ဝမ်ယွီရို၏ ဖိတ်ခေါ်မှုကို ကြားလျှင် ရီဖူရှင်းက ထူးဆန်းသလို ခံစားရသည်။ မိသားစု ခေါင်းဆောင်ကား ဝမ်ယွီရို၏အစ်မအား သူတို့ကို ထိပ်သီး ကျောင်းသုံးကျောင်းကို ဝင်ခွင့်ရရန် ကူညီခိုင်းသည်မှာ အလွန် အတွေးကောင်းသည်ဟု ပြောရမည်။ သို့သော်လည်း ရီဖူရှင်းက ထိုကျောင်းများသို့ မဝင်လိုသည်ကို မိသားစု ခေါင်းဆောင်က မသိပေ။ ကျောင်းတော်နှင့် ကော့တေးမှ ထွက်ခွာ လာပြီးနောက် သူက နောက်ထပ် မည်သည့်ကျောင်းကိုမှ ဝင်ရောက်လိုခြင်း မရှိပေ။ အကယ်၍ သူက ထိုကျောင်းများသို့ ဝင်လိုပါက ကိုယ်တိုင် သွားရောက်နိုင်သည်။ ဝမ်ယွီချန်း၏ ထောက်ခံပေးမှု မလိုအပ်ပေ။
ငါ တစ်ခါတည်း နှုတ်ဆက် သွားလိုက်မယ်…။ ရီဖူရှင်းက တွေးလိုက်သည်။
အတန်ကြာလျှင် သူတို့အုပ်စုက ဝမ်ယွီရိုနောက်မှ လိုက်ပါသွားကြသည်။ ဧည့်ခံပွဲကား ပြင်ဆင်ပြီးဖြစ်သည်။ မိသားစုဝင်များအပြင် လူငယ်တစ်စုကလည်း အဓိကနေရာများတွင် နေရာယူထားကြကာ သူတို့၏ အဆင့်အတန်း မြင့်မားမှုကို ဖော်ကျူးထားသည်။ မိန်းကလေး တစ်ယောက်မူကား လွန်စွာ ချောမောလှပသည်။ သူမကား အမှန်ပင် ဝမ်ယွီရိုနှင့် ဆင်တူသည်။ သူမက ဝမ်ယွီချန်း ဖြစ်ရမည်။ တခြား လူငယ်များက ထိုင်နေရင်းက ရီဖူရှင်းကို အကဲခတ် နေကြသည်။
သည်မတိုင်မီက ဝမ်မိသားစု ခေါင်းဆောင်က ရီဖူရှင်းကို ချီးကျူးသည်ကို သူတို့ ကြားခဲ့ကြသည်။ သူက ထိုလူငယ်ကို အလွန် သဘောကျဟန် ရ၏။
“စီနီယာ…” ရီဖူရှင်းက ဦးညွှတ်ကာ သူတို့အုပ်စုက ထိုင်ခုံနေရာများတွင် ထိုင်ကြသည်။
ဝမ်ယွီချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ငါ့အဘိုးက ပြောတာကတော့ နင့်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က အရမ်း ကောင်းပြီးတော့ အဆင့်ကျော်ပြီး တိုက်ခိုက် နိုင်တယ်တဲ့… နင့်ရဲ့ ဓမ္မက ဘာလဲ…”
သူမ၏ အဘိုးက သူမအား ရီဖူရှင်းတို့က ထိပ်သီး ကျောင်းသုံးကျောင်းသို့ ဝင်ရောက်ရန် ထောက်ခံ ပေးစေလိုသည်။ သူမ၏အဘိုးက ချီးကျူးရလောက်အောင် သူက မည်မျှ အားကောင်းသည်ကို သူမက သိလိုသည်။
“စီနီယာက ချီးကျူးလွန်းနေပါပြီ.. ကျုပ်ဓမ္မက သာမန်ဖြစ်ပြီး အဆင့်ကျော် တိုက်ခိုက်တာက ပြိုင်ဘက်တွေက အရမ်း အားနည်းနေလို့ ဖြစ်မှာပါ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူက အမှန်တကယ်အားဖြင့် နှိမ့်ချကာ နေလိုသည်တော့ မဟုတ်ပေ။ အမှန်တကယ်ပင် သူက ထိပ်သီးကျောင်း သုံးကျောင်းကို မဝင်ရောက်လိုခြင်းပင်။
ဝမ်ယွီရိုက သူ့အား အံ့အားသင့်စွာ ကြည့်သည်။ ရီဖူရှင်းက ရုတ်တရက် အဘယ်ကြောင့် နှိမ့်ချကာ နေသည်ကို သူမနားမလည်ပေ။ ထိုအကောင်က မည်မျှ မာနကြီးသည်ကို သူမသိသည်။ ထို့အပြင် သူ၏ပါရမီဖြင့် သူက ထိပ်သီး ကျောင်းသုံးကျောင်းကို ဝင်ရောက်ရန် မခက်ခဲသည်ကို သူမသိသည်။ သူက အနှေးနှင့်အမြန် ထိုကျောင်းများသို့ ဝင်ရောက် ရမည်ဖြစ်သည်။
“အင်း…” ဝမ်ယွီချန်းက အနည်းငယ် ခေါင်းညိတ်ကာ ပြောသည်… “ပြိုင်ဘက်က အားနည်းရင်တောင်မှ အဆင့်ကျော် တိုက်တာက ခက်ခဲတယ်… တကယ်လို့ ရှင်က ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက်ချင်တယ်ဆိုရင် ရှင်က နှစ်အစမှာ မိုးမြေကောင်းကင်မြို့ကို သွားပြီး စာမေးပွဲ ဝင်ဖြေနိုင်တယ်… ရှင်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုတယ်… စာမေးပွဲက မြေရိုင်းဒေသ တစ်ခုလုံးက လူငယ်ပါရမီရှင်တွေ ပါဝင်ယှဉ်ပြိုင်ကြတာ ဆိုတော့ အဲဒါက ယွန်ယွဲ့မြို့က တိုက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး…”
ဝမ်ယွီချန်း၏ လေသံက အထက်စီး ဆန်နေသော်လည်း သူမက ဝမ်ယွီရို၏ အစ်မဖြစ်ကာ တန်ခိုးအဆင့် ပိုမြင့်ပြီး ထိပ်သီးကျောင်း၏ တပည့်လည်း ဖြစ်သည်။ သူမ၏ အမူအရာက ပုံမှန်သာ ဖြစ်သည်။
ခေါင်းဆောင်၏ စကားကို ကြားစဉ်က သူမကို အသုံးပြုလျက် ရီဖူရှင်းတို့က ထိပ်သီးကျောင်း သုံးကျောင်းသို့ ဝင်ရောက်လိုသည်ဟု သူမက တွေးထင်ခဲ့သည်။
“သိပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ဝမ်ယွီရို၏ အမူအရာကို သူက ခေါင်းထဲ မထည့်ပေ။ သူမက အမှန်ကို ပြောနေခြင်းလည်း ဖြစ်သည်။ မိုးမြေကောင်းကင်မြို့ကား သည်ဒေသ၏ အဓိက မြို့ဖြစ်ကာ ပါရမီရှင်များစွာ၏ စုစည်းရာနေရာလည်း ဖြစ်သည်။ မြေရိုင်းဒေသ၏ ထိပ်သီးပါရမီရှင်များက ထိုထိပ်သီးကျောင်းများကို ဝင်ရောက်ရန် ကြိုးစားကြမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုကျောင်းများသို့ ဝင်ရောက်ရန် အလွန် ခက်ခဲပေသည်။
“ဒါလည်း ကောင်းတာပဲ… ရီဖူရှင်းရဲ့ ပါရမီနဲ့ဆို စာမေးပွဲဖြေရလည်း သိပ်ပြဿနာ မရှိဘူး…” မိသားစု ခေါင်းဆောင်က ပြောသည်။ ဝမ်ယွီချန်းက သိပ်စိတ်မဝင်စားသည်ကို သူမြင်သည်။ ထိုအရာက သဘာဝလည်း ကျပေသည်။ ထိပ်သီး ကျောင်းသုံးကျောင်းက သာမန်နေရာ မဟုတ်သလို သူ၏မြေးမကား သာမန်တပည့် တစ်ယောက်သာ ဖြစ်သည်။ သူမက ထိုကျောင်းတွင် အဆင့်မြင့်သော နေရာတွင်လည်း ရှိမနေရာ ရီဖူရှင်းတို့အား ထောက်ခံပေးခြင်းက သင့်တော်ဟန် မတူပေ။
“အာ… ဒါနဲ့ငါတို့က ဖူရှင်းအကြောင်း ပြောနေကြတာနဲ့ မေ့နေတယ်… ယွီချန်း… မင်းက ဘာလို့ ရုတ်တရက် ပြန်လာတာလဲ…” မိသားစု ခေါင်းဆောင်က မေးသည်။ ထိပ်သီးကျောင်း သုံးကျောင်းသို့ ဝင်ခွင့်ရခြင်းက နာမည်ကျော် ရှီတန်ခိုးအဆင့်ကို ဝင်ရောက်ရန် အခွင့်အရေး ရှိသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ယွန်ယွဲ့မြို့မှ စီနီယာများက ထိုကျောင်းမှ တပည့်များကို ပုံမှန်အားဖြင့် နှောင့်ယှက်ခြင်း မပြုကြဘဲ တန်ခိုးကျင့်ရန်တွင်သာ အာရုံစိုက်စေသည်။
ကလန်လေးခု၏ ပြိုင်ပွဲကဲ့သို့သော အရေးကြီးသော အချိန်မျိုးတွင်ပင် သူတို့၏ တပည့်များကို ခေါ်ယူခြင်း မရှိကြပေ။ တန်ခိုးကျင့်ခြင်း အရင်းအမြစ်များက ထိပ်သီးကျောင်းတွင် တက်ရောက်နေသော တပည့်များထက် အရေးမပါပေ။
အင်အားစုတစ်ခုက ရှီတန်ခိုးရှင် တစ်ယောက် မွေးထုတ်နိုင်ခဲ့လျှင် တိုက်ပွဲက ပြီးသွားပြီ ဖြစ်သည်။ ပြိုင်ပွဲက အဓိပ္ပာယ် ကင်းမဲ့သွားလိမ့်မည်…။ သူတို့က ရှီအဆင့် မဝင်ရောက်ခဲ့လျှင်ပင် သူတို့က အနည်းဆုံး အဆင့်မြင့် နိုဘယ်တစ်ယောက် ဖြစ်လာပေမည်။ သူတို့အတွက်မူ ယွန်ယွဲ့ပြိုင်ပွဲက သိပ်အရေးမပါတော့ပေ။ သူတို့က လောကကြီးကို ခြေဆန့်ပြီးနောက် ဝမ်ယွီချန်းကဲ့သို့သော သူက ထိုကိစ္စများကို သိပ်ဂရုမစိုက်တော့ပေ။ ထို့ကြောင့် သူမ၏ အဘိုးက ရီဖူရှင်းအား ချီးကျူးသည့်တိုင် ဝမ်ယွီချန်းက သိပ်အထင်မကြီးပေ။ ရီဖူရှင်းက စာမေးပွဲဝင်ဖြေပါက အခွင့်အရေး ရှိနိုင်သည်ဟုသာ သူမက ခံစားရသည်။ သူမက သိပ်လည်း ဂရုမစိုက်ပေ။
“ကျောင်းက တာဝန်တစ်ခု ပေးအပ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် နေရာက ယွန်ယွဲ့မြို့အနားက ဖြစ်နေလို့ သမီးတို့က လာလည်ကြတာ… သမီးတို့ပဲ မဟုတ်ဘူး… တခြားလူတွေ အများကြီး လာကြလိမ့်မယ်… သူရိယနေမင်း ကျောင်းက ရှမ်းယွန်ဖန်းလည်း ပြန်လာတယ်… သူက ယွန်ယွဲ့ကုန်သည် အုပ်စုကို အခုဆို တခြားလူတွေနဲ့အတူ ရောက်နေလောက်ပြီ…”
မိုးမြေကောင်းကင်၏ ထိပ်သီးကျောင်း သုံးကျောင်းမှာ သူရိယနေမင်းကျောင်း၊ စန္ဒာလမင်းကျောင်းနှင့် ကြယ်မင်းကျောင်းတို့ ဖြစ်ကြသည်။ ဝမ်ယွီချန်းက ကြယ်မင်းကျောင်းတွင် လေ့ကျင့်သည်။ သူမနှင့်အတူ လိုက်ပါလာသော သူများမှာလည်း ကြယ်မင်းကျောင်းမှ ဖြစ်ကြသည်။
ယွန်ယွဲ့ကုန်သည် အုပ်စုတွင်လည်း ထိပ်သီး ကျောင်းသုံး ကျောင်းတွင် လေ့ကျင့်နေသော တပည့်ရှိပေသည်။ ဝမ်ယွီချန်း ပြောသော ရှမ်းယွန်ဖန်းလည်း သူရိယနေမင်း ကျောင်းတွင် လေ့ကျင့်နေသည်။
“ဘာတာဝန်လဲ… ငါတို့ ကူညီရမလား…” ခေါင်းဆောင်က မေးသည်။ အကယ်၍ ဝမ်ယွီချန်းက ဝမ်မိသားစု၏ အင်အားကို လိုအပ်ပါက သူက ကူညီရန် အဆင်သင့် ဖြစ်သည်။
“မလိုဘူး… သမီးတို့က အဓိကလူတွေ မဟုတ်ဘူး…” ဝမ်ယွီချန်းက ရှင်းပြသည်… “အားကောင်းတဲ့ စီနီယာတွေ လာကြလိမ့်မယ်… သူတို့က အဓိကလူတွေပဲ… သမီးတို့က အတွေ့အကြုံရအောင် ထွက်လာကြတာ…”
ထိပ်သီးအင်အားစု သုံးခုအနေဖြင့် တန်ခိုးကျင့်ခြင်းအပြင် တပည့်များ အတွေ့အကြုံရအောင် များစွာသော တာဝန်များကိုလည်း ပေးအပ်သည်။
“မိစ္ဆာနဂါးလား…” ဝမ်ယွီချန်း၏ စကားကို ကြားလျှင် ခေါင်းဆောင်၏ မျက်လုံးက အရောင်လက် သွားသည်။ အကယ်၍ ယွန်ယွဲ့မြို့အနီးကို စွမ်းအားမြင့် တန်ခိုးရှင်များက ရောက်လာကြလျှင် ထိုကိစ္စက မိစ္ဆာနဂါး နယ်မြေကြောင့်သာ ဖြစ်ရပေမည်။
“အင်း…” ဝမ်ယွီချန်းက ခေါင်းညိတ်သည်။
“ပင်ပျိုမြက် ရင့်လာပြီလား…” မိသားစု ခေါင်းဆောင်က မေးသည်။ မိသားစုခေါင်းဆောင် တစ်ယောက် ဖြစ်သည့်အလျောက် သူကလည်း မိစ္ဆာနဂါးနယ်မြေတွင် ဘာရှိသည်ကို သိသည်။ ကျောင်းသုံးကျောင်း ကလည်း ထိုမြက်ကို မျက်စိကျနေသည်ကို သူသိသည်။ သူတို့က တခြားလူများ ရယူသွားမည်ကို မလိုလားပေ။
သူတို့က ပင်ပျိုမြက် ရင့်မှည့်လာမည့် အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။
“မဟုတ်ဘူး.. ဝမ်ယွီချန်းက ခေါင်းယမ်းသည်… ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လက တစ်စုံတစ်ယောက်က သွားပြီးတော့ စောင့်ကြပ်ခဲ့တယ်…”
မိသားစု ခေါင်းဆောင်က ထိတ်လန့်သွားသည်။ တစ်စုံတစ်ယောက်က ကြားဖြတ် ခိုးယူရဲသည်လား…။ မည်သူက ထိပ်သီးကျောင်း သုံးကျောင်း မျက်စိကျနေသော အရာကို ကြားဖြတ် ယူရဲသနည်း…။
“ဘယ်သူက ဒီလောက် ရဲတာလဲ…” မိသားစု ခေါင်းဆောင်က မေးသည်။
“မသိသေးဘူး… သတင်းတွေ အရတော့ သူက နိုဘယ်အဆင့် အမြင့်ဆုံးမှာ ရှိတယ်… သူက ချောမောပြီးတော့ စာပေသမားနဲ့တူတယ်… မိစ္ဆာနဂါးနယ်မြေကို စောင့်ကြပ်နေတဲ့ ဘယ်သူကမှ သူ့ပြိုင်ဘက် မဟုတ်ဘူး… ဒါပေမဲ့ သူက ဘယ်သူလဲ သမီးတို့ မသိသေးဘူး… သတင်းတွေအရတော့ သူက ခြေသလုံးအိမ်တိုင် တန်ခိုးရှင်တစ်ယောက် ဖြစ်မယ် ထင်တယ်…” ဝမ်ယွီချန်းက ပြောသည်… “ဒါကြောင့် ဒီတစ်ခါ တာဝန်ပေးခံရတဲ့လူတွေက နိုဘယ်အဆင့် အမြင့်ဆုံးမှာ ရှိပြီးတော့ ရှီအဆင့်ကို ရောက်လုနီးပါး လူတွေပဲ…”
ထိုစကားများကို ကြားကာ ရီဖူရှင်း၏ အမူအရာက ထူးဆန်းသွားသည်။ နိုဘယ်အဆင့် အမြင့်ဆုံး… ချောမောတယ်… စာပေသမား… ခြေသလုံးအိမ်တိုင်… သူက တစ်စုံတစ်ယောက်အား တွေးမိသည်။ အလွန် တိုက်ဆိုင်နေခြင်း များလား…။
ယူချင်းကလည်း ထိုသို့ တွေးမိကာ ရီဖူရှင်းကို ကြည့်သည်။
“မိစ္ဆာနဂါးနယ်မြေမှာ တကယ်ပဲ နဂါးရှိတာလား…” ရီဖူရှင်းက မေးသည်။
ဝမ်ယွီချန်းက သူ့ကို ကြည့်သည်။ မိသားစု ခေါင်းဆောင်က ခေါင်းညိတ်သည်…”အဲဒီမှာ အရမ်း အားကောင်းတဲ့ နဂါးတစ်ကောင်ရှိတယ်… ဖူရှင်း… ဘာလို့ မေးတာလဲ…”
“ဘာမှ မဟုတ်ပါဘူး.. ဒီအတိုင်း သိချင်လို့…” ရီဖူရှင်းက ပြုံးကာ ပြောသည်။ သူက ကော့တေးတွင် လေ့ကျင့်စဉ်က သူက နဂါး၏အသားကို နေ့တိုင်းလိုလို စားသောက်ခဲ့ရသည်… “ကျုပ်လည်း လိုက်ခဲ့လို့ ရမလား…” ရီဖူရှင်းက ဝမ်ယွီချန်းအား မေးသည်။ သူကလည်း ကြည့်လိုသည်။
“နင် ဘာလုပ်မှာလဲ…” ဝမ်ယွီချန်းက မေးသည်။
“ကျုပ်က ဗဟုသုတနည်းပြီး အဲလိုဟာတွေ မမြင်ဖူးသေးဘူး… ကျုပ်က လောကကြီးကို ကြည့်ချင်တယ်…” ရီဖူရှင်းက တောက်ပစွာ ပြုံးသည်။ သူ၏ ချောမောသော မျက်နှာက လွန်စွာ ဆွဲဆောင်အား ကောင်းနေသည်။ သူက ရိုးသားကာ ပွင့်လင်းသည်ဟု လူအများက တွေးထင်နိုင်သည်။
ဝမ်ယွီချန်း၏ မျက်လုံးက အရောင်လက် သွားကာ တွေးလိုက်သည်။
“ယွန်ချန်း… ဖူရှင်းက မြင်တွေ့ချင်တယ် ဆိုမှတော့ သူ့ကို ခေါ်သွားလိုက်…” မိသားစု ခေါင်းဆောင်က ပြောသည်… “သူက မိုးမြေကောင်းကင် မြို့ကိုလည်း သွားချင်တယ်…” သူ့အတွက်မူကား ဝမ်ယွီချန်းက ရီဖူရှင်းနှင့် သိပ်ရင်းနှီးခြင်း မရှိသေးပေ။ သူတို့က အတူတူ ခရီးသွားလိုက်ပါက ရီဖူရှင်းက မည်မျှ ထူးချွန်သည်ကို သိလာလိမ့်မည်။ သူတို့က ပိုမို ရင်းနှီးလာကာ မိတ်ဆွေကောင်းများ ဖြစ်လာနိုင်ပေသည်။
ဝမ်ယွီချန်းက သူမ၏အဖော်များကို ကြည့်သည်။ သူမတစ်ယောက်တည်း ဆုံးဖြတ်၍ ရဟန်မတူပေ။
“အဲလို တွေးတာ ကောင်းတယ်… လောကကြီးကို လေ့လာ ကြည့်တာကလည်း တစ်နေရာတည်းမှာ နေတာထက် ပိုကောင်းတယ်… ငါတို့ သူ့ကို ခေါ်သွားလို့ရတယ်…” သူမ၏ဘေးမှ လူငယ်တစ်ယောက်က ပြုံးလျက်ပြောသည်။ သူကား ကျင့်နန်ဖြစ်သည်။ သူက အဆင့်မြင့်အကာနာ တန်ခိုးရှင်ဖြစ်ကာ အကာနာအဆင့် တပည့်များ၏ ခေါင်းဆောင်လည်း ဖြစ်သည်။
“အစ်ကိုကျင့်က ပြောမှတော့ ငါတို့ သူတို့ကို ခေါ်သွားလို့ရတယ်…” တခြား လူများကလည်း ခေါင်းညိတ်ကြသည်။
ဝမ်ယွီချန်းက ရီဖူရှင်းကို ကြည့်သည်… “ငါတို့ နင်တို့ကို ခေါ်သွားလို့ရတယ်… ဒါပေမဲ့ သတိရပါ… နင်က ငါတို့ ပြောတာကို နားထောင်ရမယ်… နင်က ပြဿနာ မရှာရဘူး… ငါတို့က ကြယ်မင်းကျောင်းမှာ လေ့ကျင့်ကြတယ်… တကယ်လို့ နောက်ပိုင်းနင်က ကြယ်မင်းကျောင်းကို ဝင်နိုင်ခဲ့ရင် ငါတို့က ဆက်ပြီး လိုတာ ကူညီပေးလို့ ရတယ်…”
“ကျေးဇူးပဲ… ကျုပ်တို့ ဘယ်တော့ သွားကြမလဲ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြုံးသည်။ သူက ပြင်ပလောကတွင် နှိမ့်ချကာနေရန် လိုပေသည်။
“မနက်ဖြန် မနက်…” ဝမ်ယွီချန်းက ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက မိသားစု ခေါင်းဆောင်အား ကြည့်ကာ ပြောသည်… “စီနီယာ… မနက်ဖြန် ထွက်သွားပြီးရင် ကျွန်တော် ပြန်မလာတော့ဘူး… ဂရုစိုက်ပါ…”
“ကောင်းတယ်… မင်းက မိုးမြေကောင်းကင်မြို့သို့ ယွန်ချန်းနဲ့အတူ သွားနိုင်တယ်…” ဝမ်မိသားစု ခေါင်းဆောင်က ပြုံးလျက်ပြောသည်… “မင်းက ထွက်သွားပြီး နောက်ပိုင်း အများကြီး အောင်မြင်လိမ့်မယ်.. ငါ မင်းသတင်းကို နားထောင်နေမယ်…”
“ကျေးဇူးပါ… စီနီယာ…” ရီဖူရှင်းက သူ၏ဖန်ခွက်အား မြှောက်လိုက်သည်။
***
အတွဲ(၂၈)ပြီးပါပြီ
ဆက်ပါဦးမည်။
***