ရီဖူရှင်းက ကျောက်စိမ်းဖြူ မျှော်စင်တွင် လေ့ကျင့်နေသည်။ အစီအရင်က သူ၏တန်ခိုးကျင့်ခြင်းကိုများစွာ အထောက်အကူဖြစ်သည်။ သည်ရက်ပိုင်းတွင် ပိုမိုသောလူများက မျှော်စင်ကို ရောက်ရှိလာကြသည်။ စွမ်းအားမြင့်တန်ခိုးရှင်များက စာရင်းများပေးကာ ထိပ်သီးအင်အားစုလေးခု၏ ပြိုင်ပွဲကို ပါဝင်ရန် ပြင်ဆင်နေကြသည်။
ရီဖူရှင်း၊ ယန်ထန်းနှင့် ယန်ရီတို့ကလည်း ယခင်ထက် ပိုမိုရင်းနှီး လာခဲ့ကြသည်။ ထို့ကြောင့်ပင် ယန်ရီနှင့် ယန်ထန်းတို့က ရီဖူရှင်းထံကို မကြာခဏ လာလည်လေ့ ရှိကြသည်။ မြေရိုင်းဒေသမှစိတ်ဝင်စားဖွယ် ကိစ္စများအပြင် သူတို့က တန်ခိုးကျင့်ခြင်းနှင့် ပတ်သက်၍လည်း လေ့လာ ဆွေးနွေးကြသည်။ ရီဖူရှင်းက တန်ခိုးကျင့်ခြင်းတွင် လွန်စွာ ဗဟုသုတ ကြွယ်ဝသည်ကို ယန်ထန်းက သိရသည်။ ရီဖူရှင်းကြောင့် များစွာ အသိအမြင် ရရှိရာ သူက ရီဖူရှင်း၏ စွမ်းရည်အား မည်သို့ရှိမည်ကို စိတ်ဝင်စားလာသည်။
ယန်ထန်းကား မျှော်စင်တွင် လွန်စွာ အလုပ်များပေသည်။ သူက ဤရက်ပိုင်းတွင် များစွာသော မိတ်ဆွေသစ်များကို ဖွဲ့နိုင်ခဲ့သည်။ သူတို့မိဘ စောစီးစွာ သေဆုံးခြင်းနှင့် အသက်ရှင်ရန် ခက်ခဲစွာ ရုန်းကန်မှုတို့က သူ့အား လူအများနှင့် ပေါင်းသင်း ဆက်ဆံရေး ကောင်းလာစေဟန် ရသည်။
အခန်းထဲတွင် ယန်ရီနှင့် ရီဖူရှင်းတို့က စကားပြောနေကြသည်။
“အစ်ကိုကြီးရီ… အစ်ကိုကြီးက ဘယ်က လာတာလဲ…” ယန်ရီက စိတ်ဝင်စားစွာ မေးသည်။
ရီဖူရှင်းကား လွန်စွာ ကြည့်ကောင်းသည်။ ယူချင်းကလည်း သာမန်လူနှင့် ကွဲပြား ခြားနားသည်။ ရီဝူချင်းနှင့် လို့လန်ရွှီတို့ကလည်း သာမန်လူများနှင့် ကွဲပြား ခြားနားသည်။ လို့လန်ရွှီက ရီဖူရှင်း၏ ချစ်သူဖြစ်ရမည်ဟု သူမက ကောက်ချက်ချကာ အစ်မဟု သွားခေါ်သော်လည်း လို့လန်ရွှီက သူမအား မိမိမှာ အစေခံဟု ပြန်ပြောခဲ့သည်။ ထိုအဖြစ်က သူမအား ပိုမို အံ့အားသင့်စေသည်။
“ငါက အရမ်းဝေးတဲ့ တစ်နေရာက လာတာ… အရှေ့ဘက်မှာ မြေရိုင်းဒေသနဲ့ သီးခြား ဖြစ်နေတဲ့ နယ်မြေတစ်ခု ရှိတယ်… အဲဒါ ငါ့ရဲ့ မွေးရပ်မြေပဲ…” ရီဖူရှင်းက ပြောသည်။
“ကျွန်မက မွေးကတည်းက ယွန်ယွဲ့မြို့အပြင်ကို မသွားဖူးဘူး… ဒါပေမဲ့ အစ်ကိုကြီးက နေရာအများကြီး သွားဖူးတယ်…” ယန်ရီက ပြုံးလျက် ပြောသည်… “အစ်ကိုကြီးရီ… အစ်ကိုကြီးရဲ့ မိဘတွေက အစ်ကိုကြီးကို သတိမရကြ ဘူးလား…”
