‘ သူတို့လာပြီ… ’
‘ ဒါမှမဟုတ် နောက်ဆုံးတော့ ရောက်လာပြီလို့ ပြောရမလား ’
အမှောင်ထဲတွင် လီချန်ရှို့ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူသည် တုံးတိုက်တိုက် ကျားကိုက်ကိုက် ထိပ်တိုက်ရင်ဆိုင်လိုက်ရမည်ကို မကြောက်ပေ။ တွေး၍ ပူပန်နေရခြင်းကိုသာ ပိုကြောက်လေသည်။
လီချန်ရှို့သည် ထိုရန်သူများ အချိန်တော်တော်ကြာသည်အထိ ပေါ်မလာသေးသဖြင့် စိတ်ဖိစီးခဲ့ရသည်။
လွန်ခဲ့သည့်နှစ်ဝက် အကြီးအကဲဝမ်လင်းယွမ်ထံမှ လက်စွပ်ရသည့်အချိန်ကတည်းက သူသည် တိုက်ပွဲအတွက် ပြင်ဆင်ခြင်း တတိယအဆင့်ကို စတင်ခဲ့၏။
ယခုတွင် ထိုပြင်ဆင်မှုများ၏ ရလာဒ်ကို စမ်းသပ်ရမည့်အချိန်ရောက်ပေပြီ။
အကယ်၍ ရန်သူများသည် တုနတ်ဝိဇ္ဇာဂိုဏ်းကို အလစ်တိုက်ခိုက်လိုလျှင် မြေအောက်မှသာ ချည်းကပ်လာရမည်ဖြစ်သည်။ ထိုမှသာ အလစ်တိုက်နိုင်ပေမည်။
ထိုအချက်သည် လီချန်ရှို့အတွက် အားသာချက်ပင်။
‘ ရန်သူတွေလာတဲ့ အရပ်နဲ့ သူတို့ရဲ့ လမ်းကြောင်းက… ’
‘ ငါမှန်းတာ မှန်တာပဲ… ’
သို့သော် လီချန်ရှို့သည် လိုရမယ်ရ ‘ မြေ ’ စာလုံးပါသော စက္ကူကိုယ်ပွားများကို ရန်သူများ လာနိုင်ချေရှိသော လမ်းကြောင်းငါးခုရှိ မြေအောက်ထဲတွင် ကြိုတင် နေရာချထားပြီးဖြစ်သည်။ ယခု ရန်သူများလာသော လမ်းကြောင်းမှာ သူ ကြိုတင်ခန့်မှန်းထားသော အဓိကလမ်းကြောင်း သုံးခုထဲမှ တစ်ခုဖြစ်၏။
လီချန်ရှို့ လွဲခဲ့သော တစ်ခုတည်းသောအရာမှာ ရန်သူများသည် သူမှန်းထားသည့်အချိန်ထက် နှစ်လ၊ သုံးလနောက်ကျပြီးမှ လာရောက်တိုက်ခိုက်ခြင်းသာ ဖြစ်သည်။
လီချန်ရှို့သည် သူနှင့် အကြီးအကဲဝမ်လင်းယွမ်တို့ ရှေ့ပြေးတပ်ကို နှိမ်နင်းလိုက်သဖြင့် နောက်ကွယ်မှကြိုးကိုင်သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းအား ဖျက်ဆီးမည့်အကြံကို လက်လျှော့လိုက်ပြီလောဟုပင် တွေးမိခဲ့၏။
သို့သော်…
ရန်သူများ ရောက်လာသည်မှာ နောက်ကျသော်လည်း ရောက်ဖြစ်အောင်တော့ ရောက်လာလေသည်။
ထိုအခိုက်တွင် ‘ ကောင်းကင် ’ စာလုံးပါသော စက္ကူကိုယ်ပွားခုနှစ်ရုပ်သည် မလှုပ်ရှားသေးပေ။ ၎င်းတို့သည် ဂိုဏ်းဂိတ်တံခါးအနီးတွင် တိတ်တဆိတ်စောင့်နေကြ၏။
၎င်းတို့၏ လုပ်ငန်းတာဝန်မှာ ရန်သူများ ဂိတ်တံခါးကို တိုက်ခိုက်နေချိန်တွင် အနောက်မှ အလစ်ဝင်တိုက်ရန် ဖြစ်သည်။ ထိုတိုက်ပွဲဗျူဟာသည် မပြောင်းလဲသေးပေ။
သို့သော် ‘ မြေ ’စာလုံးပါသော စက္ကူကိုယ်ပွားများကိုမူ ရန်သူများလာရောက်နိုင်သည့် လမ်းကြောင်းဟု လီချန်ရှို့ခန့်မှန်းထားသည့် လမ်းကြောင်းခြောက်ခုတွင် နေရာချထားပြီးဖြစ်သည်။ သူသည် ထိုလမ်းကြောင်းခြောက်ခုတွင် အချိန်နှစ်လ၊ သုံးလပေး၍ အဆိပ်မန္တန်အစီအရင်များ ဆင်ထားခဲ့၏။
အဆိပ်မန္တန်အစီအရင်ဆိုသည်မှာ အဘယ်နည်း။
၎င်းတို့သည် မန္တန်အစီအရင်တွင် အဆိပ်များထပ်ထည့်ထားသော အစီအရင်များပင်။
သာမန်မန္တန်အစီအရင်များနှင့် ကွဲပြားသောအချက်မှာ လီချန်ရှို့ဆင်ထားသော မန္တန်အစီအရင်များကို လွယ်လွယ်နှင့် သတိမထားမိနိုင်ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ရန်သူများသတိမထားမိဘဲ မန္တန်အစီအရင်အတွင်းသို့ ဝင်လာစေလိုခြင်း ဖြစ်၏။
လူတစ်ယောက်သည် ထိုမန္တန်အစီအရင်အတွင်းသို့ ဝင်လိုက်လျှင် အဆိပ်မှုန့်များနှင့် အဆိပ်ငွေ့များသည် ချက်ချင်း ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။ အဆိပ်အာနိသင်များကိုလည်း အလေအလွင့်မရှိအောင် ပြင်ဆင်ထား၏။
ထိုအရာများသည် အဆိပ်မန္တန်အစီအရင်၏ အနှစ်သာရဖြစ်သည်ဟု လီချန်ရှို့နားလည်၏။
လီချန်ရှို့သည် အဆိပ်မန္တန်အစီအရင်များ ဆင်နေစဉ်တွင် ၎င်းတို့ကို သုံး၍ ရန်သူများကို သတ်ပစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
အကြောင်းမှာ ရှင်းလေ၏။ ရန်သူများသည် အာကာသနတ်မင်းအဆင့် ဂိုဏ်းချုပ်ရှိသော တုနတ်ဝိဇ္ဇာဂိုဏ်းကို တိုက်ခိုက်ဝံ့လျှင် သူတို့ဘက်တွင်လည်း အာကသနတ်မင်းတစ်ပါးပါး ရှိပေလိမ့်မည်။
အမှန်တွင် လီချန်ရှို့သည် ရန်သူဘက်၌ အာကသနတ်မင်း နောက်ဆုံးအဆင့်ရောက်နေသူပင် ပါရမည်ဟု လိုလိုမယ်မယ်တွေးထား၏။ သူသည် ထိုအခြေအနေကို ရင်ဆိုင်ရန်လည်း အစီအစဉ်များ ဆွဲထားလေသည်။
သို့သော် သူ၏ စက္ကူကိုယ်ပွားများနှင့် အဆိပ်မန္တန်အစီအရင်များကို ပေါင်းစပ်လိုက်လျှင် ရန်သူဘက်မှ တန်ခိုးကြီး အာကာသနတ်မင်းပါလျှင်ပင် ရန်သူများကို အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် အဆိပ်မန္တန်အစီအရင်များကို ဝင်လိုက်သည်နှင့် အဆိပ်များ ြဗုန်းခနဲ ပေါက်ကွဲသွားမည့် မြေမြှုပ်ဗုံးတစ်ခုသဖွယ် ပြုလုပ်ထားခြင်းပင်။
လီချန်ရှို့သည် ရန်သူဘက်တွင် အာကသနတ်မင်းနှစ်ပါး ပါနိုင်သည်ဟု ယူဆထားသဖြင့် စက္ကူကိုယ်ပွားများကို အသင့်ပုန်းအောင်းခိုင်းထားခြင်းဖြစ်သည်။
သူသည် အကြီးအကဲဝမ်လင်းယွမ်ကို အကူအညီမတောင်းခဲ့ပေ။ ထိုအကြီးအကဲ၏ စိတ်မြန်လက်မြန်ရှိမှုနှင့်သာဆိုလျှင် ရန်ကျောင်းတော်၏ ဂုဏ်သိက္ခာအတွက်ဟုဆိုကာ ကြေးချိုင်းထောက်ကြီးကိုမ၍ ရန်သူဘက်မှ အာကာသနတ်မင်းများကို ထိပ်တိုက် တိုက်ခိုက်ပေလိမ့်မည်။
ထိုစက္ကူကိုယ်ပွား ခြောက်ရုပ်၏ တာဝန်မှာ ရန်သူများကိုနှောင့်ယှက်ရန်၊ ရန်သူများ၏ နေရာကို ပေါ်သွားစေ၍ ဂိုဏ်းကို အချိန်မီသတိထားမိစေရန်နှင့် ရန်သူများ၏ အင်အားကို အတိုင်းအတာတစ်ခုအထိ လျှော့ချပစ်ရန် ဖြစ်သည်။
