Switch Mode

အပိုင်း (၄၀၄)

ပထမတိုက်ပွဲ၊ ယူချင်း။

“အဲဒါက ကျောက်စိမ်းဖြူ မျှော်စင်က ကန်ထုတ်ခံရတဲ့ လူတွေ မဟုတ်ဘူးလား…” စီမူက ပြုံးလျက် ပြောသည်။ မိစ္ဆာဓား၊ မှော်ဆရာဝူနှင့် တခြားလူများ အားလုံးက စိတ်ဝင်စားစွာ လှမ်းကြည့် ကြသည်။

ရီဖူရှင်းတို့ အုပ်စု ကန်ထုတ်ခံရခြင်းက သူတို့၏ အာရုံထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ ထိုအရာက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထိုနေ့က ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့က သဘာဝစွမ်းအင် ကျောက်တုံးများအား မြေပြင်ပေါ်ကို ပစ်ချကာ ရီဖူရှင်းတို့အား ကောက်ယူစေသည်။ ယခု သူတို့က ဝမ်မိသားစုကို ကိုယ်စားပြု နေကြသည်။ သူတို့က ကျောက်စိမ်းဖြူ မျှော်စင်တွင် အရှက်ရမှုကို ပြန်ဖာထေးရန် ကြိုးစားနေကြသည်လား။

“စိတ်ဝင်စားစရာပဲ…” မိစ္ဆာဓားက ပြောသည်။

ရှမ်းဟိုင်ကလည်း ရယ်မောလိုက်သည်။ သူတို့က ထိုနည်းကို သုံးကာ အရှက်ရမှုကို ပြန်လည် အဖတ်ဆယ် လိုကြသည်လား… ။ သူတို့က အိပ်မက်မက်နေခြင်း ဖြစ်ရမည်။

“သူတို့က ဝမ်ယွီရိုကို ကူညီနေတာ ဖြစ်ရမယ်…” ရှမ်းချိန်ကလည်း​ ဘေးမှ တခစ်ခစ် ရယ်မောသည်။

ရှမ်းဟိုင်ကတည်း သူတို့၏ဘေးမှ ဝမ်ယွီရိုက မြင်သည်။ သူမကား ဝမ်မိသားစုမှ အေးစက်သော မိန်းမလှဖြစ်သည်။ ထိပ်သီး အင်အားစုများ၏ လူငယ်မျိုးဆက်များက ထိုမိန်းမလှအား မည်သူက ရမည်ကို အမြဲတမ်း ရယ်မောပြောဆို ခဲ့ကြသည်။ သူကလည်း ထိုသို့သော အတွေးမျိုးရှိသည်။ သူက သူမအား သဘောမကျသည့်တိုင် ထိုအရာက မိန်းမလှများကို သဘောကျသည့် ယောက်ျားများ၏ သဘာဝပင် မဟုတ်ပါလား…။

“ငါမြင်တယ်… ဝမ်ယွီယိုက သူတို့ကို ရွေးခဲ့တယ်ဆိုတော့ သူတို့က နည်းနည်းတော့ အရည်အချင်းရှိတဲ့ ပုံပဲ…” ရှမ်းဟိုင်က ရယ်မော၍ ပြောသည်။ သူက ဂရုမစိုက်ပေ။ သူတို့က အရည်အချင်း ရှိလျှင်ပင် ထိုနာမည် မရှိသော သူများက သိပ်အားကောင်းမည် မဟုတ်ပေ။ သည်တစ်ကြိမ် ပြိုင်ပွဲက များစွာသော ပါရမီရှင်များနှင့် ပြည့်နှက်နေသည်။ ယွန်ယွဲ့မြို့၏ ထိပ်သီး ပါရမီရှင်များလည်း ပါဝင်ကြသည်။ ရီဖူရှင်းတို့ အုပ်စုက ဘာမှ မဟုတ်ပေ။ သူတို့က ပွဲအနည်းငယ် နိုင်လျှင်ပင် လွန်စွာ ကောင်းမွန်နေပြီဟု ပြောရမည်။

