ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့က ကုန်သည်အုပ်စု ခေါင်းဆောင်၏ ရှေ့ကို ထွက်လာလျှင် သူတို့အား အေးစက်စွာ မေးမြန်းသည်ကိုသာ ကြားလိုက်ကြရသည်… “ဒါကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ မင်းတို့ ထင်လဲ…” ကုန်သည်အုပ်စုမှ လူတိုင်းက သူတို့အား စိုက်ကြည့် နေကြသည်ကို ခံစားမိလျှင် သူတို့မောင်နှမ နှစ်ယောက်လုံး ကြီးစွာ ထိတ်လန့်ကြရသည်။
ရှမ်းဟိုင်က ပြောသည်… “ခေါင်းဆောင်… ဒီမတော်တဆမှုအတွက် ကျွန်တော်တို့က တာဝန်ရှိတယ် ဆိုပေမဲ့ ကျွန်တော်တို့က ကုန်သည်အုပ်စု အတွက် စဉ်းစားပြီး ဆုံးဖြတ်ခဲ့ကြတာပါ… ကျွန်တော်တို့က မှော်ဆရာဝူနဲ့ မိစ္ဆာဓားလိုမျိုး အကူတွေကို ကူညီ ရှာဖွေနိုင်ခဲ့ပါတယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျောက်စိမ်းဖြူ မျှော်စင်က အခန်းပြည့်သွားလို့ လူနည်းနည်းကို ဖယ်ထုတ်ဖို့ ဖြစ်လာတယ်… အဲဒီတုန်းက သူတို့က ကုန်သည်အုပ်စုအတွက် တိုက်ခိုက်ဖို့ စိတ်ဝင်စားပုံ မရကြဘူး… ဒါကြောင့် မတတ်သာဘဲ သူတို့ကို ထွက်သွားခိုင်းလိုက် ရပါတယ်…”
ရှမ်းချိန်ကလည်း ဝင်ပြောသည်… “မှန်ပါတယ်… ခေါင်းဆောင်… သူတို့က ကျောက်စိမ်းဖြူ မျှော်စင်က ထွက်သွားဖို့ ငြင်းဆန်ခဲ့ကြတာကြောင့် နည်းနည်း ပြင်းထန်တဲ့ နည်းလမ်းကို သုံးခဲ့ရတာပါပဲ…”
“မင်းတို့က ဒါကို အကြောင်းပြချက်လို့ ခေါ်လား…” ခေါင်းဆောင်က သူတို့နှစ်ယောက်အား စိုက်ကြည့်သည်။ ထိုသို့သော အခြေအနေမျိုးကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိပေသည်။ ဥပမာ သူတို့က မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့အား ကျောက်စိမ်းဖြူ မျှော်စင်တွင် တည်းခိုခိုင်းစရာ မလိုအပ်ပေ။ သူတို့က ပိုမိုအဆင်ပြေသော နည်းလမ်းဖြင့် ဖြေရှင်း၍လည်း ရပေသည်။ သူတို့မောင်နှမက ထိုသို့လုပ်ရသည့် အကြောင်းပြချက်က မောက်မာ ရိုင်းစိုင်းမှု တစ်ခုတည်းကြောင့်သာ ဖြစ်သည်။
ရှမ်းဟိုင်က အရိုအသေပေးကာ ဝင်ပြောသည်… “ကျွန်တော်တို့က တခြား တိုက်ပွဲတွေမှာ သေချာပေါက် အနိုင်ရမှာပါ…” လက်ရှိတွင် သူ့ဘက်က ဘာမှ တင်ပြနိုင်စရာ မရှိသေးပေ။ တစ်ခုတည်းသော ကောက်ရိုးမျှင်ကား ယွန်ယွဲ့ကုန်သည် အုပ်စုအတွက် လာမည့်တိုက်ပွဲတွင် အနိုင်ယူပေးရန် ဖြစ်သည်။
“တော်လောက်ပြီ…” ခေါင်းဆောင်က တုံးတိတိ ပြောသည်… “သွားတော့…”
နှစ်ယောက်လုံးက အရိုအသေပေးကာ နောက်ဆုတ် လိုက်ကြသည်။ ခေါင်းဆောင်၏ အမူအရာကား ခံစားချက်ကင်းမဲ့ဟန် ရှိနေသည်။ ယနေ့ ပြိုင်ပွဲက ဆက်လက် ကျင်းပဦးမည် ဖြစ်ကာ သူက ပြိုင်ပွဲပြီးမှ သည်ကိစ္စအား ဆက်လက်၍ ဖြေရှင်းမည်။ သူက ရီဖူရှင်းဘက်ကို ကြည့်ကာ ပြောသည်… “ပြိုင်ပွဲကို ဆက်လုပ်ရအောင်…”
အရာအားလုံးက ထိုနည်းဖြင့် ဖြစ်သွားလေပြီ…။ ရှမ်းဟိုင်က ရီဖူရှင်းကို ကြီးစွာ အပြစ် လုပ်ထားပြီး ဖြစ်သည်။ သူတို့အား ကုန်သည် အုပ်စုဘက်ကို ဆွဲဆောင်ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။
ယနေ့ သူတို့က ပြိုင်ပွဲအဆင့် သတ်မှတ်ချက်တွင် နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့သလို ယွန်ယွဲ့ကုန်သည် အုပ်စုကလည်း လွန်စွာ နာမည်ပျက်ခဲ့ရသည်။
ယန်ရီမူကား သူမက ပြောလိုရာ ပြောလိုက်ရ၍ ကျေနပ်နေဟန် ရသော်လည်း ရီဖူရှင်းက သူမကို စိုးရိမ်စွာ ကြည့်သည်။ သူမက ရှမ်းမောင်နှမအား ထိုသို့ တမင် အပြစ်တင်ခံရအောင် ပြောဆိုခြင်းက အမှန်ပင် အတင့်ရဲရာ ရောက်ပေသည်။ ထို့အပြင်က ကုန်သည်အုပ်စုက အမှန်ကို သိလျှင်ပင် သူတို့က ရှမ်းမောင်နှမအား အပြစ်တင်လျှင်ပင် သူတို့က အနည်းငယ် အပြစ်ပေးပြီး ပြီးဆုံးသွားမည် ဖြစ်သည်။ သို့သော်လည်း နောင်တွင် ရှမ်းမောင်နှမက ယန်ရီနှင့် ယန်ထန်းအား အငြိုးမထားဟု မည်သူမှ မပြောနိုင်ပေ။
သူ၏အဓိက ရည်ရွယ်ချက်က သူတို့ ရရှိနိုင်သော အကျိုးအမြတ် ရရန်သာဖြစ်သည်။ သည်ပြိုင်ပွဲတွင် ယွန်ယွဲ့ကုန်သည် အုပ်စုက ကြီးစွာသော ဆုံးရှုံးမှုကိုလည်း ကြုံတွေ့ခဲ့ရသည်။ ယွန်ယွဲ့ကုန်သည် အုပ်စုခေါင်းဆောင်က သူ့အား ဆွဲဆောင်ခြင်းမှာ သူတို့၏ အရည်အချင်းကြောင့် ဖြစ်ကာ ပြိုင်ပွဲရလဒ်မူကား သည်ကိစ္စနှင့် မသက်ဆိုင်ပေ။
“မင်းတို့နှစ်ယောက်က ဆုံးဖြတ်ပြီးသွားပြီလား…” ရီဖူရှင်းက ဖန်းယွီနှင့် လေရှမ်းထန်အား ကြည့်ကာ မေးသည်။ ရီဝူချင်းက သူ၏ဓားကို ရုပ်သိမ်းလိုက်သလို ယူချင်းကလည်း လေရှမ်းထန်အား လွှတ်ပေးလိုက်သည်။ သူတို့က ဝမ်ယွီရို ရပ်နေရာသို့ ပြန်ဆုတ်ခွာ သွားကြသည်။
ပထမနေရာအား မေးခွန်းထုတ်ရန် မလိုအပ်သော်လည်း ဒုတိယ နေရာနှင့် တတိယ နေရာကိုမူကား ဆုံးဖြတ်ရန် လိုအပ်သေးသည်။
“ဒီလို အခြေအနေ ရောက်လာမှတော့ မယှဉ်ပြိုင်နဲ့တော့… ကျုပ်တို့ ကလန်နှစ်ခုက တစ်ယောက်တစ်ဝက် ခွဲယူလိုက်ကြမယ်… ဘယ်လိုလဲ…” ဖန်းကလန် ခေါင်းဆောင်က လျှပ်စီးကလန်ဘက်ကို ကြည့်ကာ မေးသည်။
“သေချာတာပေါ့…” လျှပ်စီးကလန် ခေါင်းဆောင်က ခေါင်းညိတ်သည်။ ကလန်နှစ်ခုက ကျန်သော ငါးဆယ်ရာနှုန်းကို တစ်ယောက်တစ်ဝက် ခွဲယူခြင်းက ကျေနပ်ဖွယ် ရလဒ် မဟုတ်သော်လည်း ယွန်ယွဲ့ကုန်သည် အုပ်စုမူကား တစ်ဆယ်ရာနှုန်းမျှသာ ရရှိမည်ဖြစ်သည်။
“ကောင်းပြီ… ရလဒ်ကို သွားပြီး ကြေညာ လိုက်တော့…” ဖန်းကလန် ခေါင်းဆောင်က ပြောသည်။
စည်တော်သံ မြည်ဟည်းသွားကာ ဝမ်ကလန် ကိုယ်စားလှယ်က ပြောသည်… “ဝမ်ကလန်က ပထမနေရာကို ရတယ်…”
“ဖန်းကလန်နဲ့ လျှပ်စီးကလန်တို့က ဒုတိယနေရာကို အတူတူ ရတယ်…”
“ယွန်ယွဲ့ကုန်သည် အုပ်စုက နောက်ဆုံးနေရာကို ရတယ်…” ယွန်ယွဲ့ကုန်အုပ်စု၏ ကိုယ်စားလှယ်က မသာမယာ ပြောသည်။ ရလဒ်အား ကြေညာပြီးသည်နှင့် ဝမ်ကလန် ခေါင်းဆောင်က ထရပ်သည်။ သူ၏ဘေးမှ အကြီးအကဲများကလည်း ရီဖူရှင်းနှင့် သူ့သူငယ်ချင်းများ ရှိရာဘက်ကို လှည့်ကြည့်ကြသည်။
ရီဖူရှင်းနှင့် ဝမ်ယွီရိုတို့က နောက်လှည့်ကာ ဝမ်ကလန် မိသားစုရှိရာသို့ ပြန်လျှောက် လာကြသည်။
ဝမ်မိသားစု ခေါင်းဆောင်က အနိုင်ရရှိသည့်အတွက် သူတို့အား ဂုဏ်ပြုသည့် အနေဖြင့် ကြိုဆိုသည်။
ဝမ်ယွီရိုက ကလန်ခေါင်းဆောင်ထံသို့ လျှောက်လာကာ အရိုအသေပေးလျက် ပြောသည်… “ကံကောင်းထောက်မလို့ ကလန်ခေါင်းဆောင်ရဲ့ မျှော်မှန်းချက်ကို မပျက်စီးစေခဲ့ပါဘူး…”
အမှန်တကယ်အားဖြင့် သူမကလည်း လွန်စွာ ကံကောင်းသည်ကို ဝန်ခံရပေမည်။ အနိုင်ရလဒ်က အလွယ်တကူ ရရှိခဲ့ကာ သူမက အမှန်တကယ် ကြိုးစား အားထုတ်စရာလည်း သိပ်မလိုခဲ့ပေ။ အမှန်တကယ်အားဖြင့် ရီဖူရှင်းတို့က စင်မြင့်ပေါ်သို့ တက်လိုက် ကတည်းက ရလဒ်က ထွက်ပေါ်နေပြီး ဖြစ်သည်။
“မင်း ကောင်းကောင်း လုပ်ခဲ့တယ်…” ဝမ်ကလန် ခေါင်းဆောင်က ပြုံးလျက်ပြောသည်။
“တကယ် စွမ်းဆောင်ခဲ့တာက သူတို့ သုံးယောက်ပါပဲ…” ဝမ်ယွီရိုက သူတို့အား ကြည့်ကာ ပြောသည်။ ထို့နောက် သူမက တခြား နေရာတစ်ခုသို့ ကြည့်ကာ ထပ်ပြောသည်… “ဝမ်လင်းဖန် ကလည်း ကောင်းကောင်း စွမ်းဆောင်ခဲ့တယ်…”
