Switch Mode

အပိုင်း (၄၁၃)

မောင်နှမနှစ်ယောက်၏ အကြောက်တရား

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်စွာဖြင့် ရီဖူရှင်းကို ကြည့်နေကြသည်။

ပထမ…။ သူ့အတွက်မူကား ဝမ်မိသားစုကို ပထမရစေရန် ကူညီခြင်းကား အလွန် လွယ်ကူလှပေသည်။ သူတို့သုံးယောက်က ပြိုင်ဘက်များအား အလွယ်တကူ အနိုင်ယူခဲ့ကြသည်။ သို့တိုင်အောင် မည်သူကမှ သူတို့၏ တကယ့် စွမ်းရည်များကို မမြင်လိုက်ကြရပေ။ သူတို့တွင် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော ပါရမီများ ပိုင်ဆိုင်ကြသနည်း…။ ယွန်ယွဲ့မြို့တွင် သူတို့အား အနိုင်ယူနိုင်မည့်သူ တစ်ယောက်မှ ရှိပုံမရပေ။

ဝမ်မိသားစုက သူတို့အား မည်သို့ ဖိတ်ခေါ်နိုင်ခဲ့သနည်း…။ ထိုအတွေးက ကလန်လေးခု အကြီးအကဲများနှင့် ခေါင်းဆောင်များ၏ ခေါင်းထဲကို ဝင်ရောက်လာခဲ့သည်။ သူတို့က အဓိက အင်အားစုကြီးများ၏ ပင်မတပည့်များလား…။ ရီဖူရှင်း၏ ဟန်ပန်အမူအရာ၊ ယူချင်း၏ အရှိန်အဝါ၊ ရီဝူချင်း၏ အေးစက်မှုများ အားလုံးက ထိုဖြစ်နိုင်ဖွယ် တစ်ခုကို ညွန်ပြနေကြသည်။ သို့သော်လည်း ယခု ရီဖူရှင်းက ယွန်ယွဲ့ကုန်သည်အုပ်စုဘက်ကို လျှောက်သွားကာ ဘာလုပ်လိုသနည်း။

ရှမ်းဖေးယူနှင့် ရီရှောင်တို့က လေထဲတွင် အရှက်တကွဲ တွဲလောင်း ချိတ်တွဲခံထားရသည်။ တူညီစွာပင် လေရှမ်းထန်အား ယူချင်းက လည်ပင်းကို ဆုပ်ကိုင်ထားသလို ဖန်းယွီအားလည်း ရီဝူချင်းက လည်ပင်းကို ဓားနှင့် တေ့ထားသည်။

ယခုမူကား ကလန်လေးခုမှ လူများအားလုံး အပါအဝင် ပရိသတ်များ အားလုံး တိတ်ဆိတ်နေကြသည်။ ဝမ်ကလန်က ပထမရနိုင်မည်ဟု တစ်ခါကမှ မတွေးထင်ခဲ့ဖူးသော်လည်း ယခု အနိုင်ရလဒ်က ဤမျှ မြန်ဆန်လွယ်ကူစွာ ရောက်ရှိလာခဲ့မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ကြပေ။

ရီဖူရှင်းအား ကြည့်နေသော ဝမ်ယွီရို၏ ပါးစပ်က ဟနေကာ အတန်ကြာ မှင်တက်နေသည်။ သူက ဘာလုပ်လိုနေသနည်း။ သူမ တစ်ယောက်တည်းသာ မဟုတ်ပေ…။ ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ရီဖူရှင်းဘက်ကို ကြည့်နေကြသည်။ အမှန်တကယ် အားဖြင့် လူတိုင်းက ရီဖူရှင်းကို ကြည့်နေကြသည်။

နွယ်ပင်များက ထပ်မံ လှုပ်ရှားသွား၏။ များစွာသော လေတိုးသံနှင့်အတူ ရွှေရောင်နွယ်ပင်များက လျှပ်စီးများအလား ရွေ့လျားသွားပြီး လူနှစ်ယောက်အား ယွန်ယွဲ့ကုန်သည် အုပ်စုထဲမှာ ရှမ်းမောင်နှမရှိနေရာသို့ ပစ်ပေါက် လိုက်သည်။

သူတို့နှစ်ယောက်က ရှမ်းဟိုင်ရှေ့တွင်ပင် ကြမ်းတမ်းစွာ ကျရောက်သည်။ ထိုမောင်နှမကား မူလက မောက်မာသော အမူအရာများအစား ယခုကား စိုးရိမ်ထိတ်လန့်သော အမူအရာများကိုသာ သူတို့၏ မျက်နှာတွင် တွေ့ရသည်။

ရီဖူရှင်းတို့က ယွန်ယွဲ့စင်မြင့်ပေါ်တွင် ပထမဆုံး ပေါ်လာသောအခါ သူတို့၏ မျက်နှာပေါ်တွင် အဖက်မတန်သလို အပြုအမူများကို ပြုလုပ်ကြသည်။ ရီဖူရှင်းတို့က သူတို့၏ သိက္ခာကို ပြန်ဆည်ရန် ကြိုးစားကြခြင်းဟု သူတို့က ယူဆကြ၏။ ထို့ကြောင့် ရီဖူရှင်းတို့က အရည်အချင်း ရှိလျှင်ပင် ဘာမှ ထူးခြားမည် မဟုတ်ဟု သူတို့က တွေးထင်ကြကာ ရှမ်းဖေးယူအား ရီဖူရှင်းတို့ကို တမင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်စေသည်။ သို့သော်လည်း ယခု သူတို့က ရီဖူရှင်း၏ အရည်အချင်းကို မြင်တွေ့ကြရပြီ ဖြစ်သည်။ သူတို့က ကျောက်စိမ်းဖြူ မျှော်စင်မှ နှင်ထုတ်ခဲ့သော သူများကား ယခု ယွန်ယွဲ့စင်မြင့်ပေါ်တွင် အလုံးစုံ ထိန်းချုပ်လျက် ရပ်နေသည်။ သူက အားလုံးကို ထိန်းချုပ်ထားကာ ယမန်နှစ်က ပထမရခဲ့သော ယွန်ယွဲ့ကုန်သည် အုပ်စုအား နောက်ဆုံး နေရာသို့ ပို့ခဲ့သည်။

သည်နှစ်က သူတို့က သဘာဝစွမ်းအင် ကျောက်တုံး မိုင်းတွင်းများ၏ ထုတ်လုပ်မှုမှ လေးဆယ်ရာနှုန်းကို ရသော်လည်း လာမည့်နှစ်တွင် သူတို့က တစ်ဆယ်ရာနှုန်းမျှသာ ရတော့မည် ဖြစ်သည်။ ချမ်းသာ ကြွယ်ဝမှုကြောင့် ယွန်ယွဲ့ကုန်သည်အုပ်စုက အားအကောင်းဆုံးသော အကူများကို ဖိတ်ခေါ်နိုင်ခဲ့ကာ နောက်ဆုံး ဆယ်နှစ်အတွင်း ပြိုင်ပွဲတွင် အင်အား အကြီးဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

နှစ်နှစ်ဆယ်အတွင်း နောက်ဆုံးအဆင့် ရရှိခြင်းမှာ သည်နှစ်က ပထမဆုံးအကြိမ် ဖြစ်သည်။

“မင်း ကျေနပ်ပြီလား…” ရီဖူရှင်းက ရှမ်းဟိုင်ဘက်သို့ ကြည့်ကာ ပြောသည်။ သူတို့က ကျောက်စိမ်းဖြူမျှော်စင်မှ အဖြစ်အပျက်အား ပြန်လည်၍ မတုံ့ပြန်ရသေးမီတွင်ပင် ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့က ရှမ်းဖေးယူအား ဝမ်မိသားစုကို တမင် ပစ်မှတ်ထား၍ တိုက်ခိုက်စေကာ ထပ်မံ၍ အရှက်ခွဲရန် ကြိုးစားသည်။ ယခု သူတို့က ရယ်မောနိုင် သေးသလော…။

“ဘာဖြစ်နေတာလဲ…” ယွန်ယွဲ့ကုန်သည်အုပ်စု ခေါင်းဆောင်က တွေးလိုက်သည်။ ရီဖူရှင်းက ရှမ်းဟိုင်ကို အဘယ်ကြောင့် ထိုစကားများ ပြောကြားရသနည်း…။ တိုက်ပွဲအစပိုင်းက ရှမ်းဖေးယူနှင့် ဝမ်မိသားစုတို့က အဆက်မပြတ် စိန်ခေါ် တိုက်ခိုက်ခဲ့ကြသည်ကို သူက သတိထားမိသည်။ လူငယ်များက ကတောက်ကဆ တစ်ခုခု ရှိနေကြသည်များလား…။

ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့၏ မျက်နှာများ ပြာနှမ်းသွားကာ အသက်ရှူ ရပ်သွားသလို ခံစားလိုက်ကြရသည်။ ထိုခွေးကောင်ကား တမင်ပင် ထိုစကာများကို သူတို့အား လာပြောနေသည်။ သူကား သူတို့ကို ပြဿနာဖြစ်အောင် ကြံစည်နေသည်။ အမှန်ပင် ရီဖူရှင်းက တမင် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည်။ ထို့နောက်တွင် သူက တည်ငြိမ်စွာဖြင့် နောက်ပြန် လှည့်ကာ လျှောက်လာသည်။

“ခဏနေပါဦး…” ယွန်ယွဲ့ကုန်သည်အုပ်စု ခေါင်းဆောင်က ပြောသည်။

“ဘာများ ပြောချင်လို့ပါလဲ… စီနီယာ…” ရီဖူရှင်းက နောက်လှည့်ကာ ပြန်ပြောသည်။

“ဝမ်ကလန်က ဘယ်လောက်ကောင်းတဲ့ ကမ်းလှမ်းမှုမျိုး ပေးပါစေ ကျုပ်တို့ ယွန်ယွဲ့ကုန်သည်အုပ်စုက ဆယ်ဆအထိ တိုးပေးမယ်…” ရီဖူရှင်းက မည်သည့် အကြောင်းပြချက်နှင့် ထိုသို့ လုပ်ပါစေ အဓိကအားဖြင့် လူတိုင်းက မိမိတို့ အကျိုးအမြတ်အတွက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ဝမ်ကလန်က ထိုမျှ ပမာဏကို တတ်နိုင်မှတော့ သူက ထိုလူငယ်အား ဆွဲခေါ်နိုင်ရန် ဆယ်ဆအထိ အသုံးပြုရန် ဝန်မလေးပေ။

“ကျုပ်က မြေပုံတစ်ခုနဲ့ စိတ်ဝိညာဉ်အားဖြည့် မြက်စိမ်း နည်းနည်းကိုပဲ လိုတာပါ… အခုလို ကမ်းလှမ်းတာ စီနီယာကို ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ပြုံးသည်။ တခြား ကလန်သုံးခုလုံး၏ ရင်ဘတ်များ တုန်ခါသွားကြသည်။

မြေပုံတစ်ခုနှင့် စိတ်ဝိညာဉ် အားဖြည့် မြက်စိမ်း အနည်းငယ်…။ ထိုမျှသော ပမာဏက သည်ပြိုင်ပွဲ၏ အနိုင်အရှုံးအား ဆုံးဖြတ်ခဲ့သည်လား…။

ဝမ်မိသားစု ခေါင်းဆောင်ပင်လျှင် မှင်တက်သွားသည်။ စိတ်ဝိညာဉ် အားဖြည့် မြက်စိမ်းက တန်ဖိုးရှိသော်လည်း သူတို့က ဝမ်ကလန်အတွက် လုပ်ပေးခဲ့သည်နှင့် စာလျှင် ဘာမှ မပြောပလောက်ပေ။

ဝမ်ယွီရိုက ရုတ်တရက် သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ရသည်။ သည်ဆုလာဘ်ကား အမှန်ပင် နည်းလွန်းလှသည်။

“ကောင်းပြီ… ကျုပ်နားလည်ပြီ…” ယွန်ယွဲ့ကုန်သည်အုပ်စု ခေါင်းဆောင်က ခေါင်းညိတ်သည်… “ဒါပေမဲ့ ဘာလို့ ဒီလို ရိုးရှင်းတဲ့ တောင်းဆိုးမှုမျိုးနဲ့ ယွန်ယွဲ့ကုန်သည် အုပ်စုကို မလာခဲ့တာလဲ… ကလန်လေးခုထဲမှာ ကျုပ်တို့အုပ်စုက အရက်ရောဆုံး ဆိုတာကို ကျုပ် အာမခံတယ်… မင်းရဲ့ အရည်အချင်းနဲ့ဆို ဒီပမာဏထက် ဆယ်ဆလောက် တောင်းဆိုရင်လည်း ပြဿနာ မရှိဘူး…” ထို့နောက် သူက ဝမ်ယွီရိုဘက်ကို ကြည့်ကာ ပြောသည်… “အဲဒါက ဝမ်မိသားစုက မိန်းကလေးကြောင့်လား…”

“ကျုပ်က ဘာလို့ ယွန်ယွဲ့ကုန်သည် အုပ်စုကို မလာခဲ့တာလဲ…” ရီဖူရှင်းက ရေရွတ်ကာ ပြုံးလိုက်သည်… “စီနီယာက ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ထဲ မထားဖို့ ကျွန်တော် မျှော်လင့်ပါတယ်…” ယွန်ယွဲ့ကုန်သည်အုပ်စု ခေါင်းဆောင်က သူ့အား ရင်းနှီးဖော်ရွေဟန် ရသည်ဟု ရီဖူရှင်းက ခံစားရသည်။ ထို့ကြောင့် သူက နောက်ထပ် ရန်ငြိုးရန်စများ မပွားစေချင်တော့ပေ။

သူ၏ စကားဆုံးသည်နှင့် ရီဖူရှင်းက နောက်လှည့်ကာ ပြန်လျှောက် လာခဲ့သည်။ ယွန်ယွဲ့ကုန်သည် အုပ်စုခေါင်းဆောင်က ဘာမှ မပြောတော့ပေ။ သူက ဝမ်ယွီရိုအား နောက်ထပ် တစ်ချက်ကြည့်သည်။ သို့သော်လည်း ဝမ်ယွီရိုကလည်း သက်ပြင်းချနေသည်ကို သူမသိပေ။ သူမက ရီဖူရှင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိရန် အခွင့်အရေးများစွာ ရှိခဲ့သော်လည်း အားလုံး လွဲချော်ခဲ့သည်။

ပထမ တစ်ကြိမ်ကား ရီဖူရှင်းက အကဲဖြတ်ရန် ငြင်းဆန်ခြင်း ဖြစ်သည်။ ဝမ်လင်းဖန်ကသာ ခေါင်းမာစွာဖြင့် အလောင်းအစား မလုပ်ခဲ့လျှင် သူမက ရီဖူရှင်းနှင့် သူ့အဖော်များကို လက်လွှတ်လိုက်ရ နိုင်ပေသည်။

ဒုတိယ တစ်ကြိမ်ကား သူမက ချန်းဖန်နှင့် ရီဖူရှင်းအား ရွေးချယ်ရသော အချိန်ဖြစ်သည်။ ထိုစဉ်က သူမက ရီဖူရှင်းအား စွန့်ပစ်ရန် အမှန်ပင် စဉ်းစားခဲ့သည်။ ကံကောင်းစွာပင် သူမက အကောင်းဆုံး ဆုံးဖြတ်နိုင်ခဲ့သည်။

