ခြောက်ကြိမ်မြောက် ပတ်လည် စိန်ခေါ်ပွဲကို ရောက်လာပြီ ဖြစ်သည်။
ထိုအခိုက်တွင် ရှမ်းဖေးယူအပြင် ယွန်ယွဲ့ကုန်သည် အုပ်စုဘက်တွင် နောက်ထပ် ကျန်ရှိသော လေးယောက်မှာ လွန်စွာ အားကောင်းသူများ ဖြစ်ကြပေသည်။ အထူးသဖြင့် မိစ္ဆာသွေးလက်ဝါး နေ့ယွန်နှင့် ရီရှောင်တို့က အဆင့်နိမ့်အကာနာ အတွင်းတွင် အားအကောင်းဆုံးသော အကူများဖြစ်ကြသည်။ ရီရှောင်ကား တခြား ကလန်သုံးခုကို အန္တရာယ် အပေးနိုင်ဆုံးဟု ထင်မှတ်ရသည်။
အကယ်၍ ရီရှောင်ကသာ ရှမ်းဖေးယူနှင့်အတူ နောက်ဆုံး အချိန်အထိ ကျန်ရှိနိုင်လျှင် တခြားအဖွဲ့သုံးခုမှ အကူများက သူတို့၏ ဖယ်ထုတ်မှုကို ခံရလျှင် ပြိုင်ပွဲ၏ ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
ယမန်နှစ် ပြိုင်ပွဲ၏ ပထမပိုင်းတွင် ယွန်ယွဲ့ကုန်သည် အုပ်စုက ပထမရကာ လျှပ်စီးကလန်က ဒုတိယ ရသည်။ အကြောင်းပြချက်က ယွန်ယွဲ့ကုန်သည် အုပ်စုက အလွန် အားကောင်းသော တန်ခိုးရှင်များကို ဖိတ်ခေါ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူတို့က ဝမ်မိသားစုနှင့် ဖန်းမိသားစုမှ တန်ခိုးရှင်များကို ပြိုင်ပွဲမှ ဖယ်ထုတ်သော်လည်း လျှပ်စီးကလန်အား လုံးဝ မထိပေ။ အကြောင်းပြချက်ကား ရှင်းပေသည်။ အကယ်၍ သူတို့က လျှပ်စီးကလန်မှ တပည့်များကို ဖယ်ထုတ်ပါက ယွန်ယွဲ့ကုန်သည် အုပ်စုတွင် လူအများဆုံး ကျန်ရစ်မည်ဖြစ်သည်။ ဤနည်းဖြင့် ကလန်သုံးခုက ယွန်ယွဲ့ကုန်သည် အုပ်စုကို ပစ်မှတ်ထားခြင်းများ ဖြစ်လာနိုင်ပေသည်။ တခြားတစ်ဖက်တွင် ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် လျှပ်စီးကလန်တို့က နောက်ဆုံးတွင် ကျန်ရစ်ပါက သူတို့က နောက်ဆုံးအနေဖြင့် အဆုံးအဖြတ် တိုက်ပွဲကို တိုက်ခိုက်ကာ ပထမနေရာနှင့် ဒုတိယ နေရာကို ယူနိုင်ပေသည်။
သည်တစ်ကြိမ်တွင်ကား ရီရှောင်က တခြား အင်အားစုများကို လွန်စွာ အန္တရာယ်ပေးသည်ဟု ပြောရပေမည်။
ရီရှောင်နှင့် မိစ္ဆာသွေးလက်ဝါး နေ့ယွန်အပြင် ယွန်ယွဲ့ကုန်သည် အုပ်စုတွင် ကျန်ရှိနေသော နောက်ထပ် နှစ်ယောက်ဖြစ်သော နှစ်ဖက်သွားဓားဆရာနှင့် ကု့ယွန်တို့မှာလည်း အလွန် အားကောင်းကြပေသည်။
နှစ်ဖက်သွားဓားဆရာကား သူ၏နှစ်ဖက်သွား ဓားပညာကြောင့် နာမည်ကြီးပေသည်။ တခြား အင်အားစုသုံးခုမှ လူများက သူက ယူချင်း အနိုင်ယူခဲ့သော လီခွေနှင့် တူညီသော အရည်အချင်းရှိသူဟု သုံးသပ်ကြသည်။ သို့မဟုတ်ပါက ပို၍ပင် အားကောင်းနိုင်သည်။ ကု့ယွန်အား ထိုလေးယောက်ထဲတွင် အားအနည်းဆုံးဟု ပြော၍ ရသော်လည်း သူသည်လည်း အတော် ကျော်ကြားသည်။ ယခုအချိန်တွင်ကား ယွန်ယွဲ့ကုန်သည် အုပ်စုတွင် ကျန်ရစ်သောသူ မည်သူမဆို အားနည်းသည်ဟု မဆိုနိုင်တော့ပေ။
လူအများက ခန့်မှန်းသလိုပင် သည်တစ်ကြိမ်တွင် ယွန်ယွဲ့ကုန်သည်အုပ်စုမှ ကု့ယွန်အား စေလွှတ်သည်။ ယမန်နှစ်၏ အနိုင်ရသည့်အင်အားစု ဖြစ်သည့်အလျောက် ယွန်ယွဲ့ကုန်သည်အုပ်စုက ချိန်ခွင်လျှာအား အလွယ်တကူ ချိုးဖျက်မည်တော့ မဟုတ်ပေ။ သူတို့က တခြား အင်အားစုများနှင့် သိပ်မကွာဟသရွေ့ အဆင်ပြေပေသည်။ သူတို့က လူခွေကို ဆုံးရှုံးခဲ့သော်လည်း ပြိုင်ပွဲဆက်လက် ကျင်းပသည့် အလျောက် သူတို့၏ အရေးနိမ့်နေမှုများလည်း ပျောက်ကွယ်လာသည်။ ကု့ယွန်က ဝမ်မိသားစုကိုပင် စိန်ခေါ်သည်။
“ဘယ်သူ သွားချင်လဲ…” ဝမ်ယွီရိုက မေးသည်။ ထိုအချိန်တွင် ချန်းဖန်၊ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့က ပြိုင်ပွဲအတွင်းတွင် ရှိနေဆဲဖြစ်သည်။
“ယူချင်း…” ရီဖူရှင်းက ပြောသည်။ ဝမ်ယွီရိုက အသာအယာ ခေါင်းညိတ်သည်။ သူတို့က အမှားမခံနိုင်သော အခြေအနေကို ရောက်နေရာ ယူချင်းအား စေလွှတ်ခြင်းကလည်း ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်ပေသည်။ သူတို့ စိန်ခေါ်လှည့် ရောက်လာသောအခါ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့ထဲမှ တစ်ယောက်အား စတေးရပေမည်။
ယူချင်းက လှမ်းထွက်လိုက်လျှင် ကု့ယွန်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူက သူ၏စွမ်းရည်ကို သိပေသည်။ လီခွေက ယူချင်းထံတွင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့မှတော့ သူ့အတွက် အခွင့်အရေး မရှိသည်ကို သူသိသည်။ သည်တိုက်ပွဲ၏ ရလဒ်ကို မည်သူကမှ သံသယ မဝင်ပေ။ ယခင်တိုက်ပွဲ နှစ်ပွဲလိုပင် ယူချင်းက တစ်ကွက်တည်းဖြင့် ရန်သူကို အနိုင်ယူခဲ့သည်။
ထို့နောက်တွင် ဖန်းမိသားစု၏ အလှည့်ကို ရောက်လာသည်။ တူညီစွာပင် သူတို့က အားအနည်းဆုံးလူကို စတေးရန် စေလွှတ်ကြသည်။ ဝမ်မိသားစုကဲ့သို့ပင် လျှပ်စီးကလန်က ပြိုင်ဘက်အား အလွယ်တကူ အနိုင်ယူနိုင်သော လူတစ်ယောက်ကို စေလွှတ်သည်။ ဤသို့သော အခြေအနေတွင် မည်သူကမှ အားအနည်းဆုံး အဖြစ်မခံလိုကြပေ။ ထို့နောက်တွင် ဝမ်မိသားစု အလှည့်ကို ရောက်လာပြန်သည်။
“ဒီတစ်ခေါက် ဘယ်သူ သွားမလဲ…” ဝမ်ယွီရိုက မေးသည်။ သူတို့ သုံးယောက်ထဲတွင် ယခု တစ်ယောက်ကို ဖယ်ထုတ်ရတော့မည် ဖြစ်သည်။
“ဝူချင်း… မင်းလား… ငါလား…” ရီဖူရှင်းက မေးသည်။
“ငါသွားလိုက်မယ်…” ရီဝူချင်းက ပြောသည်။ ထရပ်လျက် သူက ယွန်ယွဲ့ကုန်သည် အုပ်စုဘက်ကို လျှောက်သွားသည်။
ဝမ်ယွီရိုက ဘာမှ မပြောတော့ပေ။ ယခုတွင် ယူချင်းက ပြိုင်ပွဲမှ ထွက်ရ၍ မဖြစ်ပေ။ ကြည့်ရသည်မှာ ရီဖူရှင်းနှင့် ရီဝူချင်းတွင် ရီဝူချင်းကို စတေးရန် ဆုံးဖြတ်လိုက်ဟန် ရသည်။
“ယွန်ယွဲ့ကုန်သည်အုပ်စု…” ရီဝူချင်းက သူ၏နောက်ကျောတွင် ဓားနှစ်လက်ကို သိုင်းလွယ်ထားသည်။ သူ၏လက်တစ်ဖက်က မရှိရာ အင်္ကျီလက်စက လေထဲတွင် လွင့်နေသည်။ သူက ယွန်ယွဲ့ကုန်သည် အုပ်စုကိုသာ စိန်ခေါ်သည်။
“ဘယ်သူ သွားချင်လဲ…” ရှမ်းဖေးယူက မေးသည်။ ယခုတွင်ကား ရှမ်းဖေးယူ၌ လူသုံးယောက်မျှသာ ကျန်တော့ကာ အားလုံးက အရည်အချင်း ကောင်းသူများ ဖြစ်ကြသည်။ မည်သူမဆို ရီဝူချင်းအား အလွယ်တကူ အနိုင် ရနိုင်လောက်ပေသည်။
သူတို့က ရီဝူချင်း၏ တိုက်ပွဲများအားလုံးကို မြင်ပြီးဖြစ်သည်။ သူ၏ ဓားနည်းစနစ်များက ကောင်းမွန်သော်လည်း လုံလောက်မှု မရှိပေ။
“ကျုပ်သွားမယ်…” နှစ်ဖက်သွား ဓားဆရာက ပြောသည်။ ရီဝူချင်းက ဓားသမားဖြစ်မှတော့ သူက ရီဝူချင်းကို ယှဉ်ပြိုင် အနိုင်ယူလိုပေသည်။
“ကောင်းပြီ…” ရှမ်းဖေးယူက ခေါင်းညိတ်သည်။ ထို့နောက်တွင် နှစ်ဖက်သွား ဓားဆရာက တိုက်ပွဲစင်မြင့် အလယ်ကို လျှောက်လာကာ ရီဝူချင်း၏ မျက်နှာချင်းဆိုင်၌ ရပ်လိုက်သည်။
“မင်းရဲ့ ဓားက အရမ်းနှေးတယ်… မင်းက ကိုယ့်ဖာသာ အောက်ကို ဆင်းသွားသင့်တယ်…” နှစ်ဖက်သွား ဓားဆရာက ပြောသည်။ သူက ရီဝူချင်း၏ တိုက်ပွဲများကို သေချာစွာ ကြည့်ထားခဲ့သည်။ ရီဝူချင်း၏ အရည်အချင်းက သိပ်မဆိုးသော်လည်း ထိုမျှလောက်သော အရည်အချင်းမျှဖြင့် သူ့အား ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
“ကျုပ်မှာ အဲလို အလေ့အထ မရှိဘူး…” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်။
“ကျုပ်ရဲ့ နှစ်ဖက်သွားဓားကို ထုတ်လိုက်ရင် မင်း အသက်ရှင်မှာ မဟုတ်ဘူး…” နှစ်ဖက်သွားဓားဆရာက ပြောသည်။ လူတိုင်းက နှစ်ဖက်သွားဓားဆရာ၏ စကားကို သဘောတူကြသည်။ သူကား လူခွေနှင့်ပင် ယှဉ်နိုင်လောက်သလို သူ၏ဓားကလည်း တစ်ဖက်လူအား တစ်ချက်တည်းဖြင့် သတ်နိုင်သည်။ ရီဝူချင်းက သူ၏ဓားအောက်တွင် အသက်ရှင်လမ်း မရှိပေ။
“မင်း စကားအရမ်းများတယ်…” ရီဝူချင်းက ပြောသည်။ ဓားအားလှိုင်းတစ်ခု ရီဝူချင်း၏ခန္ဓာကိုယ်အား လှည့်ပတ်သွားသည်။ ချက်ချင်းပင် သူကိုယ်တိုင်က ဓားတစ်လက်အလား ပြောင်းလဲသွားသည်ဟု ခံစားကြရသည်။ သူ၏ခန္ဓာကိုယ်တွင် များစွာသော ဓားအသိ အမျှင်တန်းများကို မြင်ရသည်။
“မင်းက သေချင်တယ် ဆိုမှတော့ ကျုပ်က လိုက်လျော ပေးရမှာပေါ့…” နှစ်ဖက်သွား ဓားဆရာက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ တူညီစွာပင် သူ့ထံမှ အားကောင်းသော ဓားအားလှိုင်းများ ပျံ့နှံ့လာသည်။ သူ၏လက်တွင် ဓားအသိမှ ဖြစ်တည်လာသော နှစ်ဖက်သွား ဓားတစ်ဖက် ဖြစ်ပေါ်လာသည်။
နှစ်ဖက်သွားဓားဆရာက သူ၏ဓားကိုင်လက်အား အနည်းငယ် လှုပ်လိုက်လျှင် ဓားသွားမှ အေးစက်သော အလင်းတစ်ခု ရောင်ပြန်ဟပ်သွားသည်။ တိုက်ဆိုင်စွာပင် အေးစက်သော အလင်းတန်းတစ်ခု ရီဝူချင်း၏ မျက်လုံးများထံသို့ တိုးဝင်သွားသည်။
ရီဝူချင်းက သူ၏ပြိုင်ဘက်ကို တည်ငြိမ်စွာ ကြည့်နေဆဲ ဖြစ်သည်။
ဟူး…
နှစ်ဖက်သွားဓားအသိမှ ဖြစ်တည်လာသော ကြောက်မက်ဖွယ် လေလှိုင်းတစ်ခု ရုတ်တရက် ဖြတ်တိုက်သွားသည်။ ထိုလေလှိုင်းက အမှန်ပင် ရီဝူချင်း၏ ခန္ဓာကိုယ်အား လာရောက် ရစ်ပတ်ကာ သူ့ကို ဖြတ်တောက်ရန် ကြိုးစားသည်။
တဟူးဟူး လေသံများက ပိုမိုသိပ်သည်းလာကာ မုန်တိုင်းထဲတွင် မရေမတွက်နိုင်သော နှစ်ဖက်သွားဓားများ ဖြစ်ပေါ်လာသည်။ ခဏအတွင်းတွင်ပင် နှစ်ဖက်သွား ဓားဆရာနှင့် ရီဝူချင်းတို့ နှစ်ယောက်လုံးက မုန်တိုင်းထဲကို ရောက်သွားသည်။
နှစ်ဖက်သွားဓားဆရာက ရီဝူချင်းထံကို တစ်လှမ်းချင်း လျှောက်သွားသည်။ သူက ရှေ့တိုးလေလေ နှစ်ဖက်သွား ဓားမုန်တိုင်းက ပိုမို အားကောင်းလေလေ ဖြစ်သည်။
“သူ အန္တရာယ်ရှိတယ်…” ဝမ်ယွီရိုက ရီဖူရှင်းကို သတိပေးသည်။ နှစ်ဖက်သွားဓားဆရာက ရီဝူချင်းကို သတ်မည်မှာ သေချာနေသည်။
“ဒီအတိုင်းပဲ ကြည့်နေ…” ရီဖူရှင်းက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ ရီဖူရှင်း၏ စကားကို ကြားလျှင် ဝမ်ယွီရိုက ဘာမှ မပြောတော့ပေ။ သူတို့က ထိုလမ်းကို ကိုယ်တိုင် ရွေးချယ်ခြင်း ဖြစ်မှတော့ ကံမကောင်းသည့်အရာ တစ်ခုခု ကြုံခဲ့လျှင်ပင် သူမအား အပြစ်မတင်နိုင်ပေ။ လက်ရှိတွင် နှစ်ဖက်သွားဓားဆရာက မည်မျှ အားကောင်းသည်ကို လူတိုင်းက မြင်သည်။
“သေသေချာချာကြည့်…” နှစ်ဖက်သွားဓားဆရာက ပြောသည်။ ထိုစဉ်မှာပင် သူ၏ခန္ဓာကိုယ်က မုန်တိုင်းထဲတွင် ပျော်ဝင် ပျောက်ကွယ် သွားသည်ကို မြင်ရသည်။
ရီဝူချင်းက ထိုစကားကို ကြားလိုက်စဉ်မှာပင် နှစ်ဖက်သွားဓားတစ်လက် ပေါ်လာသည်။ နှစ်ဖက်သွားဓားက ရီဝူချင်းထံသို့ လေနှင့်အတူ ရောက်လာသည်။ လျှပ်စီးအလား ဓားချက်ကား မြန်ဆန်လွန်းလှရာ လူအများအပြားက သတိပင် မထားမိကြပေ။
ဓားက လေနှင့် ပေါင်းစပ်ကာ ဆင်းသက်လာသည်။ လူအများအပြားက ထိုမြင်ကွင်းကို ရဲရဲပင် မကြည့်ရဲကြတော့ပေ။ ထိုဓားချက်ပြီးနောက် ရီဝူချင်းက ဘာဖြစ်မည်နည်း။
ဓားချက်က နောက်ဆုံးတွင် ကျဆင်းလာသည်။ ထိုဓားချက်က ရီဝူချင်းအား ဖြတ်တောက် သွားသည်။ သို့သော် နောက်တစ်နေရာတွင် ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့ရသည်။ ဓားချက် ဖြတ်တောက် သွားသည်ကား ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။
မုန်တိုင်းထဲတွင် ရီဝူချင်းက ပျောက်ကွယ် သွားဟန်ရပြီး ဓားတစ်လက်ကိုသာ မြင်ရသည်။ ဓားအလင်း တစ်ချက်ကိုသာ လူအများက မြင်လိုက်ကြရပြီး နောက်တွင် မုန်တိုင်းက ပြယ်လွင့်သွားသည်။ ရီဝူချင်းက နှစ်ဖက်သွား ဓားဆရာ၏ နောက်ကျောတွင် ရပ်နေသည်ကို လူတိုင်းက မြင်ရသည်။ နှစ်ဖက်သွား ဓားဆရာကား ဓားခုတ်ဟန်အတိုင်း ရပ်နေဆဲ ဖြစ်သော်လည်း အမှန်တကယ်အားဖြင့် သူ၏လည်ပင်းတွင် သွေးစို့ရာ တစ်ခုကို တွေ့ရသည်။ ထို့နောက်တွင် ထိုနေရာမှပင် သွေးများ အဆက်မပြတ် ယိုစီးကျလာသည်။
“အဲဒါ မြန်လား…” ရီဝူချင်းက ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ နှစ်ဖက်သွား ဓားဆရာအား တစ်ချက်မှပင် မကြည့်ဘဲ မူလနေရာသို့ လျှောက်သွားသည်။
နှစ်ဖက်သွားဓား ပျောက်ကွယ်သွားကာ နှစ်ဖက်သွား ဓားဆရာက ရီဝူချင်းအား စိုက်ကြည့်သည်။ သူ၏လည်ပင်းအားသူက လက်ဖြင့် ဖုံးအုပ်သော်လည်း မကြာမီ လက်တစ်ခုလုံး သွေးခြင်းခြင်း နီသွားကာ တုန်ယင်စွာဖြင့် သူက နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက်တွင် သူက မြေပြင်ပေါ်သို့ လဲပြိုသွားကာ ထိုနေရာတစ်ခုလုံး သွေးရောင်များ လွှမ်းသွားသည်။
မရေမတွက်နိုင်သော လူများက အေးခဲသွားကြကာ စင်မြင့်ပေါ်တွင် လဲပြိုကျသွားသော လူကို ကြည့်ကြသည်။ ရှုံးနိမ့်သွားသော သူကား အမှန်ပင် နှစ်ဖက်သွား ဓားဆရာဖြစ်သည်။ သူကား စင်မြင့်ပေါ်တွင် သေဆုံးသွားသော ပထမဆုံးသောသူ ဖြစ်သည်။ အကြောင်းပြချက်ကား ရီဝူချင်းကို သူက သတ်လိုပြီး သူ၏ဓားက ရီဝူချင်းထက် နှေးကွေးခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက သေဆုံးခဲ့ရသည်။
ရှမ်းဖေးယူက ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေစဉ်မှာပင် ရှမ်းမိသားစုမှ တစ်ယောက်က အလောင်းအား သွားရောက် သယ်ထုတ်သွားသည်။ ထိုအခိုက်တွင် ရှမ်းမိသားစုမှ လူအများစုကလည်း ရီဝူချင်းကို ကြည့်နေကြသည်။ ဝမ်မိသားစုက အမည်မသိ စွမ်းအားမြင့် တန်ခိုးရှင် အနည်းငယ်ကို ဖိတ်ခေါ်ခဲ့ဟန်ရကာ သူတို့အား အံ့အားသင့်စေသည်။
လက်ရှိတွင် ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့ မည်သို့ ခံစားနေရမည်ကို ပြောနေစရာပင် မလိုတော့ပေ။ သူတို့ဘေးတွင် မိစ္ဆာဓား၏ မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူက ပြုံးလျှက်ပင် မှတ်ချက်ချသည်… “စိတ်ဝင်စားစရာပဲ… သူ့ရဲ့ အဆင့်က နည်းနည်း နိမ့်နေတာ စိတ်မကောင်းစရာပဲ…”
သူ၏မူလနေရာသို့ လျှောက်သွားကာ ထိုင်နေသော ရီဝူချင်းကို ကြည့်ပြီး ဝမ်ယွီရိုကား အမှန်တကယ် ထိတ်လန့် အံ့အားသင့်နေသည်။ ယူချင်းအပြင် ရီဝူချင်းကလည်း လွန်စွာ အားကောင်းမည်ဟု သူမက မထင်ထားပေ။ ပထမတိုက်ပွဲတွင် ရီဝူချင်းက သူ၏ အရည်အချင်းများ အားလုံးကို ထုတ်ပြခဲ့ခြင်း မရှိသည်ကို သူမက ရိပ်မိလိုက်သည်။ သို့ဆိုလျှင် ရီဖူရှင်းကရော…။ သူကလည်း ယူချင်းကဲ့သို့ အားကောင်းသလော…။
“ဝမ်ယွီရိုက ဒီတစ်ခေါက် အရည်အချင်း ရှိတဲ့လူတွေကို ဖိတ်ခေါ်ခဲ့တာပဲ…” ယွန်ယွဲ့ကုန်သည် အုပ်စုမှ တစ်ယောက်က ပြောသည်။ အရေးပါသော လူများထဲမှ တစ်ယောက်က စကားပြောသည်မှာ သည်တစ်ခေါက် ပထမဆုံးဖြစ်သည်။ သူတို့က ပြိုင်ပွဲကို တစ်ချိန်လုံး တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြသည်။ သို့သော်လည်း ဝမ်ယွီရိုက သူတို့အား အံ့အားသင့်စေခဲ့သည်။
ဝမ်ယွီရို ကိုယ်တိုင်ကလည်း လက်ရှိ ရလဒ်ကို မမျှော်လင့်ထားပေ။
သည်တိုက်ပွဲ ပြီးသွားသောအခါ သူတို့တွင် လေးယောက် ကျန်ရှိနေသေးပြီး ယွန်ယွဲ့ကုန်သည် အုပ်စုကား နှစ်ယောက်မျှသာ ကျန်တော့သည်။ ထိုအရာက ကောင်းသည်ဟု ပြော၍ ရသော်လည်း မကောင်းဟုလည်း ပြော၍ ရသည်။ တခြား အင်အားစုသုံးခုက သူတို့အား စိုက်ကြည့်နေသည်ကို သတိထားမိလျှင် ဝမ်ယွီရို၏ မျက်နှာက သက်သောင့်သက်သာ မရှိတော့ပေ။ သူမတို့၏ အခြေအနေက သိပ်မကောင်းသည်ကို ခံစားနေရသည်။
“ကျုပ်က ဝမ်မိသားစုကို စိန်ခေါ်တယ်…” လျှပ်စီးကလန်က တစ်ယောက်က ပြောသည်။ ဝမ်ယွီရို စိတ်လှုပ်ရှား သွားသည်။
ဝမ်မိသားစုမှ အရေးပါသော လူများကလည်း မျက်မှောင်ကြုတ် သွားကြသည်။ ယူချင်းနှင့် ရီဝူချင်းတို့က သူတို့၏ အားအကောင်းဆုံးသော စွမ်းရည်များကို ပြသခဲ့ရာ သေချာသည်က တခြား အင်အားစုနှစ်ခုကလည်း အနည်းငယ် ရှိန်သွားရမည် ဖြစ်သည်။ ထိုအခိုက်တွင် လျှပ်စီးကလန်မှ ထွက်လာသူကား အမှန်တကယ်ပင် အားအနည်းဆုံးလူဖြစ်ကာ သူ့အား လျှပ်စီးကလန်က စတေးခံရန် လွှတ်လိုက်သည်မှာ ထင်ရှားသည်။ သူက အနိုင်ယူရန် ထွက်လာခြင်း မဟုတ်ဘဲ သူတို့၏ သဘောထားကို လာရောက် ဖော်ပြခြင်းဖြစ်သည်။
ဝမ်ယွီရို၏ မျက်လုံးများက အရောင်လက်သွားကာ သူမက အနည်းငယ် တွန့်ဆုတ်နေဟန် ရသည်။
“ဒီပွဲကို ကျုပ်တို့ အနိုင်ယူလို့ မရဘူး…” ချန်းဖန်က တီးတိုးပြောသည်။ ဝမ်ယွီရို၏ မျက်လုံးများက အရောင်များ ဝင်းလက်ကာ ချန်းဖန်ကို ကြည့်နေသည်။
ချန်းဖန်က ဝမ်ယွီရိုအား ကြည့်သည်။ ထို့နောက် သူက သူမ၏ဘေးမှ ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မင်း သွားသင့်တယ်… မင်းက ဒီစိန်ခေါ်ပွဲကို ရှုံးလို့ပဲ ရတယ်… နိုင်လို့ မရဘူး…” အကယ်၍ သူတို့က ထပ်မံ၍ အနိုင်ရခဲ့ပါက ဝမ်မိသားစု၏ အသာစီးရမှုက လွန်စွာ ကြီးမားသွားပေမည်။ တခြား အင်အားစုများက ပူးပေါင်း၍ သူတို့အား ပစ်မှတ်ထား တိုက်ခိုက်ကြမည် ဖြစ်သည်။
နိုင်လို့မရဘူး…။ ရီဖူရှင်းက မျက်မှောင်ကြုတ် သွားသည်။ သည်မတိုင်မီက သူတို့က ဝမ်ယွီရိုနှင့် ချန်းဖန်တို့၏ အစီအစဉ်ကို နာခံရမည်ဟု ပြောခဲ့သည်။ သူက သဘောတူခဲ့ကာ တိုက်ခိုက်မည့် အစီအစဉ်အား ဝမ်ယွီရို၏ သဘောအတိုင်း လိုက်နာပေးခဲ့သည်။ သို့သော် တမင် အရှုံးပေးရမည်ကိုမူကား…။
“အဲဒါ ဘယ်လို လုပ်ရမလဲ ကျုပ်မသိဘူး…” ရီဖူရှင်းက အေးစက်စွာ ပြန်ပြောသည်။
ချန်းဖန်က မျက်မှောင်ကြုတ် သွားကာ ပြောသည်… “မင်း မသိရင်လည်း အရှုံးပေးရမယ်…”
ရီဝူချင်းက သူ့အား အေးစက်စွာ ကြည့်ကာ ပြောသည်… “မင်း အရှုံးခံချင်ရင် မင်းကိုယ်တိုင်သွား..”
ယွန်ယွဲ့ကုန်သည် အုပ်စုဘက်မှ ရှမ်းဖေးယူ၏ တိုက်တွန်းသံ ထွက်လာသည်… “ဝမ်မိသားစုက မထွက်လာသေးဘူးလား…”
“အမြန်သွား…” ချန်းဖန်က အေးစက်စွာ ပြောသည်။
ရီဖူရှင်းက ချန်းဖန်အား ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ ဝမ်ယွီရို ပြောခဲ့သည်ကား မှန်ကန်ပေသည်။ အကယ်၍ သူတို့သုံးယောက်သာ နောက်ဆုံး အချိန်အထိ ကျန်ရှိနေနိုင်လျှင် သူတို့က ဆယ့်နှစ်ပွဲ ပြည့်မည် သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ဝမ်မိသားစုကို ပစ်မှတ်ထား တိုက်ခိုက်ကြမည် ဖြစ်သောကြောင့်ပင်။ သို့သော် ယခု တခြားသုံးဖွဲ့က ပူးပေါင်း တိုက်ခိုက်ကြမည်ကို စိုးရိမ်၍ သူတို့အား တမင် အရှုံးခံခိုင်းသည်။ ထိုအရာက လိုအပ်သလော…။
***