ချီယွမ်သည် တင်ပျဉ်ခွေထိုင်နေသော လီချန်ရှို့ကိုကြည့်ကာ ကြောင်သွားသည်။ သူသည် လင်းအယ်ကို လှည့်ကြည့်လိုက်သည်။
“ မင်းပြောတော့ မင်းအစ်ကိုကြီးက သတိလစ်သွားတာဆို။ အခု အကောင်းကြီးပဲမဟုတ်လား… ”
လင်းအယ်သည် မျက်တောင်ခတ်၍ ချီယွမ်၏ အနောက်ကို လက်ညှိုးထိုးပြလိုက်၏။
“ ဆရာ…ကြည့်… အစ်ကိုကြီးရဲ့ မူလဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်သွားပြီ ”
“ အာ… ”
ချီယွမ်လှည့်ကြည့်လိုက်ရာ သူ၏တပည့်ကြီးသည် တောင်းပန်သည့်ဟန်ဖြင့် ပြုံးကာ ကြည့်နေလေသည်။
တာအိုရသေ့အိုကြီး ချီယွမ်၏ နှာခေါင်းထဲတွင် လတ်ဆတ်သော အမွှေးနံလေးတစ်ခု ရောက်ရှိလာ၏။ သူ မတုံ့ပြန်နိုင်လိုက်ခင်မှာပင် ဆေးအာနိသင်သည် သူ၏ မူလဝိညာဉ်အပေါ် အကျိုးသက်ရောက်သွားပေပြီ။
တာအိုအခြေသိပ်မခိုင်သော မြေနတ်ဝိဇ္ဇာသည် မျက်ဖြူလန်၍ မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်းလဲကျသွား၏။
လီချန်ရှို့သည် လက်သွက်၏။ သူသည် သားရဲ သားရေအိတ်ကိုထုတ်၍ သူ့ဆရာကို အထဲသို့ထည့်လိုက်သည်။
ထို့နောက် သူက ညင်သာစွာရေရွတ်လိုက်၏။
“ သေးစေ ”
ထိုအရာသည် သူ့ဆရာကိုထည့်ရန် လီချန်ရှို့တစ်ယောက် အထူးပြုလုပ်ထားသော အိတ်ဖြစ်သည်။ ၎င်းကို ဝိညာဉ်သားရဲ သားရေဆယ်မျိုးကျော်ဖြင့် ပြုလုပ်ထားခြင်းပင်။ ယင်းအိတ်သည် လက်ကိုင်အိတ်တစ်လုံးအရွယ်သို့ ဖျတ်ခနဲ ပြောင်းလဲသွား၏။ လီချန်ရှိ့သည် ထိုအိတ်ကို လင်းအယ်ထံသို့ ပေးလိုက်သည်။
လင်းအယ်သည် လက်ထဲရှိ ကြွေပုလင်းလေးကို ပြန်ပိတ်လိုက်ရင်း စိတ်မသက်မသာဟန်ဖြင့် ပြောလိုက်သည်။
“ အစ်ကိုကြီး… နောက်ကျရင် ဆရာ့က သူ့ကို ဒီလို လှည့်စားရကောင်းလားဆိုပြီး သေအောင် ဆူပူတော့မယ်ထင်တယ် ”
လီချန်ရှို့သည် လက်နောက်ပစ်၍ ရပ်နေပြီး အသံပို့လွှတ်လိုက်သည်။
“ ညီမလေးလည်း ဆရာ့ရဲ့ အကျင့်စရိုက်ကိုသိတာပဲ။ တကယ်လို့သာ စွမ်းအားကြီးရန်သူတွေလာတိုက်ရင် ဆရာက ရှေ့ကဦးဆောင်ပြီး ပြန်တိုက်မှာ။ နောက်မှပဲ အစ်ကို ဆရာ့ကို ရှင်းပြလိုက်ပါမယ် ”
“ ညီမလေး… အရင်ကပြောထားသလိုပဲ အစ်ကို့ကို ဒီမှာစောင့်နေ။ ခဏနေရင် ဂိုဏ်းက ခေါင်းလောင်းထိုးလိမ့်မယ်။ တပည့်ငယ်တွေ ကောင်းကင်ခွင်းတောင်ကို သွားပြီဆိုရင် ဆရာနဲ့ အစ်ကို့ကို သယ်ပြီး မြေကြောဆီကိုသွားလိုက်။ အစ်ကိုက အခု စက္ကူကိုယ်ပွားတွေကို ထိန်းချုပ်ပြီး တိုက်နေရတယ်။ အစ်ကို့ရဲ့ စိတ်က အခု ဒီမှာရှိမနေဘူး ”
လင်းအယ်သည် လေးလေးနက်နက်ပြန် ပြောလိုက်သည်။
“ ဟုတ်ကဲ့ပါ အစ်ကိုကြီး… စိတ်မပူပါနဲ့။ အစ်ကိုကြီးကိုရော၊ ဆရာ့ကိုရော ညီမလေးသေချာစောင့်ရှောက်မှာပါ… ”
“ ညီမလေးလည်း သိပ်မစိုးရိမ်ပါနဲ့။ အစ်ကိုက ညီမလေးနဲ့ ဆရာ့အနားမှာ အမြဲရှိနေမှာပါ ”
လီချန်ရှို့ပြောလိုက်သည်။
“ ဒီတစ်ကြိမ် အစ်ကို တုနတ်ဝိဇ္ဇာဂိုဏ်းကို မကာကွယ်နိုင်ခဲ့ရင်တောင် ညီမလေးတို့နှစ်ယောက်ကိုတော့ သေချာပေါက် ရအောင် ကာကွယ်ပေးမှာပါ ”
လင်းအယ်သည် နှုတ်ခမ်းကိုက်၍ နူးညံ့စွာမေးလိုက်သည်။