သစ်ပင်အတွင်း၌ ပုန်းအောင်းနေသော ‘မြေ’ စာလုံးပါသည့် စက္ကူကိုယ်ပွား(၃)သည် လှုပ်ခါလာ၏။ ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းကြီးထွားလာပြီး ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော ငယ်ရွယ်ခံ့ညားသည့် နတ်ဝိဇ္ဇာတစ်ပါးအဖြစ် ပြောင်းလဲသွား၏။
သူ၏ ကိုယ်ရောင်ကိုယ်ဝါနှင့် ရုပ်သွင်သည် လီချန်ရှို့နှင့် တကွဲတပြားစီဖြစ်လေသည်။
ထိုအခိုက်တွင် လီချန်ရှို့၏ အာရုံတစ်ဝက်သည် ထို နတ်ဝိဇ္ဇာပေါ်တွင် ရှိနေ၏။ သူကြိုတင် တပ်ဆင်ထားသော ပင့်ကူအိမ်များ၏ အကူအညီဖြင့် သူ့ထံသို့ လာနေသော လီ(၂၀၀)အကွာမှ အရိပ်နက်အုပ်စုကို စောင့်ကြည့်နေလိုက်သည်။
မကြာခင် လီချန်ရှို့သည် မြေအောက်မှလည်း အရိပ်နက် တစ်ဒါဇင်ကျော်ခန့် လာနေကြောင်းကို သိရှိလိုက်သည်။
ထိုအရိပ်နက်များသည် မြေအောက်တွင် သွားလာနိုင်သော အစွမ်းသာရှိသည့် မိစ္ဆာများ၏ နောက်မှနေ၍ လိုက်လာကြ၏။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများကို ဖုံးကွယ်လာသော်လည်း မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးခြင်းလောက် ပိရိမှုမရှိသဖြင့် သူတို့ကို အာရုံခံနိုင်သေးလေသည်။
‘ ပုရွက်စား မိစ္ဆာတွေတောင် ဦးနှောက်သုံးတတ်နေပြီလား… ’
သို့တစေ လီချန်ရှို့သည် ထိုအချက်ကိုလည်း ကြိုတင်တွက်ဆထားပြီးဖြစ်သည်။
သူ ဆင်ထားသော အဆိပ်မန္တန်အစီအရင်များသည် မြေကြီးတော်တော်နက်နက်အထိ ရောက်၏။ ထို့ပြင် ဒေါင်လိုက်ဆင်ထားသော မန္တန်အစီအရင်များလည်း ရှိလေသည်။
“ အာ… တစ်ခုခုတော့မှားနေပြီ ”
လီချန်ရှို့သည် အမှောင်ထဲတွင် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် ပုံရိပ်များပေါ်လာရာ အလျင်အမြန်ပင် လေ့လာလိုက်သည်။
‘ အနောက်တောင်ဘက်က လာနေတဲ့ ရန်သူအုပ်စုလည်း ရှိတာပဲ… ’
‘ ရန်သူတွေက နှစ်ဖွဲ့ခွဲပြီးလာတာကိုး… ’
‘ ဒါပေမဲ့… ’
‘ ကိစ္စမရှိပါဘူး… ’
လီချန်ရှို့သည်လည်း သူ၏ အာရုံကို နှစ်ခုခွဲလိုက်ပြီး စက္ကူကိုယ်ပွား(၅)ကိုလည်း အသက်သွင်းလိုက်လေသည်။
သူသည် စက္ကူကိုယ်ပွားကိုသုံး၍ အနောက်တောင်အရပ်ရှိ အဆိပ်မန္တန်အစီအရင်ကို အသက်သွင်းလိုက်၏။ ထို့နောက် စက္ကူကိုယ်ပွားသည် ရေကန်တစ်ခုအတွင်း ပုန်းအောင်းနေလိုက်လေသည်။
ခေတ္တမျှ ဂရုတစိုက်လေ့လာပြီးနောက် လီချန်ရှို့ ရယ်လိုက်သည်။
ယခုအခြေအနေသည် သူမှန်းထားသည်ထက် သာလွန်နေသည်။ ကံတရားကိုသာ အားကိုးရတော့မည့် ကိစ္စလေးများရှိနေကြောင်း သူစိတ်ထဲမှ ဝန်ခံလိုက်သည်။
