ဝမ်ယွီရိုက နှာခမ်းကို ကိုက်ကာ တိုက်ပွဲစင်မြင့်အား ကြည့်သည်။
ရီဖူရှင်းက ဘေးမှနေ၍ သူမကို ကြည့်ကာ ပြောသည်… “ငါ့မှာ ချစ်သူရှိတယ်…”
ဝမ်ယွီရိုက စိတ်ပျက်စွာဖြင့် သူမ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူမက ရီဖူရှင်းအား ပြင်းထန်စွာ ထုရိုက်ပြစ်လိုသည်။
“နင့်ရဲ့တောင်းဆိုမှုကို ထုတ်မပြောတော့ဘူးလား…” ဝမ်ယွီရိုက ဘာမှ မခံစားရဟန်ဖြင့် ပြောသည်။
“အဲဒါ ငါအခု မတွေးရသေးဘူး… မင်းအခု ငါ့ကို ကတိတစ်ခု အကြွေးတင်တယ်ပဲ မှတ်လိုက်…” ရီဖူရှင်းက အေးဆေးစွာ ပြောသည်။ သူတို့၏ အလောင်းအစားက တိုက်ပွဲအတွင်း စိတ်တက်ကြွနေသော အချိန်ဖြစ်သွားခြင်း ဖြစ်ကာ ဝမ်ကလန်က ယန်ထန်းနှင့် ယန်ရီအား လက်ခံခဲ့မှတော့ သူက အမှန်တကယ် တောင်းဆိုစရာ မရှိတော့ပေ။
ဝမ်ယွီရိုက ဘာမှ ထပ်မပြောတော့ပေ။ သူမ၏အကြည့်က တိုက်ပွဲစင်မြင့်ကို ရောက်နေသည်။ အရာအားလုံးက တစ်ဖန် တိတ်ဆိတ်ငြိမ်သက် သွားဟန်ရသည်။
ရီဖူရှင်းကလည်း တိုက်ပွဲစင်မြင့်ကို ကြည့်သည်။ ပြိုင်ပွဲက ပထမပိုင်းအတိုင်း တူညီသော စည်းမျဉ်းဖြင့် ဆက်လက် ယှဉ်ပြိုင်ကြသည်။ ကွဲပြားသွားသည်ကား ယခုတိုက်ပွဲက အလယ်အလတ်အဆင့် အကာနာများ တိုက်ပွဲဖြစ်ပြီး သဘာဝစွမ်းအင် ကျောက်တုံး မိုင်းတွင်းများ ခွဲဝေခြင်း မဟုတ်တော့ပေ။ ရလဒ်က ယွန်ယွဲ့မြို့မှ တချို့သော အထောက်အပံ့ပစ္စည်းများ အတွက်ဖြစ်သည်။
တိုက်ပွဲတွင် ရီဖူရှင်းက ယွန်ယွဲ့ကုန်သည် အုပ်စုမှ မှော်ဆရာဝူ၊ မိစ္ဆာဓား၊ မီးလျှံမိန်းကလေးလျူလန်နှင့် မှော်နက်ဆရာစီမိုတို့ကို မှတ်မိပေသည်။ သူတို့အားလုံးကို သူက ကျောက်စိမ်းဖြူ မျှော်စင်တွင် တွေ့ဖူးသည်။ သို့သော်လည်း ထိုအုပ်စု၏ ခေါင်းဆောင်က ရှမ်းဟိုင်ဖြစ်ပေသည်။ သိသာစွာပင် သူသည်လည်း ယွန်ယွဲ့ကုန်သည် အုပ်စု၏ အတော်ဆုံး ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူက မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့ကို အထူးတလေ ဖိတ်ခေါ်နိုင်ခဲ့သည်။
“ရှင်တို့အားလုံး ဘယ်ကလဲ…” ဝမ်ယွီရိုက မေးလျှင် ရီဖူရှင်းက အချိန် အနည်းငယ်ကြာ တိတ်ဆိတ်နေသည်။
“မင်းတစ်ခါမှ မရောက်ဖူးတဲ့ အရမ်းဝေးပြီး သေးငယ်တဲ့ နေရာတစ်ခုက…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။