ဝမ်မိသားစုက ပထမနေရာကို ရခဲ့သည်။

“အကြောင်းပြချက်ကို ကျွန်မ သိတယ်…” ရုတ်တရက် လူအုပ်ထဲမှ​ အသံတစ်သံကို ကြားကြရသည်။ ယွန်ယွဲ့တိုက်ပွဲနေရာ တစ်ခုလုံးက တိတ်ဆိတ်နေရာ လူတိုင်းက ထိုအသံကို ကြည်လင်စွာ ကြားကြရသည်။ ချက်ချင်းပင် လူတိုင်း၏ အကြည့်က အသံလာရာဘက်ကို ရောက်သွားကြသည်။ အသံက ဝမ်မိသားစုဘက် ပရိသတ်များထံမှ လာခြင်းဖြစ်သည်။ ထောင့်တစ်နေရာတွင်ကား ငယ်ရွယ်ကာ သန့်စင် အပြစ်ကင်းဟန်ရသော မိန်းကလေး တစ်ယောက်က ရပ်နေသည်။ သူမကား ယန်ရီဖြစ်သည်။ စင်မြင့်ပေါ်မှ ရီဖူရှင်းက အံ့အားသင့် သွားသည်။ သည်မိန်းကလေးက ဘာလုပ်လိုနေသနည်း…။

“အင်း…” ကုန်သည်အုပ်စု ခေါင်းဆောင်က ယန်ရီကို ကြည့်ကာ မေးသည်… “ဒါဆို ပြောပါမိန်းကလေး… အကြောင်းပြချက်က ဘာလဲ…”

“ဘာလို့လဲဆိုတော့ အစ်ကိုကြီးရီကို ယွန်ယွဲ့ကုန်သည် အုပ်စုက လူတွေက နှင်ထုတ်လိုက်လို့ပဲ…” ယန်ရီကား ထိုနေ့က အရှက်ခွဲခံရသည့် ကိစ္စအား ကျေနပ်ခြင်း မရှိသေးပေ။ ယခု ရီဖူရှင်းက အလွန် စွမ်းအားမြင့်သည်ကို မြင်လျှင် ပိုမို၍ပင် မပျော်မရွှင် ဖြစ်ရသည်။

ယွန်ယွဲ့ကုန်သည် အုပ်စုက အကြောင်းပြချက်ကို သိလိုမှတော့ သူမကလည်း ထိုနေ့က အရှက်ရမှုကို လူအများရှေ့တွင် ပြောပြရပေမည်…။

သူမ၏ စကားကို ကြားလျှင် ယွန်ယွဲ့ကုန်သည် အုပ်စုခေါင်းဆောင်၏ မျက်နှာက အမှန်ပင် နက်မှောင်သွားသည်။ ရီဖူရှင်းနှင့်အဖွဲ့အား ယွန်ယွဲ့ကုန်သည် အုပ်စုက နှင်ထုတ်လိုက်သည်…။

ယွန်ယွဲ့မြို့တွင် အချမ်းသာဆုံး ကလန် ဖြစ်သည့်အလျောက် ယွန်ယွဲ့ကုန်သည် အုပ်စုက များစွာသော ရောင်းဝယ်ရေး နေရာများကို ထိန်းချုပ်သည်။ ထို့ကြောင့်လည်း သူတို့က များစွာသော ပါရမီရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က တခြား အင်အားစုများက ပိုမိုကောင်းမွန်သော ကမ်းလှမ်းမှုများကို ပေးနိုင်သည်။ သို့သော် ယခု ရီဖူရှင်းတို့အား ယွန်ယွဲ့ကုန်သည် အုပ်စုမှ လူများက နှင်ထုတ်လိုက်သည်ဟု ထိုမိန်းကလေးက ပြောနေသည်။

ရှမ်းချိန်၏ မျက်နှာက နက်မှောင်သွားကာ သူမက ကြိမ်းမောင်း လိုက်သည်… “ဒါက ကလန်လေးခုရဲ့ ပြိုင်ပွဲပဲ… မင်းက ရောက်တတ်ရာရာ လာပြောရမယ့်နေရာ မဟုတ်ဘူး…” သူမက ထိုသို့ပြောလျှင် ယွန်ယွဲ့ကုန်သည် အုပ်စုမှ လူအများအပြားက သူမကို ကြည့်ကြသည်။ ခေါင်းဆောင်ကပင် သူမအား လှမ်းကြည့်သည်။ ရှမ်းချိန်က ထိုစကားများကို ထုတ်ပြောခြင်းဖြင့် ထိုကိစ္စတွင် တစ်နည်းနည်းဖြင့် ပတ်သက်နေကြောင်း ဝန်ခံလိုက်သည်နှင့် အတူတူပင်။ သူမကလည်း ထိုအချက်ကို နားလည်သော်လည်း ယခုသူမက စိုးရိမ်နေရာ ဘာလုပ်ရမည် မသိတော့ပေ။

သူမက ခေါင်းဆောင်၏ စိတ်နေသဘောထားကို နားလည်၍ ပိုမို ကြောက်လန့်သည်။

သည်ကိစ္စသာ ခေါင်းဆောင်က သိသွားပါက ကလန်ထဲတွင် သူမ၏အနာဂတ်က ကောင်းမွန်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သူမအား သံသယ ဝင်ကြမည်ကို သိရက်နှင့်ပင် သူမက တားရန် ကြိုးစားကြည့်ခြင်း ဖြစ်သည်။

“ပါးစပ်ပိတ်ထား…” ယွန်ယွဲ့ကုန်သည် အုပ်စုခေါင်းဆောင်က အေးစက်စွာ ပြောသည်။ ထို့နောက် သူက ယန်ရီအား ကြည့်ကာ မေးသည်… “ဘာဖြစ်ခဲ့တာလဲ…”

“အဲဒီနေ့က ကျွန်မရဲ့ အစ်ကိုက ကျောက်စိမ်းဖြူ မျှော်စင်မှာ အစ်ကိုကြီးရီတို့နဲ့အတူ တည်းခိုခဲ့တယ်… အစ်ကိုက ယွန်ယွဲ့ကုန်သည် အုပ်စုအတွက် ပြိုင်ပွဲဝင်မလို့ ပြင်ဆင်နေပြီး အစ်ကိုကြီးရီနဲ့ သူ့လူတွေကိုလည်း သူနဲ့အတူ ဝင်ပြိုင်ဖို့ ဖိတ်ခေါ်နေတယ်… နောက်ပိုင်း အစ်ကိုကြီးရီကလည်း သဘောတူခဲ့တယ်… အဲဒီနေ့က ကျွန်မတို့က ကျောက်စိမ်းဖြူ မျှော်စင်က လူတွေကို အသိပေးတော့မယ့် အချိန်မှာ လူတချို့က ကျောက်စိမ်းဖြူ မျှော်စင်ကို ရောက်လာခဲ့တယ်… မျှော်စင်မှာ အခန်း မကျန်တော့တာကြောင့် ယွန်ယွဲ့ကုန်သည်အုပ်စုက လူတွေက ကြမ်းပြင်မှာ သဘာဝစွမ်းအင် ကျောက်တုံးတွေကို ပစ်ချပြီးတော့ ကျွန်မတို့ကို ကောက်ခိုင်းတယ်… ပြီးတော့ ကျွန်မတို့ အားလုံးကို နှင်ထုတ်လိုက်တယ်…”

ယန်ရီက ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့အား ဒေါသတကြီး ကြည့်သည်။ သူမက ထိုနေ့က အရှက်ရမှုကို လုံးဝ မမေ့ပေ။ သူမ၏ စကားကို ကြားလျှင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ထိုကိစ္စကား အမှန်ပင် လွန်ကဲလွန်းလှသည်…။

လူတိုင်းက ရီဖူရှင်းနှင့် သူ့လူများ၏ စွမ်းရည်များကို မြင်ခဲ့ကြသည်။ ထိုသို့သော ပါရမီရှင်များက ယွန်ယွဲ့ကုန်သည် အုပ်စုကို ပူးပေါင်း လိုခဲ့ကြသော်လည်း ယွန်ယွဲ့ကုန်သည် အုပ်စုမှ လူများက ငြင်းပယ်ခဲ့ရုံသာမက အရှက်ခွဲခဲ့ကြသေးသည်။ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော သဘာဝစွမ်းအင် ကျောက်တုံးအား ကောက်ခိုင်းကာ နှင်ထုတ်သည်…။

မည်မျှ အဓိပ္ပာယ် ကင်းမဲ့လိုက်သနည်း…

ယနေ့ အခြေအနေက ပုံမှန်နှင့် မတူသည်မှာ မထူးဆန်းတော့ပေ။ ထို့ကြောင့် ယွန်ယွဲ့ကုန်သည် အုပ်စုက ဝမ်မိသားစုနှင့် ရင်ဆိုင်ရာတွင် ထူးဆန်းနေခြင်း ဖြစ်သည်။

“ဟား… ဟား… ဟား… ယွန်ယွဲ့ကုန်သည် အုပ်စုက လူငယ်တွေက တကယ်ပဲ ထူးခြားကြတယ်….” ဝမ်မိသားစု ခေါင်းဆောင်က ဝါးလုံးကွဲ ရယ်မောလိုက်သည်။ ထိုကိစ္စက အမှန်ပင် သူ့အတွက် ပျော်စရာ ဖြစ်သည်။ သူတို့က ထိုသို့သော ပါရမီရှင်များကို ငြင်းပယ်ခဲ့ရုံသာမက သူတို့ကလည်း ကြားမှ ဖြတ်ခုတ်ကာ အကျိုးကြီးစွာ ရခဲ့သည်။

သူ၏ စကားများက ယွန်ယွဲ့ကုန်သည် အုပ်စုခေါင်းဆောင်၏ ဒေါသကို ပိုမိုတောက်လောင် စေသည်။ ခေါင်းဆောင်၏ မျက်နှာက နက်မှောင်နေသည်။ သူ၏လူများက ထိုသို့သော အပြုအမူများဖြင့် သူ၏ဂုဏ်သိက္ခာကို ပျက်စီးစေသည်။

“အဲဒါ ဘယ်သူလဲ… ထွက်စမ်း…” ခေါင်းဆောင်က အော်လိုက်သည်။ ချက်ချင်းပင် ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့၏ မျက်နှာများက အရောင်များ ပျောက်ကွယ် သွားသည်။ ရီဖူရှင်းတို့က စောစီးစွာ ပြိုင်ပွဲမှ ထွက်ခဲ့ရပါက ထိုကိစ္စက သာမန် အရေးမကြီးသော အရေးကိစ္စတစ်ခု ဖြစ်သော်လည်း ယခု သူတို့၏ ထူးခြား ထက်မြက်သော စွမ်းရည်များကြောင့် ထိုကိစ္စက သာမန်ဟု သတ်မှတ်၍ မရတော့ပေ။ ထိုအရေးမပါသော ကိစ္စက သူတို့၏ အနာဂတ်အား ဖျက်ဆီးတော့မည် ဖြစ်သည်။

ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့က တုန်ယင်စွာဖြင့် ထွက်လာကြသည်။ ခေါင်းဆောင်က သူတို့အား ထူးမခြားနားစွာ ကြည့်သည်။ သူ၏ အကြည့်က ထိုမောင်နှမအား ကြီးစွာ ထိတ်လန့်စေသည်။

ထိုအဖြစ်အား မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြသော လျူလန်နှင် စီမိုတို့၏ မျက်နှာများကလည်း အရောင်မျိုးစုံ ပြောင်းလဲနေသည်။

ထိုအချိန်က လူတိုင်းက မှားယွင်းစွာ တွေးတောခဲ့ကြသည်။ ကျောက်စိမ်းဖြူ မျှော်စင်တွင် တည်းခိုနေကြသော လူအနည်းငယ်က ထိုမျှ အားကောင်းမည်ဟု မည်သူက ထင်မှတ်ကြမည်နည်း…။

***

Comment

Leave a Reply

Options

not work with dark mode
Reset