ဝမ်မိသားစုက ရီဖူရှင်းတို့ အုပ်စုကိုပါ ခေါ်သွားကြသည်။ နေဝင်ရီတရော အချိန်တွင် သူတို့၏ အရိပ်များက ရှည်မျောနေသည်။ မရေမတွက်နိုင်သော အကြည့်များက သူတို့အား ထိတ်လန့်စွာ ကြည့်နေကြဆဲ ဖြစ်သည်။
ကုန်သည်အုပ်စု ခေါင်းဆောင်က ထရပ်ကာ ထွက်ခွာသွားသော ဝမ်မိသားစု လူများအား ကြည့်နေသည်။ တိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်ကာ နောက်ဆုံး ခွဲဝေမှုများကိုလည်း ကြေညာပြီး ဖြစ်သည်။ နောက်နှစ်တွင် ယွန်ယွဲ့ကုန်သည် အုပ်စုက အနည်းငယ်သော အရင်းအမြစ်များ ကိုသာ ရမည်ဖြစ်သည်။
တစ်စုံတစ်ယောက် ကသာ အနီးကပ် ကြည့်မည်ဆိုလျှင် လက်မောင်းအိုး အောက်တွင် သူ၏လက်များက တုန်ယင်နေသည်ကို မြင်ရမည်ဖြစ်သည်။ သူ၏အကြည့်က စင်ပေါ်တွင် မိမိကိုယ်ကို ထရပ်ရန် ကြိုးစားနေသော ရှမ်းဟိုင်ထံကို ရောက်သွားသည်။
လက်ရှိတွင် ရှမ်းဟိုင်ကား နွမ်းဖပ်နေသည့် ပုံစံပင်။ သူ၏မျက်နှာက အရောင်အဆင်း ကင်းမဲ့ကာ ပါးစပ်မှ သွေးများ အဆက်မပြတ် ယိုစီးကျနေသည်။ သူ၏ကလီစာများက ကြေမွသွားကာ ဒဏ်ရာက လွန်စွာ ပြင်းထန်သော အခြေအနေ ဖြစ်သည်။ သို့သော်လည်း မည်သူကမှ သူ့အား လာရောက် မကူညီကြပေ။ လက်ရှိ ခေါင်းဆောင်၏ အမူအရာကို ကြည့်ကာ သူတို့က လာရောက် ကူညီရဲခြင်းလည်း မရှိကြပေ။
ရှမ်းဟိုင်က သည်တစ်ကြိမ် ပြဿနာ ရှာမိပြီ ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ ခေါင်းဆောင်က သူ့အား ခွင့်လွှတ်မည် မဟုတ်တော့ပေ။ သူက သူ့အမှားကို ပြန်ပြင်နိုင်ခဲ့ပြီး ဖြစ်ကာ ခေါင်းဆောင်ကလည်း သူ့ကို ခွင့်လွှတ်ပြီး ဖြစ်သည်။ သို့သော် သူက လက်စားချေလိုကာ ရီဖူရှင်း ထွက်ခွာသွားခါနီးတွင် တမင် ရန်စခဲ့သည်။ သူက သူ၏သေတွင်းကို ကိုယ်တိုင် တူးနေခြင်း ဖြစ်သည်။
လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့ အားလုံးက ရှမ်းဟိုင်အား အထင်သေးစွာ ကြည့်ကြသည်။ သူက သူ၏ ကိုယ်ပိုင်စွမ်းရည်ကို နားမလည်ပေ။ သူက ရီဖူရှင်းထံတွင် တစ်ကွက်မှပင် ခံနိုင်ရည်မရှိခဲ့…။ သို့သော်လည်း ထိုလူငယ်ကလည်း အမှန်တကယ် အားကောင်းလွန်း လှသည်။ သူက အနာဂတ်တွင် သေချာပေါက် အရေးပါသောလူ ဖြစ်လာလိမ့်မည်။
လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့က ထိုရလဒ်နှင့် ပတ်သက်၍ အမှန်တကယ်ပင် ပျော်ရွှင် ကျေနပ်ကြသည်။ အင်အား အကောင်းဆုံး ယွန်ယွဲ့ကုန်သည် အုပ်စုကား ဖိနှိပ်ခံရသည်။ လျှပ်စီးကလန် အတွက်မူ ဝမ်မိသားစုကား အန္တရာယ် မပေးနိုင်ဆုံး ဖြစ်သည်။ ဖန်းမိသားစုလည်း ထိုအတိုင်း ဖြစ်သည်။ သူတို့က နောက်ဆုံးနေရာလည်း မဟုတ်ပေ။
ဤကဲ့သို့သော အခြေအနေတွင် ယွန်ယွဲ့ကုန်သည် အုပ်စုက ဘာမှ အပြောင်းအလဲ လုပ်နိုင်မည့်ပုံ မပေါ်ပေ။
ဝမ်မိသားစုဘက်တွင် ဝမ်ယွီရိုက ရီဖူရှင်း၏ဘေးမှ ကပ်ကာ လျှောက်လာသည်။ သူမက မေးသည်… “နင်က မှော်ပညာမှာ တော်တာလား… သိုင်းပညာမှာ တော်တာလား…” သူမက စိတ်ဝင်စားသည်။ သည်မတိုင်မီက ရီဖူရှင်း၏ မှော်ပညာက အမှန်ပင် အားကောင်းသည်။ သူက မှော်ဆရာဝူအား အလွယ်တကူ အနိုင်ယူခဲ့သည်။ လူတိုင်းက သူ့အား အားကောင်းသော မှော်ပညာရှင်ဟု ယူဆသော အချိန်တွင် သူက ရှမ်းဟိုင်အား သိုင်းပညာဖြင့် တိုက်ခိုက် အနိုင်ယူခဲ့သည်။ သူ၏နောက်ဆုံး ရိုက်ချက်ကား သေကွင်း သေကွက်ကို တိုက်ရိုက် ထိသည်။ သူ၏သိုင်းပညာ စွမ်းရည်ကား ငြင်းဆန်၍ မရနိုင်အောင် အားကောင်းသည်။
“မှန်းကြည့်လေ…” ရီဖူရှင်းက ပြုံးရောင်သန်း သွားသည်။
ဝမ်ယွီရိုက ဒေါသတကြီး ကြည့်သည်။ ထိုစဉ်မှာပင် ယူချင်းက ထူးမခြားနားစွာ ပြောသည်… “သူက သိုင်းပညာနဲ့ မှော်ပညာနှစ်ခုလုံးမှာ မထူးချွန်ဘူး…”
“ဒါဆို ဘာထူးချွန်လဲ…” ဝမ်ယွီရိုက ယူချင်းကို နားမလည်စွာ ကြည့်သည်။
ယူချင်းက ဝမ်ယွီရိုအား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်သည်။ ဝမ်ယွီရိုက ချက်ချင်း နားလည်သွားကာ သူမ၏ အကြည့်အား တစ်ဖက်ကို ချက်ချင်း လွှဲလိုက်သည်။
ရီဖူရှင်းက ယူချင်းအား ဒေါသတကြီး ကြည့်သည်။ သည်ကောင်ကား အမှန် ပြောင်းလဲ လာသည်။ သူက ဘာကို တွေးနေသနည်း…။ ရီဖူရှင်းက ထိုသို့ မဟုတ်ပေ…။
“ရီကလေး…” ရီဖူရှင်းက ခေါ်သည်။
ယန်ရီက လျှောက်လာကာ နှုတ်ဆက်သည်… “အစ်ကိုကြီးရီ…”
“ငါထွက်သွားတဲ့အခါ မင်းက ကောင်းကောင်း လေ့ကျင့်ရမယ်…” ရီဖူရှင်းက ပြုံးကာ ပြောသည်။
ဝမ်ယွီရိုက သူ့ကို ကြည့်သည်။ သူက သူမကို ပြောနေသည်လား…။ သည်တစ်ကြိမ် ရီဖူရှင်းက အလွန် ကောင်းမွန်သော ပါရမီကို ပြသခဲ့ရာ ဝမ်မိသားစုက သူ့အား ထိန်းထားရန် ကြိုးစားလိမ့်မည်ဟု သူခန့်မှန်းပုံရသည်။ ထို့ကြောင့် သူက မကြာမီ ထွက်သွားတော့မည်ဟု အရိပ်အမြွက် ပြောကြားခြင်း ဖြစ်သည်။
ဝမ်ယွီရိုက တိတ်တခိုး သက်ပြင်းချသည်။ ဝမ်မိသားစုက ရီဖူရှင်းကဲ့သို့သော ပါရမီရှင်မျိုးအား ထိန်းထားနိုင်စွမ်း မရှိပေ။
“အစ်ကိုကြီးရီက ထွက်သွား တော့မှာလား…” ယန်ရီက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်…”
“ဘာလုပ်စရာတွေလဲ… ကျွန်မလည်း လိုက်ချင်တယ်…” ယန်ရီက အပြစ်ကင်းစွာ ပြောသည်။
“ငတုံးမလေး…” ရီဖူရှင်းက သူမ၏ခေါင်းကို ပုတ်လိုက်သည်။
ထိုအခိုက်တွင် ဝမ်မိသားစု ခေါင်းဆောင် လျှောက်လာသည်။ ရီဖူရှင်းနှင့် ယန်ရီကို ကြည့်ကာ သူက ပြုံးလျက် ပြောသည်… “စိတ်မပူနဲ့… မင်းသွားပြီးတဲ့နောက် ငါတို့က ယန်မောင်နှမကို သေသေချာချာ ဂရုစိုက်ပေးမယ်…”
“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက ပြောသည်။
“မင်းက ဝမ်မိသားစုအတွက် အများကြီး ရယူပေးတယ်… ဒါကဘာမှ မဟုတ်ပါဘူး… ငါတို့ မင်းကို အများကြီး ကျေးဇူးတင်ရမယ်… မင်း ဘာတောင်းဆိုချင်လဲ…” ခေါင်းဆောင်က ပြောသည်။
ရီဖူရှင်းက ခေါင်းယမ်းသည်… “ကျွန်တော်က ယွန်ယွဲ့မြို့ကို ရောက်တဲ့အချိန်က ဘယ်သူနဲ့မှ မရင်းနှီးသေးဘူး… ယန်မောင်နှမနဲ့ ကံပါလို့ ဆုံတွေ့ခဲ့ကြတယ်… စီနီယာက သူတို့ကို နောက်ပိုင်း ဂရုစိုက်ပေးရင် ရပါပြီ…”
“ကောင်းပြီ… ယွီရို… ယန်ထန်းနဲ့ ယန်ရီတို့က အခုကစပြီး မင်းနဲ့ လေ့ကျင့်ကြရမယ်… ယန်ရီကို အခုကစပြီး မင်းညီမလို သဘောထားရမယ်…” ခေါင်းဆောင်က ဝမ်ယွီရိုကို ပြောသည်။
“ဟုတ်ကဲ့…” ဝမ်ယွီရိုက ခေါင်းညိတ်သည်။ သူမကလည်း ငြင်းစရာ မရှိပေ။ ရီဖူရှင်းက သည်တစ်ကြိမ် သူမတို့အား ကြီးစွာ ကူညီပေးခဲ့သည်။
“ငါမင်းကို ခေါ်ထားမှာ မဟုတ်ဘူး… ဒါကြောင့် ဒီမှာ ရက်နည်းနည်း နေဦး… ငါတို့က မင်းတို့ကို ကောင်းကောင်း ဧည့်ခံပေးဖို့တော့လိုတယ်…” ခေါင်းဆောင်က ပြောသည်။ ရီဖူရှင်းက သူ့အား ကြည့်လျှင် သူက တီးတိုးပြောသည်… “ကောင်လေး… ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့… လူတွေ အများကြီးရှေ့မှာ ငါ့ကို မငြင်းနဲ့…”
“ကောင်းပါပြီ…” ရီဖူရှင်းက မသက်မသာ ပြုံးကာ ခေါင်းညိတ်သည်။ မိသားစု ခေါင်းဆောင်ကား အမှန်တကယ် အားကောင်းရာ သူက မငြင်းနိုင်ပေ။
မိသားစုခေါင်းဆောင်က နောက်ဆုံးတွင် ပြုံးလိုက်သည်။ သူက ခေါင်းညိတ်ကာ ရီဖူရှင်း၏ ပခုံးအား ပုတ်လိုက်သည်။
သူတို့က ဝမ်မိသားစု အိမ်တော်သို့ ပြန်ရောက် လာကြသောအခါ ညအချိန် ရောက်နေပြီ ဖြစ်သည်။ သူတို့က လွန်စွာ ကြီးမား ခမ်းနားသော ညစာစားပွဲကြီး ကျင်းပကြသည်။ ရီဖူရှင်းတို့က ထိုနေရာတွင် ကြယ်ပွင့်များ ဖြစ်ကြသည်။ လူအများအပြားက သူတို့အား တွေ့ဆုံလိုကြ၏။
ညစာစားပွဲ အပြီးတွင် သူတို့က ရီဖူရှင်းတို့ တည်းခိုရန် အဓိက တပည့်များ နေထိုင်ရာ နေရာ၌ ဝမ်ယွီရို၏ အခန်းအနီးတွင် စီစဉ်ပေးကြသည်။
လက်ရှိတွင် လရောင်က ကမ္ဘာမြေပြင်အား ဖျန်းပက်ထားသည်။ ခြံဝင်းထဲရှိ ကျောက်စားပွဲဝိုင်း တစ်ခုပေါ်တွင် မြေပုံတစ်ချပ်အား ဖြန့်ကာ ချထားသည်။ ရီဖူရှင်းက ကျောက်သား ထိုင်ခုံတွင် ထိုင်ကာ မြေပုံကို တိတ်ဆိတ်စွာ ကြည့်နေသည်။
“ဘာအစီအစဉ်ရှိလဲ…” ရီဝူချင်းက လျှောက်လာကာ မေးသည်။
“ငါက မိုးမြေကောင်းကင်မြို့ကို သွားဖို့ စဉ်းစားထားတယ်…” ရီဖူရှင်းက ပြောသည်… “ဒီမြို့က မြေရိုင်းဒေသ အရှေ့ဘက်နယ်ရဲ့ အဓိက မြို့ပဲ… ငါတို့က အရင်းအမြစ်တွေ၊ လူတွေနဲ့ သတင်းတွေ ပိုပြီး သိရ ကြားရမယ်… ငါတို့က အဲဒီမှာ လေ့ကျင့်ပြီးတော့ နိုဘယ်အဆင့်ကို တက်မယ်… မင်း ဘယ်လိုထင်လဲ…”
“မင်း ပြောသလိုပေါ့…” ရီဝူချင်းက ပြောသည်။ သူ ရီဖူရှင်း၏ ဘေးတွင် ထိုင်ကာ ကောင်းကင်မှ လကို မော့ကြည့်သည်။ သူက ရီဖူရှင်းကို လုံးဝ ယုံကြည်သည်။ ကန်ယီနိုင်ငံမှ ခရီးက သူ့အား များစွာသော အကြောင်းအရာများကို နားလည်စေသည်။
“တန်ခိုး အဆင့်နိမ့်တဲ့အချိန်မှာ ငါက ဘယ်ကိုမှ သိပ်မသွားရဲဘူး… ငါတို့က တစ်နေ့မှာ ရှီအဆင့်လောက် ရောက်ရင် ငါတို့က နေရာတိုင်းကို သွားနိုင်လောက်တယ်…” ရီဖူရှင်းက သက်ပြင်းချသည်။ သူက မိမိကိုယ်ကို သေးငယ်သော ရည်မှန်းချက်တစ်ခု ပေးထားသည်။ နိုဘယ်အဆင့်…။
သူက နိုဘယ်အဆင့်ကို ရောက်သော အချိန်တွင်မှ မြေရိုင်းဒေသ တစ်ခုလုံးကို လွတ်လွတ်လပ်လပ် ခရီးသွားနိုင်မည် ဖြစ်သည်။
အကာနာအဆင့်ကား အမှန်ပင် အားနည်းလွန်း လှသည်။ အားကောင်းသော အဖွဲ့အစည်းများ မရှိဘဲ တစ်ယောက်တည်း ရပ်တည်ရန် လွန်စွာ ခက်ခဲသည်။ သို့သော် ယခု သူက အားကောင်းသော အဖွဲ့အစည်း တစ်ခုခုကို အားကိုးရန် မလိုလားတော့ပေ။ ကော့တေးကဲ့သို့ တခြားနေရာ ရှိမည် မဟုတ်ပေ။ ထိုသို့သော နေရာရှိလျှင်ပင် ကော့တေးကဲ့သို့ နွေးထွေး ကောင်းမွန်သော ခံစားချက်များကို မရနိုင်ပေ။
“ချန်းယွီကို တွေးနေလား…” ရီဖူရှင်းက ငေးငိုင်နေသော ရီဝူချင်းကို မေးသည်။
“နည်းနည်း…” ရီဝူချင်းက တီးတိုးပြောသည်။ သူမအား အရှေ့မြေရိုင်း ဒေသတွင် ထားခဲ့သည့် အတွက် သူမက သူ့အား မုန်းနေလောက်ပေသည်။
နိုဘယ်… ရှီ… သူ့တွင် ခရီးရှည်ကြီး သွားရန် ကျန်သေးသည်။ သို့သော် သူ၏နှလုံးသားက ဆုံးဖြတ်ချက် ပိုမို ခိုင်မာလာသည်။
ရီဖူရှင်းက ရယ်မောလိုက်သည်။ သူ၏ကု့ချင်းဝိညာဉ် ပေါ်လာကာ ဂီတသံစဉ်က လရောင်အောက်တွင် ပျံ့လွင့်သွားသည်။ သံစဉ်က တည်ငြိမ်ကာ အေးချမ်းပြီး တစ်စုံတစ်ယောက်အား အိမ်လွမ်းစေသော ခံစားချက်ကို ပေးသည်။
***
ရက်အနည်းငယ် ကြာသောအခါ ရီဖူရှင်းက ထွက်ခွာရန် ပြင်ဆင်သည်။
လူအများအပြားက ဝမ်မိသားစုခြံဝင်း တစ်နေရာတွင် လမ်းလျှောက် နေကြသည်။ အတန်ကြာလျှင် လူတစ်ယောက်က အထဲကို ဝင်လာရာ တစ်ဝင်းလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ မင်းသမီးလေး ဝမ်ယွီချန်း ပြန်ရောက်လာပြီ ဖြစ်သည်။
အကြီးအကဲ အများအပြားက ပင်မ ခန်းမဆောင်တွင် ထိုင်နေကြသည်။ မိသားစု ခေါင်းဆောင်ပင်လျှင် သူမကို ကိုယ်တိုင် လာတွေ့သည်။
ဦးဆောင်လာသူ မိန်းကလေးကား လှပကာ အေးစက်သည်။ သူမ၏ ရုပ်ရည်နှင့် ကိုယ်လုံး ကိုယ်ပေါက်က ဝမ်ယွီရိုနှင့် ဆင်တူသည်။ သူမက ပိုမို၍ လှပကာ ထက်မြက်ပုံ ရသည်။ ဝမ်ယွီချန်းကား ဝမ်ယွီရို၏ အစ်မအရင်း ဖြစ်သည်။
သူမ၏ဘေးတွင်ကား မိန်းကလေးများနှင့် ယောက်ျားလေးများ ရောယှက်နေသော အုပ်စုတစ်စု ပါလာသည်။ သူတို့က ဝမ်မိသားစုအား အေးစက်စွာ ကြည့်ကြသည်။ သူတို့အားလုံးတွင် ထူးခြား ကောင်းမွန်သော နောက်ခံများ ရှိကြဟန် ရသည်။
“အဘိုး…” ဝမ်ယွီချန်းက မိသားစု ခေါင်းဆောင်ကို ခေါ်သည်။ သို့သော်လည်း သူမ၏လေသံက တခြား မိသားစုဝင်များလို သိပ်လေးစားဟန် မရပေ။ သူကား မိသားစုထဲတွင် အားအကောင်းဆုံး လူဖြစ်ကာ လူတိုင်းက လေးစားကြရသည်။ သူ့အား မလေးစားလျှင် မည်သူ့ကို လေးစားရမည်နည်း…။
သို့သော် ဝမ်ယွီချန်းကား ကွဲပြားခြားနားသည်။ သူမက သူမ၏ အဘိုးအဆင့် တန်ခိုးရှင်များစွာကို မြင်ဖူးသည်။ အမှန်တကယ်အားဖြင့် သူမက ရှီအဆင့်တန်ခိုးရှင် လက်အောက်တွင် သင်ယူနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် နေသည်မှာ အချိန် ကြာလာသည်နှင့်အမျှ သူမ၏အဘိုးအပေါ် လေးစားမှုမှာလည်း လျော့ကျ လာခဲ့သည်။
“မင်း ပြန်လာပြီ…” မိသားစုခေါင်းဆောင်က ပြုံးလျက် ပြောသည်။
“အင်း… သူတို့က သမီးရဲ့ စီနီယာ အစ်ကိုတွေနဲ့ အစ်မတွေ…” ဝမ်ယွီချန်းက ပြောသည်။
“သူတို့က ထူးခြား ထက်မြက်တဲ့ပုံပဲ… မိုးမြေကောင်းကင်မြို့ရဲ့ ထိပ်သီး ကျောင်းသုံးကျောင်းကလို့ မပြောရဘူး…” မိသားစု ခေါင်းဆောင်က ပြုံးလျက်ပြောသည်… “ဧည့်ခံပွဲက ပြင်ဆင်ထားပြီးပြီ… လာကြ…”
လူတိုင်းက အထဲကို ဝင်ကြသည်။ ဝမ်ယွီရိုက လျှောက်လာကာ ခေါ်သည်… “အစ်မ…”
“နင့်ရဲ့ အဆင့်…” ဝမ်ယွီရိုက မေးသည်။
“အဆင့်သုံးအကာနာ…” ဝမ်ယွီရိုက ဖြေသည်။
“ဆက်ကြိုးစားပြီးတော့ မိုးမြေကောင်းကင်မြို့မှာ နောက်နှစ် ကြိုးစားကြည့်…” ဝမ်ယွီချန်းက ပြောသည်… “အဖေနဲ့ အမေရော…ဘယ်မှာလဲ…”
“သူတို့ လာနေတယ်…” ဝမ်ယွီချန်းက ပြောသည်။
“ယွီရို… ဖူရှင်းကို သွားခေါ်…” မိသားစု ခေါင်းဆောင်က ပြောသည်။
“ကောင်းပြီ…” ဝမ်ယွီရိုက ချက်ချင်း နားလည်သည်။ သူမက ရီဖူရှင်းတို့ နေထိုင်ရာ အဆောင်ဘက်ကို သွားသည်။
“ဖူရှင်း…” ဝမ်ယွီချန်းက မေးသည်… “အဘိုး… အဲဒါ ဘယ်သူလဲ…”
“အရမ်းထက်မြက်တဲ့ လူငယ်တစ်ယောက်ပဲ… ငါက သူ့ကို မင်းနဲ့ တွေ့စေချင်တယ်… မင်းက ကူညီပြီး သူ့ကို ထိပ်သီး ကျောင်းသုံးကျောင်းထဲကို ဝင်နိုင်ဖို့ လုပ်ပေးစေချင်တယ်… သူ့ရဲ့ ပါရမီက ပြဿနာ မရှိဘူး…”
“ထိပ်သီး ကျောင်းသုံးကျောင်းက အလွယ်တကူ ဝင်လို့ မရဘူး…” ဝမ်ယွီချန်း၏ဘေးမှ လူငယ်က ပြောသည်။
“ငါသိတယ်… သူက ပါရမီမပါရင် ငါက ဒီလို ပြောမှာ မဟုတ်ဘူး…” မိသားစုခေါင်းဆောင်က ရယ်မောလျက် ပြောသည်။
ဝမ်မိသားစုတွင် ဝမ်ယွီချန်းကဲ့သို့သော ပါရမီရှင်တစ်ယောက် ရှိနေသည်မှာ လွန်စွာ အံ့ဖွယ်ကောင်းနေပြီး ဖြစ်သည်။ အကယ်၍ သူတို့တွင် နောက်ထပ် သူမလို ပါရမီရှင် နောက်တစ်ယောက် ရှိပါက သူက မည်မျှ အားကောင်းနိုင်မည်နည်း…။ မိသားစု ခေါင်းဆောင်က အသိအမြင်နည်းကာ တကယ့်ပါရမီရှင် ဆိုသည်ကို မသိသည်လည်း ဖြစ်နိုင်ပေသည်။
***