အပိုင်း (၄၀၅)

တောင်းပန်ခြင်း

ဝမ်လင်းဖန်က မည်မျှ စိုးရိမ်နေသည်ကို မည်သူမှ မသိပေ။ ဝမ်မိသားစု၏ တစ်ဖက်မှ ယွန်ယွဲ့ ကုန်သည် အုပ်စုမှ ရှမ်းမောင်နှမတို့၏ပုံစံမူကား လွန်စွာ သက်သောင့်သက်သာ ရှိကာ ပြုံးနေကြသည်။ သူတို့ နှင်ထုတ်ခဲ့သော လူများက ယခု သူတို့ရှေ့ကို ဤသို့သော နည်းဖြင့် ပြန်ရောက် လာကြသည်။ သူတို့က နောက်ထပ် အရှက်ခွဲခံချင် နေပုံရသည်။ ရှမ်းဟိုင်က သူတို့ မည်သို့ အဆုံးသတ်မည်ကို စိတ်ဝင်စား နေသည်။

သူ့ဘေးမှ မီးလျှံမိန်းကလေး လျူလန်နှင့် မှော်နက်ဆရာစုမူတို့ အပါအဝင် တခြား တန်ခိုးရှင်များ အားလုံးက တိုက်ပွဲအား တည်ငြိမ်စွာ ကြည့်နေကြသည်။ တိုက်ပွဲစင်မြင့်၏ အလယ်တွင် ကျိုးရှောင်ယွင်က သူ၏ လှံကို ဝှေ့ယမ်းလျှင် ရေခဲဓာတ် သဘာဝများ စီးဆင်းသွားသည်။

သူ့အတွက် ဤတိုက်ပွဲက ယွန်ယွဲ့ပြိုင်ပွဲတွင် ပထမဆုံး တိုက်ခိုက်ဖူးခြင်းလည်း ဖြစ်သည်။ သည်တိုက်ပွဲတွင် သူ၏နာမည်အား ယွန်ယွဲ့မြို့မှ လူတိုင်းအား သိစေမည်။

ကျိုးရှောင်ယွင်က သူ၏လှံဦးကို ယူချင်းဘက်ကို လှည့်လိုက်သည်။ သူ၏အနီးမှ လေထုတစ်ခုလုံး အအေးဓာတ်များဖြင့် ဖုံးလွှမ်းနေသည်။ ထို့နောက် ရေဓာတ် သဘာဝများက ရေအသိများ အဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ရေခဲအား လှိုင်းများက တိုက်ပွဲစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံ ထားသည်။

သို့သော်လည်း ယူချင်းက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူက စကားလည်း မပြောသလို လှုပ်လည်း မလှုပ်ရှားပေ။ ထိုအရာက သူက ရုပ်တုတစ်ခု အလားပင်။

“သူက ဘာလုပ်နေတာလဲ…” ဝမ်ယွီရိုက မျက်မှောင်ကြုတ် လိုက်သည်။ ယူချင်းကား လွန်စွာ ကြံ့ခိုင်သန်စွမ်းကာ သိသာစွာပင် သူက သိုင်းပညာရှင် ဖြစ်သည်။ မှော်ဆရာနှင့် ရင်ဆိုင်ရာတွင် သူက အမှန်ပင် ရွေ့လျားခြင်း မရှိကြ ထိုနေရာတွင် ရပ်နေသည်။ သူက ကိုယ့်ကိုယ်ကိုယ် အသေခံ နေသည်လား…။ သိုင်းသမားက ဦးစွာ တိုက်ခိုက်သင့်ပေသည်။ သူက ပြိုင်ဖက်၏ အနီးကို ကပ်နိုင်အောင် ကြိုးစားရမည် ဖြစ်သည်။ သူက ထိုမျှလောက်ပင် မသိပေဘူးလား…။

သူမက ယူချင်းအား တိုက်ပွဲကို အမြန် အဆုံးသတ်ရန် နှစ်ကြိမ်တိတိ သတိပေးပြီး ဖြစ်သည်။ သိုင်းပညာရှင်က မှော်ပညာရှင်နှင့် တွေ့သောအခါ အချိန်ဆွဲ တိုက်ခိုက်၍ မရပေ။ အထူးသဖြင့် ရန်သူက ရေခဲဓာတ် သဘာဝကို ကျွမ်းကျင်သောအခါ ပိုမို၍ သတိထားသင့်သည်။ တိုက်ပွဲက ကြာရှည်လေလေ အခြေအနေက ပိုမိုဆိုးရွားလေလေ ဖြစ်သည်။

အင်အားစုလေးခု၏ ပြိုင်ပွဲက လွန်စွာ အရေးပါရာ သူမက ပြိုင်ဖက်မှ တန်ခိုးရှင်များ၏ စွမ်းရည်များကို သေသေချာချာ လေ့လာထားပေသည်။ ထို့ကြောင့် သူမက ကျိုးရှောင်ယွင်၏ တိုက်ခိုက်ရေး နည်းစနစ်ကို နားလည်ပေသည်။ ဦးစွာသူက မှော်တိုက်ကွက်ဖြင့် ရန်သူအား အေးခဲလေးလံစေမည်။ ထို့နောက် သူ၏ လှံဖြင့် တိုက်ခိုက်မည်။ သူ၏ မှော်စွမ်းအင်က ရန်သူအား နှေးကွေးထားလျှင် တစ်ဖက်လူက သူ၏ လှံချက်အား ရှောင်ဖယ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

“ကြည့်နေဦး…” ရီဖူရှင်းက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။ ဝမ်ယွီရိုက မပျော်မရွှင် ဖြစ်ကာ ရီဖူရှင်းအား ကြည့်သည်။ သို့သော်လည်း သူမက ဘာမှ မပြောပေ။ သူက တိုက်ပွဲကိုသာ ဆက်ကြည့်သည်။ သူမက စိတ်မပျက်စေဖို့သာ မျှော်လင့်သည်။

တိုက်ပွဲ စင်မြင့်က ပိုမို၍ အေးစက် လာသလို ယူချင်း၏ ခန္ဓာကိုယ်အား ရေခဲများက ဖုံးအုပ်လာနေသည်။ ယူချင်းက ထိုနေရာတွင်ပင် ရပ်နေသေးသည်ကို သတိထားမိလျှင် ကျိုးရှောင်ယွင်၏ မျက်နှာတွင် သရော်သော အပြုံးတစ်ခု ပေါ်လာသည်ကာ မှတ်ချက်ချသည်… “ငါ့ရဲ့ ပထမဆုံး တိုက်ပွဲက ပြိုင်ဖက်က အရူးတစ်ယောက်ဆိုတာ မသိခဲ့ဘူး…” ထို့နောက် သူက ရုတ်တရက် ရှေ့ကို တစ်ဟုန်ထိုး ခုန်ဝင်လိုက်ကာ အော်လိုက်သည်… “အေးခဲစမ်း…”

ချက်ချင်းပင် ယူချင်းအား ဖုံးလွှမ်းနေသော မြူများက ရေခဲများအဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်အား ပိတ်လှောင် သွားသည်။ ထိုအဖြစ်က သူ့အား တိုက်ခိုက်ရန်ကိုထား လှုပ်ရှားရန်ပင် မဖြစ်နိုင်သော ပုံဟန်ရှိနေသည်။ သူက လှုပ်ရှားနိုင်လျှင်ပင် သူ၏ လှုပ်ရှားမှုက လွန်စွာ နှေးကွေး သွားမည် ဖြစ်ပေသည်။

“ဝမ်မိသားစုက ဒီလို အရူးကို ဘာလို့ စင်ပေါ်ကို လွှတ်ရတာလဲ…” အားလုံး၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ဝမ်မိသားစု ခေါင်းဆောင်များ၏ မျက်နှာများကပင် အနည်းငယ် ပြောင်းလဲသွားကာ ဝမ်ယွီရို ထိုင်နေရာကို လှမ်းကြည့်ကြသည်။ သူမက ဤသို့သော အမှားမျိုး လုပ်မည် မဟုတ်ပေ။ သူက ဤသို့သော လူကို အဘယ်ကြောင့် အသုံးပြုရသနည်း။

ထိုအခိုက်တွင် ဝမ်လင်းဖန်ကား သူ၏ခန္ဓာကိုယ်က တုန်ယင်လာကာ မျက်နှာက ပြာနှမ်းလာနေသည်။ ဘာကြောင့် ဤသို့ဖြစ်ရသနည်း။ ရလဒ်က ဘာကြောင့် ဤသို့ ဖြစ်လာရသနည်း။ သိုင်းသမားက အေးခဲသွားလျှင် တိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် ကျိုးရှောင်ယွင်က ယူချင်းအား လှံချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်တော့မည် ဖြစ်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်ယွီရိုက နောက်ဆုံးတွင် တည်ငြိမ်နိုင်ခြင်း မရှိတော့ဘဲ အေးစက်စွာ ပြောလိုက်သည်… “အရူး…” သူမက ထိုမျှ မိုက်မဲသော သိုင်းပညာရှင်အား တစ်ခါမှ မမြင်ဖူးပေ။

“ပါးစပ်ပိတ်ထား…” ဝမ်ယွီရိုက ယူချင်းအား စော်ကားသည်ကို ကြားလျှင် ရီဖူရှင်းက သူမအား အေးစက်စွာ ကြည့်သည်။

ဝမ်ယွီရိုကလည်း သူ့အား ပြန်လည်၍ အေးစက်စွာ ကြည့်သည်။

ထိုအရာများ အားလုံးက ခဏအတွင်းတွင် ဖြစ်ပျက်သွားသည်။ ယွန်ယွဲ့တိုက်ပွဲ စင်မြင့်တွင် ကျိုးရှောင်ယွင်က မြေပြင်ကို ဆောင့်နင်းက လေထဲကို ခုန်တက်လိုက်လျှင် သူ၏ သေသပ်သော ဟန်ချက်က လှပစွာ ထွက်ပေါ်လာသည်။ သူကား အမှန်ပင် စင်ပေါ်တွင် သူ၏ အရည်အချင်းများကို ထုတ်ဖော်နေသည်။ သူ၏ လှုပ်ရှားမှုများက သူက မိမိကိုယ်ကို မည်မျှ ယုံကြည်မှု ရှိသည်ကို ပေါ်လွင်စေသည်။

ကျိုးရှောင်ယွင် အတွက်မူ ဤတိုက်ပွဲက လွယ်ကူကာ အဓိပ္ပာယ် ကင်းမဲ့လှသည်။ သူ၏ခန္ဓာကိုယ်အား လေထဲတွင် တစ်ပတ်လှည့်ကာ သူက လှပသေသပ်သော ဟန်ပန်ဖြင့် သူ၏ လှံရှည်အား ယူချင်း၏ လည်ပင်း နေရာသို့ ထိုးစိုက် လိုက်သည်။ သူက ရန်သူအား တစ်ချက်တည်းဖြင့် အသေသတ် လိုသည်။

“ပျင်းစရာ ကောင်းတယ်…” ရှမ်းဟိုင်က ခံစားချက် ကင်းမဲ့သော လေသံဖြင့် သရော်သည်။ ယူချင်းက အနည်းဆုံး ခုခံရန် ကြိုးစားလိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း တိုက်ပွဲက လွန်စွာ ပျင်းရိဖွယ် ကောင်းလှသည်။

ဝမ်ယွီရိုက ရီဖူရှင်းအား မကြည့်တော့ပေ။ ထိုအစားသူမက ယူချင်းအား ကြည့်ကာ သူမ၏ ဆုံးဖြတ်ချက်အား နောင်တရနေသည်။ အကယ်၍ ရီဖူရှင်းနှင့် ယူချင်းတို့ကလည်း ထိုသို့ဆိုပါက စင်ပေါ်တွင် သူမက အရှက်ကွဲ ရပေတော့မည်။

ယွန်ယွဲ့ စင်မြင့်ပေါ်တွင် ငွေရောင် ရေခဲအလင်းတန်းက ယူချင်း၏ ခန္ဓာကိုယ်နှင့် လက်မ အနည်းငယ်မျှသာ လိုတော့သည်။ တိုက်ပွဲက အဆုံးသတ်သွားပြီဟု လူတိုင်းက တွေးလိုက်ကြသည်။ သို့သော်လည်း လှံရှည်က ရုပ်တုအလား ယူချင်း၏ အနီးကို ရောက်လုနီးပါးတွင် အေးခဲနေသော ယူချင်းက ရုတ်တရက် လှုပ်ရှားသည်။ သူက ထိုမျှ အဓိပ္ပာယ် ကင်းမဲ့သော ပုံစံဖြင့် လှုပ်ရှားခဲ့သည်။ သူက နောက်ကို တစ်လှမ်းဆုတ်ကာ သူ၏လက်အား မြှောက်လျက် လှံတံအား လှမ်းဆုပ်ကိုင် လိုက်သည်။

“ဟာ…” ထိုအခိုက်တွင် မရေမတွက်နိုင်သော လူများ၏ မျက်နှာများက အမူအရာ ပြောင်းလဲ သွားကြသည်။ ဘာဖြစ်နေသနည်း…။ အေးခဲနေသော လူက အဘယ်ကြောင့် လှုပ်ရှားနိုင်သေးသနည်း…။

သူတို့၏အတွေးက စိတ်ထဲ စက္ကန့်ပိုင်းသာ ဖြစ်ပေါ်နိုင်ခဲ့သည်။ ထိုအခိုက်တွင် လှံသွားက ယူချင်း၏ လည်ပင်းကို ထိလုနီးပါးပင်…။ ဆက်တိုက်ပင် ယူချင်း၏ လက်မှ ရောင်စဉ် ရောင်ဝါများ လင်းလက် တောက်ပလာကာ ရေခဲအသိအား ဖျက်ဆီးဖြိုခွင်း ပစ်သည်။ ထို့နောက် သူ၏လည်ပင်း အနီးတွင်ပင် လှံရှည်က ရပ်တန့်သွားသည်။ ထိုအရာက လေထဲတွင် ရုတ်တရက် ရပ်တန့် သွားသော်လည်း အရာရာက သဘာဝကျကာ ပုံမှန်ကဲ့သို့ပင်…။

လှံရှည်၏ ရှေ့ပိုင်းအား လက်တစ်ဖက်က မြဲမြံစွာ ကိုင်ဆုပ်ထားသည်။ ကြောက်မက်ဖွယ် လှံချက်က အမှန်ပင် ရပ်တန့် သွားသည်။ တူညီစွာပင် လှပသော ဟန်ချက်နှင့် ကျိုးရှောင်ယွင်၏ ခန္ဓာကိုယ်ကလည်း လေထဲတွင် ရပ်တန့် သွားသည်။ သူကား လှံရှည်ဖြင့် ထိုးစိုက်ထားသော ဟန်ပန်အတိုင်း ရှိနေသည်။ သူက ထိုပုံစံဖြင့် လှပညက်ညော ဟန်ရသော်လည်း အမှန်တကယ်အားဖြင့် သူ၏ မျက်လုံးများက အကြောက်တရားများနှင့် ပြည့်နှက် နေသည်။

သူက ထိတ်လန့်ဖွယ် ဘီလူးသရဲ စီးနေသော မျက်လုံးအစုံကို မြင်ရသည်။ သူက အရူးဟု တွေးထင်ခဲ့သော အေးခဲနေသော ခန္ဓာကိုယ်နှင့် လူက သူ့အား ထိုပုံစံဖြင့် စိုက်ကြည့်နေသည်။ ယူချင်း၏ တည်ငြိမ်သော မျက်လုံးအစုံက သူ့အား အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့စေသည်။

ခွပ်…

အက်ကွဲသံ တစ်ခုနှင့်အတူ သဘာဝ စွမ်းအင်ဖြင့် ပြုလုပ်ထားသော လှံရှည်က နှစ်ပိုင်းကျိုး သွားသည်။ အံ့အားသင့် နေရာမှ သတိဝင် လာသော ကျိုးရှောင်ယွင်က လှံရှည်အား လွှတ်ကာ နောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော်လည်း သူ့တွင် ထိုအခွင့်အရေး ရှိပုံမရပေ။

ယူချင်းက ရှေ့ကို တစ်လှမ်းတိုး လိုက်လျှင် သူ၏လက်ဝါးက တစ်ဖက်လူ၏ အနီးကို ရောက်သွားသည်။ အလွယ်တကူပင် သူက ကျိုးရှောင်ယွင်၏ လက်မောင်းကို ကိုင်ဆွဲလိုက်သည်။ ထိုအခိုက်တွင် ကျိုးရှောင်ယွင်က အမှန်တကယ် အေးခဲကာ လှုပ်ရှား၍ မရသော ခံစားချက်ကို ရသည်။ ထိုအခိုက်တွင် ကျိုးရှောင်ယွင်၏ ခန္ဓာကိုယ်က လေထဲကို မြောက်တက် သွားကာ အောက်ကို ကျဆင်းလာပြီး မြေပြင်နှင့် ပြင်းထန်စွာ ထိရိုက်သည်။

ဘန်း…

လူတိုင်း၏ ရင်ဘတ်ကို တုန်ခါစေသော ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအားက ပြင်းထန်လွန်းရာ ကျိုးရှောင်ယွင်၏ ခန္ဓာကိုယ်က မြေပြင်မှပင် ပြန်ကန်ကာ အပေါ်ကို အနည်းငယ် မြောက်တက် သွားဟန် ရသည်။ ထို့နောက် သူက ထိုနေရာတွင်ပင် မလှုပ်မယှက်တော့ဘဲ လဲလျောင်းနေတော့သည်။ သူက တိုက်ပွဲ တစ်ပွဲတည်းဖြင့် သူ၏ ထူးခြား ပြောင်မြောက်သော အရည်အချင်းများကို ပြသကာ လူအများကြား ကျော်ကြား လာတော့မည်ဟု စိတ်ကူးယဉ် နေခဲ့သည်။ ယွန်ယွဲ့မြို့မှ လူများက သူ့အား အမှန်တကယ်လည်း မှတ်မိကြမည် ထင်ရသည်။ သို့သော် သူထင်သလို ပုံစံတော့ မဟုတ်ပေ။

ယူချင်းက သူ၏အုပ်စုထံသို့ ပြန်လျှောက် လာသည်။ အစကနေ အဆုံးအထိ သူက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ရိုးရှင်းသော လှုပ်ရှားမှု တစ်ခုတည်းက တိုက်ပွဲအား အဆုံးသတ် ခဲ့သည်။

လူအများအပြားက ထိုအခိုက်တွင်မှ အံ့အားသင့် နေရာမှ သတိဝင်လာကြကာ ဝမ်မိသားစု ပြိုင်ပွဲဝင်များ ရှိနေရာသို့ လျှောက်သွားနေသော လူငယ်လေးအား ကြည့်လိုက်ကြသည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ရှမ်းဟိုင်က ထိုနေရာတွင်ပင် အေးစက်နေကာ အံ့အားသင့် မှင်တက်နေသည်။ သူ့ဘေးတွင် ရှမ်းချိန်ကလည်း တိုက်ပွဲစင်မြင့်ကို ကြည့်ကာ ထိတ်လန့် နေသည်။ ကွာဟချက်ကား ကြီးမား လွန်းလှသည်။

မှော်နက် ပညာရှင်စီမူ၊ မီးလျှံမိန်းကလေး လျူလန်၊​ မှော်ပညာရှင်ဝူနှင့် ဓားမိစ္ဆာတို့က ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။ ဤသို့သော မြင်ကွင်းမျိုးကို သူတို့လည်း မမျှော်လင့်ထားပေ။

တခြား တစ်ဖက်တွင် ဝမ်မိသားစု နေရာမှ ဝမ်လင်းဖန်၏ လက်သီးများ တင်းကျပ်စွာ ဆုပ်ထားသည်။ သူ၏ ခန္ဓာကိုယ်ကပင် စိုးရိမ်စိတ်များ လွန်းသောကြောင့် တုန်ယင်နေသည်ဟု ထင်ရသည်။

ငရဲမှ ကောင်းကင်ဘုံသို့ ရောက်ရှိခြင်း…။

သူ၏ အလောင်းအစားတွင် အနိုင်ရခဲ့ပြီကို သူသိသည်။ ထို့အပြင် ရလဒ်ကား သူထင်ထားသည် ထက်ပင် ကောင်းမွန်နေသည်။

“စိတ်ဝင်စားစရာပဲ…” ဝမ်မိသားစုမှ လူများ အားလုံးက ပြုံးလိုက်ကြသည်။ ပထမတိုက်ပွဲက သူတို့အား အံ့အားသင့် ဖွယ်ရာများ ပေးသည်။ ကြည့်ရသည်မှာ ယွီရိုက အမှန်ပင် အမြင်သန်ကာ သူမအား တချို့ ကိစ္စရပ်များတွင် အမှန်အားကိုး ရပေသည်။ သူတို့ မသိသည်ကို ထိုအခိုက်တွင် ဝမ်ယွီရိုကလည်း လွန်စွာ စိုးရိမ်ပူပန် နေသည်ကိုပင်။ သူမ၏အကြည့်က ပြန်လျှောက် လာသော လူငယ်အား ကြည့်ကာ ထိတ်လန့်မှုမှ သတိပြန် မရသေးပေ။

“တောင်းပန်ပါ…” တစ်ယောက်က အေးစက်စွာ ပြောသည်။ ဝမ်ယွီရိုက မှင်တက်သွားကာ သူမ၏ ပြန့်ကျဲနေသော အတွေးများကို ပြန်စုစည်း လိုက်သည်။ သူမက ဘေးမှ ရီဖူရှင်းအား ကြည့်လျှင် ရီဖူရှင်းက သူမအား အေးစက်စွာ ပြန်ကြည့်သည်။ သူမက ယူချင်းအား အရူးဟု ခေါ်ခဲ့ခြင်းအတွက် ရီဖူရှင်းအား သူမအား တောင်းပန်ခိုင်းသည်ကို သူမသိသည်။ သူမက ရီဖူရှင်းအား ကြည့်လျှင် ဘေးနားမှ လူများကလည်း ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူက အမှန်ပင် ဝမ်ယွီယိုကို တောင်းပန် ခိုင်းနေသည်။

“ကျွန်မက စိုးရိမ်သွားတာ…” ဝမ်ယွီရိုက လှပစွာ ပြုံးလျက် ပြောသည်။ သူမက အကြောင်းပြချက် ပေးသော်လည်း အမှန်တကယ်အားဖြင့် မတောင်းပန်ပေ။

“ဝူချင်း…” ရီဖူရှင်းက ခေါ်လိုက်ကာ ထရပ်သည်။ ရီဝူချင်းက ချက်ချင်း နားလည်လိုက်ကာ သူကလည်း ထရပ်သည်။

ဝမ်ယွီယို အံ့အားသင့် သွားသည်။ ရီဖူရှင်းအား ကြည့်ကာ သူမက မေးသည်… “ရှင်တို့ ဘာလုပ်နေတာလဲ…”

“သွားစို့…” ရီဖူရှင်းက ထိုသို့ပြောကာ အမှန်ပင် ထိုနေရာမှ ထရပ်ကာ ထွက်သွားရန် ဟန်ပြင်သည်။ မရေမတွက်နိုင်သော လူများက သူတို့အား ကြည့်သလို ဝမ်ယွီယိုကား ဘာပြောရမှန်းမသိ ဆွံ့အနေသည်။

ဝမ်လင်းဖန်ကလည်း သူတို့အား ကြည့်ကာ အံ့အားသင့်နေသည်။ ဘာဖြစ်နေသနည်း။

ထိုအခိုက်တွင် အတွေးများစွာက ဝမ်ယွီရို၏ ခေါင်းထဲကို ဝင်ရောက် လာသည်။ သူမက ဒေါသလည်း ထွက်သည်။ ရီဖူရှင်းက လူတိုင်း၏ ရှေ့တွင် အမှန်တကယ် ထွက်သွားနေသည်။ သူမက စိုးရိမ်စိတ်လည်း ဝင်လာသည်။ မည်သို့ဆိုစေ ဤလူများအား သူမက ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ထို့အပြင် ယူချင်း၏ စွမ်းဆောင်ရည် အလွန် ကောင်းမွန် နေသည်။

“ငါတောင်းပန်တယ်…” ဝမ်ယွီယိုက ပြောသည်။ ရီဖူရှင်းက ရပ်လိုက်ကာ ဝမ်ယွီယိုအား တစ်ချက်ကြည့်ပြီး ပြန်ထိုင်သည်။

ယူချင်းကလည်း စင်မြင့်ပေါ်မှ သူ၏ မူလနေရာကို ပြန်ရောက်လာသည်။ သူက ဘာဖြစ်ခဲ့သည်ကို သိရှိဟန် မတူဘဲ ရီဖူရှင်း ဘေးတွင် တိတ်ဆိတ်စွာ ထိုင်သည်။

ထိုအနီးမှ လူများ အားလုံးက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ ဤကောင်ကား အမှန်ပင် မာနကြီးပေသည်။

ရှေ့ကို ကြည့်လျက်ကပင် ရီဖူရှင်းက အေးစက်စွာ ပြောသည်… “ဒီလို နောက်မဖြစ်ဖို့ ကျုပ်မျှော်လင့်တယ်…” ဝမ်ယွီယိုက သူ့အား ကြည့်ကာ အံကြိတ်လိုက်သည်။ ထို့နောက် သူမက ပြန်ပြောသည်… “ကောင်းပြီ…” သူမက လွန်စွာ သဘောမကျသော်လည်း ဘာမှ မတတ်နိုင်ပေ။ ရီဖူရှင်းက လွန်ကဲစွာ မာနကြီးလွန်းလှသည်။

သူ၏ စွမ်းရည်က သူ၏မာနနှင့် ကိုက်ညီစေဖို့ သူမက မျှော်လင့်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset