ရီဖူရှင်းတို့ အုပ်စု နောက်လှည့်ကာ ပြန်သွားကြသည်။ ယန်ထန်းနှင့် ယန်ရီတို့က ယူချင်းအား ထိတ်လန့်စွာ ကြည့်ကြသည်။ ယန်ရီက ပြောသည်… “အစ်ကိုရီ… ယူချင်းက အရမ်းအား ကောင်းတာပဲ…”
“သေချာတာပေါ့…” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။
“ဒါဆို အစ်ကိုကြီး ရီကရော…” ယန်ရီက စိတ်ဝင်စားစွာ မေးသည်။
“ငါက သူ့လောက် အားမကောင်းဘူး…” ရီဖူရှင်းက ရယ်မော၍ ပြောသည်။
“အာ… အစ်ကိုကြီးရီက ဝမ်မိသားစုအတွက် တိုက်ခိုက်မှာပေါ့…” ယန်ရီက မေးသည်။
“ငါတို့ စောင့်ကြည့်ရဦးမယ်…” ရီဖူရှင်းက ယန်ရီ၏ ခေါင်းကို ပုတ်ကာ ပြောသည်… “မင်းမှာ မေးခွန်းတွေ များလိုက်တာ…”
ယန်ရီက တခစ်ခစ် ရယ်သည်… “ကျေးဇူးတင်ပါတယ်… အစ်ကိုကြီးရီ…” ရီဖူရှင်းက ဝမ်မိသားစုထံမှ ဆေးတောင်းသည်ကို ကြားသည်နှင့် ရီဖူရှင်းက သူမအတွက် တောင်းပေးခြင်း ဖြစ်သည်ကို သိသည်။
ထိုစကားကို ကြားလျှင် ယန်ရီက ရီဖူရှင်းအား သူတို့အကြောင်းကို ပြောပြထားပြီး ဖြစ်သည်ကို ရိပ်မိလိုက်သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ကျေးဇူးတင်ပါတယ်.. အစ်ကိုရီ…”
သူတို့က အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူက ကျေးဇူးတင်ပေသည်။
“ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး… ကျုပ်က ခင်ဗျားတို့ကို အားကိုးရဦးမယ်… ကျုပ်တို့က ကန်ထုတ်ခံရမှတော့ ခင်ဗျားတို့အိမ်မှာ တည်းလို့ရမလား…” ရီဖူရှင်းက မေးသည်။
“ကောင်းပြီ…” ယန်ထန်းက ခေါင်းညိတ်သည်။
သူတို့အုပ်စုက သိမ်းငှက်နက်ပေါ်သို့ တက်ကာ ယွန်ယွဲ့မြို့ တစ်နေရာသို့ ပျံသန်း သွားကြသည်။
***
ရက်များစွာ ကြာသောအခါ ယွန်ယွဲ့မြို့က ယခင်ကထက် များစွာ စည်ကားလာသည်။ ယန်မိသားစုအိမ်တွင် ဂီတသံစဉ်က ရေစီးကဲ့သို့ ညင်သာစွာ ထွက်ပေါ်နေသည်။ ရီဖူရှင်းက ခြံဝင်းထဲတွင် ထိုင်ကာ ကု့ချင်း တီးနေခြင်းဖြစ်သည်။ ကု့ချင်း တီးခတ်ခြင်းက သူ၏စိတ်ဝိညာဉ် စွမ်းအားကို တည်ငြိမ်စေကာ ပိုမိုအားကောင်း စေသည်။ သည်နည်းဖြင့်သူက စိတ်ဝိညာဉ် စွမ်းအားကို အထူးတလည် လေ့ကျင့်စရာ မလိုတော့ဘဲ အဆင့်မြှင့်တင် နိုင်ပေသည်။
ဂီတသံစဉ်က နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သို့တိုင်အောင် နားထောင် နေသူများက တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။ လို့လန်ရွှီက ရီဖူရှင်း၏အနီးတွင် မျက်လုံးကို မှိတ်ကာ တိတ်တဆိတ် ထိုင်နေသည်။ သူမက လွန်စွာ တည်ငြိမ်မှုကို ခံစားရသည်။
ယန်ရီကလည်း ရီဖူရှင်း၏ ဘေးတွင် ထိုင်နေသည်။ သူမ၏ ဒူးပေါ်တွင် တင်ထားသော လက်များကို ရွေ့လျားရင်းက ယန်ရီက ရီဖူရှင်းကို ကြည့်သည်… “အစ်ကိုကြီးရီ… ရှင်က ဘယ်လိုလုပ် အားလုံးတတ် နေရတာလဲ…”
သည်ရက်ပိုင်းတွင် ရီဖူရှင်းက သူမ၏ အစ်ကို နှင့်အတူ တန်ခိုးကျင့်ခြင်းနှင့် ပတ်သက်၍ မကြာမကြာ စကားပြောတတ်သည်။ ယန်ထန်းက အလွန်လေးစား အံ့အားသင့် ရသည်။ ရီဖူရှင်း၏ ဂီတကလည်း လွန်စွာ လှပလွန်းလှသည်။ ထိုသို့သော တည်ငြိမ်သော သံစဉ်ကို သူမက တစ်ခါမှ နားမထောင်ဖူးပေ။ ထိုသံစဉ်က သူမအား စိတ်လက် ပေါ့ပါးစေကာ အရာအားလုံးကို မေ့ပျောက်နိုင်သည်။ ထိုခံစားချက်က လွန်စွာ ကောင်းမွန်သည်။
“သေချာတာပေါ့… အဲဒါ ငါပဲလေ…” ရီဖူရှင်းက အရွှန်းဖောက်သည်။
ယန်ရီက တခစ်ခစ် ရယ်သည်။ သူမ၏ အရွယ်တွင် သူမကား နုပျိုမှု လန်းဆန်းမှုများဖြင့် ပြည့်နေသည်။ သည်ရက်ပိုင်းက သူမအတွက် အပျော်ရွှင်ဆုံး နေ့ရက်များ ဖြစ်သည်။ သူမအတွက် စိတ်ပျက်ခြင်းများ စိုးရိမ်ခြင်းများ မရှိဘဲ ငြိမ်းချမ်း လွန်းလှသည်။ ယခင်က သူမက အသက်ရှင် ရပ်တည်ရန် အမြဲစိုးရိမ် ပူပန်ခဲ့ရသည်။ သူမ၏ အစ်ကိုကလည်း အပြင်တွင် လှုပ်ရှား ရုန်းကန်နေရရာ အချိန် အများစုတွင် သူမက အထီးကျန် ခဲ့ရသည်။ မည်သို့ဆိုစေ သူမက မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။
ရီဖူရှင်းက သူမတို့အိမ်အား အသက်ဝင်စေသည်။ သူက ပြုံးလိုက်သောအခါ လွန်စွာ ကြည့်ကောင်း လွန်းလှသည်။ သူ၏ ထူးခြားသော ဆွဲဆောင်အားက တခြားလူများကို လွှမ်းမိုးစေကာ တည်ငြိမ်စေသည်။ ရီဖူရှင်းအား သူမ၏ အစ်ကိုအရင်း ဖြစ်ရန်ပင် သူမက ဆုတောင်းမိသည်။ ထိုအရာက အမှန်ကောင်းမွန်သော အရာဖြစ်ပေလိမ့်မည်။
