သခင်မယွီရှောင်ကား မီးလျှံများ လောင်ကျွမ်းခံနေရက်ကပင် လေထဲတွင် ဒူးထောက်နေသည်။
သခင်မယွီရှောင်ကား ယခင်က လွန်စွာ နာမည်ကျော်ကြားသော မိန်းမတန်ခိုးရှင် ဖြစ်သည်။ နောက်ပိုင်းတွင် သူမက ကလန် ခေါင်းဆောင်ဟွာအား လက်ထပ်ခဲ့ကာ သူမက ယခုကဲ့သို့ အဆုံးသတ်နှင့် ကြုံရမည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။ ကျောင်းတော်နှင့် သခင်မယွီရှောင်တို့၏ ပတ်သက်မှုက မည်သို့ပင် ဖြစ်နေပါစေ လက်ရှိတွင် သူတို့အားလုံးက သူမအတွက် စိတ်မကောင်း ဖြစ်ကြရသည်။
နတ်မိမယ်ဝမ့်ယွီက ရေခဲဓာတ် အားလှိုင်းတစ်ခုအား ထုတ်လွှတ်ကာ သခင်မယွီရှောင်၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များကို ဖယ်ရှားရန် ကြိုးစားသော်လည်း ထိုမီးတောက်များက ရှီအသိ အနည်းငယ် ပါဝင်နေဟန် ရကာ ဖယ်ရှား၍ မရနိုင်ပေ။ သို့တိုင်အောင် သခင်မယွီရှောင်က နာကျင်မှုများကို အံကြိတ်ခံနေရင်းက ဆရာဒူအား စူးနစ်စွာ ကြည့်နေသည်။
“အမေ…” ဟွာချင်းချင်းက သူမအမေ၏ နာကျင်မှု ဒဏ်များကို မြင်ရကာ ကျယ်လောင်စွာ အော်ဟစ်ကာ ငိုကြွေးသည်။ သူမ၏လှပသော မျက်နှာလေးတွင် မျက်ရည်များ တသွင်သွင် စီးကျနေသည်။
ဆရာဒူက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သခင်မယွီရှောင်အား ကယ်တင်၍ မရနိုင်တော့သည်ကို သူသိသည်။ သူမက သူမ၏ ခန္ဓာကိုယ် အတွင်းမှ ကျန်ရှိသမျှသော စွမ်းအင်များအား နောက်ဆုံး ထွက်သက်အတွက် အားတင်း ထားဟန်ရသည်။ ထို့ကြောင့်ပင်လျှင် သူမက လုံးဝ မကွယ်ပျောက် နိုင်သေးခြင်း ဖြစ်သည်။ ဆရာဒူက သူမအား ပြောသည်… “စိတ်မပူနဲ့… သွားတော့… ”
“ကျေးဇူးတင်ပါတယ်… ဆရာဒူ…” သခင်မယွီရှောင်က သူ့အား ဦးညွှတ်ပြီးသည်နှင့် သူမ၏ပုံရိပ်က မီးတောက် မီးလျှံများနှင့်အတူ ခဏအတွင်းတွင် ပျောက်ကွယ် သွားတော့သည်။
“အမေ…” ဟွာချင်းချင်း၏ နှလုံးသားက နာကျင်မှုကို ကြီးစွာ ခံစားရသည်။ သူမက သူမ၏အမေထံသို့ ပြေးသွား လိုသော်လည်း နတ်မိမယ်ဝမ့်ယွီက လက်ဆန့်တန်းကာ လေဓာတ်စွမ်းအင် အနည်းငယ်အား ထုတ်လွှတ်လိုက်သည်။ မမြင်ရသော အားလှိုင်းက ဟွာချင်းချင်းအား ရစ်ပတ်ကာ သူမ၏ဘေးကို ဆောင်ယူသွားသည်။
ကလန်ခေါင်းဆောင်ဟွာနှင့် သခင်မယွီရှောင်တို့က ကောင်းကင်တောင်မှ ပြန်ပြီးသွားပြီး ဤသို့သော အဖြစ်ဆိုးနှင့် ကြုံရမည်ဟု ရီဖူရှင်းက လုံးဝ မထင်မှတ် ထားခဲ့ပေ။ သူ၏ အေးစက်သော မျက်လုံးများက တော်ဝင် မီးတောက်ဂိုဏ်းမှ လူများနှင့် မီးငှက်ပေါ်တွင် ထိုင်နေသော ဒူဟောင်ထံသို့ ရောက်သွားသည်။
သူက ကောင်းကင်တောင်တွင် ကတည်းက ဟွာချင်းချင်းကို ရရန် ကြံစည်ခဲ့သော်လည်း ကံကောင်းစွာပင် ရီဖူရှင်းက သူ့အား တားဆီးနိုင်ခဲ့သည်။ ရီဖူရှင်း မထင်မှတ် ထားသည်ကား ထိုမကောင်းသော လုပ်ရပ်များအား ဖုံးကွယ်ထားမည့်အစား ဒူဟောင်က ကောင်းကင်တောင်မှ ထွက်ခွာသွားပြီး နောက်တစ်ကြိမ် ကြံစည်ခြင်းပင်။ ဤတစ်ကြိမ်ကား လူသိရှင်ကြား ကြံစည်ခြင်း ဖြစ်သည်။ ထိုခွေးကောင်က ရှက်ရကောင်းမှန်း မသိဘူးလား….။ သူက လူအများ၏ အတွေးများကို ဂရုမစိုက်သည်လည်း ဖြစ်နိုင်ပေသည်။ သူက စိတ်ကျေနပ်သည်ကို သူလုပ်သည်။ ထိုအရာက လူအများ သိသည်ဖြစ်စေ မှားယွင်းနေသည် ဖြစ်စေ သူ ဂရုစိုက်ဟန် မရပေ။ ချင်ပြည်ထောင်ပင်လျှင် လျိုနိုင်ငံကို ဖျက်ဆီးရန် အကြောင်းပြချက် လိုအပ်ပေသည်။
“ခွင့်ပြုပါ… အဲဒီမိန်းကလေးက ကျုပ်တို့ အလိုရှိနေတဲ့သူပါ… ဒါကြောင့် တော်ဝင် မီးတောက်ဂိုဏ်းကို လွှဲပေးပါ…” မီးလျှံများ ရစ်ပတ်နေသော အကြီးအကဲ တစ်ယောက်က ရှေ့ကို တက်လာသည်။ သူ့ထံမှ ရှီအသိ အနည်းငယ်ကိုပင် ခံစားကြရသည်။ သူ၏ ကိုယ်ရောင် ကိုယ်ဝါက အားကောင်းသည်။ သခင်မယွီရှောင်အား တိုက်ခိုက်ခဲ့သူက ထိုလူပင် ဖြစ်ပေသည်။
ကျောင်းတော်မှ လူများက ထိုအကြီးအကဲအား ကြည့်ကြသည်။ သူ၏လေသံက ယဉ်ကျေးဟန် ရသော်လည်း သူ၏မျက်လုံးများက တခြား ပုံပြင်တစ်ပုဒ်ကို ပြောနေသည်။ တော်ဝင် မီးတောက်ဂိုဏ်းက တစ်စုံတစ်ခု လုပ်လိုပါက ကိုယ်ကျင့်တရား၊ သိက္ခာတရားနှင့် အမှန်အမှားများ မရှိဟူသည်ကို လူတိုင်းက နားလည်လိုက်ကြသည်။ သူတို့က အတင်း အရဲမကိုးရဲသည်မှာ ကျောင်းတော်တွင် ရှီတန်ခိုးရှင် တစ်ယောက် ရှိသောကြောင့် ဖြစ်ပေသည်။ မဟုတ်လျှင် သူတို့က သူတို့အား တားဆီးသူ မှန်သမျှကို သတ်ဖြတ်မည် ဖြစ်သည်။
နောက်ဆုံးအကြိမ်က တော်ဝင်မီးတောက်ဂိုဏ်းမှ လူများက ကျောင်းတော်သို့ ရောက်ရှိလာချိန်တွင် အခြေအနေက မည်သို့ ဖြစ်ပျက်ခဲ့သည်ကို လူတိုင်းက သိကြသည်။ ထိုမြေရိုင်းဒေသမှ လူများက မည်မျှ မောက်မာကာ ရိုင်းစိုင်းသည်ကို သူတို့သိကြသည်။
“ထွက်သွား…” ဆရာဒူက အေးစက်စွာ ပြောသည်။ တော်ဝင် မီးတောက်ဂိုဏ်းမှ တန်ခိုးရှင်များက ဆရာဒူအား စိုက်ကြည့်ကြသည်။ ကြည့်ရသည်မှာ အရှေ့မြေရိုင်း ဒေသမှ ရှီတန်ခိုးရှင်ပင်လျှင် သူတို့၏လေးစားမှုအား မထိုက်တန်ဟူသော မျက်လုံးများ ဖြစ်ကြသည်။
“စီနီယာက ကျုပ်တို့ကို မကြိုဆိုဘူး ဆိုမှတော့ ကျုပ်တို့ ထွက်သွားပါတော့မယ်…” ဒူဟောင်က မီးငှက်ပေါ်တွင် ထိုင်လျက်က ပြောသည်။ သို့တိုင်အောင် သူ၏မျက်လုံးများက အထင်သေးဟန်များဖြင့် ရီဖူရှင်းဘက်ကို ကြည့်သည်။ ရီဖူရှင်းက သူ့အား ပြန်ကြည့်သည်။ သူက ဒူဟောင်၏ မျက်လုံးများက အထင်သေးမှုများအား ခံစား၍ ရသည်။
ကောင်းကင်တောင်တွင် ရီဖူရှင်းက လွန်စွာ မောက်မာခဲ့သော်လည်း သူ့တွင် ကောင်းကင်တောင်၏ အသိအား လက်ကိုင်ထားရရာ သူ့ဘက်က အသာစီး ရထားပေသည်။ သူက ကောင်းကင်တောင် အသိကို သုံးလျက် များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များကို သတ်ကာ ခေါင်းလောင်းသံဖြင့် မြေရိုင်းဒေသမှ တန်ခိုးရှင်များအား ဒဏ်ရာရစေခဲ့သည်။
ယခု အရှေ့မြေရိုင်းဒေသတွင် ရှီတန်ခိုးရှင် ရှိနေပြီဖြစ်သည်။ တားမြစ်မိန့်ကလည်း ပျက်ပြယ်သွားပြီ ဖြစ်သည်။ ရီဖူရှင်းက ယခု မည်မျှမောက်မာ နိုင်သေးသည်ကို သူ သိလိုသည်။
တော်ဝင်မီးတောက်ဂိုဏ်းမှ လူများ ထွက်ခွာ သွားကြသည်။ ဒူဟောင်က အလျင်မလိုပေ။ သူ့ဂိုဏ်းမှ ရှီတန်ခိုးရှင်များ ရောက်ရှိလာသောအခါ ဟွာချင်းချင်းနှင့် ရီဖူရှင်းတို့ အပါအဝင် အရာအားလုံးက သူ၏လက်ထဲကို ကျဆင်းလာတော့မည် ဖြစ်သည်။
“ဘယ်လောက် အတင့်ရဲလိုက်လဲ…” ကျောင်းအုပ်ရှောင်က ဒေါသထွက်သည်။ သို့သော် သူဘာမှ မတတ်နိုင်ပေ။ သူ၏ဂျူနီယာက တစ်ဖက်လူများကို တားဆီးနိုင်သော်လည်း သူက ကျောင်းတော်မှ တပည့်များအတွက် စဉ်းစားပေးရန် လိုပေသည်။ ထို့အပြင် ကျောင်းအုပ်ရှောင်က တခြားလူများ မသိသေးသော အကြောင်းအရာ တစ်ခုကိုလည်း သိသေးပေသည်။ ထိုအရာကား ဆရာဒူက စာအုပ်တောင်တွင် နေရမည့်အချိန် သိပ်မကျန်တော့ခြင်းပင်။
တားမြစ်မိန့် ပျက်ပြယ်သွားသည်နှင့် အရာအားလုံးက သတ်မှတ်ပြီးသား ဖြစ်သွားပေသည်။
လူတိုင်းက ဟွာချင်းချင်းကို ကြည့်ကြသည်။ သူတို့က ထိုငိုနေသော မိန်းကလေးအား သနားကြရသည်။ တော်ဝင် မီးတောက်ဂိုဏ်းက ဒွန်ဟွာကလန်အား ဘာလုပ်ခဲ့သည်ကို လူတိုင်းက ခန့်မှန်းနိုင်သည်။ သူတို့ မေးနေစရာ မလိုတော့ပေ။
