မြေရိုင်းဒေသမှ တန်ခိုးရှင်များက ထိုလှပသော မိန်းကလေးအား ထိတ်လန့်စွာ ကြည့်ကြသည်။ ကျူးကော့မင်းယွီ ဆိုသော နာမည်က မြေရိုင်းဒေသမှ လူငယ်များအတွက် သိပ်ရင်းနှီးခြင်း မရှိသည့်တိုင် သူတို့အားလုံးက သူမ၏ နောက်ခံ အင်အားကို သိကြသည်။
ကျူးကော့ချန်းဖန်ကား ကျူးကော့မိသားစု၏ ထိပ်သီး စွမ်းအားရှင် ဖြစ်သည်။ သူ၏နာမည်က သူ၏မျိုးဆက်တွင် တခြားလူများထက် များစွာ စွမ်းဆောင်နိုင်သည်ကို သက်သေပြပြီး ဖြစ်သည်။ လက်ရှိတွင် သူကား မြေရိုင်းဒေသ၏ တကယ့်နာမည်ကျော် တန်ခိုးရှင် တစ်ယောက် ဖြစ်နေလေပြီ။
ကျူးကော့ခမ်ယန်ကား နောက်ဆုံးမျိုးဆက်တွင် အထူးချွန်ဆုံးလူဖြစ်ပြီး သူက လွန်ခဲ့သော နှစ်အနည်းငယ်က ရှီတန်ခိုး အဆင့်ကို တက်လှမ်းခဲ့သည်။ အမှန်တကယ် ပါရမီမြင့်သူ ဖြစ်သည်။
ထိုနှစ်ယောက်မှာ ကျူးကော့မိသားစု တစ်ခုလုံး၏ နှစ်ပေါင်း တစ်ထောင်အတွင်း အထူးချွန်ဆုံး လူများဟု ပြောရပေမည်။ ပထမက ကျူးကော့မင်းယွီ၏ အဖေဖြစ်ကာ နောက်တစ်ယောက်က သူမ၏အစ်ကိုကြီး ဖြစ်ပေသည်။
ထိုသို့သော နောက်ခံ အင်အားကို မြေရိုင်းဒေသမှ ထိပ်သီး အင်အားစုများပင် မယှဉ်နိုင်ပေ။ နန်ဖန်း၊ နန်ယွီနှင့် ဒူဟောင်တို့မူကား သူတို့က မြေရိုင်းဒေသ အင်အားစုများ၏ လူငယ်ပါရမီရှင်များသာ ဖြစ်ကြသည်။ သူတို့က အကောင်းဆုံး အတော်ဆုံးများပင် မဟုတ်ကြပေ။ သူတို့က မည်သို့ ကျူးကော့ဟွေနှင့် ယှဉ်နိုင်မည်နည်း။ ထိုနည်းဖြင့် ထိုမျှ မြင့်မားသော အဆင့်အတန်း ရှိသော လူတစ်ယောက်က သူတို့က အတန်းအစားနိမ့် ကလန်ဟု သတ်မှတ်သော နေရာတွင် ပုန်းကွယ်နေသည်ကို ထိတ်လန့်စွာ သိလိုက်ကြသည်။
နန်ယွီနှင့် ဒူဟောင်တို့၏ မျက်နှာက သက်သောင့်သက်သာ ရှိသောပုံစံ မဟုတ်တော့ပေ။ ထိုနာမည်အား ကြားသည်နှင့် ခုနက အရိုက်ခံရခြင်း အတွက် သူတို့က ဘာမှ ပြန်လုပ်နိုင်မည် မဟုတ်သည်ကို သိကြသည်။ သူတို့က ပြန်လည်၍ လက်စားချေနိုင်မည် မဟုတ်သလို သူတို့အတွက် လက်စားချေ ပေးရဲသည့်လူလည်း မရှိပေ။
သူတို့၏စကားကို ကြားလျှင် ကျူးကော့ဟွေက ကော့တေးတပည့်များ ရှိနေရာသို့ လှည့်ကာ ပြုံးလျက်ပြောသည်…” ငါ့ရဲ့နာမည်အရင်းကို မှတ်ထားကြ… ကျူးကော့မင်းယွီ…”
သူမ၏ဇာစ်မြစ်အား ဝန်ခံခဲ့သည်တွင် မြေရိုင်းဒေသမှ လူများက တုန်လှုပ်ကြရသည်။ နန်ထျန်းအိမ်တော်မှ ရှီတန်ခိုးရှင်က စကားပြောသည်… “ကျူးကော့မိသားစုက သမီးကြီးက မြေရိုင်းဒေသက ထွက်ပြေးသွားပြီးတော့ အရှေ့မြေရိုင်းဒေသကို ရောက်နေမယ်လို့ ဘယ်သူက ထင်မှာလဲ… ရှီတန်ခိုးရှင်တွေ ဝင်ခွင့်မရတဲ့နေရာ… မြေရိုင်းဒေသနဲ့ အဆက်ပြတ် နေတဲ့နေရာ… မင်းက နာမည်ကိုတောင် ပြောင်းထားသေးတယ်… ကျူးကော့မိသားစုက မင်းကို ရှာမတွေ့တာ သိပ်တော့ မထူးဆန်းဘူး…”
ကျူးကော့မင်းယွီက နာမည်ကိုသာ ပြောင်းထားသည် မဟုတ်ပေ… သူမက တောင်ပေါ်မှလည်း သိပ်မဆင်းပေ။ ရီဖူရှင်းအား ခေ့ကေးမြို့တွင် လုပ်ကြံမှု မတိုင်မှီက အရှေ့မြေရိုင်း ဒေသတွင် သူမ၏ တည်ရှိမှုကို သိသူလည်း သိပ်မရှိပေ။ သူတို့ သိသည်ကား ကော့တေးမှ ဒုတိယ တပည့်ကို ဘယ်သူမှ မမြင်ဖူးခြင်းပင်။
“ငါကြားတာကတော့ ကျူးကော့ချန်းဖန်က နဂိုက ကျူးကော့မင်းယွီကို တော်ဝင်ကျဲနန်းတော်ကို တန်ခိုးကျင့်ဖို့ စေလွှတ်ချင်ခဲ့တယ်လို့ ကြားတယ်… ဘာလို့ မင်းက မြေရိုင်းဒေသရဲ့ အကောင်းဆုံး တန်ခိုးကျင့်တဲ့နေရာကို သွားမယ့်အစား အရှေ့မြေရိုင်း ဒေသကို ထွက်ပြေး လာရတာလဲ… မင်းက ဒီမှာ ဆရာ တစ်ယောက်ကိုတောင် တွေ့ထားတယ်…”
တော်ဝင် မီးတောက်ဂိုဏ်းမှ ရှီတန်ခိုးရှင် တစ်ယောက်က ပြောသည်။ တော်ဝင်ကျဲ နန်းတော်ကား မြေရိုင်းဒေသမှ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်သည်။ ထိုနေရာတွင် များစွာသော သတ္တဝါဆန်းများကို တွေ့နိုင်သည်။ မြေရိုင်းဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်ရန် သူတို့၏ မျိုးဆက်များကို စေလွှတ်လိုကြသည်။ သို့သော် ကျူးကော့ဟွေက ထွက်ပြေးခဲ့သည်။
“တိမ်ဖြူမြို့က သခင်လေးက အဲဒီမှာ လေ့ကျင့်နေလို့ပဲ…” လူသားကမ္ဘာမှ ရှီတန်ခိုးရှင်က ပြောသည်။ လူတိုင်း၏ မျက်လုံးများ ဝိုင်းစက်သွားကြသည်။ ထိုလူ၏အကြောင်းအား တွေးမိလျှင် သူတို့က ကျောချမ်းကြရသည်။ မြေရိုင်းဒေသမှ ရှီတန်ခိုးရှင်များ ဖြစ်သည့်အလျောက် သူတို့က မြေရိုင်းဒေသမှ ပုံပြင်တချို့အား ကြားသိကြသည်။ တိမ်ဖြူမြို့မှ မြို့တော်ဝန်က တစ်ချိန်က တော်ဝင်ကျဲနန်းတော်တွင် ကျူးကော့ချန်းဖန်နှင့်အတူ လေ့ကျင့်ဖူးသည်။ သူတို့နှစ်ယောက်က အထူးချွန်ဆုံး တပည့်နှစ်ယောက် ဖြစ်ကြကာ ပုံမှန်အားဖြင့် လွန်စွာ ရင်းနှီးကြသည်။ ထို့ကြောင့်ပင် သူတို့က သူတို့၏ မျိုးဆက်များအား လက်ဆက် စေလိုခဲ့ကြသည်။ သို့သော်လည်း ကျူးကော့မိသားစု၏ သမီးကြီးကား မိန်းကလေး ဖြစ်သော်ငြားလည်း ထူးခြား ထက်မြက်ကာ သူမ၏မိသားစုက သူမ၏ကံကြမ္မာကို ဆုံးဖြတ်ခြင်းအား လက်သင့်မခံလိုခဲ့ပေ။ ထို့ကြောင့်ပင် သူမက အိမ်မှ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။ သူမကလည်း လွန်စွာ အားကောင်းသော စိတ်နေသဘောထား ရှိပေသည်။
“ရှင်တို့ ပြောပြီးပြီလား…” ကျူးကော့ဟွေက ပြုံးလိုက်သည်။
ကြည့်ရသည်မှာ မိန်းကလေးကျူးကော့က သူမ၏ မိသားစုကို ပြန်တော့မည့်ဟန် ရသည်။ ယခု သူမ၏ မူလဇာစ်မြစ်အား ဖော်ထုတ်လိုက်ပြီဖြစ်ရာ ကျူးကော့မိသားစုက သူမအား လာရောက် ခေါ်ဆောင်တော့မည်မှာ သေချာလှသည်။ သူမက ထုတ်မဖော်လျှင်လည်း အနှေးနှင့်အမြန် ကျူးကော့မိသားစုက သူမအား ရှာတွေ့မည်ဖြစ်သည်။ မည်သို့ဆိုစေ အရှေ့မြေရိုင်းဒေသမှ ကိစ္စရပ်များက သည်တစ်ကြိမ် ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့ပေသည်။
“ရှင်တို့ ပြောပြီးရင် ဒီက ထွက်သွားကြတော့… ရှင်တို့က ဂီတသံစဉ်ကိုလည်း ရပြီးကြပြီ… အခုကစပြီး ရှင်တို့က စာအုပ်တောင်ကို လာတာကို တားမြစ်တယ်… တကယ်လို့ ရှင်တို့က နောက်ပိုင်း စာအုပ်တောင်ကို လာတာကို ကျွန်မသိရင် ရှင်တို့အတွက် သေလမ်း တစ်ခုတည်းပဲ ရှိတယ် ဆိုတာကို သိထားပါ…” ကျူးကော့မင်းယွီက ထိုလူအုပ်အား ကြည့်ကာ ပြောသည်။ သူမက ပြုံးလျက် ဆက်ပြောသည်… “ကျွန်မက ရှင်တို့ထဲက ဘယ်သူ့ကိုမဆို သတ်ရဲတယ်… ဒါပေမဲ့ ရှင်တို့ကလန်က လူတွေ ကျွန်မကို လက်ဖျားနဲ့တောင် မထိရဲဘူးဆိုတာ ရှင်တို့ သိသင့်တယ်…”
ဒူဟောင်က လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဒေါသတကြီး ကြည့်သည်။ သူက ဤသို့သောနည်းဖြင့် အနိုင်စားခံရမည်ဟု လုံးဝ မယုံကြည်နိုင်ပေ။
ဖြန်း…
ကျာပွတ်ရှည်က တစ်ဖန် လေကို ခွင်းလျက် ဒူဟောင်ထံ ကျဆင်း လာပြန်သည်။ သူ၏ ကျောသားများပင် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားကာ နောက်ကျောက သွေးခြင်းခြင်း နီသွားသည်။ ယခုကား မြေပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်နေသည်။
သူမ၏ မျက်လုံးများက အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ ဤသို့ ရက်စက်စွာ အရိုက်ခံရခြင်း အတွက် ပြန်လည်၍ လက်စားမချေနိုင်သည်ကို သူက ယုံကြည်နိုင်ခြင်း မရှိပေ။
“တခြားလူတွေကို အနိုင်စားတာ လူတိုင်း လုပ်တတ်တယ်… အဲဒါ ဘယ်လိုခံစားရလဲ…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။ ထိုလူများက စာအုပ်တောင်ပေါ်ကို မောက်မာစွာဖြင့် ဆင်းသက် လာကြသည်။ စာအုပ်တောင်တွင် ရှီတန်ခိုးရှင် တစ်ယောက် ရှိသည့်တိုင် ဒူဟောင်က တော်ဝင်မီးတော်ဂိုဏ်းကို ဦးဆောင်ကာ ပြဿနာ လာရှာသည်။ ကော့တေးမှ မည်သူကမှ သူ့အား မတိုက်ခိုက်ရဲဟူ သူက အခိုင်အမာ မှတ်ထင်ထားသည်။ သူကသာ တခြားလူများကို ထိခိုက်စေမည်။ သူ့အား မည်သူကမှ ထိခိုက်၍ မရပေ။ ကောင်းကင် တောင်တွင်လည်း သူက ထိုသို့ဖြစ်သည်။ ထို့ကြောင့် တခြား လူများကလည်း သူကဲ့သို့ ပြုမူနိုင်သည်ကို ကျူးကော့မင်းယွီက ပြသခြင်း ဖြစ်သည်။
“ကျုပ်တို့ သွားပါတော့မယ်… ” လူသားကမ္ဘာမှ ရှီတန်ခိုးရှင်က နှုတ်ဆက်ကာ သူ၏လူများကို ခေါ်၍ ထွက်ခွာသွားသည်။ သူတို့က ဘာမှ မဆုံးရှုံးခဲ့သလို ဂီတသံစဉ်ကိုပင် ရရှိခဲ့သည်။ သူတို့က ထပ်မံ၍ တွယ်တာနေစရာ ဘာမှ မရှိပေ။ နန်ထျန်းအိမ်တော်မှ နန်ယွီနှင့် တော်ဝင် မီးတောက်ဂိုဏ်းမှ ဒူဟောင်တို့ကြောင့်သာ မဟုတ်လျှင် ကျူးကော့မင်းယွီက ဒေါသထွက်မည် မဟုတ်ပေ။ သူတို့က ထိုအရာနှင့် ထိုက်တန်ပေသည်။
နန်ထျန်းအိမ်တော်နှင့် တော်ဝင် မီးတောက်ဂိုဏ်းကလည်း စာအုပ်တောင်မှ စတင် ထွက်ခွာကြသည်။ သူတို့က လာရောက်စဉ်က လွန်စွာ မောက်လာကြသော်လည်း ပြန်သွားသောအခါ စိတ်ပျက်လက်ပျက် ပုံစံဖြင့် ဖြစ်ကြသည်။ မြန်ဆန်စွာပင် မောက်မာသော မြေရိုင်းဒေသ တန်ခိုးရှင်များ အားလုံး ထွက်ခွာ သွားကြတော့သည်။
မရေမတွက်နိုင်သော မျက်လုံးအစုံတို့က ကျူးကော့မင်းယွီအား ကြည့်နေကြသည်။ ကော့တေး၏ ဒုတိယတပည့်က ဤမျှ အားကောင်းသော နောက်ခံအင်အား ရှိမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ ထို့အတူ သူတို့က ဆရာဒူ၏ စွမ်းအားကြီးမှုကိုလည်း အံ့အားသင့် ကြရသည်။ သူက ရှီတန်ခိုးရှင် တစ်ယောက်အား အနည်းငယ်မျှ လှုပ်ရှားလျှင်ပင် သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဆရာနှင့် တပည့်အတွဲက အမှန်ပင် သူတို့၏စွမ်းရည်များကို ဖုံးကွယ်ထားကြသည်။
ကျူးကော့မင်းယွီက ရီဖူရှင်းထံကို လျှောက်သွားကာ ပြောသည်… “မင်းက အစ်မနှစ်ကို ဘာလို့ ဒီလို ကြည့်နေရတာလဲ…” သူမက ပြုံးလျက်မေးသည်။
ရီဖူရှင်း၏ မျက်လုံးများက သူ၏ရှေ့မှ မိန်းကလေးအား အေးခဲစွာဖြင့် ကြည့်နေသည်။ သူ၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုလည်း ပေါ်လာသည်… “အစ်မနှစ်က အရမ်းလှတာပဲ…”
ကျူးကော့မင်းယွီက သူ၏စကားကို ကြားကာ ရယ်မောလိုက်သည်။ သူမက လက်ဆန့်တန်းကာ ရီဖူရှင်း၏နဖူးအား သူမ၏လက်ညှိုးဖြင့် ထောက်လိုက်သည်။ သူမ၏ဇာစ်မြစ်အား လူအများက သိသွားကြပြီဖြစ်ရာ သူမက အရှေ့မြေရိုင်း ဒေသက ထွက်ခွာကာ မြေရိုင်းဒေသသို့ မကြာမီ ပြန်ရတော့မည် ဖြစ်သည်။
“ကောင်လေး… သိပ်ဝမ်းနည်းမနေနဲ့… သွားကြမယ်…” သူမက ပြောသည်။ ထို့နောက် သူမက ဆရာဒူထံသို့ လျှောက်သွားကာ ခေါ်သည်… “ဆရာ…”
သူက ခေါင်းညိတ်ကာ လူတိုင်းအား ကြေညာသည်… “ဒီနေ့ ကျုပ်တပည့်က ကျောင်းတော်ကို စတင် ဦးစီးပြီးတော့ တပည့်တွေကို သင်ကြား ပေးတော့မယ်… ကော့တေးက တရားဝင် ဖျက်သိမ်းတယ်… ဒီနေ့ကစပြီး ကျောင်းတော်ပဲ ရှိတော့တယ်… ကော့တေး မရှိတော့ဘူး…”
ချက်ချင်းပင် တီးတိုးစကားသံများ ညံညံစီသွားသည်။ အရှေ့မြေရိုင်း ဒေသတွင် ဆယ်စုနှစ်အတွင်း လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ကော့တေးက ယခု အမှန်တကယ် သမိုင်းထဲကို ရောက်ရှိသွားပြီလား…။
ကော့တေး၏ တပည့်များက ဆရာဒူ၏ စကားကိုကြားကာ ဝမ်းနည်းသွားကြပြီး ခေါင်းငုံ့ လိုက်ကြသည်။
“ငါသွားတော့မယ်… ” ဆရာဒူက ပြောသည်။ ဓားသခင်အပြင် ကော့တေး၏ တပည့်များ အားလုံးက သူ့နောက်မှနေ၍ တောင်ပေါ်ကို လိုက်ပါလာကြသည်။
“ဆရာ… ဆရာနဲ့ အစ်မနှစ်တို့ နှစ်ယောက်လုံးက အရမ်း အားကောင်းကြတယ်… ဘာလို့ ညီငယ်လေးက ဂီတသံစဉ်ကို ပေးဖို့လိုတာလဲ…” လျိုဖန်းက ပြောသည်။ သူက ယနေ့ ဖြစ်ပျက်ခဲ့သည်များကို သိပ်မကျေနပ်ပေ။ သူ၏ဆရာနှင့် အစ်မနှစ်တို့က ထိုလူများအား စာအုပ်တောင်မှ ကန်ထုတ် နိုင်သော်လည်း သူက သိပ်ကျေနပ်ဟန် မရပေ။
“ငါတို့က မင်းတို့တွေကို အမြဲတမ်း ကာကွယ်ပေးနိုင်မှာလား…” ဆရာဒူက ပြောသည်… “အကျိုးအမြတ်အတွက် အရာအားလုံးကို ပေးဆပ်နိုင်တဲ့လူတွေကို ဘယ်တော့မှ လျှော့မတွက်နဲ့… တကယ်လို့ ငါနဲ့မင်းတို့ရဲ့ စီနီယာအစ်မတို့က ဒီမှာ မရှိတော့ရင် သူတို့က ဂီတသံစဉ်ကို မရသေးရင် နောက်ပိုင်း သူတို့က မင်းရဲ့ ညီငယ်လေးကို ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး… ငါတို့က တတ်နိုင်သမျှ လိုက်လျောပြီးပြီ… ရှီတန်ခိုးရှင်တွေက ဘယ်အချိန်မှာ နောက်ဆုတ်ရမယ် ဆိုတာ သိတယ်…”
“ဆရာ… စာအုပ်တောင်က ကိစ္စတွေကို ကျွန်မ တာဝန်ထားပါ…” ကျူးကော့မင်းယွီက ဆရာဒူအား ပြောသည်။
“နှစ်တွေ အတော်ကြာခဲ့ပြီ… မင်းတို့ဆရာ စိတ်ဝင်စားတာလည်း သိပ်မရှိတော့ဘူး… မင်းတို့ဆရာက ပျင်းရိတာကြောင့် ထပ်ပြီး မပြေးချင်တော့ဘူး…”
“ဆရာ… ဆရာရဲ့ ရန်သူတွေက ဘယ်သူတွေလဲ…” ရီဖူရှင်းက မေးသည်။
“သိပ်မတွေးနဲ့ ကောင်လေး… တန်ခိုးကျင့်ရာမှာပဲ အာရုံစိုက်ထား… ငါမင်းအတွက် စာအုပ်တချို့ ထားခဲ့မယ်… အဲဒါတွေကို ကောင်းကောင်း လေ့ကျင့်…”
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
***
အချိန်အနည်းငယ် ကြာသွားပြီး နောက်တွင် ကျောင်းတော်ရှိ ကိစ္စရပ်များ အားလုံး ဖြေရှင်းပြီး သွားသည်။ ထို့အပြင် အရှေ့မြေရိုင်းဒေသမှ များစွာသော တန်ခိုးရှင်များက ကျောင်းတော်မှ ရှီတန်ခိုးရှင်အား လာရောက်တွေ့ဆုံရန် ကြိုးစားကြရာ အတော်အတန် စည်ကားနေသည်ဟု ပြောရမည် ဖြစ်သည်။ သို့သော်လည်း ကော့တေးတည်နေရာ တောင်ကား တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ထိုနေရာ၏ ပတ်ဝန်းကျင် လေထုက ထူးဆန်းနေပေသည်။
တစ်နေ့တွင် စာအုပ်တောင်အပေါ် တိမ်တိုက်များ အကြားမှ လွန်စွာ လင်းလက် တောက်ပသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပေသည်။ လူအများအပြားက ကောင်းကင်ကို မော့ကြည့်ကြရာ လူတစ်စုက ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ကောင်းကင်ပေါ်မှ ဆင်းသက် လာကြသည်ကို တွေ့ရသည်။
ရှေ့ဆုံးတွင်ကား လွန်စွာ လှပချောမောသော မိန်းကလေး တစ်ယောက် ပါလာသည်။ ကောင်းကင်အလင်းများ ထည်ဝါ တောက်ပလျက်က သူမက ကောင်းကင်ဘုံမှ နတ်သမီးအလား ထင်မှတ်ရသည်။
တောင်ပေါ် တစ်နေရာတွင် တန်ခိုးကျင့်နေသော ရီဖူရှင်းကလည်း ကောင်းကင်ပေါ်ကို မော့ကြည့်သည်။ ထိုအုပ်စုအား မြင်လျှင် သူ၏အသက်ရှူသံများ ရပ်တန့်သွားသလား မှတ်ရသည်။ ဘယ်လိုလုပ် သူတို့ ဖြစ်ရသနည်း။ သူက ထိုမိန်းကလေးအား ယခင်က မြင်ဖူးသည်။ သူ ငယ်ရွယ်စဉ်က ချင်းကျူမြို့၏ တီအန်ယွီတောင်တွင် သူမနှင့် ဆုံခဲ့သည်။
ထိုမိန်းကလေး၏ မျိုးရိုးနာမည်ကား ဒွန်ဟောင်ဖြစ်သည်။
ဆရာဒူက လေထဲကို ပျံသန်း တက်ရောက်သွားကာ ရောက်ရှိလာသော အုပ်စုအား ကြည့်သည်။ ထိုလူများ လာရောက်မည်ကို သိပြီးရကား သူ၏ပုံစံက လွန်စွာ တည်ငြိမ်သည်။
ကော့တေးမှ တပည့်များက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြကာ ကောင်းကင်ကို ကြည့်ကြသည်။ ထိုစစ်နတ်ဘုရားများ အလား အုပ်စုအား မြင်ကာ သူတို့က အံ့အားသင့်ကြရသည်။ သူတို့၏ဆရာက ထိုလူများအား စောင့်ဆိုင်းနေကြောင်း သူတို့ ခံစားကြရသည်။ ထို့ကြောင့် သူက ထွက်မသွားသေးခြင်း ဖြစ်ရပေမည်။ သူက ထွက်သွားပါက ထိုလူများက ဘာလုပ်မည်နည်း။
“ခွင့်ပြုပါ… ဒါက မင်းသမီးလား မသိဘူး…” ဆရာဒူက မိန်းကလေးကို မေးသည်။ သူမက အသာအယာ ခေါင်းညိတ်သည်။ ဆရာဒူက ပြုံးလိုက်ကာ ဒူးထောက်လိုက်သည်… “အပြစ်သားက မင်းသမီးကို နှုတ်ဆက်ပါတယ်…”
“မင်းက အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် သိရင် ထပြီးတော့ ငါတို့နဲ့လိုက်ခဲ့…” မိန်းကလေး၏နောက်မှ စစ်သည်တစ်ယောက်က ပြောသည်။ ဆရာဒူက ခေါင်းညိတ်လျက် ထရပ်ကာ မိန်းကလေးအား မေးသည်… “အရှင့်သမီးက အခု အသက်နှစ်ဆယ် ပြည့်ပြီ… ဟုတ်တယ်မလား…”
“အင်း…” မိန်းကလေးက ခေါင်းညိတ်သည်။
“ကောင်းတယ်… အရမ်း ကောင်းတယ်…” ဆရာဒူကား ထိုအခြေအနေတွင် အမှန်တကယ် ပြုံးနေသည်။ သူက ကော့တေးအား ငုံ့ကြည့်ကာ ပြောသည်… “ငါမင်းတို့ကို ဂရုမစိုက်နိုင်တော့ဘူး… ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြ…”
“ဆရာ…” တပည့်များက တစ်ယောက်ပြီး တစ်ယောက် ခေါ်ကြသည်။
ဆရာဒူက နောက်ဆုံးတစ်ချက် ကြည့်ကာ ပြုံးလျက် ကောင်းကင်ထက်သို့ လျှပ်တစ်ပြက် ရောက်ရှိသွားသည်။
မိန်းကလေးက ခေါင်းငုံ့ကာ စာအုပ်တောင်ကို ကြည့်သည်တွင် သူမ၏အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ နှစ်အနည်းငယ် အကြာတွင် သူတို့က တစ်ဖန် ပြန်တွေ့ကြရပြန်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့က အသက်ဆယ့်ခြောက်နှစ် ဖြစ်သော်လည်း ယခုသူတို့က အသက်နှစ်ဆယ် ရောက်နေပြီဖြစ်သည်။
***