အဆိပ်မန္တန်အစီအရင်များဆင်ထားသော လမ်းကြောင်း(၃)ခုထဲမှ နှစ်ခုကို သုံးလိုက်ရပြီဖြစ်၏။
‘ ရန်သူတွေက တော်တော်လေး ငါ့အတွက်တွေးပေးတတ်တာပဲ။ ငါဆင်ထားတာတွေ အလကားဖြစ်သွားမှာဆိုးလို့ နှစ်လမ်းခွဲပြီး လာပေးတာနေမယ်…ဟားဟား… ’
မကြာခင် လီချန်ရှို့၏ စက္ကူကိုယ်ပွားများသည် အာကာသနတ်မင်းများ၏ အရှိန်အဝါကို အာရုံခံမိလိုက်ကြသည်။
အနောက်တောင်ဘက်တွင် နှစ်ပါး ပါပြီး မြောက်ဘက်တွင် တစ်ပါး ပါ၏။
အာကာသနတ်မင်းသုံးပါး ပါလာသည်လော။
ထို အာကာသနတ်မင်းသုံးပါး၏ တာအိုအစွမ်းသည် အနည်းငယ် ထူးဆန်းသည်ဟု လီချန်ရှို့ ထင်လိုက်သော်လည်း အာကာသနတ်မင်းများ၏ အရှိန်အဝါမှာမူ အစစ်အမှန်ဖြစ်သည်။
‘ အာကာသနတ်မင်းသုံးပါးတောင်လား… ’
‘ ဒါကိုတော့ ငါလည်း ကြိုမမှန်းထားမိဘူး… ရင်ဆိုင်ဖို့တော့ လွယ်မှာမဟုတ်ဘူးပဲ… ’
အမှောင်ထုထဲတွင် လီချန်ရှို့သည် မျက်စိမှိတ်၍ ရေရွတ်လိုက်သည်။
“ ‘လူ’ စက္ကကိုယ်ပွား(၃) နိုးထ… ”
ချုံတောင်လေးရှိ ဆေးဖော်ဆောင်အရှေ့အတွင်းမှ ဆေးပေါင်းဖိုအရှေ့တွင် မလှုပ်မယှက်ထိုင်နေသော လီချန်ရှို့သည် လှုပ်ရှားလာ၏။ သူ၏ မျက်လုံးများသည် အရောင်တလက်လက်တောက်ပနေ၏။
သူသည် ဆေးဖော်ဆောင်တစ်ဝိုက်ရှိ မန္တန်အစီအရင်များကို ပိတ်လိုက်ပြီး လင်းအယ်ထံ အသံပို့လွှတ်လိုက်သည်။
ရေကန်မျက်နှာပြင်ပေါ်တွင် ရေကိုယ်ယောင်ဖျောက်အတတ်နှင့် မြေကိုယ်ယောင်ဖျောက်အတတ်ကို လေ့ကျင့်နေသော လင်းအယ်သည် ခေတ္တမျှကြောင်သွား၏။ ထို့နောက် သူမသည် လေထဲသို့ခုန်ကာ ရေကန်ဘေးရှိ တဲအိမ်လေးသို့ လျင်မြန်စွာ သွားလိုက်လေသည်။
“ ဆရာ… အစ်ကိုကြီး ဆေးဖော်ဆောင်ထဲမှာ မေ့လဲသွားလို့… မြန်မြန် သွားပြီး ကြည့်ပါဦး… ”
လင်းအယ်၏ စိုးရိမ်တကြီး အော်လိုက်သံကိုကြားလိုက်သောအခါ လီချန်ရှို့သည် အနောက်မြောက်ဘက် လီ(၃၀၀၀)အကွာရှိ ရန်သူများကို အာရုံပြန်စိုက်လိုက်သည်။
‘ ရန်သူတစ်အုပ်တော့ အဆိပ်မန္တန်အစီအရင်ထဲကို ဝင်လာပြီ… ’
သူတို့သည် မြေပြင်နှင့် ကပ်၍ပျံသန်းကာ ပုန်းရှိုးကွယ်ရှိုးလာနေသော်လည်း ရှေ့ရှိ လမ်းကြောင်းကိုမူ သတိမထားခဲ့ပေ။
အုပ်စုရှေ့ပိုင်းရှိ အရိပ်နက် ဆယ်ယောက်ကျော်သည် အနောက်မြောက်အရပ်ရှိ အဆိပ်မန္တန်အစီအရင်အတွင်းသို့ ဝင်သွားကြ၏။
အဆိပ်ငွေ့များ ပေါက်ကွဲထွက်သွားပြီး အရိပ်နက်နှစ်ယောက် ရုတ်ခြည်း လဲကျသွား၏။
သို့သော် အခြားအရိပ်နက် ဆယ်ယောက်ကျော်၏ မျက်နှာထားသည် တစိုးတစိမျှ မပြောင်းလဲသွားပေ။ သူတို့၏ တုံ့ပြန်မှုမှာမူ လျင်မြန်လှ၏။ နတ်တန်ခိုး၊ မိစ္ဆာတန်ခိုးအလင်းတန်းများထွက်ပေါ်လာပြီး ထိုအရိပ်နက်များကို ဖုံးလွှမ်းသွား၏။ သူတို့သည် အဆိပ်ဖြေဆေးများထုတ်ကာ သူတို့၏ ပါးစပ်အတွင်းသို့ ထည့်လိုက်ကြသည်။ ထို့နောက် ရုတ်ခြည်းပင် နောက်သို့ဆုတ်လိုက်ကြ၏။
ထိုအုပ်စု၏ ဖွဲ့စည်းပုံသည် ချက်ချင်းပင် ပရမ်းပတာဖြစ်သွားလေသည်။
“ ရှေ့မှာ မန္တန်အစီအရင်တွေ ရှိတယ် ”
“ အဲဒါ အဆိပ်ဆေးလုံးတွေနဲ့ လုပ်ထားတဲ့ ရိုးရှင်းတဲ့ မန္တန်အစီအရင်လေးတွေပါ။ တုနတ်ဝိဇ္ဇာဂိုဏ်းက ကောင်တွေကလည်း ကြိုတင်ပြင်ဆင်ထားတာပဲ။ သူတို့ရဲ့ တန်ခိုးကိုသုံးပြီး အဆိပ်ငွေ့တွေပေါက်ကွဲထွက်သွားအောင် လုပ်ထားတာပဲ ”
“ အဲဒါတွေကို မြန်မြန် ဖျက်ဆီးပစ်ကြ ”
“ တစ်ဖက်ကအဖွဲ့နဲ့ ဆုံရမယ့် အချိန်ကို နောက်မကျစေနဲ့… ”
ကောင်းကင်နတ်မင်းအဆင့်ရှိသော မိစ္ဆာများသည် ရှေ့သို့ထွက်၍ သူတို့၏ နတ်တန်ခိုးများကို ထုတ်လိုက်ပြီး အဆိပ်မန္တန်အစီအရင်များကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်လေသည်။
သို့သော် မကြာခင် အဆိပ်မန္တန်အစီအရင်အတွင်းသို့ ဝင်မိသွားသော မိစ္ဆာဆယ်ယောက်ကျော်သည် သွေးများအန်လာပြီး နာကျင်စွာ အော်ဟစ်လိုက်ကြ၏။ သူတို့၏ မူလဝိညာဉ်များ ခန္ဓာကိုယ်အတွင်းမှ ထွက်သွားကြပေပြီ။
အနန္တအဆိပ်ဆေးလုံးသည် အရည်အသွေးကောင်းမွန်လှပေသည်။
လက်ရှိတွင် တစ်ချက်တည်းဖြင့် အတုမဲ့နတ်ဝိဇ္ဇာခြောက်ပါး သေဆုံးသွားပေပြီ။
မကြာခင် အနောက်တောင်ဘက်ရှိ ရန်သူအုပ်စုသည်လည်း အဆိပ်မန္တန်အစီအရင် ပထမဆုံးတစ်ခုရှိသည့် တောအုပ်အတွင်းသို့ ဝင်ရောက်လာကြ၏။
လီချန်ရှို့သည် အချိန်ကောင်းစောင့်၍ အဆိပ်မန္တန်အစီအရင်ကို အသက်သွင်းလိုက်သည်။ လေထဲတွင် အစိမ်းရောင်အဆိပ်ငွေ့များ ပျံ့နှံ့သွားရာ အတုမဲ့နတ်ဝိဇ္ဇာငါးပါး သေဆုံးသွား၏။
ကောင်းကင်နတ်မင်းအဆင့်ရှိသူ တစ်ဦး၏ မူလဝိညာဉ်လည်း အဆိပ်မိသွား၏။ သူသည် အချိန်တစ်ခုအထိ တိုက်ခိုက်နိုင်မည့် အင်အားမရှိတော့ပေ။
ထိုအရာကား အဆိပ်မန္တန်အစီအရင် သေနင်္ဂဗျူဟာဖြစ်သော မြစိမ်းရောင်ဂိတ်တံခါးပင်။
စကားစပ်မိ၍ ပြောရလျှင် အကြီးအကဲဝမ်လင်းယွမ်သည် အစိမ်းရောင်ကို အလွန်ကြိုက်၏။ အဆိပ်ငွေ့များ၊ အဆိပ်မှုန့်များနှင့် အဆိပ်ဆေးလုံးများအားလုံးသည် အစိမ်းရင့်ရောင်သာဖြစ်ကြသည်။
လီချန်ရှို့၏ အတွေးမှာမူ တစ်မျိုးဖြစ်သည်။ သူသည် အဆိပ်ဆိုလျှင် အရောင်မဲ့၊ အရသာမဲ့မှ ကြိုက်၏။
လီချန်ရှို့သည် စက္ကူကိုယ်ပွားများကို ကိုယ်ယောင်ဖျောက်အတတ်များသုံး၍ ပုန်းအောင်းနေစေသည်။ စက္ကူကိုယ်ပွားများသည် သစ်ပင်များ၊ ရေကန်များနှင့် တစ်သားတည်းကျအောင် ပေါင်းစည်းလိုက်ကြ၏။
လီချန်ရှို့မှာမူ အမှောင်ထဲတွင် ဆက်လက် လေ့လာနေလေသည်။ သူသည် စက္ကကိုယ်ပွားနှစ်ရုပ်ကို အသုံးချ၍ အဆိပ်မန္တန်အစီအရင်များကို ထိန်းချုပ်နေ၏။
ရန်သူများသည် အရှေ့တွင်မည်သည့်အရာများ စောင့်ကြိုနေကြောင်း မသိကြပေ။ သူတို့သည် လမ်းကြောင်းမပြောင်းဘဲ ရှေ့သို့ဆက် ချီတက်လာကြသည်။
‘ ဒီလူတွေက ထိန်းချုပ်ခံထားရလို့ထင်တယ်… ဘာစဉ်းစားဉာဏ်မှ မရှိတော့ဘူး ’
လီချန်ရှို့သည် ရင်ထဲတွင် သက်ပြင်းချ၍ ဂိုဏ်းအတွင်းရှိ အခြေအနေများကို လေ့လာလိုက်သည်။
‘ အမ်… ’
ဂိုဏ်းအတွင်း၌ အေးချမ်းနေဆဲပင်။
တုနတ်ဝိဇ္ဇာဂိုဏ်းသည် ရန်သူများကိုစောင့်ကြည့်ရန် ဂိုဏ်းမှ လီ(၁၀၀၀)အဝန်းအဝိုင်းအတွင်း အစောင့်များချထား၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် ထိုအကွာအဝေးသည် ရန်သူများကိုတွေ့တွေ့ချင်း အချိန်မီတုံ့ပြန်နိုင်မည့် အကွာအဝေးဟု ဆုံးဖြတ်ခဲ့၍ဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် ယုံကြည်မှုလွန်ကဲနေသည်ဟု လီချန်ရှို့ထင်၏။ သို့ပေမည့် ထိုအကြောင်းကို သူ ထုတ်ဖော်မပြောခဲ့ပေ။ သူသည် ချုံတောင်လေးမှ တပည့်ငယ်လေးတစ်ဦးပင် မဟုတ်ပေလော။
သူလုပ်နိုင်သော အရာမှာ စောင့်ကြည့်သည့်ပတ်ချာလည်ဧရိယာကို လီ(၃၅၀၀)အထိတိုးကာ ကိုယ်တိုင်စောင့်ကြည့်၍ ရန်သူလာနိုင်ခြေများသည့် လမ်းကြောင်းအနည်းငယ် အပေါ်သာ အာရုံစိုက်ထားနိုင်လေ၏။
အရိပ်နက် အုပ်စုနှစ်စုသည် တစ်စုနှင့် တစ်စု သိပ်မကွာကြပေ။ ထိုအုပ်စုနှစ်စုသည် တချိန်တည်းလိုလိုပင် လီချန်ရှို့ဆင်ထားသော အဆိပ်မန္တန်အစီအရင်နောက်တစ်ခုအတွင်းသို့ ဝင်သွားကြသည်။
အစိမ်းရောင် အခိုးအငွေ့များ ထပ်မံထွက်ပေါ်လာ၏။ ပေါက်ကွဲသွားသောနေရာနှစ်ခုသည် လီ(၁၀၀၀)ကျော် ကွာဝေး၏။ ထိုပေါက်ကွဲမှုတွင် ရန်သူ ခုနှစ်ယောက်၊ ရှစ်ယောက် ကျဆုံးသွားလေသည်။
လီချန်ရှို့သည် ပင့်ကူအိမ်များကို အသုံးချ၍ ဂရုတစိုက်ရှာဖွေလိုက်သည်။ အဆိပ်မိသွားသော အတုမဲ့နတ်ဝိဇ္ဇာများ၏ ကိုယ်ပေါ်တွင် သွေးခြင်များ၏ အရိပ်အယောင်များကို တွေ့လိုက်ရ၏။
ယခုအကြိမ်တွင် တွေ့ရသော သွေးခြင်များသည် လျင်မြန်စွာပင် သွေးချီဓာတ်အဖြစ်ပြောင်းလဲ၍ ပျောက်ကွယ်သွားကြလေသည်။
‘ ဒီအခြေအနေက… ’
‘ ကြည့်ရတာ အရှင်မဝမ်က ဒီကိစ္စကို ဂရုမစိုက်တော့ဘူး ထင်တယ်။ ရန်ကျောင်းတော်က ဆရာတစ်ဆူရဲ့ ပစ်မှတ်ထားတာကို ခံရမှာစိုးလို့ အစောကတည်းက ပြေးသွားပြီနေမှာ ”
‘ ဒီလိုသာဆို တုနတ်ဝိဇ္ဇာဂိုဏ်းအနေနဲ့ နိုင်ဖို့ အခွင့်အရေးပိုများသွားပြီ ’
ရန်သူအရေအတွက်သည် ကောင်းကင်နတ်မင်းအဆင့်ရှိသော မိစ္ဆာ၊ လူသား၊ ဝိညာဉ် စုစုပေါင်း ခုနှစ်ဆယ့်ရှစ်ယောက်၊ အာကာသနတ်မင်းသုံးပါးနှင့် အတုမဲ့နတ်ဝိဇ္ဇာ တစ်ထောင်ကျော် ဖြစ်လေသည်။
တုနတ်ဝိဇ္ဇာဂိုဏ်းကို ဖျက်ဆီးရန် သေချာ ပြင်ဆင်ခဲ့ဟန်တူ၏။
ထို့ပြင် သူ အာရုံမခံနိုင်သော အခြားအရပ်များမှလာသည့် ရန်သူများရှိ၊ မရှိကို လီချန်ရှို့ မသေချာပေ။
ထိုအရာများကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။
‘ လက်ရှိအခြေအနေအရတော့ ဒါက တုနတ်ဝိဇ္ဇာဂိုဏ်းအတွက် တကယ့်ကို ကပ်ဘေးကြီးပဲ ’
ဂိုဏ်းအတွင်း၌ သူသိသော တစ်ပါးတည်းသော အာကာသနတ်မင်းမှာ ဂိုဏ်းချုပ်သာဖြစ်သည်။ ထို့ပြင် ဂိုဏ်း၌ ကောင်းကင်နတ်မင်းအဆင့်ရှိသူ အကြီးအကဲ ငါးဆယ်ကျော်သာရှိ၏။ အတုမဲ့နတ်ဝိဇ္ဇာများနှင့် မူလနတ်ဝိဇ္ဇာများမှာမူ အများအပြားရှိသော်လည်း သူတို့၏ တိုက်ရည်ခိုက်ရည်သည် မည်သို့ရှိကြောင်း လီချန်ရှို့ မသိပေ။
သာမန်အခြေအနေတွင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် တိတ်ဆိတ်အေးချမ်း၍ ကိစ္စကြီးများမရှိသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ သူတို့သည် လူရာချီ၊ ထောင်ချီ စုပေါင်းတိုက်ခိုက်မှုပုံစံများကို မလေ့ကျင့်ထားပေ။
သူတို့သာ တာအိုလက်တွဲဖော်ရှာရန် ကြိုးစားအားထုတ်သော လုံ့လ၏ တစ်ဝက်ခန့်ကိုသာ မန္တန်အစီအရင်များကိုလေ့လာရာ၌ အားစိုက်ခဲ့လျှင် လီချန်ရှို့အနေဖြင့် ဤမျှ အပင်ပန်းခံနေစရာမလိုပေ။
လမ်းကြောင်းနှစ်ခုစလုံးမှ ရန်သူများသည် ခေါင်းမာလှ၏။ သူတို့သည် မည်သည့်အကြောင်းကြောင့်မှ မရပ်နားဘဲ ရှေ့သို့သာ ချီတက်လာရာ တတိယမြောက် အဆိပ်မန္တန်အစီအရင်အတွင်း ဝင်ရောက်မိသွားပြန်လေသည်။
ထိုအခါမှသာ အရှိန်အနည်းငယ်လျှော့၍ သူတို့၏ ဓမ္မရတနာများကို ထုတ်သုံးကာ အခြေအနေကို သုံးသပ်ကြ၏။
‘ သူတို့က ငါ့ကို မင်းမှာ အဆိပ်မန္တန်အစီအရင်လေးနည်းနည်းရှိတာနဲ့ ငါတို့ကို တားနိုင်ပြီထင်လားလို့ ပြောနေတဲ့အတိုင်းပဲ… ’
‘ ဘာပဲဖြစ်ဖြစ် ငါ အစွမ်းရှိသလောက်တော့ တိုက်ခိုက်ရမှာပဲ ’
လီချန်ရှို့သည် ရယ်လိုက်ပြီး ထိုအကြောင်းကို ဆက်မစဉ်းစားတော့ပေ။ သူသည် စက္ကူကိုယ်ပွားနှစ်ခုအပေါ်ကို အာရုံပြန်စိုက်လိုက်ပြီး အဆိပ်မန္တန်အစီအရင်များကို အသက်သွင်းရန် အချိန်ကောင်းကို စောင့်နေလိုက်သည်။
မကြာမီတွင် ရန်သူဘက်မှအကျအဆုံးစာရင်းသည် အတုမဲ့နတ်ဝိဇ္ဇာလေးဆယ်နှင့် ကောင်းကင်နတ်မင်းသုံးပါးအထိတိုးတက်သွား၏။ ပြင်းထန်စွာဒဏ်ရာရသွားသော ကောင်းကင်နတ်မင်းလေးပါးလည်း ရှိ၏။
လီချန်ရှို့သည် ရန်သူအရေအတွက် အများအပြားကို မသတ်ပစ်နိုင်သေးသော်လည်း ရန်သူများ၏ အရှိန်ကိုမူ နှေးသွားအောင် လုပ်နိုင်ခဲ့၏။ ထို့ကြောင့် လီချန်ရှို့တွင် ပြင်ဆင်ချိန်ပိုရသွားလေသည်။
‘ အဆိပ်မန္တန်အစီအရင်တွေရဲ့ ထိရောက်မှုက မဆိုးပါဘူး။ နောက်ကျရင် အဲဒါအပေါ် ပိုအာရုံစိုက်ပြီး လေ့လာရမယ်… ’
သူ့ဆရာနှင့် ညီမလေးသည် ဆေးဖော်ဆောင်အနားသို့ ရောက်လာပြီဖြစ်ကြောင်းအာရုံခံမိလိုက်၍ လီချန်ရှို့သည် သူ၏ အာရုံစိုက်မှုကို ထပ်ခွဲကာ ဆေးဖော်ဆောင်အတွင်းရှိ စက္ကူကိုယ်ပွားအပေါ် အာရုံစိုက်လိုက်သည်။
လီချန်ရှို့သည် နေရာအနှံ့တွင် စက္ကူကိုယ်ပွား အနှံ့အပြား နေရာချထား၍ အသေးစိတ်ပြင်ဆင်မှုများကိုလည်း လုပ်ထားခဲ့ရ၏။
‘ကောင်းကင်’ စက္ကူကိုယ်ပွားများသည် တိုက်ပွဲစသည့်အချိန်တွင် အနောက်မှ အလစ်ဝင်တိုက်ရန်အတွက် ဖြစ်သည်။ ၎င်းတို့သည် သာမန်စက္ကူရုပ်များနှင့် အဆိပ်မှုန့် အမြောက်အမြား သယ်ဆောင်ထားလေသည်။ ၎င်းတို့၏ ကိုယ်ရောင်ကိုယ်ဝါနှင့် ရုပ်သွင်ကိုလည်း သူနှင့် မတူအောင်လည်း ပြင်ဆင်ထားရ၏။ သူတို့ကို တိုက်ပွဲစသည့်အချိန်မှသာ သုံးရမည်ဖြစ်သည်။ တိုက်ပွဲပြီးဆုံးချိန်တွင်မူ အလျင်အမြန် ပြန်ဆုတ်ခွာရပေမည်။
‘မြေ’ စက္ကူကိုယ်ပွားများသည် လီချန်ရှို့ကို သတင်းပေးရန်နှင့် တိုက်ပွဲမစခင် ရန်သူများကို ထိခိုက်ဒဏ်ရာရအောင်လုပ်ရန် တာဝန်ယူရ၏။ ၎င်းတို့ကို အဆိပ်မန္တန်အစီအရင်များကို ထိန်းချုပ်ရန်အတွက်သာ အဓိကသုံးလေသည်။ ၎င်းတို့၏ ကိုယ်ရောင်ကိုယ်ဝါနှင့် ရုပ်သွင်သည်လည်း လီချန်ရှို့နှင့် လုံးဝမတူချေ။
‘မြေ’ စက္ကူကိုယ်ပွားနှစ်ရုပ်သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေပြီဖြစ်သည်။
‘လူ’ စက္ကူကိုယ်ပွားများသည် သူ၏ဆရာနှင့် ညီမလေးကို ကာကွယ်ရန် တာဝန်ရှိ၏။ ၎င်းတို့သည် အရေအတွက်နည်းသော်လည်း သူ့ဆရာနှင့် ညီမလေးတို့ အနားတွင် စောင့်ကြပ်နေကြပေသည်။
ဥပမာအားဖြင့် ‘လူ’ စက္ကူကိုယ်ပွား(၃)သည် တိုက်ပွဲစသည့်အချိန်တွင် သူ့ဆရာနှင့် ညီမလေးတို့ကို အဖော်ပြုပေးရန်ဖြစ်သည်။ ၎င်းသည် လီချန်ရှို့၏ အသွင်ကို ယူထားပြီး လင်းအယ်နှင့်အတူ မြေကြောရှိရာသို့သွား၍ ရှောင်တိမ်းမည့်သူ ဖြစ်သည်။
ချုံတောင်လေးရှိ ဆက်စပ်မန္တန်အစီအရင်များကို ထိန်းချုပ်မည့် ‘ကောင်းကင်’ စက္ကူကိုယ်ပွားတစ်ရုပ်လည်းရှိ၏။ ထိုမန္တန်အစီအရင်များသည်လည်း စွမ်းအားကြီးသော ရန်သူများကို ချုပ်နှောင်သတ်ဖြတ်ပစ်နိုင်လေသည်။
ဆေးဖော်ဆောင် အပြင်ဘက်တွင် အသံအနည်းငယ်ကို ကြားလိုက်ရ၏။ အပြင်ဘက်ရှိ ရေကန်အတွင်း၌ ဝိညာဉ်စား ကျောက်စိမ်းဖားများသည် ခုန်ဆွခုန်ဆွလုပ်နေကြသည်။
လင်းအယ်နှင့် ချီယွမ်တို့ အော်ခေါ်လိုက်၏။
“ အစ်ကိုကြီး… ”
“ ချန်ရှို့… ဘာဖြစ်တာလဲ ”
သူတို့နှစ်ဦးသည် ဆေးဖော်ဆောင်အပြင်ဘက်ရှိ မန္တန်အစီအရင်အတွင်းသို့ ဝင်လာကြလေသည်။