“ငါ့မိဘ…” ရီဖူရှင်းက အရှက်ပြေ ရယ်မောလိုက်သည်… “ငါမသိဘူး… အမှန်ကို ပြောရရင် ငါ့မိဘတွေက ဘယ်သူလဲ ဆိုတာတောင် ငါမသိဘူး…”
“အာ… ” ယန်ရီက အံ့အားသင့် သွားကာ ပြောသည်… “တောင်းပန်ပါတယ်… အစ်ကိုကြီးရီ…”
“ရပါတယ်… သူတို့က ကျော်ကြားတဲ့ လူတွေဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင် နေနေကြတာလည်း ဖြစ်နိုင်တာပဲ…” ရီဖူရှင်းက အရွှန်းဖောက်လိုက်သည်။
“သူတို့ကို မုန်းလား…” ယန်ရီက မေးသည်။
“မုန်းလား ဆိုတော့…” ရီဖူရှင်းက ခေါင်းယမ်းသည်… “ငါက ဒီလိုမျိုး တစ်ခါမှ မတွေးဖူးဘူး… ငါက သူတို့ကို မုန်းတယ်လို့ မထင်ဘူး…. ဘဝက အံ့အားသင့်ဖို့ ကောင်းပါတယ်… ငါက ပျော်ရွှင် ဝမ်းနည်းတာ၊ စိတ်ပျက်တာ၊ လွမ်းဆွတ်တာတွေ အကုန်လုံးကို ခံစားဖူးပြီးသွားပြီ… ဘယ်နေရာကို သွားသွား… ငါက ပုံပြင်တစ်ပုဒ်ကို ခံစားသိရှိရတယ်… ဘဝဆိုတာ… ဒါပဲ မလား…”
“ဟုတ်ကဲ့…” ယန်ရီက ခေါင်းညိတ်သည်။ ရီဖူရှင်း၏ မျက်နှာကို ကြည့်ကာ ရီဖူရှင်းက လွန်စွာ ယုံကြည်မှုရှိကာ ဘဝကို အကောင်းမြင်တတ် သည်ဟု သူမက ခံစားရသည်။
“ယန်ရီ…. မင်းရဲ့ အစ်ကိုရီက လာပြီး နှောင့်ယှက် နေပြန်ပြီလား…” ယန်ထန်းက အခန်းထဲ ဝင်လာရင်းက ပြောသည်။
“မဖြစ်နိုင်တာ… ကျွန်မတို့က စကားပြောနေကြတာ… အစ်ကိုက အစ်ကိုကြီးရီကို မေးလို့ရတယ်…” ယန်ရီက ငြင်းသည်။
ရီဖူရှင်းက ပြုံးလိုက်သည်။
ယန်ထန်းကလည်း ရယ်မောကာ သူ၏ခေါင်းကို ယမ်းသည်။ သူက ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “အစ်ကိုရီ… မျှော်စင်က အခန်းတွေ အကုန်လုံးက ပြည့်နေပြီ… တခြားနေရာတွေလည်း လူတွေ ပြည့်နေပြီ … ကြည့်ရတာ ဒီတစ်ခေါက် ပြိုင်ပွဲက အရမ်း ပြင်းထန်မယ် ထင်တယ်… ခင်ဗျား ဆုံးဖြတ်ပြီးပြီလား…”
“ကျုပ်တို့ပါမယ်… ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက သည်ရက်ပိုင်း ပါသင့်မပါသင့် တွေးထားပြီး ဖြစ်သည်။ သူတို့က ပြိုင်ပွဲတွင် အင်အား များများစားစား ပြရန် မလိုပေ။ လူတချို့အား အနိုင်ယူပြီးလျှင် သူတို့က မြေရိုင်းဒေသ၏ မြေပုံအား ရရှိနိုင်သည်။ ထိုအချိန် ရောက်လျှင် ရောက်ရာပေါက်ရာ သွားခြင်းထက် သူတို့က သွားလိုသော နေရာကို သေသေချာချာ ရွေးချယ်ကာ သွားရောက် နိုင်ပေသည်။
