Switch Mode

အခန်း ( ၈၅ )

ခြင်များကို နှိမ်နင်းမည့် အစီအစဉ်မှာ

“ ဆရာဘိုးဘိုး… ဆရာဘိုးဘိုးက ကောင်းကင်ခွင်းတောင်ကို အရင်သွားလိုက်သင့်တယ်။ ကျွန်တော်လည်း ကျင့်ကြံဖို့ ချုံတောင်လေးကို ပြန်တော့မယ် ”
သူတို့သည် တောင်ကာမန္တန်အစီရင်ကြီးကို ဖြတ်ကျော်ကာ ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော ဂိုဏ်းဂိတ်တံခါးအတွင်းသို့ ဝင်လိုက်ကြလေသည်။

လီချန်ရှို့သည် ဝိညာဉ်ထိန်းပုလဲနှင့် တိုက်ပွဲမှ အကြွင်းအကျန်ပစ္စည်းများထည့်ထားသည့် ရတနာအိတ်ကို အကြီးအကဲ ဝမ်လင်းယွမ်ထံသို့ ရိုရိုသေသေပေးလိုက်၏။

သူသည် ထိုရတနာများကို မောင်ပိုင်မစီးလိုခြင်းမဟုတ်ပေ။ သို့သော် ထိုဓမ္မရတနာများသည် အကြီးအကဲဝမ်လင်းယွမ်၏ အဆိပ်မီးတောက်ကြောင့် ပျက်ဆီးနေ၍သာဖြစ်၏။ ထို့ပြင် ဤအရေးသည် ဂိုဏ်း၏ သေရေးရှင်ရေးနှင့် သက်ဆိုင်လေသည်။

အာဒိကပ္ပလောကတွင် မှီခိုစရာဟူ၍ သူ့၌များများစားစား မရှိပေ။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် သူ့ကို ထူးချွန်သော တပည့်တစ်ဦးအဖြစ် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့၏။ သူသည် ဂိုဏ်းအတွင်း၌ အင်အားမကြီးသည့်အပြင် ဆင်းရဲသူတစ်ယောက်ဖြစ်သော်လည်း သူစတင်ကျင့်ကြံခဲ့သည့် အချိန်မှစ၍ ယခုအထိ မည်သူ၏ အနိုင်ကျင့်စော်ကားခြင်းကို မခံခဲ့ရချေ။

ထို့ပြင် ပိုင်ဖန်ခန်းမမှ အကြီးအကဲများသည် ဝိညာဉ်ငါးများနှင့် မြွေခေါင်းများ၏ မျက်နှာကြောင့် သူ့ကိုအရေးပေးခဲ့၏။

ထို့ကြောင့် လီချန်ရှို့သည် တုနတ်ဝိဇ္ဇာဂိုဏ်းပြိုလဲသွားမည်ကို မမြင်လိုပေ။

ဥပမာအားဖြင့် သူ၏ ဝှက်ဖဲနှစ်ခုဖြစ်သော ဝိညာဉ်ထိန်းပုလဲနှင့် အာရုံခံ‌‌ကျောက်မျက်တို့ကို ယနေ့တွင် အကြီးအကဲဝမ်လင်းယွမ်ကို ဖော်ပြခဲ့ပြီဖြစ်သည်။ ယင်းသည် ဂိုဏ်းကောင်းကျိုးအတွက်ဖြစ်၍ သူ့အဖို့ အပန်းမကြီးလှပေ။

သူ၏ နိယာမသည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည်မှာ သေချာပါမှ အခြားသူများကို ကူညီပါ ဟူ၍ ဖြစ်၏။

အကြီးအကဲဝမ်လင်းယွမ်သည် ခေါင်းငုံ့၍ သူ့အား ရတနာအကြွင်းအကျန်များနှင့် ဝိညာဉ်ထိန်းပုလဲကို လှမ်းပေးနေသော လီချန်ရှို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အေးစက်စက်ပြုံး၍ ထိုအရာများကို အင်္ကျီလက်အတွင်း၌ သိမ်းဆည်းလိုက်၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ တာဝန်ရှိ အတုမဲ့နတ်ဝိဇ္ဇာများနှင့် ဂိတ်စောင့်နတ်ဝိဇ္ဇာများသည် ဦးညွှတ်နေရင်းမှပင် လီချန်ရှို့အတွက် စိုးရိမ်နေကြ၏။

သူတို့သည် ဤဗလာနတ္ထိသတ္တမအဆင့်ရှိသော တပည့်သည် မည်သည့်တောင်မှ တပည့်ဖြစ်ကြောင်း မသိကြပေ။ သို့သော် သူတို့သည် အကြီးအကဲဝမ်လင်းယွမ်၏ အပြုံးကိုကြည့်၍ ထိုတပည့်သည် ခန့်မှန်း၍မရသော တပည့်တစ်ဦးဖြစ်ရမည်ဟု တွေးလိုက်ကြလေသည်။

အကြီးအကဲဝမ်လင်းယွမ်သည် ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲများကို သတင်းပို့ရန် ချက်ချင်းပင် ကောင်းကင်ခွင်းတောင်သို့ ပျံသန်းသွား၏။

လီချန်ရှို့သည် လှည့်၍ ဂိတ်တံခါးအနီးရှိ နတ်ဝိဇ္ဇာများကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက်သူသည် တိမ်စီးကာ မြေပြင်နှင့် အနည်းငယ်သာ ခွာ၍ ပျံသန်းသွားလိုက်လေသည်။ သူသည် လူအသုံးနည်းသော တိမ်လမ်းကြောင်းတစ်ခုကိုရှာ၍ ချုံတောင်လေးသို့ ဆက်လက်ပျံသန်းသွားလိုက်၏။

အပြန်လမ်းတွင် လီချန်ရှို့သည် စက္ကူရုပ် သတ်လိုက်သော ခြင်အကြောင်းကို တွေးတောနေ၏။
‘ ဒီခြင်က… ’

‘ ခြင်ဆေးခွေက အဲ့ခြင်တွေကို နှိမ်နင်းနိုင်မလားမသိဘူး… ’
သူ ချုံတောင်လေးသို့ ပြန်ရောက်သောအခါ သူ၏ဆရာနှင့် ညီမလေးသည် ကိုယ်ယောင်ဖျောက်အတတ်များကို လေ့ကျင့်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ လီချန်ရှို့သည် သူတို့ကို မနှောင့်ယှက်တော့ဘဲ ဆေးဖော်ဆောင်သို့ တန်းသွားလိုက်သည်။

သူသည် ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်များကိုနှိုး၍ နေရာအနှံ့တွင် ချိတ်ဆွဲထားသော အာရုံခံကျောက်မျက်များကို ကြည့်လိုက်သည်။ ထို့နောက် သူသည် စက္ကူကိုယ်ပွားကို နဂိုပုံစံအဖြစ် ပြန်ပြောင်းလဲလိုက်၏။

မြေပြင်အတွင်းမှ အစိမ်းအရောင်အခိုးအ‌ငွေ့များ ထွက်လာပြီး လီချန်ရှို့အဖြစ် ပြောင်းလဲသွား၏။ သူသည် လက်ဝဲလက်ဖြင့် စက္ကူကိုယ်ပွားကို ကောက်ယူလိုက်ပြီး အင်္ကျီလက်အတွင်း၌ သိမ်းဆည်းလိုက်လေသည်။

သူရေရွတ်လိုက်သည်။
“ ခြင်ဆေးခွေအကြောင်းပြောမှ သတိရတယ်… ခြင်တွေက ဘာကို ကြောက်တာလဲ။ သွေးထဲမှာ အဆိပ်ခပ်ထားရမလား… ”

လီချန်ရှို့သည် ထိုသို့တွေးရင် ရယ်ချင်ပက်ကျိဖြစ်သွား၏။ အကယ်၍ နောက်ကွယ်မှသူသည် အမှန်သာ အရှင်မဝမ်ကျင်း ဖြစ်လျှင် သူသည် သူမနှင့် ရင်ဆိုင်နိုင်သည့် အစွမ်းမရှိသေးပေ။

သို့ရာတွင် လီချန်ရှို့သည် ယနေ့ကြုံတွေခဲ့သော စက္ကူရုပ်မှသတ်၍သေသွားသည့် ရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်သည့် ခြင်များကိုမူ အနိုင်ယူနိုင်မည့် နည်းတစ်ခုကို စဉ်းစားနိုင်လေသည်။ စက္ကူကိုယ်ပွားများကို ထိုခြင်များက မထိန်းချုပ်နိုင်ပေ။

‘ စဉ်းစားကြည့်တော့… ’

‘ ငါ လွန်ခဲ့တဲ့ခြောက်လအတွင်း ပြင်ဆင်ခဲ့ရတာတွေက အလကားမဖြစ်သွားဘူးပဲ… ’

‘ ဝိညာဉ်ပင်အိုကြီးတွေကို ရင်းလိုက်ရတာ တန်ပါတယ် ’
လီချန်ရှို့သည် အပင်အိုကြီးများအတွက် ရင်ထဲ စိတ်မကောင်းဖြစ်သွားသည်။ သူသည် တိုက်ပွဲနေရာကို သန့်စင်၍ သုတ္တန်များ ရွတ်ဆိုပေးခဲ့သော စက္ကူရုပ်များကိုထုတ်ယူလိုက်သည်။ သူသည် ဆေးပေါင်းဖိုကိုဖွင့်၍ စက္ကူရုပ်များကိုထည့်လိုက်ပြီး သမာဓိမီးတောက်ကို သုံး၍ မီးရှို့လိုက်လေသည်။ မီးတောက်များ ယိမ်းနွဲ့သွားပြီး စက္ကူရုပ်များသည် ပြာများအဖြစ်ပြောင်းလဲသွားလေ၏။

ထို့နောက် လီချန်ရှို့သည် သူ့ကိုယ်ပေါ်ရှိ နိမိတ်ဖတ်ခံရမှုကို ကာကွယ်ပေးသော ပစ္စည်းများကို ကြည့်လိုက်သည်။

အရာအာလုံး အဆင်ပြေကြောင်း သိလိုက်သောအခါမှသာ စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်လေသည်။

မကြာခင် သူသည် အတွေးများထဲတွင် မျောပါသွားပြန်၏။ သူသည် အခြားအရာများ မတော်တဆပေါ်သွားသေးသလောဟု တိတ်တဆိတ်တွေးတောနေလေသည်။

ခြင်ကိုသတ်လိုက်သော စက္ကူရုပ်တွင် သူ၏ ကိုယ်ရောင်ကိုယ်ဝါအနည်းငယ်ပါ၏။

သူနှင့် အကြီးအကဲဝမ်လင်းယွမ်မှာမူ တစ်ကြိမ်မှ လူလုံးထွက်မပြခဲ့ပေ။

အကြီးအကဲ၏ အဆိပ်မီးတောက်သည်လည်း တောင်တစ်ခုလုံးကိုပင် ဝါးမျိုမတတ် တောင်လောင်ခဲ့၏။
“ ဘာအမှားမှတော့ မရှိ‌လောက်ပါဘူး ”

သို့သော် လီချန်ရှို့သည် အကြီးအကဲ ဝမ်လင်းယွမ်သည် သူ့ဆရာနှင့် အကျင့်စရိုက်တူကြောင်း သဘောပေါက်ခဲ့ရ၏။ သူတို့နှစ်ဦးစလုံးသည် စိတ်မြန်လက်မြန်ရှိလေသည်။

‘ သူတို့က ‌တောင်ပေါ်မှာပဲ တရားကျင့်ကြံတာ ကြာလာတော့ အာဒိကပ္ပလောကရဲ့ အန္တရာယ်များပုံကို မေ့လျော့ကုန်ကြတာလား ’

‘ ဒါပေမဲ့ ငါဆရာဘိုးဘိုးကို အကြိမ်ကြိမ် တားနိုင်ခဲ့လို တော်သေးတယ်။ အဲဒီလိုမဟုတ်ဘဲ သူသာ မြေပေါ်ကို ထွက်သွားရင် ခြင်ရဲ့ ခြောင်းမြောင်းတိုက်တာကို ခံလိုက်ရမှာ။ အဲဒီလိုသာဆို နောက်ဆက်တွဲဖြစ်မယ့်ဟာတွေက မတွေးဝံ့စရာပဲ ’
သူသည် ဆေးဖော်ဆောင်အတွင်း ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်သုံးသပ်နေ၏။ သူ၏အတွေးများသည် တဖြည်းဖြည်းရှင်းလင်းလာလေသည်။

ယနေ့ဖြစ်သွားသော ကိစ္စများသည် သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်၏။

လွန်ခဲ့သောနှစ်ဝက်က ဖြစ်ပေါ်လာနိုင်သည့် ဖြစ်နိုင်ချေများကို သူသုံးသပ်ခန့်မှန်း ထားခဲ့ပြီးဖြစ်သည်။ ယနေ့တိုက်ပွဲသည် ထိုဖြစ်နိုင်ချေများအတွင်းမှ နှစ်ခု၊ သုံးခုနှင့် ကိုက်ညီမှုရှိ၏။

“ ထင်ထားသလိုပဲ ”
တုနတ်ဝိဇ္ဇာဂိုဏ်းလေးသည် ရန်ကျောင်းတော်၏ လက်အောက်ခံဖြစ်သည်ဆိုသော အချက်မှလွဲ၍ အခြားအထင်ကြီးစရာတစ်ခုမှ မရှိချေ။

ရန်သူများသည် တုနတ်ဝိဇ္ဇာဂိုဏ်းအပေါ် အာရုံစိုက်နေခြင်းမှာ ယခင်က ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများနှင့် တာအိုတရားဆွေးနွေးစဉ် ကတောက်ကဆအနည်းငယ် ဖြစ်ခဲ့၍သာဖြစ်၏။

တချို့သူများသည် ထိုကိစ္စကို ပုံကြီးချဲ့လိုခြင်းပင်။

နောက်ကွယ်မှ ကြိုးကိုင်သူသည် အလယ်ကျွန်းရှိ ရွှေနန်းတော်ဂိုဏ်းအပြင်ဘက်တွင် ထောင်ချောက်ဆင်၍ တုနတ်ဝိဇ္ဇာဂိုဏ်းကို ချုံခိုတိုက်ခိုက်ခဲ့၏။ ထိုအရာမှာ ဂိုဏ်းကြီးများ တုနတ်ဝိဇ္ဇာဂိုဏ်းကို အာရုံစိုက်မိသွားအောင် လုပ်ခြင်းသာဖြစ်၏။ ထိုမှသာ ကျောင်းတော်သုံးကျောင်းမှ ဂိုဏ်းကြီးများသည် အရှေ့ကျွန်းရှိ တာအိုတရားများကို သင်ကြားပေးသည့် မထင်မရှား တုနတ်ဝိဇ္ဇာဂိုဏ်းလေးကို သတိထားမိသွားမည်ဖြစ်၏။

ထို့နောက် နောက်ကွယ်မှကြိုးကိုင်သူသည် ကျောင်းတော်သုံကျောင်းရှိ ဂိုဏ်းများတွေ့ဆုံပွဲနှင့် ရွှေနန်းတော်ဂိုဏ်းတို့ကို အခွင့်အရေးယူကာ တုနတ်ဝိဇ္ဇာဂိုဏ်းကို ဖျက်ဆီးပစ်လိုခြင်းပင်။

ရန်သူအနေဖြင့် ရင်းရသည်မှာ အနည်းငယ်သာဖြစ်သော်လည်း ပြန်ရမည့် အကျိုးအမြတ်မှာ ကြီးလေသည်။

လီချန်ရှို့၏ စိတ်ထဲတွင် တုနတ်ဝိဇ္ဇာဂိုဏ်း၏ နောက်တွင် အရိပ်မည်းကြီးရပ်နေပြီး ၎င်းသည် ကောင်းကင်ခွင်းတောင်ကို ဖြိုချနေသည့် ပုံရိပ်ကို ပုံဖော်ကြည့်လိုက်သည်။

သို့သော် ထိုအရိပ်မည်း၏ နောက်ရှိ ပုံရိပ်သည် ပို၍ အင်အားကြီး၏။ ထိုပုံရိပ်သည် သူ၏ရှေ့တွင်ပိတ်နေသော အရိပ်မည်းကို ပုတ်ထုတ်လိုက်နေလေသည်။

ဂိုဏ်းကြီးများသည် လျှို့ဝှက်စွာ တိုက်ခိုက်နေကြ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းတွင်လည်း နိုင်နိုင်ချေရှိလေသည်။

ဤကိစ္စများကို နောက်ကွယ်မှ ကြိုးကိုင်နေသူသည် ကိုယ်တိုင်လာ၍ မတိုက်ခိုက်ရဲပေ။ သူသည် ခြင်များကိုသုံး၍ ရုပ်သေးများဖြင့်သာ လာတိုက်ရဲလေသည်။

ဝိညာဉ်အကြွင်းအကျန်များ၏ မှတ်ဉာဏ်များအတွင်းသို့ ကြည့်ခဲ့ပြီးဖြစ်၍ ထိုအချက်မှာ သေချာပေသည်။ ထိုလူများ၊ မိစ္ဆာများ၏ မှတ်ဉာဏ်များအတွင်း၌ ခြင်သံများကြားခဲ့ရ၏။

အဓိကအချက်မှာ တုနတ်ဝိဇ္ဇာဂိုဏ်းအနေဖြင့် မည်သို့ဆက်လုပ်မည်ဟူသော အချက်ဖြစ်သည်။

အကယ်၍ လီချန်ရှို့၏ ခန့်မှန်းချက်မှန်ခဲ့လျှင် မကြာခင် တိုက်ပွဲတစ်ခုဖြစ်ပေလိမ့်မည်။

သို့သော် ထိုတိုက်ပွဲသည် ရာဇဝင်များ၊ ဒဏ္ဍာရီများတွင် မှတ်တမ်းတင်ခံမည်မဟုတ်ချေ။

ရုတ်တရက်…

ဒေါင်…

ဒေါင်…

ကောင်းကင်ခွင်းတောင်ရှိ ခေါင်းလောင်းကြီး၏ အသံထွက်ပေါ်လာ၏။

ဤအကြိမ်တွင် ခေါင်းလောင်းသံသည် ကျယ်လောင်လေသည်။

*****

ခေါင်းလောင်းသံကြားသည်နှင့် တစ်ပြိုင်နက် တောင်အသီသီးမှ လူရိပ်များသည် ကောင်းကင်ခွင်းတောင်သို့ ပျံသန်းသွားလိုက်ကြသည်။

ရေကန်ဘေးတွင် ရှိနေသော ချီယွမ်သည်လည်း ခေါင်းလောင်းသံကြားသည်နှင့် ချက်ချင်းပင် ကောင်းကင်ခွင်းတောင်သို့ သွားလိုက်သည်။ သူသည်လည်း တောင်ထိပ်သခင်တစ်ဦးပင် မဟုတ်ပါလော။

လီချန်ရှို့သည် ထိုအခြင်းအရာကို မြင်သောအခါ သူ့ဆရာထံသို့ ညွှန်ကြားချက်အနည်းငယ်ကို အသံပို့လွှတ်လိုက်သည်။ သူသည် သူ့ဆရာကို မည်သည့်အရာမှ ဝင်မပြောရန်နှင့် မည်သည့်ကိစ္စပဲ ဖြစ်လာဖြစ်လာ ဂိုဏ်းမှ စီစဉ်သည့်အတိုင်းသာ နာခံလိုက်ဖို့ အကြံပေးလိုက်၏။

ခေါင်းလောင်းသံသည် အခန်းအောင်းကျင့်ကြံနေကြသော တပည့်များကိုလည်း နှိုးလိုက်သလိုဖြစ်သွား၏။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ပို၍ အသက်ဝင်လာပေပြီ။

အရေးပေါ်ခေါင်းလောင်းသံသည် နှစ်တစ်ထောင်လျှင် တစ်ကြိမ်ပင် မြည်ခဲ၏။ တောင်ပေါင်းစုံရှိ ချီကျင့်ကြံသူများသည် စောင့်ကြည့်နေကြပြီး မည်သည့်ကိစ္စဖြစ်သနည်းဟု တွေးတောနေကြလေသည်။

မကြာခင် ကောင်းကင်ခွင်းတောင်မှနေ၍ လူရိပ် ဆယ့်ခြောက်ရိပ် ပျံထွက်သွားပြီး တောင်ကာမန္တန်အစီရင်အပြင်သို့ထွက်ကာ မီးကျွမ်းနေသော နေရာဆီသို့ ဦးတည်ပျံသန်းသွားကြ၏။

ရှေ့ဆုံးမှ ပုဂ္ဂိုလ်သည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လေသည်။ သူ့အနောက်တွင် ဝမ်လင်းယွမ်နှင့် ဂိုဏ်းမှ အခြား မဟာအကြီးအကဲများပါ၏။

လီချန်ရှို့သိလိုက်၏။

သူတို့သည် တိုက်ပွဲဖြစ်ခဲ့သည့်နေရာကို သွားကြည့်ခြင်းမဟုတ်ပေ။ ရန်သူ၏ အဓိက တပ်ကိုသွားရှာခြင်း ဖြစ်ရပေမည်။

သို့သော် ဤအကြိမ်တွင်လည်း သူတို့သည် လက်ဗလာဖြင့်သာ ပြန်ခဲ့ရလေသည်။ သူတို့သည် အလျင်အမြန်တပ်ဆုတ်သွားသော ရန်သူများ၏ ပစ္စည်းအကြွင်းအကျန် အနည်းငယ်ကိုသာ ရခဲ့၏။

ရန်သူသည် နောက်တစ်ကြိမ်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းကို သေချာပေါက် အင်အားအလုံးအရင်းဖြင့် တိုက်မည်ဖြစ်သည်။ ထို့ပြင် ထိုတိုက်ပွဲဖြစ်လာရန် အချိန်သိပ်မလိုတော့ပေ။

သုံးနှစ်အတွင်း သေချာပေါက် တစ်ခုခုဖြစ်လာပေမည်။

လေမုန်တိုင်းထန်တော့မည် ဖြစ်သော်လည်း တောင်ကလေးများသည် တစ်ကိုယ်တည်းသာ ရင်ဆိုင်နေရလေသည်။

လီချန်ရှို့သည် လှုပ်ကုလားထိုင်ပေါ်တွင် မှီ၍ ထိုင်လိုက်ပြီး တာအိုပစ္စည်းသိုလှောင်ခန်းမှ ကူလာခဲ့သော ကျောက်စိမ်းပေလိပ်လေးကို ကိုင်ထားလေသည်။ သူသည် ထိုအပေါ်ရှိ စာများနှင့် ပုံများကို ဖြည်းဖြည်းချင်း ဖတ်ရှုလိုက်၏။

အခြေအနေအရပ်ရပ်ကို ထွင်းဖောက်မြင်နိုင်နေသော ခံစားချက်မှာ ကောင်းလှ၏။

ထိုကျောက်စိမ်းပေလိပ်ကို ဝိညာဉ်တစ်ရာမှတ်တမ်းဟုခေါ်၏။ ထိုမှတ်တမ်းတွင် အရသာရှိသော… အဟမ်း… ရှားပါးသော ဝိညာဉ်သားရဲများအကြောင်းကို မှတ်တမ်းတင်ထား၏။

ခြင်များအတွက် သဘာဝရန်သူ အများအပြားရှိ၏။ သို့သော် ယနေ့ သူ တွေ့ခဲ့သော သွေးခြင်များကို နှိမ်နင်းနိုင်မည့် အစွမ်းထက် စိတ်တန်ခိုး‌ရှိသည့် ဝိညာဉ်သားရဲများကို အကောင်အရေအတွက်များလာအောင် မျိုးပွားရမည့် ကိစ္စသည် သူ့အတွက် ခက်ခဲနိုင်လေသည်။

‘ ကြိုးစားရင်တော့ ‌ရလာဒ်ကောင်းတွေရတာပဲ ’
တစ်နာရီကြာပြီးနောက် လီချန်ရှို့၏ မျက်လုံးများ အရောင်တောက်လာ၏။ ထိုကဲ့သို့သော ဝိညာဉ်သားရဲမျိုးကို ချုံတောင်လေးအနောက်ဘက်ရှိ ဝိညာဉ်သားရဲခြံတွင် မွေးမြူထားကြောင်း သူအမှတ်ရသွားသည်။

သူ၏ မျက်နှာပေါ်တွင် အပြုံးသဲ့သဲ့တစ်ခု ပေါ်လာပြီး အိပ်ကပ်အတွင်းမှနေ၍ ကြွေပုလင်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။

ယခင် သူမြောက်ကျွန်းသို့ ဆေးပင်ရှာရန်သွားခဲ့စဉ်က ယွမ်ချင်းတို့ အုပ်စုကို သတ်ဖြတ်ပြီးနောက် အချစ်ကပ်ပါးပိုးတစ်စုံကို ရခဲ့လေသည်။

အချစ်ကပ်ပါးပိုးသည် ညှို့ဓာတ်ပါသော ကပ်ပါးပိုးဖြစ်သည်။ ထိုအရာကို တာအိုအတတ်မဟုတ်သော စုန်းကဝေအတတ်ဟု သမုတ်ကြသည်။

အစတွင် လီချန်ရှို့သည် ထိုအချစ်ကပ်ပါးပိုးကို သူမွေးမြူထားသော အဖိုးအတန်ဆုံး ဝိညာဉ်သားရဲများအတွက် အသုံးပြုလိုခဲ့ခြင်းပင်။ သူသည် ထိုသားရဲများကို မိတ်လိုက်စေ၍ အဖိုးတန်အကောင်ပေါက်လေးများ မွေးထုတ်ပေးစေလိုခြင်းဖြစ်၏။

သို့သော် သူသည် ယနေ့အထိ သုံးရန် သင့်‌တော်မည့် အကောင်ကို ရှာမတွေ့သေးခြင်းပင်။ လီချန်ရှို့သည် ချမ်းသာရေးအတွက် ဦးစားပေး ဆေးဖော်ခဲ့စဉ်က ကျင့်ဝတ်နှင့် မကိုက်ညီသော ဆေးဖော်နည်းများကိုပါ လေ့လာခဲ့ဖူး၏။ သူသည် မတော်တဆ အချစ်ကပ်ပါးပိုးကိုသုံး၍ ဖော်စပ်ရသည့် ဆေးဖော်နည်း တစ်နည်းကို မတော်တဆတွေ့ခဲ့ရ၏။

သူသည် အချစ်ကပ်ပါးပိုးကောင်းကို ကျောက်ဖြစ်စေသော အဆိပ်ဆေးပင်များကြွေး၍ ကျောက်ခဲတစ်ခဲဖြစ်သွားအောင်လုပ်ရပေမည်။ ထိုအရာကို အချစ်ကျောက်ခဲဟု ခေါ်၏။