ဝမ်ယွီရိုက သူ၏အဖြေကိုကြားကာ အံ့အားသင့် သွားသည်။ ရီဖူရှင်းနှင့် သူ၏ သူငယ်ချင်းများ၏ အရည်အချင်းများဖြင့် သေးငယ်သောနေရာမှ လာသည်ကို ယုံကြည်နိုင်ဖွယ်ပင် မရှိပေ။
ထိုစဉ်မှာပင် သိမ်းငှက်နက်နှင့် လို့လန်ရွှီတို့ ရောက်လာကာ သိမ်းငှက်နက်က ဘေးတွင် ရပ်နေပြီး လို့လန်ရွှီက ထိုင်ခုံတစ်နေရာတွင် ထိုင်သည်။
ဝမ်ယွီရိုက လို့လန်ရွှီအား ကြည့်ကာ မေးသည်… “နင့်ရဲ့ ချစ်သူလား…”
“မဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်… “သူငယ်ချင်း တစ်ယောက်…”
“ကြည့်ရတာ နင်က လူကြီးလူကောင်း တစ်ယောက်တော့ မဟုတ်ဘူး…” ဝမ်ယွီရိုက ပြုံးလျက် ဝေဖန်သည်။ ရီဖူရှင်းက ချစ်သူရှိသည်ဟု ဝန်ခံမှတော့ အဘယ်ကြောင့် နောက်ထပ် မိန်းကလေး တစ်ယောက်ကို ဘေးတွင် ထားရသနည်း…။
လို့လန်ရွှီက ဝမ်ယွီရိုအား ကြည့်ကာ ရှင်းပြသည်… “အစေခံ…”
“…” ဝမ်ယွီရို မည်သို့ ပြောရမည် မသိတော့ပေ။ သူမ၏ အကြည့်က တိုက်ပွဲသို့ ပြန်ရောက်သွားကာ ပြောသည်… “မိစ္ဆာဓားက တိုက်ပွဲထဲကို ဝင်တော့မယ်… သူနဲ့ မှော်ဆရာဝူတို့ကြောင့် ရှမ်းဟိုင်က ရှင်တို့ကို ကျောက်စိမ်းဖြူ မျှော်စင်က နှင်ထုတ်ခဲ့တာဆို…”
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“သူ့စွမ်းရည်နဲ့ ပတ်သက်ပြီး နင်ဘယ်လို ခံစားမိလဲ…” ဝမ်ယွီရိုက မေးသည်။ မိစ္ဆာဓားက သူ၏ဓားကို ထုတ်လျှင် လွန်စွာ မြန်ဆန်သည်ကို တွေ့ရသည်။ သူ၏ ဓားတစ်ချက်က ဓားအချက် ထောင်ပေါင်းများစွာ ဝှေ့ယမ်းသည်ဟု ခံစားရစေသည်။ မရေမတွက်နိုင်သော ဓားအလင်းများ ကြားတွင် အလွန်ထက်ရှသော ဓားချက်တစ်ခု ပုန်းကွယ် နေသည်။ သူ၏ဓားချက်က မြန်ဆန်စွာပင် ပြိုင်ဘက်၏ လည်ပင်းကို ဖြတ်တောက် သွားကာ စင်မြင့်ထက်ကို သွေးခြင်းခြင်း နီစေ၏။
ရှုံးနိမ့်သူကား သေမင်းနှင့် မိတ်ဆက် သွားရသည်။
“ခွေးကောင်…” ဝမ်ယွီရို၏ အမူအရာက အနည်းငယ် အေးစက်သွားသည်။ မိစ္ဆာဓား သတ်လိုက်သူကား ဝမ်မိသားစု အကူဖြစ်သည်။
မိစ္ဆာဓားတွမ့်ချီက သူ၏ပြိုင်ဘက်အား သတ်ဖြတ်ပြီးနောက် ဝမ်မိသားစု ပွဲကြည့်စင်ဘက်ကို ကြည့်သည်။ သူ၏အကြည့်က ရီဝူချင်းထံသို့ ရည်ရွယ်ချက်ရှိရှိ ရောက်လာဟန် ရသည်။ ထို့နောက် သူက မူလနေရာသို့ လျှောက်သွားသည်။ ထိုနေရာတွင် စောင့်နေသူကား တူညီစွာပင် ရက်စက်သော အမူအရာဖြင့် ရှမ်းဟိုင်ဖြစ်သည်။ သူကလည်း ဝမ်မိသားစုဘက်ကို ကြည့်ကာ သူ၏အကြည့်က ဝမ်ယွီရိုနှင့်ရီဖူရှင်းတို့ထံ ရောက်လာသည်။ သူကား တမင်ပင် ဝမ်ကလန်ကို ပစ်မှတ်ထားနေသည်။
“ကြည့်ရတာ တိုက်ပွဲက အထိန်းအကွပ် သိပ်မရှိတော့သလိုပဲ…” ပရိသတ်များ အတွက်မူ သည်မြင်ကွင်းက အထူးအဆန်းတော့ မဟုတ်ပေ။ နှစ်စဉ်နှစ်တိုင်း ပြိုင်ပွဲက လွန်စွာ ပြင်းထန်လေ့ရှိကာ အသေအပျောက်များ ကလည်း များပြားလေ့ ရှိပေသည်။
ပထမပြိုင်ပွဲတွင် ဝမ်ကလန်နှင့် ယွန်ယွဲ့ကုန်သည် အုပ်စုတို့က အဓိက ရင်ဆိုင်တိုက်ခိုက်ကြကာ ယွန်ယွဲ့ကုန်သည်အုပ်စုအား အရှက်ရစေခဲ့သည်။ ပုံမှန်အားဖြင့် သူတို့က အခွင့်အရေး ရသောအခါ လက်တုံ့ပြန်လိုကြပေသည်။ ထို့ကြောင့် မိစ္ဆာဓားတွမ့်ချီက စောစီးစွာ တိုက်ခိုက်ကာ ပြိုင်ဘက်အား သတ်ဖြတ်ခဲ့သည်။
ခန့်မှန်းထားသလိုပင် ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် ဝမ်မိသားစုတို့ တွေ့လျှင် တိုက်ပွဲက လွန်စွာ ပြင်းထန်ကာ ပိုမိုသော တန်ခိုးရှင်များ သေဆုံးကာ ဒဏ်ရာ ပြင်းထန်စွာ ရကြသည်။
မှန်သည်… ကံမကောင်းသူများကား နှစ်ဖက်အဖွဲ့မှ အကူတန်ခိုးရှင်များ ဖြစ်ကြကာ အထူးသဖြင့် အားနည်းသူများ ဖြစ်ကြသည်။
မှော်ပညာတွင် အားကောင်းသော မှော်ဆရာဝူကလည်း ဝင်ရောက် တိုက်ခိုက်ပေသည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို အနက်ရောင် ဝတ်စုံဖြင့် ဖုံးအုပ်ထားကာ သူ့တွင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိပေသည်။ သူ၏ မျက်လုံးများတွင် အနက်ရောင်မိစ္ဆာ မီးလျှံများ တောက်လောင်နေပြီး သူ၏ အကြည့်တစ်ချက်က ပြိုင်ဘက်အား ပူလောင်စေနိုင်သည်။ သူ၏ မီးဓာတ်မှော်ပညာက မိစ္ဆာမီးတောက်များလိုပင် ငြှိမ်းသတ်၍ မရဘဲ လောင်ကျွမ်းခံရပါက အသက် သေဆုံးရမည်မှာ သေချာပေသည်။
“ကြည့်ရတာ ငါတို့က ဒီတိုက်ပွဲမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်တော့မယ့်ပုံပဲ…” ဝမ်ယွီရိုက ပြောသည်။ ဝမ်ကလန်မှ လူများအားလုံးက သက်သောင့်သက်သာ ရှိသော အမူအရာများ မရှိတော့ဘဲ တိုက်ပွဲစင်မြင့်ကို မျက်နှာ မသာမယာဖြင့် ကြည့်နေကြသည်။
မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့ကား လွန်စွာ ကျော်ကြားသည်။ ထို့ကြောင့် သူတို့အား ယွန်ယွဲ့ကုန်သည် အုပ်စုက ဖိတ်ခေါ်လိုက်သောအခါ ကလန်လေးခုလုံးအား လှုပ်ခတ်စေကာ သူတို့အား ကူညီရန် ပိုမိုအားကောင်းသော တန်ခိုးရှင်များကို ဖိတ်ခေါ်ရန် ကြိုးစားခဲ့ကြရသည်။
သူတို့နှစ်ယောက်၏ စွမ်းရည်ကြောင့် ကလန်လေးခု၏ အတွင်းစည်းမှ လူများက သူတို့အား လျှော့တွက်ခဲ့ခြင်း မရှိခဲ့ကြပေ။ သူတို့က သူတို့၏ကလန်များမှ မဟုတ်သလို သူတို့၏ ဂျူနီယာများလည်း မဟုတ်ကြပေ။ သူတို့၏ အရည်အချင်းများကို အတိအကျ ခန့်မှန်းရန် ကလန်လေးခု အတွက် ခက်ခဲပေသည်။
ယခု သူတို့နှစ်ယောက်၏ စွမ်းရည်ကို မြင်တွေ့ရပြီးနောက် အထူးသဖြင့် သူတို့အား ပစ်မှတ်ထား တိုက်ခိုက်ခံနေရသော အချိန်တွင် အခြေအနေက အဆိုးဆုံးကို ရောက်ရှိသွားပြီကို သိလိုက်ကြသည်။ ဝမ်ကလန်ဘက်မှ အကူများအားလုံးက နောက်ဆုံးတိုက်ပွဲ မရောက်မီတွင် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာရရန် သေချာ နေလေပြီ။
ယွန်ယွဲ့ကုန်သည် အုပ်စုဘက်တွင် ကုန်သည်အုပ်စု ခေါင်းဆောင်နှင့် အကြီးအကဲများ၏ အမူအရာများက လွန်စွာ ပျော်ရွှင်နေဟန် ရပေသည်။ ရှမ်းဟိုင်က သည်တိုက်ပွဲတွင် သူတို့အား စိတ်မပျက်စေဘဲ ပထမနေရာကို ရယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် သူတို့က ပထမနေရာကို ရနိုင်ပါက သူတို့ ဆုံးရှုံးသည်များကို ပြန်ဖာထေးနိုင်ပြီဟု ပြောနိုင်သည်။
“အစ်ကိုကြီး… ရှမ်းဟိုင်က ငယ်ရွယ်ပြီးတော့ ဂုဏ်မောက်တယ်… တစ်ခါတလေ သူလည်း အမှားလုပ်မိမှာပဲ… ဒါပေမဲ့ သူလုပ်သမျှက ယွန်ယွဲ့ကုန်သည် အုပ်စုကောင်းဖို့ အတွက်ပဲ… အဲလိုအခြေအနေမှာ မှော်ဆရာဝူနဲ့ မိစ္ဆာဓားတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရဖို့ တချို့လူတွေကို လျစ်လျူရှုရမှာပဲ…” ကုန်သည်အုပ်စု၏ အကြီးအကဲ တစ်ယောက်က ပြောသည်။ သူကား ရှမ်းဟိုင်၏ အဘိုးဖြစ်သည်။ ခုနက သူက ရှမ်းဟိုင်အတွက် ဝင်ပြောရန် အခွင့်အရေး မရသော်လည်း လက်ရှိအခွင့်အရေးကို သူက မည်သို့ အလွဲခံနိုင်မည်နည်း…။
“အမှန်ပဲ… ရှမ်းဟိုင်က အမြင်အားကောင်းတယ်… ဝမ်ကလန်ကို ကူညီတဲ့လူငယ်တွေက တကယ်ပဲ မောက်မာတယ်… သူတို့က ယွန်ယွဲ့ကုန်သည် အုပ်စုကို လက်စား လာချေကြတာ သေချာတယ်…” နောက်တစ်ယောက်က ဝင်ပြောလျှင် ကုန်သည်အုပ်စု ခေါင်းဆောင်က ခေါင်းညိတ်သည်… “တကယ်လို့ ရှမ်းဟိုင်က ပထမနေရာကို ရယူနိုင်ရင် ငါက ဒီကိစ္စကို လွှတ်ပေးလိုက်မယ်…”
တခြားလူများ အားလုံးက ခေါင်းညိတ်ကာ သူတို့၏ အာရုံအား တိုက်ပွဲသို့ ပြန်လည် စူးစိုက်လိုက်ကြသည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားလျှင် ဝမ်ကလန်နှင့် ယွန်ယွဲ့ကုန်သည် အုပ်စုက ဆက်လက် အားပြိုင်ကြသည်။ သို့တိုင်အောင် မှော်ဆရာဝူနှင့် တွမ့်ချီတို့အား ရင်ဆိုင်နိုင်သည့်လူ မရှိသေးပေ။ နောက်ဆုံးတွင် ဝမ်ကလန်က စိန်ခေါ်ခွင့်အား လက်လျှော့သော်လည်း ယွန်ယွဲ့ကုန်သည် အုပ်စုက နောက်ဆုံးကျန်ရှိသော ဝမ်ကလန်အကူ နှစ်ယောက်ကိုပါ စိန်ခေါ်ကာ ပြိုင်ပွဲမှ ထွက်ခွာစေသည်။
ယခု ဝမ်ကလန်ဘက်တွင် အကူတစ်ယောက်မှ မကျန်တော့ပေ။
“ဒီတစ်ခေါက် တိုက်ပွဲက ဘာအတွက်လဲ…” ရီဖူရှင်းက မေးသည်။
“ယွန်ယွဲ့မြို့က ကုန်ထုတ်ပစ္စည်း အဆောက်အဦတွေကို နောက်နှစ်အတွက် ပိုင်ဆိုင်ခွင့်…” ဝမ်ယွီရိုက ပြန်ပြောသည်။ ယွန်ယွဲ့မြို့တွင် သူတို့ အင်အားစုလေးခုက အင်အား အကြီးဆုံးဖြစ်ကာ အလွန်ခိုင်မာသော အုတ်မြစ်ရှိသည်။ ထို့ကြောင့် သူတို့က ယွန်ယွဲ့မြို့၏ အဓိက အရင်းအမြစ်များကို ထိန်းချုပ်နိုင်ကြသည်။ ထိုအရင်းအမြစ်များကို ယှဉ်ပြိုင်နိုင်သော လူများက ကလန်လေးခုသာ ရှိသည်။
“နောက်ဆုံးနေရာ ရတဲ့လူက ဘာဖြစ်မှာလဲ…” ရီဖူရှင်းက ထပ်မေးသည်။
“သူတို့က ကုန်ထုတ်လုပ်ငန်း အနည်းစုကိုပဲ လက်ကိုင်ရလိမ့်မယ်…” ဝမ်ယွီရိုက ပြန်ပြောသည်။
ရီဖူရှင်းက ဘာမှ ထပ်မပြောတော့ပေ။ တိုက်ပွဲစင်မြင့်ပေါ်မှ အခြေအနေအရ နောက်ဆုံးနေရာက ဝမ်ကလန် ဖြစ်ပေလိမ့်မည်။
ယွန်ယွဲ့ကုန်သည် အုပ်စုက သူတို့အား တမင် ပစ်မှတ်ထား တိုက်ခိုက်နေကာ တခြား ကလန်နှစ်ခုကလည်း သိပ်အားထုတ်ခြင်း မရှိဘဲ အေးဆေးစွာ ပွဲကြည့်နေကြသည်။ ဝမ်ကလန်က ပထမပြိုင်ပွဲတွင် အကျိုးအမြတ် အကြီးဆုံး ရထားခဲ့ရာ ဒုတိယမြောက် ပြိုင်ပွဲတွင်လည်း ဝမ်ကလန်အား ထပ်မံ၍ အခွင့်အရေး ပေးကြမည် မဟုတ်ပေ။ သို့တိုင်အောင် ယွန်ယွဲ့ကုန်သည် အုပ်စုက ဝမ်မိသားစု အကူများ အားလုံးကို ပြိုင်ပွဲမှ ထွက်ခွာ စေပြီးသည့်တိုင် ဖန်းမိသားစုနှင့် လျှပ်စီးကလန် တို့ကိုလည်း ဆက်လက် စိန်ခေါ်သည်။ တူညီစွာပင် ကလန်သုံးခုလုံးမှ အကူများအားလုံး ရှုံးနိမ့်သွားပြီး အကူများထဲတွင် ယွန်ယွဲ့ကုန်သည်အုပ်စုမှ တွမ့်ချီနှင့် မှော်ဆရာဝူတို့ နှစ်ယောက်သာ ကျန်တော့သည်။
“ဒီမြင်ကွင်းက ပထမပြိုင်ပွဲနဲ့ သိပ်တူတာပဲ…” ပရိသတ်က စိတ်လှုပ်ရှားစွာ ပြောကြသည်။ ထိုစဉ်က ရီဖူရှင်းနှင့် သူ၏ သူငယ်ချင်းများက ပြိုင်ဘက်ကင်းကြသည်။ ယခု တိုက်ပွဲတွင်လည်း မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့က ပြိုက်ဘက် ကင်းပေသည်။ သူတို့နှစ်ယောက်က ရှမ်းဟိုင်ကို ကူညီ၍ ပြိုင်ပွဲအား လွှမ်းမိုး ချုပ်ကိုင်စေသည်။ ယခု နောက်ဆုံး တိုက်ပွဲတွင် သူတို့က တခြား ကလန်သုံးခုမှ ပင်မမျိုးဆက်များနှင့် သုံးယောက် သုံးယောက် တိုက်ခိုက်ရမည် ဆိုလျှင်ပင် သူတို့က အလွယ်တကူ အနိုင်ရနိုင်အောင် ယုံကြည်မှု ရှိကြပေသည်။
ဖန်းကလန်နှင့် လျှပ်စီးကလန်တို့အား ရှမ်းဟိုင်က ပြောသည်… “ဒီပြိုင်ပွဲမှာ ဝမ်ကလန်က နောက်ဆုံးနေရာကို ရလိမ့်မယ်… မင်းတို့က ဒုတိယနေရာနဲ့ တတိယ နေရာကို ဆုံးဖြတ်ကြ…” သူ၏ စကားများက ရီဖူရှင်း ပြောခဲ့သည့် အတိုင်းပင်။
မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့က ရှေ့ကို တိုးသွားကာ ဝမ်ကလန် ပါရမီရှင်ထံသို့ လျှောက်သွားကြသည်။ ဖန်းကလန်နှင့် လျှပ်စီးကလန်တို့က အနည်းငယ် တွန့်ဆုတ်နေကြကာ သူတို့အား တားဆီးခြင်း မရှိကြပေ။ သူတို့က သုံးယောက်ပေါင်း တိုက်လျှင်ပင် မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့အား အနိုင်ယူရန် ယုံကြည်မှု မရှိကြပေ။
“အရှုံးပေးလိုက်…” ဝမ်ကလန်ခေါင်းဆောင်က ထိုမြင်ကွင်းကို ကြည့်ကာ ပြောသည်။ သူတို့၏ မျိုးဆက်များကို အဆုံးရှုံး မခံနိုင်ပေ။ မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့က သေချာပေါက် ရက်စက်စွာ တိုက်ခိုက်ပေမည်။
“ကျုပ် အရှုံးပေးမယ်…” ဝမ်ကလန် ပါရမီရှင်၏ မျက်နှာက အလွန် အရုပ်ဆိုးနေသည်။ ဝမ်ယွီယိုက အလွန်ကောင်းမွန်စွာ စွမ်းဆောင် နိုင်ခဲ့သော်လည်း သူ၏အလှည့်တွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။
မိစ္ဆာဓား၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ရှိနေကာ သူက တခြားလူ နှစ်ယောက်အား ကြည့်လိုက်သည်။ လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့မှ ပါရမီရှင် နှစ်ယောက်ကလည်း အချင်းချင်း တိုက်ခိုက်ကြကာ နောက်ဆုံး လျှပ်စီးကလန်ဘက်မှ အနိုင်ရခဲ့သည်။
စည်တော်ရှေ့မှ ပြိုင်ပွဲ ကြီးကြပ်သူများက ပြိုင်ပွဲရလဒ်ကို ကြေညာကြသည်။ ယွန်ယွဲ့ကုန်သည် အုပ်စုဘက်မှ လူက ဦးစွာ အော်သည်… “ဒီပြိုင်ပွဲမှာ ယွန်ယွဲ့ကုန်သည် အုပ်စုက ပထမရတယ်…”
“လျှပ်စီးကလန်က ဒုတိယ…”
“ဖန်းမိသားစုက တတိယ…”
“ဝမ်မိသားစုက နောက်ဆုံး…”
အသံလေးခုက ပြိုင်ပွဲနေရာ တစ်ခုလုံးကို ပျံ့နှံ့သွားလျှင် ကုန်သည်အုပ်စု ဘက်မှ ခေါင်းဆောင်နှင့် အကြီးအကဲများ အားလုံး ပျော်ရွှင်ကြရသည်။
မိစ္ဆာဓားက ရီဖူရှင်းနှင့် သူ့လူများ ရှိရာဘက်ကို ကြည့်ကာ ပြုံးသည်… “ကြည့်ရတာတော့ ဘာမှ သိပ်မထူးခြားပါဘူး… ပြိုင်ဘက်က အားနည်းလွန်းတယ်…”
ရီဖူရှင်းနှင့် သူ့သူငယ်ချင်းများ လုပ်ခဲ့သည်ကိုသူနှင့် မှော်ဆရာဝူတို့ကလည်း လုပ်နိုင်ခဲ့သည်။
နောက်လှည့်ကာ သူက ယွန်ယွဲ့ကုန်သည် အုပ်စုဘက်ကို လျှောက်သွားကာ ကုန်သည်အုပ်စု ခေါင်းဆောင်အား ပြောသည်… “ရှမ်းဟိုင်က အမှားလုပ်မိတယ်လို့ ကျုပ်မထင်ဘူး… ခေါင်းဆောင်က ဘယ်လို ထင်ပါသလဲ…”
ရှမ်းဟိုင်က ရီဖူရှင်းတို့အား သူတို့ကြောင့် အတင်း နှင်ထုတ်ခဲ့ရခြင်း ဖြစ်ပေသည်။ သည်မတိုင်မီက ထိုဆုံးဖြတ်ချက်အား လူတိုင်းက မေးခွန်း ထုတ်ခဲ့ကြသည်။ ထိုအဖြစ်က သူတို့အား မထိခိုက်သော်လည်း လူအများက သူတို့အပေါ် ဆိုးရွားသော အမြင်ကို ဖြစ်ပေါ်စေသည်။
တွမ့်ချီ၏ အတင့်ရဲစွာ ပြောဆိုမှုက ကုန်သည်အုပ်စု ခေါင်းဆောင်ကိုပင် အံ့အားသင့် သွားစေသည်။ မှန်သည်… သူ့တွင် ထိုသို့ မောက်မာရန် အခွင့်အရေး ရှိပေသည်။ သူက ဟက်ခနဲ ရယ်မောကာ ပြောသည်… “မှန်တာပေါ့… ကြည့်ရတာ အဲဒီကိစ္စက ကျုပ်ဘက်က နားလည်မှု လွဲတာ ဖြစ်မယ်… ကျောက်စိမ်းဖြူ မျှော်စင်မှာ ရှမ်းဟိုင်လုပ်ခဲ့တာက မှန်တယ်…”
“ကျေးဇူးတင်ပါတယ်… ခေါင်းဆောင်…” ရှမ်းဟိုင်က ပြုံးရွှင်စွာဖြင့် အရိုအသေ ပေးသည်။ ခေါင်းဆောင်က သူ့အား ခွင့်လွှတ်လိုက်ဟန် ရသည်။
“ဘယ်လိုလုပ်သူက ဒီလို လုပ်ရတာလဲ…” ယန်ရီက သုန်မှုန်စွာ ရေရွတ်သည်။ သူမက ထိုကိစ္စအား လူပုံအလယ်တွင် ပြောခဲ့ခြင်းမှာ အစ်ကိုကြီးရီ၏ မတရားခံရမှုကို လူအများ သိစေရန်ဖြစ်သည်။ ယခု ကုန်သည်အုပ်စု ခေါင်းဆောင်က သူ၏စကားကို ပြန်ပြင်သည်။ သူယခု ပြောသည့်သဘောက ရှမ်းဟိုင်က ထိုသို့ အရှက်ခွဲပိုင်ခွင့် ရှိသည့် သဘောပင်။
“ရီကလေး… သူက အကျိုးအမြတ်ကိုပဲ ကြည့်တာ… ဒါက ထူးဆန်းတာ မဟုတ်ဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူက ဝမ်ကလန်ဘက်က ဖြစ်ကာ တွမ့်ချီတို့က ယွန်ယွဲ့ကုန်သည် အုပ်စုဘက်မှ ဖြစ်ရာ ပုံမှန်အားဖြင့် ကုန်သည်အုပ်စု ခေါင်းဆောင်က သူ့လူများကိုသာ ချီးမြှောက်မည် ဖြစ်ပေသည်။ သူ၏စကားက ရီဖူရှင်းအား မကျေမနပ် ဖြစ်စေနိုင်လျှင်ပင် သူက အရေးစိုက်မည် မဟုတ်ပေ။
***