အပိုင်း (၄၀၁)

ရုပ်ဖျက်ထားသောလူ

ရီဖူရှင်းတို့ အုပ်စုအား ကြည့်နေသော ရှမ်းချိန်၏ လှပသော မျက်လုံးများက အေးစက်ကာ မောက်မာလွန်းလှသည်။ ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်သော သူများ အားလုံးက ပြိုင်ပွဲတွင် ပါဝင်ရန် စာရင်း ပေးထားကြသော်လည်း သူတို့တစ်ဖွဲ့သာ ပြိုင်ပွဲတွင် ပါဝင်ရန် စာရင်း မပေးကြပေ။ ဤသို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ဤနေရာတွင် နေရသနည်း…။

ယွန်ယွဲ့မြို့တွင် ရှိသော လူတိုင်းက ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်ခြင်းက ပြိုင်ပွဲအတွက် ပါဝင်ရန် ဖြစ်သည်ဟု ဆိုလိုသည်ကို သိကြသည်။ အကယ်၍ ရီဖူရှင်းတို့ အုပ်စုက အကူအညီ မရဘဲ ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်ပါက သူတို့က တခြား အင်အားစုများ၏ သူလျှိုများလား…။

မှန်သည်… သူတို့က သူလျှိုများ မဟုတ်လျှင်လည်း ကိစ္စမရှိပေ။ မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့အား သူတို့ ရထားသည်။ ကျောက်စိမ်းဖြူ မျှော်စင်ကား လူပြည့်နေပြီ…။ သူတို့က လူတချို့အား နှင်ထုတ်ရန် လိုအပ်ပေသည်။

လူအများအား ပြဿနာ ရှာမိမည်ကိုမူကား ယွန်ယွဲ့ ကုန်သည် အုပ်စုက ဂရုမစိုက်ပေ။ သူတို့က မှော်ဆရာဝူနှင့် ဓားမိစ္ဆာတို့အား စိတ်ကျေနပ်အောင် လုပ်ရန်သာ လိုအပ်ပေသည်။ သူတို့က ရီဖူရှင်းတို့ အုပ်စုနှင့် အချိန်ဖြုန်းနေ၍ မရပေ။ အကယ်၍ သူတို့က ကောင်းကောင်းမွန်မွန် နှင်ထုတ်၍ မရလျှင် အတင်းနှင်ထုတ် ရပေမည်။

သဘာဝစွမ်းအင် ကျောက်တုံးများ မြေပြင်ပေါ်တွင် တောက်ပ လင်းလက်စွာ ပြန့်ကျဲနေကြသည်။

ယန်ထန်းနှင့် ယန်ရီတို့၏ မျက်နှာများက ပြာနှမ်း နေကြသည်။ ခေါင်းငုံ့ကာ ယန်ထန်းက လက်သီး တင်းတင်းဆုပ်၍ ရှမ်းချိန်အား ပြောသည်… “မိန်းကလေးရှမ်း… ကျုပ်မိတ်ဆွေက ပြိုင်ပွဲမှာပါဖို့ ဆုံးဖြတ်ပြီးပြီ…” ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် ရင်ဆိုင်ရရာတွင် သူတို့က ဘာမှ ပြန်ပြောနိုင်စွမ်း မရှိပေ။

ရှမ်းချိန်က ယန်ထန်းအား ကြည့်ကာ ပြုံးသည်။ ယန်ထန်းက သည်ရက်ပိုင်းတွင် သူတို့အနီး၌ ရိုကျိုးသည့် အမူအရာဖြင့် ရှိနေခဲ့သည်။ ယန်ထန်း ဘာလိုသည်ကို သူမကလည်း သိသည်။ ထိုနည်းလမ်းဖြင့် ချဉ်းကပ် သူများက ပုံမှန်အားဖြင့် အရည်အချင်း ရှိသူများ မဟုတ်ကြပေ။ ထို့ကြောင့်လည်း သူမက ရီဖူရှင်းတို့ အုပ်စုကိုပါ အထင်မကြီးခြင်း ဖြစ်သည်။ အမှန်တကယ် မာနရှိသူများက ယန်ထန်းကဲ့သို့ ပြုမူမည် မဟုတ်ပေ။ တူညီသော စရိုက်သဘာဝ ရှိသူများကသာ အုပ်စုဖွဲ့တတ် ကြသည်။ ရီဖူရှင်းတို့က ယန်ထန်းနှင့် အတူတူ ရှိနေပါက သူတို့ကလည်း ယန်ထန်း ကဲ့သို့သာ ဖြစ်ရပေမည်။

“ငါတို့ နှစ်နေရာ လိုတယ်… မင်းရဲ့နေရာကိုလည်း လက်လျှော့ လိုက်တော့…” ရှမ်းချိန်က ပြောသည်။ သူမက သဘာဝစွမ်းအင် ကျောက်တုံး တချို့အား ယန်ထန်းထံ လှမ်းပစ်လိုက်သည်။

“ရှင်တို့က အရမ်းလွန်တာပဲ…” ယန်ယီ၏ မျက်လုံးများက နီရဲလာသည်။ သူမ၏ အစ်ကိုက ထိုအခွင့်အရေး အတွက် အရာအားလုံးကို ရင်းနှီးခဲ့ရသည်။ ယခု ရှမ်းချိန်က ထိုမျှော်လင့်ချက်များ အားလုံးကို စကားတစ်ခွန်းတည်းဖြင့် ရိုက်ချိုးလိုက်သည်။

“မြန်မြန်…” ရှမ်းချိန်က ပြုံးလျက် ပြောသည်။ သူမ၏ အသံက တည်ငြိမ်သည်။ သူမက နောက်လှည့်ကာ မှော်ဆရာဝူအား ပြောသည်… “ရှင်တို့က ခဏလေးတော့ စောင့်ရလိမ့်မယ်…” သူမက ညင်သာစွာ ပြောသည်။

“ဒါ အဆင်ပြေတယ်…” မိစ္ဆာဓား၏ မျက်လုံးက ရီဝူချင်းထံ ရောက်လာသည်။ ဓားသမားက တစ်ဖက်လူ၏ ကိုယ်ရောင် ကိုယ်ဝါကို ခံစားနိုင်သည်။ ထိုလက်တစ်ဖက်ပြတ် ဓားသမား၌ ကျောတွင် ဓားနှစ်လက် သိုင်းလွယ် ထားသည်။ သူ့ထံမှ ပုံမှန်မဟုတ်သော ခံစားချက်ကို ရသည်။

ခွပ်…

ယူချင်းက လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျှင် အရိုးကျိုးသံ နှင့်အတူ ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာသည်။ သူ၏ အကျင့်စရိုက်အရ ရီဖူရှင်းအား တစ်ပါးလူက စော်ကားသည်ကို သူက သည်းမခံနိုင်ပေ။ ယခင်ကဆိုလျှင် သူက ထိုလူများအား တိုက်ခိုက်ပြီး နေလောက်ပြီ ဖြစ်သည်။ သို့သော် ယခု သူတို့က ပြင်ပလောကတွင် ဖြစ်ကာ ခြေတစ်လှမ်း မှားခြင်းက အသတ်ခံရ နိုင်ပေသည်။ သူက သည်းခံကာ သူ၏ဒေါသကို ထိန်းချုပ်ရန် လိုသည်။

ယန်ရီ၏ မျက်လုံးများက နီရဲနေသည်။ သူမက ခါးကုန်းကာ သဘာဝ စွမ်းအင် ကျောက်တုံးများကို စတင် ကောက်ယူသည်။ ထိုအရာက အရှက်ရစရာ ကောင်းသည်ကို သူမသိသည်။ သို့သော် ဘာဖြစ်လဲ… ။ သူမက ယခင်ကတည်း ဤသို့ အတွေ့အကြုံမျိုး ကြုံဖူးသည်။ ဤသည်များက သူမ၏အစ်ကိုတွင် ရှိသမျှသော ပိုင်ဆိုင်မှုများဖြစ်သည်။

ယန်ရီ၏ပုံစံကို ကြည့်ကာ ရီဖူရှင်းက မသက်မသာ ခံစားရသည်။ သူက ဒူးထောက်ကာ သူမအား ပြုံးလျက် ပြောသည်… “ရီကလေး… ရတယ်…ဘာမှ မဖြစ်ဘူး…”

“ဟုတ်ကဲ့…” ယန်ရီက ရီဖူရှင်းအား ပြန်ကြည့်ကာ ပြုံးပြသည်။ သူမ၏ မျက်လုံးများက နီရဲနေသည်။ ရီဖူရှင်းက သူမ၏ မျက်လုံးများမှ မျက်ရည်များကို မြင်ရသည်။ လို့လန်ရွှီနှင့် ရီဝူချင်းတို့ကလည်း ခါးကုန်းကာ သူမအား ကူ၍ သဘာဝစွမ်းအင် ကျောက်တုံးများကို ကောက်ပေးကြသည်။

ပတ်ဝန်းကျင်မှ လူများက ထိုမြင်ကွင်းကို ကြည့်ကာ ရယ်မောကြသည်။ ထိုအရာက ရီဖူရှင်းတို့ အုပ်စုအတွက် သည်းမခံနိုင်စရာပင်။ သို့သော်လည်း ဤသို့သော အဖြစ်က ပုံမှန်သာ ဖြစ်သည်။ ကျောက်စိမ်းဖြူ မျှော်စင်က သူတို့အား ထွက်သွားရန် ယဉ်ကျေးစွာ ပြောဆိုခဲ့သည်။ သို့သော် ရီဖူရှင်းက ဘာကြောင့်လဲဟု ပြန်မေးနေသည်။ သူတို့က အရှက်ခွဲခံရန် လုပ်နေသည်နှင့် တူလှသည်။ သူတို့က တန်ခိုးရှင် လောက၏ စည်းမျဉ်း စည်းကမ်းများကို နားမလည် ကြဘူးလား…။

မီးလျှံမိန်းကလေး လျူလန်က ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်သည်။ ထို့နောက် သူမက မှော်ဆရာဝူအား ကြည့်သည်။ ဓားမိစ္ဆာကလည်း သဘာဝစွမ်းအင် ကျောက်တုံးများကို ကောက်နေသော ရီဝူချင်းကို မြင်သည်။ သူကား စိတ်ပျက်နေသည်။ ထိုလူက တကယ့် ဓားသမား ဖြစ်မည်ဟု သူက ထင်မှတ်ခဲ့သည်။ ကြည့်ရသည်မှာ သူက မှားယွင်းခဲ့သည်။

“ကောင်းပြီ…” ရီဖူရှင်းက ကျောက်တုံးများအား ကောက်ယူပြီးနောက် ပြောသည်… “သွားစို့…” ရီဖူရှင်းက ကျောက်တုံးများအား ကောက်ယူပြီးနောက် ရယ်မောလိုက်သည်။ လူတိုင်းက ခေါင်းညိတ်ကာ သူတို့အုပ်စုက အပြင်ကို ထွက်ခွာလာကြသည်။

“မင်းက ဓားပညာကို လေ့ကျင့်ဖို့ မထိုက်တန်ဘူး…” အသံတစ်သံကို ကြားရသည်။ လူအများအပြားက ထိတ်လန့် သွားကြသည်။ ပြောလိုက်သူကား တွမ့်ချီ ဖြစ်သည်။ သူက ထိုနေရာတွင် ရှမ်းမောင်နှမ နှင့်အတူ အရက်ကို ဇိမ်ခံသောက်ကာ တိတ်တဆိတ် ထိုင်နေသည်။ သို့သော် သူက ဘယ်သူ့ကို ပြောနေသည်ကို လူတိုင်းက သိကြသည်။

ရီဝူချင်း၏ ခြေလှမ်းများ ရပ်တန့် သွားသော်လည်း သူ၏ အမူအရာက ဘာမှ ပြောင်းလဲခြင်း မရှိပေ။ ထို့နောက် သူက ဘာမှ မပြောဘဲ ထွက်သွားသည်။

ရီဖူရှင်းတို့ အုပ်စုက ကျောက်စိမ်းဖြူ မျှော်စင်မှ ထွက်ခွာသွားသည်။ သို့သော်လည်း ထိုအဖြစ်အပျက် တစ်ခုလုံးကို အရက်ဆိုင်၏ ထောင့်တစ်နေရာမှ တိတ်တဆိတ် စောင့်ကြည့်နေသူ တစ်ယောက်လည်း ရှိပေသည်။ ယခု ထိုလူကတည်း အရက်ဆိုင်မှ တိတ်တဆိတ် ထွက်ခွာသွားသည်။ လူအများအပြားက အရက်ဆိုင်အား ဝင်လိုက် ထွက်လိုက် သွားလာနေကြရာ သူ့အား မည်သူကမှ သတိမထား မိကြပေ။

မျှော်စင်မှ ထွက်ခွာ လာပြီးနောက် ရီဖူရှင်းက ယန်ထန်းအား ကြည့်သည်… “အစ်ကိုယန်… ကျုပ်စိတ်မကောင်းပါဘူး…”

“ဒါက အစ်ကိုရီနဲ့ မဆိုင်ပါဘူး… ယွန်ယွဲ့ကုန်သည် အုပ်စုက အရမ်း ရိုင်းစိုင်းတာပဲ… ကျွန်တော်က ခံသင့်ခံထိုက်လို့ ခံရတာပဲ… သူတို့ဆီကို သွားလေလေ သူတို့က ကျုပ်ကို မလေးမစား သဘောထားလေပဲ…” ယန်ထန်းက မိမိကိုယ်ကို သရော်ဟန်ဖြင့် ပြောသည်။ ရှမ်းမောင်နှမက သူ့အား အနည်းငယ် အလေးထား လာသည်ဟု တွေးခဲ့သော်လည်း အမှန်တကယ် အားဖြင့် သူ့အား မည်သည့် အခါကမှ ဂရုမစိုက်ခဲ့သည်ကို သိလိုက်ရသည်။ ထိုအရာက အရေးမပါသော လူများအတွက် ကံဆိုးမိုးမှောင်ကျမှု တစ်ခုလည်း ဖြစ်သည်။

“တကယ့် အရည်အချင်းကပဲ လူတွေရဲ့ လေးစားမှုကို ရနိုင်တယ်…” ယန်ထန်းက လေးနက်စွာ ပြောသည်။ သူက ထိုအချက်အား ရှမ်းမောင်နှမတို့၏ အပြုအမူများမှ သဘောပေါက် နားလည်ခဲ့သည်။

“အစ်ကိုရီ…” ယန်ထန်းက ဆက်ပြောသည်… “တကယ်က ကျုပ်က အစကတည်းက မှားနေတာ… ကျုပ်က ခင်ဗျားကို ယွန်ယွဲ့ကုန်သည် အုပ်စုကို ဝင်ဖို့ အမြဲတမ်း ဖိတ်ခေါ်ခဲ့တယ်… ဒီလို ဖြစ်လာမယ်လို့ ကျုပ်မထင်ထားဘူး… ခင်ဗျားမှာ ဘာအစီအစဉ်တွေ ရှိလဲ…”

“ကျုပ် မစဉ်းစားရသေးဘူး… ခင်ဗျားကရော…” ရီဖူရှင်းက မေးသည်။

“ဒီမှာက ယွန်ယွဲ့ ကုန်သည် အုပ်စုတစ်ခုတည်း မဟုတ်ဘူး… ကျုပ်မှာ သက်သေပြဖို့ ဘာစွမ်းရည်မှ မရှိဘူး… ဒါပေမဲ့ ကျုပ်က တန်ခိုးကျင့်ဖို့ အထောက်အကူ ပစ္စည်းတွေရအောင် ကြိုးစားရမယ်… ကျုပ်က အလွယ်တကူ လက်မလျှော့နိုင်ဘူး… ကျုပ်က နောက်အင်အားစု တစ်ခုကို ကြိုးစားကြည့်မယ်…” ယန်ထန်းက ပြောသည်… “အစ်ကိုရီ… ခင်ဗျား ဘယ်လို ထင်လဲ…”

ရီဖူရှင်းက ယန်မောင်နှမအား ကြည့်သည်။ ယန်ရီက ခေါင်းငုံ့နေသည်ကို မြင်လျှင် ယန်ထန်းက အဆင်ပြေသည့် ပုံစံ ဟန်ဆောင်နေသည်ကို သူသိသည်။ သူလုပ်ခဲ့သမျှက သူ၏ညီမအတွက် ဖြစ်သော်လည်း သူက သူ့အတွက်ဟု ပြောနေသည်။

“ဒါက ခံရခက်တယ်… ကျုပ်က နောက်တစ်ခါ မခံစားချင်တော့ဘူး…” ရီဖူရှင်း ပြောသည်… “ပြိုင်ပွဲစတဲ့အခါ ကျုပ်ကို ပြောပါ… ကျုပ်လာခဲ့မယ်…” သူက နောက်ထပ် အင်အားစု တစ်ခုသို့ ဝင်ရန် အစီအစဉ် မရှိပေ။

“ကောင်းပြီ…” ယန်ထန်းက ခေါင်းညိတ်သည်။ ရီဖူရှင်းတွင် ဘာအကြံ ရှိသည်ကို သူမသိပေ။

“ခဏနေဦး…” သူတို့နောက်မှ အသံတစ်သံကို ကြားရသည်။ ရီဖူရှင်းအုပ်စု နောက်လှည့်လျှင် လူတစ်ယောက် ပြေးလာသည်ကို မြင်သည်။ ထိုလူကား သူတို့ကဲ့သို့ အသက်နှစ်ဆယ် ဝန်းကျင်ခန့် ရှိသည်။ သူက ရိုးရှင်းသော ဝတ်စုံကို ဝတ်ထားကာ သာမန် ရုပ်ရည်ရှိသည်။ သူက လူအုပ်ကြားတွင် သိပ်ဆွဲဆောင်မှု မရှိသောပုံစံ ဖြစ်သည်။

“ခင်ဗျား…” ယန်ထန်းက မေးသည်။ သူက ထိုလူအား မြင်ဖူးသည်။ ထိုလူသည်လည်း ကျောက်စိမ်းဖြူ မျှော်စင်တွင် ရှိနေခဲ့သည်။

အသစ်ရောက်လာသူက ရီဖူရှင်းတို့ အုပ်စုအား နှုတ်ဆက်သည်… “ကျုပ်နာမည် ဝမ်လင်းဖန်ပါ…”

ယန်ထန်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ပုံမှန်အားဖြင့် သူက သိပ်တွေးမည် မဟုတ်သော်လည်း လက်ရှိအချိန်ကား ပုံမှန်နှင့်မတူပေ။ ဝမ်မျိုးရိုး တစ်ယောက်က ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်ခဲ့ကာ သူတို့ထံ ရောက်လာပါက သူက သံသယ ဝင်မည်ဖြစ်ပေသည်။ အင်အားစုများက တစ်ဖွဲ့နှင့်တစ်ဖွဲ့ သူလျှိုလွှတ်သည်ကို သူက ကြားဖူးသည်။

“ခင်ဗျားက ဝမ်မိသားစုကလား…” ယန်ထန်းက မေးသည်။

“ဟုတ်တယ်…” ဝမ်လင်းဖန်က ခေါင်းညိတ်သည်… “ကျုပ်တို့ နောက်တစ်နေရာမှ ပြောကြမလား…”

ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည်… “ခင်ဗျားက ဒီထက် ဖုံးကွယ်ထားမယ် ဆိုရင်တော့ မရဘူး…”

ဝမ်လင်းဖန်၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက လက်ဖြင့်သူ၏ မျက်နှာကို ပွတ်လိုက်လျှင် မျက်နှာပေါ်မှ မိတ်ကပ်များက ပျက်ပြယ်သွားပြီး သူ၏ရုပ်က မူလကထက် များစွာ ချောမော ပြောင်းလဲ သွားသည်။

“ကျုပ်က ဒီလိုလုပ်မှ ဖြစ်မှာမလို့ပါ… တောင်းပန်ပါတယ်…” ဝမ်လင်းဖန်က ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်ကာ ခေါင်းညိတ်သည်… “ခုနက ဖြစ်ခဲ့တာတွေကို ကျုပ်မြင်တယ်… ခင်ဗျားတို့က ဝမ်မိသားစုအတွက် တိုက်ခိုက်ဖို့ ဆန္ဒရှိလား…”

“ကျောက်စိမ်းဖြူ မျှော်စင်မှာ သူလျှိုလုပ်ပြီး စောင့်ကြည့်တာက ထိပ်သီး အင်အားစုတွေ မကြာမကြာ လုပ်နေကျ ထင်တယ်…ဟင်း…” ရီဖူရှင်း၏ အသံကား အေးစက်သည်။ ရှမ်းမောင်နှမက သူတို့အား ဆက်ဆံပုံကို ပြန်တွေးမိကာ ထိုအပြုအမူက သံသယ ဝင်ခြင်းကြောင့်လည်း ပါဝင်ပေသည်။ မည်သို့ဆိုစေ သူတို့က ပြိုင်ပွဲဝင်ရန် စာရင်း ပေးထားခဲ့ခြင်း မရှိခဲ့ပေ။

“ကျုပ်ကြားတာကတော့ အင်အားစုတွေရဲ့ တပည့်တွေက သူတို့ အချင်းချင်းလည်း ပြိုင်ဆိုင်ကြတယ်တဲ့… သူတို့အဖွဲ့အတွက် တိုက်ခိုက်ပေးမယ့် လူက အရည်အချင်း ရှိခဲ့ရင် သူတို့လည်း ဆုလာဘ် ကောင်းကောင်း ရတယ်…” ယန်ထန်းက ပြောသည်။ ထိုအချက်အား ရှမ်းမောင်နှမက မှော်ဆရာဝူနှင့် ဓားမိစ္ဆာတို့အပေါ် ဆက်ဆံပုံမှ သူတို့ တွေ့နိုင်သည်။

ယခု ဝမ်လင်းဖန်က ဝမ်မိသားစု၏ ပြိုင်ပွဲဝင်များကို ရှာဖွေပေးနေသည်။

“ဒါက အမှန်ပဲ… ယွန်ယွဲ့ ကုန်သည်အုပ်စုက ဒီတစ်ခါ မှော်ဆရာဝူနဲ့ ဓားမိစ္ဆာကို ခေါ်နိုင်ခဲ့တာက ကျုပ်တို့အတွက် ပြဿနာ ဖြစ်လာတယ်…” ဝမ်လင်းဖန်က ပြောသည်။

“တကယ်လို့ ကျုပ်က သဘောတူရင် ကျုပ်တို့ကို တိုက်ရိုက် ပြိုင်ပွဲဝင်ခွင့် ပေးမလား…” ရီဖူရှင်းက မေးသည်။ သူက သူလျှိုဆိုမှတော့ သူ၏မိသားစုတွင် သူက သိပ်အရေးပါဟန် မတူပေ။

ရီဖူရှင်း၏ စကားကို ကြားလျှင် ဝမ်လင်းဖန်က ပြုံးကာ ခေါင်းယမ်းသည်… “ခင်ဗျားတို့က ကျုပ်တို့ စစ်ဆေးတာကို အောင်မြင်ဖို့ လိုသေးတယ်… ဘယ်လိုပြောပြော… ပြိုင်ပွဲဝင် အရေအတွက်က အကန့်အသတ် ရှိနေတယ်…”

“ခင်ဗျားရဲ့ တန်ခိုးအဆင့်…” ရီဖူရှင်းက မေးသည်။

ဝမ်လင်းဖန်က သူ့အား နားမလည်စွာ ကြည့်သည်… “အလယ်အလတ် အကာနာ…”

“ယူချင်း…” ရီဖူရှင်းက ယူချင်းကို ကြည့်သည်။

တစ်ဖက်လူက ရီဖူရှင်း၏ သဘောကို ချက်ချင်း နားလည်သည်။ ယူချင်းက ဝမ်လင်းဖန်ထံကို လျှောက်သွားလိုက်သည်။ သူ့ထံမှ စွမ်းအားများ ထွက်ပေါ်လာလျှင် ဝမ်လင်းဖန်ကို အမှန်တကယ် ဖိအားပေးလာသည်။

ဘန်း…

ယူချင်းက ရှေ့ကို တစ်လှမ်း တိုးလာသည်။ ဝမ်လင်းဖန် ရှေ့တွင်ပင် သူက လက်ဝါးကို မြှောက်ကာ ရိုက်ချလိုက်သည်။ ထိုလက်ဝါး ရိုက်ချက်တွင် ထိတ်လန့်ဖွယ် စွမ်းအားများ ပါရှိနေရာ လေထုပင်လျှင် တုန်ခါသည်။

ဝမ်လင်းဖန်၏ မျက်လုံးက ချက်ချင်း ထက်ရှသွားသည်။ တစ်ဖက်လူက အဆင့်နိမ့် အကာနာသာ ဖြစ်သည်ကို သူက သတိထားမိသည်။ သို့သော် သူက လွန်စွာ အားကောင်းသော ဖိအားကို ခံစားရသည်။ လက်အား မြှောက်လိုက်လျှင် လွန်စွာ တောက်ပ လင်းလက်သော အလင်းများ သူ့လက်မှ ထွက်ပေါ်လာသည်။ သူက ရှေ့ကို တိုးကာ သူ၏လက်ဝါးအား ရိုက်ထုတ် လိုက်သည်။

ဘုန်း…

တိုက်ခိုက်မှု နှစ်ခုက ရင်ဆိုင်မိလျှင် ဝမ်လင်းဖန်က လွန်စွာ အားကောင်းသော စွမ်းအားက သူ၏လက်အား ဖြတ်လျှောက် သွားသည်ဟု ခံစားရကာ သူကနောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ ဟန်ချက်ကို ထိန်းရင်းက သူက ယူချင်းကို ထိတ်လန့်စွာ ကြည့်သည်။ သူက သူ၏စွမ်းအား အားလုံးကို ထုတ်မသုံးခဲ့သော်လည်း တစ်ဖက်လူက အဆင့်နိမ့် အကာနာမျှသာ ရှိသေးပြီး သူ့အား နောက်ဆုတ်စေခြင်းက ထိုလူက မည်မျှအားကောင်းသည်ကို ခန့်မှန်းရနိုင်သည်။

ယူချင်း၏ အမူအရာကား တည်ငြိမ်သည်။ သူက နောက်လှည့်ကာ ရီဖူရှင်းထံ ပြန်လျှောက် သွားသည်။

ရီဖူရှင်းက ဝမ်လင်းဖန်အား ကြည့်သည်။ သူက ရှေ့ကို လျှောက်လာကာ ပြောသည်… “ကျုပ်က စစ်ဆေးမှုကို ခံယူမှာ မဟုတ်ဘူး… ကျောက်စိမ်းဖြူ မျှော်စင်မှာ ဘာဖြစ်ခဲ့တယ် ဆိုတာ ခင်ဗျားမြင်တာပဲ… အဲဒါမျိုး နောက်တစ်ခါ ကျုပ်မကြုံချင်ဘူး… ကျုပ်က ပြိုင်ပွဲဝင်နိုင်တယ်… ခင်ဗျားက ကျုပ်တို့ကို တိုက်ခိုက်ခွင့်ပေးရင် ကျုပ်တို့ အနိုင်ရမယ်… မဟုတ်ရင် ကျုပ်တို့က နောက်တစ်ဖွဲ့နဲ့ ပူးပေါင်းမယ်… ကျုပ်တို့လိုတာက မြေရိုင်းဒေသ မြေပုံနဲ့ စိတ်ဝိညာဉ် အားဆေးနည်းနည်းပဲ…”

ဝမ်လင်းဖန်က ရီဖူရှင်းအား ကြည့်သည်… “ပြဿနာမရှိဘူး… ကျုပ်စီစဉ်လိုက်မယ်…” သူက ရတနာတစ်ခုအား တွေ့ရှိပုံရသည်။

သူနှင့် ရှမ်းချိန်တို့က တူညီသော အတွေးရှိကြသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက ပုံမှန်အားဖြင့် မာနကြီးကြသည်။ သူက ကျောက်စိမ်းဖြူ မျှော်စင်တွင် သေချာစွာ အကဲခတ်ခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းက အရှက်ခွဲခံရသော်လည်း လွန်စွာ တည်ငြိမ်နိုင်သည်။ ထိုသို့သော အရှက်ခွဲမှုကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခြင်းက သူ၏မာနနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပြနေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset