ဆရာဒူ ထွက်ခွာသွားသည်။ စာအုပ်တောင်မှ တပည့်များ အားလုံးက သူ ထွက်ခွာသွားခြင်းကို မြင်ကြသည်။ အရှင်ဒွန်ဟောင်၏ လူများက သူ့ကို လာခေါ်သွားကြသည်။ သို့သော်လည်း ဆရာဒူက အရှင်ဒွန်ဟောင်နှင့် မည်သို့ ပတ်သက်သည်ကို ဘယ်သူမှ မသိကြပေ။
မြေရိုင်းဒေသမှ လူများက အရှေ့မြေရိုင်းဒေသမှ အမှန်တကယ် ထွက်သွားခြင်း မရှိကြသေးရာ သူတို့ကလည်း ထိုသတင်းကို ရကြသည်။ သူတို့အားလုံး ထိတ်လန့် အံ့အားသင့် ကြရကာ ရီဖူရှင်းက ကောင်းကင်တောင်မှ ရှေးဟောင်း အကြွင်းအကျန်များကို အဘယ်ကြောင့် ရရှိသည်ကို သူတို့ နားလည် လိုက်ကြသည်။ သူ၏ဆရာက အရှင်ဒွန်ဟောင်နှင့် ပတ်သက် ဆက်နွှယ်မှုရှိရာ သူက ထိုရှေးဟောင်း အကြွင်းအကျန်များကို ရရှိခဲ့ခြင်းမှာ သိပ်တော့ မထူးဆန်းတော့ပေ။ ထို့နောက်တွင် သူတို့ကလည်း မြေရိုင်းဒေသမှ ထွက်ခွာ သွားကြတော့သည်။ ထိုအရာက ကျူးကော့မင်းယွီအား အလေးထားခြင်းကြောင့် ဖြစ်သလို ဆရာဒူကြောင့်လည်း ပါသည်။
ကျူးကော့မင်းယွီက တော်ဝင်ကျဲနန်းတော်တွင် သွားရောက်မလေ့ကျင့်ခဲ့ဘဲ လွန်စွာ အားကောင်းသော တန်ခိုးရှင် တစ်ယောက်ထံတွင် တပည့်သွားဖြစ်သည်။
ရီဖူရှင်းက စာအုပ်တောင်ပေါ်ရှိ နံရံတစ်ခုပေါ်တွင် တစ်စုံတစ်ယောက်အား အူကီယို၏သံစဉ်ကို ထွင်းထုစေသည်။ မြေရိုင်းဒေသမှ ဘယ်သူမဆို ကျောင်းတော်သို့ ရောက်လာပါက သူတို့အား ဤနေရာသို့ ခေါ်လာမည် ဖြစ်သည်။ ထိုသို့ လုပ်ထားခြင်းဖြင့် ကျောင်းတော်အား ထိုဂီတသံစဉ်အတွက် ပစ်မှတ်ထားခြင်းမှ ကာကွယ်ပေးရာ ရောက်ပေသည်။ ဒူဟောင်က ဒွန်ဟွာကလန်ကို လုပ်ခဲ့ခြင်းက သက်သေပင်။
ကော့တေးကား ပုံမှန်မဟုတ်သော အခြေအနေကို ရောက်နေပေသည်။
ထိုအရာက ခွဲခွာခြင်း နိမိတ်တစ်ခုဟုလည်း ပြော၍ ရသည်။
သည်မတိုင်မီ ဆရာက ပျောက်သွားဖူး သော်လည်း သူပြန်လာမည်ကို အာလုံးက သိကြသည်။ သို့သော် သည်တစ်ခေါက်တွင် သူက ပြန်လာမည် သို့မဟုတ် လာခွင့်ပြုမည်ကို မည်သူမှ မသိကြပေ။ သူတို့က ဆရာအား ပြန်ရှာရန်ပင် လွယ်ကူမည် မဟုတ်ပေ။ ထို့အပြင် အစ်မနှစ်ကလည်း မကြာမီ ထွက်သွားတော့မည် ဖြစ်သည်။
ဤထူးဆန်း အံ့ဖွယ်ရာ နေရာ ကော့တေးကား အမှန်ပင် တကွဲတပြား ဖြစ်ကြရလေပြီ…။
တောင်ပေါ်တွင် ကော့တေး တပည့်များက လက်ရှိတွင် ဝိုင်းဖွဲ့ကာ စားသောက် နေကြသည်။ သူတို့က စကားစမြည်ပြောရာ ရယ်မောနေကြသည်။ ကျူးကော့ဟွေက ပြုံးလျက် ပြောသည်… “ငါတို့နံပါတ်ငါးက အခုထိ လက်ရာ ကောင်းနေတုန်းပဲ… ”
“အစ်မနှစ်… တကယ်လို့ ကျွန်တော် လုပ်ပေးတဲ့ အစားအသောက်ကို သဘောကျရင် အစ်မနှစ်အတွက် နေ့တိုင်း ချက်ပေးပါ့မယ်… ကျွန်တော်က တောင်ပေါ်က လုံးဝ မသွားတော့ဘူး…” လျိုဖန်းက ခေါင်းငုံ့ကာ ပြောသည်။
“မင်းက ဘယ်တုန်းက လူကောင်းလေး ဖြစ်သွားတာလဲ…” ကျူးကော့ဟွေက ရယ်မောလိုက်သည်။
“အစ်မနှစ် ထွက်သွားရင် ရှင်းအာကို ဘယ်သူ ဂရုစိုက်မှာလဲ…” ပေ့ထင်ရှင်းအာက တိုးညင်းစွာ ပြောသည်။ သူမအား ဆရာက ကော့တေးကို ခေါ်လာကတည်းက သူမကို အစ်မနှစ်က စောင့်ရှောက်ခဲ့ရသည်။ သူမအား ကျူးကော့မင်းယွီက မွေးစားထားသည်ဟုပင် ပြော၍ ရသည်။
“ရှင်းအာ… နင် ငါနဲ့လိုက်မလား…” ကျူးကော့ဟွေက မေးသည်။
ပေ့ထင်ရှင်းအာ အေးခဲသွားသည်။ ထိုအရာက ရယ်စရာတစ်ခု မဟုတ်သည်ကို သူမက ရိပ်မိကာ လွန်စွာ ဝေခွဲမရမှုကို ခံစားရသည်။ သူမက အစ်မနှစ်နှင့် အတူ ထွက်သွားသင့်သလား…။ သို့ဆိုလျှင် တခြားလူများအား ဘယ်သူက ဂရုစိုက်မည်နည်း။
“လိုက်သွား…” ဂူတုံးလျိုက စားနေရင်းက ပြောသည်… “အစ်ကိုကြီးက ကျောင်းတော်က ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်… မင်းကို ဂရုစိုက်ဖို့ အချိန်မရှိဘူး…”
ပေ့ထင်ရှင်းအာက ဂူတုံးလျိုအား ကြည့်ကာ သူ၏စကားမှ ဖုံးကွယ်နေသော စကားများကို နားလည်သည်။ သူကလည်း ကော့တေးမှ ထွက်ခွာ သွားတော့မည် ဖြစ်သည်။ သူမ၏ မျက်လုံးများက နီရဲလာသည်။ သူမက မျက်ရည်များ ထွက်ကျလာတော့မည်ကို သိကာ ခေါင်းငုံ့လျက် ဆက်စားသည်။
လွန်ခဲ့သော နှစ်များစွာ အကြာက သူမ၏မိသားစု သေဆုံးသွားသောအခါ သူမအား ဆရာက စာအုပ်တောင်ကို ခေါ်ယူလာခဲ့သည်။ သူမအတွက် လက်စားချေပေးသူမှာ အစ်ကိုသုံး ဖြစ်သည်။ ထိုစဉ်မှစ၍ ကော့တေးက သူမ၏အိမ် ဖြစ်လာခဲ့သည်။ သူမ၏စီနီယာ အစ်ကိုများနှင့် အစ်မနှစ်တို့က သူမ၏မိသားစုများ ဖြစ်ကြသည်။ ယခု ဆရာက ထွက်သွားပြီဖြစ်ကာ သူတို့အားလုံးက ခွဲခွာကြရတော့မည်။ ကော့တေးကား အရှေ့မြေရိုင်း ဒေသတွင် ပျောက်ကွယ် သွားတော့မည် ဖြစ်သည်။
“ရှင်းအာ… မင်းဘာလို့ ငိုနေတာလဲ… မင်းက အခု အရွယ် ရောက်လာပြီးပြီ.. မကြာခင် လက်ထပ်ရတော့မယ်… ငါတို့က အနှေးနဲ့အမြန် ခွဲခွာကြရမှာပဲ…” ရွှီယီက ပေ့ထင်ရှင်းအာ၏ မျက်လုံးများထဲမှ မျက်ရည်စများကို သတိထားမိကာ ပြောသည်။
“ရှင်းအာ လက်မထပ်ဘူး…” ပေ့ထင်ရှင်းအာက ခေါင်းယမ်းသည်။
“အရူးမလေး…” ကျူးကော့ဟွေက သူမ၏ခေါင်းအား အသာပုတ်လိုက်သည်။ ထို့နောက် ရီဖူရှင်းအား ကြည့်သည်… “ဘာလို့ ဒီနေ့ အရမ်း တိတ်ဆိတ်နေတာလဲ…” ထိုကောင်စုတ်လေးကား ပုံမှန်နေ့များဆိုလျှင် လွန်စွာ တက်ကြွသောသူ ဖြစ်သော်လည်း ယနေ့ ဘာစကားတစ်ခွန်းမှ မပြောသေးပေ။
“ဘာဖြစ်နေတာလဲ… ဝမ်းနည်းနေတာလား…” ကျူးကော့မင်းယွီက ကျီစယ်လိုက်သည်။
“အစ်မနှစ်ကို ကျွန်တော် လာရှာတဲ့အခါ ကျွန်တော့်ကို မသိသလို ဟန်ဆောင်နေမှာလား…” ရီဖူရှင်းက ခေါင်းမော့၍ သူမအား ကြည့်သည်။
“မင်းတို့ရဲ့ခေါင်းတွေမှာ ဘာတွေ ရှိနေတာလဲ…” သူမက ရီဖူရှင်းအား ခေါင်းအား လက်ဖြင့် ထောက်ကာ ပြောသည်… “မင်းကငါ့ကို လာမရှာရင် ငါတကယ် မင်းကို လာရှာမှာ…”
“ဖူရှင်းနဲ့ ကျွန်မတို့က သေချာပေါက် လာမှာ…” ဟွာဂျီယူက တိုးညင်းစွာ ပြောသည်။
ကျူးကော့မင်းယွီက ဟွာဂျီယူအား ကြည့်ကာ ပြုံးနေသည်။
“အစ်မနှစ်…” ဟွာဂျီယူက အနည်းငယ် နားမလည်စွာ ကြည့်သည်။
“မောင်ငယ်လေးက လာတွေ့အောင် ဘာလုပ်ရမယ်ဆိုတာ ငါသိတယ်…” သူမက ရယ်မောလိုက်သည်… “ဂျီယူကို ခေါ်သွားရင် ဘယ်လိုလဲ… ရှင်းအာလည်း အဖော်ရတာပေါ့…”
ဟွာဂျီယူ၏ မျက်လုံးများက ပြူးကျယ်သွားကာ ချက်ချင်း ခေါင်းယမ်းသည်… “ကျွန်မ မသွားချင်ဘူး…” ထိုစဉ် ရီဖူရှင်းကလည်း သူမအား ကြည့်နေသည်ကို ဟွာဂျီယူက သိလိုက်သည်။ သူ၏ မျက်လုံများ၏ အဓိပ္ပာယ်ကို ခံစားရကာ သူမက ခေါင်းငုံ့လျက် မေးသည်… “နင် ငါ့ကို ဘာလို့ ဒီလို ကြည့်နေရတာလဲ… ငါ့ကို ထပ်ပြီး ရှင်းထုတ်မလို့မလား…”
“ဂျီယူ… အစ်မနှစ် အကြံပေးတာကို နောက်တစ်ခါလောက် ပြန်တွေးသင့်တယ်…” သူက လေးနက်စွာ ပြောသည်။
“ငါ မစဉ်းစားဘူး…” သူမက ခေါင်းယမ်းသည်။
“မင်းနဲ့ ဂျီယူတို့ ဒါကို စဉ်းစားထားကြ…” ကျူးကော့မင်းယွီက ရယ်မောသည်… “ဂျီယူက အရမ်း လှလွန်းတယ်… မင်းက မြေရိုင်းဒေသကို လျှောက်သွားနေတဲ့ အချိန်မှာ သူမက မင်းနောက်ကို လိုက်ပါနေမှာ ငါကစိုးရိမ်တယ်…” ကော့တေးအား ဖျက်သိမ်းပြီး နောက်ပိုင်းတွင် ရီဖူရှင်းက မြေရိုင်းဒေသကို သွားရောက်မည်ကို သူမက ကောင်းကောင်း သိသည်။ ဆရာမရှိတော့ရာ ယခု သူက သည်ထက် တိုးတက်ရန်မှာ ကိုယ့်ကိုယ်ကိုယ် အားကိုးရပေမည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူကလည်း အစ်မနှစ် တွေးသကဲ့သို့ တွေးသည်။
“မင်း အိမ်ပြန်တဲ့အခါ ငါ့ကို စောင့်နေ…” ပုံမှန်အားဖြင့် တိတ်ဆိတ် နေတတ်သော ဂူတုံးလျိုက ရုတ်တရက် ထပြောသည်။ လူတိုင်းက အစ်ကိုသုံးအား ကြည့်ကြသည်။ သူ၏စကားက ဘာကို ဆိုလိုသည်ကို အားလုံးက နားလည်ကြသည်။
“ဘာအတွက်လဲ…” ကျူးကော့မင်းယွီက သူ့အား မကြည့်ပေ။ ထိုအစား သူမက အစားသောက်များအား အာရုံစိုက်နေဟန် ရသည်။
“ဘာအတွက်လဲ မင်းသိတယ်…” သူက ပြန်ပြောသည်။
“ငါ မသိဘူး…” သူမက နောက်ဆုံးတွင် ဂူတုံးလျိုအား ကြည့်ကာ ပြောသည်။
ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့၏ မျက်လုံးများ ဆုံမိကြသည်။ လူတိုင်းကလည်း သူတို့အား ကြည့်နေကြရာ အခြေအနေက ထူးဆန်းလာသည်။
“မင်းကိုငါလာပြီး လက်ထပ်မှာကို စောင့်နေ….” ဂူတုံးလျိုက ထရပ်ကာ ထိုသို့ပြန်ပြောပြီး အဝေးကို ထွက်သွားသည်။
ထိုနည်းဖြင့်ပင် လူတိုင်းက လုံးဝ အံ့အားသင့် ထိတ်လန့် သွားကြသည်။
အစ်ကိုသုံးကား အလွန် ယောက်ျား ပီသလွန်းလှသည်။
“အစ်ကိုသုံးက အရမ်းမိုက်တာပဲ…” ရီဖူရှင်းက ထွက်ခွာသွားသော ပုံရိပ်အား ကြည့်ကာ မှတ်ချက်ချသည်။
“တကယ့်ယောက်ျား အစစ်ပဲ…” လျိုဖန်းက ချီးကျူးသည်။
“အရမ်း မိုက်တာပဲ…” ယိရှောင်ရှီက ပြောသည်။
ကျူးကော့မင်းယွီကလည်း သူ ထွက်သွားသည်ကို ကြည့်ကာ သူမ၏နှုတ်ခမ်းက ကွေးကောက် သွားအောင် ပြုံးလိုက်သည်။ ထို့နောက် သူမက ရီဖူရှင်းနှင့် တခြားလူများအား ဒေါသတကြီး ပြောသည်… “စား…”
သူတို့ စားသောက်ပြီးသောအခါ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က တောင်နောက်ဘက်တွင် လက်ချင်းတွက်ကာ လမ်းလျှောက် နေကြသည်။ ဟွာဂျီယူက တိုးညင်းစွာ ပြောသည်… “ငါမသွားဘူး…”
“မိန်းမ… မင်း အရမ်းလှတယ်… တကယ်လို့ မြေရိုင်းဒေသမှ တစ်စုံတစ်ယောက်က မင်းကို လာလုရင် ဘယ်လိုလုပ်မလဲ…” ရီဖူရှင်းက အရွှန်းဖောက်လိုက်သည်။ ဒွန်ဟွာကလန်တွင် ထိုနည်းတူ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ပေသည်။ ဒူဟောင်က ဟွာချင်းချင်းအား ရယူရန် ကြိုးစားခဲ့သည်။
“ဒါဆို နင်ငါ့ကို ကာကွယ်ပေး…” သူမက ပြန်ပြောသည်။
သူမ၏ ညင်သာသော စကားကို ကြားလျှင် ရီဖူရှင်းက ခေါင်းငုံ့လိုက်သည်။ သူက အပြစ်ရှိသလို ခံစားရသည်။ တောင်စွန်းနေရာသို့ လျှောက်လာရင်းက သူက တိမ်ပင်လယ်ကြီးအား ကြည့်ကာ ပြောသည်… “ချင်းကျူမြို့၊ ဒွန်ဟိုင်မြို့၊ နန်ဒူနိုင်ငံ… ငါက တစ်လောကလုံးကို မြင်ပြီးပြီလို့ ထင်ခဲ့တယ်… ဒါပေမဲ့ လောကကြီးက ငါထင်တာထက် ကျယ်ပြန့်လွန်းတယ်… ဧကရာဇ်တစ်ပါးရဲ့ ကံကြမ္မာ ဆိုတာကလည်း ပုံပြင်ဆန်လွန်းတယ်… ငါက မင်းကို ဧကရီတစ်ပါးရဲ့ ကံကြမ္မာကို ပေးခဲ့ပေမဲ့ မင်းကို ကာကွယ်ဖို့ အရည်အချင်း မရှိသေးဘူး…”
သူ၏စကားများမှ ဟွာဂျီယူက ရီဖူရှင်း၏ စိတ်မသက်မသာ ဖြစ်မှုကို ခံစား၍ရသည်။ သူမက ခေါင်းမော့ကာ ကြည့်သည်… “ငါ့ကိုကြည့်…” သူမက ပြောသည်။
ရီဖူရှင်းက သူမအား လှည့်ကြည့်သည်။ သူမက ရှေ့ကို လျှောက်လာကာ သူ၏အနီးကို ကပ်လာသည်။ မျက်နှာချင်းဆိုင် အနေအထားတွင် သူမက သူ၏နှုတ်ခမ်းတွင် နူးညံ့သော အနမ်းတစ်ခု ချန်ထားခဲ့သည်။ ထို့နောက် သူမက လူချင်း ခွာလိုက်သည်။ သူမက သူမပြောသော စကားများအား သူမချစ်သူသောအား မည်သည့်အခါကမှ နာကျင်စေလိုသောစိတ် မရှိခဲ့ပေ။
သူမထံမှ လှပသော ပန်းတစ်ပွင့်အလား အပြုံးတစ်ခု မွေးဖွားလာသည်။ ဟွာဂျီယူက ကောင်းကင်ကို မော့ကြည့်လျှင် နေမင်းက လင်းလက် တောက်ပနေသည်ကို မြင်ရသည်။
“နင် အသက်ဆယ့်ငါးနှစ်မှာ နင်က တန်ခိုးမကျင့်နိုင်ဘူးလို့ လူတွေက ထင်ကြတယ်… နင်က ပျော်တတ်ပြီးတော့ အမြဲ တက်ကြွတဲ့ပုံစံ ရှိတယ်… ပြီးတော့ ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲမှာ နင်က နင့်ရဲ့ ပါရမီနဲ့လူတိုင်းကို ထိတ်လန့်စေခဲ့တယ်… အသက် ဆယ့်ခြောက်နှစ်မှာ ဒွန်ဟိုင်မြို့ကို ခြေချပြီးတော့ လျိုနန်းတော်မှာ ငှက်တောင်ပံခတ်သံ သံစဉ်ကို တီးခတ်ခဲ့တယ်… ပြီးတော့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ရှေ့မှာ စစ်သူကြီးအမိန့်သံကို တီးခတ်ပြီးတော့ ကု့ချင်းမိစ္ဆာရဲ့ တပည့်အဖြစ် ဂုဏ်ယူနိုင်ခဲ့တယ်… အဲဒီနှစ်မှာ ဧကရာဇ်တစ်ပါးက နင့်ကို သတ်ချင်ခဲ့ပေမဲ့ နင်က လက်မလျှော့ခဲ့ဘူး… ဖန်းဟွာပွဲတော်မှာ ဧကရာဇ်ရီရဲ့ အသိအမှတ်ပြုမှုကို ရအောင် လုပ်နိုင်ခဲ့တယ်… တန်ဖန်းပွဲတော်မှာ နင့်ကို အနိုင်ယူနိုင်တဲ့လူ မရှိခဲ့ဘူး… ပြီးတော့ ရှေးဟောင်း မြေရိုင်းဒေသမှ လူတိုင်းကို အံ့အားသင့်စေပြီးတော့ ကော့တေးကို ဝင်ရောက်ခဲ့တယ်… ဒီနှစ်မှာ နင်က အသက် နှစ်ဆယ်ပြည့်တယ်… ကောင်းကင်တောင်မှာ နင်က အရာအားလုံးကို လွှမ်းမိုးနိုင်ခဲ့ပြီးတော့ အရှေ့မြေရိုင်း ဒေသတစ်ခုလုံးမှာ နင့်နာမည်ကို မသိတဲ့လူ မရှိတော့ဘူး…” ဟွာဂျီယူက တောက်ပစွာ ပြုံးလိုက်သည်။ သူမက ညင်သာစွာ ပြောသည်… “ရီဖူရှင်း… နင့်အတွက် ငါ ဂုဏ်ယူတယ်…”
ရီဖူရှင်းက သူမအား ကြည့်ကာ ရယ်သည်… “ငါ့ရဲ့ မြေခွေးမက လူတွေကို ဘယ်လို နှစ်သိမ့်ရမယ် ဆိုတာ သိသားပဲ…”
ဟွာဂျီယူကလည်း သူ့ကို ကြည့်ကာ ရယ်သည်… “ငါပြောတာတွေ အကုန်လုံးက အမှန်တွေပဲ… နင်က အသက်နှစ်ဆယ်ပဲ ရှိသေးပေမဲ့ နိုဘယ်တွေနဲ့ ရှီတန်ခိုးရှင်တွေကို ရင်ဆိုင် ဖြေရှင်းနိုင်နေပြီ… နင်က ချင်းကျူမြို့၊ ဒွန်ဟိုင်မြို့၊ နန်ဒူနိုင်ငံနဲ့ အရှေ့မြေရိုင်း ဒေသမှာ သက်သေပြခဲ့ပြီးပြီ… နင်က လောကကြီးကိုလည်း ဒီအတိုင်း သက်သေပြနိုင်မယ်လို့ ငါယုံတယ်… ကောင်းကင်ဒေသ တစ်ခုလုံး နင့်နာမည်ကို သိတဲ့နေ့ ရောက်လာမယ်လို့ ငါယုံတယ်…”
“ငါက ဒီလောက်တောင် တော်လို့လား…” ရီဖူရှင်းက သူမ၏ချီးကျူးမှုကို ခံရလျှင် အနည်းငယ် မြောက်ကြွ လာသည်။
“အင်း..” ဟွာဂျီယူက လေးနက်စွာ ခေါင်းညိတ်သည်… “နင်က ငါ့ကို ဘုရင်မဖြစ်အောင် လုပ်ပေးမယ်လို့ ပြောထားတယ်… တစ်နေ့ နင်က ဒီကတိကို တည်အောင် လုပ်ပေးမယ်လို့ ငါယုံတယ်…”
“ကောင်းပြီ…” ရီဖူရှင်း၏ ညစ်ထွေးနေသော အတွေးများ အားလုံးက ဟွာဂျီယူ၏ စကားလုံးများ အောက်တွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ့တွင် အာရုံများနေဖို့ အချိန်မရှိပေ။ သူ ငယ်ရွယ်စဉ်က လွန်စွာ ယုံကြည်မှု ရှိခဲ့သည်။ သူ၏အလင်းများကို သည်အတိုင်း မှေးမှိန် သွားစေတော့မည်လော…။
“ဒါဆို မင်းက အစ်မနှစ်နဲ့ လိုက်သွားဖို့ သဘောတူပြီပေါ့…” ရီဖူရှင်းက မေးသည်။
“ငါသဘောတူတယ်…” ဟွာဂျီယူက ခေါင်းညိတ်သည်… “ဒါပေမဲ့ ထွက်ပြေးတာ မဟုတ်ဘူး… ငါက မြေရိုင်းဒေသကို ရောက်တဲ့အခါ ကြိုးစား လေ့ကျင့်ပြီးတော့ နင်လာတာကို စောင့်နေမယ်…”
“ကောင်းပြီ…” သူက ခေါင်းညိတ်ကာ ဟွာဂျီယူအား ပွေ့ဖက်လျက် ပြောသည်… “ငါတို့မခွဲခင် တစ်ခုခု အရေးကြီးတာ တစ်ခုခု လုပ်ကြမလား…”
“နင်…” သူမ၏ မျက်နှာက နီရဲသွားသည်။
“မင်းမရှိတော့တဲ့အခါ ငါတကယ် အထီးကျန်ရစ်တော့မယ်…”
“ဒါဆို နင် မြန်မြန်လာဖို့ လိုတယ်…”
“မြေခွေးမ… မင်းက အရမ်း ရက်စက်တာပဲ…”
“ဟွင်း…”
နေရောင်က မြက်ခင်းစိမ်းများပေါ်သို့ ကျဆင်းနေသလို သူတို့ကလည်း စကား ဆက်ပြော နေကြသည်။ တန်ခိုးရှင်လောကက ရက်စက်သော်လည်း ထိုအရာက လှပပေသည်။ သူ့တွင် သူ့အား သဘောကျသောသူများ များစွာ ရှိသလို သူ နှစ်သက် သဘောကျသော လူများစွာလည်း ရှိပေသည်။
ရက်အနည်းငယ် ကြာသောအခါ လူတစ်စုက စာအုပ်တောင်သို့ ရောက်လာကြသည်။ သူတို့အားလုံးက ထူးခြား ကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ကြသည်။ သူတို့က ကျူးကော့မိသားစုမှ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့က ကျူးကော့မင်းယွီအား လာခေါ်ကြခြင်း ဖြစ်သည်။ သူမက ဖြစ်ပျက်သမျှအား လက်ခံသည်။ စာအုပ်တောင်မှ တပည့်များနှင့် ကော့တေးမှ လူများက သူမအား လိုက်ပါ ပို့ဆောင်ကြသည်။ သူမ၏ရှေ့မှ လူများကို ကြည့်ကာ ကျူးကော့မင်းယွီက ပြုံးသည်… “ငါ့ကို သိပ်ပြီးတော့ သတိမရကြနဲ့…”
သူမ၏ဘေးတွင် ပေ့ထင်ရှင်းအာကား မျက်ရည်များပင် စီးကျလာနေပြီ ဖြစ်သည်… “အစ်ကိုကြီး… အစ်ကိုလေး.. အစ်ကိုငါး… ရှောင်ရှီ… ဖူရှင်း… နင်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ…” ထို့နောက် သူမက အဝေးတွင် ရပ်နေသော ဂူတုံးလျိုအား ကြည့်သည်… “အစ်ကိုသုံး… ဂရုစိုက်ပါ…”
“မင်းက မြေရိုင်းဒေသကို ရောက်တဲ့အခါ အစ်မနှစ်စကားကို သေချာနားထောင်…” ဓားသခင်က ပြောသည်။
“ဟုတ်ကဲ့ …” ပေ့ထင်ရှင်းအာက ခေါင်းညိတ်သည်။
“ဂျီယူ… မင်းကလည်း အစ်မနှစ်စကားကို နားထောင်ရမယ်…” ဓားသခင်က ပြုံးလျက် ပြောသည်။
“ဟုတ်ကဲ့…” ဟွာဂျီယူက ခေါင်းညိတ်သည်။ ထို့နောက် သူမက ရီဖူရှင်းနောက်မှ ဟွာဖန်းလူနှင့် တခြားလူများကို ကြည့်သည်… “အဖေ… အမေ… ဆရာ.. ကလန်ခေါင်းဆောင်… အားလုံး ဂရုစိုက်ကြပါ…”
“မောင်ငယ်လေး…” ကျူးကော့မင်းယွီက လက်ဆန့်တန်းကာ ရီဖူရှင်းအား ခေါ်သည်။
ရီဖူရှင်းက ရှေ့ကို တိုးသွားကာ သူမအား အသာအယာ ပွေ့ဖက်နှုတ်ဆက်သည်။ ထို့နောက် ပေ့ထင်ရှင်းအာအား နှုတ်ဆက်သည်။
“ငါတို့ ထပ်တွေ့မယ့်နေ့ကို စောင့်နေမယ်… မောင်ငယ်လေး…” ကျူးကော့မင်းယွီက ပြောသည်။ သူတို့သုံးယောက်က လေထဲကို တက်သွားကာ ကောင်းကင်ပေါ်တွင် ရပ်ထားသော ယာဉ်ပျံပေါ်သို့ တက်ရောက် သွားကြသည်။
“သွားစို့…” ယာဉ်ပျံပေါ်မှ လူငယ်လေး တစ်ယောက်က ပြောသည်။ သူက အောက်ကို တစ်ချက်ငုံ့ကြည့်ကာ သူ၏ မျက်လုံးက ရီဖူရှင်းထံသို့ ခံစားချက်ကင်းမဲ့စွာ ရောက်လာသည်။ ကောင်းကင်ပေါ်မှ ယာဉ်ပျံက စတင်ရွေ့လျားသည်။ ကျူးကော့ဟွေက အဖြူရောင်ဝတ်စုံ ဝတ်ထားသော အထီးကျန် ပုံသဏ္ဌာန်အား တစ်ချက်ကြည့်သည်။ ထို့နောက် သူမက နောက်လှည့်လျှင် ယာဉ်ပျံကလည်း အဝေးကို တဖြည်းဖြည်း ရောက်ရှိသွားသည်။
***