အခန်း (၁၂၁) ပျံသန်းသည့်ခရီးစဉ်
ဖူအန်းစုကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီးနောက် ရန်ကျောက်ကဲ အလွန်ပင် စိတ်အေးသွားသည်။
အမှန်တော့ ဖူအန်းစုကို စည်းရုံးနိုင်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ဆရာဒေါ်လေး’ဖူ’ ဆိုသည်က သူ ကြိုက်သည် မကြိုက်သည်ကို စိတ်ခံစားချက်အတိုင်း လုပ်လေ့ရှိသူဖြစ်သည် မဟုတ်ပါလား။
ရွှေစတစ်ထောင်ဖြင့် ပျော်ရွှင်မှုကို မဝယ်ယူနိုင်ပေ။ တစ်ခါတစ်ရံ လောကတွင် ယုတ္တိဗေဒအတိုင်း အလုပ်မဖြစ်သည့် ကိစ္စများလည်း ရှိပေ၏။
ရန်ကျောက်ကဲကလည်း မလိုအပ်လျှင် သူမနှင့် အချိန်ဖြုန်းနေမည် မဟုတ်ပေ။
သို့သော် ဤကိစ္စများက အလွန်ရှုတ်ထွေးလှပြီး ဖန်းယွင်ရှန်းနှင့် ပထမဆုံးတွေ့ဆုံချိန်ကပင် စီစဉ်ထားပြီးသားကိစ္စများ ဖြစ်သည်။
ဖူအန်းစုသာ ရုတ်တရက် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်မလာပါက သူ့အတွက် ဤမျှလောက် အခက်တွေ့မည် မဟုတ်ပေ။
မဟာကပ်ဘေးကြီးကြောင့် ရှေးအမွေအနှစ်များစွာ ပျက်စီးသွားလေရာ လက်ရှိကမ္ဘာတွင် များစွာသောအရာများမှာ သုညမှ ပြန်လည်စတင်ခဲ့ရသည်။ ထို့ကြောင့် ရန်ကျောက်ကဲ အမြင်တွင် ထူးကဲယင်ခန္ဓာနှင့်ပတ်သက်ပြီး လက်ရှိကမ္ဘာ၏နားလည်မှုက အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။
ထိုက်ယင်းကျင့်စဉ်ကျမ်း၏ ဒဏ္ဍာရီဆန်ဆန် ကောလဟလများကို ကြားသိထားကြသည့်တိုင် လက်ရှိကမ္ဘာက မသိရှိသေးသောအရာ များစွာရှိသည်။
ကောင်းကင်ဘုံနန်းတော်ရှိ စာကြည့်တိုက်တွင် သိမ်းဆည်းထားသည့် ကျမ်းစာများအားလုံးကို အကျယ်တဝင့် ဖတ်ရှုပြီးနောက် ရန်ကျောက်ကဲသည် ထူးကဲယင်မိန်းမပျိုများနှင့်ပတ်သက်သည့် အခြားသောကျမ်းစာများကိုလည်း သိရှိခဲ့သည်။
ထိုကျမ်းစာများထဲတွင် ထူးကဲယင်မိန်းမပျိုများအတွက်သာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ အခြားသိုင်းကျင့်ကြံသူများလည်း ကျင့်ကြံနိုင်သည့် ကျင့်စဉ်များ ပါဝင်သည်။
ရန်ကျောက်ကဲက ထိုအရာများကို အလွန်စိတ်ဝင်စား၏။
သူနှင့်ဖန်းယွင်ရှန်း အပြန်အလှန် ပြောဆိုမှုများမှ အချို့သောအရာများ၏ အစစ်အမှန် တုံ့ပြန်မှုများ သိရှိခဲ့ရပြီး ထိုအချက်များကို ကိုးကားကာ သူ့အတွက် လိုအပ်သော အတည်ပြုမှုများ ရယူခဲ့သည်။ ထို့နောက် သူနားလည်ချင်သော သိုင်းတာအိုနှင့်ပတ်သက်သည့် အခြေခံသဘောတရားများအတွက် ကြီးမားသော အကူအညီရရှိခဲ့သည်။
ဤကိစ္စများအားလုံးက အပြင်လူများမသိအောင် ပြုလုပ်ရမည့်အလုပ်များ ဖြစ်သည်။
ထိုပြင် ဖန်းယွင်ရှန်း ပြန်လည်အားကောင်းလာစေရန်အတွက် ထိုက်ယင်းကျင့်စဉ်ကျမ်းသာမက အခြားသော နည်းလမ်းများစွာ ရှိသေးသည်။
လျှို့ဝှက်ချက်များစွာတွင် အချို့လျှို့ဝှက်ချက်များကို သိုဝှက်ထိန်းချုပ်သင့်သော်လည်း အချို့ကိုတော့ ထိုက်သင့်သလောက် ထုတ်ဖော်ပြောရပေလိမ့်မည်။
လျှို့ဝှက်ချက်များအားလုံးကို ထိန်းချုပ်ထားမည်ဆိုပါက ဖန်းယွင်ရှန်းအနေဖြင့် မန်ဝမ်နှင့်အခြားသူများကို လိုက်မီစေရန် ဆောင်ရွက်ပေးနိုင်မည်ဟု ရန်ကျောက်ကဲ မည်သို့ အာမခံနိုင်ပါမည်နည်း။
ထူးကဲယင်ပြိုင်ပွဲတွင် သူမ အနိုင်မယူနိုင်ခဲ့လျှင် သူမ ရင်ဆိုင်ရသည့် အခက်အခဲများအားလုံးသည် အဘယ်မှာ အဓိပ္ပါယ် ရှိပါမည်နည်း။
ဖန်းယွင်ရှန်းက သိုင်းတာအိုတွင် ပါရမီရှိသည်မှာ အမှန်ပဲ ဖြစ်သည်။ ထူးကဲယင်ခန္ဓာကိစ္စ ဘေးဖယ်ထားပြီး ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုလျှင်ပင် သူမအနေဖြင့် အနာဂတ်တွင် အောင်မြင်မှုများစွာ ရရှိမည် ဖြစ်သည်။
သို့သော် သူမ၏ အနာဂတ်အလားအလာကောင်းများက အစစ်အမှန်စွမ်းအားအဖြစ် အချိန်တိုအတွေင်း ပြောင်းလဲလာနိုင်မည် မဟုတ်သလို ဤကမ္ဘာ၏ အာဏာချိန်ခွင်လျှာကို ဆုံးဖြတ်ရာတွင် ပြတ်ပြတ်သားသား ဗျူဟာမြောက်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ဝါဒတောင်တွင် မွေးဖွားကြီးပြင်းလာသည့် ဝါဒတောင် ဇာတိဖြစ်သည်။ သူကိုယ်တိုင်ဖြစ်စေ ၊ သူ့ဖခင်ဖြစ်စေ နှစ်ယောက်လုံးက ဝါဒတောင်နှင့် ဆိုးတူကောင်းဖက် အရာအားလုံးကို ချည်နှောင်ထားသည်။ ဝါဒတောင် ဘုန်းအသရေမြင့်မားသောအခါ သူတို့လည်း ဘုန်းအသရေမြင့်မားမည်ဖြစ်သလို ဝါဒတောင်ထိခိုက်နစ်နာသောအခါ သူတို့လည်း ထိခိုက်နစ်နာကြမည်ပင်။
ထို့ကြောင့် ကိုယ်ရေးကိုယ်အတွက်ဖြစ်စေ ၊ ဂိုဏ်းအတွက်ဖြစ်စေ ယခုတစ်ကြိမ် သူ ဆုပ်ကိုင်မိသည့်အရာကို တိုးတက်မှုရရှိစေရန် သေချာအောင် ပြုလုပ်ရမည် ဖြစ်၏။
ကံကောင်းသည်မှာ အစောပိုင်းက ရန်ကျောက်ကဲ ဟောကိန်းထုတ်ခဲ့သည့်အတိုင်း ဖူအန်းစုသည် သူမရင်ထဲမှ ဆန္ဒအတိုင်း ထင်သလိုလုပ်တတ်သော်လည်း ဝါဒတောင်နှင့်ပတ်သက်သည့်ကိစ္စရပ်များတွင် မည်သည့်အရာက ပိုမိုအရေးကြီးသည်ကို ချိန်ဆနိုင်စွမ်း ရှိသည်။
သူမက အနိုင်ယူရသည်ကို သဘောကျသော်လည်း တစ်ခါတစ်ရံမှာတော့ ဂိုဏ်းအကျိုးအတွက် သူမ၏ စကားများကို ပြန်လည်ရုတ်သိမ်းတတ်သူ ဖြစ်သည်။ ထူးကဲယင်မိန်းမပျိုကိစ္စတွင် သူမအရည်အချင်းများက ရန်ကျောက်ကဲထက် နိမ့်ကျကြောင်း ဝန်ခံခဲ့သည်။
ဖူအန်းစုက သူမစိတ်ဓာတ်ကို ပြန်လည်စုစည်းလိုက်ရင်း…
“တိမ်လွှာတောင်တန်းကိစ္စကိုလည်း ငါ သတင်းရထားပါတယ် ၊ အဲဒီကိစ္စမှာရော အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိတယ်လို့ မင်းထင်သလဲ”
ရန်ကျောက်ကဲက လေးနက်သည့်အမူအရာဖြင့်…
“အနည်းဆုံး (၈၀) ရာနှုန်းရှိပါတယ် ၊ ပိုပြီး ရှင်းရှင်းလင်းလင်း သိချင်တယ်ဆိုရင်တော့ တိမ်လွှာတောင်ကိုရောက်မှ ကိုယ်တိုင်စစ်ဆေးကြည့်ပြီး အတိအကျ သိနိုင်ပါမယ်”
ဖူအန်းစုက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…
“မင်း ကြွားလုံးထုတ်တာ မဟုတ်ဘူးဆိုရင် (၈၀)ရာနှုန်းဆိုတာ အတော်လေး များနေပါပြီ ၊ ကဲ… ဒါဖြင့် ငါတို့အခုပဲ တိမ်လွှာတောင်ကို သွားရအောင်”
ပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ လေထုတစ်ခုလုံး ရွေ့လျားသွားပြီး မရေမတွက်နိုင်သော ချီစွမ်းအားစီးကြောင်းများ မြင့်တက်လာသည်။ ထိုချီစွမ်းအားစီးကြောင်းများက ရန်ကျောက်ကဲ ၊ အားဟူ ၊ ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့ကို ရစ်ပတ်သွားသည်။
“ယွင်ရှန်းက အစကတည်းက တိမ်လွှာတောင်ကို သွားရမယ့်သူပဲ ၊ စစ်ခုန်… မင်းလည်း ငါတို့နဲ့ လိုက်ခဲ့ရမယ် ၊ ဒါမှ စိတ်စွမ်းအားနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေရမှာ ၊ လမ်းတစ်လျှောက် မင်းကို သိုင်းပညာ သင်ပြပေးမယ် ၊ မင်းရဲ့ ကျင့်ကြံခြင်းကို လုံးဝ မနှောင့်နှေးစေနဲ့”
ရေကန်အလယ်မှ ကျွန်းငယ်လေးကို ဝန်းရံထားသည့် ရေတံတိုင်းက အေးဆေးစွာ ဆင်းသက်လာပြီး ဖူအန်းစုက ရန်ကျောက်ကဲနှင့် အခြားသူများကို သိမ်းယူသွားကာ အဝေးတစ်နေရာသို့ ပစ်လွှတ်လိုက်သည်။
အားဟူက လျှာတစ်ချက်ထုတ်လိုက်ပြီး ရန်ကျောက်ကဲကို အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။
“သခင်လေး… ဒါက လျှပ်စီးလျှင်မြန်စွမ်းအားမဟုတ်လား ၊ နည်းနည်းတော့များသွားပြီနော်”
“သွားဖို့စဉ်းစားထားရင် ချက်ချင်းသွား ၊ ခွဲခွာဖို့စဉ်းစားမယ်ဆိုရင် ချက်ချင်းခွဲခွာ…”
ရန်ကျောက်ကဲက သူ့မျက်ခုံးများကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း…
“အရင်က အဖေတို့မျိုးဆက်ကလူကြီးတွေပြောတဲ့စကားကို တိုက်တိုက်ဆိုင်ဆိုင်ကြားဖူးခဲ့တာ ၊ သူတို့ငယ်ငယ်တုန်းက လျှပ်စီးလျှင်မြန်စွမ်းအားနဲ့ပတ်သက်ပြီး အဲဒီစကားက အတော်လေး ရေပန်းစားခဲ့တယ်ဆိုပဲ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“ဖူအန်းစုရဲ့ အတွေးတွေက (၆)လပိုင်းနေ့ရက်တွေလို မှန်းဆလို့မရနိုင်ဘူး ၊ ကဲ… ပျံသန်းတဲ့ခရီးစဉ်တစ်ခုလို့ သတ်မှတ်လိုက်ကြတာပေါ့ကွာ”
ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့မှာ အနည်းငယ်ထိတ်လန့်သွားသည့်တိုင် သူတို့စိတ်များကို ထိန်းချုပ်လိုက်ပြီး လျှင်မြန်စွာ ငြိမ်သက်သွားကြသည်။
ဖန်းယွင်ရှန်းက ဖူအန်းစုလောက် စိတ်ဓာတ်တက်ကြွမှု မရှိသော်လည်း သူမတွင် ဖြောင့်မတ်သော ပင်ကိုယ်စရိုက်ရှိပြီး ကိစ္စရပ်များကို တည့်တည့်သာ ရှုမြင်တတ်သည်။ စစ်ခုန်ချင်းကတော့ သိုင်းပညာမှလွဲပြီး အခြား မည်သည့်အရာကိုမှ စိတ်ဝင်စားသူ မဟုတ်ပေ။
ဖူအန်းစုဦးဆောင်ပျံသန်းပြီး မြင့်မားသောတောင်တန်းများစွာကို ဖြတ်ကျော်ကာ တောင်တန်းနယ်မြေသို့ အလျှင်အမြန် ထွက်ခွာလာကြသည်။
ပထမဆုံး သူတို့ဦးတည်သည်က တောင်တန်းနယ်မြေအလယ်ပိုင်းတွင် တည်ရှိသော အဆုံးမဲ့တောင်တန်းသို့ ဖြစ်သည်။ ပြီးမှ တောင်တန်းနယ်မြေ အရှေ့ပိုင်းရှိ တိမ်လွှာတောင်သို့ ဆက်လက်ခရီးဆက်မည် ဖြစ်သည်။
ကောင်းကင်နယ်မြေက ဒေသ (၅)ခု ပိုင်းခြားထားသော်လည်း တောင်တန်းနယ်မြေကတော့ “ပိုင်နက်နယ်မြေ”များအဖြစ် ခွဲခြားထားသည်။
တောင်တန်းနယ်မြေက တောင်းကုန်းတောင်တန်းများဖြင့် ပြည့်နက်နေသည့်အတွက် “ပိုင်နက်နယ်မြေ” များ အားလုံးကို အရွယ်အစား အမျိုးမျိုးရှိသော တောင်တန်းများအလိုက် အမည်ပေးထားသည်။
ဥပမာဆိုရသော် တောင်တန်းနယ်မြေ၏ ထိပ်သီးသိုင်းဂိုဏ်းတစ်ခုဖြစ်သော အဆုံးမဲ့တောင်တန်းတည်ရှိရာနေရာကို “အဆုံးမဲ့တောင်တန်းပိုင်နက်နယ်မြေ” ဟု သတ်မှတ်သည်။
တိမ်လွှာတောင်တန်းတစ်လျှောက်ကိုတော့ “တိမ်လွှာတောင်တန်းနယ်မြေ”ဟု သတ်မှတ်ထားပြီး ထိုတောင်တန်းကြီး၏ အဓိကတောင်ထွတ်ကြီးမှာ တိမ်လွှာတောင် ဖြစ်သည်။
တိမ်လွှာတောင်ပိုင်နက်နယ်မြေသည် တောင်တန်းနယ်မြေအရှေ့ဘက်တွင်တည်ရှိသည်။ အရှေ့ဘက်တွင် မိုးကြိုးနယ်မြေနှင့် ထိစပ်နေသည်။ အရှေ့တောင်ဘက်တွင် မြေကမ္ဘာနယ်မြေ ၊ တောင်ဘက်တွင် ကောင်းကင်နယ်မြေ၏ အရှေ့ကောင်းကင်ဒေသနှင့် ဆက်စပ်နေပြီး အနောက်တောင်ဘက်တွင်တော့ ကောင်းကင်နယ်မြေ၏ မြောက်ကောင်းကင်ဒေသ တည်ရှိသည်။
မြေကမ္ဘာနယ်မြေ အစပ်ဖြစ်သော နဂါးချုပ်လှောင်ချောက်နက်သည် ကောင်းကင်နယ်မြေ၏ အရှေ့ကောင်းကင်ဒေသကို ဖြတ်သွားပြီး တောင်တန်းနယ်မြေ၏ တိမ်လွှာတောင်တန်းပိုင်နက်နယ်မြေအတွင်းသို့ ဝင်ရောက်လာသည်။
အလားတူပင် မြေကမ္ဘာနယ်မြေမှ မြစ်ဖျားခံလာသည့် အဆုံးမဲ့အရိပ်မြစ်သည် တိမ်လွှာတောင်တန်းပိုင်နက်နယ်မြေကို ဖြတ်သန်းစီးဆင်းပြီးမျာ အရှေ့ကောင်းကင်ဒေသသို့ ဆက်လက်စီးဆင်းသည်။
တိမ်လွှာတောင်က ဘီလူးဝိညာဉ်သံလိုက်သတ္တုနှင့်ဆက်စပ်နေသည့်အတွက် အဆုံးမဲ့တောင်တန်းက အရေးကြီးသည့် နေရာတစ်ခုအဖြစ် ရှုမြင်သည်။ သူတို့က မိုးကြိုးနယ်မြေမှ ကောင်းကင်မိုးကြိုးခန်းမ၏ ကျူးကျော်ဝင်ရောက်လာမှုကို အနီးကပ်စေင့်ကြပ်ကာကွယ်နေပြီး ကောင်းကင်နယ်မြေမှ ဝါဒတောင်ကျူးကျော်လာမည်ကိုလည်း စောင့်ကြည့်နေသည်။
ဖူအန်းစု ၊ ရန်ကျောက်ကဲနှင့် အခြားသူများ ရောက်ရှိလာသည့်သတင်းကို လက်ခံရရှိသည်နှင့် အဆုံးမဲ့တောင်တန်းက သူတို့ကို ချက်ချင်းပင် လက်ခံတွေ့ဆုံသည်။
သူတို့ရောက်လာရသည့်အကြောင်းရင်းက ဘီလူးဝိညာဉ်သံလိုက်သတ္တုနှင့် ပတ်သက်နေကြောင်း အရိပ်အမြွက် ထုတ်ဖော်ပြောဆိုလိုက်လျှင် အဆုံးမဲ့တောင်တန်းက သူတို့ကို အထူးဦးစားပေးမည်ဟု ထင်ခဲ့ကြသည်။
သို့သော် အဆုံးမဲ့တောင်တန်းက သူတို့တွေးထားသလောက် ဟက်ဟက်ပက်ပက် မရှိကြကြောင်း ဖူအန်းစုရော ရန်ကျောက်ကဲပါ သတိပြုမိကြသည်။
အရှေ့ထန်တိုက်ပွဲအပြီးတွင် လက်ရှိကမ္ဘာ၏ အာဏာချိန်ခွင်လျှာသည် ဝါဒတောင်ဘက်သို့ အမှန်တကယ်ပင် သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့သည်။
သို့သော် အဆုံးမဲ့တောင်တန်း၏ ပုံမှန်မဟုတ်သော လက္ခဏာအချို့ကို ရန်ကျောက်ကဲ အနည်းငယ် ခံစားမိသည်။
“တစ်ခုခုတော့ ထူးဆန်းတယ်”
မျက်နှာထက်တွင် ထုတ်ဖော်မပြသော်လည်း ရန်ကျောက်ကဲ စိတ်ထဲမှ ရေရွတ်လိုက်၏။
ထို့နောက်တွင်တော့ ဖူအန်းစုနှင့် အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများ ဦးဆောင်ပြီး တိမ်လွှာတောင်သို့ အတူတူ ဆက်လက်ခရီးထွက်ခဲ့ကြသည်။
တိမ်လွှာတောင်သို့ သွားရာလမ်းတွင် ဝါဒတောင်အတွက် အိပ်မက်ဆိုးပမာ သတင်းတစ်ခုကိုလည်း ရန်ကျောက်ကဲတို့အုပ်စု ကြားသိခဲ့ရသည်။
တတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် နေသူတော်စင်ဂိုဏ်းမှတပည့် မန်ဝမ်သည် နိဗ္ဗာနမီးတောက်ထဲတွင် ပုန်းအောင်းနေသည့် ဇာမဏီငှက်ပမာ ဘုရင်မတစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ပြသရင်း ထူးကဲယင်သရဖူကို ပြန်လည်ရယူနိုင်ခဲ့သည်။
ဖန်းယွင်ရှန်း၏အတိတ်ကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် သူမသာ မတော်တဆမှုနှင့် မကြုံခဲ့ရလျှင် ထူးကဲယင်မိန်းမပျိုများထဲတွင် မန်ဝမ်က အတော်ဆုံး ဖြစ်သည်။
ယခု ထူးကဲယင်သရဖူက နေသူတော်စင်ဂိုဏ်း၏လက်ထဲ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ ကမ္ဘာကြီး၏ အာဏာချိန်ခွင်လျှာသည်လည်း ချက်ချင်းပင် ပြန်လည် ပြောင်းလဲသွားပြီ ဖြစ်သည်။
သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ‘အရှေ့အရပ်မှထွက်သောနေ‘ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးသည့်တိုင် နေသူတော်စင်ဂိုဏ်းအနေဖြင့် မရေရာသော အခြေအနေ မဟုတ်တော့ပေ။
ထိုသတင်းကိုကြားသည်နှင့် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမကလည်း ရန်ကျောက်ကဲကို ပြန်လှည့်ကြည့်လာသည်။
ဖန်းယွင်ရှန်း၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး အံ့သြသည့် အရိပ်အယောင်တစ်ချက်ပင် မပြပေ။
အခြေအနေများက ပြောင်းလဲသွားပြီဖြစ်လေရာ ရန်ကျောက်ကဲ၏ လက်ရှိအလုပ်များက ပိုမိုအရေးကြီးလာခဲ့လေပြီ။