“ကံမကောင်းတာက ဝမ်ယွီရိုက အဆင့်နိမ့် အကာနာဖြစ်နေတာပဲ… ဒါကြောင့် သူမက အဆင့်နိမ့် အကာနာကို သွားမှာပဲ … ငါတို့နဲ့ သူတို့နဲ့ မတွေ့နိုင်ဘူး…” ရှမ်းချိန်က ပြောသည်။ သူတို့သာ တွေ့ဆုံခဲ့ပါက စိတ်ဝင်စားဖွယ် ကောင်းပေမည်။

“ဒီလိုလည်း မဟုတ်ဘူး…” ရှမ်းဟိုင်က ပြုံးသည်… “ပုံမှန်တိုက်ပွဲထက် တခြားနည်းတွေလည်း ရှိသေးတာပဲ… ဟုတ်တယ်မလား…”

ရှမ်းချိန်၏ လှပသော မျက်လုံးများက ရှမ်းဟိုင်ကို ကြည့်ကာ အရောင်လက် သွားသည်။ သူမ၏ မောင်လေးက သူတို့အား ထပ်မံ၍ အရှက်ခွဲလိုနေသည်လား…။

“ကျောက်စိမ်းဖြူ မျှော်စင်က မလုံလောက်သေးဘူးလို့ နင်ထင်လား…” ရှမ်းချိန်က တခစ်ခစ် ရယ်သည်… “နင်က အရမ်းလွန်တာပဲ…”

ရှမ်းဟိုင်၏ မျက်လုံးများကလည်း အေးစက်သော အငွေ့အသက်များ ယှက်သန်း နေသည်။ သူတို့က ဝမ်မိသားစုကို ကိုယ်စားပြု လိုမှတော့ သူက ကူညီရပေမည်။ ထိုလူများက အားမနည်းဖို့ သူက မျှော်လင့်သည်။ ထိုအရာက ပျော်စရာ ကောင်းပေမည်။

“ဖေးယူကို သွားပြော… သူတို့ကို နည်းနည်း ပညာပေးလိုက်လို့…” ရှမ်းဟိုင်က ပြုံးလျက်ပြောသည်။

သူ့နောက်မှ တစ်ယောက်က ခေါင်းညိတ်သည်။ ထို့နောက် သူက တခြားတစ်နေရာသို့ ထွက်ခွာသွားသည်။ ရှမ်းဖေးယူကား အဆင့်နိမ့် အကာနာများကို စီစဉ်ရသူဖြစ်သည်။

***

လူများ တဖြည်းဖြည်းဖြင့် ရောက်ရှိလာကြသည်။ ထိပ်သီး အင်အားစုများက စောင့်စားနေကြသည်။ ကျယ်ပြန့်သော နေရာကြီးက လေးနက်ကာ မမြင်ရသော ဖိအားတစ်ခု ရှိနေသည်။ ပရိသတ်များက အဝေးမှ ကြည့်နေကြသည့်တိုင် သူတို့က ထိုဖိအားကို ခံစားကြရသည်။ နှစ်စဉ်ပြုလုပ်သော ပြိုင်ပွဲက သာမန်ပြိုင်ပွဲ မဟုတ်ပေ။ ပြိုင်ပွဲက နောက်နှစ်အတွက် အထောက်အပံ့ ပစ္စည်းခွဲဝေမှုကို ဆုံးဖြတ်မည် ဖြစ်သည်။ တန်ခိုးကျင့်သည့် အထောက်အပံ့ ပစ္စည်းများက သူတို့၏ တိုးတက်ဖွံ့ဖြိုးမှုကို အဆုံးအဖြတ် ပေးသည်။

လက်ရှိတွင် ယွန်ယွဲ့ ကုန်သည် အုပ်စုက အချမ်းသာဆုံးဖြစ်ကာ အားကောင်းသော အခြေခံအုတ်မြစ် ရှိသည်။ သူတို့က ချမ်းသာ ကြွယ်ဝကြရာ ပိုမိုအားကောင်းသော တန်ခိုးရှင်များကို ဖိတ်ခေါ်နိုင်ကြသည်။ စိတ်ဝင်စားမှုကလည်း ပိုမိုမြင့်မားပေသည်။

ယခင်က ယန်ထန်းကလည်း ထို့ကြောင့်ပင် ယွန်ယွဲ့ကုန်သည် အုပ်စုကို ပူးပေါင်း လိုခဲ့သည်။ သူတို့က ချမ်းသာကြွယ်ဝရာ ပိုမို၍ ပေးနိုင်သည်။ မှန်သည်… မည်သည့် အင်အားစုကမှ ကပ်စီးနှဲကြသည် မဟုတ်ပေ။

ထိုအချိန်တွင် အရပ်မျက်နှာ တစ်ဖက်စီမှ လူတစ်ယောက်စီက ယွန်ယွဲ့ တိုက်ပွဲစင်မြင့် ပေါ်သို့ တက်ရောက်လာသည်။ ကျယ်ပြန့်သော နေရာကြီးက ချက်ချင်း တိတ်ဆိတ် သွားသည်။

တိုက်ပွဲစင်မြင့်ကား ကြီးမားသည်။ လူလေးယောက်က အလယ်မှ စည်တော်ကြီး ရှိနေရာသို့ တစ်ပြိုင်နက်တည်း လျှောက်လာကြသည်။ စည်တော်က ထူးခြားသည်။ သူ့တွင် မျက်နှာပြင်လေးခု ရှိသည်။ လူလေးယောက်က မျက်နှာပြင် တစ်ဖက်စီတွင် ရပ်နေကြသည်။

အင်အားစုလေးခုမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက လှမ်းကြည့်ကြသည်။ အတန်ကြာလျှင် တစ်စုံတစ်ယောက်က သူ၏လက်ကို မြှောက်ကာ စည်တော်အား တီးခတ်လိုက်သည်။ လူတိုင်းက စကားပြောနေရာမှ ရပ်လိုက်ကြသည်။

“ယွန်ယွဲ့ ကုန်သည်အုပ်စု…” ထိုလူက အော်လိုက်သည်။ သူ၏အသံက စည်တော်သံ နှင့်အတူ အဝေးသို့အထိ ပျံ့လွင့်သွားသည်။

ဘုန်း… သူက ထိုသို့ ပြောလိုက်သည်နှင့် စည်တော်သံက မြည်ဟည်း သွားပြန်သည်။ အသံတစ်သံ ကြားကြရပြန်သည်… “လျှပ်စီးကလန်…”

ထို့နောက်တွင် ဝမ်မိသားစုနှင့် ဖန်းမိသားစုတို့၏ ကိုယ်စားလှယ်များ အားလုံးက စည်တော်ကို တီးခတ်ကြသည်။ စည်တော်သံက ကောင်းကင်သို့အထိ ပဲ့တင်ထပ် သွားသည်။

ထိုနေရာ တစ်ခုလုံး တိတ်ဆိတ်နေသည်။ ထိုအရာက တိုက်ပွဲမတိုင်မီ အဖွင့်သဘောမျိုး ပြုလုပ်ကြခြင်း ဖြစ်သည်။ ထိုအရာက သစ္စာပြုခြင်းလည်း ဖြစ်သည်။ သူတို့က စည်တော်သံ နှင့်အတူ သစ္စာပြုကြသည်။ ဤသည်က အစဉ်အလာလည်း ဖြစ်သည်။ ပြိုင်ပွဲပြီးလျှင် သူတို့က ကတိတည်ရမည် ဖြစ်သည်။

ထိုလူလေးယောက်က စည်တော်တီးပြီး သော်လည်း စင်မြင့်ပေါ်မှ ပြန်လည် ဆင်းသက်လာခြင်း မရှိကြပေ။ သူတို့က ရှေးဟောင်း စည်တော်ရှေ့တွင် ရပ်ကာ နောက်လှည့် လိုက်ကြသည်။ လူအများဘက်ကို လှည့်ကာ သူတို့က ပြောသည်… “စည်းမျဉ်းက အရင်က အတိုင်းပဲ… ပထမပြိုင်ပွဲက အဆင့်နိမ့် အကာနာတွေရဲ့ ပြိုင်ပွဲပဲ… ရလဒ်အပေါ် မူတည်ပြီးတော့ ပထမရတဲ့ လူက လေးဆယ်ရာနှုန်း၊ ဒုတိယ ရတဲ့လူက သုံးဆယ်ရာနှုန်း၊ တတိယ ရတဲ့လူက နှစ်ဆယ် ရာနှုန်းနဲ့ နောက်ဆုံးအဆင့် ရတဲ့လူက တစ်ဆယ်ရာနှုန်း… ဘယ်သူက သဘောမတူတာ ရှိလဲ…”

မြို့ထဲတွင် မရေမတွက်နိုင်သော မိုင်းတွင်းများ ရှိပေသည်။ မည်သည့် မိသားစုကမှ ထိုမိုင်းတွင်းများအား အမြဲတမ်း အပိုင်စီး၍ မရပေ။ ထိုအရာက စစ်ဖြစ်စေနိုင်ပေသည်။ ထို့ကြောင့် သူတို့က ရှေးပဝေသဏီက ကျင့်သုံးလာသော စည်းမျဉ်းများအတိုင်း ကျင့်သုံးကြသည်။ ထိပ်သီး အင်အားစု လေးခုက အတူတူ မိုင်းတွင်းများကို တူးကြသည်။ သူတို့က နှစ်စဉ်နှစ်တိုင်း  ပြိုင်ပွဲကျင်းပကာ လာမည့်နှစ် အတွက် မိုင်းတွင်းများအား ခွဲဝေယူကြသည်။

ပထမပြိုင်ပွဲက အဆင့်နိမ့် အကာနာများက ယှဉ်ပြိုင်ကြမည် ဖြစ်ကာ ရလဒ်က သဘာဝစွမ်းအင် ကျောက်တုံး မိုင်းတွင်းများ ခွဲယူမှုကို ဆုံးဖြတ်မည်ဖြစ်သည်။

မြေရိုင်းဒေသတွင် သဘာဝစွမ်းအင် ကျောက်တုံးက တန်ခိုးကျင့်ခြင်း၏ အခြေခံဖြစ်သည်။ ထိုတိုက်ပွဲ၏ အရေးပါမှုကို ပြောနေစရာပင် မလိုပေ။ အင်အားစု တစ်ခုစီက အကောင်းဆုံးများကို စေလွှတ်ကာ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

“ငြင်းစရာ မရှိဘူး…” ယွန်ယွဲ့ ကုန်သည်အုပ်စု ခေါင်းဆောင်က ထိုင်နေရာက ပြောသည်။

“ငြင်းစရာ မရှိဘူး…” လျှပ်စီးကလန်၊ ဝမ်မိသားစုနှင့် ဖန်းမိသားစုတို့ကလည်း ပြောကြသည်။

“တိုက်ပွဲစင်ထက်ကို…”  စည်တော်ရှေ့မှ လူတစ်ယောက်က ပြောသည်။ ချက်ချင်းပင် အရပ်မျက်နှာ လေးခုမှ စွမ်းအားမြင့် တန်ခိုးရှင်များက ထွက်လာကြသည်။

ဝမ်မိသားစုမှ ဝမ်ယွီရိုက ရီဖူရှင်းတို့ အုပ်စုကိုပါ ခေါ်လာကြသည်။ မရေမတွက်နိုင်သော မျက်လုံးများက သူတို့ထံ ရောက်ရှိလာကြသည်။

ရီဖူရှင်းကလည်း ထူးခြားသော ပတ်ဝန်းကျင် ခံစားမှုကို ရသည်။ အင်အားစု လေးခုက ဤသို့သောနည်းဖြင့် အထောက်အပံ့ ပစ္စည်းများကို ခွဲဝေယူခြင်းအပေါ် အံ့အားသင့်ရသည်။ တိုက်ခိုက်ရေး သမားများထံမှ ရသော ဖိအားများက ပြောနေစရာပင် မလိုပေ။ နိုဘယ်များအား ခွင့်မပြုသည်က မထူးဆန်းတော့ပေ။ ဤသို့သော အခြေအနေမျိုးတွင် နိုဘယ်များက တိုက်ခိုက်ပါက ထိန်းချုပ်ရန် ခက်ခဲမည် ဖြစ်သည်။ ဤနည်းလမ်းက ထူးဆန်းသော်လည်း ကျိုးကြောင်း ဆီလျော်သည်ဟု ရီဖူရှင်းက ခံစားရသည်။

အင်အားစု တစ်ခုစီက အဓိက တပည့်တစ်ယောက်နှင့် အကူကိုးယောက်ကို စေလွှတ်ကာ တိုက်ခိုက်ကြသည်။ သူတို့က နေရာလေးခုကို လျှောက်သွားကြကာ ရပ်လိုက်ကြသည်။ ဝမ်ယွီရိုက မြေပြင်တွင် ထိုင်လိုက်သည်။ တခြားလူများကလည်း ထိုင်လိုက်ကြသည်။ တခြား အင်အားစုများမှ ကိုယ်စားလှယ်များကလည်း ထိုင်လိုက်ကြသည်။

ယန်ထန်းက ရီဖူရှင်းအား စည်းမျဉ်းများကို ပြောခဲ့ပြီးဖြစ်သည်။ စင်မြင့်ပေါ်မှ လူများက အစီအစဉ်အတိုင်း တိုက်ခိုက်ကြမည် ဖြစ်သည်။ ဥပမာ ယွန်ယွဲ့ကုန်သည် အုပ်စုက ပထမတိုက်ပွဲအတွက် သူတို့လူများကို စေလွှတ်မည် ဖြစ်သည်။ ဒုတိယ တိုက်ပွဲက နောက်ထပ် အင်အားစု တစ်ခုမှ ဖြစ်ပေမည်။ ပြိုင်ဖက်ကိုမူကား သူတို့က မည်သည့် အင်အားစုကိုမဆို စိန်ခေါ်နိုင်သည်။ နောက်ဆုံး ဘယ်သူမှ မကျန်သောအခါ ပထမပြိုင်ပွဲက အဆုံးသတ်မည် ဖြစ်သည်။

သည်အတော အတွင်းတွင် အဓိက တပည့်က တိုက်ခိုက်မည် မဟုတ်ပေ။ နောက်ဆုံး ကျန်ရှိနေသော အကူများက ဒုတိယ အကျော့နှင့် နောက်ဆုံး အကျော့သို့ ဝင်ရောက်ရမည် ဖြစ်သည်။ မှန်သည်.. အကူများ အားလုံးက ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ရသည်လည်း ဖြစ်နိုင်ပေသည်။

ဥပမာ ဝမ်ယွီရိုကသာ ဝမ်မိသားစုဘက်တွင် တစ်ယောက်တည်း ကျန်ခဲ့ပြီး တခြား အင်အားစုများတွင် အကူများ ကျန်ရှိသေးပါက နောက်တစ်ကျော့တွင် ထွက်ရမည့် အင်အားစုကို ပြောနေစရာပင် မလိုတော့ပေ။ အင်အားစု သုံးခုက ဝမ်ယွီရိုကို ဦးစွာ ဖယ်ထုတ်မည် ဖြစ်ပေသည်။ ထို့ကြောင့် အကူများ၏ စွမ်းရည်များက လွန်စွာ အရေးပါပေသည်။

“ပြီးခဲ့တဲ့ နှစ်က ယွန်ယွဲ့ ကုန်သည်အုပ်စုက အနိုင်ရတယ်… ဒီနေ့ သူတို့က ပထမဦးဆုံး စိန်ခေါ်ရမယ်…” စည်တော်ရှေ့မှ လေးယောက်က ဒိုင်များအဖြစ် ဆောင်ရွက်ကြမည် ဖြစ်သည်။

ချက်ချင်းပင် မရေမတွက် နိုင်သော လူများက ယွန်ယွဲ့ကုန်သည် အုပ်စုမှ ဆယ်ယောက်ကို ကြည့်ကြသည်။ ရှမ်းဖေးယူက များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ နှင့်အတူ အလွန် အားကောင်းသော လူနှစ်ယောက်ကို ဖိတ်ခေါ်ထားသည်။

ထိုအချိန်တွင် ရှမ်းဖေးယူ၏ မျက်လုံးက ဝမ်မိသားစုထံကို တိုက်ရိုက် ရောက်သွားသည်။ ဝမ်ယွီရိုက မျက်မှောင်ကြုတ် လိုက်သည်။ ထိုစဉ်မှာပင် လူတစ်ယောက် ရှေ့ကို တက်လာသည်။ ထိုလူက ငွေရောင်ဝတ်စုံကို ဝတ်ထားသည်။ သူ့တွင် ဆံပင်ရှည်ကို ပိုင်ဆိုင်ထားပြီး ချောမောသည်။

“ကျိုးရှောင်ယွင်…” လူအတော် များများက သူ့အား သိကြသည်။

သူက ဝမ်မိသားစုဘက်ကို ကြည့်သည်။ ရေခဲဓာတ် စွမ်းအင်က ငွေရောင်လှံတံ တစ်လက် ဖြစ်ပေါ်လာကာ သူက ဝမ်မိသားစုဘက်ကို လှံဖြင့် ချိန်ရွယ်၍ ပြောသည်… “ကျုပ်က ဝမ်မိသားစုကို စိန်ခေါ်တယ်…”

ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ ကျိုးရှောင်ယွင်က သူ့အား တည့်တည့် ကြည့်နေခြင်း ဖြစ်သည်။ ယွန်ယွဲ့ကုန်သည် အုပ်စုက သူ့အား ပစ်မှတ်ထား နေသည်ကို နားလည် လိုက်သည်။

“ကျိုးရှောင်ယွင်… သိုင်းပညာနှင့် မှော်ပညာ ကျွမ်းကျင်တယ်… သူ့လှံနည်း စနစ်မှာ ရေခဲဓာတ်ပါပြီး ပြိုင်ဖက်ကို နှေးကွေးစေနိုင်တယ်… တိုက်ပွဲက အမြန်နှုန်း လိုအပ်တယ်… ကျွန်မတို့က သူ့လှံရဲ့ လှည့်ကွက်ထဲ ကျသွားလို့ မရဘူး…” ဝမ်ယွီရိုက မိမိကိုယ်ကို ပြောနေဟန် ရသော်လည်း သူမက ရီဖူရှင်းတို့ အုပ်စုအား ကြည့်နေသည်။ သူမက ပြောသည်… “တစ်ယောက်ကို လွှတ်လိုက်…” သူမက ရီဖူရှင်းတို့အုပ်စု၏ အရည်အချင်းကို ကြည့်ရမည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ယူချင်း…”

ယူချင်းက ထရပ်သည်။ သူ၏ ကြီးမား သန်မာသော ခန္ဓာကိုယ်က လူတိုင်း၏ အမြင်အာရုံကို ကွယ်လုနီးပါးပင်။ သူက လမ်းလျှောက် ထွက်လိုက်သည်။

“သတိရပါ… မြန်မြန် အဆုံးသတ်…” ဝမ်ယွီရိုက သတိပေးသည်။

ယူချင်းက ပြန်မပြောပေ။ သူက ကျိုးရှောင်ယွင်ထံသို့ လျှောက်သွားသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော လူများက သူတို့ နှစ်ယောက်အား ကြည့်ကြသည်။

ယန်ထန်းနှင့် ယန်ရီတို့က စိုးရိမ်စွာ ကြည့်နေကြသည်။ ဤတိုက်ပွဲက သူတို့အတွက် အလွန်အရေး ပါသည်။

မှန်သည်… ဝမ်လင်းဖန်လောက် စိုးရိမ်သောလူ မရှိတော့ပေ။ လူအုပ်ထဲတွင် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရှေ့ကို ကြည့်နေသည်။ သူ၏ အသက်ရှူသံပင် ရပ်သွားသလား ထင်နေရသည်။ ဤတိုက်ပွဲက သူ၏ကံကြမ္မာအား ဆုံးဖြတ်မည် ဖြစ်သည်။ အကယ်၍ ယူချင်းရှုံးနိမ့်ပါက သူ၏ဆုံးဖြတ်ချက် မှားယွင်းသည်ဟု ဆိုလိုပေသည်။

ဟူး…

ဝမ်လင်းဖန်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။ သူ၏ မျက်လုံးက ဝင်းလက်နေသည်။ သူက ဤတိုက်ပွဲတွင် အလောင်းအစား လုပ်ထားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset