ရက်အနည်းငယ်အကြာ ကော့တေးက ပြန်လည် စည်ကားလာသည်။ လစန္ဒာကလန်က ကော့တေး တည်နေရာတောင်ကို ပြောင်းရွှေ့လာသည်။ ချက်ချင်းပင် တောင်ကုန်းက လှပသော မိန်းကလေးများဖြင့် ပြည့်နှက် သွားသည်။
အတိတ်ကသာ ဤသို့ဖြစ်ခဲ့ပါက ရီဖူရှင်းက လွန်စွာ ပျော်ရွှင်မိမည် ဖြစ်သော်လည်း ယခု သူက ထိုသို့စိတ်မျိုး မရှိတော့ပေ။ သည်ရက်ပိုင်းတွင် သူက ထိုတောင်စွန်းတွင်သာ ရှိနေကာ စာဖတ်ခြင်း လေ့ကျင့်ခြင်းများ ပြုလုပ်နေသည်။ ယခင်က သူ့အား ဂျီယူက အဖော်ပြု ပေးသော်လည်း ယခုကား ယူချင်းဖြစ်သည်။
လူအနည်းငယ်က သူ့ထံကို လှမ်းလာနေကြသည်။ ဓားသခင်၊ နတ်မိမယ်ဝမ့်ယွီ၊ ရွှီယီနှင့် လျိုဖန်းတို့အပြင် ကျောင်းအုပ်ရှောင်တို့ အားလုံးက ရီဖူရှင်း၏နေရာသို့ ရောက်လာကြသည်။
“ညီငယ်လေး…” ဓားသခင်က ခေါ်လိုက်သည်။
“အစ်ကိုကြီး… ကျောင်းအုပ်ကြီး… နတ်မိမယ်…” ရီဖူရှင်းက နှုတ်ဆက်သည်။
“မင်းရဲ့ အစ်ကိုကြီးက အခု ကျောင်းအုပ် ဖြစ်နေပြီ.. ငါ့ကို ဆရာ ဦးလေးလို့ပဲခေါ်…” ကျောင်းအုပ်ရှောင်က ပြောသည်။
“ဟုတ်ကဲ့ပါ… ဆရာဦးလေး…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ထိုင်… ငါတို့က ဒီအတိုင်း လမ်းလျှောက် နေကြတာ…” ကျောင်းအုပ်ရှောင်က ပြောသည်… “ငါတို့က ကျောင်းတော်ကိစ္စတွေနဲ့ ရှုပ်နေကြတာ… ဒီရက်ပိုင်း မင်းနဲ့ စကားပြောဖို့တောင် အချိန် သိပ်မရခဲ့ကြဘူး…”
“ဒါက အဆင်ပြေပါတယ်… ဆရာဦးလေး…” ရီဖူရှင်းက ကျောင်းအုပ်ရှောင်နှင့် သိပ်ရင်းနှီးခြင်း မရှိသေးပေ။ မည်သို့ဆိုစေ သူတို့က စကား များများစားစား ပြောဖူးခြင်းလည်း မရှိသလို တွေ့သည့် အကြိမ်ရေလည်း သိပ်မရှိသေးပေ။ သို့သော်လည်း သူ၏အပြုအမူများက သူ တွေးထင်ထားသည်နှင့် လွန်စွာ ကွာခြားပေသည်။ ကျောင်းအုပ်ရှောင်နှင့် ဆရာဒူတို့၏ ဆက်ဆံရေးက သိပ်မကောင်းဟု လူအများက တွေးထင် ထားကြသော်လည်း အမှန်တကယ်အားဖြင့် သူတို့၏ ပတ်သက်မှုအား လူအများက နားလည်ရန် ခက်ခဲလှပေသည်။
တချို့က ပြောကြသည်မှာ ကျောင်းအုပ်ရှောင်က ကျောင်းတော်အား ထိန်းချုပ်လိုရာ ဆရာဒူနှင့် သဘောထား မတိုက်ဆိုင် ဖြစ်ရသည်ဟူ၏။ သို့သော် ကျောင်းအုပ်ရှောင်က ဓားသခင်အား သူ့နေရာကို ဆက်ခံစေရန် အမြဲတမ်း အလိုရှိခဲ့သည်။
သူတို့အုပ်စု မြေပြင်ပေါ်တွင် ထိုင်လိုက်ကြသည်။ ဓားသခင်က ပြောသည်… “ညီငယ်လေး… ချင်ပြည်ထောင်က လူတွေက အကုန် ထွက်သွားကြပြီ… နန်းတော်က အခု ဘာမှ မရှိတော့ဘူး… သူတို့က ကျောင်းတော်က လက်စားချေမှာ စိုးရိမ်ကြတယ် ထင်တယ်.. လျိုနိုင်ငံက အရှင်တချို့က စာအုပ်တောင်ကို လာပြီး တောင်းပန်ကြတယ်… ဝူချန်းနဲ့ ချန်းယွီတို့တစ်တွေက စာအုပ်တောင်မှာ လေ့ကျင့်နေတော့ ငါက သူတို့ အမြင်ကို မေးတယ်… သူတို့က တောင်းပန်တာကို ငြင်းပယ်ခဲ့ကြတယ်… ဒါကြောင့် လျိုနိုင်ငံက အရှင်တွေကို စာအုပ်တောင်က ထွက်သွားဖို့ ငါပြောခဲ့တယ်… ကျန်တဲ့ ကိစ္စတွေကတော့ သူတို့ဘာသာ ဖြေရှင်းဖို့ပဲ ကျန်တော့တယ်…”
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ရီဝူချင်းနှင့် လျိုချန်းယွီတို့က လျိုနိုင်ငံမှ သစ္စာဖောက်များအား ခွင့်လွှတ်ရန် ငြင်းဆန်သည်က သဘာဝကျပေသည်။
“ပြီးတော့ မင်းရဲ့ အစ်ကိုသုံး ထွက်သွားပြီ… သူက ငါ့ကိုပဲ လာတွေ့ပြီးတော့ ကျန်တဲ့လူတွေကို ဘာမှ မပြောဘဲ ထွက်သွားတယ်…” ဓားသခင်က ပြောသည်။ ရီဖူရှင်းက နားလည်ပေသည်။ အစ်ကိုသုံး၏ စိတ်နေ သဘောထားဖြင့် သူက ထွက်မသွားဘဲ မနေပေ။ မာနကြီးသော စာပေသမားကား သူ၏ရည်မှန်းချက် နောက်ကို သေချာပေါက် လိုက်ပေမည်။
“ဆရာနဲ့ မင်းရဲ့ အစ်ကိုသုံးတို့က မင်းအပေါ် မျှော်လင့်ချက် ကြီးတယ်… သူတို့မသွားခင် နှစ်ယောက်လုံးက မင်းကို စကားမှာပါးခဲ့ကြတယ်… မင်းက အရှေ့မြေရိုင်း ဒေသမှာပဲ မနေသင့်ဘူး… မင်းရဲ့ ကမ္ဘာက အဝေး တစ်နေရာမှာပဲ ရှိတယ်…”
“ကျွန်တော်က မြေရိုင်းဒေသကို တစ်နေ့သွားမယ်…” ရီဖူရှင်းက ပြောသည်… “အစ်ကိုလေး.. အစ်ကိုငါး… အစ်ကိုခုနစ်… ခင်ဗျားတို့က ဘာလုပ်မယ် စဉ်းစားထားလဲ…”
“ငါတို့က ကျောင်းတော်မှ နေပြီး အစ်ကိုကြီးကို ကူညီရဦးမယ်… ဒီက ကိစ္စတွေ အားလုံး အဆင်ပြေသွားပြီ ဆိုရင် ငါတို့လည်း မြေရိုင်းဒေသကို သွားမယ်…” ရွှီယီက ရှင်းပြသည်… “သူ့ရဲ့ တပည့်အနေနဲ့ ငါတို့က ဆရာရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ဖို့ လိုတယ်…”
ရီဖူရှင်က ခေါင်းညိတ်သည်။ ဘဝက တွေ့ဆုံခြင်း၊ ခွဲခွာခြင်းများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းက ကိုယ်လျှောက်ရမယ့်လမ်း ကိုယ်စီ ရှိကြပေသည်။ ကော့တေး ဖျက်သိမ်းခြင်းက တစ်ချိန်ချိန် ရောက်လာမည်သာ ဖြစ်သည်။ ထိုအချိန်က မြန်ဆန်စွာ ရောက်လာသော်လည်း သူတို့တွင် ဝမ်းနည်းနေရန် အချိန်မရှိပေ။
“မင်းတို့ဆရာက အမြဲတမ်း အပြောင်းအလဲ တစ်ခုကို လုပ်ချင်ခဲ့တယ်… နောက်ဆုံးမှာတော့ သူက ဘာတစ်ခုမှ မပြောင်းလဲနိုင်ခဲ့သလို သူ့တပည့်တွေကိုလည်း ဒီအရှုပ်အထွေးတွေ ကြားထဲ ဆွဲသွင်းခဲ့သေးတယ်…” ကျောင်းအုပ်ရှောင်က ပြောသည်… “တကယ်ရူးတဲ့အကောင်…”
“ဆရာဦးလေး… ဆရာက ဘယ်လိုလူမျိုးလဲ… သူ့ကို ဘာလို့ ခေါ်သွားကြတာလဲ…” ရီဖူရှင်းက မေးသည်။
ကျောင်းအုပ်ရှောင်၏ စိတ်က အတိတ်တစ်ချိန်သို့ ရောက်သွားသည်… “မင်းတို့ ဆရာ ငယ်ငယ်တုန်းက မင်းတို့လိုပဲ အားပြည့် အင်ပြည့်နဲ့ တက်ကြွတဲ့ လူတစ်ယောက်ပဲ… သူက လောကကြီးကို ခြေဆန့်ချင်ခဲ့တယ်… နောက်ဆုံးမှာ သူက လူနှစ်ယောက်နဲ့တွေ့ပြီး သူ့ဘဝကလည်း ပြောင်းလဲခဲ့တယ်…”
“အရှင်ဒွန်ဟောင်နဲ့ ဧကရာဇ်ရီချင်…” ရီဖူရှင်းက တောက်ပသော မျက်လုံးများဖြင့် မေးသည်။
“မှန်တယ်…” ကျောင်းအုပ်ရှောင်က လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်… “ဒီသမိုင်း တစ်ပိုင်းတစ်စကို သိတဲ့လူ သိပ်မရှိဘူး… ဒါပေမဲ့ မင်းတို့ဆရာက တကယ်ပဲ ဧကရာဇ်နှစ်ပါးနဲ့အတူ ထွက်ခွာ သွားခဲ့တယ်… သူပြန်မလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်… နောက်ဆုံး သူပြန်လာတဲ့အခါ သူ့ရဲ့ နဂိုပုံစံက လုံးဝ ပျောက်ကွယ် သွားပြီးပြီ… သူက ပျင်းရိပြီးတော့ ဘာကိုမှ အလေးအနက် မထားတော့ဘူး… ငါက သူ့ကို မေးခဲ့တယ်… သူ ဘာဖြစ်ခဲ့တာလဲ ဆိုတော့ သူပြောတာကတော့ သူက ဒီလောကကြီးမှာ မြင်နေရတာတွေကို စိတ်ပျက် မောပန်း နေပြီးတော့ နောက်ဆုံး သူက လူတချို့ကို သတ်ခဲ့တယ်တဲ့… ဒါပေမဲ့ ဘယ်သူ့ကို သတ်ခဲ့တယ် ဆိုတာကိုတော့ မပြောခဲ့ဘူး… ဒါပေမဲ့ သူသတ်ခဲ့တဲ့လူတွေက တကယ်ကို သွားထိလို့ မရတဲ့လူတွေလို့ ငါထင်တယ်.. မဟုတ်ရင် သူက အရှေ့မြေရိုင်းဒေသမှ လာပြီး ပုန်းနေမှာ မဟုတ်ဘူး… သူက တပည့်တချို့ကို လက်ခံခဲ့ပြီး နောက်မှာမှ နည်းနည်း ပြောင်းလဲလာတယ်… ဒါပေမဲ့ သူပြန်သွားတဲ့အခါ နောင်တရစရာ ဘာမှ မရှိတော့ဘူးလို့လည်း ပြောခဲ့တယ်… သူက တခြားလူတွေ မမြင်သေးတဲ့အရာကို မြင်ခဲ့ပြီးတော့ တခြားလူတွေ မသတ်ရဲတဲ့လူတွေကို သတ်ခဲ့တယ်လို့ ပြောတယ်… အခု သူ့မှာ ဒီလောက် ထူးခြား ထက်မြက်တဲ့ တပည့်တွေကို ရထားတယ်… သူက အခု သေသွားမယ် ဆိုရင်တောင် နောင်တရမှာ မဟုတ်လောက်ဘူးလို့ ငါထင်တယ်…”
ရီဖူရှင်းက တိတ်ဆိတ်စွာ နားထောင်နေသည်။ သူ၏ ပျင်းရိကာ အရက် ကြိုက်တတ်သော အဘိုးအိုက ထိုသို့သော ထူးခြားသော နောက်ကြောင်း ရှိမည်ဟု မထင်ထားခဲ့ပေ။
“မင်းတို့ဆရာက အမြဲတမ်း ပြောတာက ကျိုးကြောင်း ဆီလျော်မှုက လူသားတွေကို အုပ်ချုပ်တယ်တဲ့ … ဒါပေမဲ့ တကယ်တမ်း အမှန်တရားကတော့ ကျိုးကြောင်း ဆီလျော်မှုက လက်သီးကို မနိုင်ဘူး… ဒါကြောင့် မင်းတို့ရဲ့ လက်သီးက တခြားလူတွေထက် ပိုပြီး အားကောင်းဖို့လိုတယ်… ဒီနည်းနဲ့ပဲ မင်းရဲ့စကားကို လူတွေက နားထောင်ကြမယ်… အမှန်တကယ်မှာလည်း မင်းတို့ဆရာက ငါနဲ့ဆိုရင် ဘယ်တော့မှ ကျိုးကြောင်းဆီလျော်မှု မရှိဘူး… ဘာလို့လဲဆိုတော့ သူ့လက်သီးက ပိုအားကောင်းလို့ပဲ…” ကျောင်းအုပ်ရှောင်က သူ့မကျေနပ်ချက်ကို ပြောနေဟန် ရသော်လည်း တခြားလူများက ရယ်မောကြရသည်။ ကြည့်ရသည်မှာ ကျောင်းအုပ်ရှောင်က အကြိမ်များစွာ ခံထားရဟန် တူသည်။
“ဒါကြောင့်ပဲ သူ့ဘဝက ရှုပ်ထွေးမှုတွေ များခဲ့တယ်… သူက သူ့တစ်ဘဝလုံးကို ရှုပ်ထွေးပွေလီတဲ့ ဘဝထဲမှာ ပိတ်လှောင် ထားခဲ့တယ်…” ကျောင်းအုပ်ရှောင်က ဆက်ပြောသည်… “သူက နောက်ဆုံး အားလုံးကို စွန့်လွှတ်နိုင်ခဲ့ပြီ… သူစောင့်နေတဲ့လူက နောက်ဆုံးမှာ ရောက်လာခဲ့ပြီလို့ သူပြောတယ်… အခု အနာဂတ်က မင်းတို့ လက်ထဲမှာပဲ…”
သူ စောင့်နေသောလူ…။ ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်… “ဘယ်သူလဲ…” သူက ထိုသို့ မေးလိုက်စဉ်မှာပင် ကျောင်းအုပ်ရှောင်နှင့် အစ်ကိုကြီးတို့က သူ့အား စိုက်ကြည့်နေသည်ကို သိလိုက်သည်။ သူကား ဆရာဒူ၏နောက်ဆုံး တပည့်ဖြစ်သည်။ ဆရာဒူက ကော့တေးကို ပြန်ရောက်သောအခါ သူ၏ အချိန်အများစုအား ရီဖူရှင်းကို သင်ပေးခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ သူက ထွက်ခွာသွားသော အခါတွင်လည်း သူက ဘဝမှာ နောင်တရစရာ မရှိတော့ဟု ပြောခဲ့သည်။ ဆရာဒူ စောင့်နေသာသူက မည်သူနည်း…။
“အဲဒါ ငါလား…” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သို့ဆိုလျှင် သူ၏ပါရမီကို အထင်သေးသော အဘိုးအိုက သူ့အား အမှန်တကယ် စောင့်ဆိုင်းနေခြင်း ဖြစ်ရမည်။ ထိုအရာက ရယ်စရာ မကောင်းပေဘူးလား…။ သို့သော် သူ မရယ်မောနိုင်ပေ။
ကောင်းကင်ကို မော့ကြည်လျှင် ရီဖူရှင်းက ထိုအဖိုးအို၏ ပုံရိပ်များအား မြင်ယောင်မိသည်။ ထိုအရက်ကြိုက်သော အဘိုးအိုကား လေးစားဖွယ် ကောင်းသလို အမြင်ကတ်စရာလည်း ကောင်းလှပေသည်။ သူက အဘယ်ကြောင့် ထိုအဘိုးအို စောင့်နေသောသူ ဖြစ်ရသနည်း…။ ထိုအဘိုးအိုက ဘာသိသနည်း။ သူတို့ နှစ်ယောက်လုံးက မဟာ ဧကရာဇ်များနှင့် ပတ်သက်နေပုံချင်း တူညီကြသည်။
စကားအနည်းငယ် ပြောပြီးနောက် အစ်ကိုကြီးနှင့် တခြားလူများ ထွက်ခွာ သွားကြသည်။ ရီဖူရှင်းက သူတို့အတန်ငယ် အလှမ်းဝေးသွားလျှင် လှမ်းခေါ်လိုက်သည်… “ဆရာဦးလေး… အစ်ကိုကြီး… ကျွန်တော် သွားတဲ့အခါ လာမနှုတ်ဆက်တော့ဘူး…”
“ကျောင်းတော်နဲ့ ကော့တေးက အမြဲတမ်း မင်းအိမ်ပါပဲ…” ဓားသခင်က နောက်လှည့်ကာ ပြုံးလျက် ပြောသည်။ အမှန်အားဖြင့် လူတိုင်းက နောက်လှည့်ကာ နောက်ဆုံး အနေဖြင့် ပြုံးပြကြသည်။
ရက်အနည်းငယ် ကြာသောအခါ ရီဖူရှင်းအား ထိုနေရာတွင် မတွေ့ကြရတော့ပေ။ ကော့တေးမှ တပည့်များကလည်း ကော့တေး တောင်ပေါ်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ယခု လစန္ဒာကလန်မှ မိန်းကလေးများသာ တောင်ပေါ်တွင် ရှိတော့သည်။
ယခု ထိုတောင်စွန်းပေါ်တွင် ရပ်နေသောသူကား မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက တိမ်ပင်လယ်ကြီးအား ကြည့်ကာ တိတ်ဆိတ်စွာ ရပ်နေသည်။ ထိုနေရာမှ ရှုခင်းအား အသက်ရှူ မှားလောက်သည်။ ထိုမိန်းကလေးကား ချူယောင်ယောင် ဖြစ်သည်။
“အစ်မ…” အသံတစ်သံကို ကြားရသည်။ ချူလိရန်ကလည်း လွန်စွာ လှပပေသည်။ သူမကလည်း ရှေ့မှ ရှုခင်းကို ကြည့်ကာ မေးသည်… “ဘာတွေ တွေးနေတာလဲ…”
“ဘာမှ မဟုတ်ပါဘူး…” ချူယောင်ယောင်က ခေါင်းယမ်းသည်။
“ငါ့ကို မလိမ်နဲ့… နင်က ကောင်းကင်တောင်က လာကတည်းက တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ… ဘာလဲဆိုတာကို ငါ့ကို ပြောလို့ မရဘူးလား…” ချူလိရန်က ပြောသည်။
“နင်သိချင်လို့လား…” ချူယောင်ယောင်က မေးသည်။
“အင်း…” ချူလိရန်က ခေါင်းညိတ်သည်။
ချူယောင်ယောင်က ပြုံးလျက် ပြောသည်… “ငါက မချစ်သင့်တဲ့လူ တစ်ယောက်ကို ချစ်မိတယ်…”
“နင်က ချစ်သင့်တယ် မချစ်သင့်ဘူးဆိုတာ ကိစ္စမရှိဘူး… တကယ်လို့ သူက ထိုက်တန်တယ်ဆိုရင် နင်က နင့်နှလုံးသားနောက်ကို လိုက်သင့်တယ်… အရှေ့မြေရိုင်းဒေသမှာ နင့်ကို ငြင်းပယ်မယ့်လူ ဘယ်သူရှိလို့လဲ…”
“ရှိတယ်…”
“ဘယ်သူလဲ…”
“ငါတွေ့ဖူးတဲ့ တစ်ယောက်ပါပဲ…” ချူယောင်ယောင်က ပြုံးကာ ပြောသည်… “ဒါပေမဲ့ အဲဒါတွေ အကုန်လုံးက ပြီးသွားပါပြီ.. အခုတော့ အားလုံးက အသစ်ဖြစ်နေပြီ…”
စာအုပ်တောင်၏ တစ်နေရာတွင် နောက်ထပ် မိန်းကလေး တစ်ယောက်က အဝေးကို ကြည့်ကာ ငိုကြွေးနေသည်… “သူက ဘာလို့ တစ်ယောက်တည်း ထွက်သွားရတာလဲ…” သူမက မျက်ရည် စက်လက်ဖြင့် ရေရွတ်သည်။
သူမ၏ဘေးမှ လူငယ်တစ်ယောက်က တီးတိုးပြောသည်… “သူက မင်းကို ခက်ခဲတဲ့ လမ်းကို မခေါ်သွားချင်လို့ပေါ့…”
“ဒါက သူ့အမြင်လေ… ဒါက ပိုပြီး ရက်စက်တာကို သူမသိဘူးလား…” လျိုချန်းယွီက ငိုသည်။
“သူက ကိုယ့်ကိုယ်ကိုယ်လည်း ရက်စက်တယ်… ဒါပေမဲ့ သူက အားလုံးကို တစ်ယောက်တည်း ထမ်းပိုးထားတယ်… ငါဆိုလည်း သူ့လို လုပ်မှာပဲ…” လျိုဖေးယွန်က ပြောသည်… “သူက မင်းကို ကောင်းမွန်တဲ့ ကမ္ဘာကြီးကို ပေးချင်တယ်… ဒါပေမဲ့ မင်းကိုတော့ သူနဲ့အတူ ခက်ခဲတဲ့ ကမ္ဘာကြီးကို မရင်ဆိုင်စေချင်ဘူး…”
စာအုပ်တောင်၏ တခြား တစ်နေရာတွင်လည်း မိန်းကလေး တစ်ယောက်က အဝေးကို ကြည့်နေသည်။ သူမကား ယိချိန်ချန် ဖြစ်သည်။ သူမ မူကား မငိုပေ။ သူမက ပြုံးနေသည်။ ထိုအရာက အတွေ့အကြုံတစ်ခု ဖြစ်သည်ကို သူမသိသည်။ ခွဲခွာခြင်းကား သူမအတွက် ကြီးမားသော အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ ထိုအရာက သူမ ဆုံးဖြတ်ထားခဲ့သော လမ်းလည်း ဖြစ်သည်။ သူမချစ်သောသူက သူမနှင့် အပြည့်အဝ မသက်ဆိုင်ပေ။ သူက သူ၏ဘေးမှ လူငယ်လေးနှင့် အများဆုံး သက်ဆိုင်ပေသည်။
***
လအနည်းငယ် ကြာသောအခါ ကောင်းကင်တောင် အနီးတွင် ကောလာဟလတချို့ ကြားရသည်။ ပြောကြသည်မှာ တောင်ပေါ်မှ တစ်ခါတစ်ရံ ကု့ချင်းသံ ကြားရသည် ဟူ၏။ လှပသော သံစဉ်က နှင်းပွင့်များနှင့် ပျော်ဝင်နေသည်။ ထိုအရာက ဧကရာဇ်အသိ ပေါ်လာခြင်းကြောင့် ဖြစ်သည်ကို မည်သူမှ မသိကြပေ။ သို့သော်လည်း ကောင်းကင်တောင်အား ယခုတွင် တက်ရောက်သူ မရှိတော့ရာ မည်သူကမှ ထိုကောလာဟလကို စိတ်ဝင်စားခြင်း မရှိကြတော့ပေ။
ကောင်းကင် တောင်ထိပ်တွင် အဖြူရောင် နှင်းပွင့် နှင်းဖတ်များက မည်သည့်အခါမှ မရပ်တန့်ပေ။ အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်က ထိုင်ကာ တိတ်ဆိတ်စွာဖြင့် ကု့ချင်း တီးခတ်နေသည်။ သူကား ရီဖူရှင်းဖြစ်သည်။ သူက အရှေ့မြေရိုင်းဒေသမှ မထွက်ခွာ သွားသေးပေ။ သူက ဤနေရာတွင် လေ့ကျင့်နေသည်။ တစ်ချိန်လုံး သူက ကု့ချင်း တီးခတ်ကာ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို တည်ဆောက်နေသည်။ သူက မှော်ပညာနှင့် သိုင်းပညာကိုလည်း လေ့ကျင့်သည်။
ရီဖူရှင်းနှင့် မနီးမဝေးတွင် ယူချင်းကလည်း မြေပြင်တွင် ထိုင်ကာ တန်ခိုးကျင့်နေသည်။
အဝေးတစ်နေရာတွင် လက်တစ်ဖက်ပြတ် လူငယ်တစ်ယောက်က ဓားသိုင်းကစားနေသည်။ ရီဝူချင်းအား ဓားအသိများ ရစ်ပတ်ထားသည်။ တောင်ထိပ်ပေါ်တွင် မိန်းကလေး တစ်ယောက်လည်း ရှိသည်။ သူမကား လို့လန်ရွှီ ဖြစ်သည်။
ထိုစဉ်မှာပင် ဂီတသံက ရပ်သွားသည်။ ရီဖူရှင်းက သူ၏အကြည့်အား တောင်ဆင်းလမ်း နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာမှ လှပသော မိန်းကလေး တစ်ယောက် ထွက်ပေါ်လာသည်။ သူမ၏ ခြေလှမ်းများက ပေါ့ပါးကာ ရီဖူရှင်းထံသို့ လှမ်းလာနေသည်။
ရီဖူရှင်းက သူမဝတ်ထားသော အဝတ်အစားများကို ကြည့်သည်။ ကြမ်းတမ်း နွမ်းပါးသော ဝါကြင့်ကြင့်ဝတ်စုံက ဘုန်းတော်ကြီးများ၏ ဝတ်စုံနှင့်ပင် ဆင်တူသည်။ သို့တိုင်အောင် ထိုအဝတ်အစားများက သူမ၏ဖြူစင်မှုကို မညစ်ထေးစေနိုင်ပေ။
“မင်း…” ရီဖူရှင်းက သူ၏ရှေ့မှ မိန်းကလေးအား ကြည့်ကာ အံ့အားသင့်ရသည်။
“ချင်းရွှီဘုရားကျောင်းက ဘုန်းတော်ကြီးတွေ စာအုပ်တောင်ကို လာတုန်းက ငါက ညဏ်အလင်း ရချင်ခဲ့တယ်… ဒါကြောင့် ငါက ဘုရားကျောင်းကို သွားပြီးတော့ အဲဒီမှာ တန်ခိုးကျင့်တယ်…” ဟွာချင်းချင်းက ပြုံးလျက် ပြောသည်။ သူမ၏အနီးမှ အပြစ်ကင်းသော အငွေ့အသက်များအား ယခင်ကလို ပြန်လည် ခံစားရသည်။
“ဒါကောင်းတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“နင် ငါ့အတွက် အူကီယိုသီချင်းကို တစ်ခါလောက် တီးပေးလို့ ရမလား…” သူမက တိုးညင်းစွာ ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ၏အမူအရာက လေးနက်သွားကာ သူ၏လက်များအား ကု့ချင်းကြိုးပေါ်တွင် တင်လိုက်သည်။
ငြိမ်သက်ကာ အေးချမ်းမှုကို ပေးသော သံစဉ်က ကောင်းကင်တောင်အား တစ်ဖန် အသက်ဝင်စေပြန်သည်။ သည်တစ်ကြိမ်က နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်ပေသည်။
သီချင်းဆုံးသောအခါ သူတို့လည်း ထွက်ခွာ ကြရပေတော့မည်…။
***