တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီတစ်သောင်းကျော်အကွာတွင် အနက်ရောင်လူရိပ်တစ်ခုသည် မန္တန်အစီအရင်များနှင့် ကာရံထားသော တောင်ကြားတစ်ခုအတွင်း၌ တင်ပျဉ်ခွေထိုင်နေ၏။ မန္တန်အစီအရင် အပြင်ဘက်တွင် လူအနည်းငယ်သည် နေရာအနှံ့တွင် အလစ်အငိုက်တိုက်ခိုက်မည့်ရန်သူများကို စောင့်ကြည့်နေကြသည်။
မြေအောက်တွင်လည်း လူနှစ်ယောက်၊ သုံးယောက်ရှိလေသည်။
တောင်ကြားအတွင်း ချောင်ကျသောနေရာတွင် ကျင့်ကြံသူသုံးဦးသည် လေထဲ၌ တြိဂံပုံစံ ထိုင်နေကြသည်။ သူတို့တစ်ဦးစီ၏ အောက်တွင် ပွင့်ဖတ်(၇)ဖတ်ပါသော သွေးကြာပွင့်များရှိနေပြီး ၎င်းတို့သည် ညင်သာစွာလည်ပတ်နေကြသည်။
သူတို့သည် မြေအောက်သွေးသမုဒ္ဒရာမှ သွေးကြာပွင့် သုံးပွင့်ကို စုပ်ယူထားပြီးဖြစ်၏။
သူတို့၏ ရင်ထဲတွင် ခြင်သံကဲ့သို့ အသံတစ်သံကို ကြားလိုက်ရသည်။ ထိုသူသုံးဦးသည် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ပြီး ဂရုတစိုက်နားထောင်လိုက်သည်။
မကြာခင် ထိုသုံးဦးသည် သူတို့၏ မျက်လုံးများကိုဖွင့်၍ ဦးညွှတ်လိုက်သည်။
“ မှန်လှပါ အရှင်မ ”
ခြင်သံများသည်လည်း အဝေးသို့ ပျောက်ကွယ်သွားပေပြီ။
ယွမ်ကျဲသည် အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ပြတ်ပြတ်သားသားပြောလိုက်သည်။
“ ငါတို့ရဲ့ ရှေ့ပြေးတပ်က မရှုမလှ အရေးနိမ့်သွားပေမယ့် ငါတို့လည်း တာအိုကျင့်ကြံနေဆဲဖြစ်နေတော့ အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘူး။ အရှင်မဆီကသာ အစွမ်းတွေရမယ်ဆိုရင် သေချာပေါက် လက်တုံ့ပြန်နိုင်မှာပဲ ”
“ အစ်ကိုကြီး… ပြောမနေပါနဲ့တော့ ”
လက်ဝဲဘက်ရှိ သက်လတ်ပိုင်း တာအိုရသေ့သည် ဝင်ပြောလိုက်သည်။
“ ပြောနေမယ့်အစား အလုပ်နဲ့ သက်သေပြသင့်တယ်။ ကျွန်တော်တို့ မြန်မြန်ကျင့်ကြံပြီး အရှင်မရဲ့ အစီအစဉ်ကို အောင်မြင်အောင် လုပ်ပေးကြတာပေါ့ ”
“ ကောင်းပြီ ”
တာအိုရသေ့အိုကြီး ယွမ်ကျဲသည် ကိုးရိုးကားရား ရယ်မောလိုက်သည်။
သူသည် ဖြည်းဖြည်းချင်းမျက်လုံးများကို မှိတ်၍ ရေရွတ်လိုက်၏။
“ ငါတို့က အာကသနတ်မင်းအဆင့်တောင် ရောက်တော့မယ့် သူတွေပဲ။ တုနတ်ဝိဇ္ဇာဂိုဏ်းလေးလောက်ကတော့ စာမဖွဲ့ပါဘူး။ ငှက်ပျောသီး အခွံခွာစားရတာကမှ ခက်လိမ့်ဦးမယ် ”
တာအိုရသေ့အိုကြီးသည် ပြောပြီးနောက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် ပြုံးလိုက်သည်။
သွေးခြင်များကြောင့် သူတို့၏ မူလဝိညာဉ်တာအို ပျက်ဆီးသွား၍ အထိန်းချုပ်ခံနေရသော ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူနှစ်ဦးသည် မျက်မှောင်ကြုတ်၍ တစ်ဦးကို တစ်ဦးကြည့်လိုက်ကြလေသည်။
‘ သူက အခုထက်ထိ ကိုယ့်ကိုယ်ကို အထင်ကြီးနေတုံးပဲ ’
‘ အရှင်မကို ဦးဆောင်မယ့်သူလဲပေးဖို့ တောင်းဆိုရရင် ကောင်းမလား ’
