ဝမ်ယွီရိုက ရီဖူရှင်းတို့ အုပ်စုအား ကြည့်သည်။ ဝမ်လင်းဖန်က သူတို့အား ခေါ်ယူထားခြင်း ဖြစ်သည်။ သည်ပြိင်ပွဲက ဝမ်ယွီရိုအတွက် အလွန် အရေးပါသည်။ သူမ အတွက်သာ မဟုတ်ပေ… ဝမ်မိသားစု အတွက်လည်း အလွန် အရေးပါသည်။ သူမက အနိုင်ရရန် လိုသည်။ အင်အားကြီး အဖွဲ့လေးဖွဲ့၏ ပြိုင်ပွဲတွင် တိုက်ပွဲ တစ်ခုစီတိုင်းက အရေးပါသည်။
ရီဖူရှင်းကလည်း ဝမ်ယွီရိုအား ကြည့်သည်။ သူက ချောမောကာ နုပျိုသည်။ သူမက ယောက်ျားနှင့် မိန်းမနှစ်မျိုးလုံး၏ ကောင်းသော အချက်များ ရှိသည်။
သူမက ရီဖူရှင်းအား ထွင်းဖောက် မြင်ရသည့် အလား တိုက်ရိုက် စိုက်ကြည့်နေသည်။ အကယ်၍ ရီဖူရှင်းတို့အုပ်စုက သာမန် လူများသာ ဆိုပါက ထိုအရာက အကူအညီ မရသည့်အပြင် သူမအား ပြဿနာများပင် ပေးပေလိမ့်မည်။
“ဘယ်သူ တိုက်ခိုက်မှာလဲ…” ဝမ်ယွီရိုက ရီဖူရှင်းတို့ အုပ်စုကို မေးသည်။
“ကျုပ်တို့ထဲက ဘယ်နှယောက်လိုလဲ…” ရီဖူရှင်းက ပြန်မေးသည်။ ရီဖူရှင်း၏ စကားကို ကြားလျှင် ဝမ်ယွီရို၏ မျက်လုံးများက အရောင်လက် သွားသည်။ သူ၏လေသံများအရ သူ၏ ယုံကြည်မှုများကို မြင်နေရသည်။ မည်မျှ မာနကြီးသော လူနည်း…။
ဝမ်ယွီရို၏ အနီးမှ လူများက ရှေ့ကို တိုးလာကာ ရီဖူရှင်းတို့ အုပ်စုအား ကြည့်ကြသည်။ အကယ်၍ ရီဖူရှင်းတို့ အုပ်စုကသာ ပူးပေါင်းပါက သတ်မှတ် အရေအတွက်ထက် ကျော်သွားလိမ့်မည်။ သူတို့အထဲမှ လူတချို့က ထွက်ခွာ သွားရမည်။ ပုံမှန်အားဖြင့် ဝမ်ယွီရိုကလည်း သူမနှင့်အတူ လူကိုးယောက်ကို ခေါ်ထားပေသည်။ ဆိုလိုသည်က ရီဖူရှင်းတို့ အုပ်စုက ပူးပေါင်းပါက ထိုလူကိုးယောက်ထဲမှ လူတချို့က ထွက်ခွာသွားရန် လိုအပ်ပေသည်။
“ရှင်တို့ထဲက ဘယ်နှယောက် တိုက်ခိုက်နိုင်လဲ…” ဝမ်ယွီရိုက ထပ်မေးသည်။ နှစ်ဖက်လုံးက ပြန်မဖြေသေးကြပေ။
“သုံးယောက်က လုံလောက်လား…” ရီဖူရှင်းက မေးသည်။
“ရှင်တို့ သုံးယောက်လုံးက အဆင့်နိမ့် အကာနာလား…” ဝမ်ယွီရိုက ထပ်မေးသည်။ ရီဖူရှင်းက အကာနာ အဆင့်နှစ် ဖြစ်သည်ဟု ဝမ်လင်းဖန်ထံမှ သူမက ကြားထားသည်။ ထိုအဆင့်အား သူမက ပြိုင်ပွဲတွင် လိုအပ်ပေသည်။ အကယ်၍ သူတို့ထဲတွင် အလယ်အလတ် အကာနာ တန်ခိုးရှင် ရှိပါကလည်း ပိုကောင်းပေသည်။ သူမက တခြားသော သူမ၏မိသားစုများအား ရီဖူရှင်းတို့ထဲမှ တစ်ယောက်ကို ပေး၍ ရပေသည်။
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူနှင့် ယူချင်းတို့ နှစ်ယောက်လုံးက အကာနာ အဆင့်နှစ်ဖြစ်ပြီး ရီဝူချင်းက အဆင့်သုံးဖြစ်သည်။ သို့သော်လည်း သူတို့က မည်သည့် အချိန်တွင်မဆို သူတို့၏လက်ရှိအဆင့်မှ နောက်တစ်ဆင့် တက်ရောက်၍ ရနေပြီဖြစ်သည်။
အင်အားကြီး လေးဖွဲ့၏ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက သူတို့ရင်ဆိုင်ရမည့် ပြိုင်ဖက်၏ တန်ခိုးအဆင့်အား ကန့်သတ်ချက် ရှိပေသည်။
“ရှင်တို့က စည်းမျဉ်းတွေကို သိလား…” ဝမ်ယွီရိုက မေးသည်။
“သိတယ်…” ဤနေရာသို့ မရောက်လာမီ ကတည်းက ယန်ထန်းက သူတို့အား ပြိုင်ပွဲ၏ စည်းမျဉ်းများကို အကြမ်းဖျင်း ရှင်းပြပြီး ဖြစ်သည်။
“ဒီနှစ်ပြိုင်ပွဲကလည်း အရင်နှစ် အတိုင်းပဲ…” ဝမ်ယွီရိုက ပြောသည်… “အကာနာ အဆင့်ကို သုံးပိုင်းခွဲထားတယ်… အဆင့်မြင့်၊ အလယ်အလတ်နဲ့ အဆင့်နိမ့်… ကျွန်မက အဆင့်နိမ့်အကာနာပဲ… ဒီအတွက် ကျွန်မမိသားစုက အဆင့်နိမ့် အုပ်စုကို ကိုင်တွယ်ဖို့ တာဝန်ပေးထားတယ်… အခု ကျွန်မမှာ လူကိုးယောက် ရှိပြီးနေပြီ… ရှင်တို့ သုံးယောက်ပေါင်းရင် ဆယ့်နှစ်ယောက် ဖြစ်သွားပြီးတော့ သုံးယောက် ပိုသွားလိမ့်မယ်…”
ဝမ်လင်းဖန်က ရီဖူရှင်းတို့အုပ်စုအား ခေါ်လာသော်လည်း သူမက လူစိမ်းများကို ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။ သူမက ဝမ်လင်းဖန်အား လွန်စွာ ယုံကြည်သည်။ ထို့ကြောင့် ရီဖူရှင်းအား အခွင့်အရေး တစ်ခုပေးခြင်း ဖြစ်သည်။ သို့တိုင်အောင် ရီဖူရှင်းအား လုံးဝ ယုံကြည်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူမက ရီဖူရှင်းအား ဖိအား အနည်းငယ်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူမက ရီဖူရှင်းအား တစ်စုံတစ်ခု သက်သေပြန်ရန် လိုလားပေသည်။
ရီဖူရှင်း၏ နောက်တွင် ရပ်နေသော ယန်ထန်းနှင့် ယန်ရီတို့က ထိုဖိအားကို ခံစား၍ ရသည်။ သိမ်မွေ့နူးညံ့သော မိန်းကလေး တစ်ယောက် ဖြစ်သည့်တိုင် ဝမ်ယွီရိုက အားကောင်းသော တန်ခိုးရှင်များကို ထိန်းချုပ်နိုင်သည်။ သူ့အတွက် ပြိုင်ပွဲဝင်ရန် စာရင်းပေးခြင်းက လွန်စွာ လက်တွေ့မကျသော ဆုံးဖြတ်ချက် ဖြစ်သည်ကို ယန်ထန်းက ရိပ်မိသည်။ ဝမ်ယွီရိုရှေ့တွင် ရပ်နေခြင်းကပင် သူ့အား ပြင်းထန်သော ဖိအားကို ခံစားရသည်။ သူက စင်မြင့်ထက်တွင် ရန်သူကို မည်သို့ ရင်ဆိုင်ရမည်နည်း။ သို့သော်လည်း ရီဖူရှင်းက ဘာမှ ဖြစ်ဟန်မရပေ။ ဝမ်ယွီရို၏ အားကောင်းသော အရှိန်အဝါက သူ့အား ဘာမှ ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
ဝမ်ယွီရို တစ်ယောက်တည်းကသာ ရီဖူရှင်းအား စိုက်ကြည့်နေကြသည် မဟုတ်ပေ။ သူမ၏ဘေးမှ လူကိုးယောက်ကလည်း ထက်ရှသော မျက်လုံးများဖြင့် ရီဖူရှင်းတို့ကို ကြည့်နေကြသည်။ သူတို့အထဲမှ တချို့မှာ နာမည်ကျော် ပါရမီရှင်များ ဖြစ်ကြကာ သူတို့အား ခေါ်ယူရန် လွန်စွာ ကြိုးစား အားထုတ်ခဲ့ရသည်။ သို့သော်လည်း ရီဖူရှင်းတို့ အုပ်စုက ရုတ်တရက် ပေါ်လာကာ သူတို့အား ပယ်ထုတ်ရန် ကြိုးစားနေသည်။ ဘယ်လောက် အဓိပ္ပာယ်ကင်းမဲ့ လိုက်သနည်း။
ရီဖူရှင်းက ဝမ်ယွီရို၏ မျက်လုံးများကို ကြည့်သည်။ ထို့နောက် သူက ဝမ်လင်းဖန်ဘက်ကို လှည့်ကာ ပြောသည်… “ကျုပ်တို့ သဘောတူ ထားတာကို သတိရပါ…”
ဝမ်လင်းဖန်၏ မျက်လုံးများက အရောင်လက် သွားသည်။
“ကျုပ်က ဒီနေ့ လာမယ်လို့ ပြောခဲ့တယ်… ဒါပေမဲ့ အဲဒီစစ်ဆေးမှု ဆိုတာတွေကို ကျုပ်က ခံယူမှာ မဟုတ်ဘူး… တကယ်လို့ ကျုပ်တို့ကို မယုံရင် ထွက်သွားရုံပဲ…” ရီဖူရှင်းက အသာအယာ ပြုံးကာ ပြောသည်။ ကျောက်စိမ်းဖြူ မျှော်စင်မှ ထွက်ခွာလာစဉ်က ယူချင်းက သူ၏စွမ်းရည်အား ပြသပြီးဖြစ်သည်။
ဝမ်လင်းဖန်ကား တွေဝေနေသည်။ သူက ဝမ်ယွီရိုကို ကြည့်သည်။
ဝမ်ယွီရိုကလည်း အနည်းငယ် အံ့အားသင့်ရသည်။ ဘယ်လောက် မောက်မာသည့် ကောင်လဲ… ။ သူမက ရီဖူရှင်း၏ အရည်အချင်းကို သိလိုသော်လည်း ထိုအစား ရီဖူရှင်းက ဘာမှ ဂရုမစိုက်ဟန်ဖြင့် သူမကို ပြန်လည်၍ ဖိအားပေးသည်။
“ဝမ်ယွီရို… ကျုပ်တို့က မလုံလောက်ဘူးလား…” သူမ၏ ဘေးမှ လူတစ်ယောက်က မေးသည်။
“ကျုပ်လည်း သဘောတူတယ်…အဆင့်နိမ့် အကာနာအတွက် ကျုပ်တို့မှာ ချန်းဖန်ရှိတာပဲ… ကျုပ်တို့ နောက်ထပ် ဘယ်သူမှ မလိုတော့ဘူး… ဒီလူတွေကို ကျုပ်တို့က ဘာလို့ အားကိုးရမှာလဲ… သူတို့က ဘယ်သူလဲ ဆိုတာတောင် ကျုပ်တို့ မသိဘူး… ပြီးတော့ ကျုပ်တို့က ပြိုင်ပွဲဝင်ခွင့်ရဖို့ ကတိရထားပြီးပြီ… ဘယ်သူမှ လူစိမ်းတွေနဲ့ အစားထိုးခံရမှာကို သဘောမကျဘူး…” တချို့က သဘောမကျစွာ ပြောသည်။ ဝမ်ယွီရိုက ထိုလူများအား ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့အားလုံးက စမ်းသပ်မှုများ အားလုံးကို ဖြတ်ကျော်ကာ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
ရီဖူရှင်း၏ စကား အနည်းငယ်ကြောင့် သူတို့က အဘယ်ကြောင့် ထွက်ခွာ သွားရမည်နည်း။ ထို့အပြင် ထိုကိုးယောက်ထဲတွင် မည်သူက ထွက်ခွာသွားရမည်နည်း…။
ဝမ်ယွီရိုကား တွန့်ဆုတ်နေသည်။ ရီဖူရှင်းက သူမအား ရွေးချယ်ရန် ဖိအားပေးနေသည်။
သူမက ဝမ်လင်းဖန်အား ကြည့်ကာ ပြောသည်… “ဒီလူတွေက နင့်လူတွေပဲ… နင်ဆုံးဖြတ်…” ထိုအရာက သာမန် စကားတစ်ခွန်းသာ ဖြစ်သည်။ သို့သော် ထိုစကားက ဝမ်လင်းဖန်အား ဖိအားများစွာ သက်ရောက်စေသည်။ သူက ဆုံးဖြတ်ချက် ချရမည်ဖြစ်သည်။
ထိုအရာက ဘာကို ဆိုလိုသည်ကို ဝမ်လင်းဖန် သိသည်။ အကယ်၍ သူက ရီဖူရှင်းတို့အား ရွေးခဲ့ပါက ရီဖူရှင်းတို့ ရှုံးနိမ့်ခဲ့လျှင် သူကလည်း အရာအားလုံး ဆုံးရှုံးမည်ဖြစ်သည်။ သူက မိသားစုထဲတွင် ဘာမှ ပြောပိုင်ခွင့် ရတော့မည် မဟုတ်သလို ဝမ်ယွီရို၏ ယုံကြည်မှုကိုလည်း ရတော့မည် မဟုတ်ပေ။ အကယ်၍ ရီဖူရှင်းတို့ အုပ်စုက အနိုင်ရခဲ့ပါက ဝမ်ယွီရိုနှင့် ဝမ်လင်းဖန်တို့ နှစ်ယောက်လုံးက လွန်စွာ အကျိုးကျေးဇူး ရရှိမည် ဖြစ်သည်။
သည်ဆုံးဖြတ်ချက်က အလောင်းအစား တစ်ခုဖြစ်သည်ကို သူသိသည်။ သူက သူ၏ အနာဂတ်အား အလောင်းအစား လုပ်ရတော့မည် ဖြစ်သည်။ ရီဖူရှင်းတို့ အုပ်စုက သူ၏ အနာဂတ်ကို ဆုံးဖြတ်မည်…။
“သူတို့ကို ပြိုင်ခိုင်းလိုက်…” ဝမ်လင်းဖန်က ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောသည်။ ဆုံးဖြတ်ချက်က ပြုလုပ်ပြီး ဖြစ်သည်။ သူက မည်သည့် အကျိုးဆက်ကိုမဆို ခံယူရတော့မည် ဖြစ်သည်။ သူက ရီဖူရှင်းအား ကြည့်ကာ သူ၏ ဆုံးဖြတ်ချက် မမှားရန် မျှော်လင့်နေသည်။
“ကောင်းပြီ…” ဝမ်ယွီရိုက ခေါင်းညိတ်သည်။ သူက ရီဖူရှင်းအား လုံးဝ မယုံကြည်သေးပေ။ သူမတို့က ယခုမှ စတင်တွေ့ဆုံခြင်း ဖြစ်သည်။ ရီဖူရှင်း၏ အရည်အချင်းကို ဘယ်သူက သိသနည်း။ တန်ခိုးရှင်များက မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲလေ့ ရှိကြသည်။ ကောင်းမွန်သော စမ်းသပ် စစ်ဆေးမှု မရှိဘဲ ထိုလူများက အရည်အချင်း ရှိသည်ကို အကဲဖြတ်ရန် မလွယ်ကူပေ။
သို့သော် ဝမ်ယွီရိုက ဝမ်လင်းဖန်အား ယုံကြည်သည်။ နောက်ထပ် အကြောင်းပြချက် တစ်ခုကား သူမရွေးထားသော လူများက အကောင်းဆုံးများ မဟုတ်ပေ။ ဤပြိုင်ပွဲက လွန်စွာ ပြင်းထန်မည် ဖြစ်သည်။ ပြိုင်ပွဲဝင်များက အသက်ရှင်ရန်ပင် ခက်ခဲမည် ဖြစ်သည်။ ပုံမှန်အားဖြင့် သူမကလည်း ရီဖူရှင်းတို့ အုပ်စုကို အနည်းငယ် မျှော်လင့်မိပေသည်။
“ကျုပ်မေးထားတဲ့ အရာတွေကရော…” ရီဖူရှင်းက ဝမ်လင်းဖန်အား မေးသည်။
“မြေရိုင်းဒေသ မြေပုံနဲ့ စိတ်ဝိညာဉ် အားဆေး… ဟုတ်တယ်မလား…” ဝမ်လင်းဖန်က မေးသည်။
“အဲဒါက စိတ်ဝိညာဉ် အားဖြည့်မြက်စိမ်းပဲ… …” ရီဖူရှင်းက ပြောသည်။
“ကျုပ်တို့မှာ မြေရိုင်းဒေသ မြေပုံရဲ့ မူရင်းတစ်ခုပဲ ရှိတယ်… ဒါကြောင့် ကျုပ်က တစ်စုံတစ်ယောက်ကို ပုံတူကူးရေး ခိုင်းထားခဲ့တယ်… အဲဒါက မူရင်းအတိုင်းပဲ ဖြစ်လို့ မင်းတို့အတွက် အဆင်ပြေလိမ့်မယ်…” ဝမ်လင်းဖန်က မြေပုံကို ထုတ်ယူလိုက်ကာ ဆက်ပြောသည်… “ခင်ဗျားတို့က စည်းမျဉ်းကို သိပြီးပြီဆိုတော့ ကျုပ်က အထူးတလည် သိပ်မပြောတော့ဘူး… တကယ်လို့ ခင်ဗျားတို့ သုံးယောက်က တစ်ဖက် ရန်သူခြောက်ယောက်ကို အနိုင်ယူနိုင်ရင် ကျုပ်က မြေပုံကို ပေးမယ်… စိတ်ဝိညာဉ် အားဖြည့်မြက်စိမ်းက ရှားပါးပြီးတော့ စျေးကြီးတယ်… ခင်ဗျားတို့က ဆယ့်နှစ်ပွဲ အနိုင်ရရင် ကျုပ်က အဲဒါကို ရအောင် စီစဉ်ပေးမယ်…”
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “နောက်ဆုံး မေးခွန်းတစ်ခုပဲ… တကယ်လို့ ကျုပ်က ပြိုင်ပွဲမှာ တခြား အင်အားစုသုံးခုကို မကျေမနပ် ဖြစ်စေရင် အကျိုးဆက်က ဘယ်လိုလဲ…”
ပြိုင်ပွဲကား အင်အားကြီး လေးဖွဲ့ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူက များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များကို အနိုင်ယူမိကာ တစ်ဖက်အဖွဲ့၏ အကျိုးစီးပွားကို ထိစိုက်စေမိလျှင် သူက သေချာပေါက် ပြဿနာ တက်ပေမည်။ သူက ထိုအချင်းအရာကို စဉ်းစားရန် လိုပေသည်။
“စိတ်ချပါ… အင်အားကြီး လေးဖွဲ့ရဲ့ ပြိုင်ပွဲက နှစ်တိုင်း လုပ်နေတာ… ပြိုင်ပွဲမှာ အားလုံး လိုက်နာရတဲ့ စည်းမျဉ်းရှိတယ်… ပြိုင်ပွဲပြီးနောက် ဘယ်သူကမှ ပြဿနာ မရှာရဘူး… မဟုတ်ရင် ဘယ်သူက ပြိုင်ပွဲမှာ အင်အားစုတွေ အတွက် တိုက်ခိုက်ပေးရဲမှာလဲ…သူတို့က ခင်ဗျားတို့ကို မကျေနပ်ရင် စင်မြင့်ထက်မှာပဲ သတ်ဖို့ ကြိုးစားလိမ့်မယ်…”
“သိပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက လူဆယ့်နှစ်ယောက်အား အနိုင်ရရန် ယုံကြည်မှု ရှိသည်။
ဝမ်ယွီရိုက သူမရွေးထားသော လူကိုးယောက်ဘက်ကို လှည့်ကာ စကားပြောနေဟန် ရသည်။ ဖယ်ထုတ်ခံသော လူသုံးယောက်က သဘောကျဟန် မရပေ။ သူတို့ထဲက တစ်ယောက်က ပြောသည်… “ကျုပ်တို့က ဝမ်မိသားစုအတွက် တိုက်ခိုက်ဖို့ သဘောတူထားပြီးပြီ… စမ်းသပ် စစ်ဆေးမှုတွေကိုလည်း ကျော်ဖြတ်ပြီးပြီ… ဘာလို့ ဒီလိုဖြစ်ရတာလဲ မိန်းကလေးဝမ်…”
“မှန်တယ်… သူ့စကားလောက်နဲ့ ကျုပ်တို့က ဖယ်ပေးရမှာလား…” နောက်တစ်ယောက်က ပြောသည်။
“ကျွန်မက ရှင်တို့ကို ကတိပေးထားတာထက် သုံးဆ ပြန်လျော်ပေးမယ်…” ဝမ်ယွီရိုက ပြောသည်။
သူတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ သူတို့က ဆုံးဖြတ်ချက်အား ပြင်၍ ရမည် မဟုတ်တော့သည်ကို သိကြရာ သဘောတူ လိုက်ကြသည်။
“ကျွန်မနောက်ကို လိုက်ခဲ့…” ဝမ်ယွီရိုက ပြောကာ ထွက်သွားသည်။ ရီဖူရှင်း၊ ရီဝူချင်းနှင့် ယူချင်းတို့က သူမနောက်မှ လိုက်ပါသွားကြသည်။ အမှန်တကယ် အားဖြင့် လို့လန်ရွှီကလည်း တိုက်ခိုက်ရေး စွမ်းရည် လွန်စွာ အားကောင်းပေသည်။ သို့သော် တချို့သော အကြောင်းအရာများကြောင့် ရီဖူရှင်းက သူမအား စာရင်းမပေးခဲ့ပေ။
“ပြိုင်ပွဲစရင် တိုက်ခိုက်မယ့် လူတွေရဲ့ အစီအစဉ်ကို ကျွန်မနဲ့ ချန်းဖန်တို့က ဆုံးဖြတ်မယ်…” ဝမ်ယွီရိုက ပြောသည်။ လူတချို့က ခေါင်းညိတ်ကြသည်။ ရီဖူရှင်းက ချန်းဖန်ဟုခေါ်သော လူငယ်ကို ကြည့်သည်။
သူတို့အုပ်စုက ဝမ်မိသားစု လူများထံသို့ လျှောက်သွားကြသည်။ ထိုနေရာမှ လူအများအပြားကလည်း သူတို့ကို လှမ်းကြည့်ကြသည်။
“ယွီရို… မင်းက ပြိုင်ပွဲအတွက် ယုံကြည်မှု ရှိလား…” ဝမ်မိသားစု အကြီးအကဲ တစ်ယောက်က ပြောသည်။
“အဘိုး… သမီးကို ယုံပါ…” ဝမ်ယွီယိုက ခေါင်းညိတ်သည်။
“ကောင်းတယ်…” ထိုအကြီးအကဲက ခေါင်းညိတ်ကာ ပြုံးသည်။
ရီဖူရှင်းက ယွန်ယွဲ့ ကုန်သည်အုပ်စုအား လှမ်းကြည့်သည်။ ထိုနေရာမှ လူတချို့ကလည်း ရီဖူရှင်းတို့ အုပ်စုကို သတိထားမိကြသည်။ သူတို့က လျူလန်၊ စုမူနှင့် မှော်ဆရာဝူတို့ ဖြစ်ကြသည်။
ရီဖူရှင်းတို့ အုပ်စုက ဝမ်မိသားစုဘက်တွင် ပေါ်လာသည်ကို မြင်လျှင် စုမူက လွန်စွာ စိတ်ဝင်စားဟန် ရသည်။ သူက ရှမ်းဟိုင်အား ပြောသည်… “သခင်လေးရှမ်း… ကြည့်လိုက်…”
ရှမ်းဟိုင်က နောက်လှည့်ကာ ကြည့်လျှင် သူက ရီဖူရှင်းအား မြင်သည်။ သူ၏ မျက်လုံးက ချက်ချင်း ထက်ရှသွားကာ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်က စူးစိုက်ကြည့် နေကြသည်။
***