“ကောင်းတယ်… ကျုပ် အဖော်ရပြီ…” ယန်ထန်းက ပြုံးကာ ခေါင်းညိတ်သည်… “အစ်ကိုရီ… ခင်ဗျားအဆင့်က ဘာလဲ… ကျုပ်က ခင်ဗျားအတွက် စာရင်း ပေးလိုက်မယ်…”
“အကာနာအဆင့်နှစ်…” ရီဖူရှင်းက ဖြေသည်။ သို့သော် သူက အကာနာ အဆင့်သုံးကို မကြာမီ ရောက်ရှိတော့မည်ဟု ခံစားနေရသည်။
“ကောင်းပြီ…” ယန်ထန်းက နောက်ထပ် မှတ်ချက် မပေးတော့ပေ။ ရီဖူရှင်း၏ အသက်အရွယ်ဖြင့် ထိုအဆင့်က လွန်စွာ မြင့်နေပြီး ဖြစ်သည်။ သို့သော် အကောင်းဆုံးထဲ တွင်တော့ မပါသေးပေ။
“ကျုပ်က အခုသွားပြီး စာရင်းပေးလိုက်မယ်…” ယန်ထန်းက ပြောသည်။
“ကျုပ်လည်း လိုက်ခဲ့မယ်…” ရီဖူရှင်းက ပြောသည်။
“ဒါ ပိုကောင်းတယ်…” ယန်ထန်းက ခေါင်းညိတ်သည်။ ထို့နောက် သူတို့အုပ်စုက အခန်းထဲမှ ထွက်ကာ မျှော်စင်၏ အပေါ်ဆုံးအထပ် အရက်ရောင်းသည့် အဆောင်သို့ တက်လာခဲ့ကြသည်။
ထိုနေရာတွင် အရင်နေ့များထက် လူစည်ကား နေသည်ကို တွေ့ရသည်။ ယန်ထန်းက လိုက်ရှာ ကြည့်သော်လည်း ကျောက်စိမ်းဖြူ မျှော်စင်မှ လူများကို ရှာမတွေ့ပေ။
“သူတို့က တခြားကိစ္စတွေမှာ အလုပ်များနေတာလည်း ဖြစ်နိုင်တယ်… နည်းနည်း ထပ်စောင့်ရအောင်” ယန်ထန်းက အကြံပေးသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ထိုင်ခုံနေရာတွင် ထိုင်မည်လုပ်စဉ်မှာပင် သိမ်းငှက်နက်က ရှေ့ကို လျှောက်လာသည်။ သိမ်းငှက်နက်က ခေါင်းမော့ကာ လျှောက်လာရင်းက ဇာမဏီငှက်ပြာအား အထင်သေးစွာ ကြည့်သည်။ မှန်သည်… ဇာမဏီငှက်ပြာက သိမ်းငှက်နက်၏ အကြည့်ကို မည်သို့ သည်းခံနိုင်မည်နည်း။ သူက အတောင်ပံများအား တဖျတ်ဖျတ် ခတ်ကာ သူ့ထံမှ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်လာသည်။ ပရိသတ်များက ငှက်နှစ်ကောင်အား ကြည့်ကာ စိတ်ဝင်စား နေကြသည်။ တစ်ယောက်က ရယ်မောကာ မှတ်ချက်ချသည်… “ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ သိမ်းငှက်လဲ…”
“သူ့ဆရာက ဘယ်သူလဲ… သူ့ကို မသိရင်ဘဲ နတ်ငှက်လို့ ထင်ကြဦးမယ်…” လူအများအပြားက သိမ်းငှက်နက်ကို ရယ်မောကြသည်။ ဇာမဏီငှက်ရှေ့တွင် သိမ်းငှက်က မည်သို့ ခေါင်းမော့နိုင်ရ သနည်း။
သိမ်းငှက်နက်က မိမိကိုယ်ကို သိနားလည်ပုံ မရပေ။ သူ၏ ဂုဏ်ဝင့်သော မျက်လုံးများက ဇာမဏီငှက်ပြာကို ပျင်းရိစွာ ကြည့်နေသည်။ တစ်ခါတစ်ရံ သူ၏ မျက်လုံးများတွင် အနက်ရောင် အငွေ့အသက်များ တွေ့ရသည်။ ဇာမဏီငှက်က သီးမခံနိုင်စွာဖြင့် အတောင်ပံကို တဖျတ်ဖျတ် ခတ်နေသည်။
ဇာမဏီငှက်ပိုင်ရှင် လျူလန်က မျက်မှောင်ကြုတ် သွားသည်။ သူမနှင့် ဇာမဏီငှက်ပြာတို့က စိတ်ချင်း ဆက်ထားရာ ဇာမဏီငှက်ပြာက အနည်းငယ် စိတ်တိုနေသည်ကို ခံစားရသည်။
“ဒီကို ပြန်လာခဲ့…” ရီဖူရှင်းက အော်လိုက်သည်။ သူ၏အသံကို ကြားသည်နှင့် သိမ်းငှက်နက်က ချက်ချင်း ငြိမ်သွားကာ သူ၏ဂုဏ်ဝင့်သော ခေါင်းအား ပြန်ချလျက် ရီဖူရှင်းထံ ပြန်လျှောက် လာသည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် အားကောင်းပြီ ထင်နေတာလား…” ရီဖူရှင်းက သိမ်းငှက်နက်၏ ခေါင်းအား တစ်ချက် ထုကာ ပြောသည်။
ရီဖူရှင်းက လျူလန်ဘက်ကို လှည့်ကာ အနည်းငယ် ခေါင်းစိုက်လျက် ပြောသည်… “ဒီအတွက် တောင်းပန်ပါတယ်…”
“ရှင့်သိမ်းငှက်က တကယ်ပဲ အတင့်ရဲတယ်…” လျူလန်က နှာခေါင်းရှုံ့သည်။ သိမ်းငှက်တစ်ကောင်က ဇာမဏီ တစ်ကောင်အား ရန်စရဲသည်။ ထိုအရာက အတင့်ရဲသည်ထက် ပိုသည်။ သူမ၏ ဆရာက ထိုဇာမဏီငှက်အား ရရှိရန် များစွာ ကြိုးစား အားထုတ်ခဲ့ရသည်။
“မဟုတ်ဘူး… သူက အတွေ့အကြုံ မရှိတာ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ မီးလျှံမိန်းကလေးက ခေါင်းညိတ်ကာ ဘာမှ မပြောတော့ပေ။
ထိုအခိုက်တွင် လှေကားထစ်မှ များစွာသော ခြေသံများကို ကြားကြရသည်။ လူအများက စိတ်ဝင်စားစွာဖြင့် လှမ်းကြည့်ကြသည်။
“အဲဒါ မှော်ဆရာဝူပဲ…” လူအများအပြားက မှတ်ချက် ချကြသည်။ ထိုစကားကို ကြားကြလျှင် လူအများက အံ့အားသင့် သွားကြကာ လှေကားထစ်ကို လှမ်းကြည့်ကြသည်။
“မှော်ဆရာဝူလည်း ဒီကိုလာတယ်…” ယန်ထန်း၏ မျက်လုံးများက အရောင်လက် သွားသည်။
“မှော်ဆရာဝူက ဘယ်သူလဲ…” ရီဖူရှင်းက မေးသည်။
“ဝူက သူ့မျိုးရိုးနာမည်… သူက အရမ်းကျော်ကြားတဲ့ မှော်ပညာရှင်ပဲ… ဘယ်သူမှ သူ့နာမည်အရင်းကို မသိကြဘူး… ဒါကြောင့် လူတွေက သူ့ကို မှော်ဆရာဝူလို့ပဲ ခေါ်ကြတယ်… သူက အလယ်အလတ် အကာနာအဆင့်ပဲ ရှိပေမဲ့ ယွန်ယွဲ့တစ်မြို့လုံး သူ့ကို သိကြတယ်… အင်အားစုတွေ အကုန်လုံးက သူ့ကို သူတို့အဖွဲ့ထဲ ခေါ်ချင်ကြတယ်… ဒါပေမဲ့ သူက အကုန်လုံးကို ငြင်းခဲ့တယ်… ဒီတစ်ခေါက် သူက ပြိုင်ပွဲကို လာပြိုင်တယ် ဆိုတော့ သူက ယွန်ယွဲ့ကုန်သည် အုပ်စုကို ဝင်ဖို့ပြင်ထားပြီ ထင်တယ်… ”
ယန်ထန်းက လွန်စွာ စိတ်ဝင်စားနေဟန် ရသည်။ သူက ထရပ်ကာ အကြံပေးသည်… “သွားကြည့်ရအောင်…”
ရီဖူရှင်းကလည်း ထရပ်သည်။ ယန်ထန်း ပြောစကားအရ ထိုလူက အလွန် ပါရမီကောင်းသော မှော်ပညာရှင် ဖြစ်ရမည်။ သူကလည်း မှော်ဆရာဝူက မည်မျှ အားကောင်းသည်ကို သိလိုသည်။
ရီဖူရှင်းက လှေကားရင်းကို လျှောက်သွားကာ အောက်ကို ငုံ့ကြည့်သည်။ သူက အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်သည်။ ထိုလူက သူတွေးထင် ထားသည်ထက် အသက် ငယ်သည်ကိုလည်း ရီဖူရှင်းက တွေ့ရသည်။ သို့သော်လည်း သူ၏ဝတ်စားပုံက သူ၏နာမည်လိုပင် ထူးဆန်းပေသည်။
“ဆရာရှမ်းတောင်မှ သူ့ကို သွားကြိုရတယ်… အဲဒါ မှော်ဆရာဝူပဲ…” တစ်ယောက်က မှတ်ချက်ချသည်။ ရှမ်းချိန်နှင့် ရှမ်းဟိုင်တို့အပြင် ကျောက်စိမ်းဖြူ မျှော်စင်မှ တခြား အလုပ်သမားများက မတ်တတ်ရပ်ကာ မှော်ဆရာဝူအား ကြိုဆိုနေကြသည်။
“ကျုပ်တို့က သူတို့ကို ရှာမတွေ့တာ မထူးဆန်းတော့ဘူး…” ယန်ထန်းက ပြောသည်။
ကောင်းကင် အထက်မှ ရုတ်တရက် ဓားအသိတစ်ခု ပျံ့နှံ့လာသည်။ လူအများက မော့ကြည့်ကြလျှင် လူတစ်ယောက်က ဓားတစ်လက်ကို စီးနင်းလာသည်ကို တွေ့ရသည်။ သူက မြန်ဆန်စွာ ရောက်လာပြီး ဖြည်းညင်းစွာ ဆင်းသက် လာသည်။
“မိစ္ဆာဓားသမား တွမ့်ချီ… သူလည်း လာတယ်…” လူအများက လွန်စွာ အံ့အားသင့် ကြရသည်။ သူတို့နှစ်ဦး ရောက်လာခြင်းက ပြိုင်ပွဲက ပိုမို စိတ်ဝင်စားဖွယ်ရာ ကောင်းလာသည်။
မှော်ဆရာဝူနှင့် မိစ္ဆာဓားသမားတို့က ယွန်ယွဲ့ကုန်သည် အုပ်စုကို လာရောက် ကူညီကြသည်။ တခြား အင်အားစုသုံးခုကလည်း တခြား ပါရမီရှင်များကို ဖိတ်ခေါ် ထားရပေမည်။
“တွမ့်ချီက မိစ္ဆာဓားသမားလို့ လူသိများပြီးတော့ ဓားပညာမှာ အရမ်း ကောင်းတယ်… ပြီးတော့ စွမ်းအားလည်း မြင့်တယ်… ယွန်ယွဲ့ကုန်သည် အုပ်စုက ထိပ်သီး အင်အားစုထဲက တစ်ခုပဲ… သူတို့က ဒီနှစ်ယောက်ကို ဖိတ်ခေါ်ဖို့ အများကြီး သုံးခဲ့ရပုံ ပေါ်တယ်…” ယန်ထန်းက ပြောသည်။
ရီဖူရှင်းတို့အုပ်စုက တည်ငြိမ်သော ပုံစံရှိသည်။ နေရာတိုင်းတွင် ထက်မြက်သော ပါရမီရှင်များ ရှိသည်ကို သူတို့ သိကြသည်။ မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့က ထိုအထဲမှ နှစ်ယောက် ဖြစ်သည်။
ရှမ်းဟိုင်နှင့် သူ၏အစ်မတို့က မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့ကို ကြိုဆိုကြသည်။ လူအများအပြားက မိမိတို့နေရာ ကိုယ်စီကို ပြန်သွားကြသည်။
“အစ်ကိုရီ… တိုက်ပွဲက အရင်ကထက် ပိုပြီး အန္တရာယ် ရှိတယ် ထင်တယ်… ဂရုစိုက်ပါ…” ယန်ထန်းက ပြောသည်။ ထိုနှစ်ယောက် ရောက်လာခြင်းက တိုက်ပွဲက ပြင်းထန်မည့် အရိပ်အယောင်ကို သူမြင်နေရသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။
အတန်ကြာလျှင် အပေါ်ဆုံးထပ်က ပြန်လည် တိတ်ဆိတ် သွားသည်။ လူတချို့က လှေကားထစ်အတိုင်း တက်လာကြသည်။ ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့က မှော်ဆရာဝူနှင့် ဓားမိစ္ဆာတို့အတွက် နေရာများ ချပေးသည်ကို တွေ့သည်။ သူတို့က လွန်စွာ ဧည့်ဝတ်ကျေဟန် ရနေသည်။ လူတချို့က ရှေ့ကို လျှောက်လာကာ ပတ်ဝန်းကျင်ကို ကြည့်သည်။ ထို့နောက် သူတို့က ရီဖူရှင်းတို့ကို မြင်ကာ လျှောက်လာကြသည်။
“ဆရာ… ခင်ဗျားက ပထမထပ်မှာ နေတာလား…” ထိုလူက မေးသည်။
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဆရာ… ကျုပ်တို့ ကျောက်စိမ်းဖြူ မျှော်စင်က လူတွေ ပြည့်နေပြီ…” ထိုလူက ပြောသည်… “ကျုပ်တို့က ယွန်ယွဲ့ကုန်သည် အုပ်စုအတွက် ပြိုင်ပွဲဝင်မယ့်လူတွေကိုပဲ နေရာပေးပါတယ်… ဒါကြောင့် ဒီက ပြောင်းပေးလို့ ရမလား… ကျုပ်တို့ စိတ်မကောင်းပါဘူး…”
ယူချင်းက မျက်မှောင်ကြုတ် သွားကာ အေးစက်စွာ ပြောသည်… “ဘာကို ဆိုလိုတာလဲ…”
ယန်ထန်းနှင့် ယန်ရီတို့ကလည်း သဘောမကျစွာ ကြည့်သည်… “ကျုပ်မိတ်ဆွေတွေက ပြိုင်ပွဲမှာ ပါလိမ့်မယ်…” ယန်ထန်းက ပြောသည်။
“စိတ်မကောင်းပါဘူး… ကျုပ်တို့က နောက်ထပ်လူ လက်မခံတော့ပါဘူး…” ထိုလူက ပြောသည်။ ရီဖူရှင်းက စားပွဲအား လက်ဖြင့် တဒေါက်ဒေါက် ခေါက်သည်။ သူက မှော်ဆရာဝူတို့ဘက်ကို လှမ်းကြည့်ကာ ထိုလူများ ရောက်ရှိ လာခြင်းကြောင့် ဤသို့ အခြေအနေ ဖြစ်ရသည်ကို နားလည် လိုက်သည်။
“ကောင်းပြီ… ကျုပ်တို့ သောက်ပြီးရင် ဒီက ထွက်သွားလိုက်မယ်…” ရီဖူရှင်းက ထပ်မံ၍ မငြင်းတော့ပေ။
“ဆရာတို့ ပစ္စည်းတွေကို အခု သိမ်းပေးလို့ ရမလား…”
“ဘာကို ဆိုလိုတာလဲ…” ရီဖူရှင်းက အံ့အားသင့် သွားသည်… “ခင်ဗျားတို့ ကျုပ်အခန်းထဲ ဝင်ပြီးပြီလား…”
ဘန်း…
ယူချင်းက စားပွဲအား ရိုက်ချိုး လိုက်သည်။ သူက ထိုလူအား အေးစက်စွာ ကြည့်သည်။ သူတို့က ထိုနေရာတွင် နေနေဆဲဖြစ်ကာ ထိုလူများက သူတို့အား အခန်းထဲမှ ပစ္စည်းများကိုပင် သိမ်းရန် မစောင့်ဆိုင်း နိုင်ကြတော့ ဘူးလား…။
လူအများအပြားက ဖြစ်ပျက်သည့် အခြေအနေကို မြင်ကြသည်။ သူတို့က ရီဖူရှင်းတို့ အုပ်စုအား စိတ်မကောင်းစွာ ကြည့်ကြသည်။ သို့သော် သူတို့က သိပ်လည်း မအံ့ဩကြပေ။ ကျောက်စိမ်းဖြူ မျှော်စင်ကား လူပြည့်နေပြီ ဖြစ်သည်။ မှော်ဆရာဝူနှင့် ဓားမိစ္ဆာတို့အတွက် အခန်း လိုအပ်ပေသည်။
ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့က လျှောက်လာကာ ယူချင်းအား စိုက်ကြည့်သည်… “ဆရာ.. ခင်ဗျားက ဘာဆိုလိုတာလဲ…”
“ကျုပ်က ဘာဆိုလိုရမှာလဲ…” ယူချင်းက နှာခေါင်းရှုံ့သည်။
“ကျုပ်တိုဘက်က မှားတာပါ… ဒါပေမဲ့ ကျုပ်တို့ကို နားလည်ပေးပါ…” ရှမ်းဟိုင်က တောင်းပန်လိုက်သည်။
“ကျွန်မတို့က နောက်ရက်တွေ အတွက်ပါ လုံလောက်တဲ့ သဘာဝ စွမ်းအင် ကျောက်တုံးတွေ ပေးထားပြီးပြီ… ဟုတ်တယ်မလား…” လို့လန်ရွှီက အေးစက်စွာ ပြောသည်။
“သူတို့ကို ပြန်ပေးလိုက်…” ရှမ်းဟိုင်က သူ၏ အလုပ်သမားကို ပြောလိုက်သည်။ အလုပ်သမားက ကြိုတင် ပြင်ဆင်ထားပြီးဟန် ရကာ အိတ်လေး တစ်လုံးအား ရီဖူရှင်းတို့ အုပ်စုကို ပေးသည်။
“အဲဒါက လုံလောက်လား…” ရီဖူရှင်းက အသာအယာ ပြောသည်။
“အခု ခင်ဗျားတို့က ပြဿနာ ရှာနေတာလား…” ရှမ်းဟိုင်က အေးစက်စွာ ပြောသည်။
သူ့ဘေးမှ ရှမ်းချိန်က ပြုံးလျက် ပြောသည်… “ဒါက မလုံလောက်သေးဘူး ဆိုရင် ကျွန်မတို့က ပိုပေးလို့ရတယ်…” ထို့နောက် သူမက ရှေ့ကို တက်လာကာ သဘာဝစွမ်းအင် ကျောက်တုံးများအား ရီဖူရှင်းတို့ အုပ်စုရှေ့တွင် တစ်တုံးပြီး တစ်တုံး မြေပြင်ပေါ်သို့ ပစ်ချသည်။
***
အတွဲ(၂၇)ပြီးပါပြီ
ဆက်ပါဦးမည်။
***