ထိုနှစ်ဦးသည် ခေါင်းခါ၍ တွေးတောလိုက်၏။ သို့သော် မကြာခင် သူတို့သည်လည်း အာရုံပြန်စုစည်း၍ မျက်လုံးမှိတ်လိုက်ကြသည်။
သူတို့၏ စိတ်သည် အောက်ပါအသံဖြင့် ပြည့်နှက်နေလေသည်။
‘ ကြာပွင့်တွေကို စုပ်ယူလိုက်ကြ… တာအိုအစွမ်းကို စုစည်းပြီး တုနတ်ဝိဇ္ဇာဂိုဏ်းကို ဖျက်ဆီးပစ်ကြ ’
သူတို့တွင် ကိုယ်ပိုင်အတွေးများ မရှိတော့ပေ။
သူတို့အောက်ရှိ သွေးကြာပွင့်များသည် ပြန်၍ လည်ပတ်လာ၏။ ၎င်းတို့မှနေ၍ သွေးရောင်အလင်းတန်းများထွက်လာပြီး ထိုသူတို့၏ တာအိုဝတ်ရုံအတွင်းသို့ဝင်သွားကြပြီး ထိုမှတဆင့် ကိုယ်အတွင်းသို့ ဝင်ကာ တာအိုအစွမ်းများကို ဖြည့်တင်းပေးနေလေသည်။
*****
“ ရွှမ်းယာ… အခုတလော ဂိုဏ်းအတွင်းမှာ လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ ဂိုဏ်းရဲ့ အခြေအနေက မတည်ငြိမ်သေးဘူး။ အချိန်တစ်ခုလောက်အထိ အခန်းအောင်းမကျင့်ကြံနဲ့ဦး။ တကယ်လို့ ဂိုဏ်းက အန္တရာယ်တစ်ခုခုနဲ့ကြုံရပြီဆို ပိုင်ဖန်ခန်းမကို အချိန်မီသွားနော် ”
တိမ်ဖြူပေါ်တွင် စီးနင်းနေသော ယုံချင်ရွှမ်းယာသည် လေအေးများတိုက်ခတ်မှုကို ခံစားမိနေလေသည်။ သူမ၏ ဆရာပြောသော စကားများသည် သူမ၏ နှလုံးသားအတွင်း၌ ပဲ့တင့်ထပ်နေ၏။
‘ အန္တရာယ်… ’
‘ တကယ်လို့ ဂိုဏ်းသာ အတိုက်ခိုက်ခံရရင် မျိုးဆက်သစ် တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါဘာလုပ်သင့်လဲ ’
‘ တကယ်လို့သာ စွမ်းအားကြီးတဲ့ ရန်သူတွေ ဂိုဏ်းကို လာတိုက်ခိုက်ရင် ငါတို့လို နတ်ဝိဇ္ဇာမဖြစ်သေးတဲ့ သူတွေက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး… ’
‘ အဲဒီလို အန္တရာယ်သာ တကယ်ဖြစ်လာခဲ့ပြီး တောင်ကာမန္တန်အစီအရင်ကြီး ပျက်ဆီးသွားရင် တောင်အသီးသီးက ငါတို့လို တပည့်ငယ်တွေက ဂိုဏ်းကနတ်ဝိဇ္ဇာတွေ အနှောင့်အယှက်မဖြစ်ရအောင် ကိုယ့်ကိုယ်ကို လုံခြုံအောင်နေတာက ဂိုဏ်းအတွက်ပိုကောင်းတယ် ’
သူမသည် နတ်ဝိဇ္ဇာဖြစ်မလာသေးသည့် သူမကို သူမသာ အပြစ်တင်နေမိသည်။ ထို့ကြောင့် သူမသည် သူမ၏ဆရာနှင့် ဆရာဘိုးဘိုးကို ဝင်မကူညီနိုင်ခြင်းပင်။
သူမ တစ်ခုခုတော့ လုပ်ရပေမည်။
ယုံချင်ရွှမ်းယာသည် သူမ၏ ပါးလျသော နှုတ်ခမ်းလေးကို စေ့လိုက်သည်။ သူမသည် နောက်ပြန်လှည့်လိုက်ပြီး ပိုင်ဖန်ခန်းမဆီသို့ ဦးတည်ပျံသန်းလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ပြတ်သားသောဆုံးဖြတ်ချက်များနှင့် ပြည့်နေပေသည်။
မကြာမီတွင် သူမသည် ပိုင်ဖန်ခန်းမ၏ ခွင့်ပြုချက်ကို ရရှိသွားပြီး တာဝန်ကျအကြီးအကဲထံမှ ခွင့်ပြုမိန့်တံဆိပ်ပြားကို ယူလိုက်သည်။ သူမသည် တောင်အသီးအသီးသို့ သွား၍ မျိုးဆက်သစ် တပည့်များကို ဂိုဏ်းအန္တရာယ်ကြုံခဲ့လျှင် ဂိုဏ်းမှ အရေးပေါ်ထွက်ခွာနိုင်မည့် မြေကြောတစ်ခုရှိကြောင်း အကြောင်းကြားရပေမည်။
ပိုင်ဖန်ခန်းမမှ ထွက်လာပြီးနောက် ယုံချင်ရွှမ်းယာသည် အတန်ငယ်တွေးတောကာ ချုံတောင်လေးဆီသို့ ဦးတည်သွားလိုက်လေသည်။
‘ ချုံတောင်လေးမှာက ဆရာဦးလေးချီယွမ်၊ အစ်ကိုချန်ရှို့နဲ့၊ ညီမလေး လင်းအယ်တို့ပဲရှိတာ။ ရန်သူတွေ ပစ်မှတ်ထားလို့ အကောင်းဆုံးနေရာပဲ။ သူတို့ကို အရင်ဆုံး အကြောင်းကြားတာ ကောင်းမယ် ’
ယုံချင်ရွှမ်းယာသည် သူမကိုယ်သူမဆင်ခြေပေး၍ ချုံတောင်လေးသို့ အတန်ငယ် စိတ်မသက်မသာဖြင့် သွားလိုက်သည်။
သူမသည် လင်းအယ်တစ်ယောက် ရေကန် ရေမျက်နှာပြင်ပေါ်တွင် ရပ်နေသည်ကို အဝေးမှနေ၍ လှမ်းမြင်လိုက်ရ၏။ သူမသည် ပို၍ စိတ်သက်သာရာရသွားသည်။ သူမသည် တိမ်တိုက်ကို ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
သူမ ချုံတောင်လေးအပြင်ရှိ မန္တန်အစီအရင်အတွင်း ဝင်လာသည်နှင့် ဆူညံသံများကို ကြားလိုက်ရသည်။
အုံးအွမ်…
အုံးအွမ်…
ဖားများသည် တောင်အနှံ့တွင်ရှိနေပြီး အော်မြည်နေကြသည်။ ရေကန်ဘေးတွင်လည်း ကျောက်စိမ်းရောင်များ ဖွေးဖွေးလှုပ်နေသည်။
ဤတောင်သည် မူလတွင် ကျင့်ကြံခြင်းအတွက် ရည်ရွယ်ထားသော ဝိညာဉ်နယ်မြေတစ်ခုဖြစ်သော်လည်း ယခုတွင် ဖားမွေးမြူရေးခြံနှင့်ပင် တူနေလေသည်။
ယုံချင်ရွှမ်းယာသည် ရေကန်ဘေးတွင် ဆင်းသက်လိုက်ပြီး လှုပ်ရှားသွားလာနေသော ကျောက်စိမ်းဖားများကို ကြည့်လိုက်သည်။
လီချန်ရှို့တစ်ယောက် သူမကို ပန်းရောင်ဝက်ပေါက်စလေး တစ်ကောင် လက်ဆောင်ပေးလိုက်ကတည်းက သူမသည် ဝိညာဉ်သားရဲများအကြောင်းကို ပိုသိရှိလာခဲ့ရသည်။
သို့သော် သူမသည် အခန်းအောင်းကျင့်ကြံနေသည်သာများ၍ ထိုဝက်ပေါက်လေးသည် မတော်တဆ သေဆုံးသွားခဲ့ရ၏။ သူမသည် လပေါင်းများစွာ ဝမ်းနည်းခဲ့ရပြီး ထိုဝက်ပေါက်လေးကို ကောင်းကင်ခွင်းတောင်၌ပင် မြှုပ်နှံထားလေသည်။ ယုံချင်ရွှမ်းယာသည် ထိုချစ်စဖွယ်ကောင်းသော ဝိညာဉ်သားရဲလေးများကို အလွန်ချစ်ခင်လာတတ်၏။
သူမသည် ရေကန်ဘေးတွင်ရပ်ကာ အရှေ့သို့ ညင်ညင်သာသာ ကိုင်းလိုက်သည်။ ကန်ရေပြင်တွင် သူမ၏ ဆွဲဆောင်မှုရှိသည့် ချောမောလှပသည့် ပုံရိပ်လေး ရောင်ပြန်ဟပ်နေ၏။
ယုံချင်ရွှမ်းယာသည် ဝိညာဉ်စား ကျောက်စိမ်းဖားပေါက်လေးနှစ်ကောင်ကို ကြည့်လိုက်သည်။ ပုံမှန်အချိန်တွင် လှပသော်လည်း အေးစက်စက်ရှိနေတတ်သည့် သူမ၏မျက်နှာလေးတွင် အပြုံးလေးတစ်စပေါ်ပေါက်လာ၏။
သို့သော် ထိုဖားလေးနှစ်ကောင်သည် သူမ၏ အကြည့်ကို သထိထားမိသွားပြီး ကန်စပ်ရေတိမ်ထဲသို့ တစ်ပြိုင်တည်း ပြန်ဝင်သွားကြသည်။ ၎င်းတို့သည် ရေထဲတွင် ကူးခတ်ရင်း ပျောက်ကွယ်သွားကြပြီး ရေတံလှပ်လေးများကိုသာ ချန်ခဲ့ကြလေသည်။
ယုံချင်ရွှမ်းယာသည် လက်ဖြင့် ဆံပင်များကို ပြန်ပြင်လိုက်သည်။ သို့သော် သူမ၏ အကြည့်များသည် နူညံ့နေဆဲပင်။
ထိုအချိန်တွင် ကန်ရေပြင်တွင် လှိုင်းဂယက်လေးများ ပေါ်လာ၏။ ပုလဲလုံးသုံးလုံးသည် ဖြည်းညင်းစွာ လည်ပတ်၍ ထွက်ပေါ်လာပြီး အလင်းဖျော့ဖျော့ထုတ်ပေးနေလေသည်။
ထို့နောက် လှပသောမိန်းမပျိုလေးသည် ရေပြင်အတွင်းမှ ဖြည်းဖြည်းချင်းထွက်ပေါ်လာပြီး လက်ထဲတွင် ရေလုံးနှစ်လုံး ကိုင်ထား၏။ သူမ၏ လက်ဝဲလက်အတွင်းမှ ရေလုံးထဲတွင် ဝိညာဉ်ငါးတစ်ကောင်ရှိပြီး လက်ယာဘက် ရေလုံးထဲတွင်မူ ကျောက်စိမ်းဖားတစ်ကောင်ပါ၏။
ပုလဲလုံးများ၏ အလင်းဖျော့ဖျော့အောက်တွင် လင်းအယ်သည် စောင်း၍ကြည့်လိုက်ပြီး သက်တောင့်သက်သာ ပြောလိုက်သည်။
“ မမလှလှ ဒီဝိညာဉ်ငါးကိုစားချင်လား.. ဒါမှမဟုတ် ဒီကျောက်စိမ်ဖားကို စားချင်လား။ နှစ်ခုလုံးကတော့ အရသာရှိတယ် ”
“ ဒါမှမဟုတ် မမရဲ့ ချစ်စရာကောင်းပြီး တော်တဲ့ ညီမလေး လင်းအယ်က လက်ဖက်ရည်နဲ့ မုန့်နည်းနည်း ပြင်ပေးရမလား ”
ယုံချင်ရွှမ်းယာသည် မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားသည်။ သူမ ရယ်လိုက်သောအခါ ဖူးပွင့်နေသော မက်မွန်ပန်းလေးလို၊ ပွင့်အာခါစ နှင်းကြာပွင့်လေးကဲ့သို့ပင် ထင်လိုက်ရပေသည်။
လင်းအယ်သည် ရေကန်အတွင်းမှ ခုန်၍ ထွက်လာပြီး ပြုံး၍ ပြောလိုက်သည်။
“ မမ… တဲထဲမှာ ဝင်ထိုင်ပါဦး။ အစ်ကိုကြီးက သုံးချောင်းထောက်ဆေးတောင်ကို သွားတယ် ”
“ ကောင်းပြီလေ ”
ယုံချင်ရွှမ်းယာသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားသည်။ သူမသည် တစ်ခုခုကို တွေးရင်း အံ့ဩနေ၏။
‘ အရသာရှိတယ် ဟုတ်လား ’
“ ဒီ ဝိညာဉ်သားရဲတွေက စားလို့ရတာလား ”
လင်းအယ် မျက်တောင်ခတ်လိုက်သည်။
“ မမက ဘယ်လိုထင်လို့လဲ ”
“ ဝိညာဉ်ငါးတွေက အရသာရှိတယ်။ သူတို့ကို ကြော်လို့လည်းရတယ်။ ပေါင်းလို့လည်းရတယ်.. စွပ်ပြုတ်လုပ်သောက်လို့လည်းရတယ်။ အစ်ကိုကြီး လုပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်စားလို့လည်း ရသေးတယ် ”
“ ဆူဖြိုးတဲ့ ကျောက်စိမ်းဖားတွေဆိုလည်း ဖားခေါင်းဟင်းချက်စားလို့ရတယ်။ အစ်ကိုကြီးက လင်းအယ်ကို သူ့ရဲ့ ဟင်းချက်နည်းတွေ သင်ပေးထားတယ် ”
ယုံချင်ရွှမ်းယာ မျက်မှောင်ကြုတ်လိုက်သည်။
“ အစ်မတို့က မစားဘဲလည်း နေလို့ရနေတာကို ဒီအကောင်လေးတွေကို ဘာလို့စားမှာလဲ ”
လင်းအယ်က ပြုံး၍ ပြောလိုက်သည်။
“ ဆရာဒေါ်လေးကျိုးကျိုးက ဒီကိစ္စကို ရှင်းပြပေးနိုင်လောက်တယ်။ အရက်ကလည်း ကျင့်ကြံခြင်းအတွက် ဘာမှအထောက်အကူမဖြစ်ဘူးလေ။ ဒါပေမဲ့ ဆရာဒေါ်လေးက အရက်ကို အသက်လောက်တန်ဖိုးထားတာပဲ။ အစားကောင်းစားချင်တာလည်း ဒီသဘောမျိုးပါမဟုတ်ဘူးလား ”
“ ဟုတ်တော့ဟုတ်ပါတယ်… ”
“ လင်းအယ် မမကို သက်သေပြမယ် ”
လင်းအယ်သည် သူမ၏ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင် တစ်ထုပ်ယူကာ ရေကန်ဘေးရှိ မီးဖိုချောင်သို့သွားလိုက်သည်။
“ မမ… ခဏလောက်စောင့်ဦးနော်… ဒီနေ့မမကို လင်းအယ်ရဲ့ ဟင်းချက်စွမ်းရည်ကို ပြမယ် ”
ယုံချင်ရွှမ်းယာ မျက်တောင်ခတ်လိုက်သည်။ သူမသည် တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း လင်းအယ်သည် သီချင်းလေးညည်းရင်း မီးဖိုအနီးသို့ ရောက်နေပေပြီ။
လင်းအယ်၏ လက်ချောင်းများထိပ်မှ မီးတောက်များထွက်လာပြီး မီးဖိုအောက်တွင် မီးမွှေးလိုက်သည်။
သူမက လက်ဖျောက်တစ်ချက်တီးလိုက်ရာ ရေလုံးအတွင်းမှ ဝိညာဉ်ငါးသည် စဉ်းနှီတုံးပေါ်သို့ ရောက်သွား၏။
လင်းအယ်သည် ငါးအညှီဓာတ်ကို ဖျောက်ပေးနိုင်သော ဓမ္မအဆောင် ဓားတိုလေးကို ထုတ်လိုက်ပြီး ဝိညာဉ်ငါး သတိလစ်သွားသည့်အချိန်အထိ ထိုဓားဖြင့် ခပ်ဖွဖွပုတ်လိုက်သည်။ ထို့နောက် စတင်ချက်ပြုတ်လေတော့သည်။
ယုံချင်ရွှမ်းယာသည် စပ်စုလို၍ အနားသို့ လျှောက်လာ၏။ သူမသည် ချုံတောင်လေးသို့ လာရသည့် အရေးကြီးကိစ္စအကြောင်းကို ခေတ္တမေ့လျော့သွားလေသည်။
တစ်နာရီကြာပြီးနောက်…
“ အမြင်ကတော့ တော်တော်လှတာပဲ ”
“ စားကြည့်ပါ မမ… လင်းအယ်ရဲ့ ဟင်းချက်စွမ်းရည်ကလည်း အစ်ကိုကြီးထက်မညံ့ပါဘူး ”
“ အင်း … မွှေးလိုက်တာ… ”
ယုံချင်ရွှမ်းယာသည် ကျောက်စိမ်းတူတစ်စုံယူလိုက်သည်။ သူမ၏ မျက်လုံးများသည် တောက်ပနေ၏။
ဘေးတွင် လင်းအယ်သည် စားပွဲပုလေးကို ထုတ်ယူလိုက်၏။ ထို့နောက် မူးဝေစေနိုင်သော သစ်သီးစိမ်အရက်ကို ထုတ်လိုက်၏။ လင်းအယ်နှင့် ယုံချင်ရွှမ်းယာသည် ရေကန်ဘေးတွင် ထိုင်၍ အရက်ကို ဝိညာဉ်ငါးချက်နှင့် မြည်းကာ အရသာခံနေလေတော့သည်။
မကြာမီ အဖြူရောက်တိမ်တစ်အုပ်သည် သုံးချောင်းထောက်ဆေးတောင်မှ ထွက်ခွာပျံသန်းလာ၏။
လင်းအယ်သည် ထိုအဖြူရောင်တိမ်တိုက် ပျံသန်းလာသည့် အမြင့်ကိုကြည့်၍ ချက်ချင်းပြောလိုက်သည်။
“ အစ်ကိုကြီး ပြန်လာပြီ။ မမ… မမက အစ်ကိုကြီးနဲ့ အရေးကြီး ဆွေးနွေးစရာကိစ္စ ရှိတယ်မလား ”
“ ဟုတ်တယ် ”
ယုံချင်ရွှမ်းယာသည် သူမ၏ ကျောက်စိမ်းတူလေးကို အလျင်အမြန်ချလိုက်ပြီး လီချန်ရှို့ကို ကြိုဆိုရန် မတ်တပ်ရပ်လိုက်သည်။
ဤအကြိမ်တွင် လီချန်ရှို့သည် ယုံချင်ရွှမ်းယာကို ရှောင်မနေတော့ပေ။ သူသည် တိမ်စီး၍ ရေကန်နားသို့ လာလိုက်သည်။
“ အစ်ကိုကြီး.. မမယုံချင်က အစ်ကိုကြီးကို စောင့်နေတာ ”
လင်းအယ်အော်ပြောလိုက်သည်။
“ အစ်ကိုချန်ရှို့… ”
ယုံချင်ရွှမ်းယာသည် လီချန်ရှို့ကို နူးနူးညံ့ညံ့နှုတ်ဆက်လိုက်ပြီး ဦးညွှတ်လိုက်သည်။
“ ညီမလေးယုံချင်.. ဒီလောက် တလေးတစား ပြောနေစရာမလိုပါဘူး ”
လီချန်ရှို့သည် ပြန်၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ယုံချင်ရွှမ်းယာသည် လီချန်ရှို့ကို ကြည့်၍ မြေကြော အရေးပေါ်မန္တန်အစီအရင်အကြောင်းကို ပြောပြလိုက်သည်။ ထို့နောက် သူမက ဆက်၍ပြောလိုက်သည်။
“ အပြင်က ရန်သူတွေ ဂိုဏ်းကို တိုက်ခိုက်လာရင် တောင်ကာမန္တန်အစီအရင်က ပျက်ဆီးသွားနိုင်တယ်။ အစ်ကိုချန်ရှို့နဲ့ ညီမလေးလင်းအယ်တို့ အဲဒီအခါကျရင် ပိုင်ဖန်ခန်းမကို ချက်ချင်းလာခဲ့။ အဲဒီနေရာမှာ လွတ်လမ်းတစ်ခုရှိတယ် ”
“ ရွှမ်းယာတို့က နတ်ဝိဇ္ဇာမဖြစ်လာသေးဘူးဆိုတော့ ဂိုဏ်းထဲမှာ ဆက်ရှိနေရင်လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ အကြီးအကဲတွေက ရွှမ်းယာတို့ကို စိုးရိမ်နေရတာနဲ့ပဲ ရန်သူတွေကို ကောင်းကောင်းပြန်တိုက်နိုင်မှာ မဟုတ်ဘူး… ”
လီချန်ရှို့ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ ညီမလေးယုံချင်… တခြားတောင်တွေက တပည့်တွေကိုရော ဒီအကြောင်း ပြောပြီးသွားပြီလား ”
“ မပြောရသေးပါဘူး… ”
ယုံချင်ရွှမ်းယာသည် အနည်းငယ် ရှက်သွားသည်။
“ ရွှမ်း…ရွှမ်းယာက ချုံတောင်လေးကို အရင်ဆုံးလာပြောတာပါ ”
သူမဆက်ပြောလိုက်သည်။
“ အစ်ကိုချန်ရှို့ကို တခြားတောင်တွေကို ရွှမ်းယာနဲ့အတူ လိုက်ပြောရင်း မျိုးဆက်တူ တပည့်တွေနဲ့ ဒီကိစ္စကိုဆွေးနွေးဖို့ အကူအညီတောင်းချင်လို့ပါ ”
လင်းအယ် မျက်တောင်ခတ်လိုက်သည်။ သို့သော် မည်သည့်စကားမှ ဝင်မပြောခဲ့ပေ။
လီချန်ရှို့တစ်ယောက် ရင်ထဲမှနေ၍ သက်ပြင်းတစ်ချက်ချလိုက်ပြီး ယုံချင်ရွှမ်းယာကို သတိပေးလိုက်၏။
“ ညီမလေးယုံချင်အနေနဲ့ သူတို့ကို သတင်းပေးရင် အကုန်မပြောသင့်ဘူး။ မြေကြော အရေးပေါ်မန္တန်အစီအရင်အကြောင်းကို ထည့်မပြောတာကောင်းမယ် ”
“ ညီမလေးယုံချင်… လွန်ခဲ့တဲ့ နှစ်တစ်ရာကမှ ဂိုဏ်းကို ဝင်လာတဲ့ မျိုးဆက်သစ်တပည့်တွေရဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ ညီမလေးတွေးမိရဲ့လား… ”
“ တကယ်လို့ ရန်သူက အစ်ကိုတို့ဂိုဏ်းထဲမှာ သူလျှိုတစ်ယောက်ထည့်ထားတယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ ရန်သူတွေ ဂိုဏ်းကိုလာတိုက်တဲ့အခါ တပည့်ငယ်တွေရှောင်ထွက်ရမယ့် လွတ်လမ်းကို ကိုယ်တိုင်သွားပြီး သူလျှိုကို ပြောပြပေးသလိုဖြစ်နေမယ်.. ”
ယုံချင်ရွှမ်းယာ အံ့အားသင့်သွားသည်။ ထို့နောက် သူမသည် အတန်ငယ်မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ အစ်ကိုချန်ရှို့ ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ရွှမ်းယာတို့ တစ်ယောက်နဲ့ တစ်ယောက် မယုံသင်္ကာဖြစ်နေရင် ဘယ်လိုလုပ် သူတို့ကို စည်းရုံးနိုင်မှာလဲ ”
လီချန်ရှို့က လေးလေးနက်နက် ပြန်ပြောလိုက်သည်။
“ လူတစ်ယောက်ကို အတွင်းကျကျသိပြီးမှ ယုံကြည်သင့်တယ်။ ညီမလေးရော မသိတဲ့သူဆို ယုံနိုင်မလား။ လူ့နှလုံးသားဆိုတာ အမြဲပြောင်းလဲနေတာ။ သူတို့ရဲ့ အတွင်းစိတ်ဓာတ်အမှန်ကို သိရဖို့ မလွယ်ဘူး ”
သူဆက်ပြောလိုက်သည်။
“ ပြီးတော့… ညီမလေးယုံချင်… အစ်ကိုတို့ဂိုဏ်းမှာ သေရမှာကြောက်ပြီး ရန်သူကို အညံ့ခံလိုက်မယ့်သူ မရှိနိုင်ဘူးလို့ ထင်လို့လား ”
“ ဒါပေမဲ့… ”
ယုံချင်ရွှမ်းယာထံတွင် ပြောစရာ စကားမရှိတော့ပေ။ သူမ မည်သို့ ပြန်ချေရမည်ကို မသိဖြစ်နေသည်။ သူမ ဆက်တွေးတောနေလိုက်၏။
လီချန်ရှို့သည် နွေးထွေးစွာ ပြောလိုက်သည်။
“ အစ်ကိုတို့က ဂိုဏ်းကိုကျေးဇူးတင်ပေမယ့် ဂိုဏ်းသားတိုင်းကိုတော့ မယုံနိုင်ဘူးလေ။ ကိုယ့်ကိုယ်ကိုပဲ ယုံနိုင်မယ်။ လူတိုင်းကို အစ်ကိုတို့လို ဖြစ်ဖို့ တောင်းဆိုလို့မရဘူးလေ။ ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုက နှလုံးသားကလာတာပဲ။ ကောင်းတဲ့တာအိုလား၊ ဆိုးတဲ့တာအိုလားဆိုတာက ကျင့်ကြံသူရဲ့ နှလုံးသားအပေါ်မှာမူတည်တယ်။ ညီမလေးယုံချင်လည်းသိတာပဲ… လောကကြီးမှာ လူနှစ်ယောက် တာအိုက တစ်ထပ်တည်းမတူဘူးဆိုတာ.. ဆရာနဲ့ တပည့်ရဲ့ တာအိုမှာတောင် ကွဲပြားမှုတွေရှိတယ် ”
ယုံချင်ရွှမ်းယာ ပြန်ပြောလိုက်၏။
“ ရွှမ်းယာ နားလည်သွားပါပြီ ”
ယုံချင်ရွှမ်းယာသည် လီချန်ရှို့ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် အထင်ကြီးလေးစားမှုများနှင့် ပြည့်နှက်နေလေသည်။
သူမက ညင်သာစွာပြောလိုက်သည်။
“ သတိလက်လွတ်ဖြစ်သွားတာ ရွှမ်းယာရဲ့အပြစ်ပါ။ အခုလို လမ်းညွှန်သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုချန်ရှို့… ”
“ ရွှမ်းယာ ဒီကိစ္စကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ အစ်ကိုချန်ရှို့ သင်ပြပေးပါဦး ”
“ ညီမလေး… အဲဒီလို ယဉ်ယဉ်ကျေးကျေး ပြောနေဖို့ မလိုပါဘူး ”
လီချန်ရှို့သည် သူမကို ပြန်၍ ဦးညွှတ်လိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်။
‘ အဆိပ်မက အကျိုးသင့်အကြောင်းသင့် ရှင်းပြတော့လည်း လက်ခံသားပဲ ’
လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။
“ ညီမလေးက တောင်ပေါင်းစုံက တပည့်ငယ်တွေကို ကြိုအကြောင်းကြားထားချင်တယ် ဆိုတော့လည်း သတင်းကို နည်းနည်းလောက်ဖြတ်တောက်ပြီး အသိပေးလိုက်ပေါ့။ ဂိုဏ်းမှာ အရေးပေါ်အန္တရာယ်နဲ့ ကြုံလာရင် ကောင်းကင်ခွင်းတောင်ကို လာခဲ့ဖို့ပဲ ပြောထားလိုက်လေ… ”
“ သူတို့ ကောင်းကင်ခွင်းတောင်ကို ရောက်လာမှ ညီမလေးက ပိုင်ဖန်ခန်းမကို ဦးဆောင်ခေါ်သွားလိုက်ပေါ့… အဲဒါက လူတိုင်း ပိုင်ဖန်ခန်းမထဲကို စုပြုံလာကြတာထက် ပိုကောင်းတာပဲ… ”
ယုံချင်ရွှမ်းယာ၏ မျက်လုံးများ အရောင်လက်သွားပြီး နူးနူးညံ့ညံ့ပြောလိုက်သည်။
“ ဟုတ်သားပဲ… အစ်ကိုသာ မညွှန်ပြပေးရင် ရွှမ်းယာ… ”
“ ညီလေးယုံချင်က နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ။ ညီမလေးသာ စိတ်အေးအေးထားပြီး နည်းနည်းလောက် စဉ်းစားလိုက်ရင် ဒီလိုအကြံကို ရမှာပါ ”
လီချန်ရှို့သည် သူမကို ဆက်ပြောခွင့်မပေးဘဲ စကားစဖြတ်လိုက်၏။ ထို့နောက် သူသည် လက်ဟန်ပြ၍ ပြောလိုက်၏။
“ အစ်ကိုတို့ ဒီကိစ္စကို နှောင့်နှေးစေလို့မရဘူး။ ညီမလေးယုံချင် အချိန်ဆွဲမနေပါနဲ့တော့ ”
“ ဟုတ်ကဲ့ပါ ”
ယုံချင်ရွှမ်းယာသည် ခေါင်းညိတ်ပြလိုက်ပြီး လီချန်ရှို့ကို ဦးညွှတ်ကာ တိမ်စီး၍ ကောင်းကင်ခွင်းတောင်သို့ ထွက်ခွာသွားလေတော့သည်။
သူမသည် ထိုသတင်းကို မပေါက်ကြားစေရန် ပိုင်ဖန်ခန်းမရှိ အကြီးအကဲများနှင့် သွားရောက်ဆွေးနွေးခြင်း ဖြစ်လေသည်။
‘ အင်း.. အစ်ကိုချန်ရှို့ ပြောတာတွေ နားထောင်ကြည့်တော့… ’
‘ ဂိုဏ်းမှာ သူလျှိုတစ်ယောက် တကယ်ရှိနေနိုင်ချေရှိတာပဲ… ’
ရေကန်ဘေးတွင် လင်းအယ်သည် လီချန်ရှို့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ လီချန်ရှို့သည် သူမကို ပြုံးပြလိုက်ပြီး တိမ်စီး၍ ဆေးဖော်ဆောင်သို့ သွားလိုက်၏။
ခေတ္တကြာပြီးနောက်…
လီချန်ရှို့သည် ဆေးဖော်ဆောင်အောက်ရှိ မြေအောက်လျှို့ဝှက်ခန်းအတွင်းမှ စာကြည့်စားပွဲတွင် ထိုင်နေ၏။
လီချန်ရှို့သည် အကြီးအကဲဝမ်လင်းယွမ် သူ့ကို ပေးလိုက်သော လက်စွပ်လေးကို ကြည့်ရှုလိုက်သည်။ ထိုလက်စွပ်တွင် ဂိုဏ်းချုပ်၏ အမှတ်အသားပါ၏။ ထို့နောက် အရှေ့စားပွဲပေါ်ရှိ ယခင်က သူ ဆွဲထားသော မြေပုံတစ်ချပ်ကို ငေးကြည့်ရင်း တွေးတောလိုက်သည်။
ထိုလက်စွပ်အတွင်း၌ အဆိပ်ဆေးပင်များ အမြောက်အမြားပါ၏။ ထိုလက်စွပ်သည် ဂိုဏ်းမှ အကြီးအကဲဝမ်လင်းယွမ်ကို ချီးမြှင့်လိုက်သော ဆုဖြစ်ပေလိမ့်မည်။
သူသည် အကြီးအကဲဝမ်လင်းယွမ်ထံမှလည်း အဆိပ်ဆေးလုံးများနှင့် အားအင်မဲ့ဆေးလုံးများကို ထပ်မံ၍ ရရှိခဲ့သေး၏။
လီချန်ရှို့သည် ထိုကျေးဇူးများကို ပြန်ဆပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ထိုဆေးလုံးများကို ဘုံသုံးအဖြစ် သတ်မှတ်၍ ဂိုဏ်းကိုကာကွယ်ရန် ဂိုဏ်းအပြင်၌ လျှို့ဝှက်စောင့်ဆိုင်းနေသော သူ၏ စက္ကူကိုယ်ပွားများကို ပေးထားရန် ဆုံးဖြတ်လိုက်၏။
ယခု…
လီချန်ရှို့သည် လက်ချောင်းလေးများနှင့် စားပွဲခုံကို ခေါက်၍ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
‘ ငါသာ ရန်သူဆိုရင် ဘယ်အရပ်ကနေပြီး ဂိုဏ်းကို အလစ်ဝင်တိုက်မလဲ…. ’
****
နှစ်ဝက်ကြာပြီးနောက်…
တုနတ်ဝိဇ္ဇာဂိုဏ်း၏ အနောက်မြောက်ဘက် လီ(၃၀၀၀)အကွာတွင်…
အရိပ်နက်များသည် မြေပြင်နှင့် နီးနီးကပ်ကပ် ပျံသန်းနေကြပြီး ခြောက်ကပ်ကပ် တောင်ကြားအတွင်းမှ လျင်မြန်စွာထွက်လာကြသည်။ သို့သော် ထိုသူများသည် ခြောက်ကမ်းပါးတစ်ဖက်ရှိ ကျောက်တုံးတစ်တုံးပေါ်ရှိ ပင့်ကူအိမ်တစ်ခုကို သတိမထားမိကြပေ။ ထိုပင့်ကူအိမ်လေးသည် လေတွင် လှုပ်ခါနေလေသည်။
ထိုအရိပ်နက်များသည် သူတို့ရှေ့ လီ(၃၀၀)ခန့်ရှိ တောအုပ်ထူကြီးအတွင်းသို့ ဝင်သွားကြသည်။
သစ်ပင်တစ်ပင်အောက်တွင် မြှုပ်နှံထားသော သစ်သားသေတ္တာလေး၏ အဖုံးသည် ညင်သာစွာပွင့်လာ၏။ အဝတ်များဖြင့် ပတ်ထားသော စက္ကူကိုယ်ပွားရုပ်တစ်ရုပ်ထွက်လာပြီး သစ်ကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ ဘေးရှိ သစ်ပင်အိုကြီး၏ ပင်စည်အတွင်းသို့ ရုတ်ချည်း ဝင်သွားလေတော့သည်။