Switch Mode

အပိုင်း (၃၉၁)

တားမြစ်မိန့် ပျက်ပြယ်ခြင်း

ဓားသခင်၏ စကားများအရ သူတို့သုံးယောက်က ဆရာဒူ၏ တပည့်ဖြစ်လာခြင်းက အမှန်တကယ် ရိုးရှင်းလှသည်။ သို့သော်လည်း ထိုရိုးရှင်းမှု၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အရာများစွာ ရှိပေသည်။

ဓားသခင်က ရီဖူရှင်းအား မပြောခဲ့သည်များမှာ ထိုစဉ်က ကျောက်တုံးပေါ်တွင် တစ်စုံတစ်ခု ထွင်းထုရန် အတွက် သူက သုံးလခန့် မအိပ်ခဲ့ပေ။ သူ၏ ဓားကိုင်လက်က သွေးများ အဆက်မပြတ် ထွက်နေသည်။ သူက မရေမတွက်နိုင်အောင် လဲကျခဲ့သော်လည်း သူ ပြန်ထနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ အောင်မြင်ခဲ့သော်လည်း နှင်ထုတ်ခံခဲ့ရသည်။ ထို့နောက် သူက သတိမေ့သွားခဲ့သည်။ ထိုစဉ်က ဆရာဒူက သူ့အား ဘေးမှ သုံးလတိတိ စောင့်ကြည့်နေခဲ့သည်။ ဓားသခင်က အစာရေစာငတ်ကာ သတိမေ့သွားပြီး နိုးလာသောအခါ ဆရာဒူက သူ့အား သစ်သီး အနည်းငယ် ကျွေးခဲ့သည်။ ထိုအချိန်မှ အဖြစ်အပျက်က  မူလကတည်းက သူ့အား ကော့တေး၏ ဓားသခင် ဖြစ်လာခဲ့ခြင်း အကြောင်းတရား ဖြစ်ပေသည်။

ဓားသခင်က ရီဖူရှင်းအား မပြောခဲ့သည့် အထဲတွင် ကျူးကော့ဟွေအား လိုက်ရှာ နေကြသူများမှာ အလွန့်အလွန် အားကောင်းကြသည် ဟူ၏။ သို့သော်လည်း ဆရာဒူက သူမအား ခေါ်ထုတ် လာနိုင်သည်သာ ဖြစ်သည်။ တူညီစွာပင် သူ မပြောခဲ့သည်များထဲတွင် ဂူတုံးလျိုနှင့် ကျူးကော့ဟွေတို့ ပထမဆုံး တွေ့ဆုံခဲ့ကြသည့် အချိန်တွင် တစ်ခါက မိန်းမပျိုလေး ကျူးကော့ဟွေက သူမ၏ ခန္ဓာကိုယ်အား ထိခိုက်စေသော လျှပ်စီးဓာတ် စွမ်းအင်နည်းစနစ် တစ်ခုအား လေ့ကျင့်နေသည်ကို ဂူတုံးလျိုက  မြင်ခဲ့ရာ သူက ဆရာဒူအား သူ၏တပည့်အား အဘယ်ကြောင့် ထိုသို့သော နည်းလမ်းဖြင့် သင်ကြားသနည်း မေးခဲ့ပြီး ဆရာဒူ၏ သင်ကြားခြင်း နည်းစနစ်ကို ဝေဖန်ခဲ့သည်။ ထို့နောက် ဂူတုံးလျိုက သူ၏ပါရမီအား ပြသကာ ကျူးကော့ဟွေအား စိန်ခေါ်ခဲ့ရာ သူမအား ဆုံးရွားစွာ ရှုံးနိမ့်ခဲ့သည်။

သူက လက်မခံသေးဘဲ ကျူးကော့ဟွေအား ထိုနည်းစနစ်အား စွန့်လွှတ်ရန် ပြောခဲ့သည်။ ကျူးကော့ဟွေက ပြုံးကာ ဒါဆို ဂူတုံးလျိုက သူမအား ကာကွယ်နိုင်လား မေးခဲ့ရာ ဒဏ်ရာ ပြင်းထန်စွာ ရထားသော ဂူတုံးလျိုက သဘောတူခဲ့သည်။ ထို့ကြောင့်ပင် ထိုနေ့မှစ၍ ဂူတုံးလျိုက ကျူးကော့ဟွေ၏ နောက်ကို လိုက်ခဲ့သည်။ ကံမကောင်းစွာပင် ယနေ့အထိ ဂူတုံးလျိုက ကျူးကော့ဟွေအား အနိုင်မရသေးပေ။

မှန်သည်… ထိုအရာများ အားလုံးက ပုံပြင်များ ဖြစ်သွားပြီး ဖြစ်သည်။ သူတို့ ကိုယ်တိုင်ကလွဲလျှင် သူတို့အချင်းချင်း သော်လည်းကောင်း၊ သူတို့ ဆရာအပေါ် သူတို့၏ ခံစားချက်များကို လည်းကောင်း မည်သူမှ သိကြမည် မဟုတ်ပေ။

***

အရှေ့မြေရိုင်း ဒေသတစ်ခုလုံး လွန်စွာ ထိတ်လန့်ကြရသည်။

တစ်နေ့တည်းတွင် နှစ်ပေါင်း တစ်ရာအတွင်း တစ်ခါမှ မကြားဖူးသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ချင်ပြည်ထောင်မှ ထိပ်သီး စွမ်းအားရှင်များ အားလုံး အမြစ်ဖြုတ် ချေမှုန်းခံရသလို ဖူယွန်ဓားကလန် ခေါင်းဆောင်၊ တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်တို့က ကောင်းကင်တောင်တွင် သေဆုံးခဲ့ရသည်။ ဒွန်ဟွာကလန် ခေါင်းဆောင်က သူ အနားယူကြောင်း ကြေညာသည်။

ကော့တေးမှ ဆရာဒူနှင့် ရီဖူရှင်းတို့က တစ်ဖန် လောကကို တုန်လှုပ် စေခဲ့ကြပြန်သည်။

ကောင်းကင်တောင်တွင် ရီဖူရှင်းက တောင်၏စိတ်အသိအား ထိန်းချုပ်ကာ ရန်သူများ အားလုံးကို ခေါင်းလောင်းသံဖြင့် ဖိနှိပ်ခဲ့သည်။

စာအုပ်တောင်ပေါ်တွင် ဆရာဒူက သူ၏ ရှီတန်ခိုးအစွမ်းကို သုံးလျက် လက်ဝါးတံဆိပ်တော် တစ်ခုတည်းဖြင့် အရာအားလုံးကို ဖျက်ဆီးခဲ့သည်။

ခေတ်တစ်ခု အဆုံးသတ်ခဲ့ပြီကို အရှေ့မြေရိုင်းဒေသမှ လူများအားလုံးက သိလိုက်ကြသည်။ လောကအား အုပ်စိုးလိုသော ချင်ပြည်ထောင်ကား ယခု သမိုင်းထဲတွင်သာ ကျန်ရစ်တော့သည်။

သတင်းရပြီးနောက် အရှေ့မြေရိုင်းဒေသမှ လူများစွာက စာအုပ်တောင်ကို လာရောက် ဂါရဝ ပြုကြသည်။ တိုက်ပွဲတွင် ကော့တေး၏နာမည်က အရှေ့မြေရိုင်း ဒေသ၏ နေရာတိုင်းကို ရောက်ခဲ့သည်။ တချို့က ပျော်ရွှင်ကြသည်။ တချို့က ကြောက်ရွံ့ကြသည်။ ပျော်ရွှင်ကြသူများမှာ ကျောင်းတော်၊ ဓားသခင်တောင်နှင့် လစန္ဒာကလန်မှ တပည့်များ ဖြစ်ကြသည်။ ကြောက်ရွံ့ကြသူများမှာ ချင်ပြည်ထောင်၏ မဟာမိတ်များ ဖြစ်ကြသည်။ တိုက်ပွဲတွင် စွမ်းအားအမြင့်ဆုံး လူများသာ သေဆုံးခဲ့ကြရာ ယခု အများစုသော လူများမှာ အသက်ရှင် နေကြဆဲဖြစ်သည်။

သို့တိုင်အောင် ကော့တေးတွင် ဆရာဒူက ပျော်ရွှင်ပုံလည်း မရသလို စာအုပ်တောင်တွင် ရှိနေစဉ်ကကဲ့သို့ စိတ်ကျေနပ်သည့် ပုံစံလည်း သိပ်မပြပေ။ တောင်၏နောက်တွင် ဆရာဒူက ကျောက်တုံးကြီး တစ်ခုပေါ်တွင် လဲလျောင်းကာ တိတ်ဆိတ်စွာဖြင့် အရက် သောက်နေသည်။

“ဆရာ…” ဓားသခင်က လှမ်းခေါ်သည်။ ထို့နောက် ဓားသခင်၊ ရီဖူရှင်းနှင့် တခြားလူများ လျှောက်လာကြသည်။ သူတို့အပြင် နတ်မိမယ်ဝမ့်ယွီလည်း ပါလာသည်။ သူမက မူလကတည်းက ဆရာဒူအား လာရောက် ဂါရဝပြုလိုသော်လည်း သူမတစ်ယောက်တည်းဖြင့် အနှောင့်အယှက် မပြုလိုခဲ့ပေ။ ယခု ဓားသခင်တို့ ပြန်ရောက်လာခဲ့ရာ သူမက သူတို့နောက်က လိုက်ပါလာခဲ့သည်။

“ဆရာဒူ…” နတ်မိမယ်ဝမ့်ယွီက ဦးညွှတ်လျက် နှုတ်ဆက်သည်။

“အင်း…” ဆရာဒူက ခေါင်းညိတ်သည်… “ဘာများလဲ…”

“ကျွန်မက ဆရာဒူရဲ့ လက်အောက်မှာ လေ့ကျင့်ချင်ပါတယ်… ” နတ်မိမယ်ဝမ့်ယွီက ဦးညွှတ်၍ ပြောသည်။ စာအုပ်တောင်မှ မြင်ကွင်းက သူမအား ကြီးစွာသော ထိုးနှက်ချက်ကို ပေးသည်။ ထိုအရာက တကယ့်ရှီအဆင့်၏ စွမ်းအားများလား…။ သူမက လက်ရှိ သူမ၏တန်ခိုးအဆင့်ကို မြှင့်တင်လိုကာ ဆရာကောင်း တစ်ယောက်ကို အလိုရှိသည်။ ဆရာဒူကား သံသယ ရှိစရာမလိုအောင် အသင့်တော်ဆုံးလူ ဖြစ်သည်။

“ငါက ပျင်းရိတာကြောင့် နောက်ထပ် တပည့် တစ်ယောက် လက်ခံဖို့ အစီအစဉ် မရှိသေးဘူး…” ဆရာဒူက ထရပ်ကာ ပြုံးလျက် ခေါင်းယမ်းသည်။

နတ်မိမယ်ဝမ့်ယွီက ပထမက စိတ်ပျက်သွားဟန် ရသော်လည်း ချက်ချင်းပင် စိတ်ဖြေ နိုင်သွားသည်။ ဆရာဒူကဲ့သို့သော ထူးဆန်းသောလူက တပည့်တစ်ယောက် အလွယ်တကူ လက်ခံမည် မဟုတ်သည်မှာ ထင်ရှားသည်။

“ဆရာဒူ… အခု အရှေ့မြေရိုင်းဒေသ အခြေအနေအရ လစန္ဒာကလန်က ဘာလုပ်သင့်လဲ…” နတ်မိမယ်ဝမ့်ယွီက မေးသည်။ အကယ်၍ စာအုပ်တောင်က အမှန်ပင် အရှေ့မြေရိုင်း ဒေသအား စုစည်းလိုပါက သူမက ထောက်ပံ့ ပေးနိုင်ပေသည်။ သူမက ရွေးစရာ သိပ်မရှိသော်လည်း ဤတစ်ကြိမ်တွင်ကား သူမက စိတ်ရင်းဖြင့် ပြောခြင်းပင်။ ကျောင်းတော်တွင် ရက်အနည်းငယ် နေပြီးကတည်းက သူမက ကလန်နှင့် ကျောင်းတော်မှ ပေးသော ကွဲပြားသော ခံစားချက်များကို သိနားလည်ပြီး ဖြစ်သည်။

ကျောင်းတော်၏ တပည့်များ အကြားတွင် ကတောက်ကဆများ ရှိကြသော်လည်း သူတို့က တန်ခိုးကျင့်ရာတွင်သာ အာရုံစိုက်လေ့ ရှိကြသည်။ ထို့အပြင် ကျောင်းတော်၏ အဓိက ဦးတည်ချက်က တပည့်များကို သင်ကြားရန် ဖြစ်သည်။ ကလန်များမူကား တန်ခိုးကျင့်ခြင်းအပြင် နာမည် ကျော်စောမှုများနှင့် ပိုင်ဆိုင်မှု လောဘများ ရှိနေကြကာ ထိုအတွက် နိုင်ထက်စီးနင်း လုပ်ခြင်းများ၊ မကောင်းမှုများ ကျူးလွန်ခြင်းများ ရှိကြသည်။ ကျောင်းတော်တွင်လည်း ထိုသို့သောပုံစံတူ ကိစ္စများ ရှိတတ်သော်လည်း အလွန် ရှားပါးပေသည်။

“ဒါက မင်းအပေါ်ပဲ မူတည်တယ်… ” ဆရာဒူက ပြုံးလျက်ပြောသည်… “အရင်တုန်းက ငါက တချို့အရာတွေကို ပြောင်းလဲချင်ခဲ့တယ်… ဒါပေမဲ့ အဆုံးသတ်မှာတော့ ငါက ဘာမှ မလုပ်နိုင်ခဲ့ဘူး…”

“ဆရာဒူ… ဆရာဒူရဲ့ ကျော်ကြားမှုနဲ့ဆို အကုန်လုံးက ဆရာဒူရဲ့သဘောကို လိုက်လျော ကြလိမ့်မယ်… ဘာလို့ မဖြစ်နိုင်ရမှာလဲ…” နတ်မိမယ်ဝမ့်ယွီက နားမလည်စွာ မေးသည်။

“ငါ့ရဲ့ စွမ်းအင်နဲ့ ချင်ပြည်ထောင်ကို ဖယ်ရှားခဲ့ပြီးမှ ငါက အရှေ့မြေရိုင်း ဒေသကို စုစည်းရင် ငါက ချင်ပြည်ထောင်နဲ့ ဘာကွာခြားမှာလဲ… ငါက အရှေ့မြေရိုင်းဒေသက ထွက်ခွာသွားတဲ့ တစ်နေ့ကျရင် ဒါမှမဟုတ် ငါ့ထက် အားကောင်းတဲ့လူ တစ်ယောက်က ဒီမှာ ပေါ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ… လူသားတွေရဲ့စိတ်နဲ့ ရည်မှန်းချက်တွေက ဒီလောကမှာ ပြောင်းလဲဖို့ အခက်ခဲဆုံးပဲ…” ဆရာဒူက ခေါင်းယမ်းကာ ပြောသည်။

“ဆရာဒူရဲ့ ရည်မှန်းချက်က ဘာလဲ…” နတ်မိမယ်ဝမ့်ယွီက မေးသည်။

“တန်ခိုးရှင် လောကမှာ ကလန်တွေနဲ့ မိသားစုတွေက အဓိက ကျနေတာကို ငါမလိုချင်ဘူး… တခြားတစ်ဖက်မှာ သူတို့တွေရဲ့နေရာကို ကျောင်းတော်တွေလို နေရာမျိုးတွေက ယူစေချင်တယ်… လောကကြီးက လူတွေက တန်ခိုးကျင့်တဲ့ အထောက်အပံ့ ပစ္စည်းတွေကို သူတို့လက်ထဲမှာပဲ ထိန်းသိမ်းထားလို့ မရတော့ဘူး… ဒီအစား သူတို့က တခြားလူတွေကို မျိုးဆက် တစ်ခုပြီးတစ်ခု အသိပညာ အတတ်ပညာတွေ လက်ဆင့်ကမ်း ပေးနိုင်လိမ့်မယ်…” ဆရာဒူက နတ်မိမယ်ဝမ့်ယွီကို​ ပြောသည်။

နတ်မိမယ်ဝမ့်ယွီ မှင်တက်သွားသည်။ ထို့နောက် သူမက ဆရာဒူကို လေးစားစွာဖြင့် ဦးညွှတ်သည်။ ထို့နောက် သူမက ပြောသည်… “ဆရာဒူရဲ့ ရည်မှန်းချက် ပြည့်ဝခဲ့ရင် လောကကြီးထဲက တန်ခိုးရှင်တွေ အကုန်လုံးက ပိုမိုကောင်းမွန်တဲ့ လောကတစ်ခုကို ပိုင်ဆိုင်ကြလိမ့်မယ်… ဒါပေမဲ့ ဒီရည်မှန်းချက်က ဖြစ်လာနိုင်ဖွယ် မရှိတဲ့အရာပဲ… ”

လူများအကြားတွင် လောဘနှင့် ဆန္ဒများ ရှိကြသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက ပုံမှန်အားဖြင့် သူတို့၏ ကိုယ်ပိုင်ကလန်များနှင့် မိသားစုများကို တည်ထောင် လိုကြသည်။

“မင်းရဲ့ ရည်မှန်းချက်ကို လက်ခံတဲ့လူ တစ်ယောက်က လောကတစ်ခုလုံးရဲ့ ထိပ်ဆုံးမှာ ရပ်နိုင်တဲ့အခါ မင်းရဲ့ ရည်မှန်းချက်ကလည်း အလိုအလျောက် ပြည့်သွားလိမ့်မယ်…” ဆရာဒူက ပြုံးလျက်ပြောသည်။

နတ်မိမယ်ဝမ့်ယွီ ထိတ်လန့်သွားသည်။ ထို့နောက် သူမက ကော့တေး တပည့်များအား တွေးမိသည်။ ထိုစကား၏ အဓိပ္ပာယ်ကို သူမက သိသည်။ ဆရာဒူ၏ စကားက မှန်ကန်ပေသည်။ အကယ်၍ တစ်နေ့တွင် သူ၏တပည့်များက အရှေ့မြေရိုင်း ဒေသ၏ ထိပ်ဆုံးတွင် ရပ်နေနိုင်ကာ သူတို့က ဆရာဒူ၏ ရည်မှန်းချက် လမ်းစဉ်အတိုင်း လုပ်ဆောင်ကြပါက ဆရာဒူ၏ ရည်မှန်းချက်များ အရှေ့မြေရိုင်း ဒေသတွင် အမှန်တကယ် ဖြစ်လာနိုင်ပေသည်။ သူ၏ ပါရမီမြင့်မားသော တန်ခိုးရှင်တစ်စုက အရှေ့မြေရိုင်းဒေသ၏ ထိပ်ဆုံးတွင် ရပ်နေကာ ဆရာဒူ၏ အတွေးအခေါ်များကို လက်ဆင့်ကမ်းပါက ကလန်များနှင့် မိသားစုများ၏ လွှမ်းမိုးမှုများက အားနည်းသွားပေမည်။ ထို့နောက်တွင် ကျောင်းတော်ကဲ့သို့သော နေရာက တန်ခိုးကျင့်ရာ ကောင်းကင်ဘုံများ ဖြစ်လာကြပေလိမ့်မည်။

“ကျွန်မ သိပါပြီ…” နတ်မိမယ်ဝမ့်ယွီက ဦးညွှတ်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

ဓားသခင်နှင့် ကျန်လူများက ဘေးမှ ရပ်ကာ ထိုစကားများကို တိတ်ဆိတ်စွာ နားထောင် နေကြသည်။ ဆရာဒူက ထိုစကားများကို ပြောသောအခါ နတ်မိမယ်ဝမ့်ယွီကိုသာ မဟုတ်ဘဲ သူတို့ကိုလည်း ပြောနေခြင်း ဖြစ်သည်။

ရီဖူရှင်းကလည်း ထိုစကားများကို ကြားသည်။ သို့သော် သူက ထိုကိစ္စများကို သိပ်မတွေးပေ။ သူ့တွင် လောကတစ်ခုလုံးကို ဂရုစိုက်ရန် ရည်မှန်းချက် မရှိပေ။ ဆရာ ပြောခဲ့သည်များက သူနှင့် လွန်စွာ ဝေးသေးပေသည်။

“မြေရိုင်းဒေသက လူတွေက ဘယ်လိုလဲ… ” ဆရာဒူက ရီဖူရှင်းကို ကြည့်ကာ မေးသည်။

“ကျွန်တော် သူတို့ကို လွှတ်လိုက်တယ်… မြေရိုင်းဒေသက လူတွေက ဒီကို ရောက်လာကြမလား…” ရီဖူရှင်းက မေးသည်။ ဆရာဒူကား ရှီတန်ခိုးရှင်ဖြစ်ကာ တားမြစ်မိန့်က အသက်ဝင်နေဆဲ ဖြစ်သည်။ ရှီတန်ခိုးရှင်များက ဤနယ်မြေကို မဝင်ရောက်နိုင်သရွေ့ သူက ဘာမှ ကြောက်စရာ မလိုပေ။

“အင်း…” ဆရာဒူက ခေါင်းညိတ်သည်။ ရီဖူရှင်းက ထိုခဏတွင် အံ့အားသင့် မှင်တက် သွားသည်။ ဆရာဒူက ထိုကိစ္စအားလုံးဝ သေချာစွာ ပြောနေသည်။

သူ၏အမူအရာကို မြင်လျှင် ဆရာဒူက ပြုံးလျက်ပြောသည်… “ဧကရာဇ်နှစ်ပါးရဲ့ ရှေးဟောင်း အကြွင်းအကျန်တွေက မင်းထင်တာထက် ပိုပြီး ဆွဲဆောင်အား ကောင်းတယ်… တကယ်လို့ ဧကရာဇ်က ဒီတားမြစ်မိန့်ကို မထုတ်ခဲ့ရင် မြေရိုင်းဒေသက တန်ခိုးရှင်တွေက ဒီနေရာကို အရင်ကတည်းက ရောက်လာခဲ့ကြပြီးပြီ… သူတို့က ကောင်းကင်တောင်ကို ခိုးမဝင်ရဲတာက မဟာဧကရာဇ်တွေက သူတို့ရဲ့ စိတ်အသိတစ်ပိုင်း တစ်စချန်ခဲ့မှာကို စိုးရိမ်လို့ပဲ… ဒါပေမဲ့ မင်းက အခု အားလုံးကို ရပြီးပြီ… မြေရိုင်းဒေသက လူတွေက အလွယ်တကူ လက်လျှော့ကြမှာ မဟုတ်ဘူး…”

ဆရာဒူက ပြုံးလျက်ပြောသည်… “ကောင်းကင်ဒေသက ကျယ်ပြန့်ပြီးတော့ အဆုံးအစမဲ့တယ်… ဧကရာဇ်က လောကကို အုပ်ချုပ်ဖို့လိုတယ်… ဒါကြောင့် အချိန်တိုင်း အရှေ့မြေရိုင်းဒေသကို အာရုံစိုက်နိုင်မှာ မဟုတ်ဘူး… တကယ်လို့ တစ်စုံတစ်ယောက်က ပျောက်နေမယ်ဆိုရင် သူက သတိထားမိလိမ့်မယ်လို့ မင်းထင်လား…”

ရီဖူရှင်းက မသက်မသာ ပြုံးသည်။ မှန်သည်… ဆရာဒူက ဘာကို ဆိုလိုသည်ကို သူနားလည်သည်။ အတိတ်တွင် အရှေ့မြေရိုင်းဒေသက အရာများကို မြေရိုင်းဒေသက လူများက စိတ်ဝင်စားခြင်း မရှိကြပေ။ ထို့ကြောင့် သူတို့က ထိုစည်းမျဉ်းကို လိုက်နာကြသည်။ သို့သော်လည်း ယခု အခြေအနေက ကွဲပြားသွားပြီ ဖြစ်သည်။

“ဒါဆို ကျွန်တော်က စာအုပ်တောင်မှာ အမြဲတမ်း နေတော့မယ်… ” ရီဖူရှင်းက ရေရွတ်သည်။ တားမြစ်မှုက အသက်ဝင်နေဆဲ ဖြစ်လျှင် မည်သူမှ သူ့အား ပေါ်ပေါ်ထင်ထင် ရန်လုပ်မည် မဟုတ်ပေ။

ရီဖူရှင်း၏ စကားကို ကြားလျှင် ဆရာဒူက ထပ်ပြောသည်… “အမှန်တကယ်က ငါက မင်းကို ခုနက မပြောလိုက်ရသေးတာ ရှိတယ်…”

“ဘာများလဲ…” ရီဖူရှင်းက စိတ်ဝင်စား သွားသည်။

“အရှင်ဒွန်ဟောင်က အဲဒီတားမြစ်မိန့်ကို ထုတ်တုန်းက စာသား အပြည့်အစုံက ရှီတန်ခိုးရှင်တွေက အရှေ့မြေရိုင်း ဒေသကို မဝင်ရောက်နိုင်ဘူး… တကယ်လို့ အရှေ့မြေရိုင်းဒေသမှာ ရှီတန်ခိုးရှင် ပေါ်လာခဲ့ရင်တော့ တားမြစ်မိန့်က အလိုအလျောက် ပျက်ပြယ်တယ်…” ဆရာဒူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းက ဆရာဒူအား မျက်လုံးပြူးလျက် ကြည့်သည်။ ဆိုလိုသည်က ဆရာဒူက ရှီစွမ်းအင်ကို ထုတ်ဖော်ခဲ့ရာ တားမြစ်မိန့်က ပျက်ပြယ်သွားပြီ ဟူ၏။

မြေရိုင်းဒေသမှ ရှီတန်ခိုးရှင်များက ယခု အရှေ့မြေရိုင်းဒေသကို ဝင်ရောက်နိုင်ပြီ။

“ဒါဆို ဒီသတင်းကို ရပြီးနောက် မြေရိုင်းဒေသက ရှီတန်ခိုးရှင်တွေက ဒီကို လာကြတော့မှာပေါ့…” ရီဖူရှင်းက မေးသည်။

“အင်း…” ဆရာဒူက လေးနက်စွာ ခေါင်းညိတ်သည်။ ရီဖူရှင်း၏ မျက်နှာက ပိုမို၍ နက်မှောင်လာသည်။ ကောင်းကင် တောင်ပေါ်တွင် သူက မြေရိုင်းဒေသမှ လူများကို မသတ်ခဲ့သည်မှာ မြေရိုင်းဒေသမှ ရှီတန်ခိုးရှင်များ၏ လက်စားချေမှုကို ကြောက်၍ ဖြစ်သည်။ သို့သော် ယခု တားမြစ်မိန့်က ပျက်ပြယ်သွားပြီးဖြစ်ရာ မြေရိုင်းဒေသမှ ရှီတန်ခိုးရှင်များက စာအုပ်တောင်ကို တိုက်ရိုက် လာကြတော့မည် ဖြစ်သည်။ ဤအခြေအနေတွင် ရီဖူရှင်းက မည်သို့ ရှောင်ဖယ်၍ ရတော့မည်နည်း။

“ဆရာ… ကျွန်တော် ဘာလုပ်သင့်လဲ… ” ရီဖူရှင်းက မေးသည်။

“ငါ ဘယ်လိုလုပ် သိမှာလဲ… ” အဘိုးအိုက ရေရွတ်သည်။ ထို့နောက် သူက လဲလျောင်းလိုက်ကာ အရက်သောက်သည်။

ခွေးအိုကြီး… ရီဖူရှင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူကား အမှန်တကယ် အရက်သောက်ရန် စိတ်ပါနေသေးသည်။

“ဆရာ… ” ရီဖူရှင်းက အော်လိုက်သည်။

“စိတ်မပူနဲ့… ငါက တခြားလူတွေကို မင်းကြောင့် မထိခိုက်စေရဘူး…” ဆရာဒူက ပျင်းရိစွာ ပြောသည်… “အဆိုးဆုံး အခြေအနေမှာ  ငါက မင်းကို သူတို့ကို ပေးလိုက်မယ်…”

“… ”

ရီဖူရှင်းက သူမ၏ မူလ ဆုံးဖြတ်ချက်ကို နောင်တရသည်။ ယခု သူက ဆရာဒူနှင့် ပတ်သက်မှုကို ဖြတ်တောက်၍ ရနိုင်သေးသလော…။

***

Comment

Leave a Reply

Options

not work with dark mode
Reset