“သူမ အနားယူပါစေ…” ဆရာဒူက ဟွာချင်းချင်းကို ကြည့်ကာ ပြောသည်။ သူက တိတ်တဆိတ် သက်ပြင်းချသည်။
“ကောင်းပါပြီ…” နတ်မိမယ်ဝမ့်ယွီက ခေါင်းညိတ်သည်။ သူမက ဟွာချင်းချင်းအား ခေါ်သွားသည်။ တခြားလူများကလည်း ထွက်ခွာ သွားကြသော်လည်း ကော့တေးမှ တပည့်များက ကျန်နေရစ်သည်။ ဆရာဒူက ခေါင်းယမ်းကာ ပြောသည်… “လူသားတွေက တခြားလူတွေရဲ့ ဆန္ဒတွေကို ကျင့်ဝတ်တရား တစ်ခုတည်းနဲ့ ဘယ်လိုလုပ် ထိန်းလို့ရပါ့မလဲ… လက်နက်နဲ့ အင်အားကိုသုံးပြီး တခြားလူတွေကို စည်းမရှိ ကမ်းမရှိ အနိုင်ကျင့်တဲ့လူတွေကို ငါတို့က ဘယ်လို တားလို့ရမလဲ… ” သူက ထိုသို့ပြောကာ ထိုနေရာမှ ထွက်ခွာသွားသည်။
ရီဖူရှင်းက ထို ထွက်ခွာသွားသော သူ၏ဆရာအား ကြည့်သည်။ ဆရာ၏ အိပ်မက်အား သူက တဖြည်းဖြည်းဖြင့် နားလည်စ ပြုလာပြီဖြစ်သည်။ ထိုမြေရိုင်းဒေသမှ လူများက အရှေ့မြေရိုင်း ဒေသကို ရောက်ရှိလာသောအခါ မည်သူ့ကိုမဆို အနည်းငယ်မျှသော လေးစားမှုကိုပင် သူတို့က မထားရှိကြပေ။ သူတို့၏လောဘနှင့် ဆန္ဒများအား ဖုံးကွယ်ထားခြင်းပင် မရှိကြပေ။ တခြားလူများ၏ အတွေးများကိုလည်း ဂရုမစိုက်ကြပေ။ ဟွာချင်းချင်းအား ရရှိရန် သူတို့က သူမ၏ မိသားစုများကိုပင် သတ်ဖြတ်ခဲ့ကြသည်။ ရက်စက်ကာ ရိုင်းစိုင်းကြသည်။
လက်နက်ရှိသော လူက လူသတ်လိုသော အတွေးကို ဖြစ်ပေါ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့အား တားဆီးမည့်လူ မရှိသောကြောင့်ပင်။
အရှေ့မြေရိုင်းဒေသမှ အလှဆုံး မိန်းကလေး တစ်ယောက်ဖြစ်သော ဟွာချင်းချင်းကား အပြစ်ကင်းကာ ဖြူစင်ကြင်နာတတ်သည်ဟု ပြောကြသည်။ သူမ၏ အပြစ်ကင်းမှုက သူမ၏အလှတရား ဖြစ်ပေသည်။ သူမအား မွေးကတည်းက လောကကြီး၏ ဆိုးညစ်မှုများမှ ကာကွယ်ပေးထားခြင်း ခံရသော်လည်း ယခု ထိုကြင်နာ သနားတတ်သော မိန်းကလေးက လောက၏ အဆိုးရွားဆုံးသော မကောင်းမှုအား ရင်ဆိုင်ရသည်။ ဘယ်လောက် အဓိပ္ပာယ် ကင်းမဲ့လိုက်သလဲ…။
“အစ်ကိုလေး … ခင်ဗျားမှာ စာရွက်နဲ့ စုတ်တံရှိလား…” ရီဖူရှင်းက ရွှီယီကို မေးသည်။
“အင်း…” သူက ခေါင်းညိတ်သည်။ ထို့နောက် ရွှီယီက စာရွက်များနှင့် စုတ်တံအား သူ၏ အင်္ကျီလက်အိုးထဲမှ ထုတ်ကာ မေးသည်… “ညီငယ်လေး … ဘာလုပ်မလို့လဲ…”
“သံစဉ် သင်္ကေတတွေကို ချရေးမလို့…” ရီဖူရှင်းက ရှင်းပြကာ ကျောက်တုံးစားပွဲသို့ လျှောက်လာသည်။ ထို့နောက် သူက စာရွက်များအား ချကာ စတင်၍ ရေးသားသည်။
ကျူးကော့ဟွေနှင့် တခြားလူများကလည်း စိတ်ဝင်တစားဖြင့် သူ၏ဘေးကို ရောက်လာကြသည်။
“ဒါက…” ကျူးကော့ဟွေက တိုးတိုးလေး မေးသည်။
“အူကီယိုသီချင်း…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ဒါက ဘာအတွက်လဲ…” ကျူးကော့ဟွေက မေးသည်။
“မြေရိုင်းဒေသက ကျောင်းတော်ကို လာတဲ့လူမှန်သမျှကို လက်ဆောင်ပေးမလို့…” သူက ထူးမခြားနားစွာ ပြောသည်။ လူတိုင်းက သူ့အား ထူးဆန်းစွာ ကြည့်ကြသည်။
အူကီယိုသံစဉ်ကား လောက၏ အကောင်းဆုံး သံစဉ်ဆယ်ခုမှ တစ်ခုဖြစ်သည်။ ထိုသံစဉ်အား အရှင်ဒွန်ဟောင်က ချန်ထားခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းက ထိုသံစဉ်အား အလွယ်တကူ ထုတ်ပေးတော့မည်လော…။
“နင်က လက်ဆောင်ပေးမယ်… ဘယ်သူ့ကိုမဆိုလား…” ကျူးကော့ဟွေက မေးသည်။
“အင်း… ကျွန်တော်က ဘယ်သူ့ကိုမဆို လက်ဆောင်ပေးမယ်…” ရီဖူရှင်းက လေးနက်စွာ ခေါင်းညိတ်သည်… “အမှန်တကယ်က ကျွန်တော်က သူတို့ကို ငှားရမ်းတာလို့ ပြောရမယ်… သူတို့က နောက်ပိုင်းကျရင် ဒီအတွက် ပြန်ပေးဆပ်ရမယ်…”
“…” ကြည့်ရသည်မှာ ရီဖူရှင်းက စာအုပ်တောင်ကို ရောက်လာသူ မှန်သမျှအား မှတ်သားထားမည့်ပုံ ရှိနေသည်။
ဤသည်က လက်လျှော့ခြင်း တစ်မျိုးလည်း ဖြစ်နိုင်ပေသည်။
“စိတ်မပူပါနဲ့… အူကီယိုသံစဉ်က အလွယ်တကူ သင်ယူလို့ မရနိုင်ဘူး… ကျွန်တော်က ကျောင်းတော်မှာလည်း တစ်ခု ကူးပေးထားခဲ့မယ်… အခုကစပြီးတော့ ကျောင်းတော်ကို ရောက်လာတဲ့ ဘယ်မြေရိုင်း ဒေသကလူကို မဆို အူကီယိုသံစဉ်ကို ပေးမယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ဟွာချင်းချင်းကဲ့သို့ ဂီတတွင် ပါရမီပါသောသူပင်လျှင် ထိုသံစဉ်ကို မတီးခတ်နိုင်ပေ။
ရီဖူရှင်းက ထိုသံစဉ်အား တီးခတ်နိုင်ခြင်းမှာ ကောင်းကင်တောင်မှ ဧကရာဇ်နှစ်ပါး၏ အသိက သူ့အား လမ်းညွှန်ပေး၍ ဖြစ်သည်။ သို့တိုင်အောင် သူက ဒုတိယအပိုင်းအား တီးခတ်ရန် ဧကရာဇ်အသိအား အသုံးပြုရန် လိုအပ်ပေသည်။ ထို့ကြောင့် မြေရိုင်းဒေသမှ လူများက ထိုသံစဉ် သင်္ကေတများကို ရရှိလျှင်ပင် သံစဉ်ကို တီးခတ်ရန်မှာ အလွန့်အလွန် ခက်ခဲပေသည်။
ကျူးကော့ဟွေက ရယ်မောကာ ရီဖူရှင်း၏ ခေါင်းကို ပုတ်လိုက်သည်… “မောင်ငယ်လေးက တကယ်ပဲ ထူးခြားတဲ့လူပဲ… ငါက မင်းကို တဖြည်းဖြည်းနဲ့ ပိုပိုပြီး ကြိုက်လာပြီ…”
“အာ…” ရီဖူရှင်းက မျက်လုံးပြူးသွားကာ အစ်ကိုသုံးအား တစ်ချက် ကြည့်လိုက်သည်။
“ဂျီယူ… နင် စိတ်မဆိုးဘူး… ဟုတ်တယ်မလား…” ကျူးကော့ဟွေက ဟွာဂျီယူကို ပြုံးလျက်မေးသည်။
“အစ်မနှစ်က သူ့ကို သဘောကျရင် သူ့ကို ခေါ်သွားလို့ရတယ်… ” ဟွာဂျီယူက တိုးညင်းစွာ ပြောသည်။
ရီဖူရှင်းက ဟွာဂျီယူအား ကြည့်သည်။ သူမက ထိုမျှလောက် ရက်စက်ရသလော…။
***
ယနေ့ကား ကျောင်းတော်၏ အထူးနေ့ တစ်နေ့ဖြစ်သည်။ ကျောင်းတော် ကျောင်းအုပ်၊ ဓားသခင်နှင့် နတ်မိမယ်ဝမ့်ယွီတို့က စာအုပ်တောင်မှ တပည့်များ၊ ဓားသခင်တောင်မှ တပည့်များနှင့် လစန္ဒာကလန်မှ တပည့်များကို စုစည်း ခေါ်ဆောင် ထားကြသည်။ ဧရာမ လူအုပ်ကြီးက စာအုပ်တောင်၏ အလယ်ဗဟို ကွင်းပြင်တွင် စုစည်းနေကြသည်။ သူတို့၏ရှေ့တွင်ကား ကျောင်းတော် ကျောင်းအုပ်၊ ဓားသခင်၊ ကျူးကော့ဟွေ၊ ဂူတုံးလျို၊ တောင်ကုန်း အကြီးအကဲများနှင့် နတ်မိမယ်ဝမ့်ယွီတို့က ရပ်နေကြသည်။
လူအများအပြားက ကောလာဟလများကို ကြားထားကြကာ သူတို့က ဘာပြောမည်ကို ခန့်မှန်းမိကြသည်။
ဒွန်ဟွာကလန်၏ ကံဆိုးမှုကိုလည်း အားလုံးသော လူများက သိပြီးဖြစ်သည်။ မြေရိုင်းဒေသမှ လူများ၏ ရက်စက်ရိုင်းစိုင်းမှုက လူအများအား ဒေါသထွက်စေသည်။ ဆရာဒူကြောင့်သာ မဟုတ်လျှင် ဟွာချင်းချင်း အားလည်း ထိုလူများက ခေါ်ဆောင်သွားပြီး ဖြစ်ပေမည်။
သို့သော် ကျောင်းတော်က ထိုလူများအား အမှန်တကယ် ဟန့်တားနိုင်ပါ့မလား…။
“ဒီနေ့ကစပြီး ဓားသခင်တောင်က ကျောင်းတော်နဲ့ တစ်ခုတည်း ဖြစ်သွားလိမ့်မယ်… ဓားသခင်တောင်က တပည့်တွေက ကျောင်းတော်ကို တန်ခိုးကျင့်ဖို့ ဝင်ရောက် ကြရလိမ့်မယ်… ဒါကို သဘောမကျတဲ့လူက ထွက်သွားနိုင်တယ်…” ဓားသခင်၏ကြေညာချက် ထွက်ပေါ်လာလျှင် စာအုပ်တောင်မှ မရေမတွက်နိုင်သော လူများအား ထိတ်လန့် အံ့အားသင့်စေသည်။
“ဒီနေ့ကစပြီး လစန္ဒာကလန်က တပည့်တွေက ကျောင်းတော်ကို တန်ခိုးကျင့်ဖို့အတွက် ဝင်ရောက်ကြရမယ်… ဒါကို သဘောမကျတဲ့လူက ထွက်သွားလို့ရတယ်…” နတ်မိမယ်ဝမ့်ယွီ ကလည်း ကြေညာသည်။
“ဒီနေ့ကစပြီး ကျောင်းတော်ရဲ့ ကျောင်းအုပ်နေရာကို ဓားသခင်က ယူလိမ့်မယ်… နတ်မိမယ်ဝမ့်ယွီက လက်ထောက် ကျောင်းအုပ် တာဝန်ကို ယူပြီး ဓားသခင်ကို ကူညီလိမ့်မယ်…” နောက်ထပ် အသံတစ်သံကို ကြားရသည်။ လူအများအပြားက ကျောင်းအုပ်ရှောင်အား ကြည့်ကြသည်။ အရှေ့မြေရိုင်းဒေသ၏ ထိပ်သီး အင်အားစုသုံးခုက အမှန်တကယ် ပေါင်းစပ်ခဲ့လေပြီ။
စာအုပ်တောင်ခြေ၏ လှေကားထစ်တွင် အုပ်စုအနည်းငယ် ပေါ်ပေါက်လာသည်။ ထိုအုပ်စုသုံးစု ရောက်လာခြင်းက လူအများအပြားအား ထိတ်လန့်စေသည်။ သူတို့ကား ချင်းရွှီဘုရားကျောင်း၊ မှော်ကလန်နှင့် ကျိမိသားစုတို့ ဖြစ်ကြသည်။ ထိုအင်အားစုသုံးခုက စာအုပ်တောင်ကို ရောက်လာလျှင် အရှေ့မြေရိုင်းဒေသမှ ထိပ်သီး အင်အားစုများ အားလုံးက စာအုပ်တောင်တွင် စုစည်းမိသည်။ ဆရာဒူက ကြေညာချက် မထုတ်ပြန်သည့်တိုင် အမှန်တကယ်အားဖြင့် အရှေ့မြေရိုင်း ဒေသက ကျောင်းတော်၏ လက်အောက်ကို ရောက်ရှိသွားပြီး ဖြစ်သည်။ အရှေ့မြေရိုင်း ဒေသတွင် ကျောင်းတော်အား မည်သည့် အင်အားစုက ယှဉ်နိုင်မည်နည်း။
ထိုအုပ်စုသုံးခုက ကျောင်းတော်၏ ဗဟိုမြေကွက်လပ်သို့ ရောက်ရှိလာကြသည်။
“ကျုပ်တို့က ကျောင်းတော်ကို လာပြီး ဂုဏ်ပြုတာပါ… ဓားသခင်က ကိုယ့်ရဲ့ နဂိုမူလ ရည်ရွယ်ချက်ကို မမေ့သွားဖို့ မျှော်လင့်ပါတယ်…” ချင်းရွှီဘုရားကျောင်းက ဓားသခင်ဘက်ကို ဦးညွှတ်ကာ လက်နှစ်ဖက်ကို အုပ်မိုးလျက် ပြောသည်။
“ဆရာတော်… ကျုပ်မမေ့ပါဘူး…” ဓားသခင်ကလည်း ပြန်လည် ဦးညွှတ် အရိုအသေပေးကာ ပြောသည်။
“မှော်ကလန်က ကျောင်းတော်ကို လာပြီး ဂုဏ်ပြုပါတယ်…”
“ကျိမိသားစုက ကျောင်းတော်ကို လာပြီး ဂုဏ်ပြုပါတယ်…”
နောက်ထပ် အင်အားစု နှစ်ခုကတည်း သူတို့၏ ဂုဏ်ပြုစကားကို ပြောကြသည်။ လူအုပ်ကြီးထဲတွင် မှော်ကလန်မှ ဂူဘိုင်ယွီက ရီဖူရှင်းရပ်နေရာသို့ ကြည့်ကာ ပြုံးသည်။ သူတို့က ရှေးဟောင်း မြေရိုင်းဒေသတွင် တွေ့ဆုံစဉ်က ဤသို့သော နေ့ရက် ရောက်လာမည်ဟု သူတို့က မည်သို့ တွေးထင်ခဲ့ကြမည်နည်း။
ထိုစဉ် အဝေးတစ်နေရာမှ တိမ်များ တလိပ်လိပ် တက်လာကာ လေပြင်းများ ရိုက်ခတ်လာရာ လူအများ၏အာရုံက ထိုနေရာသို့ ရောက်သွားကြသည်။ သူတို့အားလုံးက အဝေးကို လှမ်းကြည့်ကြသည်။ သူတို့မြင်သည်ကား လူအုပ်ကြီးတစ်အုပ်က သတ္တဝါဆန်းများ ယာဉ်ပျံများဖြင့် စာအုပ်တောင်ကို ပျံသန်း လာကြခြင်းပင်။
***