ထို့နောက်သူသည် ဝိညာဉ်စမ်းချောင်းမှ ရေနှင့် ဆေးပင်များကိုရော၍ ထိုအထဲတွင် အချစ်ကျောက်ခဲကို စိမ်ရမည်ဖြစ်သည်။ (၄၉)ရက်စိမ်ပြီးသွားသောအခါ လျှို့ဝှက်ဆေးအာနိသင်ရှိသော ဆေးရည်ကို ရပေလိမ့်မည်။

ထိုဆေးရည်သည် ရှားပါးသော ဆေးရည်ဖြစ်သည်။ ထိုဆေးရည်သည် လဘိုးဘိုး၏ အကေးရှားပင်ကဲ့သို့ပင် အစွမ်းရှိ၏။ ထိုဆေးရည်ကို နတ်ဆေးပညာဘက်တွင်လည်း အသုံးပြုနိုင်လေသည်။

လီချန်ရှို့၏ လက်ထဲရှိ ကြွေပုလင်းလေးထဲမှ ဆေးလုံးများသည် ထိုဆေးရည်ဖြင့် ဖော်စပ်ထားသော ဆေးလုံးများဖြစ်သည်။ ထိုအရာသည် ရှားပါးသော ဝိညာဉ်သားရဲများအတွက်သာ ဖော်စပ်ထားခြင်းဖြစ်၏။

“ မင်းတို့ ကောင်းကောင်းကြိုးစားခဲ့ပါတယ်… ပိုးကောင်လေးတွေရေ… ”
လီချန်ရှို့သည် မတ်တတ်ရပ်၍ ပြုံးလိုက်ပြီး တောင်အနောက်ရှိ ဝိညာဉ်သားရဲ မွေးမြူရေးခြံသို့ သွားလိုက်လေသည်။

လင်းအယ်သည် ရေကိုယ်ယောင်ဖျောက်အတတ်ကို လေ့ကျင့်ရင်း ခြေဖျားထောက်၍ ဆေးဖော်ဆောင် ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူမသည် လီချန်ရှို့တစ်ယောက် လက်နောက်ပစ်၍ ပျံသွားသည်ကို တွေ့လိုက်ရ၏။

“ အကျင့်ပုတ်တဲ့ အစ်ကိုကြီး… ဒီကိုလာပြီး ညီမလေးနဲ့တောင် စကားပြောဖော်မရဘူး ”

“ ညီမလေးက တစ်နေ့လုံး၊ တစ်ညလုံး မနေမနားကျင့်နေတာကို… နည်းနည်းမှ ညီမလေးအပေါ် စဉ်းစားပေးဖော်မရဘူး… ”

‘ အစ်ကိုကြီးသွားနေတဲ့ ဘက်က… ’
လင်းအယ်သည် နှုတ်ခမ်းစေ့၍ အစ်ကိုကြီးနောက်သို့ လျင်မြန်စွာလိုက်သွားလိုက်၏။ သူမသည် အဘယ်ကြောင့် အစ်ကိုကြီး သားရဲမွေးမြူရေးခြံဘက်သို့ သွားကြောင်းသိလို၏။

အစ်ကိုကြီးကိုမူ စိတ်‌ကောက်နေ၍ စကားမပြောလိုသေးပေ။

မကြာမီ လင်းအယ်သည် သားရဲမွေးမြူရေးခြံအပေါ်ရှိ ကောင်းကင်မှနေ၍ ကြည့်လိုက်ရာ အစ်ကိုကြီးသည် ရေကန်ဘေးတွင် ဆောင့်ကြောင့်ထိုင်နေကြောင်း တွေ့လိုက်ရလေသည်။

လီချန်ရှို့သည် လှည့်၍ပင်မကြည့်ဘဲ လင်းအယ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

လင်းအယ်သည် အစ်ကိုကြီး ပြောချင်သည့်အရာကို နားလည်၏။ သူမသည် ကိုယ်ရောင်ကိုယ်ဝါများကို သိမ်းလိုက်ပြီး တိမ်စီး၍ အစ်ကိုကြီးဘေးသို့ ပျံသန်းသွားလိုက်သည်။ သူမသည် ဂါဝန်လေးကို သိမ်း၍ မြက်ခင်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး အစ်ကိုကြီး ကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်သည်။

“ အာ… ”

“ ရှူး… ”
လီချန်ရှို့သည် သူမကို တိုးတိုးနေရန် လက်ဟန်ပြလိုက်သည်။ လင်းအယ်သည် ကိုယ့်နဖူးကိုယ်ရိုက်လိုက်ပြီး ဆက်၍ မကြည့်ရဲတော့ပေ။

သူတို့ရှေ့မှ ရေကန်လေးအတွင်းရှိ ကြာရွက်တစ်ခုပေါ်တွင် အလွန်ရှားပါးသော ဝိညာဉ်စားကျောက်စိမ်းဖား နှစ်ကောင်ရှိလေ၏။ သူတို့လုပ်နေသည်ကို လင်းအယ်မပြောပြရဲပေ။

လင်းအယ်သည် နှုတ်ခမ်းစေ့၍ အဝေးသို့ အကြည့်လွှဲလိုက်သည်။ သူမသည် လီချန်ရှို့ကို လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ အစ်ကိုကြီး… ညီမလေးက အစ်ကိုကြီးကို နှစ်နှစ်ကာကာချစ်နေတယ်ဆိုပေမယ့် အစ်ကိုကြီးလည်း ကိုယ့်ပုံရိပ်ကိုတော့ ဂရုစိုက်ဖို့ ကောင်းပါတယ်။ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ အရာတွေ ရှိတယ်မလား။ အဲဒါတွေက အစ်ကိုကြီးအ‌ပေါ် ညီမလေးရဲ့ အမြင်တွေကို တစ်မျိုးဖြစ်သွားစေလိမ့်မယ် ”

လီချန်ရှို့သည် ပုံမှန်အတိုင်းပင် ပြန်ပြောလိုက်သည်။
“ အဲဒီလိုဆို ကျေးဇူးပါပဲ။ အစ်ကို့အပေါ်အမြင်ကို အလယ်အလတ်အဆင့်မှာ ထားပေးပါ ”

လင်းအယ်သည် မျက်လုံးပင့်၍ နှာခေါင်းရှုံ့လိုက်သည်။
“ မထားချင်ပါဘူး… အစ်ကိုကြီးအပေါ် ညီမလေးအမြင်တွေက ကောင်းပါတယ် ”

သူမသည် မျက်‌တောင်ခတ်၍ ကျောက်စိမ်းဖားကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရသွား၏။
“ အစ်ကိုကြီး… အဲဒီလို ဝိညာဉ်သားရဲတွေက မျိုးပွားဖို့ခက်တယ်လို့ အစ်ကိုကြီး ပြောဖူးတယ်မလား။ အဲဒီအကောင်တွေကို အစ်ကိုကြီးက အရက်နဲ့လည်းမမြည်းရက်၊ ဆေးဖော်တဲ့နေရာမှာလည်း မသုံးရက်ဖြစ်နေတာမလား… ”

လီချန်ရှို့သည် သူ၏ လက်အတွင်းရှိ ကြွေပုလင်းအလွတ်ကို လှုပ်ယမ်းကာ ပြုံး၍ ပြောလိုက်သည်။
“ အစ်ကို့မှာ အစ်ကို့အစီအစဉ်နဲ့ အစ်ကို ရှိပါတယ် ”

“ ဒါက… ”
လင်းအယ် ရုတ်ချည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူမ၏ မျက်နှာလေး နီရဲလာ၏။ အစပိုင်းတွင် သူမသည် အနည်းငယ် စက်ဆုပ်သွားသော်လည်း မျက်တောင်ခတ်၍ တမင်ရွဲ့ပြောလိုက်သည်။
“ အာ… ”

“ အစ်ကိုကြီးက ဒီလိုဆေးလုံးတွေကို ခိုးကြောင်ခိုးဝှက်နဲ့ ဖော်နေတာကိုး… ”

“ စာအုပ်တွေမှာ ရေးထားတာ တကယ်မှန်တာပဲ။ ဆေးဖော်ရတာ ဝါသနာပါတဲ့ သူတွေမှာ အဲဒီလိုအတွေးတွေ ရှိမှာပဲတဲ့။ ဒီလိုဆိုတော့လဲ အစ်ကိုကြီးရဲ့ ညီမလေးက…. အဲ အစ်ကိုကြီးမှာ မိတ်လိုက်အောင် လုပ်ဖို့ ကျန်သေးတဲ့ သားရဲတွေရှိသေးလား… ”

“ ညီမလေး အကောင်းဆုံးကြိုးစားပြီး ကူညီပေး ပါ့မယ် ”

လီချန်ရှို့က တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
“ ပေါက်ကရ အတွေးတွေ တွေးမနေနဲ့။ အစ်ကိုက ဒီဆေးပုလင်းတွေမှာ အထူးတံဆိပ်တော်တွေ ခံထားပြီးသား ”

“ ဟွန်း…အကျင့်ပုတ်လိုက်တာ… အစ်ကိုကြီးက ညီမလေးကိုတောင် မယုံသင်္ကာဖြစ်နေတယ်ပေါ့လေ။ ဘယ်လို အစ်ကိုမျိုးလဲကို မသိပါဘူး… ”

“ အစ်ကိုလည်း မတတ်နိုင်ဘူးလေ… အစ်ကို့ရဲ့ ညီမလေးမှာက အကြံဆိုးတွေ ရှိတာကိုး… ”

လင်းအယ်သည် မျက်စောင်းထိုးလိုက်ပြီး ဘေးရှိ သားရဲမွေးမြူရေးခြံအတွင်းသို့ ကြည့်လိုက်သည်။ သို့သော် သူမ၏ အတွေးများမှာ အခြားနေရာသို့ ရောက်ရှိနေလေသည်။

သူမသည် လီချန်ရှို့တစ်ယောက် အလုပ်ရှုပ်နေကြောင်း မသိခဲ့ပေ။ ထိုဝိညာဉ်သားရဲသည် ချုံတောင်လေးအတွက် လွန်စွာအရေးပါသော အကာအကွယ်တစ်ခု ဖြစ်လာမည်ကို သူမ မသိပေ။

ထို့ပြင် ထိုတိုက်ပွဲပြီးသွားလျှင်လည်း ကျောက်စိမ်းဖားများသည် အလဟဿဖြစ်မည် မဟုတ်ချေ။ လီချန်ရှို့အနေဖြင့် ဆရာဦးလေးကျိုးဝူကို ဖိတ်၍ ထိုဖားများကို ဟော့ပေါ့လုပ်စားကာ အရက်ဖြင့်မြည်းပစ်၍ ရပေသည်။

‘ တောက်… အရသာတော့ တော်တော်ရှိမှာပဲ ’

*****

နေ့ဝက်ကြာပြီးနောက် ဂိုဏ်းပြင်သို့ထွက်သွားကြသော ဂိုဏ်းချုပ်အပါအဝင် မဟာအကြီးအကဲ ဆယ့်ခြောက်ယောက်သည် ကောင်းကင်ခွင်းတောင်သို့ ပြန်ရောက်လာ၏။

မကြာခင် ယနေ့မှစ၍ ဂိုဏ်းမှ တပည့်များကို အပြင်သို့ထွက်ခွင့်မပေးတော့ကြောင်း ဂိုဏ်းချုပ်ကိုယ်တိုင် ကြေညာလိုက်လေသည်။ တောင်ကာမန္တန်အစီအရင်ကိုလည်း လုံးဝ ပိတ်ပစ်လိုက်ပေပြီ။

ထို့နောက် ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲများသည် သူတို့ မည်သို့ဆက်လုပ်ရမည်ကို ဝမ်လင်းယွမ်နှင့် ဆွေးနွေးတိုင်ပင်လိုက်ကြသည်။

အကြီးအကဲဝမ်လင်းယွမ်သည် မဟာအကြီးအကဲအဖြစ်သို့ ရာထူးတိုးပေးခံရတော့မည် ဖြစ်သည်။ သို့သော် သူသည် ထိုရာထူးများကို ဂရုစိုက်ပေ။ သူသည် သုံးချောင်းထောက်ဆေးတောင်တွင် ကျင့်ကြံရင်း အေးအေးလူလူ ဆေးဖော်၍သာ နေလိုပေသည်။

လက်ရှိတွင် သူ၏ နာမည်ဂုဏ်သတင်းသည် ဂိုဏ်းတွင်း၌ မကောင်းသတင်းဖြင့် ကျော်ကြားသော်လည်း ရာထူးမှာမူမနိမ့်ပေ။

ယခုတွင် အကြီးအကဲဝမ်လင်းယွမ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လာရောက်တိုက်ခိုက်ရန်ကြံနေသည့် စွမ်းအားကြီး ရန်သူများကို တစ်ယောက်တည်းနှိမ်နင်း၍ ဂိုဏ်းကို ကယ်တင်ခဲ့လေပြီ။ ထို့ကြောင့် ဂိုဏ်းသည် သူ့အပေါ် ပြန်၍ ကျေးဇူးတုံ့ပြန်လိုခြင်းသာဖြစ်၏။

သို့သော် ကိစ္စကြီးကို စွမ်းဆောင်နိုင်ခဲ့သော အကြီးအကဲတစ်ဦးကို ဆုချသည်ဟု သုံးရန် မသင့်တော်ပေ။ ထို့ကြောင့် ကျေးဇူးတုံ့ပြန်သည်ဟုသာ သုံးနှုန်းခြင်းဖြစ်လေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်သည် တွေးတောပြီးနောက် ပြုံး၍ ပြောလိုက်သည်။
“ အကြီးအကဲ ဝမ်လင်းယွမ် … ဒီတစ်ခေါက် အကြီးအကဲအနေနဲ့ အဖိုးတန် အဆိပ်ဆေးလုံးတွေ တော်တော်သုံးလိုက်ရမှာပဲ။ အကြီးအကဲ ဆုံးရှုံးသွားတာတွေကို ဂိုဏ်းက ပြန်အစား‌ပေးပါမယ် ”

အကြီးအကဲ ဝမ်လင်းယွမ်သည် အတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဂိုဏ်းချုပ်လှမ်းပေးသော သိုလှောင်ဓမ္မရတနာ လက်စွပ်လေးကိုကြည့်၍ ခေါင်းခါ၍ ငြင်းလိုက်၏။

ဂိုဏ်းကိုကာကွယ်ခြင်းသည် ဂိုဏ်းသားတိုင်း လုပ်သင့်သော တာဝန်သာဖြစ်သည်။ သူသည် ထိုဆုကို လက်မခံနိုင်ပေ။ သို့သော် မကြာခင် အကြီးအကဲဝမ်လင်းယွမ်သည် တစ်စုံတစ်ခုကို အမှတ်ရသွား၏။ သူ၏ နှုတ်ခမ်းစွန်းနှစ်ခုသည် ကွေးညွတ်သွားပြီး အေးစက်စက်အပြုံးတစ်စ ပေါ်လာလေ‌တော့သည်။

သူသည် ထိုဆုကို လီချန်ရှို့အား ပြန်၍ ဆုချနိုင်သည်။

“ ကျုပ် လက်ခံလိုက်ပါမယ် ”
ထိုသို့ပြောပြီးနောက် လက်စွပ်လေးကို ယူလိုက်ပြီး ချိုင်းထောက်ကို အားပြု၍ တံခါးဆီသို့သွားလိုက်၏။ အခန်းတွင်းမှ လူများသည် သူ၏ နောက်ကျောပြင်ကို ကြည့်၍ ကျန်ခဲ့လေသည်။

အကြီးအကဲဝမ်လင်းယွမ်နှင့် မျိုးဆက်တစ်ခုတည်းဖြစ်သော တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်၏။ သူသည် သူ့အရှေ့တွင်ထိုင်နေသော မဟာအကြီးအကဲများကိုကြည့်၍ နူးနူးညံ့ညံ့မေးလိုက်သည်။
“ ကျုပ်ပြောလိုက်တဲ့ အထဲမှာ အကြီးအကဲဝမ်လင်းယွမ်ကို စိတ်ဆိုးသွားစေမယ့် စကားများ ပါသွားသလား ”

မဟာအကြီးအကဲများသည် ခါးသက်သက်ပြုံးလိုက်ကြ၏။ သူတို့သည်လည်း အကြီးအကဲဝမ်လင်းယွမ်နှင့် မရင်းနှီးကြပေ။


Comment

Leave a Reply

Options

not work with dark mode
Reset