သူမ ဘာတွေးနေသည်ကို ရီဖူရှင်း မသိပေ။ အမှန်တကယ် အားဖြင့် ယန်ရီက သူ့အပေါ် မှီခိုနေသည်ကိုလည်း မသိပေ။ သူကား တခြား လူများအပေါ် မှီခိုခြင်းတွင် အသားကျနေပြီး ဖြစ်သည်။ ယခု သူကား မိမိကိုယ်ကို ရပ်တည်နေရသည်။ ထိုအဖြစ်က သူမသိလိုက်မီတွင်ပင် သူ၏စိတ်နေ သဘောထားကိုပါ ပြောင်းလဲစေဟန် ရသည်။
“အစ်ကိုရီ…” ယန်ထန်းက လျှောက်လာသည်။ သူ၏ မျက်မှောင်များက ကွေးကောက်နေကာ တစ်စုံတစ်ခုကို စိုးရိမ်နေဟန် ရသည်။
“ဘာဖြစ်လို့လဲ…” ရီဖူရှင်းက မေးသည်။
“ကျုပ် သတင်းတချို့ ရလာတယ်…” မှော်ဆရာဝူနှင့် ဓားမိစ္ဆာတို့နှင့် ပတ်သက်သော သတင်းများက တစ်မြို့လုံးကို ပျံ့နှံ့နေသည်။ တခြား အင်အားစုများကလည်း စိုးရိမ်ထိတ်လန့်ကာ တခြား အရည်အချင်း မြင့်သော အကာနာ တန်ခိုးရှင်များကို ကြေးကြီးကြီး ပေးကာ ခေါ်ယူနေကြသည်။ ထိုလူများ အားလုံးက နာမည်ကျော်များ ဖြစ်ကြသည်။ သတင်းက တောမီးလို ပျံ့နှံ့နေသည်။ သည်နှစ်၏ တိုက်ပွဲက အပြင်းထန်ဆုံး ဖြစ်လိမ့်မည်။ ထို့အတူ အင်အားစု တစ်ခုကို ကိုယ်စားပြု တိုက်ခိုက်မည့် သူကလည်း လွန်စွာ အားကောင်းရန် လိုပေသည်။
ပြိုင်ပွဲ နီးလာသည် နှင့်အမျှ ယန်ထန်းကည်း သတင်းများကို အဆက်မပြတ် စုံစမ်းနေသည်။ မည်သို့ဆိုစေ ရီဖူရှင်းက ဝမ်မိသားစုဘက်မှ တိုက်ခိုက်ရန် သဘောတူထားပြီး ဖြစ်သည်။
ထို့အတူ အန္တရာယ်လည်း များလှသည်။ အကယ်၍ သူက ရက်စက်ကာ အားကောင်းသော ရန်သူနှင့် ရင်ဆိုင်ရပါက အကျိုးဆက်က ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“အိုး…” ရီဖူရှင်းက ယန်ထန်းအား ပြုံးကြည့်သည်… “ယူချင်းလည်း အားကောင်းတယ်…”
“အစ်ကိုရီ… ကျုပ်က တကယ်ပြောနေတာ…” ယန်ထန်းက ရီဖူရှင်း၏ အလေးမထားသော ပုံဟန်ကို မြင်လျှင် ပိုမို၍ စိုးရိမ်သည်… “ယွန်ယွဲ့ကုန်သည် အုပ်စုက အစ်ကိုရီက ဝမ်မိသားစုကို ကိုယ်စားပြုတာကို မြင်တာနဲ့ သူတို့ရဲ့ သိက္ခာကို ထိန်းသိမ်းဖို့ ခင်ဗျားဆီကို အားကောင်းတဲ့လူကို စေလွှတ်မှာပဲ…”
“ကျုပ် မှတ်ထားပါ့မယ်…” ယန်ထန်း၏ လေးနက်သော အမူအရာကို မြင်လျှင် ရီဖူရှင်းက ခေါင်းညိတ် လိုက်သည်။ ယန်ထန်းက သူ့အား ကူညီရန် ကြိုးစားနေသည်ကို သူသိသည်။
“အစ်ကိုရီ… ခင်ဗျားကြိုက်တဲ့ အချိန်မှာ လက်လျှော့ လိုက်လို့ရတယ်… ကျုပ်တို့က ကုန်သည်တွေဆီကို သွားလို့ရတယ်… ကံကောင်းရင် ကျုပ်တို့က မြေပုံကို ရနိုင်တယ်…”
“ဒါဆို ဆေးအတွက်ကရော…” ရီဖူရှင်းက မေးသည်။ ယန်ရီအတွက် ဆေးလိုသည်။ သူမ၏ ဒဏ်ရာက စိတ်ဝိညာဉ် အဆင့်ဖြစ်ရာ အလွန် ပြင်းထန်သည်ဟု ပြောရမည်။ ထို့ကြောင့်ပင် သူက ကု့ချင်းအား အမြဲတမ်း တီးခတ်ကာ သူမ၏ စိတ်စွမ်းအားကို တည်ငြိမ်အောင် လုပ်ပေးခြင်းလည်း ဖြစ်သည်။
ထိုစကားကို ကြားလျှင် ယန်ထန်း တိတ်ဆိတ် သွားသည်။ ထိုအကြောင်းက သူ၏စိတ်ထဲတွင် အမြဲရှိသည်။ တစ်စုံတစ်ခု တန်ဖိုးရှိသည်ကို ရရန် သူ့အတွက် မလွယ်ကူပေ။ ထိုဆေးများက ရောင်းသည့် နေရာရှိလျှင်ပင် သူက ဝယ်ယူရန် မတတ်နိုင်ပေ။
“စိတ်မပူနဲ့… ဒါက အဆင်ပြေ လိမ့်မယ်…” ရီဖူရှင်းက ပြောသည်။
ယန်ထန်းက ခေါင်းညိတ်သည်။ သူက ဤကိစ္စအား မှတ်သားထားမည် ဖြစ်သည်။ သူက သတင်း စုဆောင်းသည်မှ အပ တခြားဘာမှ မကူညီနိုင်သည်ကို သူသိသည်။ သူက ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်ခဲ့လျှင်ပင် သူက ပြိုင်ပွဲတွင် ရှုံးနိမ့်ရန် များပေသည်။
ရက်များ တဖြည်းဖြည်းဖြင့် ကုန်ဆုံးသွားသည်။ ယွန်ယွဲ့မြို့က ပိုမို၍ စည်ကားလာသည်။ ပြိုင်ပွဲကြည့်ရန် အနယ်နယ် အရပ်ရပ်မှ လူများကလည်း အဆက်မပြတ် ရောက်ရှိလာနေကြသည်။ မည်သို့ဆိုစေ ဤဒေသတွင် အင်အားကြီး လေးဖွဲ့၏ ပြိုင်ပွဲက စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်ပေသည်။ သူတို့က ယွန်ယွဲ့မြို့တွင် အကာနာအဆင့် တန်ခိုးရှင်များ၏ အရည်အချင်းများကို မြင်တွေ့နိုင်ပေသည်။
***
နောက်ဆုံးတွင် အားလုံး စောင့်မျှော်နေသောနေ့ ရောက်လာသည်။
မရေမတွက်နိုင်သော လူများနှင့် သတ္တဝါဆန်းများက တစ်နေရာတည်းကို ပျံသန်း နေကြသည်။ ယွန်ယွဲ့မြို့၏ အလယ်တွင် လွန်စွာ ရှေးကျသော တိုက်ပွဲစင်မြင့် တစ်ခု ရှိသည်။ တိုက်ပွဲများ အားလုံးက ထိုနေရာတွင် ပြုလုပ်မည် ဖြစ်သည်။
ရီဖူရှင်းတို့ကလည်း သိမ်းငှက်နက်ကို စီးကာ မြို့လယ်ကို သွားနေကြသည်။ သူတို့ အနီးတွင်လည်း များစွာသော သတ္တဝါဆန်းများနှင့် လူများက တူညီသော အရပ်တစ်ခုကို သွားနေကြသည်။
“ကျုပ်တို့က အခု ယွန်ယွဲ့ ပြိုင်ပွဲနေရာကို ရောက်လာပြီ…. အင်အားစု လေးခုက အစောပိုင်း ကတည်းက ရောက်နေကြပြီ…” ယန်ထန်းက ရှေ့မှ ပြိုင်ပွဲစင်မြင့် နေရာကို လက်ညှိုး ထိုးကာ ပြောသည်။ လူအများက အောက်ကို ဆင်းသက်ကာ အထဲကို ဝင်ရောက်ကြသည်။
ယခု ယွန်ယွဲ့မြို့မှ အင်အားစု လေးခုလုံးက ရောက်ရှိနေကြပြီ ဖြစ်သည်။ အင်အားစု တစ်ခုစီက ထောင့်တစ်ခုစီတွင် နေရာယူထားကြကာ အားလုံး၏ အလယ်တွင်ကား လခြမ်းနှစ်ခု ပေါင်းစပ်ထားသည့် ပုံစံဖြင့် တိုက်ပွဲစင်မြင့်ကြီး တစ်ခုရှိသည်။ ထိုနေရာတွင် ရှေးဟောင်း စည်တော်ကြီး တစ်ခုကိုလည်း တွေ့ရသည်။
ဝမ်မိသားစု နေရာတွင် ဝမ်လင်းဖန်က အနည်းငယ် စိုးရိမ်သော ပုံစံ ရှိနေသည်။ သူစောင့်နေသော သူက အခုထိ ရောက်မလာသေးပေ။
သူ့နောက်တွင် လှပသော မိန်းကလေး တစ်ယောက် ရှိသည်။ သူမကား ဝမ်မိသားစု၏ လူငယ် မျိုးဆက်ထဲမှ ဝမ်ယွီရို ဖြစ်သည်။ သူမက လွန်စွာ ပါရမီ ကောင်းသည်။ ဝမ်လင်းဖန်ကလည်း တိုက်ရိုက် မျိုးဆက် ဖြစ်သော်လည်း သူက ဝမ်ယွီရိုအတွက် အလုပ်လုပ်သည်။
သူတို့က တိုက်ရိုက် မျိုးဆက်များ ဖြစ်ကြသော်လည်း အရေးပါပုံချင်း မတူပေ။ မဟုတ်လျှင် ဝမ်လင်းဖန်က တခြား အင်အားစုများတွင် သူလျှို လုပ်နေရမည် မဟုတ်ပေ။ ရီဖူရှင်း ခန့်မှန်းသလို သူက အရေးပါသော နေရာတွင် မရှိပေ။
ဝမ်ယွီရို၏ ဘေးတွင် တခြား တန်ခိုးရှင်များ ရှိကြသည်။ သူတို့ အားလုံးက ထူးခြားကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါများ ရှိကြသည်။
“အခုထိ မရောက်သေးဘူးလား…” ဝမ်ယွီရိုက မေးသည်။
“သူလာမယ်လို့ ကတိပေးထားတယ်…” ဝမ်လင်းဖန်ကား အမှန် စိတ်ပူနေသည်။ သူ၏အနာဂတ်က ရီဖူရှင်းအပေါ် မူတည်နေသည်။ သူက မိသားစုတွင် အရေးပါသော နေရာတွင် မရှိရာ တန်ခိုးကျင့်ရန် အထောက်အပံ့ ပစ္စည်းများ သိပ်မရပေ။ သူက ဝမ်ယွီရိုထံတွင် မှီခိုရသည်။ သူမကလည်း ဤပြိုင်ပွဲတွင် ဖိအားများစွာ ရှိသည်။ သူမ ကိုယ်တိုင်က ပြိုင်ပွဲဝင်မည့် လူများအား လိုက်ရှာခဲ့ရသည်။ ဝမ်လင်းဖန်က သူမအား လူတချို့ တွေ့ထားသည်ဟု ပြောသော်လည်း ထိုလူများက ယခုထိ မရောက်လာ သေးကြပေ။
“နင် ငါ့အစီအစဉ်ကို ပျက်အောင် လုပ်ရင် နင်သေပြီသာမှတ်…” ဝမ်ယွီရိုက အေးစက်စွာ ပြောသည်။ သူမက ဘေးမှ လူများကို ကြည့်သည်။ ကံကောင်းစွာဖြင့် သူမက လူတချို့ကို ခေါ်ထားနိုင်ခဲ့သည်။ သူမအတွက် တိုက်ခိုက်မည့်လူ မရှားပေ။ တကယ်ရှားသည်က အရည်အချင်း ရှိသောသူ ဖြစ်သည်။
ဝမ်လင်းဖန်က ချွေးစေး ပြန်နေသည်။ ဝမ်ယွီရိုက လှပသော်လည်း စည်းကမ်း ကြီးသည်ကို သူသိသည်။ အကယ်၍ သူမ၏ အစီအစဉ်ကို ပျက်စီးစေပါက သူ့အား ချမ်းသာပေးမည် မဟုတ်သည်ကို သူသိသည်။
သူက လူအုပ်အား ကြည့်သည်။ လူများက မရေမတွက် နိုင်အောင် တဖွဲဖွဲ ရောက်လာ နေကြသည်။ ထိုလူများ ရောက်လာပါက သူက မည်သို့ ရှာရမည်နည်း။
သူကား လူများကို အကဲခတ်ရာတွင် ကောင်းမွန်ပေသည်။ မဟုတ်လျှင် သူ့အား သူလျှိုအဖြစ် စေလွှတ်မည် မဟုတ်ပေ။ ရီဖူရှင်းတို့ အုပ်စုက မာနကြီးကာ တည်ငြိမ်သည်။ ထိုသို့သော လူများက ကတိတည်ကြမည် ဖြစ်သည်။
ရီဖူရှင်းက ရောက်နေပြီး ဖြစ်သည်။ သူက ယန်ထန်းအား အင်အားစု လေးခု၏ နေရာများကို မေးနေသည်။
သူက ယွန်ယွဲ့ကုန်သည် အုပ်စုကို မြင်သည်။ သူတို့က လူအများဆုံးဟု ထင်ရသည်။ လူအုပ်ထဲတွင် သူက ရှမ်းမောင်နှမအား တောက်ပြောင်သော အဝတ်အစားများနှင့် မြင်ရသည်။ မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့က သူ့ဘေးတွင် ရှိသည်။
တခြား တစ်ဖက်တွင်ကား ပန်းရောင် ဝတ်စုံများနှင့် လူများကို တွေ့ရသည်။ သူတို့က လျှပ်စီးကလန်မှ ဖြစ်ကြသည်။ ကွဲပြားခြားနားစွာ ဝတ်ဆင်ထားသူများက သူတို့အတွက် တိုက်ခိုက်ပေးမည့် လူများ ဖြစ်ရပေမည်။
ယွန်ယွဲ့ ကုန်သည် အုပ်စုအပြင် နောက်ထပ် ချပ်ဝတ်အင်္ကျီများ ဝတ်ဆင်ထားသော လူများကိုလည်း တွေ့ရသည်။ သူတို့တွင် အေးစက်ကာ ထက်ရှသော ကိုယ်ရောင် ကိုယ်ဝါများ ရှိကြသည်။ သူတို့က ဝမ်မိသားစု ဖြစ်သည်ဟု ယန်ထန်းက ပြောသည်။
သူတို့က ထိုနေရာသို့ လျှောက်သွားလျှင် ဝမ်လင်းဖန်ကို မြင်သည်။ ရီဖူရှင်းက လှမ်းခေါ်သည်… “ဝမ်လင်းဖန်…”
ဝမ်လင်းဖန်က နောက်လှည့် ကြည့်သည်။ ရီဖူရှင်းအား မြင်လျှင် သူ၏ မျက်လုံးများ အရောင်လက် သွားသည်… “မင်းတို့ ရောက်လာပြီ…” သူက တိုးညင်းစွာ ပြောသည်။
***