်ခုပမာ လာရောက်ပေါင်းစည်းလာကြသည်။ ထိုနေရာသည် ဘီလူးဝိညာဉ်သံလိုက်သွေးကြောတည်ရှိရာနေရာပင် ဖြစ်၏။
တိမ်လွှာတောင်တန်း၏ တစ်ဝက်ခန့်တွင် ဝိညာဉ်စမ်းကြောင်းလေးတစ်ခုရှိနေပြီး ထိုစမ်းချောင်းလေးကို ယင်ယန်တိမ်တိုက်စမ်းချောင်းဟု ခေါ်ဆိုသည်။
ဤယင်ယန်တိမ်တိုက်စမ်းချောင်းသည် အမှန်တကယ်ပင် ယန်စွမ်းအားသီးသန့်ပါဝင်သည့် ယင်စွမ်းအားသီးသန့်နေရာတစ်ခု ဖြစ်သည်။
ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောတည်ရှိသည့်အတွက် ဤနေရာတွင် အဆုံးမဲ့တောင်တန်းက အကြီးအကဲတစ်ယောက် စေလွှတ်ထားသည်။ ထိုအကြီးအကဲက တိမ်လွှာတောင်၏ အရေးကိစ္စများကို ဦးဆောင်ရသည်။ ထိုမျှမက တိမ်လွှာတောင်တွင် အမြဲတမ်းနေထိုင်သည့် အထူးတာဝန်ခံ ဝါရင့်သိုင်းဆရာသခင်တစ်ယောက်လည်း ရှိသေးသည်။ ထိုသူကိုတော့ သံလိုက်အကြီးအကဲဟု ခေါ်ကြသည်။
ရန်ကျောက်ကဲတို့နှင့်အတူ လိုက်ပါလာသည့် အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများကိုပါ ထည့်တွက်မည်ဆိုပါက တိမ်လွှာတောင်တွင် အဆုံးမဲ့တောင်တန်းမှ ဝါရင့်သိုင်းဆရာသခင် (၃)ဦး ရှိလေသည်။
တိမ်လွှာတောင်ကိစ္စများကို စီမံခန့်ခွဲသည့် ထိပ်တန်းအကြီးအကဲ၏နာမည်က အကြီးအကဲ’ကျော်’ ဖြစ်ပြီး ဂုဏ်သရေရှိအသွင်အပြင်ရှိသော လူရွယ်တစ်ယောက် ဖြစ်၏။
အကြီးအကဲ’ကျော်’ကို တွေ့သည်နှင့် ရန်ကျောက်ကဲ၏အကြည့်များ အနည်းငယ် တင်းမာသွားသည်။
အရှေ့ကောင်းကင်ဒေသတွင် စတည်းချနေသော အဆုံးမဲ့တောင်တန်းမှ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲသည် ဤအကြီးအကဲ’ကျော်’ ၏ လက်အောက်ခံတစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ ယခင်က အရှေ့ထန်တွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများထဲတွင် အဆုံးမဲ့တောင်တန်း၏ လှုပ်ရှားမှုများက သေချာပေါက် အကြီးအကဲ’ကျော်’ကြောင့် ဖြစ်နိုင်သည်။
အကြီးအကဲ’ကျော်’က မနှေးမမြန်လေသံဖြင့်…
“ငါတို့ဂိုဏ်းအတွက် ဘီလူးဝိညာဉ်သံလိုက်သတ္တုက အရေးကြီးဆုံးကိစ္စတစ်ခုပဲ ၊ ဒါပေမဲ့ မင်းတို့ ဝါဒတောင်ကလူတွေ ရုတ်တရက် ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး”
ဖူအန်းစုက ဤကိစ္စများကို ကိုင်တွယ်မည်ဖြစ်ရာ ရန်ကျောက်ကဲက တိတ်တဆိတ် ထိုင်စောင့်ရင်း တွေးတောနေသည်။
“ဒီကိစ္စက သူတို့အတွက် အတော်လေး အရေးကြီးတာဆိုတော့ လုံလောက်တဲ့ယုံကြည်မှုမရှိဘဲ ငါတို့အနေနဲ့ လွယ်လွယ်ကူကူတော့ လုပ်ရှားနိုင်မှာ မဟုတ်ဘူး”
မကြာသေးမီနှစ်များအတွင်း တိမ်လွှာတောင်တွင် ဘီလူးဝိညာဉ်သံလိုက်သတ္တုထွက်ရှိမှု တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။ သံလိုက်သတ္တု လုံးဝခမ်းခြောက်ပြုန်းတီးသွားပါက အဆုံးမဲ့တောင်တန်းအတွက် ကြီးမားသည့်အန္တရယ်ဖြစ်သည်။
ဘီလူးဝိညာဉ်သံလိုက်သတ္တုပြတ်လတ်သည့်ပြဿနာကို တိုက်ဖျက်ရန်အတွက် ဂိုဏ်းထဲတွင် ကြိုးပမ်းနေကြသော အကြီးအကဲများစွာ ရှိသည်။
လက်ရှိတွင် တူးဖော်ရရှိသည့် သံလိုက်သတ္တုများကို ဂိုဏ်းတွင်းအသုံးပြုမှုကန့်သတ်ထားပြီး ပြဿနာကို အဖြေရှာရန် ကြိုးစားနေသည်။
ထိုသို့ပြုလုပ်ခြင်းက အဆုံးမဲ့တောင်တန်း၏ ဖွံ့ဖြိုးတိုးတက်ခြင်းကို မရည်ရွယ်ဘဲ နှောင့်နှေးသွားစေသည်။
အကယ်၍ ဤပြဿနာကို ဖြေရှင်းနိုင်ပြီး ဘီလူးဝိညာဉ်သံလိုက်သတ္တုအများအပြား ပြန်လည်တူးဖော်နိုင်မည်ဆိုပါ အဆုံးမဲ့တောင်တန်း၏ ဖွဲ့ဖြိုးတိုးတက်မှုသည်လည်း အမြင့်ဆုံးအဆင့်သို့ သေချာပေါက် ရောက်ရှိလာနိုင်ပေမည်။
ဖူအန်းစုက…
“ငါတို့ဂိုဏ်း ရောက်လာရတဲ့ရည်ရွယ်ချက်က တကယ့်ကို ရိုးသားမှုရှိပါတယ် ၊ ဒါကြောင့် အဆုံးမဲ့တောင်တန်းအနေနဲ့ စိုးရိမ်စရာ မရှိပါဘူး”
ဖူအန်းစု၏ ကိုယ်ရည်ကိုယ်သွေးကို နားလည်သဘောပေါက်သည့် အကြီးအကဲ’ကျော်’က သူမ၏စကားကိုကြားသည့်အခါ ပြုံးလိုက်သည်။
ဝါဒတောင်က တိမ်လွှာတောင်ကို ဖျက်စီးရန်ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသည်ဆိုပါက အဆုံးမဲ့တောင်တန်းကို နေသူတော်စင်ဂိုဏ်းဘက်သို့ လုံးလုံးလျားလျား တွန်းပို့ခြင်းနှင့် ညီမျှသည်။
သို့သော် ဤကိစ္စနှင့်ပတ်သက်ပြီး သူ၏ကိုယ်ပိုင်အတွေးအမြင်တစ်ခုလည်း ရှိနေသေး၏။
ဝါဒတောင်သည် အကြောင်းတစ်ခုခု မရှိဘဲ အဆုံးမဲ့တောင်တန်းကို ကူညီရန် လာရောက်မည် မဟုတ်ပေ။ အင်အားစု (၂)ခု ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရယူရန်သာဖြစ်သည်။ မည်သည့်ဘက်က အကျိုးအမြတ်ပိုမိုရရှိသလဲဆိုသည်ကတော့ တခြားကိစ္စ ဖြစ်၏။
အကြီးအကဲ’ကျော်’က…
“မင်းက မြေပြင်အနေအထားကို စုံစမ်းချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား ၊ ဆိုတော့ လိုအပ်တာတွေ ပြင်ဆင်ပြီးရင် ငါမင်းတို့ကို လိုက်ပို့ပေးပါ့မယ်”
ဖူအန်းစုက ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်ပြီး…
“မင်း အနားယူဖို့ လိုသေးလား”
ဟု မေးလိုက်၏။
ဆရာဒေါ်လေး’ဖူ’ လောနေသည်ကိုကြည့်ပြီး ရန်ကျောက်ကဲ နှုတ်ခမ်းမဲ့လိုက်ချင်သည့်တိုင် အောင့်အည်းသည်းခံလိုက်ရင်း…
“ကျွန်တော်က အချိန်မရွေး အဆင်သင့်ပါ”
ဖူအန်းစုက ခေါင်းညိတ်လိုက်ရင်း အကြီးအကဲ’ကျော်’ကို ကြည့်လိုက်သည်။
“အခု အချိန်စောသေးတာပဲ ၊ သွားကြတာပေါ့”
အကြီးအကဲ’ကျော်’နှင့် အဆုံးမဲ့တောင်တန်းမှ အခြားအကြီးအကဲ (၂)ယောက်တို့ မျက်လုံးချင်းဆုံလိုက်ကြပြီးနောက် ခေါင်းညိတ်လိုက်ကြ၏။
တိမ်လွှာတောင်တွင် အမြဲတမ်းနေထိုင်သည့် အထူးတာဝန်ခံ သံလိုက်အကြီးအကဲက…
“ဒါဖြင့် ငါ့နောက်လိုက်ခဲ့ကြပါ”
သူတို့အဖွဲ့ တောင်ကြားအတွင်းသို့ ဝင်ရောက်ပြီး ကျောက်တွင်းရှိရာသို့ တန်းလာခဲ့သည်။ ကျောက်တွင်းဆီသို့ရောက်သည်နှင့် ဝိညာဉ်စွမ်းအားများစီးဆင်းနေသည်ကို ခံစားလိုက်ရပြီး ရန်ကျောက်ကဲစိတ်ထဲတွင် သေချာမှုများ ပိုမိုတိုးပွားလာသည်။
အကြီးအကဲ’ကျော်’က…
“ငါတို့ လက်ရှိသတ္တုရိုင်းထုတ်ယူတဲ့နည်းလမ်းက အတော်လေးကြမ်းတယ် ၊ ငါတို့ရဲ့ တည်ထောင်သူဘိုးဘေးက ဘီလူးဝိညာဉ်ကျင့်စဉ်ကို တီထွင်ခဲ့ပေမယ့် ဘီလူးဝိညာဉ်သံလိုက်သတ္တု တူးဖော်ရေးနည်းပညာတွေကိုတော့ ခိုင်ခိုင်မာမာ တိတိကျကျ မပြောသွားခဲ့ဘူး ၊ နောက်ပိုင်း ငါတို့တွေ တီထွင်ခဲ့တဲ့ ကျောက်တွင်းတူးဖော်တဲ့ ပညာတွေက ရိုးရှင်းပြီးကြမ်းတမ်းတဲ့အတွက် သတ္တုသွေးကြောကို အနည်းငယ် ထိခိုက်စေခဲ့တယ်”
စကားအသွားအလာကို တိတ်တဆိတ်တွက်ချက်ကြည့်ပြီးနောက် ရန်ကျောက်ကဲ၏စိတ်ထဲတွင် မျက်နှာပျက်သွားသည်။
“ငါတို့ဂိုဏ်းအပြင် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်နေတဲ့ တခြားတစ်ယောက် ရှိပုံရတယ် ၊ အဲဒါက အဆုံးမဲ့တောင်တန်းက သုတေသနပြုထားတာတော့ မဖြစ်နိုင်ဘူး ၊ မဟာကပ်ဘေးမတိုင်ခင်က ပင်ကိုယ်စွမ်းရည်အချို့ ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ရဲ့ လက်ချက်ပဲဖြစ်ရမယ်”
“အင်း… ဒါကြောင့် သူတို့သဘောထားက မပြတ်မသားဖြစ်နေတာ မအံ့သြတော့ပါဘူး ၊ သူတို့က တခြားနေရာကနေ မျှော်လင့်ချက်ရှာတွေ့ထားပြီဆိုတော့ ငါတို့အပေါ် သိပ်စိတ်မဝင်စားတော့ဘူးပေါ့ ၊ ဒါပေမဲ့ သူတို့က လက်ရှိ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိပုံရတယ် ၊ ဒါကြောင့် ငါတို့ရဲ့ကမ်းလှမ်းမှုကိုလည်း ပြတ်ပြတ်သားသား မငြင်းသေးတာပဲ”
ရန်ကျောက်ကဲက သူ့မေးစေ့ကိုပွတ်ရင်း စဉ်းစားလိုက်သည်။
မည်သို့ပင်ဖြစ်စေ အရာအားလုံးက အပြင်ပန်းတွင် ပုံမှန်အတိုင်းပင် ရှိနေသေးသည်။
ကျောက်တွင်းမှ ပြန်လည်ထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲက တောင်ကြားတစ်လျှောက် အေးအေးဆေးဆေး လျှောက်ကြည့်နေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဤနေရာမှ ဝိညာဉ်စွမ်းအားများ၏ ပဲ့တင်ထပ်မှုကို ခံစားနေရသည်။
“ယန်စွမ်းအားက တောင်ပေါ်ကနေ မြေကြီးထဲကို တိုက်ရိုက်စီးဆင်းသွားတာပဲ”
ရန်ကျောက်ကဲ မျက်မှောင်ကြုတ်ကာစဉ်းစားရင်း တောင်ကြားထဲမှ ထွက်လာပြီးနောက် သူ့ရှေ့မှ တိမ်လွှာတောင်တန်းကြီးကို ခေါင်းမော့ကြည့်လိုက်သည်။
ရုတ်တရက် တောင်ပေါ်လမ်းတစ်ဝက်တွင် မီးလောင်နေသည်ကို တွေ့လိုက်ရ၏။
ရန်ကျောက်ကဲ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ရင်း…
“ဘာအထာလဲကွာ… ၊ အဆုံးမဲ့တောင်တန်းက ကိုယ့်တောင်ကိုယ်ပြန်ပြီး မီးလောင်တိုက်သွင်းနေတာလား”
သူတွေးနေစဉ်မှာပင် သတိလစ်နေသူတစ်ယောက်ကိုပွေ့ချီရင်း အားဟူတစ်ယောက် အပြေးအလွှားရောက်ရှိလာသည်။
အားဟူခေါ်လာသူမှာ ကျောက်မင်တို့အဖွဲ့မှငှားရမ်းထားသည့် ကြေးစားတစ်ယောက်ဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။
ထိုသူ သတိပြန်ရလာပြီး ရန်ကျောက်ကဲကို တွေ့သည်နှင့် ချက်ချင်းပင် ဝမ်းသာအားရ ဂါရဝပြုလိုက်သည်။
“သခင်လေး’ရန်’ ၊ သခင်လေး ဒီကိုရောက်နေတာ ကံကောင်းတာပဲ ၊ စတုတ္ထမင်းသား တောင်ပေါ်မှာ အဆုံးမဲ့တောင်တန်းက လူတွေနဲ့ ပြဿနာတက်နေပါတယ်”