“ဒါမှန်တယ်…” ဝမ်ကလန်ခေါင်းဆောင်က ခေါင်းညိတ်ကာ ရီဖူရှင်းနှင့် သူ၏ သူငယ်ချင်းများအား ပြုံးလျက် ချီးကျူးသည်… “မင်းတို့သုံးယောက်က ခြွင်းချက် မရှိအောင် ပါရမီ ကောင်းကြတယ်… ကျုပ်တို့က ပြိုင်ပွဲကို မင်းတို့ကြောင့် အနိုင်ရခဲ့တယ်… တကယ်လို့ မင်းတို့ တောင်းဆိုချင်တာရှိရင် လွတ်လွတ်လပ်လပ် ပြောလို့ရတယ်… ကျုပ်က သေချာပေါက် ရအောင် လုပ်ပေးမယ်…”
“ကျေးဇူးတင်ပါတယ်… စီနီယာ… ကျုပ်တို့က မူလ သဘောတူထားတဲ့ အတိုင်းပဲ လက်ခံပါ့မယ်… ဒီလောက်က လုံလောက်ပါတယ်… ဒါပေမဲ့ တခြား တောင်းဆိုချင်တာ တစ်ခုတော့ ရှိပါတယ်…” ရီဖူရှင်းက ပြောသည်။
“လွတ်လွတ်လပ်လပ်သာ ပြော…” ဝမ်မိသားစု ခေါင်းဆောင်က ပြောသည်။
“ယန်ထန်း… ယန်ရီ… မင်းတို့ နှစ်ယောက်လာခဲ့…” ရီဖူရှင်းက နောက်လှည့်ကာ ယန်မောင်နှမအား ခေါ်သည်။ သူတို့နှစ်ယောက်က ရီဖူရှင်း၏ ခေါ်သံကို ကြားကာ နားမလည်စွာဖြင့် လျှောက်လာကြသည်။
“အစ်ကိုကြီးရီ…” ယန်ရီက အပြစ်ကင်းစွာ ပြုံးလျက် ခုန်ပေါက်က ပြေးလာသည်။ ရီဖူရှင်းက မည်မျှ စွမ်းသည်ကို သူမက သိပြီးဖြစ်ကာ သူ့အတွက် အမှန်ပင် ပျော်ရွှင်နေဟန် ရသည်။ ထို့အပြင် သူမက ရှမ်းမောင်နှမအား ဒေါသပုံချလိုက်ရ၍ စိတ်ကျေနပ်နေသည်။
တခြားတစ်ဖက်တွင် ယန်ထန်းက တစ်စုံတစ်ခု ထူးဆန်းသည်ကို ခံစားမိသည်။ သူက သည်ကိစ္စတွင် ခံစားချက်မျိုးစုံ ရောထွေးနေသည်။ သူ၏ဘဝက သည်မျှ အတက်အကျ များလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားပေ။ သူက ကျောက်စိမ်းဖြူ မျှော်စင်မှာ မိတ်ဆွေလုပ်ခဲ့သော လူများက အလွန်အမင်း အားကောင်း နေသည်။ သူတို့က တိုက်တိုက်ဆိုင်ဆိုင် မဆုံတွေ့ခဲ့လျှင် သူတို့အကြား မိတ်ဆွေဖြစ်လာရန် အခွင့်အရေး လုံးဝ မရှိသည်ကို သူ နားလည်ထားသည်။
“ဒါက ကျုပ် မိတ်ဆွေ ယန်ထန်းနဲ့ သူ့ညီမပါ… ကျုပ်က သူမကို ကျုပ်ညီမလိုပဲ သဘောထားတယ်… သူတို့က ဝမ်မိသားစုကို တန်ခိုးကျင့်ဖို့ ဝင်ရောက်လို့ ရနိုင်ပါ့မလား… စီနီယာ…” ရီဖူရှင်းက ဝမ်ကလန်ခေါင်းဆောင်၏ အမြင်ကို မေးသည်။ ယန်ထန်း၏ ရည်ရွယ်ချက်က ကလန်တစ်ခုသို့ ဝင်ရောက်ကာ တန်ခိုးကျင့်ခြင်းဟု ယန်ရီက ယခင်က ပြောခဲ့သည်။ တစ်ယောက်ကို တစ်ယောက် အမှီပြုနေရသော မောင်နှမ နှစ်ယောက်အတွက် ကလန်တစ်ခုခုကို ဝင်ရန်မှာ အလွန် အရေးပါပေသည်။ ယခု သူတို့က ဝမ်မိသားစုကို ဝင်ခွင့်ရပါက သူတို့က နောက်ထပ် အနိုင်စားခံရတော့မည် မဟုတ်တော့ပေ။
မှန်သည်… အဓိက အကြောင်းပြချက်က ယန်ရီက ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့အား အပြစ်လုပ်မိရာ နောင်တွင် သူတို့ကို ကျရောက်လာမည့် ဘေးအန္တရာယ်အား ကာကွယ် ပေးလိုပေသည်။
“အစ်ကိုကြီးရီ…” ယန်ရီက ရီဖူရှင်းအား လေးစား အားကျစွာ ကြည့်သည်။ ယန်ထန်းမူကား အကြောင်းပြချက်ကို ခန့်မှန်းမိပြီးဖြစ်ကာ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။
“သေချာတာပေါ့…” ဝမ်မိသားစု ခေါင်းဆောင်က အလွယ်တကူပင် လက်ခံကာ ပြောသည်… “သူတို့နှစ်ယောက်က ဝမ်ကလန်ကို ဝင်ပြီးတဲ့အခါ ကျုပ်က သူတို့ကို ကောင်းကောင်း ထားပေးမယ်…”
သူကလည်း ရီဖူရှင်း၏ သဘောကို နားလည်သည်။
“ကျေးဇူးတင်ပါတယ်… ခေါင်းဆောင်…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။
“ဒါက အသေးအမွှားပါပဲ… ထိုင်ပြီးတော့ လာမည့်တိုက်ပွဲကို အတူတူ ကြည့်ကြရအောင်…” ဝမ်မိသားစု ခေါင်းဆောင်က ပြုံးလျက်ပြောသည်။ ပြိုင်ပွဲက ဒုတိယပိုင်းနှင့် တတိယပိုင်း ကျန်သေးသည်။ အဆင့်နိမ့် အကာနာအပြင် အလယ်အလတ် အဆင့်နှင့် အဆင့်မြင့် အကာနာတို့အကြား တိုက်ပွဲများ ကျန်သေးပေသည်။
“ရပါတယ် စီနီယာ… ကျုပ်တို့က အောက်ကပဲ ထိုင်ပြီး ကြည့်ပါ့မယ်…” ရီဖူရှင်းက လေးစားသော အမူအရာဖြင့် ပြောသည်။
“ဒါလည်း အဆင်ပြေတယ်… မင်းတို့ကတော့ အရင်ကတည်းက ဂရုစိုက်ပေးမယ့် လူကြီးတွေ မရှိဘူးလို့ ကျုပ်ထင်တယ်.. ယွီရို… သူတို့ကို သေချာ ဂရုစိုက်ပေး…” ဝမ်မိသားစု ခေါင်းဆောင်က ယန်မောင်နှမတို့အား ကြည့်ကာ ညွှန်ကြားသည်။ ဝမ်ယွီရိုက ခေါင်းညိတ်ကာ ပွဲကြည့်စင်ပေါ်တွင် ရီဖူရှင်းတို့အား နေရာချပေးသည်။
ဝမ်ယွီရိုက ရီဖူရှင်း၏ဘေးတွင် ထိုင်ကာ ပြောသည်… “ဒီနေ့ ပြိုင်ပွဲပြီးသွားရင် ကလန်သို့ ကျွန်မနဲ့အတူ လိုက်ခဲ့… ကျွန်မက ရှင့်ကို စိတ်ဝိညာဉ် အားဖြည့် မြက်စိမ်း ပေးမယ်…”
“မလိုဘူး… ရီကလေးကိုသာ ပေးလိုက်…” ရီဖူရှင်းက ယန်ရီကို ကြည့်ကာ ပြောသည်။
“ကောင်းပြီ…” ဝမ်ယွီရိုက ခေါင်းညိတ်သည်။ ထိုအခိုက်တွင် ဝမ်လင်းဖန်က လျှောက်လာကာ မြေပုံအား ရီဖူရှင်းကို လှမ်းပေးသည်… “တိုက်ပွဲမှာ ခင်ဗျားတို့ အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်…”
ဝမ်လင်းဖန်ကား သည်တိုက်ပွဲတွင် အကျိုးအမြတ် အရဆုံးလူဟု ပြောရမည် ဖြစ်သည်။ သည်တိုက်ပွဲပြီးနောက် သူကား ဝမ်မိသားစု၏ အရေးပေးခံရသော လူငယ်မျိုးဆက် တစ်ယောက် ဖြစ်လာပေတော့မည်။ သူ့အား ထိုအရာများကို ရီဖူရှင်းတို့က ပေးခဲ့ခြင်းဟုပင် ပြောရပေမည်။
“မလိုဘူး… ဒါက မင်းကိုယ်တိုင် ကြိုးစားလို့ ရလာတာပဲ…” ရီဖူရှင်းက ပြောသည်။ ဝမ်လင်းဖန် ကလည်း သူ့ထံတွင် စွန့်စားကာ အလောင်းအစား လုပ်ထားရသည်ကို သူနားလည်သည်။ သူ၏ အမြင်အားကောင်းမှုက အကျိုး ဖြစ်ထွန်းခဲ့သည် ပြောရမည်။
ဝမ်လင်းဖန်က တိတ်ဆိတ်စွာ ပြုံးကာ သူ၏ထိုင်ခုံနေရာသို့ ပြန်သွားသည်။
ရီဖူရှင်းက သူ့လက်ထဲမှ မြေပုံအား ဖြန့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ယွန်ယွဲ့မြို့ကား ခရီးတစ်ထောက်နားရာ နေရာသာ ဖြစ်ပေသည်။
“ဒီလောက်တောင် အလျင်လိုလား…” ဝမ်ယွီရိုက အံ့အားသင့်သွားသည်။ မြေရိုင်းဒေသမြေပုံတွင် ဘာရှိသနည်း…။
မြေပုံက ကြီးမားရာ ရီဖူရှင်းက ယူချင်းနှင့် ဝမ်ယွီရိုတို့၏ အကူအညီဖြင့် ဖြန့်ကြည့်ရသည်။ မြေပုံက ကူးထားခြင်း ဖြစ်သော်လည်း မြေပုံထဲတွင် မြေရိုင်းဒေသ၏ နေရာဒေသအား အသေးစိတ်ကျအောင် ဖော်ပြထားသည်။ သူ၏ မျက်လုံးက အဓိက အင်အားစုများ တည်နေရာသို့ ရောက်သွားသည်။
ကျူးကော့ မိသားစု…။
ထို့အပြင် ထိုနေရာက မြေရိုင်းဒေသ၏ ဗဟိုချက်မနေရာတွင် တည်ရှိနေသည်။ သူက ထိုနေရာသို့ အနှေးနှင့်အမြန် သွားရောက်မည်ဖြစ်သည်။ သူ၏အစ်ကိုသုံးလည်း ထိုနေရာသို့ သွားမည်ဖြစ်သည်။ အစ်မနှစ်က ထိုနေရာတွင်ရှိကာ ရှမ်းအာနှင့် ဂျီယူတို့ကလည်း ထိုနေရာတွင် ရှိသည်။
“ကျုံကျိုးမြို့…” ရီဖူရှင်းက ရေရွတ်လိုက်သည်။
“မြေရိုင်းဒေသရဲ့ ဗဟိုနေရာ… ဒေသတစ်ခုလုံးကို ချုပ်ကိုင်ပြီးတော့ ကျုံကျိုးမြို့ကို ဗဟိုပြုပြီး တည်ရှိတယ်…” သူ့ဘေးမှ ဝမ်ယွီရိုက ရှင်းပြသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ ကျူးကော့မိသားစုသာ မဟုတ်ဘဲ လူသားကမ္ဘာနှင့် နန်ထျန်း အိမ်တော်တို့ကလည်း ကျုံကျိုးမြို့ အနီးဝန်းကျင်တွင် တည်ရှိကြသည်ကို မြင်ရသည်။ ထိုအင်အားစုများက အဓိက အင်အားစုများဟု ပြောရပေမည်။
လူသားကမ္ဘာနှင့် နန်ထျန်းအိမ်တော်တို့က အရှေ့ဘက်ဒေသနှင့် အနီးကပ်ဆုံး ဖြစ်သော်လည်း ယခု ရီဖူရှင်း ရောက်နေသော နေရာနှင့်ဆိုလျှင် အလွန့်အလွန် ဝေးလံပေသည်။ ယခု သူက မြေရိုင်းဒေသ အရှေ့ဘက်၏ အလယ်ကိုပင် မရောက်သေးပေ။
ရီဖူရှင်းက သူခရီးသွားရမည့် လမ်းကြောင်းကို အမှတ်အသားများ ပြုလုပ်သည်။ သူက အလယ်ပိုင်းဒေသကို မရောက်မီ နိုဘယ်အဆင့်အထိ ရောက်ရန် လိုအပ်သည်ဟု တွေးမိသည်။ သူကား အရှေ့မြေရိုင်းဒေသတွင် မဟုတ်တော့ပေ။ နန်ထျန်းအိမ်တော်မှ လူများနှင့် ထပ်တွေ့ပါက သူ့အတွက် မလွယ်ပေ။
သူက တော်ဝင်မီးတောက် ကလန်နှင့် ထိုက်ချွန်တောင် တို့ကိုလည်း မြင်သည်။ ထိုအင်အားစုများက အနောက်ဘက်ဒေသတွင် ရှိကာ ပို၍ပင် ဝေးပေသည်။ ထိုနေရာတွင် များစွာသော အင်အားစုများလည်း ရှိကြကာ ရီဖူရှင်းက နာမည်တစ်ခုအား သတိထားမိသည်။
“တိမ်ဖြူမြို့…”
“တိမ်ဖြူမြို့က ဒီနေရာနှင့် အရမ်းဝေးတယ်… တိမ်ဖြူမြို့သခင်က တကယ် နာမည်ကျော်ပဲ… ဘာဖြစ်လို့လဲ…” ဝမ်ယွီရိုက မေးသည်။
“ကြည့်ရတာ အစ်ကိုသုံးက တကယ် ခက်ခဲတဲ့ ပြိုင်ဘက်ကို တွေ့တာပဲ…” ရီဖူရှင်းက သက်ပြင်းချသည်။ သူ၏ မျက်လုံးက အရှေ့ဘက်နယ်ကို ရောက်သွားကာ တစ်နေရာကို လက်ဖြင့် ထောက်ပြသည်… “ဒါက အရှေ့ဘက်နယ်ရဲ့ မြို့တော်လား…”
“မှန်တယ်… အဲဒါ မိုးမြေကောင်းကင်မြို့ပဲ…” ဝမ်ယွီရိုက ပြောသည်။ မိုးမြေကောင်းကင်မြို့ကား အရှေ့ဘက်နယ် တစ်ခုလုံး၏ အချက်အချာ ဒေသလည်း ဖြစ်သည်။ စွမ်းအားမြင့် တန်ခိုးရှင်များနှင့် အင်အားကြီး အဖွဲ့များက ထိုနေရာကို ဗဟိုပြုနေထိုင်ကြသည်။
“အခွင့်အရေးရရင် ရှင်တို့ အဲဒီကို သွားရနိုင်တယ်…” ဝမ်ယွီရိုက ပြောသည်။ ရီဖူရှင်းတို့ ပြသခဲ့သော ပါရမီများအရ သူတို့က ထိုနေရာမှ အင်အားစုများကို ဝင်ရောက် နိုင်လောက်ပေသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ မြေပုံကို သိမ်းလိုက်သည်။ ထိုအခိုက်တွင် ဝမ်ယွီရိုက ပြောသည်… “ခုနက ငါက တောင်းဆိုမှုတစ်ခုကို သဘောတူထားတယ်…”
“ကျုပ်လည်း ဒီလိုပဲ ထင်တယ်…” ရီဖူရှင်းက ခေါင်းမော့ကာ သူမကို ကြည့်သည်။
ရီဖူရှင်း၏ အကြည့်က ဝမ်ယွီရိုအား ပြုံးမိစေသည်။ သူမထံမှ ပုံမှန်အေးစက်သော ပုံဟန်က ယခု ကွဲပြားခြားနားသော ဆွဲဆောင်မှုကို ပေးနေသည်။ သူမက မိန်းမဆန်သော အငွေ့အသက်များဖြင့် ပြုံးကာ မေးသည်… “ကျွန်မဆီက ဘာတောင်းမှာလဲ…”
သူမ၏ အမူအရာ ပြောင်းလဲမှုကို သတိထားမိကာ ရီဖူရှင်းက ရုတ်တရက် ပြောသည်… “မင်းက ကျုပ်ကို အသားယူဖို့ ကြိုးစားနေတာ မဟုတ်ပါဘူးနော်…”
“…” ဝမ်ယွီရို၏ အပြုံးက အေးစက်သွားသည်။ ထို့နောက် သူမက တစ်ခွန်းတည်း ပြန်ပြော၏… “သေလိုက်ပါလား…”
***