အပိုင်း (၃၉၉)

သာမန်လူ

ယန်ထန်းက သိပ်အံ့အားသင့်ခြင်း မရှိပေ။ ရီဖူရှင်းက မြေရိုင်းဒေသကို ခြေဆန့်ချင်သည် ဆိုမှတော့ သူက တစ်နေရာတည်းတွင် နေမည် မဟုတ်ပေ။

“အစ်ကိုရီ… ယွန်ယွဲ့ကုန်သည် အုပ်စုက လေလံပွဲတွေနဲ့ ရောင်းဝယ်ရေး အဆောက်အဦတွေ အများကြီးကို ပိုင်ဆိုင်ထားတယ်…” ယန်ထန်းက ပြောသည်… “သူတို့က ခင်ဗျားလိုချင်တဲ့ မြေပုံ ရှိကို ရှိမှာပဲ… ခင်ဗျားက သူတို့အဖွဲ့ထဲကို မဝင်ချင်ဘူးဆိုရင် တခြားနည်း ရှိတာပေါ့… ခင်ဗျားက သူတို့အတွက် တိုက်ခိုက်ပြီးရင် ခင်ဗျား လိုချင်တာကို ရမယ်…”

“ဒီလိုလည်း ရတာပဲလား…” ရီဖူရှင်းက စိတ်ဝင်စားသွားသည်။

“သေချာတာပေါ့…” ယန်ထန်းက ရှင်းပြသည်… “သူတို့ရဲ့ တိုက်ပွဲအတွက် ခင်ဗျားက တစ်ပွဲလောက် အနိုင်ယူပေးနိုင်ရင် သူတို့က ဆုပေးလိမ့်မယ်… တကယ်တော်တဲ့ လူတွေကတော့ ပြိုင်ဘက် အများကြီးကို အနိုင်ယူပြီး ဆုတွေ အများကြီး ရနိုင်တယ်… မဟုတ်ရင် သူတို့က ဘယ်လိုလုပ် သူတို့အတွက် တိုက်ခိုက်ဖို့ လူတွေကို ဆွဲဆောင်နိုင်မှာလဲ… ခင်ဗျား သိရမှာက ဒဏ်ရာရတာနဲ့ လူသေတာက သာမန်ပဲ… ဒါကြောင့် သူတို့က သူတို့ရဲ့ လူတွေကို မစေလွှတ်ချင်ကြဘူး… မဟုတ်ရင် ထိန်းချုပ်မရတဲ့ တိုက်ပွဲတွေ အလွယ်တကူ ဖြစ်သွားနိုင်တယ်… အရင်က အဲလို ဖြစ်ဖူးတယ်…”

“ကျုပ်သိပြီ.. ကျုပ်စဉ်းစား ကြည့်မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက လခြမ်းကန်ဘက်ကို လှမ်းကြည့်သည်။ ထိုနေရာမှ လေပြည်လေညင်း လေးများ ဖြတ်သန်း လာလေ့ရှိသည်။ မြင်ကွင်းကလည်း ကောင်းမွန်လှသည်။

ထိုအချိန်တွင် နောက်ဘက်မှ ကျယ်လောင်သော ဆူညံသံ အချို့ကို ကြားရသည်။ ရီဖူရှင်းက လှည့်ကြည့်လျှင် လူနှစ်ယောက်က အရက်ခန်းမ အလယ်တွင် ရှိသော တိုက်ပွဲစင်မြင့်ပေါ်သို့ တက်ရောက် သွားကြသည်ကို မြင်ရသည်။ သူတို့က တိုက်ခိုက်ရန် အဆင်သင့် ပြင်နေကြသည်။

ထိုနေရာက ကျယ်ဝန်းရာ တိုက်ပွဲတစ်ပွဲက ထူးခြားသော သက်ရောက်မှု​ သိပ်မရှိပေ။ သူတို့က လေထဲကို ခုန်တက်ကာ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကြသည်။ သူတို့ နှစ်ယောက်လုံးက အဆင့်နိမ့် အကာနာများ ဖြစ်ကြသည်။

“ကျောက်စိမ်းဖြူ မျှော်စင်က ဂရုမစိုက်ဘူးလား…” ရီဖူရှင်းက မေးသည်။

“စင်ပေါ်မှာ တက်ရပ်တယ် ဆိုကတည်းက သူတို့နှစ်ယောက်က တိုက်ခိုက်ဖို့ သဘောတူပြီးပြီလို့ ဆိုလိုတယ်…” ယန်ထန်းက ပြောသည်… “ကျောက်စိမ်းဖြူ မျှော်စင်က ဒီနေရာကို တမင် လုပ်ပေးထားတာ… ဒါက ဒီကိုလာတဲ့လူတွေရဲ့ စွမ်းရည်ကို အကဲဖြတ်ခွင့် ရစေတယ်… အထူးသဖြင့် တိုက်ပွဲအတွက် ကျောက်စိမ်းဖြူ မျှော်စင်မှာ တည်းခိုတဲ့ လူတွေကိုပေါ့… မျှော်စင်က လူတွေက ဒီက လူတွေရဲ့ စွမ်းရည်တွေကို စောင့်ကြည့် အကဲဖြတ်ပြီး ယွန်ယွဲ့ကုန်သည် အုပ်စုကို သတင်းပို့ကြတယ်…”

ထင်မှတ်ထားသလိုပင် တိုက်ပွဲကား အဆက်မပြတ်ပေ။ လူအများအပြားက စင်ပေါ်ကို တက်၍ တိုက်ခိုက်ကြသလို ပိုမိုသော လူများကလည်း ရောက်ရှိ လာနေကြသည်။

အနက်ရောင်ဝတ် လူတစ်ယောက်အား ရီဖူရှင်းက မြင်သည်။ သူက အလယ်အလတ် အကာနာအဆင့်တွင် ရှိကာ လွန်စွာ အားကောင်းပေသည်။ သူက မီးဓာတ်စွမ်းအင်ကို အသုံးပြုသည်။ သူက ငယ်ရွယ်စဉ်က ပါရမီ သိပ်မြင့်မားခဲ့မည် မဟုတ်သော်လည်း ကြာမြင့်စွာ တန်ခိုးကျင့်ခဲ့ခြင်းက သူ့အား မှော်စွမ်းအင်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ကာ အားကောင်းသော အကာနာတန်ခိုးရှင် ဖြစ်စေသည်။

အနက်ရောင်ဝတ် မှော်ပညာရှင်က လူအများအပြားအား အနိုင်ရခဲ့သည်။ တဖြည်းဖြည်းဖြင့် ပိုမိုသော လူများက သူ့အား စိန်ခေါ်ကြသည်။ ယခု အပြာရောင် ဇာမဏီငှက် ပိုင်ရှင် မိန်းကလေးက ဝင်လာသည်ကို မြင်ရသည်။ သူမအား မီးအသိများ ဖုံးလွှမ်းနေခြင်းက သူမအား ပိုမို ချောမောစေသည်။

“သူတို့ကို ကျုပ်သိတယ်…” ယန်ထန်းက ပြောသည်… “မီးလျှံမိန်းကလေး လျူလန်နဲ့ မှော်နက်စီမူတို့က ဒီမှာ အရမ်း ကျော်ကြားတယ်…”

သူတို့နှစ်ယောက်၏ တိုက်ပွဲက အတော် ပြင်းထန်ပေသည်။ လျူလန်က မီးဓာတ်တွင် ကျွမ်းကျင်ကာ သိုင်းပညာကိုလည်း လေ့ကျင့်ပေသည်။ သူမက သူမ၏လှံပညာတွင် မီးဓာတ်ကို အသုံးပြု၍ တိုက်ခိုက်သည်။ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်က လွန်စွာ အားကောင်းပေသည်။ တိုက်ကွက် တစ်ခုစီက လွန်စွာ လှပ ညက်ညောပေသည်။ တစ်ခါတစ်ရံ သူမက မှော်နည်းစနစ်ကိုလည်း သုံးသည်။ သို့သော်လည်း တစ်ခါတစ်ရံ သူမက လွဲချော်ပေသည်။ အနက်ရောင်မြူများက စီမူအား ဖုံးအုပ်သွားလျှင် သူက တခြားနေရာတစ်ခုသို့ တည်နေရာပြောင်းရွှေ့ သွားလေ့ရှိသည်။ ထိုအဖြစ်က ရီဖူရှင်းအား အံ့အားသင့်စေသည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို သုံးလျှင် စီမူ၏ လှုပ်ရှားမှုကို သူက ရှင်းလင်းစွာ မြင်ရသည်။ သူ၏မျက်လုံးအား လိမ်ညာနိုင်သော နည်းစနစ် မရှိသေးပေ။

အနက်ရောင်မြူများက ဖုံးအုပ်ရန်သာ သုံးခြင်းဖြစ်သည်။ သူ တကယ် သုံးနေသည်က ရေဓာတ်နည်းစနစ် တစ်ခုဖြစ်သည်။ သူက ထိုအထဲတွင် စိတ်ဝိညာဉ် မှော်ပညာ တစ်ခုကို ထည့်သွင်း အသုံးပြုထားဟန် ရကာ ထိုနည်းဖြင့် သူက ကိုယ်ပွားများ ဖန်တီးနိုင်ပေသည်။ သို့သော်လည်း သူ၏နည်းစနစ်က တခြားလူများအတွက် ထူးဆန်း အံ့အားသင့်ဖွယ် ကောင်းနေပေသည်။

“အစ်ကိုရီ… ဘယ်သူ နိုင်မယ်လို့ထင်လဲ…” ယန်ထန်းက မေးသည်။

“မီးလျှံမိန်းကလေး…” ရီဖူရှင်းက ပြန်ပြောသည်။

“ဒါပေမဲ့ အခု စီမူက အသာရနေတယ်…” ယန်ထန်းက အံ့အားသင့်စွာ ပြောသည်။ စီမူက သူ၏နည်းစနစ်ဖြင့် လျူလန်အား ထိန်းချုပ်ထားသည်။

“တကယ်တမ်း အနိုင်ရလဒ်ကို ဆုံးဖြတ်တာကတော့ သူတို့ရဲ့ တကယ့်စွမ်းအားပါပဲ… တချို့ နည်းစနစ်တွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်… ဒါပေမဲ့ စီမူက မှော်ပညာရှင် ဖြစ်ပြီးတော့ သိုင်းပညာကို နားမလည်ဘူး… သူက မြန်မြန်ဆန်ဆန် မတိုက်ခိုက်နိုင်ဘူး… သူ့ရဲ့ တိုက်ခိုက်မှုက မီးလျှံမိန်းကလေးကို ယှဉ်နိုင်တယ်… ဒါပေမဲ့ ခံစစ်ကတော့ အဲလိုမဟုတ်ဘူး… သူက အချိန်နည်းနည်း ဆွဲနိုင်ပေမဲ့ သူကရှုံးလိမ့်မယ်…”

ယန်ထန်းက တိုက်ပွဲကို စိတ်ဝင်စားစွာ ကြည့်သည်။ စီမူက အသာရနေတုန်း ဖြစ်သည်။ သို့သော်လည်း အချိန် ကြာလာသည်နှင့်အမျှ အပြောင်းအလဲ ဖြစ်လာသည်။ မီလျှံမိန်းကလေး တိုက်ခိုက်သည်က ပိုမိုပြင်းထန်လာသော အချိန်တွင် စုမူက စိုးရိမ်ဖွယ် အခြေအနေကို ရောက်လာသည်။ အတန်ကြာလျှင် သူက ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။

“အစ်ကိုကြီးရီက အရမ်း အားကောင်းတာပဲ…” ယန်ရီက ချီးကျူးလိုက်သည်။ ယန်ထန်းကလည်း ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ သူကား အမှန်ပင် ဆင်ခြင်သုံးသပ်အား ကောင်းပေသည်။

“အစ်ကိုကြီး…” ရီဖူရှင်းက ယန်ရီအား ကြည့်ကာ ပြုံးသည်။ သူမက အသက်နှစ်ဆယ်ပင် ပြည့်ဦးမည့်ပုံ မရှိပေ။ ရီဖူရှင်းကား ယခု အမှန်ပင် အသက်ကြီး နေလေပြီ…။ သူက သူ၏ ညီမငယ်လေး ရီရှာကျင်းအား သတိရမိသည်။ သူမကလည်း အရွယ်ရောက်လောက် ပေပြီ။

“ဟုတ်ကဲ့… ကျွန်မက အဲလို ခေါ်လို့ရလား…” ယန်ရီက ပြုံးလျက် မေးသည်။

“ရတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“အစ်ကိုရီ… တစ်ယောက်ယောက်ကများ အစ်ကိုရီရဲ့ ရုပ်ရည်ကို ချီးကျူးဖူးလား…”

