Switch Mode

အပိုင်း (၃၉၈)

မြေရိုင်းဒေသ၊ ယွန်ယွဲ့မြို့

မြေရိုင်းဒေသကား အဆုံးအစမဲ့လှသည်။ မြောက်ဘက်တွင်ကား ဒီမွန်းလောကနှင့် ဆက်စပ်နေသော ဒီမွန်းမြို့ရှိသည်။ ဒီမွန်းနတ်မျိုးနွယ်နှင့် ထိုက်ချွန်တောင်တို့က ထိုအရပ်တွင် တည်ရှိကြသည်။ တိမ်ဖြူမြို့က အနောက်ဘက်ကို စောင့်ကြပ်ကာ မဆုံးနိုင်သော နယ်မြေအား အုပ်ချုပ်သည်။ ထိုနေရာတွင်တွင် မြေနေရာ အများအပြားကို ပိုင်ဆိုင်သော မီးလျှံတောင်အနီးမှ မီးတောက်မြို့လည်း ရှိပေသည်။

တောင်ဘက်တွင်ကား မဆုံးနိုင်သော နှင်းနယ်မြေကို တွေ့ရသည်။ ထိုနေရာတွင် ဘုရားကျောင်း တစ်ခုနှင့် အင်အားစုနှစ်ခု ရှိပေသည်။ နှင်းနယ်မြေနှင့် မီးလျှံတောင်တို့က ထူးဆန်းသော မြေနေရာ အနေအထားကို ပိုင်ဆိုင်ကြသည်။ အလယ်ပိုင်း ဒေသတွင်ကား နာမည်ကျော် အာခီမီမြို့ ရှိပေသည်။ မှန်သည်… ရှောင်းကျူမြို့ကား အချမ်းသာဆုံး ဖြစ်ပေသည်။ အလယ်ပိုင်းဒေသ ဖြစ်ရာ လူနေပိုထူထပ်ပြီး စွမ်းအားမြင့် တန်ခိုးရှင်များ ကလည်း နေရာတိုင်းတွင် ရှိပေသည်။

ယွန်ယွဲ့မြို့ကား မြေရိုင်းဒေသ၏ အရှေ့ဘက်တွင် တည်ရှိပြီး အဓိက မြို့တစ်မြို့ မဟုတ်သော်လည်း သူ့တွင်လည်း ရှည်လျားကာ အားကောင်းသော နောက်ခံသမိုင်း ရှိပေသည်။

လက်ရှိတွင် ယွန်ယွဲ့မြို့ အပေါ်တွင် သိမ်းငှက်နက် တစ်ကောင်က ပျံသန်းနေသည်။ သူ၏ မျက်လုံးများက လွန်စွာ ထက်ရှသည်။ သူက သိမ်းငှက်တစ်ကောင် ဖြစ်သော်လည်း သူပျံသန်းလျှင် နတ်ငှက်နှင့် ဆင်တူသည်။ သူကား အလွန် လျင်မြန်သည်။ သူ၏နောက်ကျောတွင် လူငယ်လေးယောက် ပါလာသည်။ ရှေ့ဆုံးမှ တစ်ယောက်က အလွန်ချောမောကာ ရှေ့ကို ကြည့်နေသည်။ သူ့ဘေးတွင်ကား ကြီးမားကြံ့ခိုင်သော လူငယ်တစ်ယောက် ပါလာကာ မျက်လုံးမှိတ်လျက် အနားယူနေသည်။ သူတို့နောက်တွင် ဓားနှစ်လက်အား နောက်ကျောတွင် ကြက်ခြေခတ် လွယ်ထားသော လက်တစ်ဖက်ပြတ် လူငယ် တစ်ယောက်ကို တွေ့ရသည်။ ထို့အတူ မျက်နှာအား ပဝါဖြင့် ဖုံးအုပ်ထားသော မိန်းကလေး တစ်ယောက်လည်း ပါလာသည်။ သူမ၏ မျက်လုံးများက ငွေရောင်လက်လက် ထနေပြီး အေးစိမ့်သော အငွေ့အသက်များကို ခံစားရစေသည်။

သူတို့ကား ရီဖူရှင်းတို့ အုပ်စုဖြစ်သည်။ သူတို့က အရှေ့မြေရိုင်းဒေသမှ မြေရိုင်းဒေသကို ထွက်ခွာလာကြခြင်း ဖြစ်သည်။ သူတို့က လမ်းတစ်လျှောက် အကြိမ်များစွာ ရပ်နားခဲ့ကြပြီး ဖြစ်သည်။ ယခု သူတို့က လခြမ်းတိမ်မြို့ကို ရောက်လာပြီ ဖြစ်သည်။ ဤမြို့၏ စည်ကားမှုကား အရှေ့မြေရိုင်း ဒေသမှ ချင်ပြည်ထောင်နန်းမြို့တော်နှင့် နှိုင်းယှဉ်၍ ရသည်။

“ဒါက လခြမ်းကန် ဖြစ်မယ်…” လို့လန်ရွှီက ထရပ်သည်။ သူမက လခြမ်း ပုံသဏ္ဌာန်ကန်အား ညွှန်ပြသည်။ သူမက မြို့တစ်မြို့ကို ဝင်ရောက် အနားယူစဉ်က ရှာဖွေထားသော မြေပုံတစ်ခု ရှိသည်။

“အဲဒါက လခြမ်းကန်ရှေ့က ကျောက်စိမ်းဖြူ မျှော်စင်ဖြစ်မယ်…” ကန်တစ်ဖက်မှ ကြည့်လျှင် သူတို့က နန်းတော်အလား အဆောက်အဦ တစ်ခုကို တွေ့ရသည်။ သိမ်းငှက်နက်က အမြန်နှုန်း မြှင့်လိုက်လျှင် ထို အဆောက်အဦအား ပိုမိုရှင်းလင်းစွာ မြင်လာရသည်။

ထိုအဆောက်အဦကား နန်းတော်ပုံစံ ဆောက်ထားသော တည်းခိုခန်းတစ်ခု ဖြစ်ကာ ယွန်ယွဲ့မြို့၏ အကြီးဆုံး တည်းခိုခန်းများထဲမှ တစ်ခုဖြစ်သည်။ အဆောက်အဦ တစ်ခုလုံးက အဖြူရောင်ဖြစ်နေကာ သူ့အား ကျောက်စိမ်းများဖြင့် ပြုလုပ်ထားပုံရသည်။ ထိုအဆောက်အဦက နန်းတော်ကဲ့သို့ပင် ထည်ဝါ ခမ်းနားလှသည်။

သူတို့က အနီးကို ရောက်လျှင် သိမ်းငှက်က အောက်ကို စိုက်ဆင်းကာ လှေကားထစ်တွင် ဆင်းသက် လိုက်သည်။ ရီဖူရှင်းက သဘာဝ စွမ်းအင်များက သူ့ကို လာရောက် ရိုက်ခတ်သည်ကို ခံစားရသည်။ ဆိုလိုသည်က ကျောက်စိမ်းဖြူ မျှော်စင်အား သဘာဝစွမ်းအင် ကျောက်တုံးများဖြင့် တည်ဆောက် ထားသည်။ အဆောက်အဦအထဲ၌ အင်းကွက်တစ်ခု ရှိရပေမည်။ ဤအဆောက်အဦတွင် နေခြင်းက ထိုလူ၏တန်ခိုးကျင့်ခြင်းတွင် လွန်စွာ အထောက်အကူ ဖြစ်စေပေသည်။

အပေါ်ကို မော့ကြည့်ကာ ရီဖူရှင်းက လှေကားထစ် အတိုင်း တက်သွားပြီး ဧည့်ခန်း အပြင်ဘက်တွင် ရပ်လိုက်သည်။ လို့လန်ရွှီနှင့် ယူချင်းက သဘာဝ စွမ်းအင် ကျောက်တုံးများကို ကိုင်ကာ အထဲကို ဝင်သွားကြသည်။ သူတို့က ဤမြို့တွင် ရက်အနည်းငယ် နေရမည်ဖြစ်ရာ သူတို့က ကျောက်စိမ်းဖြူ မျှော်စင်လို နေရာကို ရွေးချယ်ခဲ့ကြသည်။ သူတို့အတွက် သတင်းအချက်အလက် စုဆောင်းရန် ဤနေရာက ပိုမို လွယ်ကူပေသည်။ သူတို့က မြေရိုင်းဒေသ၏ မြေပုံကိုလည်း လိုအပ်ပေသည်။ သူတို့က သေးငယ်သော နေရာများတွင်သာ နေ၍ မရပေ။

လူအများအပြားက လှေကားထစ်ပေါ်တွင် တက်လိုက် ဆင်းလိုက် သွားလာနေကြသည်။

“ဆရာ… ခင်ဗျားက နယ်ခြားက လာတဲ့လူလား…” အပြာရောင် ဝတ်ထားကာ ပိန်ပါးသော လူငယ်တစ်ယောက်က ရီဖူရှင်းအား မေးသည်။

“ဟုတ်တယ်…” ရီဖူရှင်းက ပြုံး၍ ခေါင်းညိတ်သည်။

“ကျုပ်က ယန်ထန်းပါ…” သူက နှုတ်ဆက်သည်။

“ရီဖူရှင်း…”

“အစ်ကိုရီ… ခင်ဗျားက ကလန်လေးခုရဲ့ တိုက်ပွဲအတွက် လာတာလား…” ယန်ထန်းက မေးသည်။

“မဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းယမ်းသည်။ သူတို့က ယခုမှ ရောက်ကာစဖြစ်ကာ ကလန်လေးခုနှင့် ပတ်သက်၍လည်း ဘာမှ မသိပေ။

“ယွန်ယွဲ့မြို့ကို လာတဲ့လူတွေ အများစုက အဲဒီအတွက် လာကြတာ များတယ်… ကျွန်​တော် မှားသွားတာ…” ယန်ထန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ တောင်းပန်သည်။

“ပြဿနာမရှိဘူး… ကျုပ်က ယွန်ယွဲ့မြို့ကို အခုမှ​ ရောက်ဖူးတာ ဆိုတာ့ ဘာမှ မသိသေးဘူး… ကျုပ်ကို နောက်ပိုင်း ကူညီပေးပါဦး…” ရီဖူရှင်းက ယဉ်ကျေးစွာ ပြောသည်။

“ရပါတယ်… ကျုပ်တို့က အချင်းချင်း ကူညီကြတာပေါ့…” ယန်ထန်းကလည်း ပြုံးကာ ပြောသည်။

“အစ်ကို… ပြီးသွားပြီ…” အသံတစ်သံအား ကြားရသည်။ လှပသော မိန်းကလေးတစ်ယောက် အထဲမှ ထွက်လာသည်။ သူမက ငယ်ရွယ်ကာ အပြစ်ကင်း ဖြူစင်သောပုံစံ ရှိသည်။

“ဒါက ကျုပ်ညီမ ယန်ရီ…” ယန်ထန်းက မိတ်ဆက်ပေးသည်… “ဒါက အစ်ကိုရီ…”

ရီဖူရှင်းနှင့် ယန်ရီတို့က တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ကြသည်။ ယန်ရီက ရီဖူရှင်းအား သူမ၏ သန့်စင်သော မျက်လုံးများဖြင့် ကြည့်ကာ ရီဖူရှင်းက လွန်စွာ ဆွဲဆောင်မှု ရှိသည်ဟု တွေးနေမိသည်။

ရီဖူရှင်းက ရင့်ကျက်လာသည်နှင့်အမျှ သူ၏ရုပ်ရည်ကလည်း တဖြည်းဖြည်း ပြောင်းလဲ လာနေသည်။ သူ၏ ရုပ်ရည်က ယခင်ကထက်ပင် ပိုမိုချောမောလာသည်။ ယခု သူကား လွန်စွာ ဆွဲဆောင်အား ကောင်းလှသည်။

“ဘာလို့ ကျုပ်ကို ဒီလောက် ကြည့်နေရတာလဲ…” ရီဖူရှင်းက အသာအယာ ပြုံးကာ မေးသည်။

ယန်ရီက သတိဝင်လာသည်နှင့် မျက်နှာက နီရဲသွားသည်။ ထို့နောက် မျက်လုံးအား ချက်ချင်း တဖက်ကို လွှဲလိုက်သည်။

“အစ်ကိုရီက ချောတယ်ဆိုပေမဲ့ ဒီလိုတော့ မလုပ်သင့်ဘူး…” ယန်ထန်းကလည်း အရွှန်းဖောက်သည်။

ယန်ရီက သူ့အား ကန်ကျောက်ကာ ပြောသည်… “အစ်ကိုက ဘာပြောနေတာလဲ… ညီမက သိချင်ရုံပဲကို…”

ထိုအချိန်တွင် သူတို့ ရပ်နေရာ မြေပြင်က တုန်ခါသွားသည်။ ရီဖူရှင်းက လှမ်းကြည့်လျှင် လူတစ်ယောက်က အဖြူရောင် လှေကားထစ်ပေါ်သို့ တက်လာခြင်း ဖြစ်သည်။ ထိုလူကား လွန်စွာ အရပ်ရှည်ကာ ကြီးမားကြံ့ခိုင်သည်။ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းက အဝတ်အစား မပါပေ။ သူ၏အရေးကြီးသော အစိတ်အပိုင်းများအား ငွေရောင် ချပ်ဝတ်များဖြင့် ကာထားသည်။ သူ၏ မျက်လုံးများက ကြေးနီရောင် ခေါင်းလောင်းများနှင့် ဆင်တူကာ တခြားလူများအား စိစစ်ကြည့်ရှုသည်။ ထို့နောက် သူက လှေကားထစ်အတိုင်း တက်ကာ အထဲကို ဝင်သွားသည်။

“အဲဒါ ဘယ်လို သတ္တဝါမျိုးလဲ…” ယန်ရီက အပေါ်ကို ကြည့်သည်။ သူမက အနီရောင် သတ္တဝါဆန်း တစ်ကောင် ဆင်းလာသည်ကို မြင်သည်။

စီးနင်းလာသူကား အနီရောင် ဝတ်ဆင်ထားသော မိန်းမတစ်ယောက် ဖြစ်သည်။ သူမ၏ အကောက်အကွေး ခန္ဓာကိုယ်က ကွဲပြား ခြားနားသော ဆွဲဆောင်မှုကို ပေးသည်။

“အပြာရောင်ဇာမဏီ…” ယန်ထန်းက ပြောသည်။

ထိုမိန်းမ၏ ဇာမဏီပြာက ဆင်းသက် လာသည်။ သူမကလည်း ရီဖူရှင်းကို တစ်ချက်မှပင် မကြည့်ဘဲ အပေါ်ကို တက်သွားသည်။ သို့သော်လည်း သူမ၏ ဇာမဏီပြာက သိမ်းငှက်နက်အား ကြည့်ကာ တွန်လိုက်သည်။

သိမ်းငှက်နက်ကား တိတ်ဆိတ်နေသည်။ ဇာမဏီပြာက တွန်ကျူးလိုက်သည်ကို ကြားသည်နှင့် သူ၏ မျက်လုံးများက ထက်ရှသွားကာ သိမ်းငှက်ပြာကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် အနက်ရောင် အငွေ့အသက်များ ဖုံးလွှမ်း နေသည်ကို မြင်ရသည်။

ထို့နောက် ဇာမဏီပြာက သူ၏သခင်နောက်ကို လိုက်ပါသွားကာ လှေကားထစ် အတိုင်း အပေါ်ကို တက်သွားသည်။ သိမ်းငှက်နက်က သူ့အား မောက်မာစွာ တစ်ချက်ကြည့်ကာ သူ၏ မျက်လုံးများကို မှိတ်ပြီး ပြန်လည်၍ အနားယူသည်။

ထိုအချိန်တွင် ယူချင်းနှင့် လို့လန်ရွှီတို့ လျှောက်လာကြသည်… “အစ်ကိုယန်…” ရီဖူရှင်းက ပြောသည်… “ကျွန်တော်က အဆင်ပြေသွားပြီ…”

ယန်မောင်နှမတို့က ယူချင်းနှင့် လို့လန်ရွှီတို့ကို ကြည့်သည်။ သူတို့အုပ်စုက ထူးခြားသော ရုပ်ရည် သွင်ပြင်များ ရှိကြသည်။ လို့လန်ရွှီက မျက်နှာကို ဖုံးကွယ် ထားသော်လည်း သူမ၏ခန္ဓာကိုယ် သွင်ပြင်အရ အရုပ်ဆိုးမည့်ပုံ မရှိပေ။

“လာ… အတူတူ သွားရအောင်…” ယန်ထန်းက ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်၏။ သူတို့အားလုံးက လှေကားထစ်အတိုင်း တက်လာကြသည်။ သူတို့က မိမိတို့အထပ်နှင့် အခန်းများကို ရှာတွေ့ကြသည်။ တိုက်ဆိုင်စွာပင် သူတို့၏အခန်းများက သိပ်မဝေးသည်ကို တွေ့ရသည်။

သူတို့က အခန်းထဲကို ဝင်လိုက်လျှင် ဝင်ပေါက်က နောက်ဘက်မှ ဖြစ်သည်ကို တွေ့ရသည်။ တစ်ဝက်ကျော်လောက် လျှောက်သွားလိုက်လျှင် အခန်း၏အရှေ့ဘက်ကို ရောက်သွားသည်။ သူတို့က ထိုနေရာမှ လခြမ်းကန်နှင့် တည်းခိုခန်းကို လာရောက်သော လူများကို မြင်ရသည်။

“အရှေ့မြေရိုင်းဒေသက အဲဒီဘက်မှာ ဖြစ်လိမ့်မယ်…” ရီဖူရှင်းက အဝေးကို ကြည့်ကာ ရေရွတ်သည်။ ယခု သူက မြေရိုင်းဒေသထဲကို ခြေချမိပြီး ဖြစ်သည်။ သူကား အရှေ့မြေရိုင်း ဒေသနှင့် အလွန့်အလွန် ဝေးသော အရပ်ကို ရောက်နေပြီး ဖြစ်သည်။ သည်နေရာသို့ ရောက်ရန် လများစွာ ခရီးနှင်ခဲ့ရသည်။ ယခု သူကား အမှန်ပင် အိမ်နှင့် လွန်စွာ ဝေးကွာသော နေရာကို ရောက်နေပြီ။

လို့လန်ရွှီက ဘေးတွင် ရပ်ကာ တိုးညင်းစွာ ပြောသည်… “ခန်းမထဲမှာ ငါလိုက်မေးကြည့်တယ်… မြေပုံရ အလွယ်တကူ မရနိုင်ဘူး… မြေရိုင်းဒေသက အရမ်း ကျယ်ပြောတယ်… ဒီမြို့က လူအတော်များများက မြေရိုင်းဒေသ တစ်ခုလုံးကိုထား… အရှေ့ဘက်နယ်ကတောင် တခြားကို မရောက်ဖူးဘူး…”

ရီဖူရှင်းက အသာအယာ ခေါင်းညိတ်သည်… “မင်း ပင်ပန်းသွားပြီ… ငါတို့ အနာဂတ်က ဘာမှန်း မသိသေးဘူး… မင်း နောင်တမရဖို့ ငါမျှော်လင့်တယ်…” သူက လို့လန်ရွှီအား သတိပေးသော်လည်း သူမက လိုက်ပါလာခဲ့သည်။

“အစေခံတစ်ယောက် အနေနဲ့ ဒါက ငါ့ရဲ့တာဝန်ပဲ…” လို့လန်ရွှီက တီးတိုးပြောသည်… “နောင်တရမှာ မရမှာကတော့ ငါ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ…”

“အစ်ကိုရီ အထဲမှာ ရှိလား…” အပြင်မှ အသံတစ်သံကို ကြားရသည်။

“ဟုတ်ကဲ့ … အစ်ကိုယန်… ဝင်လာခဲ့ပါ…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ…” ရယ်သံတစ်သံနှင့်အတူ လူနှစ်ယောက်က ဝင်လာသည်။

“ဒီနေရာက ရှုခင်းက တော်တော် ကောင်းတာပဲ…” ယန်ထန်းက ပြောသည်။ သို့သော် သူက ရယ်မောလိုက်သည်… “ဒါပေမဲ့ ဒါက အရမ်း စျေးကြီးတယ်…”

“အစ်ကိုယန်… ကျုပ်မှာ မေးစရာတစ်ခု ရှိတယ်… ကျုပ်က ဒီကို လာတာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး မြေရိုင်းဒေသ တစ်ခုလုံးကို ခရီးသွားမလို့… အခြေခံ မြေပုံ တစ်ခုလောက် ရှာတွေ့နိုင်မလား…” ရီဖူရှင်းက မေးသည်။

“မြေရိုင်းဒေသ တစ်ခုလုံးလား…” ယန်ထန်း၏ မျက်လုံးက အရောင်လက် သွားသည်။ ရီဖူရှင်း၏ အသက်အရွယ်ဖြင့် မြေရိုင်းဒေသ တစ်ခုလုံးကို ခရီးထွက်ခြင်းက ကောင်းသော ဆုံးဖြတ်ချက်တော့ မဟုတ်ပေ။ သို့သော် လူအများအပြားက ထိုသို့ ခရီးသွားကာ တန်ခိုး ကျင့်ကြသည့်အတွက် သူက သိပ်ထူးဆန်းသည် ဟုတော့ မမြင်ပေ။

“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“အဲလို မြေပုံမျိုးက အသုံးနည်းတယ်… ဘယ်မှာ ရှာရမလဲ ကျုပ်မသိဘူး… ဒါပေမဲ့ ယွန်ယွဲ့မြို့က ထိပ်သီး အင်အားစုလေးခုဆီမှာ အဲဒါ ရှိလိမ့်မယ်…” ယန်ထန်းက ပြောသည်။

“ဘယ်အင်အားစု လေးခုလဲ… သူတို့ရဲ့ အင်အားက ဘယ်လိုလဲ…” ရီဖူရှင်းက မေးသည်။

“ယွန်ယွဲ့မြို့မှာ ဖန်းမိသားစု၊ ဝမ်မိသားစု၊ လျှပ်စီးကလန်နဲ့ ယွန်ယွဲ့ကုန်သည် အုပ်စုဆိုပြီး ရှိတယ်…” ယန်ထန်းက ပြောသည်… “သူတို့က ယွန်ယွဲ့မြို့ကို အဓိက ထိန်းချုပ်ကြတယ်… သူတို့အားလုံးမှာ နိုဘယ် တန်ခိုးရှင်တွေ ရှိကြတယ်…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ ယွန်ယွဲ့မြို့ကပင် ထိုမျှ အားကောင်းလျှင် အဓိကမြို့များတွင် မည်သို့ ရှိမည်နည်း။

“အစ်ကိုယန်… ခင်ဗျားက ဒီမြို့ကလား…” ရီဖူရှင်းက မေးသည်။

“ဟုတ်တယ်…”

“ဒါဆို ခင်ဗျားက ဘာလို့ ဒီမှာ နေရတာလဲ…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။

“အစ်ကိုရီ… ကျုပ်တို့ သွားသောက်ကြမလား… လမ်းလျှောက်ရင်းနဲ့ ပြောကြတာပေါ့…” ယန်ထန်းက ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့အုပ်စုက အခန်းမှ ထွက်ကာ အပေါ်ဆုံးထပ်ရှိ အရက်များ ရောင်းရာ နေရာသို့ လျှောက်လာကြသည်။

“ထိပ်သီး အင်အားစုလေးခုက မြို့ရဲ့ အထောက်အပံ့ ပစ္စည်းတွေ အများစုကို ထိန်းချုပ်ကြတယ်… သူတို့က နှစ်စဉ်နှစ်တိုင်း အထောက်အပံ့ ပစ္စည်းတွေကို ခွဲယူဖို့အတွက် ပြိုင်ပွဲတစ်ခုကို ကျင်းပလေ့ ရှိကြတယ်… မျှတအောင် သူတို့က နိုဘယ်အဆင့်ကို မသုံးဘူး… ဒါကြောင့် တိုက်ခိုက်တဲ့လူတွေက အကာနာ အဆင့်တွေပဲ… အဲဒီမှာ ဒဏ်ရာရတာ သေဆုံးတာတွေ ဖြစ်တတ်တဲ့အတွက် သူတို့က ပါရမီရှင်တွေကို ဆွဲဆောင် သိမ်းသွင်းကြတယ်… နောက်ပိုင်း ဒါက ရိုးရာတစ်ခု ဖြစ်လာတယ်… နှစ်တိုင်း သူတို့အတွက် တိုက်ခိုက်ဖို့ အင်အားစုတွေက ပါရမီရှင်တွေကို ရွေးချယ်ကြတယ်… ကောင်းကောင်း စွမ်းဆောင် နိုင်တဲ့လူတွေက သူတို့အဖွဲ့တွေကို ဝင်ခွင့်ရကြတယ်…”

“ကျောက်စိမ်းဖြူ မျှော်စင်က ယွန်ယွဲ့ကုန်သည် အုပ်စုပိုင်တာ… နှစ်စဉ်နှစ်တိုင်း သူတို့က ပါရမီရှင်တွေကို ဒီနေရာကို ဖိတ်ခေါ်တယ်… ဒါကြောင့် အစ်ကိုရီက ဒီအတွက် လာတာလားလို့ ကျုပ်က မေးတာ…”

ယန်ထန်းက ရှင်းပြနေရင်းကပင် သူတို့က အရက် ရောင်းသည့် နေရာသို့ ရောက်လာကြသည်။ ထိုနေရာတွင် လူအများအပြား ရှိပေသည်။

“အခု ခင်ဗျားက ယွန်ယွဲ့ကုန်သည် အုပ်စုကို ဝင်ချင်တာပေါ့…” ရီဖူရှင်းက မေးသည်။

“သူတို့က စီးပွားရေးလုပ်တဲ့ အုပ်စုပဲ… သူတို့က ကြွယ်ဝ ချမ်းသာပြီးတော့ အရမ်း ရက်ရောကြတယ်…” ယန်ထန်းက မျက်လုံးများ အရောင် တောက်လျက် ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ မြေရိုင်းဒေသကို ရောက်ပြီး နောက်ပိုင်း သူတို့က တန်ခိုးကျင့်သည့် အထောက်အပံ့များအား မကြာမကြာ သုံးရသည်ကို တွေ့ကြရသည်။ ဥပမာ သည်နေရာတွင် သဘာဝစွမ်းအင် ကျောက်တုံးများအား ငွေကြေးအဖြစ် အသုံးပြုကြသည်။

“အစ်ကိုရီ… ခင်ဗျား စိတ်ဝင်စားလား…” သူတို့က ထိုင်စရာ တစ်နေရာကို ရပြီးနောက် ယန်ထန်းက မေးသည်။

“ဟင့်အင်း…” ရီဖူရှင်းက ရယ်မောကာ ခေါင်းယမ်းသည်။ သူက မြေရိုင်းဒေသကို တန်ခိုးလာကျင့်ခြင်း ဖြစ်သည်။ သူက အင်အားစု တစ်ခုအား ပူးပေါင်းမည် မဟုတ်ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset