ကောင်းကင်တောင် တစ်ခုလုံး တိတ်ဆိတ်နေသည်။ ချင်ယွီနှင့် တခြားလူများအား သတ်ပြီး နောက်ပိုင်းတွင် ကောင်းကင် တစ်ခွင်လုံးကို ဖုံးအုပ်ထားသော နွယ်ပင်များ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ ကောင်းကင်မှ တစ်ဖန် နှင်းများ ကျဆင်း လာကြသည်။ မရေမတွက်နိုင်သော လူများက ရီဖူရှင်းအား ကြည့်နေကြသည်။ ထိုအခိုက်တွင် ချောမောသော လူငယ်လေးက လောကတွင် တစ်ယောက်တည်း ရှိသည့်အလား ထင်မှတ်ရသည်။ ချင်ယွီ၊ ဖူယွန်ဓားကလန် ခေါင်းဆောင်နှင့် တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်တို့က သူ့လက်ထဲတွင် သေခဲ့ရသည်။ ဒွန်ဟွာကလန် ခေါင်းဆောင်နှင့် သူ၏ဇနီးက အရှေ့မြေရိုင်းဒေသမှ ကိစ္စရပ်များတွင် ဝင်မပတ်သက်တော့ဟု ကတိပေးခဲ့သည်။
အရှေ့မြေရိုင်းဒေသမှ နောက်ဆုံးတိုက်ပွဲက မည်သည်မှ မမျှော်လင့်ထားသော ပုံစံဖြင့် အဆုံးသတ်ခဲ့သည်။ ထိုအရာက အမှန်ဟုပင် မထင်မှတ်ရပေ။ သို့သော် အမှန်တကယ် အားဖြင့်လည်း လွန်စွာ ထိတ်လန့်ရသော အမှန်တရား တစ်ခုဖြစ်သည်။ ဤတိုက်ပွဲ နောက်ပိုင်းတွင် ကော့တေးအား မည်သူမှ ယှဉ်နိုင်တော့မည် မဟုတ်တော့သည်မှာ သေချာသည်။ သို့သော် မြေရိုင်းဒေသမှ အင်အားစုများ မပါဝင်ပေ။
သို့သော်လည်း ရီဖူရှင်းက ချင်ယွီနှင့် တခြားလူများအား သတ်သည်ထက် ပိုမို လုပ်ဆောင်ခဲ့သည်။ သူက မြေရိုင်းဒေသမှ လူများနှင့် ကြီးစွာသော အစိုင်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ သူက နန်ယွီအား ဒဏ်ရာရစေခဲ့သလို ဒူဟောင်၏ရှေ့တွင် အဟံအား သတ်ဖြတ်ခဲ့သည်။ သူက မြေရိုင်းဒေသမှ နိုဘယ်များ အားလုံးကို ခေါင်းလောင်းသံဖြင့် ဒဏ်ရာ ရစေခဲ့သည်။ ယခုကား လွန်စွာ အားကောင်း သန်မာလှသော နဂါးကြီးနှင့် မီးငှက်တော့ပင် မြေပြင်တွင် ပျော့ခွေနေကြသည်။
ခေါင်းလောင်းသံက ပျောက်ကွယ် သွားပြီးဖြစ်သည်။ ယခုမှသာ ထိုလူများက အနည်းငယ် သက်သာရာ ရကြသည်။ နိုဘယ်များက တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်မှ ထလာကြသည်။ သူတို့က ဒဏ်ရာပြင်းထန်စွာ ရထားကြကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။ ရီဖူရှင်းက တမင်ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်း မဟုတ်သော်လည်း ထိုမမျှော်လင့်သော တိုက်ခိုက်မှု အတွက် သူတို့အားလုံး ဒေါသထွက်ကြသည်။ သူတို့က ထိုသို့နည်းလမ်းဖြင့် အရှက်ခွဲခံရကာ လွန်စွာ မပျော်မရွှင် ဖြစ်ရသည်။
“မင်းက သူ့ကို မလွှတ်သေးဘူးလား…” နန်ဖန်းက ရီဖူရှင်းကို မေးသည်။ ထိုအခိုက်တွင် သူ၏လေသံက မူလကလို အထက်စီး မဆန်တော့ပေ။ သူက ဖြစ်ပျက်ခဲ့သမျှအား မြင်တွေ့ခဲ့ရသည်။ အကယ်၍ သူတို့က အမှန်ပင် ရီဖူရှင်းကို အတင်း ဖိအားပေးခဲ့ပါက သူ ဘာလုပ်မည်ကို မည်သူမှမပြောနိုင်ပေ။
ရီဖူရှင်းက အနည်းငယ် အံ့အားသင့်ဟန် ရသည်။ ထို့နောက် သူက ကောင်းကင်တောင်တွင် နွယ်ပင်များဖြင့် ရစ်ပတ်ခံထားရဆဲ ဖြစ်သော နန်ယွီကို ကြည့်ကာ ပြုံးလိုက်သည်… “စိတ်မကောင်းပါဘူး… ကျုပ်က ခင်ဗျားကို မေ့သွားတယ်…” ထို့နောက် ရွှေရောင်နွယ်ပင်များ တရွှီးရွှီးမြည်ကာ နန်ယွီထံ ပစ်လွင့်သွားကြသည်။
အား…
နန်ယွီ၏ မျက်လုံးများက ချက်ချင်း ကြောက်ရွံ့မှုကြောင့် အေးစက်သွားကာ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ ရီဖူရှင်းက ထိုလူများအား သတ်ခဲ့သည်ကို သူမြင်သည်။ နွယ်ပင်များက သူ့ထံ ပစ်လွင့်လာသည်ကို မြင်လျှင် ရီဖူရှင်းက သူ့အား သတ်တော့မည်ဟု သူက တွေးထင်ခဲ့သည်။
ဘန်း…
ရွှေရောင်နွယ်ပင်များက နန်ယွီ၏ဘေးမှ မြေပြင်ကို ထိမိကာ ဘန်းခနဲ မြည်သည်။ ထို့နောက် ရီဖူရှင်းမေးသည်… “ဘာလဲ…”
နန်ယွီက မျက်လုံးများကို ဖွင့်ကာ ကြည့်လျှင် နွယ်ပင်များအားလုံး ပျောက်ကွယ်သွားပြီး ဖြစ်သည်ကို တွေ့ရသည်။ ရီဖူရှင်းက သူ့အား အပြစ်ကင်းသည့် အမူအရာဖြင့် ကြည့်သည်။ ရီဖူရှင်း၏ အမူအရာကို မြင်လျှင် နန်ယွီက သူ အရူးလုပ်ခံရသည်ကို သိလိုက်သည်။
နန်ယွီက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ သူ၏ခန္ဓာကိုယ်မှ အားကောင်းသော အရောင်အဝါတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ရီဖူရှင်း၏အနီးမှ နွယ်ပင်များကို မြင်လျှင် သူ အံကြိတ်လိုက်သည်။ သူ ဘာမှ မတတ်နိုင်ပေ။
“မိတ်ဖြစ်ဆွေဖြစ် စိန်ခေါ်ပွဲမှာ ဒဏ်ရာရတာကို စိတ်ထဲထားလို့ မရဘူး… နန်ထျန်းအိမ်တော်က ပါရမီရှင်က ဒီလောက် သဘောထား မသေးသိမ်ဘူး… ဟုတ်တယ်မလား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ထိုအခိုက်တွင် နန်ယွီက တစ်စုံတစ်ယောက်အား ချက်ချင်း သတ်လိုသော စိတ်ပင်လျှင် ဖြစ်ပေါ်လာသည်။ ရီဖူရှင်း၏ ငေါ့တော့တော့ အပြုံးကို ကြည့်ကာ သူက နန်ဖန်းနှင့် တခြားလူများထံသို့ လျှောက်သွားသည်။
သည်တစ်ကြိမ် သူတို့ အရှုံးပေးလိုက်မည်။
“မင်း တကယ်ပဲ လူသားကမ္ဘာကို မဝင်ချင်ဘူးလား…” ရုတ်တရက် ချူရှန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ငါက တကယ်စိတ်ရင်းနဲ့ ပြောတာ… မင်းရဲ့ ပါရမီနဲ့ဆို လူသားကမ္ဘာရဲ့ တန်ဖိုးထားမှုကို ခံရမှာ အသေအချာပဲ…”
“အခုလို ဖိတ်ခေါ်တာ တကယ် ကျေးဇူးတင်ပါတယ် မိန်းကလေးချူ… ကျွန်တော် အခု ကလန်မှာပဲ ဆက်နေပါ့မယ်…” ရီဖူရှင်းက ပြုံးလျက် ဖြေသည်။
“ကောင်းပြီ…” ချူရှန်းက ရီဖူရှင်းအား ကြည့်ကာ သက်ပြင်းချသည်။ နောက်လှည့်ကာ သူမ၏လူများကို ခေါ်လျက် ထွက်ခွာသွားသည်။ ထို့နောက်တွင် တခြား အင်အားစုများကလည်း ပြန်လည် ထွက်ခွာ သွားကြတော့သည်။
ကောင်းကင်တောင်တွင် မည်သူက ရီဖူရှင်းအား အနိုင်ယူနိုင်မည်နည်း။
ရီဖူရှင်းက ထိုလူများအား ခံစားချက် ကင်းမဲ့စွာဖြင့် ကြည့်သည်။ ဤကိစ္စက မပြီးဆုံးသေးသည်ကို သူသိသည်။
“သိပ်လက်မခံချင်ဘူးလား…” ရုတ်တရက် ကျူးကော့ဟွေက မျက်လုံးဖွင့်ကာ ရီဖူရှင်းအား ပြုံးလျက် ကြည့်သည်။
“နည်းနည်း…” ရီဖူရှင်းက ပြောသည်။ သူ့က ကောင်းကင်တောင်တွင် အားလုံးကို သတ်နိုင်စွမ်း ရှိသော်လည်း သူက ထိုလူများအား လွှတ်ပေးရသည်။ မှန်သည်… သူက သိပ်လက်မခံချင်ပေ။
“တကယ်လို့ မင်းက ဒါကို လက်မခံချင်ဘူး ဆိုရင် ပိုပြီး အားကောင်း လာအောင်လုပ်… မင်းက တခြားလူတွေထက် ပိုပြီး အားကောင်းတယ်ဆို မင်းက ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး…” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။ လောကကြီးကား ရက်စက်လွန်းလှသည်။ မြေရိုင်းဒေသမှ လူများက ရီဖူရှင်းအား နည်းလမ်းပေါင်း များစွာဖြင့် ခြိမ်းခြောက်နိုင်သည်။ သို့သော် ရီဖူရှင်းက ထိုလူများအား သတ်နိုင်စွမ်းရှိလျှင်ပင် သူ မသတ်နိုင်ပေ။
နန်ယွီကား သူ၏ နန်ထျန်းအိမ်တော်၏ အရှိန်အဝါကြောင့်သာ အထက်စီးဆန်ကာ မောက်မာနိုင်သည်။ မဟုတ်လျှင် သူက ရီဖူရှင်းကို မည်သို့ ယှဉ်နိုင်မည်နည်း။
သူမ၏ရှေ့မှ ကောင်လေးကို ကြည့်ကာ ကျူးကော့ဟွေက တောက်ပစွာ ပြုံးလိုက်သည်။ သူကား အလွန် ဉာဏ်ကောင်းကာ ပါရမီပါသည်။ တစ်နေ့တွင် သူက မြေရိုင်းဒေသ၏ အပေါ်ဆုံး တစ်နေရာတွင် ရပ်နေနိုင်မည်ဟု သူမ ယုံကြည်သည်။
“ဟုတ်ကဲ့ … ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်…” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။ သူက တစ်ယောက်တည်း ဖြစ်ကာ မိသားစု မရှိလျှင် ထိုမြေရိုင်း ဒေသမှ လူများကို သတ်ပစ်လိုက် နိုင်ပေသည်။ သို့သော် သူ မလုပ်နိုင်ပေ။
“ကောင်းပြီ… အခု ငါတို့ နှစ်ယောက်အကြားက ရန်ငြိုးကို ဖြေရှင်း ရတော့မယ်…” ကျူးကော့ဟွေက ရီဖူရှင်းကို ပြုံးကာ ကြည့်သည်။
ရီဖူရှင်းက မျက်လုံးပြူး သွားသည်။ ထို့နောက် သူက ကောင်းကင် တောင်ပေါ်ကို မော့ကြည့်ကာ မှတ်ချက်ချသည်… “အစ်မနှစ်… ကောင်းကင်တောင်ရဲ့ ရှုခင်းက အစ်မနှစ်လိုပဲ အရမ်းလှတာပဲ…”
“အစ်ကိုကြီး… အစ်ကိုသုံး.. အခု တော်တော် သက်သာ သွားပြီလား…”
***
စာအုပ်တောင်၏ ပထမ တောင်ထိပ်ပေါ်မှ အဆောင်ငယ်လေးတွင် လူနှစ်ယောက်က စစ်တုရင် ကစားနေကြသည်။ ကောင်းကင်တွင် များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ထိုအခိုက်တွင် ချင်ပြည်ထောင် ဘုရင်နှင့် ဆရာဒူတို့အကြား ကစားပွဲက အထွတ်အထိပ်ကို ရောက်နေဟန်ရသည်။ အထူးသဖြင့် ဆရာဒူ၏စကားက အခြေအနေကို ပိုမို တင်းမာစေသည်။ ချင်ပြည်ထောင်က ကောင်းကင်တောင်မှ အလွယ်တကူ ထွက်ခွာသွားရန် ခက်ခဲမည်ဟု ပြောခဲ့သည်။ ကောင်းကင်တောင်တွင် တိုက်ပွဲ ဖြစ်ပျက်နေသည်ဟု သူက ပြောနေသည်နှင့် အတူတူပင်။ ကော့တေးမှ တပည့်ကြီး သုံးယောက်က ချင်ယွီနှင့် သူ့အဖွဲ့အား အမှန်တကယ် သတ်နိုင်သည်လား…။
လက်ထဲမှ စစ်တုရင် အရုပ်အား ကိုင်ကာ ချင်ပြည်ထောင် ဘုရင်က ဆရာဒူအား ကြည့်သည်။ သူ၏အကြည့်က လွန်စွာ ထက်ရှသည်။ သို့သော်လည်း ဆရာဒူက အရာအားလုံးကို ထိန်းချုပ်ထားဟန်ဖြင့် အသာအယာ ပြုံးသည်။ ထိုအပြုံးက ချင်ပြည်ထောင်ဘုရင်အား ပိုမို၍ စိုးရိမ်စေသည်။
“ဆရာဒူ… ခင်ဗျားက ရယ်စရာ ပြောနေတာလား…” ချင်ပြည်ထောင် ဘုရင်က မေးသည်။
ဆရာဒူက ခေါင်းယမ်းသည်… “ကျုပ်က ပုံမှန်အားဖြင့် ရယ်စရာ မပြောတတ်ဘူး…”
“ခင်ဗျားက အမှားမြင်တာလည်း ဖြစ်နိုင်တာပဲ…” ချင်ပြည်ထောင် ဘုရင်က ထပ်ပြောကာ သူ၏လက်ထဲမှ အရုပ်အား ကစားကွက်မှာ ချသည်။ ထိုအကွက်ကြောင့်ပင် သူ၏ တိုက်စစ် လမ်းကြောင်းများက သူ၏အထောက်အပံ့များနှင့် ပြန်လည် ဆက်သွယ်သွားကာ ပိုမို အားကောင်းသော အင်အားစုတစ်ခု ဖြစ်ပေါ်လာသည်။
“ဘဝက စစ်တုရင် ကစားပွဲလိုပဲ… နောက်တစ်ကွက် ဆုတ်လိုက်ပါ… ပြဿနာတွေ အကုန်လုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်… နောက်ဆုတ်ကာက ကြောက်တတ်တာ မဟုတ်ဘူး… ဒါက အသက်ရှင်ဖို့ နည်းလမ်းပြ…” ဆရာဒူက တည်ငြိမ်သော လေသံဖြင့် ပြောသည်။ တွန့်ဆုတ်ခြင်း မရှိဘဲ သူက နောက်တစ်ကွက်အား ရွှေ့လိုက်သည်။
သူတို့ဘေးမှ ကျောင်းအုပ်ရှောင်က ထိတ်လန့်သွားသည်။ ဆရာဒူ၏ စစ်တုရင်ပညာက လွန်စွာ ကောင်းသည်ကို ယခုမှ သူသိသည်။ ဆရာဒူက သူ၏ သဘောထားများအား စစ်တုရင်ကစားပွဲ တစ်လျှောက်လုံးတွင် ပြောဆိုနေခဲ့သည်။ တစ်လျှောက်လုံး သူ၏ကစားကွက်က နောက်ဆုတ်ကာ ခံစစ်ဖြစ်နေသည်။ တခြား တစ်ဖက်တွင် ချင်ဘုရင်က သူ၏နောက်ကို လိုက်ပါကာ အဆက်မပြတ် တိုက်ခိုက်သည်။ သို့သော်လည်း ယခုတွင် ဆရာဒူ၏ အကွက်က အခြေအနေအား ပြောင်းပြန် ဖြစ်သွားစေသည်။ ချင်ချင်းပင် သူက ကစားပွဲအား အဆုံးသတ် နိုင်သည်။ ဆရာဒူ၏နောက်ဆုံး အရုပ်က ချင်ဘုရင်၏ တိုက်စစ်များ အားလုံးကို အသက်မဲ့ သွားစေသည်။
ချင်ဘုရင်၏ နဖူးမှ ချွေးစေးများကို အတိုင်းသား မြင်နေရသည်။ သူက အမှန်တကယ်ပင် မသက်မသာ ခံစားနေရ၏။ ဘဝကား စစ်တုရင်ကစားပွဲနှင့် တူသည်။ ဆရာဒူ၏ ကစားပွဲက သူ့အား အမှန်တကယ် ကြောက်ရွံ့စေသည်။ ထိုကစားပွဲက စစ်တုရင် ကစားပွဲသာ မဟုတ်ပေ။ အရှေမြေရိုင်း ဒေသမှ ကစားပွဲလည်း ဖြစ်သည်။
ချင်ဘုရင်က သူ၏လက်ထဲမှ စစ်တုရင်ရုပ်ကို ကိုင်ကာ တွေဝေနေသည်။ အတန်ကြာသည့် တိုင်အောင် သူက အရုပ်အားချနိုင်ခြင်း မရှိသေးပေ။ သူက အမှန်တကယ်ပင် ဆက်ရွှေ့ရန် မတတ်နိုင်ဘဲ ရှိနေသည်။
“ကစားပွဲက ပြီးသွားပြီ… ကျုပ်တို့ ဆက်ကစားဖို့ မလိုတော့ဘူး…” ဆရာဒူက ခေါင်းယမ်းသည်။
ချင်ဘုရင်၏ မျက်နှာက ပြာနှမ်းသွားသည်။ ရုတ်တရက် စာအုပ်တောင်၏ နောက်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများ ကြားရသည်။ ထိုနေရာတွင် တိုက်ပွဲဖြစ်နေပုံ ရသည်။
ထို့နောက် လူတချို့က သူတို့ထံ ပြေးလာနေသည်ကို အားလုံးက မြင်ကြသည်။ ကျောင်းအုပ်ရှောင်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုနေရာကား ရှေးဟောင်းမြေရိုင်း ဒေသ ဝင်ပေါက်မှ ဖြစ်သည်။ ထိုအုပ်စုက အတင်း ဝင်ရောက် လာကြသည်လား…။
“အရှင်မင်းကြီး… အိမ်ရှေ့စံမင်းသားရဲ့ စိတ်ဝိညာဉ် အမှတ်အသားက ပျောက်ကွယ် သွားပါပြီ…” တစ်ယောက်က အော်သည်။ ထိုအစကားက ချင်ဘုရင်၏ နားထဲကို မိုးကြိုးနှင့် ပစ်သည့်အလား တိုးဝင်လာသည်။ သူ၏လက်က လေထဲတွင် အေးခဲသွားကာ သူ၏ခန္ဓာကိုယ်ကလည်း တုန်ယင်သွားသည်။
သူ၏သား ချင်ယွီ သေဆုံးသွားပြီ ဖြစ်သည်။
ဝုန်း…
ကောင်းကင်မှ ချင်ပြည်ထောင်မှ လူများ၏ ကိုယ်ရောင်ကိုယ်ဝါများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ အိမ်ရှေ့စံမင်းသား သေဆုံးသွားသည်။ ဘာကို ဆိုလိုသနည်း။ ချင်ပြည်ထောင်က ကောင်းကင်တောင်တွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။
ဒွန်ဟွာကလန် ခေါင်းဆောင်နှင့်ဇနီး၊ ဖူယွန်ဓားကလန် ခေါင်းဆောင်၊ တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်၊ ချင်ယွီနှင့် လုနန်ထျန်းတို့ အားလုံးက အလွန် အားကောင်းသော တန်ခိုးရှင်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့ အားလုံးတွင် ရှီအဆင့် လက်နက်များ ရှိကြသည်။ သူတို့က မည်သို့ ရှုံးနိမ့်ခဲ့ကြသနည်း။
ချင်ဘုရင်က အသက်ပြင်းပြင်း ရှူလိုက်ကာ မျက်လုံးအား မှိတ်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများအား ပြန်ဖွင့်လိုက်သည်။ သူ၏လက်မှ အရုပ်က စစ်တုရင်ခုံထက်ကို ပြန်ကျသည်။ လက်အား မြှောက်ကာ သူက ရှေ့မှ အဘိုးအိုအား မေးသည်… “ဆရာဒူ… ခင်ဗျားက ကောင်းကင်တောင်မှာ အစီအစဉ် ကြိုချထားတယ် ဆိုတော့ ဘယ်သူကဓားလဲ…”
ချင်ဘုရင်က စစ်တုရင်ခုံထက်မှ အရုပ်အား ထိုးပြသည်။ သူက ဘာကြောင့် ရှုံးရသည်ကို နားမလည်ပေ။
“အဲဒါက အရေးကြီးလို့လား…” ဆရာဒူက ခေါင်းယမ်းသည်။
“ဒါဆို စာအုပ်တောင်ကရော… ဘယ်သူက ကျုပ် ဒီနေရာကို ဖျက်ဆီးမှာကို ရပ်တန့်မှာလဲ…” ချင်ဘုရင်က စစ်တုရင်ခုံကို ညွှန်ပြကာ အေးစက်စွာ ပြောသည်။ သူက ဖြည်းညင်းစွာ ထရပ်သော်လည်း ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ် လာနေသည်။ သူ့အပြင် ချင်ဘုရင်၏နောက်မှ အဘိုးအို နှစ်ယောက်ကလည်း သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများကို ထုတ်လွှတ်ကြသည်။ စာအုပ်တောင်မှ တန်ခိုးရှင်များကလည်း ကောင်းကင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ထိုးတက်သွားကာ တိုက်ပွဲအား ရင်ဆိုင်ရန် ပြင်ကြသည်။ သူတို့အားလုံးက အခြေအနေကို စောင့်ကြည့်နေကြခင်းဖြစ်သည်။
“ခင်ဗျား နောက်ဆုတ်ဖို့ စိတ်ကူး မရှိဘူးလား…” ဆရာဒူက မေးသည်။
“ကျုပ်မှာ ရွေးချယ်စရာ ရှိသေးလို့လား…” ချင်ဘုရင်က စစ်တုရင်ရုပ် တစ်ခုအား ကောက်ယူကာ တစ်ကွက် ရွှေ့လိုက်သည်။ ထိုအကွက်ကား နောက်ဆုတ် မရနိုင်သော အကွက်ဖြစ်သည်။ ထိုအကွက်က သူ၏နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။
“ကျုပ်က စာအုပ်တောင်မှာ တပည့်တချို့ သင်ပေးခဲ့တယ်… ကျုပ်က စည်းစိမ်ချမ်းသာ မလိုသလို အာဏာလည်း မလိုဘူး.. အရှေ့မြေရိုင်း ဒေသကိုသိမ်းပိုက်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး…” ထိုအခိုက်တွင် ဆရာဒူက တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သည်။ သူက မိမိကိုယ်ကို ရေရွတ်ဟန်ရသည်… “ကျုပ်လုပ်ချင်တာ တစ်ခုတည်းက လူနည်းနည်းကို ကျုပ် အယူအဆတွေ သင်မယ်… နောင်အနာဂတ်မှာ သူတို့က ကျုပ်ရဲ့ အယူအဆတွေကို တခြားလူတွေကို လက်ဆင့်ကမ်း ပေးနိုင်ဖို့ပဲ… ဘာလို့ ဒီလောက် ခက်ခဲရတာလဲ…”
“ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ကျုပ် ဂရုမစိုက်ဘူး… ကောလာဟလတွေ အရတော့ ဆရာဒူက တန်ခိုးမကျင့်ဘူးတဲ့… တကယ် ဟုတ်လား မဟုတ်လား ကျုပ် သိချင်တယ်…” ချင်ဘုရင်က အေးစက်စွာ ပြောလျှင် သူ၏ ကြီးမားသော အရှိန်အဝါက ဆရာဒူထံ ဆင်းသက်လာသည်။
ဆရာဒူက ခေါင်းမော့ကာ ချင်ဘုရင်အား ကြည့်ပြီး အသာအယာ ပြောသည်… “အသက်ရှင်ရတာ မကောင်းဘူးလား…”
***