အပိုင်း (၃၉၀)

တပည့်ဖြစ်လာသည့် အကြောင်းများ

“အသက်ရှင်ရတာ မကောင်းဘူးလား…” ဆရာဒူ၏ တည်ငြိမ်သော အသံက ချင်ဘုရင်၏ နားထဲကို ဝင်ရောက်လာကာ သူ၏ တစ်ကိုယ်လုံးအား အေးစက် သွားစေသည်။ ဆရာဒူက သူ၏အရှိန်အဝါကို မထုတ်လွှတ်သော်လည်း သူ၏ စကားတစ်ခွန်းတည်းက ထိုသို့ စွမ်းအားမျိုး ရှိနေကာ ချင်ဘုရင်အား ကြောက်ရွံ့စေသည်။

“ဂျူနီယာ…” ကျောင်းအုပ်ရှောင်က ဆရာဒူအား သုန်မှုန်စွာ ကြည့်သည်။

“ကျုပ်မှာ ရွေးစရာ မရှိတော့ဘူး…” သူက ဆွံ့အစွာ ခေါင်းကုတ်သည်။

ရုတ်တရက် နဂါးအော်သံနှင့်အတူ မြေပြင်က တုန်ခါသွားသည်။ စာအုပ်တောင်တွင် များစွာသော ကျောင်းတော် တပည့်များက ထိတ်လန့်သွားကာ အမှန်တကယ် သွေးများ ဆူပွက်လာသလို ခံစားကြရသည်။ ထိုအားကောင်းသော မာန်သွင်းသံက ချင်ဘုရင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့နောက် သူ့ထံမှ လွန်စွာ တောက်ပ လင်းလက်သော နဂါးကြီး တစ်ကောင် ထွက်ပေါ်လာကာ ကောင်းကင်ပေါ်ကို ပျံသန်းသွားသည်။ ထို့နောက် ကြောက်မက်ဖွယ် ရွှေလက်သည်းများဖြင့် ဆရာဒူ၏ခေါင်းအား ကုတ်ခြစ်လိုက်သည်။ သူတို့နှစ်ယောက်က အလွန် နီးကပ်နေကြသလို တိုက်ခိုက်မှုကလည်း လွန်စွာ ကြမ်းတမ်း လွန်းလှသည်။ ထို့အပြင် တိုက်ခိုက်လိုက်သူ ကလည်း ချင်ဘုရင် ဖြစ်သည်။ မည်သည့်နိုဘယ် အဆင့်မဆို ထိုတိုက်ခိုက်မှု အောက်မှ လွတ်မြောက်မည် မဟုတ်ပေ။ ထိုအခိုက်တွင် စာအုပ်တောင်မှ အားလုံးသော တပည့်များက ဆရာဒူကို စိုးရိမ်စွာ ကြည့်နေကြသည်။

သို့သော်လည်း ဆရာဒူက မသေပေ။ ရွှေရောင် လက်သည်းများက လေထဲတွင် ထိုအတိုင်း ရပ်တန့်နေသည်။ ထိုလက်သည်းမှ များစွာသော ပုံရိပ်ယောင် နဂါးများ ထွက်ပေါ်လာကာ ဟိန်းဟောက်သံများ ပေးကြသည်။ သို့သော်လည်း ထိုအားကောင်းသော တိုက်ခိုက်မှုက ဆရာဒူအား သတ်နိုင်စွမ်း မရှိပေ။

အချိန်ကိုယ်တိုင်က အေးခဲသွားပုံရသည်။ ဆရာဒူက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ထိုင်နေသည်။ လူသတ်လိုသော နဂါးများက သူ့အား ရစ်ပတ်ရန် ကြိုးစား နေကြသော်လည်း မမြင်ရသော အားလှိုင်းများ၏ ကာကွယ်မှုများကြောင့် အနားကို မကပ်နိုင်ပေ။ ထိုအားလှိုင်းများက ဖျက်ဆီး၍ ရနိုင်ဟန် မတူပေ။ ထို့အပြင် ထိုအားလှိုင်းများက ချင်ဘုရင်ကိုပါ ရစ်ပတ် လာနေသည်။

ချင်ဘုရင်က စတင်၍ တုန်ယင်သည်။ သူကား ထိတ်လန့်ကာ ကြောက်ရွံ့သလို နားမလည်သော အမူအရာများလည်း ဖြစ်ပေါ်နေသည်။

“ရှီ…” ချင်ဘုရင်၏ မျက်နှာက လွန်စွာ ပျက်ယွင်းနေသည်။ သူက ဆရာဒူအား ကြည့်လျှင် ဆရာဒူက သူ၏ပုံမှန် တည်ငြိမ် တိတ်ဆိတ်မှုများဖြင့် ပြန်ကြည့်သည်။ ချင်ဘုရင်၏ မျက်နှာက အဆက်မပြတ် ပြောင်းလဲသွားသည်။ ထို့နောက် သူက ဆက်မေးသည်… “ဘာလို့လဲ… ကောလာဟလတွေက ဘာလို့ ခင်ဗျားက တန်ခိုးကျင့်တာကို နားမလည်ဘူးလို့ ပြောတာလဲ…”

“ဒီလောကမှာ တန်ခိုးကျင့်တာကို နားလည်တယ်လို့ ဘယ်နှယောက်က ပြောရဲလဲ…”  ဆရာဒူက ပြန်ပြောသည်။

“ဒါဆို ဘာလို့ ကျုပ်တို့ကို မတိုက်ခိုက်ခဲ့တာလဲ…” ချင်ဘုရင်ကား ရှုံးနိမ့်နေဆဲ ဖြစ်သည်။ သူက လုံလောက်သော ဖိအားပေးခဲ့ပြီဟု မိမိကိုယ်ကို တွေးထင်ခဲ့သည်။ ဆရာဒူကသာ တကယ် အားကောင်းခဲ့ပါက အဘယ်ကြောင့် ချင်ပြည်ထောင်ကို မဖျက်ဆီးခဲ့သနည်း။ ဆရာဒူက အမှန်တကယ် တန်ခိုး မကျင့်ဆိုသည်ကို တစ်ခါမှ မယုံကြည်ခဲ့ပေ။ ဓားသခင်နှင့် ကော့တေးမှ တပည့်များအား သင်ကြားနိုင်သော ဆရာအား သူက မည်သို့ အထင်သေးရဲမည်နည်း။ သို့တိုင်အောင် ဆရာဒူက တန်ခိုးကျင့်လျှင်ပင် ကျောင်းတော် ကျောင်းအုပ်နှင့် အဆင့်တူ သို့မဟုတ် အနည်းငယ် ပိုမိုအားကောင်းမည် ဟုသာ သူက ထင်မှတ်ခဲ့သည်။ သို့သော် သူက ရှီတန်ခိုးရှင် ဖြစ်နေမည်ဟု သူလုံးဝ မထင်မှတ်ထားပေ။ မဟုတ်လျှင် ဘာကြောင့် အခုမှ သူက တိုက်ခိုက်ရ သနည်း။

“ငါက အခု တိုက်ခိုက်နေတာ မဟုတ်ဘူးလား…” ဆရာဒူက ဖြည်းညင်းစွာ ပြောသည်။ ထို့နောက် တောက်ပသော အလင်းများက ချင်ဘုရင်အား ကောင်းကင်သို့ ဆွဲခေါ်သွားသည်။ ရုတ်တရက် သူ့နောက်တွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ သူ၏နဖူးက အညိုရောင်အဖြစ် ပြောင်းလဲသွားဟန် ရကာ ကြောက်မက်ဖွယ် ကောင်းသော စိတ်အသိက ဆရာဒူထံ တိုးဝင်သွားသည်။ ထိုအခိုက်တွင် စာအုပ်တောင်၌ များစွာသော ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ မကောင်းဆိုးဝါး နဂါးများက တောင်၏အပေါ်မှ ကောင်းကင်တွင် ပေါ်လာကြသည်။

မရေမတွက်နိုင်သော လူများက ထိုကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်ယောင်များကို ငေးကြည့်နေကြသည်။ သူတို့အားလုံး ထိတ်လန့် နေကြသည်။ ချင်ဘုရင်၏ဘေးမှ အဘိုးအို နှစ်ယောက်ကလည်း တူညီသော စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ ထိုအရာက သူတို့ကိုယ်တိုင် သေခြင်းတရား အဖြစ် ပြောင်းလဲ သွားသည့်ပုံပင်။ ကောင်းကင်တွင် အနက်ရောင် အားလှိုင်းများမှ ဖန်တီးသော မျက်နှာကြီးတစ်ခု ပေါ်လာကာ စာအုပ်တောင်ကို ကြည့်သည်။

“ကျုပ် မျိုးဆက်ကို ဘယ်သူက ထိရဲတာလဲ…” လွန်မင်းစွာ အေးစက်သော အသံတစ်ခုက စာအုပ်တောင်မှ လူအများအပြားအား အေးစက်စေသည်။

ချင်ဘုရင်…။ သူ၏ မျိုးဆက်…။ ပြောကြသည်မှာ ချင်ဘုရင် သူတို့၏ ဘိုးဘေး အုတ်ဂူကို ဖော်ထုတ်ခဲ့သည်။ ယခု သူတို့ ဘိုးဘေး၏ စိတ်အသိကပင်လျှင် အမှန်တကယ် တွေ့ရှိခဲ့ကြသည်။

ထိုမြင်ကွင်းကား လွန်စွာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ လူတိုင်းက သူတို့၏ ခန္ဓာကိုယ်အား သေခြင်းတရားက ချဉ်းကပ် လာသည်ကို ခံစားရသည်။ ထို့ကြောင့် ချင်ပြည်ထောင်က ကျောင်းတော်ကို စစ်ကြေညာရခြင်း၏ အစစ်အမှန် အကြောင်းပြချက်လား…။

ဆရာဒူက ခေါင်းမော့ကာ ကောင်းကင်မှ ပုံရိပ်ယောင် မျက်နှာအား ကြည့်ပြီး ခံစားချက် ကင်းမဲ့စွာ ပြောသည်… “ခင်ဗျားရဲ့ မျိုးဆက်က မသိတတ်ဘူး… ကျုပ်က ခင်ဗျားအစား သူ့ကို သင်ခန်းစာ ပေးနေတာ…” မဆုံးနိုင်သော အနက်ရောင် စွမ်းအားများက ဖြစ်ပေါ်နေသော မျက်နှာက ဆရာဒူအား စိုက်ကြည့်နေသည်။ ထို့နောက် အနက်ရောင် အားလှိုင်းက ကျောင်းတော်၏ နေရာတိုင်းကို ကြမ်းတမ်းစွာ စီးဆင်းလာသည်။

ဆရာဒူက သူ၏လက်အား ကောင်းကင်သို့ ဆန့်တန်းလိုက်သည်။ ထိုအခိုက်တွင် စာအုပ်တောင်၏ အပေါ်တွင် ဧရာမလက်ဝါး တံဆိပ်တော်ကြီး တစ်ခု ပေါ်လာသည်။ လက်ဝါး တံဆိပ်တော်က ကောင်းကင်နှင့်မြေကြီး အကြားတွင် တည်ရှိနေကာ စာအုပ်တောင် တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ မဆုံးနိုင်သော အနက်ရောင် အားလှိုင်းများက လက်ဝါး တံဆိပ်တော်နှင့် ရင်ဆိုင်မိသည်။ သို့သော် ဧရာမလက်ဝါး တံဆိပ်တောင်၌ ထက်ရှသော ဓားအသိနှင့် မီးအသိတို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။

လက်ဝါး တံဆိပ်တော်က မြန်ဆန်စွာဖြင့် ကြီးမား ကျယ်ပြန့်လာကာ ကောင်းကင် တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ လက်ဝါးကြီးက သူကိုယ်တိုင် ကမ္ဘာတစ်ခုအလား ဖြစ်လာကာ သူ၏ လက်ချောင်းများက တောင်ငါးလုံးနှင့် သဏ္ဌာန်ရသည်။ လက်ချောင်းများပေါ်တွင် စီးဆင်းနေသော ဓားအသိက အရာအားလုံးကို ထွင်းဖောက် သွားနိုင်စွမ်း ရှိသည်။ ကောင်းကင်ကို ဖုံးလွှမ်းနေသော ကောင်းကင် မီးတောက်များက လောကအား ပြာဖြစ် သွားစေနိုင်သည်။ ဓားအသိနှင့် မီးအသိတို့ ပေါင်းစပ်သွားသည်။ ချင်ပြည်ထောင်မှ လူများအားလုံးကို လက်ဝါးကြီးက ဖုံးအုပ်သွားသည်။

“မဟုတ်ဘူး…” ချင်ဘုရင်နှင့် ချင်ပြည်ထောင်မှ လူများက မဆုံးနိုင်သော အကြောက်တရားကို ခံစားကြရသည်။ သူတို့က ကောင်းကင်ပေါ်ကို တက်ကာ ထွက်ပြေးရန် ကြိုးစားကြ သော်လည်း လက်ဝါးကြီးက လေဟာနယ်အား အေးခဲ သွားစေသည်ကို သိလိုက်ကြသည်။ သူတို့က မလှုပ်ရှားနိုင်တော့သော အချိန်တွင် သူတို့အား ကြီးမားသော မြေဆွဲအားက အောက်ကို ပြန်လည် ဆွဲယူသွားသည်။ ထွက်ပြေး လွတ်မြောက်မည့်အစား သူတို့က အောက်ကို ပြန်လည် ကျဆင်းနေသည်။

“ကြည့်ရတာ အားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော အရာက အင်အားပဲ… လောကမှာ အကြီးဆုံးအရာက တကယ်ပဲ လက်သီးပဲ…” ဆရာဒူက ငေါ့တော့တော့ ပြောကာ သူက ကောင်းကင်ကို ညွှန်ပြထားသော လက်ဝါးအား အသာအယာ ဆုပ်လိုက်သည်။ ဤတွင် ကောင်းကင်မှ ဧရာမ လက်ဝါးကြီးက စတင်၍ ဆုပ်ကိုင်တော့သည်။

“ဆရာဒူ.. ကျေးဇူးပြုလို့… သနားပါ…” လူအများအပြားက တောင်းပန်တိုးရှိုး ကြသည်။ သို့သော်လည်း ယခုတွင်ကား ဆရာဒူက သနားခြင်း မရှိတော့ပေ။ လက်ဝါးကြီးက ထိုလူများအား ဆုပ်ကိုင်သွားသည်။ ဘန်းခနဲ မြည်ဟည်းသံနှင့်အတူ အရာအားလုံးက ပြာမှုန့် ဖြစ်သွားသည်။ လက်ဝါး တံဆိပ်တော်က သဘာဝ စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ထဲ ပျောက်ကွယ် သွားသည်။ ကောင်းကင်မှ နေရောင်များ ပြန်လည် ကျဆင်းလာကာ အရာအားလုံးက ကြည်လင် တောက်ပနေသည်။ ကောင်းကင်တွင် ဘာမှ မရှိတော့ပေ။ အနက်ရောင် အားလှိုင်းများလည်း မရှိတော့သလို ချင်ပြည်ထောင်မှ​ တန်ခိုးရှင်များလည်း မရှိတော့ပေ။ ချင်ပြည်ထောင်က ထိုလက်ဝါးနှင့်အတူ အရှေ့မြေရိုင်းဒေသ၏ အချိန်မြစ်ရေ စီးကြောင်းထဲ မျောပါသွားပြီး ဖြစ်သည်။

စာအုပ်တောင်ပေါ်တွင် မရေမတွက်နိုင်သော လူများက တုန်ယင် သွားကြကာ စကားပင် ပြောနိုင်စွမ်း မရှိကြတော့ပေ။ ထိုအခိုက်တွင် သူတို့ ခံစားနေရသည်များကို မည်သူမှ​ စကားအားဖြင့် ထုတ်ပြောနိုင်စွမ်း မရှိပေ။

ဧရာမ လက်ဝါး တံဆိပ်တော်က ခေတ်စနစ် တစ်ခုလုံးအား တစ်ကွက်တည်းဖြင့် ပြောင်းလဲ စေခဲ့သည်။

သူက တကယ့်ဆရာဒူလား…။ သူကား တန်ခိုးမကျင့်ဟု ပြောလေ့ပြောထ ရှိကာ အရှေ့မြေရိုင်း ဒေသမှ အတော်ဆုံး တပည့်များအား မွေးထုတ်ပေးသော ဆရာဒူဖြစ်သည်။

မရေမတွက်နိုင်သော လူများက ထိုအဘိုးအိုအား လေးစားစွာ ကြည့်နေကြသည်။ ကျောင်းတော်၊ ဓားသခင်တောင်နှင့် လစန္ဒာကလန်များမှ တပည့်များ အားလုံးတွင် တစ်ခုတည်းသော အတွေးတစ်ခုသာ ရှိသည်။ ထိုအရာက အရှေ့မြေရိုင်း ဒေသတွင် ဆရာဒူကား သံသယ ရှိစရာ မလိုအောင် စွမ်းအား အကြီးဆုံးလူ ဖြစ်သည်။

အဘိုးအိုက သူ၏လက်အား ဆန့်တန်းထားရာမှ ပြန်ရုပ်သိမ်း လိုက်သည်။ မရေမတွက် နိုင်သော လေးစား ကိုးကွယ်သော အကြည့်များကို ခံစားမိလျှင် သူက ကျောင်းအုပ် ရှောင်အား ကြည့်ကာ ပြောသည်… “နှိမ့်ချပြီးနေဖို့ ဘာလို့ ဒီလောက် ခက်ခဲတာလဲ…”

အဟွတ်… အဟွတ်…

ကျောင်းအုပ် ရှောင်ကား ချက်ချင်း သတိဝင်လာကာ ဆရာဒူကို ဆွံ့အစွာ ကြည့်သည်။ သို့သော်လည်း ဆရာဒူက သူ၏ လက်နှစ်ဖက်အား နောက်တွင် ချိတ်လျက် ထိုနေရာမှ ဖြည်းညင်းစွာ လျှောက်လှမ်း ထွက်ခွာသွားပြီး ဖြစ်သည်။

***

ကောင်းကင်တောင်နှင့် စာအုပ်တောင် အကြား လမ်းတစ်ခုတွင် တန်ခိုးရှင် အနည်းငယ်က လေထဲတွင် ပျံသန်းကာ ခရီး နှင်နေကြသည်။ သူတို့ကား ဓားသခင်၊ ကျူးကော့ဟွေ၊ ဂူတုံးလျိုနှင့် ရီဖူရှင်းတို့ ဖြစ်ကြသည်။ အတန်ကြာ အနားယူပြီးလျှင် သူတို့က စာအုပ်တောင်ကို ပြန်လည် ခရီးနှင် လာကြသည်။

“အစ်ကိုကြီး… ကော့တေးကို တစ်ခုခု ဖြစ်မှာလား…” ရီဖူရှင်းက စိုးရိမ်စွာ မေးသည်။ ချင်ဘုရင်က စာအုပ်တောင်ကို သွားရောက်သည်ဟု ချင်ယွီက ပြောခဲ့သည်။ ထို့အပြင် ရီဖူရှင်းက မြေရိုင်းဒေသမှ လူများနှင့်လည်း ရန်စရှိခဲ့သည်။

“စိတ်မပူနဲ့… ဆရာရှိတယ်… ကော့တေးက ဘာမှ ဖြစ်မှာ မဟုတ်ဘူး…” ဂူတုံးလျိုက ပြောသည်။

ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားကာ ထပ်မေးသည်… “ဆရာက ဘယ်အဆင့်မှာလဲ…” ဆရာဒူက တကယ် တန်ခိုးမကျင့်ဟု သူက ယုံကြည်ခဲ့လျှင် သူ့လောက် ရူးသောသူ မရှိတော့ပေ။

“ရှီ…” ဂူတုံးလျိုက တိုက်ရိုက် ပြောသည်။ ရီဖူရှင်း၏ မျက်လုံးများက တောက်ပသွားသည်။ ကြည့်ရသည်မှာ သူ စိုးရိမ်မှုများက အပို သက်သက်သာ ဖြစ်သည်။

“တကယ်က ဆရာ့ကို ငါစိတ်ပူတယ်…” ဓားသခင်က ရုတ်တရက် ပြောသည်… “မြေရိုင်းဒေသက တန်ခိုးရှင်တွေက ဒီကို ရောက်လာကြတယ်… ချင်ပြည်ထောင် ကလည်း ငါတို့ကို တိုက်ခိုက်တယ်… ဆရာက သူ့ရဲ့ စွမ်းအားတွေကို ပြသရတော့မယ်လို့ ငါထင်တယ်…”

အစ်မနှစ်နှင့် အစ်ကိုသုံးတို့ နှစ်ယောက်လုံးက တိတ်ဆိတ် နေကြသည်။ ထိုအဖြစ်က ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာစေသည်။ ဆရာက ရှီတန်ခိုးရှင် ဆိုပါက အဘယ်ကြောင့် စိုးရိမ်နေရသနည်း။

“ညီငယ်လေး… ငါတို့က ဆရာရဲ့ တပည့် ဘယ်လို ဖြစ်လာလဲ မင်းသိလား…” ဓားသခင်က မေးသည်။

ရီဖူရှင်းက ခေါင်းယမ်းသည်။

“ငါက မိဘမဲ့တစ်ယောက်ပဲ… ငါ ငယ်စဉ်က ကလန်လေးတစ်ခုကို နှစ်ဖက်သွား ဓားပညာ သင်ချင်လို့ သူတို့ ကလန်ကို ဝင်ရောက်ချင်ခဲ့တယ်… ငါ့ရဲ့ ပါရမီက အားနည်းလို့ သူတို့က ငါ့ကို ငြင်းခဲ့ကြတယ်… တစ်ယောက်က တောင်ခြေက ကျောက်တုံး တစ်တုံးကို ညွှန်ပြပြီး ငါ့ကို ကျောက်နံရံမှာ ဓားတစ်လက်ပုံကို ဆွဲခိုင်းတယ်… ဒါဆို သူတို့က ငါ့ကို တောင်ပေါ်ကို တက်ခွင့်ပေးမယ် ပြောတယ်… ဒါနဲ့ ငါက ငါ့ရဲ့ နှစ်ဖက်သွားဓားကို ထုတ်ပြီး ကျောက်တုံးပေါ်မှာ ဓားပုံပေါ်အောင် သုံးလလောက် ရေးထွင်းခဲ့တယ်… နောက်ဆုံး ဓားပုံရေးရေးလေး တစ်ခု ငါဆွဲနိုင်ခဲ့တယ်… ငါက တောင်ပေါ်ကို တက်ဖို့ ကြိုးစားခဲ့ပေမဲ့ ထပ်ပြီး နှင်ထုတ်ခံရတယ်… ဒါနဲ့ ဆရာက ငါ့ကို တွေ့ပြီးတော့ ငါက တန်ခိုးကျင့်ဖို့ ပါရမီ မပါဘူးတဲ့… ဒါကြောင့် သာမန် ဝေယျာဝစ္စလုပ်ဖို့  သူ့နောက်ကို လိုက်ဖို့ပြောတယ်… ဒီနောက်မှာ ငါက ဆရာရဲ့တပည့် ဖြစ်လာတာပဲ…” အတိတ်က အကြောင်းကို ပြန်တွေးကာ ဓားသခင်က ပြုံးလိုက်သည်။ သူက ထိုအဖြစ်အပျက်အား မည်သည့်အခါမှ မေ့နိုင်မည် မဟုတ်ပေ။

“ပြီးတော့ အစ်ကိုကြီးက အရှေ့မြေရိုင်း ဒေသမှာ ဓားသခင် ဖြစ်လာတယ်…” ရီဖူရှင်း မျက်လုံးပြူး သွားသည်။ ထိုအရာက အမှန်ပင် ရိုးရှင်းသော ပုံပြင်တစ်ပုဒ် ဖြစ်သည်။

“အစ်မနှစ်ကရော…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။

“ငါမေ့သွားပြီ…” ကျူးကော့ဟွေက ပြောသည်။ ရီဖူရှင်း ဆွံ့အသွားသည်။

“အဲဒီတုန်းက ညီမနှစ်က  အိမ်က ထွက်ပြေးလာတာ… ညီမနှစ်ရဲ့ မိသားစုတွေက ညီမနှစ်ကို လိုက်ရှာနေကြတယ်… ဆရာက ညီမနှစ်ရဲ့ မိသားစုတွေ ရှာမတွေ့နိုင်တဲ့နေရာ ရှိတယ်လို့ ညီမနှစ်ကို ပြောတယ်… ပြီးတော့ ဆရာက ညီမနှစ်ကို အရှေ့မြေရိုင်း ဒေသကို ခေါ်လာခဲ့တာပဲ…” ဓားသခင်က ပြုံးလျက် ပြောသည်။

“အာ…” ရီဖူရှင်းက ဘာပြောရမည် မသိတော့ပေ။

“အစ်ကိုသုံးကရော…” ရီဖူရှင်းက မေးသည်။

“ဒါက ပိုပြီး ရိုးရှင်းတယ်… ဆရာက မင်းရဲ့ အစ်မနှစ်ကို အပြင်ကို ခေါ်သွားတုန်းက သူတို့က မင်းရဲ့ အစ်ကိုသုံးကို တွေ့တယ်… ငါကြားတာကတော့ မင်းရဲ့ အစ်ကိုသုံးက ညီမနှစ်ကို တွေ့တဲ့အချိန်မှာ သူတို့နောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးတော့ ဘယ်တော့မှ ထွက်မသွားတော့ ဘူးတဲ့…” ဓားသခင်က ပြောသည်။

“…” ရီဖူရှင်း မှင်တက်သွားသည်။ သူတို့က အမှန်ကော လောကတွင် နာမည် ကျော်ကြား လာခဲ့ကြသော ကော့တေး၏ တပည့်များလား…။ သူတို့က ဆရာဒူ၏ တပည့်ဖြစ်လာရန် အလွန် ကောင်းမွန်သော အကြောင်းပြချက်များကို ပိုင်ဆိုင် ထားကြပေသည် တကော…။

***

အတွဲ(၂၆)ပြီးပါပြီ

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset