အပိုင်း (၃၉၄)

ပုံရိပ်တစ်ထောင် လျှပ်စီးတိုက်ကွက်

အရှေ့မြေရိုင်းဒေသမှ အင်အား အကြီးဆုံးလူများက စာအုပ်တောင်တွင် စုစည်းနေကြကာ အဝေး တစ်နေရာအား ကြည့်နေကြ၏။

သူတို့ ရောက်လာကြလေပြီ။ လူအများအပြား၏ ခေါင်းထဲတွင် တူညီသော အတွေးများ ရှိနေကြသည်။ စာအုပ်တောင် ဗဟိုကွက်လပ်မှ လူအုပ်ကြီးက ကောင်းကင်ပေါ်မှ လူများအား ကြည့်နေကြသည်။

မြေရိုင်းဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များက စာအုပ်တောင်ကို ရောက်လာကြပြီ ဖြစ်သည်။ အရှေ့မြေရိုင်းဒေသမှ ထိပ်သီး အင်အားစုများ အားလုံး ပူးပေါင်းလျှင်ပင် သူတို့အား မယှဉ်နိုင်ပေ။

အရှေ့မြေရိုင်း ဒေသကား ယခုမှပင် စတင်၍ စည်းလုံးမိခြင်း ဖြစ်သည်။ ကျောင်းတော်က ဤရန်စအား မည်သို့ ဖြေရှင်းမည်နည်း။ သူတို့က ရီဖူရှင်းအား ထုတ်ပေးမည်လော…။

အရှေ့မြေရိုင်းဒေသမှ လူများအားလုံးက ထိုမြေရိုင်းဒေသမှ လူများ၏ ရောက်ရှိလာသော အကြောင်းအရင်းကို သိကြသည်။

သူတို့က ရီဖူရှင်းကြောင့် ရောက်လာကြခြင်း ဖြစ်သည်။ သူက ကောင်းကင် တောင်ထိပ်ကို ရောက်ခဲ့ကာ ဧကရာဇ်နှစ်ပါး၏ ရှေးဟောင်း အကြွင်းအကျန်များကို ရရှိခဲ့သည်။ သူက ကောင်းကင်တောင်၏ အသိကို ထိန်းချုပ်သည်။ ကောလာဟလအရ သူက လောက၏ အကောင်းဆုံး သံစဉ်ဆယ်ခုထဲတွင် ပါဝင်သော အူကီယို သီချင်းအား ရရှိခဲ့သည်။

အသစ်ရောက်လာသော လူအုပ်က မူလကကဲ့သို့ပင် အုပ်စုလေးခု ဖြစ်သည်။ သူတို့မှာ လူသားကမ္ဘာ၊ တော်ဝင် မီးတောက်ဂိုဏ်း၊ နန်ထျန်းအိမ်တော်နှင့် ထိုက်ချွန်တောင်တို့ ဖြစ်ကြသည်။ ဒူဟောင်၊ နန်ဖန်းနှင့်နန်ယွီ၊ ချူရှန်းနှင့် ဟန်လန်တို့ အားလုံးလည်း ပါလာကြသည်။ သူတို့က မြေရိုင်းဒေသမှ သတင်းများကို ပထမဦးစွာ ရရှိသူများဖြစ်ရာ ဦးဆုံး ရောက်ရှိ ကြသူများလည်း ဖြစ်ကြသည်။ မြေရိုင်းဒေသမှ တခြား အင်အားစုများက ထိုသတင်းများကို ရရှိသေးဟန် မရပေ။

ဒူဟောင်၊ နန်ဖန်းနှင့် နန်ယွီတို့က ရီဖူရှင်းအား စိုက်ကြည့် နေကြသည်။ သူတို့၏ မျက်လုံး အကြည့်များက ရေခဲတမျှ အေးစက်နေကြသည်။ သူတို့၏ ဘေးတွင်ကား သူတို့ ကလန်ကိုယ်စီ၏ အားအကောင်းဆုံး တန်ခိုးရှင်များ ပါလာကြသည်။ ထိုအထဲတွင် ရှီတန်ခိုးရှင်များ ပါဝင်ကြပေသည်။ သူတို့က ယခု ရီဖူရှင်း မည်မျှ မောက်မာ နိုင်သေးသည်ကို သိလိုကြသည်။ သူတို့က ကောင်းကင်တောင်မှ အဖြစ်အပျက်များ အားလုံးကို အသေးစိတ် မှိတ်မိကြပေ သေးသည်။

“အရှေ့မြေရိုင်း ဒေသမှာ ရှီတန်ခိုးရှင် တစ်ယောက် ပေါ်လာတယ်လို့ ကျုပ်တို့ ကြားတယ်… သူက ဘယ်သူလဲ ကျုပ်တို့ စိတ်ဝင်စားလို့ပဲ…” ပြောလိုက်သူကား နန်ထျန်းအိမ်တော်မှ လူဖြစ်သည်။ သူက နန်ဖန်း၏ရှေ့တွင်ရပ်ကာ လွန်စွာ တောက်ပြောင်သော ဝတ်စုံရှည်အား ဝတ်ဆင်ထားသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က မဟာဧကရာဇ်က တားမြစ်မိန့်ကို ချမှတ်ခဲ့ရာ အရှေ့မြေရိုင်း ဒေသတွင် ရှီတန်ခိုးရှင်များ ပျောက်ပျက် သွားခဲ့ရသည်။ ထို့ကြောင့် ရှီတန်ခိုးရှင် တစ်ယောက်​ ပေါ်လာပါက မြေရိုင်းဒေသမှ လူများက သိကြမည် ဖြစ်သည်။ အရှေ့မြေရိုင်း ဒေသက ပြင်ပလောကနှင့် အဆက်အသွယ် သိပ်မရှိသော်လည်း မြေရိုင်းဒေသက အမြဲတမ်း စောင့်ကြည့် နေခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်တောင်တွင် ခေါင်းလောင်းသံ မြည်သောအခါ သူတို့က လူငယ် ပါရမီရှင်များအား စေလွှတ်ခဲ့ကြသည်။ ယခု အရှေ့မြေရိုင်း ဒေသတွင် ရှီတန်ခိုးရှင် တစ်ယောက် ပေါ်လာကာ သူနှင့် ပတ်သက်၍ သူတို့က သတင်းအစပင် ကြားသိဖူးခြင်း မရှိခဲ့ကြပေ။

သိသာစွာပင် ထိုလူက ဇာတ်မြှုပ်ကာ တမင် ပုန်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် သူ၏တန်ခိုးအဆင့်ဖြင့် အရှေ့မြေရိုင်း ဒေသတွင် နေစရာ အကြောင်း မရှိပေ။

“သာမန်လူ တစ်ယောက်ပါပဲ ပြောစရာ သိပ်မရှိဘူး…” တောင်ပေါ် တစ်နေရာမှ အသံတစ်သံကို ကြားရသည်။ သို့သော် သူ့ကိုမူကား မည်သည့်နေရာတွင်မှ မတွေ့ရပေ။ ထို့နောက် အသံရှင်က ပြန်မေးသည်… “အခု ခင်ဗျားတို့ အလှည့်ပဲ… ဘာလို့ ခင်ဗျားတို့က ဒီကို လာကြတာလဲ…”

“အရှေ့မြေရိုင်းဒေသက လူတစ်ယောက်က ကောင်းကင် တောင်ထိပ်ပေါ်ကို ရောက်ခဲ့ပြီးတော့ မဟာဧကရာဇ်တွေရဲ့ ရှေးဟောင်း အကြွင်းအကျန်ကို ရခဲ့တယ်လို့ ကျုပ်တို့ကြားတယ်… ဒါကြောင့် အဲဒါ ဘယ်သူဖြစ်မလဲလို့ ကျုပ်တို့ကိုယ်တိုင် လာကြည့်တာ…” တော်ဝင် မီးတောက်ဂိုဏ်းမှ ရှီတန်ခိုးရှင် တစ်ယောက်က ပြောသည်။ သူ့တွင် မီးတောက်ပုံများ ပါဝင်သော ဝတ်စုံရှည်အား ဝတ်ထားသည်။ သူ့ထံမှ လွန်စွာ အားကောင်းသော မီးအသိများ ဖြာထွက်နေသည်။

“ကျုပ်ပဲ…” ရီဖူရှင်းက လူအုပ်ထဲမှ လမ်းလျှောက် ထွက်လာသည်။ သူက မြေရိုင်းဒေသမှ အသစ်ရောက်လာ သူများအား ကြည့်ကာ ပြောသည်… “ကျုပ်က ကောင်းကင် တောင်ထိပ်ပေါ်ကို ရောက်ခဲ့ပြီး မဟာဧကရာဇ်နှစ်ပါး ချန်ခဲ့တဲ့အသိကို ဆင်ခြင် နားလည်နိုင်ခဲ့တဲ့အတွက် အူကီယိုသံစဉ်ကို ရရှိခဲ့တယ်…”

“ဒါဆို မင်းက အခု ဝန်ခံပြီပေါ့…” နန်ယွီက ပြုံးသည်။ ရီဖူရှင်းက ကောင်းကင်တောင်တွင် မမောက်မာခဲ့ဘူးလား…။ ရီဖူရှင်းက သူ့အား ကောင်းကင်တောင်၏ ကျောက်နံရံတွင်ပင် နွယ်ပင်များနှင့် ချည်နှောင်ခဲ့ကာ အရှက်ခွဲခဲ့သေးသည်။

ယခု ရီဖူရှင်းက မည်သို့ အဆုံးသတ်နှင့် တွေ့ရမည်ကို နန်ယွီက သိလိုသည်။

“ပြီးရင်ရော…” နန်ထျန်းအိမ်တော် ရှီတန်ခိုးရှင်က ရီဖူရှင်းအား ဆက်ပြောဟူသော သဘောဖြင့် ကြည့်သည်။

“ကောင်းကင်တောင်ရဲ့ အသိက ကျုပ် ထိန်းချုပ်တယ်… ဒါက ခင်ဗျားတို့ ယူသွားရင်လည်း အလကားပဲ… အူကီယိုသံစဉ်ရဲ့ ဂီတသင်္ကေတတွေကိုတော့ ကျုပ်က ခင်ဗျားတို့ကို ပေးလို့ရတယ်…” ရီဖူရှင်းက ပြောသည်။

ဒူဟောင်နှင့် ကျန်လူများ အားလုံးက ရီဖူရှင်းအား ငေါ့တော့တော့ အမူအရာများဖြင့် ကြည့်ကြသည်။

“ကောင်းပြီ…” ရှီတန်ခိုးရှင်က ခေါင်းညိတ်သည်။

ရီဖူရှင်းက သူ၏အင်္ကျီ ရင်ဘတ်ထဲကို နှိုက်လိုက်လျှင် စာရွက် တစ်ထပ် ပါလာသည်။ သူက လက်ဝှေ့ယမ်းလိုက်လျှင် စာရွက်လေးရွက်က အုပ်စုလေးခုသို့ ပျံသန်းသွားသည်။ အုပ်စုတစ်ခုစီက ရှီတန်ခိုးရှင်များက စာရွက်ကို လက်ခံ ယူလိုက်ကြသည်။

စာရွက်အား တစ်ချက်ကြည့်ကာ သူက ရီဖူရှင်းအား ကြည့်ပြီး ပြောသည်… “မင်းက ငါတို့နဲ့တစ်ခေါက် လိုက်ခဲ့ရမယ်…”

“ဒါက မလွန်ဘူးလား…” ကျောင်းအုပ်ရှောင်က ပြောသည်။ သူက သံစဉ်သင်္ကေတများကို ပေးအပြီး ဖြစ်သော်လည်း သူတို့က ရီဖူရှင်းအား ခေါ်သွားလိုသေးသည်။

“သူက တခြား ရတနာတွေကို ဝှက်ထားမလား ဘယ်သူသိမလဲ… ပြီးတော့ သူက ကောင်းကင်တောင်မှာ တကယ် မောက်မာတယ်.. သူ အဆင်ပြေလိမ့်မယ်…” နန်ယွီက နှာခေါင်းရှုံ့သည်။

“စာအုပ်တောင်မှာ နောက်တစ်ယောက် ရှိသေးတယ်… သူမကို ထုတ်ပေး…” ဒူဟောင်က ပြောသ်။ သူက ဟွာချင်းချင်းကို ပြောခြင်း ဖြစ်သည်။

ဘယ်သူက ရှီတန်ခိုးရှင်ကို ဂရုစိုက်လို့လဲ…။

လုပ်ရမည့်အရာက လုပ်ကို လုပ်ရမည် ဖြစ်သည်။ ထိုလူများအား မဖြေရှင်းရသေးသရွေ့ သူတို့က ထွက်သွားမည် မဟုတ်ပေ။

ရီဖူရှင်းက သက်ပြင်း တစ်ချက်ချကာ မသက်မသာ ပြုံးသည်။

ထိုစဉ်မှာပင် လူတစ်ယောက်က ရီဖူရှင်း၏ဘေးတွင် ပေါ်လာသည်။ သူက ရီဖူရှင်းအား ကြည့်သည်… “ကဲ… အဲဒါကို ထုတ်ပေးတာက အလုပ်ဖြစ်တယ်လို့ မင်းထင်လား…”

“ကျွန်တော် စိတ်မကောင်းပါဘူး… ဆရာ…” ရီဖူရှင်းက စိတ်မကောင်းစွာ ပြောသည်။

ကောင်းကင်တောင်မှ စာအုပ်တောင်သို့ အပြန်လမ်းတွင် အစ်ကိုကြီးထံမှ သူက ဆရာ၏ ပုံပြင်တချို့အား နားထောင်ခဲ့ရသည်။ သူ၏ဆရာက ရှီတန်ခိုးရှင် ဖြစ်သော်လည်း သူက ဇာတ်မြှုပ် နေပုံရပေသည်။ သူက အရှေ့မြေရိုင်း ဒေသတွင် ပုန်းကွယ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အား ထူးဆန်းသော လူအဖြစ် မြင်ကြခြင်း ဖြစ်သည်။ သူ့အား သိသူသိပ်မရှိပေ။

ရီဖူရှင်းက သူ၏ဆရာအား မြေရိုင်းဒေသမှ​ လူများ၏အာရုံစိုက်မှုကို မရရှိစေလိုပေ။ ထို့ကြောင့် သူက အူကီယိုသံစဉ်အား ထုတ်ပေးခြင်း ဖြစ်သည်။ သို့သော် ထိုအရာက အသုံးမဝင်ခဲ့ပေ။ အဘိုးအိုက ရီဖူရှင်းနှင့် ပတ်သက်၍ ဂရုမိစိုက်ဟု ပြောသော်လည်း သူက နောက်ပြောင်နေခြင်းသာ ဖြစ်သည်ကို သူသိသည်။

ဆရာဒူက ရီဖူရှင်းအား တစ်ချက်ကြည့်ကာ ရှေ့ကို ဆက်သွားသည်။ သူက ကောင်းကင်မှ လူအုပ်အားကြည့်ကာ ပြောသည်… “မင်းတို့က လိုချင်တာလည်း ရပြီးပြီ… ဘာလို့ မထွက်သွား သေးတာလဲ…”

လူတိုင်းက ဆရာဒူအား ထူးဆန်းစွာ ကြည့်ကြသည်။

“အဘိုးကြီး.. ခင်ဗျား သေချင်လား…” နန်ယွီက မေးသည်။ ယခု အရှေ့မြေရိုင်း ဒေသမှ တားမြစ်မိန့်က ပျက်ပြယ်သွားပြီ ဖြစ်သည်။ ထိုအဘိုးကြီးက ရှီတန်ခိုးရှင် ဖြစ်ခြင်းကို သူဂရုမစိုက်ပေ။

ဟူး….

မိန်းကလေး တစ်ယောက် လေထဲကို ပျံတက်သွားသည်။ သူမကား ကော့တေး၏ ဒုတိယ တပည့် ကျူးကော့ဟွေ ဖြစ်သည်။ မိုးကြိုးဟိန်းသံ တစ်ချက်နှင့်အတူ သူမ၏ ကျာပွတ်ရှည်က နန်ယွီရှီနေရာ အရပ်သို့ တိုးဝင်သွားသည်။

“အတင့်ရဲတယ်…” နန်ထျန်းအိမ်တော်မှ နိုဘယ်တစ်ယောက်က ကျူးကော့ဟွေထံသို့ ပြေးဝင်လာသည်။ ထက်ရှကာ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါနှင့်အတူ ထိုနိုဘယ်က လက်ဆန့်တန်း လိုက်သည်။

ကျူးကော့ဟွေက ကျာပွတ်ဖြင့် နောက်တစ်ချက် ရိုက်ချလိုက်သည်။ လျှပ်စီး အက်ကွဲသံနှင့်အတူ နောက်မှ လိုက်ပါလာသည်ကား ဘန်းခနဲ မြည်သံနှင့်အတူ နာကျင်စွာ အော်ဟစ်သံ ဖြစ်သည်။ သူကား ကျာပွတ်ဖြင့် အရိုက်ခံရကာ စာအုပ်တောင် အပြင်ဘက်သို့ လွင့်စဉ်သွားသည်။ မြေပြင်ပေါ်တွင် ကျသည်တွင် သူ၏ခန္ဓာကိုယ်က နာကျင်မှုကြောင့် တွန့်လိမ်နေသည်။

နန်ထျန်းအိမ်တော်က ရှီတန်ခိုးရှင်က ရှေ့ကို တစ်လှမ်းတက်ကာ ကျူးကော့ဟွေထံသို့ ကြောက်မက်ဖွယ် အားလှိုင်းတစ်ခု ထုတ်လွှတ်သည်။ ဆရာဒူကလည်း တစ်ချိန်တည်းတွင် သူ၏လက်အား မြှောက်လိုက်သည်။ ချက်ချင်းပင် ထိုရှီတန်ခိုးရှင်က အေးစက်သွားကာ ဆရာဒူကို ထိတ်လန့်စွာ ကြည့်သည်။

“လှုပ်တာနဲ့ မင်းသေမယ်…” ဆရာဒူက တည်ငြိမ်စွာ ပြောသည်။ သူ၏စကားကို ကြားသည်နှင့် မြေရိုင်းဒေသမှ တန်ခိုးရှင်များ အားလုံးက ထိတ်လန့် သွားကြသည်။ သူက အမှန်တကယ် နန်ထျန်းအိမ်တော်မှ ရှီတန်ခိုးရှင်ကို ခြိမ်းခြောက် နေသည်လား…။

ထိုရှီတန်ခိုးရှင်ကား အမှန်ပင် လှုပ်ရှားရဲခြင်း မရှိပေ။ တခြားတစ်ဖက်တွင် ကျူးကော့ဟွေက နန်ယွီထံ တိုးဝင်သွားသည်။ ထိပ်သီးအဆင့် နိုဘယ်များ ထွက်လာကြသည်။ ထိုအထဲတွင် ရှီအသိအား နားလည်ထားသော တန်ခိုးရှင် တချို့ပင် ပါဝင်သည်။ သို့သော်လည်း ကျူးကော့ဟွေ၏ ကျာပွတ်က လေထဲက ခုန်သွားသည်။ ထိုစဉ်မှာပင် ကျူးကော့ဟွေ နောက်တစ်ယောက်က သူမ၏အနီးတွင် ပေါ်လာသည်။ သူမက ကိုယ်ပွားနေသည်ကို လူအများက ထိတ်လန့်စွာ တွေ့ကြရသည်။ တစ်ယောက်… နှစ်ယောက် … သုံးယောက် … ခဏအတွင်းတွင် သူမကား နေရာတိုင်းတွင် ရှိသည်။ လျှပ်စီးနှင့် မိုးကြိုးက ကောင်းကင်တစ်ခွင် ပြည့်နှက် သွားသည်။

ပုံရိပ်တစ်ထောင် လျှပ်စီး ကိုယ်ပွားများ…။

မြေရိုင်းဒေသမှ လူများ၏ မျက်ခုံးများက မြင့်တက်သွားကာ ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ ကောင်းကင်တွင် ပုံရိပ်ယောင်များ ပြည့်နှက်နေသည်။ ကောင်းကင်ပေါ်မှ သူမ၏ကြာပွတ်က အက်ကွဲသံများ ပေးကာ အောက်ကို ကျဆင်းလာသည်။ နန်ထျန်းအိမ်တော်မှ နိုဘယ်များ တစ်ယောက်ပြီး တစ်ယောက် လွင့်စဉ်သွားကာ စက္ကန့်ပိုင်း အတွင်းတွင် သူမက အားလုံးကို ကျော်ဖြတ်လျက် နန်ယွီအား ကျာပွတ်ဖြင့် ရစ်ပတ်လျက် ကောင်းကင်သို့ ခေါ်ဆောင် သွားသည်။

“ကျုပ်ကို လွှတ်…” နန်ယွီက ကြောက်လန့်စွာဖြင့် အော်ဟစ်သည်။ သူက ကောင်းကင် တောင်တွင် တစ်ကြိမ် ဤသို့ အလုပ်ခံရပြီး ဖြစ်သည်။ ယခုတစ်ကြိမ်က ဒုတိယမြောက် ဖြစ်သည်။

သို့သော် ယခုတွင်ကား နန်ထျန်းအိမ်တော်က တစ်ယောက်ကမှ သူ၏အော်သံအား ကြားဟန် မရကြပေ။ သူတို့အားလုံးက လျှပ်စီးများအကြားမှ မိန်းကလေးအား အေးခဲစွာ ကြည့်နေကြသည်။ ပုံရိပ်တစ်ထောင် လျှပ်စီးကိုယ်ပွားက မြေရိုင်းဒေသမှ အင်အားစုတစ်ခု၏ လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်သည်။

အစ်မနှစ်ကား လွန်စွာ အားကောင်းသည်ဟု ရီဖူရှင်း တွေးမိသည်။ သူကလည်း သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ရသည်။ ကြည့်ရသည်မှာ သူမက သူမ၏ တကယ့်စွမ်းရည်များအား ဖုံးကွယ်ထား၏။

စာအုပ်တောင်ခြေမှ လူများဖြစ်စေ မြေရိုင်းဒေသမှ လူများဖြစ်စေ သူမအား အံ့အား ထိတ်လန့်စွာ ကြည့်နေကြရသည်။

ကျာပွတ်က လေထဲတွင် ကခုန်လျက် နန်ယွီအား လေထဲတွင် လှည့်ပတ်စေသည်။ နန်ယွီက ဒေါသတကြီး အော်ဟစ်သည်… “ကျုပ်ကို ထိရဲလား…”

ထိုစဉ်မှာပင် ကျာပွတ်က နန်ယွီအား ရစ်ပတ်လျက် စာအုပ်တောင်၏ နံရံတစ်ခုသို့ ရွေ့လျားသွားသည်။

ဘုန်း…

နန်ယွီ၏ခန္ဓာကိုယ်က စာအုပ်တောင်နံရံတွင် လျှပ်စီး အားလှိုင်းနှင့်အတူ ရိုက်မိကာ ကျယ်လောင်စွာ ပေါက်ကွဲသံ ထွက်လာသည်။ နန်ယွီ၏ သနားစရာ အော်သံကလည်း ပြိုင်တူ ထွက်ပေါ်လာသည်။

ကျာပွတ်ရိုက်ချက် နောက်တစ်ချက်က နန်ယွီအား စာအုပ်တောင် အပြင်ဘက်ကို လွင့်စဉ်စေကာ ကျူးကော့ဟွေက ကျာပွတ်အား ပြန်ရုပ်သိမ်းလိုက်သည်။

“မင်း ဘယ်သူလဲ…” နန်ထျန်းအိမ်တော် ရှီတန်ခိုးရှင်က ကျူးကော့ဟွေအား မေးသည်။ ပုံရိပ်တစ်ထောင် လျှပ်စီးကိုယ်ပွားက အရှေ့မြေရိုင်း ဒေသနှင့် မသက်ဆိုင်ပေ။

“ခန့်မှန်းကြည့်လေ…” ကျူးကော့ဟွေက သူ့အား ပြုံးလျက် ကြည့်သည်။ ထို့နောက် သူမက တော်ဝင်မီးတောက် ကလန်ဘက်သို့ ခုန်ပျံသွားသည်။ ဒူဟောင်အား ကြည့်ကာ သူမက ပြောသည်… “သူ့ကို သင်ခန်းစာပေးရင် ရှင်တို့က စိတ်မဆိုးဘူး… ဟုတ်တယ်မလား…”

“မင်းက ကျူးကော့မိသားစုက ဆိုရင်တောင် ငါတို့ကလန်က တပည့်ကို သင်ခန်းစာပေးဖို့ အခွင့်အရေး မရှိဘူး…” ရှီတန်ခိုးရှင် တစ်ယောက်က ပြောသည်။

“ကျွန်မရှေ့မှာ လုပ်တဲ့ အပြုအမူတွေကြောင့်ပဲ…” သူမက ပြောသည်။ သူမ၏ ကျာပွတ် တစ်ပြိုင်နက်တည်း ရှေ့ကို တိုးဝင်သွားသည်။ ထိုရှီတန်ခိုးရှင်က တားဆီးမည် ပြုသော်လည်း ချက်ချင်းပင် လွန်စွာ အားကောင်းသော စွမ်းအင်တစ်ခု သူ့ထံကို ဆင်းသက် လာသည်ကို ခံစားရသည်။ ခေါင်းမော့လျက် သူက ဆရာဒူအား နားမလည်ခြင်း များစွာဖြင့် ကြည့်သည်။ သူက ဘယ်သူလဲ…။

ဝှစ်…

ကျာပွတ်က လျှပ်စီးဓာတ် တလက်လက်ထကာ ဆင်းသက်လာလျှင် ဘယ်သူမှ မတားဆီးနိုင်ပေ။ ဒူဟောင်က နာကျင်စွာ အော်ဟစ်လိုက်သည်။

မရေမတွက်နိုင်သော မျက်လုံးများက အေးခဲသွားကြကာ စာအုပ်တောင်တွင် ဖြစ်ပျက်သမျှအား ထိတ်လန့်စွာ ကြည့်နေကြသည်။ အရာအားလုံးက မထင်မှတ်ထားသည့် အခြင်းအရာများ ဖြစ်ကြသည်။ ဥပမာ မြေရိုင်းဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များက ဆိုးဝါးစွာ အရိုက်ခံရခြင်းပင်။

“နှစ်ပေါင်းများစွာ အကြာက မြေရိုင်းဒေသရဲ့ ကျူးကော့မိသားစုမှာ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တယ်… သူတို့ရဲ့ သမီးကြီးက ရုတ်တရက် ပျောက်သွားပြီးတော့ သူတို့မိသားစုက မြေရိုင်းဒေသ တစ်ခုလုံးကို မြေလှန်ရှာတာတောင် မတွေ့ခဲ့ဘူး…” လူသားကမ္ဘာမှ တန်ခိုးရှင်တစ်ယောက်က ရုတ်တရက် ပြောသည်။ မြေရိုင်းဒေသမှ လူများအားလုံးက ထိတ်လန့် သွားကြသည်။ သူတို့အားလုံးက ထိုအကြောင်းကို ကြားဖူးကြသည်။

သို့ဆိုလျှင် သူတို့ရှေ့မှ မိန်းကလေးက မြေရိုင်းဒေသ ကျူးကော့မိသားစု၏ သမီးကြီး ကျူးကော့မင်းယွီ ဖြစ်ရပေမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset