ဒွန်ဟွာကလန် ခေါင်းဆောင်နှင့် သူ၏ဇနီးတို့က ကလန်ကို ဖျက်သိမ်းကြောင်းနှင့် သူတို့က နောင်တွင် အရှေ့မြေရိုင်းဒေသ ကိစ္စရပ်များတွင် ဝင်မပါတော့ကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် တစ်ညတည်းတွင် ဒွန်ဟွာကလန်မှ တပည့်များနှင့် အကြီးအကဲများ အားလုံး ထွက်ခွာ သွားကြသည်။
အရှေ့မြေရိုင်း ဒေသတွင် နံပါတ်တစ်ကလန် ဖြစ်လိုခဲ့သော ဒွန်ဟွာကလန်ကား တစ်နေ့တည်းတွင် ခြောက်သွေ့ သွားခဲ့သည်။ ယခုတွင်ကား လူအနည်းငယ်သာ ကျန်ရစ်ပြီဖြစ်သည်။ ဥပမာ လုနန်ထျန်းနှင့် ချိန်ရှင်းမူတို့ ဖြစ်ကြသည်။
ကောင်းကင်တောင်တွင် ဖြစ်ပျက်ခဲ့သည်များကို ကြားသိရပြီးနောက် ချိန်ရှင်းမူ၏ အတွေးများ ရှုပ်ထွေးနေသည်။ သူ၏ဇနီးချင်မုံရိုကား ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ဟွာချင်းချင်းက ရီဖူရှင်းကို လွှတ်ပေးခဲ့သည်။ ဟွာချင်းချင်း၏ ဆုံးဖြတ်ချက်ကြောင့်ပင် ရီဖူရှင်းက သူ၏ဆရာနှင့် ဆရာကတော်ကို မသတ်ခဲ့ပေ။ သို့သော်လည်း ဟွာချင်းချင်းက ကောင်းကင်တောင်တွင် ရီဖူရှင်းအား သတ်ဖြတ်ခဲ့ပါက ဘာဖြစ်ခဲ့မည်နည်း။
အနိုင်ရမည်လော…။ ထိုအရာက မဖြစ်နိုင်ပေ။ စာအုပ်တောင်မှ သတင်းများကို သူတို့ ရရှိခဲ့ကြပြီး ဖြစ်သည်။ ဆရာဒူကား ရှီတန်ခိုးရှင် ဖြစ်သည်။ သူတို့က မူလကတည်းက ရှုံးနိမ့်နေပြီးသား ဖြစ်သည်။ ကော့တေးက ရှုံးနိမ့်စရာ မရှိမှတော့ ထိုတိုက်ပွဲများက အဓိပ္ပာယ် ကင်းမဲ့လှသည်။ အကယ်၍ ချင်ဘုရင်က စာအုပ်တောင်ကို ကိုယ်တိုင် မသွားခဲ့လျှင် ဆရာဒူက သူ၏စွမ်းအားများကို ထုတ်ပြရန်ပင် လိုမည်မဟုတ်ပေ။
ရုတ်တရက် ဒွန်ဟွာကလန် ခေါင်းဆောင်က မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်နေသော ချိန်ရှင်းမူကို ကြည့်ကာ ပြောသည်… “မင်းသွားသင့်ပြီ… ”
ချိန်ရှင်းမူက မြေပြင်ပေါ်တွင် ဝပ်ကာ အရိုအသေ ပေးသည်။ ထို့နောက် ထရပ်ကာ ထွက်ခွာသွားသည်။ သူထွက်သွားပြီးလျှင် ယခု ဒွန်ဟွာကလန်တွင် လေးယောက်မျှသာ ကျန်တော့ပြီ ဖြစ်သည်။ သူတို့မှာ ဒွန်ဟွာကလန် ခေါင်းဆောင်နှင့်ဇနီး၊ လုနန်ထျန်းနှင့် ဟွာချင်းချင်းတို့ ဖြစ်ကြသည်။
“နန်ထျန်း… ဟွာချင်းချင်းကို ခေါ်ပြီး ရှေးဟောင်း မြေရိုင်းဒေသက ထွက်သွား…” ကလန်ခေါင်းဆောင်က လုနန်ထျန်းကို ပြောသည်။
“ဆရာကတော်က ချင်းချင်းကို ခေါ်ပြီး ထွက်သွားသင့်တယ်…” လုနန်ထျန်းက ခေါင်းယမ်းသည်။
“နန်ထျန်း… ငါ့စကားတွေက အသုံး မဝင်တော့ဘူးလား…” ကလန်ခေါင်းဆောင်၏ ပုံစံက လေးနက်သွားသည်။ သို့သော်လည်း လုနန်ထျန်းက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်… “ဆရာကတော်… ဆရာကတော်ပဲ သွားသင့်တယ်… ”
“ငါတို့မှာ အချိန်သိပ်မရှိဘူး… မင်းက ချင်းချင်း သေတာ မြင်ချင်လို့လား…” ကလန်ခေါင်းဆောင်က ငေါက်ငမ်းလိုက်သည်။
“သမီး မသွားနိုင်ဘူး…” ဟွာချင်းချင်းက ဘေးတွင် ရပ်နေသည်။
“ဆရာ… ဆရာကတော်… ကျွန်တော်တို့က အစကတည်းက မှားနေခဲ့ကြတာ ထင်တယ်… သူက အစကတည်းက အရှေ့မြေရိုင်းဒေသကို အုပ်ချုပ်ချင်တာ မဟုတ်ဘူး… သူက သူ့တပည့်တွေကို အေးအေးဆေးဆေးပဲ သင်ပေးချင်တာ… တခြားတစ်ဖက်မှာ ကျွန်တော်တို့က အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို လွှမ်းမိုးချင်ကြတယ်… အရာအားလုံးက အိပ်မက်ပဲဆိုတာ အခုမှ ကျွန်တော်တို့ သိရတယ်… တကယ် အင်အားကြီးတဲ့ လူတွေရှေ့မှာ အရှေ့မြေရိုင်းဒေသ ကိုယ်တိုင်က အဓိပ္ပာယ်မရှိဘူး…”
လုနန်ထျန်းက သူ၏ဆရာနှင့် ဆရာကတော်တို့ကို ပြောသည်။ ထို့နောက် သူက မြေပြင်တွင် ဒူးထောက် ထိုင်ချကာ အရိုအသေပေးသည်… “ဆရာ… ဆရာကတော်… နောက်ဘဝမှာ ကျွန်တော်က ဆရာတို့ရဲ့ တပည့်ပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်…” ထို့နောက် သူက ထရပ်ကာ ဟွာချင်းချင်းထံသို့ လျှောက်လာသည်။ သူက လက်ဆန့်တန်းကာ သူမ၏ သန့်စင်ပြီး အပြစ်အနာအဆာ ကင်းသော မျက်နှာလေးကို ထိကိုင်လိုသော်လည်း အတိတ်ကကဲ့သို့ပင် သူ၏လက်အား ချလိုက်သည်။ သို့သော်လည်း တစ်နည်းနည်းဖြင့် သူက စိတ်အေးသလို ခံစားရသည်။ ပြုံးလျက်ပင် သူကပြောသည်…
“ချင်းချင်း… အသက် ဆက်ရှင်နေပါ… ” ထို့နောက် လုနန်ထျန်းက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် နောက်လှည့်ကာ ဒွန်ဟွာကလန်မှ ထွက်သွားသည်။
သူ၏နောက်ကျောကို ကြည့်ကာ ဟွာချင်းချင်း၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။
“ငါ့ဘဝမှာ တကယ်တမ်း နောင်တရစရာ ဘာမှ မရှိဘူး… ဒါက ဂူတုံးလျိုရဲ့ တိုက်ပွဲကလွဲရင် အကုန်ပြည့်စုံတယ်လို့ ပြောလို့ရတယ်… ဒါပေမဲ့ ကော့တေးတပည့်ကို ရှုံးတာ တကယ်တမ်းတော့ ရှက်စရာ မဟုတ်ဘူး… ဟုတ်တယ်မလား…” ထို့နောက် သူက ရုတ်တရက် အလင်းတန်းအလား ဒွန်ဟွာကလန် ပြင်ပသို့ ပြေးထွက် သွားသည်။
ထိုအခိုက်တွင် ဒွန်ဟွာကလန်၏ အပြင်ဘက်တွင် လူအများအပြားက ကလန်အား စောင့်ကြည့် နေကြသည်။ အဝေးတစ်နေရာတွင် လူတစ်စုက သူတို့အတွက် ငှားရမ်းထားသော စားသောက်ဆိုင် တစ်ဆိုင်ရှိသည်။ စားသောက်ဆိုင် အပြင်ဘက်တွင် လွန်စွာ လင်းလက် တောက်ပနေသော ခြေသုံးချောင်း မီးငှက်ကြီး တစ်ကောင် ရှိသည်။
စားသောက်ဆိုင်ထဲတွင် စားလိုက် သောက်လိုက်ဖြင့် ဒွန်ဟွာကလန်ရှီရာ အရပ်သို့ ကြည့်နေသော လူငယ်တစ်ယောက် ရှိသည်။ သူ၏ မျက်လုံးများက မီးအသိများ လောင်ကျွမ်းနေသည်။ သူကား စည်းစိမ်ခံနေသည့်အလား အေးအေးလူလူ စားသောက်နေသည်။
တန်ခိုးကျင့်ခြင်းကား မည်သို့ဆိုစေ လွန်စွာ ခက်ခဲကာ ပင်ပန်းဆင်းရဲသော အခြင်းအရာ ဖြစ်ပေသည်။ ထို့ကြောင့် သူ့တွင် အားလပ်ချိန်ရသော အချိန်တွင် သူက စည်းစိမ်ခံရန် လိုအပ်ပေသည်။
ထိုလူငယ်အား တိတိကျကျ ပြောရလျှင် မြေရိုင်းဒေသမှ တော်ဝင် မီးတောက်ဂိုဏ်း၏ တန်ခိုးရှင် ဒူဟောင် ဖြစ်ပေသည်။ သူက မြေရိုင်းဒေသမှ ထွက်မသွားသေးပေ။ ကောင်းကင်တောင်မှ ထွက်ခွာလာပြီးနောက် သူက ကျောင်းတော်သို့ သွားလိုခဲ့သော်လည်း ထိုနေရာတွင် ရှီတန်ခိုးရှင် ရှိသည်ကို သူက ကြားရာ အလျင်စလို မသွားတော့ပေ။ တခြားတစ်ဖက်တွင် သူက သူ့လူတချို့ကို မြေရိုင်းဒေသသို့ စေလွှတ်ခဲ့ကာ ကျန်လူများကို ခေါ်ပြီး ဒွန်ဟွာကလန်လို့ ရောက်လာခဲ့သည်။
ကောင်းကင်တောင်တွင် သူက မိန်းကလေး တစ်ယောက်ကြောင့် သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။ သူက ရီဖူရှင်းအား မသတ်နိုင်သေးရာ မိန်းကလေးကိုရော…။ သူက မည်သို့ လက်လွှတ် နိုင်မည်နည်း။
ရုတ်တရက် ဒွန်ဟွာကလန်မှ လူတစ်ယောက်က အပြင်ကို ထွက်လာကာ သူ၏ လူတစ်ယောက်အား တိုက်ခိုက်သည်ကို မြင်ရသည်။ ထိုလူကား လွန်စွာ တောက်ပ လင်းလက်သော မီးဓာတ် အထူးပြု ခြေသုံးချောင်းမီးငှက် သက်စောင့်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ ထိုအဖြစ်က သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာကို ဖြစ်စေခဲ့သည်။ ထို့နောက် သူက အမိန့်ပေးသည်…
“သူ့ကို မေးလိုက်… ငါ့နောက်ကို လိုက်ပြီး တော်ဝင် မီးတောက်ဂိုဏ်းမှာ လေ့ကျင့်မလားလို့…”
“ကောင်းပြီ…” တန်ခိုးရှင် တစ်ယောက်က ထိုနေရာသို့ ပျံသန်းသွားသည်။ သို့သော်လည်း ထိုလူ၏နောက်တွင် များစွာသော ကြောက်မက်ဖွယ် နေမင်းများ ထွက်ပေါ်လာကာ တော်ဝင် မီးတောက်ဂိုဏ်းမှ လူကို လျင်မြန်စွာဖြင့် လောင်ကျွမ်းပစ်စေသည်။ ထို့နောက် သူက စားသောက်ဆိုင်ဘက်သို့ ဆက်လက်၍ တိုက်ခိုက်ကာ လှမ်းလာနေသည်။
“ဟင်း… ထပ်မစောင့်နဲ့တော့ … အဲဒီကို သွားပြီး သူမကလွဲပြီးရင် အကုန်သတ်လိုက်…” ဒူဟောင်က အေးစက်စွာ ပြောသည်။ ထိုသို့ ပြောလိုက်သည်နှင့် သူ့ဘေးမှ လူများက စားသောက်ဆိုင်မှ ထွက်ကာ ဒွန်ဟွာကလန်ထံသို့ ပျံသန်း သွားကြသည်။
အဝေးမှ လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် ကြရသည်။ ဒွန်ဟွာကလန် ခေါင်းဆောင်က သူက အနားယူကြောင်း ကြေညာခဲ့သော်လည်း သူက ထွက်မသွားမီတွင်ပင် မြေရိုင်းဒေသမှ လူများက သူ့အား အကြောင်းပြချက်မရှိဘဲ လာရောက် တိုက်ခိုက်ကြသည်။
***
ဒွန်ဟွာကလန်တွင် ဖြစ်ပျက်နေသည်များကို ကော့တေးမှ လူများက မသိကြပေ။ ရီဖူရှင်းကလည်း ထိုသို့သော ကိစ္စဖြစ်ပျက်မည်ဟု မထင်ပေ။
စာအုပ်တောင်တွင် ဆရာဒူ၊ ကျောင်းအုပ်ရှောင်နှင့် ကော့တေးမှ တပည့်များ အားလုံး ဆုံနေကြသည်။ ကျောင်းတော် တောင်ကုန်း အကြီးအကဲ တချို့နှင့် နတ်မိမယ် ဝမ့်ယွီတို့ပင်လျှင် ထိုနေရာတွင် ရှိကြသည်။ ရီဖူရှင်းအတွက် ကျောင်းအုပ်ရှောင်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။ သူ၏သွင်ပြင်က အနည်းငယ် ဖြူရော့ကာ အိုမင်းဟန် ရနေသော်လည်း အနည်းဆုံး ထိုအဘိုးကြီးထက် ပိုမိုကောင်းမွန်သော ဟန်ပန်အမူအရာ ရှိပေသည်။
အရင်တုန်းက ဆရာဒူနှင့် ကျောင်းအုပ်တို့၏ ဆက်ဆံရေး သိပ်မကောင်းဟု ရီဖူရှင်းက ကြားဖူးသော်လည်း ယခုတွင်ကား သူတို့နှစ်ယောက်က ပျော်ရွှင်စွာ စကားစမြည် ပြောနေကြသည်။ ထို့အပြင် သူတို့က ကျောင်းတော်၏ အနာဂတ်နှင့် ပတ်သက်၍ အစ်ကိုကြီးနှင့်အတူ ဆွေးနွေးနေကြသည်။
“သေသေချာချာ စဉ်းစား… ဒါက မင်းနဲ့ပဲ ဆိုင်တယ်… ငါ့အတွေးတွေကို ထည့်မတွက်နဲ့… ” ဆရာဒူက ဓားသခင်ကို ပြောသည်။
“ပါးစပ်ပိတ်ထား…” ကျောင်းအုပ်ရှောင်က ဆရာဒူကို မျက်လုံး ပြူးကျယ်လျက် ကြည့်သည်။
“ဆရာ… ကျွန်တော် ဆန္ဒရှိပါတယ်…” ဓားသခင်က ခေါင်းညိတ်သည်။
“ကောင်းတယ်…” ကျောင်းအုပ်ရှောင်က ပျော်ရွှင်စွာဖြင့် မှတ်ချက်ချသည်…
“အရမ်းကောင်းတယ်… အနည်းဆုံး မင်းက မင်းဆရာလို မဟုတ်ဘူး… ”
“စီနီယာ… ခင်ဗျားစကားကို သတိထား…” ဆရာဒူက ပြုံးကာ ကျောင်းအုပ်ရှောင်အား ကျုပ်အကြည့်ရဲ့ ဆိုလိုရင်းကို နားလည်တယ် မဟုတ်လားဟူသော သဘောဖြင့် ကြည့်သည်။
ကျောင်းအုပ်ရှောင်က ဆရာဒူအား လက်ညှိုးထိုးကာ ဘာပြောရမည် မသိတော့ပေ။ ထို့နောက် သူက စိတ်ပျက်စွာဖြင့် လက်ကို ပြန်ချသည်။
“ဒီလိုဆိုရင်တော့ ကျုပ်က လူတိုင်းကို စုစည်းပြီးတော့ ကျောင်းတော်ကို ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကြေညာလိုက်မယ်…”
ကျောင်းအုပ်ရှောင်က စိတ်အေးစွာဖြင့် ပြောသည်။ သူကား နောက်ဆုံးတွင် သူ့ပခုံးပေါ်တွင် ရှိနေသော ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသည်ဟု ခံစားရသည်။ ပို၍ အရေးကြီးသည်ကား ဓားသခင်က သူ့နေရာအတွက် အမှန်တကယ်ပင် သင့်တော်ပေသည်။
“ကောင်းပါပြီ…” ဓားသခင်က ခေါင်းညိတ်သည်။ ထိုမြင်ကွင်းအား ကြည့်ကာ ရီဖူရှင်းက လွန်စွာ စိတ်လှုပ်ရှား ရသည်။ ယနေ့မှစ၍ သူ၏အစ်ကိုကြီးကား ကျောင်းတော်၏ ကျောင်းအုပ်အသစ် ဖြစ်သွားလေပြီ။
“မင်းက သဘောတူပြီးပြီ ဆိုတော့လည်း နောင်အနာဂတ်မှာ အရှေ့မြေရိုင်း ဒေသကို ဂရုစိုက်…”
ဆရာဒူက ဓားသခင်ကို ကြည့်ကာ လေးနက်စွာ ပြောသည်။ ဓားသခင်က ခေါင်းညိတ်ကာ ပြောသည်… “ဆရာ… ကျွန်တော်က ဆရာ့ရဲ့ အတွေးအခေါ် အယူအဆတွေကို လိုက်နာပါ့မယ်…”
ဘေးတွင် ရပ်နေသော နတ်မိမယ်ဝမ့်ယွီက မေးသည်… “ဓားသခင်တောင်က ကျောင်းတော်နဲ့ ပူးပေါင်းမှာလား…”
“ကျုပ်က ဓားသခင်တောင်ကို ကျောင်းတော်လိုပဲ သင်ကြားဖို့ တည်ထောင်ခဲ့တယ်… ဒါကြောင့် ဓားသခင်တောင်က တပည့်တွေကို သူတို့က နေမယ် ထွက်သွားမယ် ဆိုတာကို သူတို့ဘာသာ ဆုံးဖြတ်ခိုင်းမယ်…” ဓားသခင်က ပြန်ပြောသည်။
နတ်မိမယ်ဝမ့်ယွီက ပြုံးလျက် ရုတ်တရက် ပြောသည်… “ကျွန်မ ဒီမှာ နေလို့ရလား… ”
လူတိုင်းက အခိုက်အတန့်အားဖြင့် မှင်တက်သွားကာ နတ်မိမယ်ဝမ့်ယွီကို အံ့အားသင့်စွာ ကြည့်ကြသည်။
“နတ်မိမယ်… ခင်ဗျား ဘာကို ဆိုလိုတာလဲ…” ဓားသခင်က မေးသည်။
“ကျွန်မက ကျောင်းတော်မှာပဲ လေ့ကျင့်ပြီးတော့ လစန္ဒာကလန်က ကျောင်းတော်နဲ့ ပေါင်းစပ်ပြီးတော့ နောက်ထပ် တောင်ကုန်းတစ်ခု အဖြစ် နေမယ် ဆိုရင်ရော… ဥပမာ လစန္ဒာတောင်ကုန်း…” နတ်မိမယ်ဝမ့်ယွီက ပြုံးလျက်ပြောသည်။
ဆရာဒူနှင့် ကျောင်းအုပ် ရှောင်တို့ပင်လျှင် အနည်းငယ် အံ့အားသင့်ဟန် ရသည်။ နတ်မိမယ်ဝမ့်ယွီကား လစန္ဒာကလန်၏ ခေါင်းဆောင်ဖြစ်ကာ ကျောင်းတော်၏ အကြီးအကဲနေရာတွင် နေလိုသည်။ ထိုအရာက လစန္ဒာကလန် ဘိုးဘေးများ၏ ဆန္ဒကို လျစ်လျူရှုရာ ကျပေသည်။
“ကျုပ် သဘောတူတယ်…” တစ်စုံတစ်ယောက်က ရုတ်တရက် ပြောသည်။ လူတိုင်းက လှည့်ကြည့်ကြလျှင် ရီဖူရှင်းက လက်နှစ်ဖက်လုံးကို မြှောက်ကာ သဘောတူဟန် ပြနေသည်ကို တွေ့ရသည်။ လူတိုင်းက ရီဖူရှင်း၏ဘေးမှ ဟွာဂျီယူကို ကြည့်ကြသည်။ ဟွာဂျီယူက အနည်းငယ် ရှက်သွားဟန်ရကာ ခေါင်းငုံ့လျက် ရီဖူရှင်း၏ခြေထောက်ကို ကန်လိုက်သည်။
“မင်းက ဒီနေရာမှာ ဝင်ပြောဖို့ ဘာအခွင့်အရေးမှ မရှိဘူး…” ဆရာဒူက ခံစားချက် ကင်းမဲ့စွာဖြင့် မှတ်ချက်ချသည်။
“… ”
ရီဖူရှင်း မျက်လုံးပြူးကာ ဆရာဒူကို ကြည့်သည်။ သို့သော် လစန္ဒာကလန်နှင့် ကျောင်းတော်တို့ ပူးပေါင်းမည့် အရေးကို တွေးကာ ရီဖူရှင်းက စိတ်လှုပ်ရှား ပျော်ရွှင်ဟန် ရနေသည်။
“လစန္ဒာကလန် အဖွဲ့ဝင်တွေကို နားလည်အောင် ပြောဖို့ ခက်မယ် ထင်တယ်…” ဓားသခင်က ပြောသည်။ လစန္ဒာကလန်ကား ဓားသခင်တောင်နှင့် မတူပေ။ ဓားသခင်တောင်က သူကိုယ်တိုင် ထူထောင်ထားခြင်း ဖြစ်ပြီး လစန္ဒာကလန်က ဘိုးဘေးများ၏ အမွေကို ဆက်ခံထားခြင်း ဖြစ်ပေသည်။
“လစန္ဒာကလန်နဲ့ ကျောင်းတော်တို့က တန်ခိုးလေ့ကျင့်ဖို့ အတူတူ ရှိနေကြတာပဲ… လစန္ဒာကလန်က ကျောင်းတော်မှ နေတယ် ဆိုရင်တောင် မျိုးဆက်အမွေက ပျက်စီးသွားမှာ မဟုတ်ဘဲ မျိုးဆက်တွေ တစ်ခုပြီးတစ်ခု ပညာအမွေ ဆက်ခံသွားရမှာ ဖြစ်လို့ ပြဿနာ မရှိပါဘူး… သူတို့ သဘောမတူရင် ကျွန်မက ကျောင်းတော်မှ ဆက်နေပြီး သူတို့ထဲက တစ်ယောက်ကို ကလန်ခေါင်းဆောင် ပေးဖို့ ကျွန်မ ဝန်မလေးဘူး…” နတ်မိမယ်ဝမ့်ယွီက ပြောသည်။ နောက်ဆုံးတစ်ကြိမ် ဆရာဒူနှင့် တွေ့ဆုံပြီးကတည်းက နတ်မိမယ်ဝမ့်ယွီ၏ အတွေးများက များစွာ ပြောင်းလဲ သွားခဲ့သည်။
“မင်းက ကော့တေး ယူထားတဲ့တောင်ကို ယူလိုက်လို့ရတယ်… ” ဆရာဒူက ပြောသည်။
“ဆရာဒူ… ” နတ်မိမယ်ဝမ့်ယွီက အံ့အားသင့်သွားသည်။
“အနာဂတ်မှာ ကော့တေးဆိုတာ မရှိတော့ဘူး… ကျောင်းတော်ပဲ ရှိမယ်…” ဆရာဒူက ပြောသည်။ ရီဖူရှင်းက ဆရာဒူ ဘာကြောင့် ထိုစကားပြောသည်ကို နားလည်သလို ရှိသော်လည်း တစ်နည်းအားဖြင့် ဝမ်းနည်း ရပေသည်။
“ဆရာဒူ…” ရုတ်တရက် အဝေးတစ်နေရာမှာ ခေါ်သံတစ်သံအား ကြားကြရသည်။ သူတို့က အသံလာရာအား လှည့်ကြည့်ကြသည်။ ကျောင်းတော် ကျောင်းအုပ်က မျက်မှောင်ကြုတ် လိုက်သည်။ အသံက ရှေးဟောင်း မြေရိုင်းဒေသ ဂိတ်တံခါးမှ လာခြင်းဖြစ်သည်။
အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါတစ်ခု ထိုနေရာမှ ထွက်ပေါ်လာသည်။ ဆရာဒူက ဘာဖြစ်နေသည်ကို နားလည်လိုက်ဟန်ဖြင့် ရုတ်တရက် ထရပ်သည်။ ထို့နောက် လူနှစ်ယောက်က သူတို့ထံ ပြေးလာသည်ကို လူတိုင်းက မြင်ကြရသည်။ သူတို့နှစ်ယောက် နောက်မှ များစွာသော တန်ခိုးရှင်များ လိုက်ပါ လာနေကြသည်။
ဘန်း…
ကြောက်မက်ဖွယ် မီးတောက်တစ်ခု ရှေ့မှ ပြေးလာနေသော တန်ခိုးရှင်သို့ လာရောက် ထိမှန်သည်။ ထိုလူက တုန်ယင်သွားကာ နောက်တစ်ယောက်အား ကိုင်ဆွဲလျက် ရှေ့ကို တွန်းလိုက်သည်။
“မင်း..” ကျောင်းတော် ကျောင်းအုပ်က အေးစက်စွာ အော်လိုက်လျှင် များစွာသော တန်ခိုးရှင်များက ရှေ့ကို တိုးသွားကြသည်။ သို့သော်လည်း ရှေ့ဆုံးမှ ပြေးလာသူမှာ ဟွာချင်းချင်း ဖြစ်သည်ကို သိလိုက်ကြရသည်။
ဟွာချင်းချင်းက ခက်ခဲစွာဖြင့် နောက်ဘက်ကို လှည့်သော်လည်း မမြင်ရသော အားလှိုင်းတစ်ခုက သူမအား ရှေ့ကိုသာ တွန်းနေသည်။ သူမက သူမ၏အမေအား ငိုးကြွေးလျက် ကြည့်နေသည်။ ထိုအခိုက်တွင် ပုံရိပ်ယောင် မီးငှက်ပုံစံ ရှိသော မီးတောက်မီးလျှံက သခင်မ ယွီရှောင်အား လောင်ကျွမ်းနေသည်။
သခင်မ ယွီရှောင်၏ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါက တဖြည်းဖြည်း အားနည်း လာနေသည်။ သူမက ကျောင်းတော်မှ လူများအား ကြည့်ကာ ပြောသည်… “အတိတ်က ကျွန်မက ရှင့်ကို အများကြီး အပြစ်လုပ်မိတာ သိပါတယ်… ဒီအကြွေးတွေကို နောက်ဘဝမှ ပြန်ဆပ်ပါရစေ… ဆရာဒူ… ကျေးဇူးပြုလို့ ကျွန်မ သမီးကို ကယ်ပါ…”
ထို့နောက် မီးလောင်ကျွမ်းနေသော သခင်မယွီရှောင်က လေထဲတွင် ဒူးထောက်သည်။ အရှေ့မြေရိုင်း ဒေသတွင် ဆရာဒူသာလျှင် သူမ၏ သမီးကို ကယ်တင် နိုင်လောက်ပေသည်။ ထို့ကြောင့် သူမက ဤနေရာသို့ ပြေးလာခြင်း ဖြစ်သည်။
***