ယွန်ယွဲ့စင်မြင့်ပေါ်တွင် တိုက်ပွဲက ဆက်လက် ဖြစ်ပေါ်သည်။ ယခုကား လေးပွဲမြောက်ဖြစ်ပြီး လျှပ်စီးကလန်က တစ်စုံတစ်ယောက်ကို စိန်ခေါ်ရမည် ဖြစ်သည်။ ပြန်လှန် လက်စားချေသည့် အနေဖြင့် လျှပ်စီးကလန်က ဖန်းမိသားစုကို စိန်ခေါ်သော်လည်း ရှုံးနိမ့်ခဲ့သည်။ သူတို့နှစ်ဖွဲ့က တစ်ဖွဲ့စီက အနိုင်ရထားကြသည်။
ထိုတိုက်ပွဲပြီးသွားသည်နှင့် လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့က သူတို့၏ အဖွဲ့မှ တစ်ယောက်စီ ဆုံးရှုံးကြသည်။ ဝမ်မိသားစုက တစ်ယောက်မှ မဆုံးရှုံးဘဲ ယွန်ယွဲ့ကုန်သည် အုပ်စုက နှစ်ယောက်ဆုံးရှုံးသည်။
ဒုတိယပတ်လည် စိန်ခေါ်မှုတွင် ယွန်ယွဲ့ကုန်သည်အုပ်စုက တစ်ယောက်ကို စေလွှတ်ရမည် ဖြစ်သည်။
‘ခင်ဗျားသွား…’ ရှမ်းဖေးယူက ဆံပင်အနီရောင်နှင့် တစ်ယောက်ကို ပြောသည်။ ထိုလူက မျက်လုံးကို ဖွင့်လိုက်လျှင် သူ၏ မျက်လုံးက မီးရောင်တောက် သွားသည်။ ခေါင်းညိတ်ကာ သူက ယွန်ယွဲ့စင်မြင့် အလယ်သို့ လျှောက်သွားသည်။
မိစ္ဆာသွေးလက်ဝါးနေ့ယွန်…။ လူတိုင်း၏ မျက်လုံးများ အရောင်လက် သွားကြသည်။ သူကား ယွန်ယွဲ့ကုန်သည်အုပ်စုမှ အတော်ဆုံး နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူ့အား မိစ္ဆာသွေးလက်ဝါးဟု လူသိများသည်။ သူ၏ လက်ဝါးနည်းစနစ်က လွန်စွာ ရက်စက်ကြမ်းကြုတ်ကာ ရန်သူအား ကလီစာများကို အစိတ်စိတ် ကွဲကြေစေလျက် ချက်ချင်း သေစေနိုင်စွမ်း ရှိပေသည်။ ထို့အပြင် သူက အနီးကပ် တိုက်ခိုက်ရေး နည်းစနစ်တွင် လွန်စွာ အားကောင်းသလို လေဓာတ်သဘာဝကို ကျွမ်းကျင်ပြီး အလွန်မြန်သည်။
ယွန်ယွဲ့မြို့တွင် နေ့ယွန်ကား လွန်စွာ ကျော်ကြားသော ပါရမီရှင်ဖြစ်သည်။ သူမှ လွဲ၍ မည်သူကမှ အားကောင်းသောလူကို ပွဲမထုတ်ကြပေ။ သို့သော် ရှမ်းဖေးယူက သူ့အား အဘယ်ကြောင့် စေလွှတ်ခဲ့သည်ကို လူတိုင်းက နားလည်ကြသည်။ သည်တစ်ကြိမ် သူတို့က တစ်ဖက်ကလန်အား စိန်ခေါ်ရမည်ဖြစ်ရာ သူတို့ဘက်က အရေးနိမ့်သည့်သဘော ရှိပေသည်။ အကယ်၍ ဝမ်မိသားစုက ယူချင်းအား ထပ်မံ၍ စေလွှတ်ခဲ့လျှင် ယွန်ယွဲ့ကုန်သည် အုပ်စုက နောက်ထပ် တစ်ယောက် ပြိုင်ပွဲမှ ထွက်ခွာ သွားရနိုင်ပေသည်။ ယခု သူက တစ်ပွဲအနိုင်ရရန် မဖြစ်မနေ လိုအပ်နေသည်။ ထို့ကြောင့် မိစ္ဆာသွေးလက်ဝါး နေ့ယွန်အား သူက စေလွှတ်ခဲ့သည်။
မျက်လုံးများ နီရဲလျက် နေ့ယွန်က ဝမ်ယွီရိုအား စိုက်ကြည့်ကာ ပြောသည်…‘ကျုပ်က ဝမ်မိသားစုကို စိန်ခေါ်တယ်…’