“ အစ်ကိုကြီး … ညီမလေး သိပ်စိတ်မချနိုင်သေးဘူး။ အစ်ကိုကြီးရဲ့ အဆင့်က အခု ဘယ်အဆင့်ရှိနေပြီလဲ ”
လီချန်ရှို့က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
“ ဗလာနတ္ထိ အဋ္ဌမအဆင့် ”
“ အိုး… ”
လင်းအယ်နှုတ်ခမ်းစေ့လိုက်ပြီး ဆက်မမေးတော့ချေ။
လီချန်ရှို့သည်လည်း ရယ်လိုက်ပြီး အချိန်ထပ်ဖြုန်းမနေတော့ပေ။ သူတွင် လုပ်စရာကိစ္စများစွာ ရှိနေသည် မဟုတ်ပါလား။
ထို လီချန်ရှို့အသွင် စက္ကူကိုယ်ပွားသည် ဆေးပေါင်းဖိုရှေ့တွင် တင်ပျဉ်ခွေပြန်ထိုင်လိုက်သည်။
လင်းအယ်သည်လည်း ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။ သူမသည် ဆရာ့ကိုထည့်ထားသော အိတ်လေးကို ခါးတွင်ချည်လိုက်ပြီး ခေါင်းလောင်းထိုးလာမည့်အချိန်ကို တိတ်တဆိတ်စောင့်နေလေ၏။
စွမ်းအားကြီး ရန်သူများ အမှန်တကယ် လာ၊မလာကို မသိသေးသော်လည်း သူမ၏ အစ်ကိုကြီးကပြောသည်ဖြစ်ရာ (၈၀)ရာခိုင်နှုန်း မှန်ပေလိမ့်မည်။
‘ ကျန်တဲ့ (၂၀)ရာခိုင်နှုန်းက… ’
‘ အစ်ကိုကြီးက ငါ့ကို စမ်းသပ်နေတာလည်း ဖြစ်နိုင်တယ် ’
*****
သူမတို့နှစ်ဦး ဆရာ့ကို သတိလစ်သွားအောင်လုပ်နေစဉ်အတောအတွင်း လမ်းကြောင်းနှစ်ဖက်မှ လာနေသော ရန်သူများသည် အဆိပ်မန္တန်အစီအရင် အများအပြားဆင်ထားသောနေရာသို့ ဝင်ရောက်လာကြပေပြီ။
အကယ်၍ တစ်စုံတစ်ယောက်သည် ကောင်းကင်မှ ငုံ့ကြည့်လျှင် ထူးဆန်းသော မြင်ကွင်းတချို့ကို မြင်ရပေလိမ့်မည်။
အရိပ်နက် အုပ်စုနှစ်စုသည် မြေပြင်အနီးတွင် ကပ်ကာ ကြာပွင့်ပုံစံ ချီတက်၍ အရှေ့သို့ ပျံသန်းနေကြသည်။ သို့သော် သူတို့သည် သွားလိုက်၊ ရပ်လိုက်ဖြစ်နေကြ၏။ သူတို့၏ ချီတက်လာသည့်ပုံစံသည် မကြာခဏ ဝါးရုန်းသုန်းကား ဖြစ်သွားလေ၏။
သူတို့၏ အရှေ့မှနေ၍ အခိုးအငွေ့ ထူထူများသည် သတိပေးခြင်းမရှိဘဲ မကြာမကြာ ပေါ်ထွက်လာတတ်၏။
သူတို့သည် သတိနှင့် ပျံသန်းနေကြသော်လည်း အဆိပ်မန္တန်အစီအရင်များ အထဲသို့ ဝင်မိနေပြီး အဆိပ်ငွေ့များ ပေါက်ကွဲထွက်လာတိုင်း သူတို့ဘက်မှ အကျအဆုံးများ ရှိနေလေသည်။
လီချန်ရှို့သည် ထိုအခြေအနေကြောင့် အားရနေသည်။
‘ အခုလောက်ဆို ရန်သူတွေလည်း သဘောပေါက်လောက်ပါပြီ ’
‘ အမှန်ဆို အဲ့ကောင်တွေ ပထမဆုံး အဆိပ်မန္တန်အစီအရင်ထဲ ဝင်မိကတည်းက သူတို့လာနေတာ ငါတို့ဘက်ကသိသွားပြီဆိုတာ သိသင့်တယ် ’
ထိုရုပ်သေးရုပ်ရန်သူများသည် မထူးဇာတ်ခင်းကာ ကောင်းကင်ပေါ်သို့ ပျံတက်၍ တုနတ်ဝိဇ္ဇာဂိုဏ်းဂိတ်တံခါးကို ပေါ်ပေါ်ထင်ထင် တိုက်မည်ကို လီချန်ရှို့ စိုးရိမ်မိ၏။ ထိုသို့ဆိုလျှင် ရှေ့တွင် ကျန်နေသေးသော အဆိပ်မန္တန်အစီအရင်များကို သုံးရတော့မည် မဟုတ်ပေ။
သို့ရာတွင် လီချန်ရှို့ မှန်းထားသကဲ့သို့ပင် မိစ္ဆာများ၊ လူသားများနှင့် ဝိညာဉ်များသည် ရုပ်သေးရုပ်များ ဖြစ်လာကတည်းက သူတို့၏ ကိုယ်ပိုင်စဉ်းစားဉာဏ်များ မရှိကြတော့ပေ။ သူတို့သည် အမိန့်ကိုသာ လိုက်နာတတ်ကြ၏။
ထိုအခြင်းအရာက အဆိပ်မန္တန်အစီအရင်များကို အစွမ်းပြနိုင်ရန် အခွင့်အရေးပေးလေသည်။
ထိုရန်သူ အုပ်စုနှစ်စုနှင့် ဂိုဏ်းဂိတ်တံခါးအကြား ကျန်သေးသည် အကွာအဝေးကို တွက်ချက်လိုက်ရာ လီ(၂၅၀၀) သာကွာတော့ကြောင်း သိရှိလိုက်ရ၏။
လီချန်ရှို့ စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။ သူသည် စက္ကူကိုယ်ပွားနှစ်ရုပ်ကို ထိန်းချုပ်၍ နှစ်ဖက်လုံးရှိ ကျန်နေသေးသော အဆိပ်မန္တန်အစီအရင်များကို အသက်သွင်းလိုက်သည်။
အကယ်၍ ရန်သူများသည် ထိုမျှ အင်အားကြီးမည်မှန်း သူသိခဲ့လျှင် ယခုအဆိပ်မန္တန်အစီအရင်များထက် ဆယ်ဆပို၍ ဆင်ထားပေမည်။ ထိုသို့သာဆိုလျှင် ဂိုဏ်းအတွက် ရန်သူအများစုကို သတ်ဖြတ်ပေးနိုင်ပေလိမ့်မည်။
‘ ထားလိုက်ပါတော့… အကြီးအကဲကလည်း ငါ့ကို အဆိပ်ဆေးလုံးအများကြီး မပေးထားပါဘူး။ ပြန်တွေးနေရင်လည်း ဘာမှ အသုံးမဝင်ဘူး ’
သစ်ပင် ပင်စည်နှင့် ရေကန်အောက်တွင် ပုန်းအောင်းနေသော စက္ကူကိုယ်ပွားနှစ်ရုပ်သည် ၎င်းတို့၏ တာဝန်တစ်ဝက်ကို ထမ်းဆောင်ပြီးပြီဖြစ်၍ ယာယီပြန်ဆုတ်ခွာသွားကြ၏။
လီချန်ရှို့၏ အာရုံသည် ‘ပေါက်ကွဲ’ စက္ကူကိုယ်ပွား(၃)နှင့် စက္ကူကိုယ်ပွား(၅)သို့ ရောက်သွားလေသည်။
မျက်စိတစ်မှတ်အတွင်း မှုန်တေတေ မျက်နှာထားနှင့် အဘိုးအိုနှစ်ဦးသည် တောင်ကာမန္တန်အစီအရင် နှင့် လီရာကျော်သာကွာသော သစ်တောအတွင်းနှင့် စမ်းချောင်းအတွင်းမှ အသီးသီး ပျံသန်းထွက်လာကြသည်။
သူတို့သည် ကောင်းကင်ပေါ်သို့ ဒယိမ်းဒယိုင်ဖြင့် ပျံတက်ကာ အနောက်တောင်အရပ်နှင့် အနောက်မြောက်အရပ်မှနေ၍ တုနတ်ဝိဇ္ဇာဂိုဏ်းကို ငုံ့ကြည့်လိုက်၏။
ထိုအဘိုးအိုနှစ်ဦး ရှိနေသောနေရာသည် ရန်သူများ လာနေသော လမ်းကြောင်းနှင့် တစ်ထပ်တည်းကျလေသည်။
သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများသည် လှုပ်ရှားနေပြီး ခန္ဓာကိုယ်အတွင်းမှ တန်ခိုးများ ရုန်းကန်ထွက်နေ၏။
တုနတ်ဝိဇ္ဇာဂိုဏ်းမှလည်း နတ်တန်ခိုးများ ထွက်ပေါ်လာပြီး ထိုနှစ်ဦးကို ချက်ချင်း သတိထားမိသွားသည်။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲ အဘိုးအိုတစ်ယောက်သည် စကားအချို့ကို ရေရွတ်လိုက်ရာ ဂိုဏ်းအတွင်းရှိ အခြား နတ်ဝိဇ္ဇာများ၏ စိတ်အတွင်းသို့ ပျံ့နှံ့သွားသည်။
“ အဲ့ ကျင့်ကြံသူနှစ်ယောက်က ဘာလုပ်နေတာလဲ။ သူတို့က မျက်နှာစိမ်းတွေပဲ… ”
ဖျောက်…
အမှောင်ထဲတွင် လီချန်ရှို့သည် လက်ဖျောက်တီးလိုက်ပြီး သူ၏ အာရုံကို ထိုစက္ကူကိုယ်ပွား နှစ်ရုပ်ဆီမှ ပြန်ရုတ်သိမ်းလိုက်သည်။
“ မင်းတို့မျက်လုံးတွေကိုဖွင့်ပြီး ကြည့်လိုက်ကြ ”
ထိုလူစိမ်း အဘိုးကြီး နှစ်ဦးသည် ခေါင်းမော့၍ အော်ဟစ်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းအပြင်မှ နေ၍ တလက်လက်တောက်ပေနေသော နတ်အလင်းတန်းများထွက်လာသည်။
ထို့နောက် ထိုနှစ်ဦးသည် တောင်ကာမန္တန်အစီအရင်အပြင်ဘက်တွင် ပေါက်ကွဲသွားကြ၏။
ပေါက်ကွဲသံသည် မိုးချုန်းသံတမျှ ကျယ်လောင်လှပေသည်။ ပေါက်ကွဲသွားသော အရှိန်ကြောင့် လေပြင်းများတိုက်သွားပြီး တောင်ကာမန္တန်အစီအရင်ကြီးကိုပင် လှုပ်ခတ်သွားစေလေသည်။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် ထိုမြင်ကွင်းကို မြင်လိုက်ကြရသဖြင့် ကြောင်သွားကြသည်။
‘ ဘာတွေဖြစ်နေတာလဲ… ’
‘ ဘာလို့ အဲဒီကျင့်ကြံသူနှစ်ယောက် ရုတ်တရက်ကြီး ပေါ်လာရတာလဲ။ သူတို့ကအော်ပြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်သွားတာက တောင်ကာမန္တန်အစီအရင်ကို လှုပ်ခတ်ဖို့ပဲလား… ’
‘ ငါတို့ကို အသံကြားအောင်ပဲ လုပ်တာလား… ’
တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း တရားထိုင်နေရာမှ နိုးထလာ၏။
အာကာသနတ်မင်းအဆင့် နတ်အာရုံသည် ထိုအဘိုးကြီးနှစ်ယောက် ပေါ်ကွဲသွားသော နေရာသို့ ပြေးထွက်သွားရာ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လာနေသော အရိပ်နက်အုပ်စု နှစ်စုကို တွေ့လိုက်ရသည်။
“ ေဩာ်…ရောက်လာကြပြီကိုး ”
သက်လတ်ပိုင်း အရွယ်ရှိသည့် တာအိုရသေ့သည် အခန်းအောင်းကျင့်ကြံရာ အခန်းထဲမှထွက်၍ ကောင်းကင်ခွင်းတောင်ပေါ်တွင် ပေါ်လာလေသည်။ သူသည် အနောက်မြောက်အရပ်ကို ကြည့်လိုက်ပြီးနောက် အနောက်တောင်အရပ်ကို ကြည့်လိုက်သည်။
သူက အော်ဟစ်လိုက်ရာ သူ၏အသံသည် လီထောင်ပေါင်းများစွာ ပျံ့လွင့်သွား၏။
“ မင်းတို့က ဘယ်သူတွေလဲ… တုနတ်ဝိဇ္ဇာဂိုဏ်းကို လာစော်ကားရဲတယ်ပေါ့လေ ”
“ တောင်အသီးသီးက အကြီးအကဲတွေ ကျုပ်ရဲ့ အမိန့်ကို နားထောင်ကြ။ တိုက်ပွဲအတွက် အသင့်ပြင်ပြီး ဂိုဏ်းကို ကာကွယ်ကြမယ် ”
ပင်မခန်းမဘေးရှိ ခေါင်းလောင်းကြီးကို ဂိုဏ်းမှ တာဝန်ရှိသူ အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါးက ထိုးလိုက်ကြ၏။ သူတို့သည် တစ်ဂိုဏ်းလုံးကြားရအောင် အားစိုက်၍ ထိုးလိုက်ကြသည်။
ဂိုဏ်းအတွင်းရှိ အခန်းအောင်းကျင့်ကြံနေကြသူများ၊ ကျားကစားနေကြသူများ၊ စကားပြောနေကြသူများ၊ တာအိုလက်တွဲဖော်များနှင့်အချိန်ဖြုန်းနေကြသူများသည် ဂိုဏ်းချုပ်၏ အသံကြောင့် အသင့်ပြင်လိုက်ကြသည်။
တောင်အသီးသီးမှနေ၍ လူရိပ်များ ပျံထွက်လာသည်။
သွေးခြင်များ၏ ထိန်းချုပ်မှုကို ခံနေရသော ရန်သူများသည်လည်း ဂိုဏ်းဂိတ်တံခါးနှင့် လီ(၂၀၀၀)သာ ကွာဝေးတော့ပြီး ဂိုဏ်းချုပ်၏ အသံကြောင့် သူတို့လာနေသည်ကို သိရှိသွားပြီဖြစ်ကြောင်း သိသွားကြတော့သည်။
သစ်သားမျက်နှာဖုံးတပ်ထားသော တာအိုရသေ့အိုကြီးယွမ်ကျဲနှင့် အခြား အာကာသနတ်မင်းနှစ်ပါးသည် အသီးသီး အမိန့်များပေးလိုက်ကြသည်။
မြေပြင်နှင့် အနီးတွင် ပျံသန်းနေကြသော အရိပ်နက်များသည် တန်းစီ၍ ကောင်းကင်သို့ ပျံတက်သွားကြ၏။ သူတို့သည် တိမ်တိုက်ထူကြီး နှစ်ခုဖန်ဆင်း၍ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ တစ်ပြိုင်နက်တည်း သွားလိုက်ကြသည်။
ကိုယ်ရောင်ကိုယ်ဝါများကို ဖုံးကွယ်ထားသော ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူသုံးဦးသည် သူတို့၏ အာကာသနတ်မင်း ဖိအားအရှိန်အဝါများကို ထုတ်ဖော်ပြလိုက်လေ၏။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အခြား အာကာသနတ်မင်းတစ်ပါး၏ ကိုယ်ရောင်ကိုယ်ဝါသည်လည်း ကောင်းကင်ပေါ်သို့ ထွက်ပေါ်လာပြီး ပြန်တုံ့ပြန်လိုက်သည်။
လီချန်ရှို့သည် လျှို့ဝှက်လေ့လာလိုက်ရာ အခြား အာကာသနတ်မင်းကိုယ်ရောင်ကိုယ်ဝါမှာ တာအိုပစ္စည်းသိုလှောင်ခန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
‘ အဲဒါက… ’
‘ အကြီးအကဲချီလင်းလား ’
‘ ကျွတ်…သူ့ရဲ့ တာအိုနာမည်က တကယ်ထူးဆန်းတာပဲ… ’
လီချန်ရှို့ ဆက်မတွေးရသေးခင် တောင်အသီးအသီးမှနေ၍ ဝုန်းဒိုင်းအသံကြီးများ ထွက်ပေါ်လာ၏။
တောင်ထိပ် ဆယ့်ခြောက်ခုမှနေ၍ အရောင်ကွဲပြားသော အလင်းတန်း ဆယ့်ခြောက်တန်းထွက်ပေါ်လာသည်။ တောင်ကာမန္တန်အစီအရင်အတွင်းသို့ စိတ်တန်ခိုးများ အဆက်မပြတ်စီးဝင်သွားကြ၏။
တောင်ကာမန္တန်အစီအရင်ကြီးသည် ယခင်ကကဲ့သို့ မချောမွေ့၊ မပါးလျတော့ပေ။ ၎င်းသည် ပိုထူ၊ ပိုကျယ်၍ အစွမ်းများ အပြည့်ဖြစ်သွားပေပြီ။
ကြီးမားသော တိမ်မည်းကြီး နှစ်ခုသည်လည်း အနောက်တောင်အရပ်နှင့် အနောက်မြောက်အရပ်မှနေ၍ မာန်ဟုန်ပြင်းပြင်းဖြင့် လာနေလေသည်။ သို့သော် သူတို့၏ အရှိန်သည် နဂိုအရှိန်ထက် သိပ်မများပေ။
တုနတ်ဝိဇ္ဇာဂိုဏ်းသည် အစွမ်းကုန်သုံး၍ ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်ထားပြီဖြစ်သည်။
လီချန်ရှို့သည် ရန်သူများလာနေသည့် လမ်းကြောင်းကို အချိန်စောစီးစွာ ရှာဖွေတွေ့ရှိခဲ့၍ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ပြင်ဆင်ထားသည့်အတိုင်း တပ်များကို နေရာချထားရန် အချိန်ရခဲ့၏။
တောင်အသီးသီးမှ အတုမဲ့နတ်ဝိဇ္ဇာများနှင့် ကောင်းကင်နတ်မင်းများသည်လည်း ကောင်းကင်ခွင်းတောင်တွင် အချိန်မီစုစည်းနေခဲ့၏။ ထို့နောက် သူတို့သည် နှစ်ဖွဲ့ခွဲကာ အနောက်တောင်အရပ်နှင့် အနောက်မြောက်အရပ်သို့ ပျံသန်းသွား၍ အသင့်စောင့်နေကြသည်။
မူလနတ်ဝိဇ္ဇာများသည်လည်း ကောင်းကင်ခွင်းတောင်သို့ လာ၍ တိုက်ကွက်ဖော်ရန် စတင်ပြင်ဆင်နေကြပေပြီ။
တောင်အသီးသီးမှ တပည့်ငယ်များကိုလည်း ပိုင်ဖန်ခန်းမတွင် စုဝေးခိုင်းထားကြသည်။
ယုံချင်ရွှမ်းယာသည် ကောင်းကင်ခွင်းတောင်ရှိ တိုက်ပွဲဝင်နိုင်သည့် အဆင့်မရှိသေးသော တပည့်ငယ်များကို ဦးဆောင်၍ ပိုင်ဖန်ခန်းမဆီသို့ စနစ်တကျ ခေါ်ဆောင်ခဲ့လေသည်။
ထိုအခိုက်တွင် စိုးရိမ်တကြီး ချက်ချင်း ရှောင်ပြေးရန် မလိုသေးပေ။
တောင်ကာမန္တန်အစီအရင်ကြီးသည် ပထမခံစစ်ဖြစ်သည်။ ဂိုဏ်းမှ ပညာရှင်များသည် ဒုတိယခံစစ်ဖြစ်သည်။
အကယ်၍ တိုက်ပွဲ အခြေအနေမလှသဖြင့် ရှုံးနိမ့်တော့မည် ဆိုပါမှ မူလနတ်ဝိဇ္ဇာတချို့နှင့် တပည့်ငယ်များကို မြေအောက်သို့ ခေါ်သွား၍ မြေကြော အရေးပေါ်မန္တန်အစီအရင်ကိုသုံးကာ အဝေးသို့ ရှောင်ထွက်စေမည် ဖြစ်သည်။
တုနတ်ဝိဇ္ဇာဂိုဏ်းရှိ နတ်ဝိဇ္ဇာအများစုသည် အံ့အားသင့်နေကြ၏။ သူတို့ဂိုဏ်းကို စွမ်းအားကြီး ရန်သူများမှ လာရောက်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
သို့သော် သူတို့သည် လွယ်လွယ်နှင့်တော့ အရှုံးပေးမည့်သူများ မဟုတ်ချေ။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် သူတို့၏ ကြင်နာမှုများနှင့် အပြုံးများကို ခေတ္တဘေးချိတ်ထားလိုက်ကြလေတော့သည်။ သူတို့သည် အံကြိတ်၍ သူတို့အေးအေးလူလူ ကျင့်ကြံနေခြင်းကို လာရောက်နှောင့်ယှက်သော အဝေးရှိ ရန်သူများကို ငေးကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းများတွင် ဒေါသခိုးများနှင့် ပြည့်နှက်နေပြီး ရင်ထဲတွင်လည်း ဒေါသအမျက်ချောင်းချောင်းထွက်နေကြ၏။
တချို့လူများသည် ထိတ်လန့်တုန်လှုပ်နေကြဟန်တူသော်လည်း အများစုမှာမူ ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။
ချုံတောင်လေးပေါ်တွင်မူ…
လီချန်ရှို့ ဆင်ထားသည့် မန္တန်အစီအရင်အမျိုးမျိုးသည် အသက်ဝင်နေပြီဖြစ်ရာ ချုံတောင်လေးသည် အန္တရာယ်များသော နေရာတစ်ခုဖြစ်လာ၏။ လင်းအယ်သည် သတိလစ်နေသော သူမ၏ဆရာနှင့် ‘လူ’ စက္ကူကိုယ်ပွား(၃)ကို ခေါ်ကာ မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ မြေကြောဆီသို့ ဖြည်းဖြည်းချင်း သွားလိုက်လေသည်။
သူမသည် ချုံတောင်လေး၏ အနာဂတ်ကို သူမ၏ သေးသွယ်သော ပခုံးထက်တွင် ထမ်းထားရသကဲ့သို့ပင်။
ထိုအခိုက်တွင် သူမသည် ယခင်ကလို အပျော်အပါးမက်သည့် လင်းအယ်မဟုတ်တော့ပေ။ သူမ၏ မျက်ဝန်းများသည် ဝင်းလက်တောက်ပနေ၏။ သူမ၏ သမာဓိသည် သာမန်လူများထက် များစွာ သာလေသည်။
လူသူကင်းရှင်းနေသော ဆေးဖော်ဆောင်အတွင်းရှိ စာအုပ်စင်ထောင့်တွင် ဝါးသေတ္တာလေးပွင့်လာပြီး စက္ကူကိုယ်ပွားနောက်တစ်ရုပ်ထွက်လာ၏။ ထိုအရုပ်၏ ကျောတွင် ‘ကောင်းကင်ခွင်း’ ဟူသော စာလုံးပါလေသည်။
စက္ကူကိုယ်ပွားသည် ကြမ်းပြင်ပေါ်သို့ ခုန်ချလိုက်ပြီး လှုပ်ယမ်းကာ ချီယွမ်၏ အသွင် ပြောင်းသွား၏။ သူ၏ လက်အတွင်း၌ မန္တန်အစီအရင်များကို ထိန်းချုပ်နိုင်သည့် ကျောက်စိမ်းပြား သုံးပြားကိုင်ထားလေသည်။
လီချန်ရှို့သည် ဂိုဏ်းအတွင်းရှိ တိုက်ပွဲအပေါ် အာရုံစိုက်ထား၏။
ထို့နောက်သူသည် တချိန်တည်းတွင် အာရုံများစွာခွဲ၍ အဆိပ်မန္တန်အစီအရင်များကို ထိန်းချုပ်ပေးခဲ့သော သစ်ပင်ပင်စည်နှင့် ရေကန်အတွင်း ပုန်းအောင်းနေသည့် ‘မြေ’ စက္ကူကိုယ်ပွား(၃)နှင့် (၅)ကို အပြင်သို့ ပြန်ထုတ်လိုက်သည်။
သူတို့၏ တာဝန်သည် ဆုံးခန်းမတိုင်သေးပေ။
ထိုစက္ကူကိုယ်ပွား နှစ်ရုပ်၏ လုပ်ကိုင်မှုများသည် တစ်ထပ်တည်းနီးပါးကျ၏။ ၎င်းတို့၏ အင်္ကျီလက်အသီးသီးအတွင်းမှနေ၍ သာမန်စက္ကူရုပ်များ ထွက်လာသည်။
ထို့နောက် စက္ကူကိုယ်ပွားနှစ်ရုပ်သည် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ ပေါက်ကွဲထားသော အဆိပ်မန္တန်အစီအရင်များ ရှိရာနေရာသို့သွားလိုက်သည်။
လမ်းကြောင်း တစ်ဖက်စီတွင် စက္ကူရုပ်လေးရုပ်ရှိ၏။ ၎င်းတို့သည် အသက်အရွယ်စုံသော ယောက်ျား၊ မိန်းမများအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့သည် စက္ကူကိုယ်ပွားနှစ်ရုပ်နောက်မှ ကပ်၍ လိုက်သွားကြ၏။
လီချန်ရှို့သည် ရန်သူများ၏ အလောင်းများကို ပစ်ထား၍ မရပေ။
စက္ကူရုပ်များသည် အလောင်းများအပြင် နေရာအနှံ့သို့ ပျံ့နှံ့သွားသော အဆိပ်ငွေ့များကိုလည်း ပြန်သိမ်းရပေမည်။ ထိုအဆိပ်ငွေ့များကြောင့် မဆိုင်သူများသေသွားလျှင် ကြမ္မာနှောင်ကြိုးအသစ်များ တွယ်သွားပေလိမ့်မည်။
ထိုစက္ကူရုပ်များသည် အာဒိကပ္ပလောက၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် တာဝန်ယူထားရ၏။
လမ်းကြောင်းနှစ်ခုတွင် စုစုပေါင်း စက္ကူရုပ်ရှစ်ရုပ်သည် အလုပ်ကြိုးစားနေကြ၏။ လီချန်ရှို့၏ မှော်အစွမ်းများပါသည့် စက္ကူကိုယ်ပွားနှစ်ရုပ်မှာမူ မြေအောက်ထဲတွင် ပုန်းအောင်းနေပြီး လူလုံးထွက်မပြပေ။
သူ့တွင် ရွေးချယ်စရာမရှိပေ။ ခြင်းများအလစ်တိုက်ခိုက်မည့် ရန်ကိုလည်း ကြောက်ရသေးသည် မဟုတ်ပါလား။
စက္ကူရုပ်လေးရုပ်စီပါသော အုပ်စုနှစ်စုအတွင်းရှိ စက္ကူရုပ်များသည် တာဝန်ကိုယ်စီ ယူရ၏။ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုသည် ကောင်းမွန်၍ ၎င်းတို့၏ လှုပ်ရှားမှုများမှာလည်း တည်ငြိမ်ကာ အကျိုးရှိလှပေသည်။
၎င်းတို့သည် အဆိပ်များသိမ်းနိုင်သည် ရတနာအိတ်များကို သုံး၍ နေရာအနှံ့ပျံ့နှံ့သွားသော အဆိပ်များကို လိုက်လံသိမ်းဆည်းလိုက်ကြ၏။
အသက်မသွင်းရသေးသော အဆိပ်မန္တန်အစီအရင်များကိုလည်း ပြန်၍ ဖျက်သိမ်းလိုက်ကြသည်။
၎င်းတို့သည် အလောင်းများကိုလည်း စုဆည်းလိုက်၏။ ထို့ပြင် အလောင်းများအပေါ်ရှိ သိုလှောင်ဓမ္မရတနာများကိုလည်းယူ၍ သီးခြားသိမ်းဆည်းလိုက်ကြသည်။
အလုပ်တစ်ဝက်ခန့်ပြီးသွားချိန်တွင် တုနတ်ဝိဇ္ဇာဂိုဏ်း အပြင်ဘက်မှနေ၍ မိုးခြိမ်းသံများကို ကြားလိုက်ရသည်။
တောင်ကာမန္တန်အစီအရင် အပြင်ဘက်တွင် အာကာသနတ်မင်း ငါးပါးသည် စတင်တိုက်ခိုက်နေပေပြီ။ ထိုတိုက်ပွဲ၏ အရှိန်ကြောင့် လောကကြီးပင် အရောင်များ ပြောင်းလဲသွားလေ၏။
တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်သည် အနောက်တောင်ဘက်မှလာသော ရန်သူ အာကာသနတ်မင်းနှစ်ပါးကို တစ်ယောက်တည်း ခုခံတိုက်ခိုက်နေသည်။ အကြီးအကဲချီလင်းသည် အနောက်မြောက်ဘက်မှ ရန်သူ အာကာသနတ်မင်းကို တိုက်ခိုက်နေ၏။ ထိုနှစ်ဦးသည် ရန်သူဘက်မှ အာသာသနတ်မင်းသုံးပါး တုနတ်ဝိဇ္ဇာဂိုဏ်း၏ တောင်ကာမန္တန်အစီအရင်အနီးသို့ ရောက်မလာနိုင်ရန် ခုခံတားဆီးနေကြလေ၏။
နှစ်ဖက်လုံးမှ ရတနာအမျိုးမျိုး၏ အရောင်များလက်သွားပြီး တိုက်ခိုက်နေကြသည်။
သို့သော် ရန်သူဘက်မှ ကောင်းကင်နတ်မင်းများသည် တောင်ကာမန္တန်အစီအရင်ကြီးကို တိုက်ခိုက်နေပေပြီ။
လီချန်ရှို့သည် ထိုကိစ္စကို အာရုံမစိုက်နိုင်သေးဘဲ လုပ်လက်စအလုပ်များကို ဆက်လုပ်လိုက်သည်။
‘ကောင်းကင်’ စက္ကူကိုယ်ပွားများ ပေါ်လာရန် အချိန်မကျသေးပေ။ ရန်သူများသည် တောင်ကာမန္တန်အစီအရင်ကြီးကို တော်တော်နှင့် ဖျက်ဆီးနိုင်ဦးမည် မဟုတ်ချေ။
လမ်းကြောင်းနှစ်ခုလုံးရှိ စက္ကူရုပ်များသည် တောင်ကာမန္တန်အစီအရင်ကြီး မပျက်စီးသေးခင် အလောင်းများကို စုစည်းပြီးဖြစ်စေရန် အရှိန်မြှင့်လုပ်ကိုင်လိုက်ကြ၏။ ၎င်းတို့သည် နေရာအနှံ့တွင် ပျံ့နှံ့နေသော အဆိပ်များကိုလည်း လိုက်လံဖယ်ရှား သိမ်းဆည်းလိုက်ကြသည်။
ထို့နောက် ကောင်းကင်ရတနာထီးနှစ်လက်ကို လေထဲသို့ပစ်လွှတ်လိုက်ပြီး မန္တန်အစီအရင်နှစ်ခုကို ထုတ်လိုက်ကြသည်။
စက္ကူရုပ်လေးရုပ်သည် ဝိညာဉ်ထိန်းပုလဲတစ်လုံးစီ ပစ်လွှတ်လိုက်ကြပြီး ဝိညာဉ်အကြွင်းအကျန်များကို အကြိုအကြားမကျန် ရှာဖွေ ထိန်းသိမ်းလိုက်၏။ ထို့နောက် သူတို့သည် သစ်သားငါး၊ ကြေးခေါင်းလောင်း၊ ခလောက်နှင့် ခရာတို့ကို ထုတ်လိုက်ကြသည်။
သစ်သားငါး တီးခေါက်သော အရုပ်သည် ကယ်တင်ခြင်းသုတ္တန်ကို ရွတ်လိုက်၏။
ခလောက်တီးသောအရုပ်သည် ကုသိုလ်-အကုသိုလ် ကျိန်စာကို ရွတ်၏။
ကြေးခေါင်းလောင်းတီးသောအရုပ်သည် ပြန်လည်မွေးဖွားခြင်း ကျိန်စာကိုရွတ်၏။
ခရာများကို ကိုင်ထားသော စက္ကူရုပ်သည် လက်ထဲမှနေ၍ သမာဓိမီးတောက်များကို ထုတ်လွှတ်လိုက်ပြီး မိစ္ဆာများ၊ လူသားများနှင့်၊ ဝိညာဉ်များ၏ အလောင်းများကို မီးရှို့လိုက်လေသည်။ ထို့နောက် ၎င်းတို့သည် ခေါင်းမော့၍ လွမ်းမောဖွယ်တေးသွားများကို တီးခတ်လိုက်ကြလေသည်။
‘ အခုကစပြီး တိုက်ပွဲပြီးသွားရင် ငါ အသုဘလုပ်ငန်းစဉ်တွေ လုပ်ပေးရမယ် ’
တုနတ်ဝိဇ္ဇာဂိုဏ်းအနီးတွင် အာကာသနတ်မင်းငါးပါးသည် တိုက်ခိုက်နေကြ၏။ သူတို့သည် အလင်းတန်းများ ပစ်လွှတ်နေရာ မြေကြီးသည် သိမ့်သိမ့်တုန်နေလေသည်။
လီချန်ရှို့က ခေတ္တမျှ လျှို့ဝှက်စောင့်ကြည့်နေလိုက်သည်။ ခေတ္တကြာပြီးနောက် လမ်းကြောင်းနှစ်ခုလုံးရှိ အလောင်းများသည် လောင်ကျွမ်းသွားပြီဖြစ်သည်။ သုတ္တန်များ၊ ကျိန်စာများကိုလည်း ရွတ်ဆိုပြီးပေပြီ။ မြေပေါ်တွင် ပြာပုံနှစ်ပုံသာ ကျန်ခဲ့တော့၏။
ဤတစ်ခေါက်တွင်မူ စက္ကူရုပ်လေးရုပ်ကသာ ပြာများကို လွှင့်မျှောလိုက်ကြ၏။
အထူးအခြေအနေဖြစ်၍ သူကိုယ်တိုင် ပြာများကို မလွှင့်ေပးနိုင်တော့ပေ။
သို့သော် တိုက်ပွဲအတွင်း ကိုယ်တိုင်လုပ်နိုင်မည့် အခွင့်အရေးများလည်း ရနိုင်သေးသည်။
စက္ကူရုပ်ရှစ်ရုပ်သည် ၎င်းတို့၏ ခြေရာလက်ရာများကို ရှင်းလင်းလိုက်ပြီး မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ မြေအောက်ထဲသို့ဝင်သွားကြပြီး စက္ကူကိုယ်ပွားနှစ်ရုပ်၏ အင်္ကျီလက်အတွင်းသို့ ဝင်သွားကြလေသည်။
စက္ကူကိုယ်ပွားနှစ်ရုပ်သည် ၎င်းတို့၏ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီးပေပြီ။ ၎င်းတို့သည် မူလပုန်းအောင်းနေသော နေရာသို့ ပြန်သွားလိုက်ပြီး လီချန်ရှို့ပြန်လာယူမည့်အချိန် သို့မဟုတ် ဖျက်ဆီးခံရမည့်အချိန်ကို စောင့်စားနေလိုက်ကြလေသည်။
အကယ်၍ တုနတ်ဝိဇ္ဇာဂိုဏ်းသည် တိုက်ပွဲတွင် အနိုင်ရခဲ့လျှင် ထိုစက္ကူကိုယ်ပွားများကို ပြန်သွားယူနိုင်မည့် အခွင့်အရေးရှိပေမည်။ စက္ကူကိုယ်ပွားများကို ပြုလုပ်ရသည်မှာ မလွယ်ပေ။
သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်း ရှုံးနိမ့်သွားပါက သူလည်း မည်သို့မှ မတတ်နိုင်တော့ဘဲ ခြေရာလက်ရာများ မကျန်ခဲ့စေရန် ထိုစက္ကူကိုယ်ပွားများကို ဖျက်ဆီးပစ်ရပေမည်။