ဝမ်ယွီရိုကိုယ်တိုင် ဖိတ်ခေါ်ထားသော ပါရမီရှင် ချန်းဖန်ကား သူမ၏ဘယ်ဘက်တွင် ထိုင်နေသည်။
ထိုအခိုက်တွင် ချန်းဖန်က ရှေ့ကို ကြည့်ကာ ပြောသည်… ‘ကျုပ်တို့က သာမန်ကိစ္စတွေ အတွက်လောက်နဲ့ ဒီလောက် ရေးကြီးခွင့်ကျယ် လုပ်မနေသင့်ဘူး… ဘယ်လိုပဲ ပြောပြော ကျုပ်တို့ရဲ့ ရည်မှန်းချက်က အတူတူပဲ ဟုတ်တယ်မလား…’ ထို့နောက် တခြား တစ်ဖက်တွင် ထိုင်နေသော ရီဖူရှင်းကို ကြည့်သည်။
‘သာမန်ကိစ္စ…’ ရီဖူရှင်းက ချန်းဖန်အား အေးစက်စွာ ကြည့်ကာ ပြောသည်… ‘အဲဒါ အခု ပြီးပြီ…’
ချန်းဖန်က အနည်းငယ် ခေါင်းညိတ်သည်… ‘ကျိုးရှောက်ယွင်က နည်းနည်း နာမည်ကြီးတယ် ဆိုပေမဲ့ သူ့ရဲ့ စွမ်းရည်က သာမန်ဖြစ်ပြီး နည်းနည်း မောက်မာတယ်… သူက တကယ်ပဲ ပြိုင်ဘက်ကို ဒီလို အထင်သေးရဲတယ်… ကျုပ်တို့ရဲ့ တကယ့် ပြိုင်ဘက်က မထွက်လာသေးဘူး… နောက်ထပ် ထွက်လာမယ့်လူတွေက ဒီထက် အများကြီး အားကောင်းတဲ့လူတွေပဲ… ဒါကြောင့် လာမည့် တိုက်ပွဲတွေမှာ ခင်ဗျားတို့က ကျုပ်နဲ့ ယွီရိုကို ကူညီကြရလိမ့်မယ်… တခြားသုံးဖွဲ့က ပြိုင်ပွဲဝင်တွေကို အတတ်နိုင်ဆုံး အနိုင်ရအောင် ကြိုးစားပါ… သူတို့မှာ အရေအတွက်အားဖြင့် ကျုပ်တို့ထက် မများအောင် ခင်ဗျားက လုပ်ပေးနိုင်ရင် ကျန်တာကို ကျုပ်တို့ တာဝန်သာထား…’
ရီဖူရှင်းက ချန်းဖန်အား အံ့အားသင့်စွာ ကြည့်ကာ ဝမ်ယွီရိုအားလည်း ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူမကလည်း ချန်းဖန်က သူမအား ထိုသို့ခေါ်သည်ကို ဘာမှ ပြောလိုဟန်မရပေ။
ပြုံးလျက်ပင် ရီဖူရှင်းက အကြောင်းအရာ အနည်းငယ်ကို ချက်ချင်း ခန့်မှန်းမိသည်။ ယူချင်းက ထိုသို့အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို ပြသလိုက်ရာ ချန်းဖန်၏ တည်ရှိမှုက ရုတ်တရက်အားဖြင့် မှေးမှိန်သွားသလို ဖြစ်သွားသည်။ ထို့ကြောင့် သူက ထိုစကားများအား ပြောကာ သူနှင့် ဝမ်ယွီရိုတို့က အဓိကလူများ ဖြစ်ကြောင်း သတိပေးဟန်ရသည်။ ကျန်လူများက သူတို့အား ကူညီရန် ရောက်လာသူများသာ ဖြစ်သည်။
ချန်းဖန်က ယူချင်းအား သူ၏နေရာကို ရယူသွားမည်ကို မလိုလားပေ။
‘ပြဿနာ မရှိဘူး…’ ပြုံးလျက်ပင် ရီဖူရှင်းက ပြောသည်။ ယူချင်းက လူအများ၏ အာရုံစိုက်ခံရရန် ထိုသို့သောနည်းဖြင့် တိုက်ခိုက်ခြင်း မဟုတ်ပေ။ သူ၏ တိုက်ခိုက်သည့်ပုံစံက နဂိုတည်းက ထိုအတိုင်းသာ ဖြစ်သည်။
ရီဖူရှင်း၏ အမြင်တွင် သူတို့က နှိမ့်ချနေရန် လိုပေသည်။ ထို့ကြောင့် သူတို့က ပွဲအနည်းငယ် အနိုင်ယူကာ ရှိသမျှသော စွမ်းရည်များ အားလုံး ထုတ်ပြရန် မလိုပါက အကောင်းဆုံးပင်။ ထို့ကြောင့် ချန်းဖန်က ထိုသို့ပြောလာသောအခါ သူကလည်း ပျော်ရွှင်စွာပင် သဘောတူပေသည်။
ရုတ်တရက် ရီဖူရှင်းက တစ်စုံတစ်ခုကို တွေးမိကာ ဝမ်ယွီရိုကို မေးသည်… ‘တခြားသုံးဖွဲ့က ဆယ့်နှစ်ပွဲမပြည့်ခင် ဘယ်သူမှ မကျန်တော့ရင် ဘယ်လိုလုပ်မလဲ…’ သူတို့က ဆယ့်နှစ်ပွဲ အနိုင်တိုက်ပေးရန် ကတိပေးထားသည်။ ရီဖူရှင်းက စိတ်ဝိညာဉ် အားဆေးမြက်စိမ်းကို ရရန် လိုအပ်ပေသည်။ သို့သော်လည်း ပြိုင်ပွဲတွင် တိုက်ခိုက်ရန် လုံလောက်သော အရေအတွက် မရှိပါက သူတို့က မည်သို့ ဆယ့်နှစ်ပွဲ အနိုင်တိုက်ရမည်နည်း။
‘ပုံမှန်ကတော့ ဒီလို ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး… တခြား အင်အားစုတွေဘက်က ဘယ်သူမှ မကျန်တော့ဘဲ ရှင်တို့သုံးယောက် ကျန်သေးတယ်ဆိုရင် ရှင်လိုချင်တာ ရမယ်…’ ဝမ်ယွီရိုက ပြန်ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။
ရီဖူရှင်းက ဝမ်ယွီရို ဆိုလိုသည်ကို နားလည်သည်။ လက်ရှိတွင် သူတို့က လူအများဆုံး ရှိသည်ဆိုပါစို့… တခြားသုံးဖွဲ့က ထိုသို့သော အခြေအနေကို ခွင့်ပြုမည်မဟုတ်ဘဲ ဝမ်မိသားစုအား ဝိုင်းဝန်း၍ စိန်ခေါ်ကာ အရေအတွက်အားဖြင့် လျှော့ချရန် ကြိုးစားကြမည် ဖြစ်သည်။ ထို့အပြင် ချန်းဖန်အပြင် တခြားလူများကလည်း ပြိုင်ပွဲမှ ရှုံးနိမ့်ကာ ထွက်ရနိုင်သည်ကို ဝမ်ယွီရို သိသည်။ အကယ်၍ ရီဖူရှင်းတို့က အဆုံးအထိ မရှုံးနိမ့်ဘဲ တိုက်ခိုက်နိုင်ပါက ဆယ့်နှစ်ပွဲ အရေအတွက် ပြည့်မီမည်မှာ သေချာပေသည်။
ထိုအခိုက်တွင် ဖန်းမိသားစုမှ တစ်ယောက်ကတည်း ရှေ့ကို တက်လာကာ လျှပ်စီးကလန်အား စိန်ခေါ်သည်။ ပုံစံက သူတို့က ပြိုင်ပွဲ၏ ဟန်ချက်အား ထိန်းရန် တမင် ကြိုးစားကြသည့်ပုံ ဖြစ်သည်။
ထိုတိုက်ပွဲတွင် ဖန်းမိသားစုမှလူ ရှုံးသွားသည်။ ပထမဆုံး ရှေ့ထွက်သူက သိပ်အခြေအနေ ကောင်းလေ့မရှိပေ။ တစ်ဖက်အင်အားစုက စိန်ခေါ်သူအား ရင်ဆိုင်ရန် ပိုမို အားကောင်းသည့်လူကို စေလွှတ်နိုင်သောကြောင့် ဖြစ်သည်။
ရုတ်တရက် စည်တော်အနားမှ တစ်ယောက်က ပြောသည်… ‘ဝမ်မိသားစုက စိန်ခေါ်မယ်…’ တတိယမြောက် တိုက်ပွဲအား ဝမ်မိသားစုက စိန်ခေါ်ရမည် ဖြစ်သည်။
‘ရှင်သွားချင်လား…’ ဝမ်ယွီရိုက ရီဖူရှင်းကို မေးသည်။
‘သေချာတာပေါ့…’ ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ထပ်ပြောသည်… ‘ယူချင်း…’
‘ယူချင်းလား…’ ဝမ်ယွီရိုက ရေရွတ်လိုက်သည်။ ယူချင်းက ထရပ်လျှင် ဝမ်ယွီရိုကလည်း ထပ်မပြောတော့ပေ။ မည်သို့ဆိုစေ ရီဖူရှင်းက ဘယ်သူ့ကို ရွေးချယ် စေလွှတ်သည်ကို သူမက ဂရုမစိုက်ပေ။ ရီဖူရှင်းက သူမတို့အား ပြိုင်ပွဲနောက်ဆုံးပိုင်းသို့ အထိ ပို့နိုင်သရွေ့ အဆင်ပြေပေသည်။
ယူချင်းက ရှေ့ကို တက်သွားသည်။ လူအများအပြား၏ အမူအရာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။ သူ၏နောက်ဆုံး တိုက်ပွဲအား တိုက်ခိုက်ခဲ့သည်မှာ အချိန်ခဏသာ ကြာမြင့်သေးရာ လူအများအပြားက ထိုတိုက်ပွဲကို တွေးတောနေကြဆဲ ဖြစ်သည်။
ဝမ်မိသားစုက သူ့အား ထပ်မံ၍ လွှတ်လိုက်ပြန်သည်။
တခြား အင်အားစုများမှ လူများက တစ်စုံတစ်ခု လွဲနေသည်ဟု ခံစားကြရသည်။ ပထမတိုက်ပွဲတွင် ယူချင်းက သူတို့အား အံ့အားသင့်စေသည်။ သို့သော်လည်း ယခု သူ့အား ထပ်မံ၍စေလွှတ်ခြင်းက အဓိပ္ပာယ်မဲ့လှသည်။ သည်တစ်ခေါက် သူစိန်ခေါ်သည့်အဖွဲ့က ပိုမို အားကောင်းသည့်လူကို စေလွှတ်မည်မှာ သေချာလှသည်။ ဝမ်ယွီရိုက ဘာကို တွေးနေသနည်း။
ထိုအခိုက်တွင် ဝမ်ယွီရိုကလည်း ယူချင်းက တိုက်ပွဲတွင် မည်မျှ အားကောင်းသည်ကို သိနိုင်မည်လား တွေးတောနေသည်။ ခုနက တိုက်ပွဲက အံ့အားသင့်စေသော်လည်း ထိုအရာက ရုတ်တရက် မထင်မှတ်ထားသော အခြေအနေကြောင့် ဖြစ်ပေသည်။ ယူချင်းကား လွန်စွာ အားကောင်းကာ ကျိုးရှောက်ယွင်က ယူချင်းအား အထင်သေးစွာဖြင့် ယူချင်း၏အနီးကို ကပ်သွားပြီး အမှားပြုလုပ်မိရာ သူ့အား ဆိုးရွားစွာ ရှုံးနိမ့်စေသည်။ သို့သော်လည်း သည်တစ်ခေါက် တိုက်ပွဲက လွယ်ကူမည် မဟုတ်ပေ။
ဝမ်မိသားစုနေရာတွင် ဝမ်လင်းဖန်က ယူချင်းအား ထပ်မံစေလွှတ်ခြင်းကို နားလည်ဟန်မရပေ။ ဒါက ဘာနည်းစနစ်လဲ…။
ရီဖူရှင်းက ဘာနည်းစနစ်ကိုမှ မစဉ်းစားသည်ကို သူတို့ မသိကြပေ။ လူတိုင်းက ယူချင်း၏ စွမ်းရည်ကို မြင်တွေ့ပြီးမှတော့ သူက ယူချင်းအား နောက်ထပ် စေလွှတ်၍ တစ်ဖက်လူများအား အနိုင်ယူမည် ဖြစ်သည်။
‘ကျုပ်နဲ့ ဘယ်သူ တိုက်ခိုက်ချင်လဲ…’ ယူချင်းက ယွန်ယွဲ့ကုန်သည် အုပ်စုကို ကြည့်သည်။ ကျောက်စိမ်းဖြူ မျှော်စင်တွင် ဖြစ်ပျက်ခဲ့သည်များကို သူက မမေ့သေးပေ။
ရှမ်းဖေးယူက ယူချင်းအား ကြည့်သည်။ သူ့ဘေးမှ တစ်ယောက်က ပြောသည်… ‘ကျုပ်သွားရမလား…’
‘မင်း တိုက်ခိုက်ရမယ့်အချိန် မဟုတ်သေးဘူး…’ ရှမ်းဖေးယူက ခေါင်းယမ်းသည်။ ထို့နောက် သူက သူ့နောက်ဘက်မှ တစ်ယောက်ကို ပြောသည်… ‘လီခွေ… မင်းသွားလိုက်…’
‘ကောင်းပြီ…’ လီခွေက ထရပ်ကာ ယွန်ယွဲ့စင်မြင့်အလယ်သို့ လျှောက်သွားသည်။ သူကား အပေါ်ပိုင်း ဗလာကျင်း ဝတ်ထားကာ သူ၏ခန္ဓာကိုယ် အောက်ပိုင်းအား ချပ်ဝတ်တန်ဆာများ ကာကွယ်ထားသည်။ သူ၏ခြေလှမ်းတိုင်းတွင် မြေပြင်က တုန်ခါသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးက ကြမ်းတမ်းသော အားအင်များဖြင့် ပြည့်နှက်နေပုံရသည်။
‘အဲဒါ သူပဲ…’ ရီဖူရှင်းက ထိုလူကို မြင်ဖူးသည်။ သူက ကျောက်စိမ်းဖြူ မျှော်စင်ကို စရောက်စဉ်က လူနှစ်ယောက်က အရက်ဆိုင်ထဲကို လျှောက်လာသည်။ တစ်ယောက်က မီးလျှံမိန်းကလေး ဖြစ်ကာ နောက်တစ်ယောက်က လီခွေဖြစ်သည်။
လီခွေက ယူချင်းထံ လျှောက်လာသည်။ သူ၏ပုံစံက လေးနက်နေကာ တစ်ဖက်လူကို အထင်သေးဟန် မရပေ။ သူက ယူချင်း၏ ပထမတိုက်ပွဲကို မြင်ဖူးပြီးဖြစ်ရာ ယူချင်းက မည်မျှ အားကောင်းသည်ကို သူခံစားမိသည်။
ဤတိုက်ပွဲက မလွယ်ကူပေ။
ဘုန်း…
ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါတစ်ခု လူခွေ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းများ သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး သူ့နောက်တွင် ကြီးမားသော နွားသိုးကြီးတစ်ကောင် ပေါ်လာသည်။
လွန်စွာ ကြမ်းတမ်း ခက်ရော်သော ကိုယ်ရောင်ကိုယ်ဝါက မုန်တိုင်းအလား တိုက်ခတ်သွားသည်။ လူခွေကား မုန်တိုင်း၏ အလယ်တွင်ဖြစ်ကာ သူ့တွင် မဆုံးနိုင်သော စွမ်းအားများ ရှိသည်။ ယူချင်းအား ကြည့်ကာ သူက ပြောသည်… ‘မင်းရဲ့ သက်စောင့်ဝိညာဉ်နဲ့ ဓမ္မကို ထုတ်လိုက်…’
ယူချင်းက လူခွေအား ခံစားချက် ကင်းမဲ့စွာကြည့်ကာ ပြောသည်… ‘မင်း တိုက်တော့…’
လူခွေ မှင်တက်သွားသည်။ ယူချင်းအား စိုက်ကြည့်ကာ သူက ပြောသည်… ‘မင်းရဲ့ သက်စောင့်ဝိညာဉ်မပါဘဲ ငါ့ကို ဘယ်လို တိုက်ခိုက်မလဲ…’
ယူချင်းက စိတ်မရှည်ဟန် ရလာကာ ရှေ့ကို တက်လာသည်။ တိုက်ပွဲစင်မြင့်ကလည်း စတင် တုန်ခါလာသည်။
ဒုန်း… ဒုန်း… ဒုန်း…
ယူချင်းက လူခွေထံသို့ တိုက်ရိုက် လျှောက်လာနေသည်။ လူခွေက ယူချင်းအား အာရုံစူးစိုက်လျက် ကြည့်နေသည်။ ယူချင်းက သူ၏ သက်စောင့်ဝိညာဉ်မပါဘဲ သူ့အား တိုက်ခိုက်တော့မည်လော…။ ယူချင်းက အမှန်ပင် သူ့ကို အထင်သေးနေသည်။
‘မင်း နောင်တရလိမ့်မယ်…’ လူခွေ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို ကြမ်းတမ်းလာကာ ကောင်းကင်မှ ရွှေရောင်စီးကြောင်းတစ်ခု ဆင်းသက်လာသည်။ သူက ရှေ့ကို တက်သွားလျှင် ရွှေရောင်နွားသိုးကြီး တစ်ကောင်က ယူချင်းထံ ပြေးသွားသည်ကို ဝါးတားတား မြင်ရသည်။ သူ၏ခန္ဓာကိုယ်အား ရွှေရောင်နွားသိုးကြီး ကာကွယ်ထားရင်းက ရုန့်ရင်းကြမ်းတမ်းစွာဖြင့် ယူချင်းထံ ပြေးဝင် လာနေသည်။
‘ဒီလို အားကောင်းတဲ့ စွမ်းအား…’ တိုက်ပွဲစင်မြင့်ကို ကြည့်ကာ လူတိုင်းက အံ့အားသင့်ရသည်။
လူနှစ်ယောက်က တစ်ယောက်ထံ တစ်ယောက် တိုးဝင်လာကြလျှင် နောက်ဆုံးတွင် အလယ်၌ ရင်ဆိုင်မိကြသည်။ ထိုအခိုက်တွင် စင်မြင့်အလယ်၌ တကယ့် နွားသိုးကြီး တစ်ကောင်က သူ၏ လမ်းကြောင်းတစ်လျှောက် အရာအားလုံးကို ဖျက်ဆီးမည့်ဟန်ဖြင့် ယူချင်းထံ တိုးဝင်လာနေသည်။ ယူချင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးပင်လျှင် ရွှေဝါရောင် အရှိန်အဝါအောက်တွင် နစ်မြုပ်နေဟန်ရသည်။ သို့သော်လည်း ထိုမုန်တိုင်း အလယ်တွင် ရှိနေသော ယူချင်းက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
‘သွားစမ်း…’ လူခွေက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရွှေဝါရောင်နွားသိုးကြီး ကာကွယ်ထားသော သူက ရှေ့ကို တက်ကာ အရာအားလုံးကို ဖယ်ရှားရန် ကြိုးစားသည်။
ထိုစွမ်းအားကို မြင်ကာ လူတိုင်းက စိတ်ကို တည်ငြိမ်အောင် မထားနိုင်ကြတော့ပေ။ သည်တစ်ကြိမ် ယွန်ယွဲ့ကုန်သည် အုပ်စုက အမှန်ပင် အားကောင်းလှသည်။ လူခွေကား တတိယမြောက်အား အကောင်းဆုံး လူဖြစ်ကာ သူတို့ထံတွင် နောက်နှစ်ယောက် ကျန်နေသေးပေသည်။
ယူချင်း၏ လက်ဝါးက နောက်ဆုံးတွင် ကြီးမားသော နွားသိုးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။
ဘုန်း…
ထိုအခိုက်တွင် လူခွေက သူ၏နှလုံးက အသက်ရှူပင် ရပ်သွားသလို ခံစားရသည်။ လက်ဝါးက ရွှေရောင်မုန်တိုင်းအား တိုက်ခိုက်ဖောက်ထွင်းလျက် နွားသိုးကြီးအား အပိုင်းအပိုင်းအစစ ဖြစ်အောင် ပျက်စီးသွားစေသည်။ ယူချင်း၏ လက်ဝါးက လူခွေ၏ ရင်ဘတ်ပေါ်ကို အတားအဆီးမဲ့စွာ ကျဆင်းလာသည်။
ဘန်း…
ဘန်းခနဲ မြည်သံနှင့်အတူ လူခွေက သူ၏ခန္ဓာကိုယ် လေထဲကို ပျံသန်းသွားသလို ခံစားရပြီး သူ၏အရိုးများ ကျိုးအက်သွားသည်။ သူ၏ပါးစပ်မှ သွေးတစ်ပွက် အန်ကျပြီးနောက် ယွန်ယွဲ့ကုန်သည် အုပ်စု၏အနီးမှ မြေပြင်ပေါ်သို့ ကျသည်။
ယူချင်းက သူ၏လက်ဝါးကို ပြန်ရုပ်လိုက်သည်။ နောက်လှည့်ကာ လူတိုင်းအား ကျောခိုင်းလျက် သူ၏နေရာသို့ ပြန်လာသည်။ တစ်ဖန် သူက ပြိုင်ဘက်အား လက်ဝါးတစ်ချက်တည်းဖြင့် အလွယ်တကူ အနိုင်ယူခဲ့ပြန်သည်။
ရှန်းဖေးယူက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်သည်။ ယူချင်းအား ကြည့်နေသော သူ၏ မျက်နှာက နက်မှောင်သွားသည်။ ထို့နောက် သူက တစ်ဖက်မှ ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့အား ကြည့်သည်။ ထိုအခိုက်တွင် ထိုနှစ်ယောက်ကား လွန်စွာ ထိတ်လန့်နေကြသည်။ သို့သော်လည်း ရှမ်းမောင်နှမက သူတို့၏ အမှားကို ဝန်ခံချင်ဟန် မရပေ။ သူတို့၏ မျက်လုံးများထဲတွင် မုန်းတီးမှုများ လူသတ်လိုသော အငွေ့အသက်များသာ ရှိနေသည်။
ပြန်လျှောက်လာသော ယူချင်းကို ကြည့်ကာ ဝမ်ယွီရို၏ မျက်လုံးများက အံ့အားသင့်ဟန်များဖြင့် ဖုံးလွှမ်းနေသည်။ ထိုအခိုက်တွင် သူမက ယူချင်း၏ စွမ်းရည်ကို အထင်သေးမိပြီ ဖြစ်ကြောင်း သိလိုက်သည်။ ယူချင်းကား ပါရမီရှင် တစ်ယောက်ဖြစ်ကာ ကာယပိုင်းဆိုင်ရာ သန်စွမ်းမှုတွင် သူ့အား ယှဉ်နိုင်မည့်သူ ရှိအံ့မထင်ပေ။
ဟူး…
သူမက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ကြည့်ရသည်မှာ သူမ၏ အစီအစဉ်အား ပြောင်းလဲရတော့မည်။ ယူချင်းက နောက်ဆုံး အချိန်အထိ ကျန်ရှိရန် အခွင့်အရေး ရှိပေသည်။
ရုတ်တရက် ဝမ်မိသားစု စင်မြင့်ပေါ်တွင် ဝမ်မိသားစု ခေါင်းဆောင်က မေးသည်…‘အဲဒါ ဘယ်သူလဲ…’ သူက ဝမ်ယွီရို၏ အရည်အချင်းကို ယုံကြည်ရာ အဆင့်နိမ့် အကာနာအဆင့်နှင့် ပတ်သက်၍ သူမအား လုံးဝ လွှဲအပ်ထားပေသည်။ သို့တိုင်အောင် သူမ ဖိတ်ခေါ်ထားသော လူများကို သူသိပေသည်။ သို့သော်လည်း တိုက်ပွဲစခါနီးတွင်ပင် လူစာရင်း အပြောင်းအလဲ ဖြစ်သွားကာ သူက ယခု တိုက်ပွဲဝင်နေသူအား မမှတ်မိဖြစ်ရသည်။
သူ့အနီးမှ လူများကလည်း ယူချင်းကို သိဟန်မရဘဲ ခေါင်းယမ်းကြသည်။
‘ကျုပ်ထင်တာကတော့ ဝမ်လင်းဖန်က ယွီရိုအတွက် ဖိတ်ခေါ်ထားတာ ဖြစ်မယ်… တိုက်ပွဲမစခင်တုန်းက သူနဲ့ ယွီရိုဆွေးနွေးနေတာ ကျုပ်ကြားလိုက်တယ်…’ တစ်ယောက်က ပြောသည်။ ခေါင်းဆောင်က ဝမ်လင်းဖန်အား ကြည့်သည်… ‘သူ့ကို ဒီကို လာဖို့ ပြောလိုက်…’
‘ဝမ်လင်းဖန်…’ တစ်ယောက်က လှမ်းခေါ်သည်။ တိုက်ပွဲကိုကြည့်ပြီး စိတ်လှုပ်ရှား ပျော်ရွှင်နေသော ဝမ်လင်းဖန်က နောက်လှည့်ကြည့်လျှင် ခေါင်းဆောင်နှင့်အတူ များစွာသော အကြီးအကဲများက သူ့အား ကြည့်နေကြသည်ကို မြင်ရသည်။
‘ဒီကို လာခဲ့…’ ခေါင်းဆောင်က ပြောသည်။
‘ဟုတ်ကဲ့… ခေါင်းဆောင်…’ ဝမ်လင်းဖန်က အရိုအသေပေးကာ ပြောသည်။ ထို့နောက် သူက ဝမ်မိသားစု ခေါင်းဆောင်ထံသို့ လျှောက်သွားသည်။
ထိုအခိုက်တွင် သူက အလောင်းအစားကို အနိုင်ရလိုက်ပြီကို သိသည်။
ယူချင်းက သူ၏ အလောင်းအစားအား အနိုင်ရရန် တိုက်ပွဲနှစ်ပွဲသာ တိုက်ခိုက်ခဲ့ရသည်။ ဝမ်မိသားစု၏ ပင်မမျိုးရိုးမှ မဟုတ်သော ဝမ်လင်းဖန်အား ခေါင်းဆောင်က တစ်ခါမှ အလေးပေးခဲ့ခြင်း မရှိပေ။ ယခု သူက ဝမ်မိသားစု၏ ပင်မမျိုးဆက်များ ထိုင်နေရာသို့ သွားခွင့်ရလေပြီ။
ဝမ်လင်းဖန်ကား ထိုအခိုက်တွင် စိတ်လှုပ်ရှား ပျော်ရွှင်မှုကို မနည်း ထိန်းထားရသည်။ သူက ယွန်ယွဲ့ကုန်သည်အုပ်စုမှ ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့အား ကျေးဇူးတင်ရန် လိုအပ်ပေသည်။
***