မရေမတွက်နိုင်သော အကြည့်များက ဝမ်မိသားစုဘက်မှ သန်မာ ထွားကျိုင်းသော လူငယ်လေးအား ကြည့်ကြသည်။ ယူချင်းက ဝမ်မိသားစုမှ လျှို့ဝှက်စွာ ဖိတ်ခေါ်ထားသော ပါရမီရှင် ဖြစ်ရမည်ဟု လူတိုင်းက ခန့်မှန်းကြသည်။ အမှန်ပင် သူက ယွန်ယွဲ့ကုန်သည် အုပ်စုမှ လူနှစ်ယောက်ကို အနိုင်ယူကာ လူအများအား အံ့အားသင့်စေသည်။ သို့သော်လည်း လက်ရှိတွင် ယွန်ယွဲ့ကုန်သည် အုပ်စုက နေ့ယွန်အား စေလွှတ်ခဲ့ကြသည်။ အကယ်၍ ယူချင်းက စိန်ခေါ်မှုကို လက်ခံခဲ့ပါက ထိုအရာက ကလန်နှစ်ခုက ပြိုင်ပွဲ အရှုံးအနိုင်အတွက် အဆုံး အဖြတ် တိုက်ပွဲ ဖြစ်သွားနိုင်ပေသည်။
ယွန်ယွဲ့ကုန်သည် အုပ်စုက မတတ်သာပဲ သည်နည်းကို သုံးခဲ့ရပေသည်။ ဝမ်မိသားစုက လက်ခံရဲပါ့မလား…။
ရီဖူရှင်းက ဝမ်ယွီရိုအား စိုက်ကြည့်သည်။ ဝမ်ယွီရိုက တိုက်ပွဲ အစီအစဉ်အား သူမက ဆုံးဖြတ်မည်ဟု ပြောခဲ့မှတော့ သူကလည်း ငြင်းစရာ မရှိပေ။
‘မိစ္ဆာသွေးလက်ဝါးနေ့ယွန်… ထပ်သီးပါရမီရှင်တစ်ယောက်…’ ဝမ်ယွီရိုက ရီဖူရှင်းကို အသိပေးသည်။ ထို့နောက် သူမက နောက်မှ တစ်ယောက်ကို ပြောသည်… ‘လင်ချင်း သွားလိုက်…’
ထိုလူ၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။ သူမက သူ့အား နေ့ယွန်ကို တိုက်ခိုက် ခိုင်းသည်လား…။ သည်တိုက်ပွဲ၏ ရလဒ်က သိသာနေပြီ ဖြစ်သည်။ သူ့အား သွားရောက် အရှုံးခံစေသည်ကို လင်ချင်းက သိသည်။ ထို့အပြင် မိစ္ဆာသွေးလက်ဝါးကား လွန်စွာ အန္တရာယ်ရှိသောလူ ဖြစ်သည်။ သူကား ရက်စက် ကြမ်းကြုတ်ကာ ရန်သူအား တစ်ချက်တည်းနှင့် အသေရိုက်နိုင်သည်။ မည်သို့ဆိုစေ သူက ဝမ်မိသားစုအတွက် တိုက်ခိုက်ပေးရန် သဘောတူပြီး ဖြစ်သည်။ သူ့အတွက် တခြားရွေးချယ်စရာ မရှိတော့ပေ။
ပြိုင်ပွဲ၏ အခြေအနေက ခန့်မှန်းရ ခက်ခဲပေသည်။ သူက နေ့ယွန်အား စိန်ခေါ်တိုက်ခိုက် ရမည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထရပ်ရင်းက သူက ယွန်ယွဲ့စင်မြင့် အလယ်သို့ လျှောက်သွားသည်။
ရီဖူရှင်းက ဝမ်ယွီရိုအား ကြည့်သည်။ ကြည့်ရသည်မှာ သူမက ယူချင်း၏ အရည်အချင်းကို မြင်ပြီးနောက် အစီအစဉ် ပြောင်းလိုက်ဟန် ရသည်။ သူမက ယူချင်းအား အဆုံးအဖြတ် တိုက်ပွဲ တိုက်ခိုက်စေမည့်အစား အဆုံးအထိ ထိန်းထားလိုဟန်ရသည်။ တခြားနှစ်ဖွဲ့က ဘေးမှ အကျိုးအမြတ်များစွာ ရသွားမည်ကိုလည်း သူမက စိုးရိမ်ဟန်ရပေသည်။ အကယ်၍ ဝမ်မိသားစုနှင့် ယွန်ယွဲ့ကုန်သည် အုပ်စုတို့က အစပိုင်းကတည်းက ပြင်းထန်စွာ တိုက်ခိုက်ပြီး နှစ်ဖက်လုံးမှ လူများ ပြိုင်ပွဲမှ ထွက်ရလျှင် တခြားနှစ်ဖွဲ့က အသာစီး ရသွားပေမည်။ သည်နောက်တွင် သံသယ ရှိစရာပင်မလိုအောင် လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့က ပူးပေါင်းပြီး အဆုံးတွင် သူတို့နှစ်ဖွဲ့အား ပြိုင်ပွဲမှ ထုတ်ရန် ကြိုးစားကြမည် ဖြစ်သည်။
ဝမ်ယွီရို မသိသည်ကား မိစ္ဆာသွေးလက်ဝါးနေ့ယွန်က ယူချင်းအား ယှဉ်နိုင်စွမ်း မရှိသည်ကိုပင်။
ထင်မှတ်ထားသလိုပင် လင်ချင်းက ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။ တစ်ချက်တည်းဖြင့် သူက ဒဏ်ရာပြင်းထန်စွာ ရကာ လူတချို့က သူ့အား သယ်ထုတ်သွားရသည်။ အင်အားကြီးလေးဖွဲ့၏ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းက သူတို့အား ကြီးစွာသော ဆုလာဘ်များကို ရရှိစေနိုင်သော်လည်း ထိုအရာက အန္တရာယ်လည်း များပေသည်။
ဝမ်ယွီရိုက တည်ငြိမ်စွာ ကြည့်သည်။ လင်ချင်းကား သူမ၏အဖွဲ့ထဲတွင် အားအနည်းဆုံး ဖြစ်ရာ သူ့အား ဖယ်ထုတ်ရန် သူမက ရွေးချယ်ခဲ့သည်။
နှစ်စဉ်နှစ်တိုင်း ထိပ်သီး အင်အားစုလေးခု ပြုလုပ်သော ပြိုင်ပွဲတွင် အင်အားစုတိုင်းက နည်းဗျူဟာ ကောင်းကောင်းဖြင့် ယှဉ်ပြိုင်ကြရသည်။ ယူချင်းက နေ့ယွန်ကို အနိုင်ရမည် ဆိုလျှင်ပင် ဝမ်ယွီရိုက သူ့အား စေလွှတ်မည် မဟုတ်ပေ။ မဟုတ်လျှင် သူမက ချိန်ခွင်လျှာအား ဖျက်ဆီးသလို ဖြစ်ကာ တခြားအဖွဲ့သုံးခုက ပူးပေါင်း၍ ဝမ်မိသားစုကို ပစ်မှတ်ထား တိုက်ခိုက်ကြမည် ဖြစ်သည်။ အသာစီးရခြင်းက ကောင်းမွန်သော်လည်း ကွာဟချက် ကြီးမားသွားလျှင် မကောင်းပေ။
လီခွေကား အလွန် အားကောင်းသော တန်ခိုးရှင်ဖြစ်ကာ ယွန်ယွဲ့ကုန်သည် အုပ်စုတွင် တတိယမြောက် အားအကောင်းဆုံးလူ ဖြစ်သည်။ ယူချင်းက သူ့အား ပြိုင်ပွဲမှ ထွက်ခွာစေခြင်းက ဝမ်မိသားစုကို ကြီးစွာ အထောက်အကူ ဖြစ်စေပြီးဖြစ်သည်။
သည်မတိုင်မီ စိန်ခေါ်ပွဲကလိုပင် ဖန်းမိသားစုက လျှပ်စီးကလန်ကို စိန်ခေါ်ပြီး တူညီသော အကြောင်းပြချက်ဖြင့် ရှုံးနိမ့်ခဲ့သည်။
နောက်တစ်ခေါက် ဝမ်မိသားစု၏ အလှည့်ကို ရောက်လာကသည်။ ဝမ်ယွီရိုက ရီဖူရှင်းနှင့် သူ၏အဖွဲ့အား စေလွှတ်ခြင်း မရှိသေးပေ။ ထိုအစား သူမက အားနည်းသော တစ်ယောက်ကို စေလွှတ်ကာ ယွန်ယွဲ့ကုန်သည် အုပ်စုကို စိန်ခေါ်စေသည်။ ရှမ်းဖေးယူက သူ့လူတစ်ယောက်အား စေလွှတ်ကာ တိုက်ခိုက်စေလျှင် ယွန်ယွဲ့ကုန်သည်အုပ်စုက အနိုင်ရသွားသည်။
“ယွီရိုက လူနှစ်ယောက်ကို တမင် အရှုံးခံလိုက်တယ်…” ဝမ်မိသားစုမှ တန်ခိုးရှင်များက ဝမ်ယွီရို၏ နည်းဗျူဟာကို နားလည်ကြသည်။ သူမက အားအနည်းဆုံး နှစ်ယောက်ကို အရှုံးခံခြင်းဖြင့် ပြိုင်ပွဲ၏ ဟန်ချက်ကို ထိန်းထားသည်။
ဝမ်မိသားစု ခေါင်းဆောင်က ဝမ်ယွီရို၏ ဆုံးဖြတ်ချက်ကို သဘောကျဟန်ဖြင့် ကျေနပ်စွာ ခေါင်းညိတ်သည်။ အကယ်၍ သူတို့က အားကောင်းသော လူများကို ဆက်တိုက် စေလွှတ်ခြင်းဖြင့် အသာစီးများစွာ ရထားပါက ထိုအရာက လူအများ၏ ပစ်မှတ် ဖြစ်သွားနိုင်ပေသည်။ သူမက အခြေအနေကို လိုက်ကာ ကောင်းမွန်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပေသည်။
ထို့နောက်တွင် လျှပ်စီးကလန်ကလည်း ဖန်းမိသားစုထံတွင် တစ်ပွဲ အရှုံးခံသည်။
ဒုတိယ အပတ်တွင် ကလန်လေးခုက နှစ်ပွဲစီ အရှုံးခံကြရာ အရာအားလုံးက မူလအခြေအနေသို့ ရောက်ရှိသွားဟန် ရသည်။
တတိယ ပတ်လည်တိုက်ပွဲ စတင်သည်နှင့် ယွန်ယွဲ့ကုန်သည်အုပ်စုက စတင်၍ စိန်ခေါ်လှည့်ကို ရောက်လာသည်။ သည်တကြိမ်မူကား ရှမ်းဖေးယူက နေ့ယွန်ကို စေလွှတ်ခြင်း မရှိပေ။ ယွန်ယွဲ့ကုန်သည်အုပ်စုမှ တစ်ယောက် ထွက်လာကာ စင်မြင့်အလယ်သို့ လျှောက်လာပြီး ဝမ်မိသားစုဘက်ကို ကြည့်သည်။ သိသာစွာပင် သူက ဝမ်မိသားစုကို စိန်ခေါ်ရန် ရောက်လာသည်။ အင်အားစုလေးခုက အရေးကြီးသော အချိန်အခါတစ်ခုသို့ ရောက်လာဟန်ရသည်။
“လိုင်ဟီက မှော်ပညာကို အဓိက လေ့ကျင့်ပြီးတော့ ရေဓာတ်နဲ့ သတ္တုဓာတ်ကို ကျွမ်းကျင်တယ်… သူက တိုက်ခိုက်တာနဲ့ ခုခံတာ နှစ်ခုလုံးမှာ အားကောင်းပြီးတော့ တော်တော် ကျော်ကြားတယ်…” ဝမ်ယွီရိုက ပြောပြပေးသည်။ ထို့နောက် သူမက ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “နင် နိုင်မလား…”
“ပြဿနာမရှိဘူး…” ရီဖူရှင်းက ပြန်ပြောသည်။
“ငါက ယူချင်းကို ပြောနေတာ မဟုတ်ဘူး… နင့်ကို ပြောတာ…” ဝမ်ယွီရိုက ထပ်ပြောသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကောင်းပြီ… နင်သွားလိုက်…” ဝမ်ယွီရိုက တစ်ဖက်ကို ပြန်လှည့်သွားသည်။ ရီဖူရှင်းက ထရပ်ကာ စင်မြင့်အလယ်သို့ လျှောက်သွားသည်။ ယွန်ယွဲ့ကုန်သည် အုပ်စုဘက်မှ လူများက ရီဖူရှင်းကို မြင်လျှင် ပိုမို၍ အာရုံစိုက် လာကြသည်။ သူကား ယူချင်းနှင့်အတူတူ လာသူဖြစ်သည်။ ယူချင်းက သူ၏ အရည်အချင်းကို ပြသပြီးပြီ…။ သူကရော…။ ရှမ်းဟိုင်၊ ရှမ်းချိန်၊ လျူလန်နှင့် မှော်ဆရာဝူတို့ အားလုံးက စိတ်ဝင်စားဟန် ရကြသည်။
သူတို့အပြင် ဝမ်မိသားစု ခေါင်းဆောင်အနီးမှ လူများကလည်း ရီဖူရှင်း၏ စွမ်းဆောင်ရည်ကို စိတ်ဝင်စားကြသည်။ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့ အားလုံးက တိုက်ပွဲမစခင်လေးတွင် လူစားထိုးခဲ့သူများ ဖြစ်ကြသည်။ ရီဖူရှင်းနှင့် ရီဝူချင်းတို့၏ အရည်အချင်းကိုလည်း သူတို့ သိလိုကြသည်။
သည်တိုက်ပွဲတွင် သူတို့က ရီဖူရှင်း၏ အရည်အချင်းကို မြင်ကြရမည်။
လိုင်ဟီနှင့် ရီဖူရှင်းတို့က တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ ရုတ်တရက် သူတို့ အနီးတွင် ရွှေဝါရောင်နှင့် အဖြူရောင် အလင်းများ စတင် ဖြစ်ပေါ်လာသည်။ အေးစက်သော လေလှိုင်းများက ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါနှင့် အတူ သူတို့အား ရိုက်ခတ် သွားသည်။
တခြားတစ်ဖက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အား မီးဓာတ် သဘာဝများမှ ဖြစ်ပေါ်လာသော အနီရောင် မီးလျှံအလင်းများ ဖုံးလွှမ်းနေသည်။ ထိုအရာက သူ၏ခန္ဓာကိုယ်အား အေးစက်မှုများကို ပယ်ဖြတ်နိုင်သော မီးအလင်းများကဲ့သို့ပင်။
လိုင်ဟီက သူ၏လက်ကို ဝှေ့ယမ်းသည်နှင့် မှော်တိုက်ကွက်တစ်ခု ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် ရီဖူရှင်း၏ အနီးကို ရေခဲအသိများ ဖုံးလွှမ်းသွားသည်။ သူ့အနီးတွင် များစွာသော ရေခဲချွန်များ ဖြစ်ပေါ်လာကာ ရီဖူရှင်းအား ရစ်ပတ်ဖုံးလွှမ်း လာကြသည်။
ရီဖူရှင်းက ရှေ့ကို လျှောက်သွား လိုက်သည်။ သို့သော် ကြောက်မက်ဖွယ် ကောင်းသော ရေခဲချွန်များက သူ၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးစားကြသည်။ သို့သော်လည်း ရီဖူရှင်းက ရပ်တန့်ခြင်း မရှိဘဲ ရှေ့ကို ဆက်သွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ မီးလျှံများက မီးပြင်းဖိုအလား ရေခဲချွန်များကို အရည် ပျော်သွားစေသည်။ တစ်ခဏချင်းပင် သူက ရေခဲ အချုပ်အနှောင်များကို ကျော်ဖြတ်သွားသည်။
ဟူး…
လိုင်ဟီက လက်ကို ဝှေ့ယမ်းလျှင် များစွာသော ရွှေရောင်မြွေများက ရီဖူရှင်းကို လျှပ်စီးများအလား တိုးဝင်သွားကြသည်။ ရီဖူရှင်း၏ ခန္ဓကိုယ်ပေါ်တွင် မီးပြင်းဖိုအလား မီးလျှံများက လောင်ကျွမ်းနေဆဲ ဖြစ်သည်။ သူက ရှေ့ကို ဆက်လျှောက် သွားသလို ရောက်ရှိလာသော တိုက်ခိုက်မှုများကလည်း သူ၏မီးလျှံများအောက်တွင် အငွေ့ပျံ ပျောက်ဆုံး သွားကြသည်။ ထို့ကြောင့် သူက လိုင်ဟီထံသို့ အတားအဆီးမဲ့စွာဖြင့် တစ်ဟုန်ထိုး ပြေးသွားနိုင်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ လိုက်ဟီ၏ အမူအရာများက တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။ ထို့နောက် သူက သက်စောင့်ဝိညာဉ်နှင့် ဓမ္မကို ထုတ်လွှတ်လိုက်လျှင် ထိုအရာက အမှန်တကယ်ပင် ဧရာမမြွေကြီးတစ်ကောင် ဖြစ်နေပေသည်။ ဧရာမမြွေကြီးအား ရွှေရောင်နှင့် အဖြူရောင်တို့ ရစ်ပတ်နေကာ ဓာတ်သဘာဝနှစ်ခုကို ကိုယ်စားပြုနေသည်။
မြွေကြီးက ပြင်းထန်စွာ မှုတ်ထုတ်လိုက်လျှင် ရေဓာတ်သဘာဝ စွမ်းအင်များက ရီဖူရှင်းထံကို ကြမ်းတမ်းစွာ တိုးဝင်သွားကြသည်။ လေဟာနယ် ကိုယ်တိုင်ကပင် ငွေရောင်ကမ္ဘာငယ် တစ်ခုအဖြစ် ပြောင်းလဲသွားဟန်ရသည်။ ထို့နောက်တွင် ဧရာမမြွေကြီးက ရီဖူရှင်းထံသို့ တိုးဝင်လာတော့သည်။
ရုတ်တရက် တရွှီးရွှီး အသံများ ကြားရကာ ငွေရောင် ကမ္ဘာငယ်ထဲကို ရောက်နေသော ရီဖူရှင်းထံမှ မရေမတွက်နိုင်သော နွယ်ပင်များ ထွက်ပေါ်လာကာ ဧရာမမြွေကြီးထံသို့ တိုးဝင်သွားသည်။ နွယ်ပင်များက မြွေကြီးအား ရစ်ပတ်သွားကာ မြွေကြီးအနီးတွင် ရုတ်တရက် မီးလျှံများ ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် နွယ်ပင်များက ရုန့်ရင်းကြမ်းတမ်းစွာဖြင့် အေးခဲကမ္ဘာထဲမှ လွှတ်မြောက်သွားကာ လိုင်ဟီထံသို့ မြွေလိမ်မြွေကောက် တိုးဝင်သွားကြသည်။
“သူ့မှော်စွမ်းအားက လိုင်ဟီထက် အားကောင်းတယ်…” လူတိုင်း၏ မျက်လုံးများက အရောင်လက်သွားသည်။ မှော်ပညာရှင် နှစ်ယောက်၏ တိုက်ပွဲက သူတို့ အသုံးပြုသော မှော်စွမ်းအားများ အပေါ်တွင် မူတည်သည်။ ဟိုင်ဟီကား အရေးနိမ့်နေသည်။
မြွေကြီးက နွယ်ပင်များထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း တတ်နိုင်ဟန် မတူပေ။ သို့သော် နွယ်ပင်များမူကား ခဏအတွင်းတွင် လိုက်ဟီအား ရစ်ပတ်သွားပြီး သူ့အား လေထဲတွင် တွဲလောင်း ချိတ်တွဲထားသည်။
“ဒါက ဘာမှော်နည်းပညာလဲ…” လိုင်ဟီကား ထိုနေရာတွင်ပင် အေးခဲနေသည်။ အဘယ်ကြောင့် သူ၏ သစ်သားဓာတ် စွမ်းအားက ဤမျှ အားကောင်း နေရသနည်း…။
“နွယ်ပင်တစ်ထောင် ချုပ်နှောင်တိုက်ကွက်…” ရီဖူရှင်းက ပြန်ပြောသည်။
“မဖြစ်နိုင်ဘူး.. ဒါက သာမန် တိုက်ကွက်တစ်ခုပဲ…” လိုင်ဟီက သစ်သားဓာတ်တွင် မကျွမ်းကျင်သော်လည်း သူက ထိုတိုက်ကွက်ကို သိပေသည်။
“အဲဒါက ကျုပ်လက်ထဲမှာ အားကောင်းတယ်…” ရီဖူရှင်းက ပြုံးသည်။ ထို့နောက်တွင် နွယ်ပင်များက လိုင်ဟီအား ရစ်ပတ်ကာ သူ့ကို မြေပြင်တွင် ကိုင်ရိုက်ရန် ဟန်ပြင်သည်။
“ကျုပ် အရှုံးပေးတယ်…” လိုင်ဟီက အော်ဟစ်သည်။ သူ၏ခန္ဓာကိုယ်က မြေပြင်တွင် မထိမီလေးတွင် ရပ်တန့်သွားသည်။
နွယ်ပင်များ ပျောက်ကွယ်သွားပြီး ရီဖူရှင်းက နောက်လှည့်ကာ ဝမ်မိသားစုဘက်ကို ပြန်လျှောက်သွားသည်။
သူ၏နောက်ကျောကို ကြည့်နေသော ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့၏ မျက်လုံးများက အေးစက်မှုများနှင့် ပြည့်နှက်နေသည်။ ရီဖူရှင်းသည်လည်း အမှန်ပင် အားကောင်းပေသည်။ သူက ယူချင်းကဲ့သို့ အားမကောင်းသော်လည်း အားနည်းသည့်အထဲတွင် မပါပေ။
ဝမ်မိသားစုမှ လူများက အနည်းငယ် ခေါင်းညိတ်ကြသည်။ သူတို့က သိပ်မအံ့ဩကြသော်လည်း ရလဒ်က ကျေနပ်ဖွယ်ရာ ဖြစ်ပေသည်။
ရီဖူရှင်းက ထိုင်နေရာကို ရောက်လျှင် ဝမ်ယွီရိုက တိုးညင်းစွာ ပြောသည်…“မဆိုးဘူး…”
ရီဖူရှင်းက ပြုံးကာ ဘာမှ မပြောတော့ပေ။ တိုက်ပွဲက ယခင်တစ်ပတ်ကဲ့သို့ပင် ဆက်လက် ဖြစ်ပွားကာ အင်အားစုလေးခုက ချိန်ခွင်လျှာကို မျှတအောင် ချိန်ဆကာ စိန်ခေါ်နေကြဆဲ ဖြစ်သည်။
လေးပတ်မြောက်နှင့် ငါးပတ်မြောက် ဆက်လက် ဖြစ်ပွားသည်။ ရီဝူချင်းကလည်း တစ်ပွဲ တိုက်ခိုက်သည်။ ရီဖူရှင်းကဲ့သို့ပင် လက်တစ်ဖက်ပြတ် ဓားသမားက သိပ်ထူးခြားခြင်း မရှိသော်လည်း သူ၏ဓားပညာက အနည်းငယ် ကောင်းမွန်ဟန်ရကာ ပြိုင်ဘက်အား အနိုင်ယူနိုင်ခဲ့သည်။
ငါးပတ်မြောက် စိန်ခေါ်ပွဲများ ပြီးဆုံးသွားသောအခါ အင်အားစုတစ်ခုစီက တန်ခိုးရှင် ငါးယောက်စီ ကျန်ရစ်တော့သည်။ ပြိုင်ပွဲ၏ အခြေအနေက ပိုမို တင်းမာလာဟန်ရသည်။ လက်ရှိကျန်ရှိနေသော လူများအားလုံးမှာ အလွန် အားကောင်းသူများ ဖြစ်ကြသည်။ အခြေအနေက မည်သည့် အချိန်တွင်မဆို ပြောင်းလဲ သွားနိုင်သည်။
“သတိထား… အခု လာမယ့်စိန်ခေါ်ပွဲတွေက ပိုပြင်းထန်လိမ့်မယ်…” ဝမ်ယွီရိုက သတိပေးသည်။ သူမအပြင် အကူလေးယောက်မျှသာ ကျန်ရှိတော့ကာ သူတို့မှာ ချန်းဖန်၊ ရီဖူရှင်း၊ ရီဝူချင်းနှင့် ယူချင်းတို့ ဖြစ်ကြသည်။ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့က စွမ်းဆောင်ရည်များ ကောင်းမွန်ရာ ဝမ်ယွီရိုက သူတို့အား အခုအချိန်အထိ ထိန်းသိမ်းထားသည်။
ကြည့်ရသည်မှာ ဝမ်လင်းဖန်၏ ရွေးချယ်မှုက တကယ်ပင် မှန်ကန်ပေသည်။
***