ရီဖူရှင်းက မျက်လုံးပြူးသွားကာ လေးနက်စွာ ခေါင်းညိတ်သည်… “ငါက အဲလိုမျိုးတွေကို အသားကျနေပြီ…”

ယူချင်းက အထင်သေးစွာဖြင့် တစ်ဖက်ကို လှည့်သွားသည်။ သူကား မိန်းကလေး တစ်ယောက်ကို လှည့်စကားနေပြန်ကာ သူက မကြည့်ရက်ပေ။

ရီဝူချင်းကား တစ်ချိန်လုံး တိတ်ဆိတ် နေတတ်ကာ သူရှိနေခြင်းက သိပ်မသိသာပေ။ ယန်ထန်းက တစ်ခါတစ်ရံ သူ့ကို လှမ်းကြည့်သည်။ သူ၏ ထူးခြားသော တည်ရှိခြင်းက ခံစား၍ ရပေသည်။

“အရမ်း မိုက်တယ်… ကျုပ်က ခင်ဗျားတို့ကို အရင်ကတည်းက ကြားဖူးတယ်…” တစ်စုံတစ်ယောက်က ရုတ်တရက် ချီးကျူးသည်။ ရီဖူရှင်းတို့ အုပ်စုက လှမ်းကြည့်ကြလျှင် လူငယ် တစ်ယောက်နှင့် မိန်းမ တစ်ယောက်ကို တွေ့ရသည်။ လူငယ်ကား အလွန် ချောမောကာ သူ့ဘေးမှ မိန်းမက ပါးလွှာသော အဝတ်အစားကို ဝတ်ထားကာ အလွန်စွာ ဆွဲဆောင်မှု ကောင်းသည်။ သူတို့နောက်တွင် များစွာသော အစေခံများ အစောင့်များကို တွေ့ရသည်။ သိသာစွာပင် သူတို့က အားကောင်းသော မိသားစုမှ ဖြစ်ရမည်။ သူတို့ ရောက်လာခြင်းက လူအများ၏ မျက်လုံးများကို ဆွဲငင်ခေါ်သွားသည်။ စုမူနှင့် လျူလန်တို့က အနည်းငယ် ခေါင်းညိတ်ကြသည်။

“သူတို့က ယွန်ယွဲ့ကုန်သည် အုပ်စုက ရှမ်းဟိုင်နဲ့ ရှမ်းချိန်တို့ မောင်နှမပဲ… သူတို့အဖေက ကျောက်စိမ်းဖြူ မျှော်စင်ကို အုပ်ချုပ်တာ…” ယန်ထန်းက ရီဖူရှင်းကို ပြောသည်… “ကျုပ် သွားလိုက်ဦးမယ်… ”

ထို့နောက် ယန်ထန်းက ရှမ်းမောင်နှမထံသို့ လျှောက်သွားသည်။ ထို့နောက် သူက သူတို့အနီးတွင် ရစ်သီရစ်သီလုပ်ကာ ရိုကျိုးသော အမူအရာ ရှိနေသည်။

“သူက ဘာလို့ ဒီလို ဖြစ်နေရတာလဲ…” ယူချင်းက ယန်ရီကို မေးသည်။ သူက နားမလည်ပေ။ အကယ်၍ သူက ကုန်သည်အုပ်စုကို ဝင်ရောက်လိုပါက သူ၏စွမ်းရည်ကို အသုံးပြုရပေမည်။ ရိုကျိုးခြင်းက မိမိ၏ ပင်ကိုစွမ်းရည်ကို မလေးစားရာ ရောက်ပေသည်။

ယန်ရီက သူမ၏ခေါင်းအား ငုံ့လိုက်သည်။

“ယူချင်း…” ရီဖူရှင်းက သူ့အား ဟန့်တားလိုက်သည်။ သူတို့က ယန်ထန်းတို့နှင့် ရင်းနှီးသည်မှာ မကြာသေးပေ။ သူတို့က ယန်ထိုး မည်သို့ပြုမူသည်နှင့် ပတ်သက်၍ မှတ်ချက်ပေးပိုင်ခွင့် မရှိပေ။

“ယန်ရီ… ငါတို့ အောက်ကို ပြန်ဆင်းတော့မယ်…” ရီဖူရှင်းက ပြောသည်။

“ဟုတ်ကဲ့…” ယန်ရီက ခေါင်းညိတ်သည်။ ရီဖူရှင်းတို့ အုပ်စုက လှေကားထစ် အတိုင်း အောက်ကို ပြန်ဆင်း လာကြသည်။

အခန်းထဲကို ပြန်ရောက်လျှင် ရီဖူရှင်းက လခြမ်းကန်ဘက်ကို မျက်နှာမူ၍ ထိုင်လိုက်ကာ တိုက်ပွဲအား ပြန်တွေးမိသည်။

စုမူနှင့် လျူလန်တို့ နှစ်ယောက်က အတော် အားကောင်း ကြပေသည်။ သူတို့၏ စွမ်းရည်များက ကျောင်းတော်မှ ပါရမီရှင် တချို့နှင့်ပင် ယှဉ်နိုင်သည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် ယွန်ယွဲ့မြို့မှ ပါရမီရှင်များက အရှေ့မြေရိုင်း ဒေသမှ အကောင်းဆုံးများထက် ပိုအားမကောင်းနိုင်ဟု သူထင်သည်။ ထိုအရာက ပုံမှန်သာ ဖြစ်သည်။ ယွန်ယွဲ့မြို့ကား အဓိကမြို့ မဟုတ်ပေ။ တကယ့်ပါရမီရှင်များက ပိုမိုအားကောင်းသော အင်အားစုများ အခြေစိုက်ရာ နေရာကိုသာ သွားကြမည် ဖြစ်သည်။ အရှေ့မြေရိုင်း ဒေသက အထောက်အပံ့ပစ္စည်းများ သိပ်မရှိသော်လည်း ထိုနေရာမှ ပါရမီရှင်များက အတော် ထူးချွန်ကြပေသည်။ အနည်းဆုံး သူတို့က ယွန်ယွဲ့မြို့မှ ပါရမီရှင်များအား ယှဉ်နိုင်ကြသည်။

“ဒီနေရာက သဘာဝစွမ်းအင်က အတော် အားကောင်းတာပဲ…” ရီဖူရှင်းက ပြောကာ ပြုံးလိုက်သည်။ ထို့နောက် သူက ပြုံးကာ တန်ခိုး ကျင့်လိုက်သည်။

အတန်ကြာလျှင် အသံတစ်သံကို ကြားရသည်… “အစ်ကိုကြီးရီ… ကျွန်မ လာလို့ရလား…”

“အင်း… ယန်ရီ… လာခဲ့…” သူက ထိုသို့ ပြောလိုက်သည်နှင့် လူတစ်ယောက် အခန်တံခါးကို ဖြတ်ကာ ရောက်လာသည်။ သူမက ပြောသည်… “အစ်ကိုကြီးရီ… ကျွန်မကို ရီကလေးလို့ ခေါ်လို့ရတယ်…”

“ရီကလေး…” ရီဖူရှင်းက ခေါ်သည်။

ယန်ရီက ပြုံးလိုက်သည်… “အစ်ကိုကြီးရီက ကျွန်မ အစ်ကို့ကို အထင်သေးလား…”

“ဟင့်အင်း…” ရီဖူရှင်းက ခေါင်းယမ်းသည်။ သူက အမှန်ကို ပြောခြင်း ဖြစ်သည်။ လူတိုင်းက ကွဲပြားခြားနားစွာ အသက်ရှင် ကြရသည်။ သူက ယန်ရီအား သိပ်မသိရာ မှတ်ချက်လည်း မချနိုင်ပေ။

“ကျွန်မတို့ မိဘတွေက ရှေးဟောင်း အကြွင်းအကျန် နယ်မြေတစ်ခုကို ဝင်တဲ့အချိန်မှာ အသတ်ခံခဲ့ရတယ်… အဲဒီတုန်းက ကျွန်မတို့အသက်က ငယ်လေးတော့ အသက်ရှင် ရပ်တည်ဖို့ အတော် ခက်ခဲခဲ့တယ်… ပြဿနာ တစ်ခုကြောင့် ကျွန်မက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး အရင်လို တန်ခိုး ကောင်းကောင်း မကျင့်နိုင်ခဲ့ဘူး… အစ်ကိုက ကြိုးစားပြီးတော့ တိုက်ပွဲထဲ ဝ​င်ပါချင်ခဲ့တယ်… ဒီနည်းနဲ့ သူက ကျွန်မအတွက် ဆေးရနိုင်မယ်လို့ သူက ယူဆထားတယ်… ယွန်ယွဲ့ကုန်သည် အုပ်စုက အရောင်းအဝယ်တွေ အများစုကို ထိန်းချုပ်တယ်… သူတို့ဆီးမှာ ဆေးရှိလိမ့်မယ်… ဒါကြောင့် သူက အဲဒီလူတွေကို ကောင်းကောင်း ဆက်ဆံဖို့လိုတယ်…”

ယန်ရီက တိုးညင်းစွာပင် ဆက်ပြောသည်…. “ကျွန်မတို့က ဒီမှာ အသက်ရှင်ဖို့ နည်းလမ်းမျိုးစုံ သုံးပြီးနေရတယ်… ဒါတွေ အကုန်လုံးက ကျွန်မအတွက်ပဲ… အစ်ကိုက အမှန်က ပါရမီကောင်းတယ်… ဒါပေမဲ့ ကျွန်မကြောင့် သူ့တန်ခိုးကျင့်မှုက သိပ်ခရီး မရောက်တော့ဘူး… အစ်ကိုကြီးရီ… ကျွန်မက ဘာမှ မမျှော်မှန်းပါဘူး… ကျွန်မအစ်ကို့ကို အထင် မသေးစေချင်တာပါပဲ…” ထို့နောက် သူမက နောက်လှည့်ကာ ထွက်ခွာ သွားသည်။

သူမ ထွက်ခွာသွားလျှင် ရီဖူရှင်းက မသက်မသာပြုံးကာ ယူချင်းဖက်ကို လှည့်သည်… “မင်း ကြားလား…”

ယူချင်းက ခေါင်းကုတ်ကာ ပြောသည်… “ငါ တောင်းပန်မယ်…”

ရီဖူရှင်းက အဝေးကို ကြည့်သည်… “မြေရိုင်းဒေသက လူတွေက နန်ထျန်းအိမ်တော်နဲ့ တော်ဝင် မီးတောက် ဂိုဏ်းလိုချည်းတော့ မဟုတ်ဘူး… ဒီမှာလည်း ငါတို့လို ရည်ရွယ်ချက် တစ်ခုအတွက် ကြိုးစား ရုန်းကန်နေရတဲ့ သာမန်ဘဝနဲ့ သာမန်လူတွေ အများကြီး ရှိတယ်…”

“အစ်ကိုရီ…” နောက်ထပ် အသံတစ်သံကို ကြားရသည်။ ယန်ထန်းက ပြုံးလျက် လျှောက်လာသည်… “ကျုပ် မေးကြည့်ပြီးပြီ… သူတို့မှာ တကယ်ပဲ မြေပုံရှိတယ်… တကယ်လို့ ခင်ဗျားက သူတို့အတွက် ကောင်းကောင်း စွမ်းဆောင်ပေးမယ် ဆိုရင် သူတို့က ပေးမယ်လို့ ကျုပ်ယုံတယ်…”

“ကောင်းပြီ… ကျုပ် သေသေချာချာ စဉ်းစားမယ်…” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။ သူက ယန်ရီနှင့် ပတ်သက်၍ မပြောပေ။

“ခင်ဗျား ဆုံးဖြတ်ပြီးရင် ကျုပ်ကို ပြော… ကျုပ်က ခင်ဗျားတို့အတွက် စာရင်း သွင်းပေးမယ်…” ယန်ထန်းက မထွက်သွားခင် ပြောသည်။

“ကျေးဇူးပဲ…” ယူချင်းက ပြောသည်။

ယန်ထန်းက နောက်လှည့်သွားရာက ရပ်လိုက်ကာ ယူချင်းကို ကြည့်သည်။ ထိုသန်မာသော လူငယ်လေးကား တစ်ခါမှ သူ့ကို စကားတစ်ခွန်း မပြောဖူးပေ… “ကျုပ်တို့က မိတ်ဆွေတွေ ဆိုမှတော့ တစ်ယောက်ကို တစ်ယောက် ကူညီရမှာပေါ့…” ယန်ထန်းက ပြုံးလျက် ပြောကာ ထွက်သွားသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset