Switch Mode

အပိုင်း (၃၈၈)

စတင်၍ သတ်ဖြတ်ခြင်း

ချင်ယွီက ကောင်းကင်တောင်သို့ ပျံသန်း သွားနေသည်ဟု မိမိကိုယ်ကို ခံစားရသည်။ နွယ်ပင်များက သူ၏လည်ပင်းများ ခြေလက်များကို ချည်နှောင်ကာ တောင်ဘက်ဆီသို့ ဆွဲငင်ယူနေသည်။ သူကား အမှန်ပင် ကြောက်ရွံ့နေပြီ ဖြစ်သည်။ သူ၏အဖေက ကော့တေးကို သွားကာ ဆရာဒူနှင့် ကျောင်းတော်အား သွားရောက် တားဆီးနေသည်။ သူတို့က ဓားသခင်နှင့် တခြားလူများကို သတ်နိုင်ပါက အရှေ့မြေရိုင်း ဒေသက ချင်ပြည်ထောင်နှင့် သက်ဆိုင် ပေတော့မည်။ သို့သော် ရီဖူရှင်းက ကောင်းကင်တောင်မှ ခေါင်းလောင်းကို အသက်သွင်းနိုင်သလို သဘာဝ စွမ်းအင်များကိုလည်း ထိန်းချုပ်နိုင်မည်ဟု သူက လုံးဝ မထင်မှတ်ထားပေ။

ငါမသေနိုင်ဘူး…။ ချင်ယွီထံတွင် အသက်ရှင်ရန် အားကောင်းသော ဆန္ဒရှိသည်။ ရွှေရောင်အလင်းများ သူ့ခန္ဓာမှ လင်းလက် တောက်ပလာကာ အရာအားလုံးကို ဖြတ်တောက်သည်။ တစ်ချိန်တည်းမှာပင် သူ၏သိဒ္ဓိဝင်ချပ်ဝတ်က တဖျတ်ဖျတ် လင်းလက်ကာ မှော်တိုက်ကွက်များကို ကာကွယ်သည်။ ရွှေရောင်နွယ်ပင်များက အားကောင်းသော သတ္တု အသိအောက်တွင် အစိတ်စိတ် ဖြစ်သွားကြသည်။ ချင်ယွီက မျှော်လင့်ချက် အနည်းငယ် ရှင်သန်လာသည်။ သို့သော် ခေါင်းလောင်းသံ တစ်ချက် ထပ်မံ ကြားလိုက်ရသော အချိန်တွင် သူ့ပါးစပ်မှ သွေးများ ထပ်မံ အန်ကျလျက် သူ၏ မျှော်လင့်ချက်ကလည်း ပျက်စီး သွားရသည်။

ရီဖူရှင်းက အမှန်ပင် သူ့ကို သတ်ရန် ကြိုးစားနေသည်။

ချင်ယွီအား ကြောက်ရွံ့မှုက လွှမ်းမိုးနေသည်။ ပေါက်ကွဲမှု တစ်ခုကို ကြားရသည်။ သူ့အား တောင်စောင်းနှင့် ကိုင်ရိုက်သလို ခံစားရကာ နွယ်ပင်များက သူ၏ ခန္ဓာကိုယ်ထဲကို တိုးဝင် လာနေကြသည်။ သို့သော် နွယ်ပင်များက သိဒ္ဓိဝင်ချပ်ဝတ်ကို မဖောက်ထွင်းနိုင်ပေ။

ဒေါင်… ဒေါင်… ဒေါင်… ခေါင်းလောင်းသံက အရာအားလုံးက ပြားချပ်စေသည်။ ကျယ်ပြန့်သော ကောင်းကင်က တုန်ခါသည်။

“ခွေးကောင်…”

“ရပ်စမ်း…”

မြေရိုင်းဒေသမှ နိုဘယ်များ အားလုံးက မြေပြင်တွင် လူးလှိမ့်နေကြကာ သွေးများ အဆက်မပြတ် အန်နေကြသည်။ ထည်ဝါသော နဂါးကြီးကား မြေပြင်တွင် လဲကျပျော့ခွေနေပြီ ဖြစ်သည်။ မီးငှက်ကြီးကလည်း ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေကာ မြေပြင်တွင် ငြိမ်သက်နေသည်။

ထိုအရာက အမှန်ပင် ဆိုးဝါးသော မြင်ကွင်းဖြစ်သည်။ စွမ်းအားမြင့် တန်ခိုးရှင်များက မြေပြင်တွင် လဲကျနေသော အချိန်တွင် အားနည်းသူများက ရပ်နေနိုင်သေးသည်။ သူတို့က မြေပြင်ပေါ်မှ နိုဘယ်များအား မည်သို့  တွေးတောရမည် မသိတော့ပေ။ ရီဖူရှင်းက ကောင်းကင်တောင်မှ ခေါင်းလောင်းအား ထိန်းချုပ်သည်။ ထို့နောက် သူက ထိုလူများအား အနိုင်ယူသည်။ သူကား အမှန်ပင် ရက်စက်လွန်းလှသည်။

ချင်ယွီကား နန်ယွီကဲ့သို့ပင် တောင်နံရံ၌ နွယ်ပင်များ၏ ချည်နှောင် ထားခြင်းကို ခံရသည်။ သူကား အသက်မျှဉ်းမျှဉ်း ရှူနေရသော အခြေအနေထိ ရောက်အောင် အားနည်းနေပြီ ဖြစ်သည်။ သူ၏ သိဒ္ဓိဝင်ချပ်ဝတ်က အရောင်မှိတ်နေကာ သူ၏ စိတ်ဝိညာဉ် အားများက ခန်းခြောက်သွားပြီး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အား ကာကွယ်ရန် သဘာဝ စွမ်းအင်များကို အသုံးမပြုနိုင်တော့ပေ။

ထက်ရှသော နွယ်ပင်များက ချင်ယွီ၏ လည်ပင်းအား သွားထိသည်။ ထိုအရာများက အရိုးထဲအထိ အေးစက်လှသည်။ ချင်ယွီက အားနည်းစွာ မော့ကြည့်လျက် တိုးညင်းစွာ ပြောသည်…. “ငါ့ကို လွှတ်ပေး…”

သူ့အား လွှတ်ပေး ရမည်လော…။ ရီဖူရှင်း ရယ်မောလိုက်သည်။ ချင်ယွီက လျိုနိုင်ငံကို ဖျက်ဆီးသော အချိန်က တစ်ယောက်ယောက်အား ထိုသို့ လွှတ်ပေးရန် တွေးဖူးသလော…။

“ချင်ပြည်ထောင်က ရက်စက်တယ်… ဒီလို အင်အားစုမျိုးက အချိန်မြစ်ရေစီးထဲ နစ်မြုပ်သွားသင့်တယ်…ချင်ယွီ… ခင်ဗျား အထီးကျန်ရမှာ မဟုတ်ဘူး…” ရီဖူရှင်း ပြောပြီးသည်နှင့် လွန်စွာ ထက်ရှသော ဓားသွားက ချင်ယွီ၏ လည်ပင်းကို ဖြတ်သွားသည်။ သွေးများ ပန်းထွက်လာသည်။ သူ၏မျက်လုံးက ရီဖူရှင်းအား ဒေါသတကြီး ကြည့်နေသည်။

“ငါလက်မခံဘူး…” သူက ရှိရှိသမျှ အားအင်ဖြင့် အော်ဟစ်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးက မှေးမှိန်သွားသလို သူ၏ ကိုယ်ရောင် ကိုယ်ဝါကလည်း လုံးဝ ပျောက်ကွယ် သွားသည်။ သူကား ကောင်းကင်တောင်တွင် သေဆုံးခဲ့ရသည်။ တဖြည်းဖြည်းဖြင့် နှင်းများက သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်လာသည်။ ချက်ချင်းပင် သူကား ထိုနေရာတွင်ပင် နှင်းရုပ်တုအဖြစ် ပြောင်းလဲ သွားသည်။

“လျိုနိုင်ငံကလည်း လက်မခံခဲ့ဘူး…” ရီဖူရှင်းက ရေရွတ်သည်။ သူ့ဘေးတွင် နန်ယွီက ကြောက်ရွံ့သောကြောင့် တုန်ယင်နေသည်။ သူ အထင်သေးခဲ့သော အတန်းအစားနိမ့် ကလန်မှလူက ယခု သူ့အား လွန်စွာ ထိတ်လန့် ကြောက်ရွံ့စေသည်။ ရီဖူရှင်းက ကောင်းကင်တောင်မှ အသိဖြင့် မည်သည့် နိုဘယ်တန်ခိုးရှင်ကို မဆို အနိုင်ယူနိုင်သည်။

ရီဖူရှင်းက နောက်လှည့် လိုက်သည်။ မရေမတွက် နိုင်သော မျက်လုံးများက သူ့အား ထိတ်လန့်စွာ ကြည့်နေကြသည်။ သူက ကောင်းကင်တောင်၏ ရှေးဟောင်း အကြွင်းအကျန်ကို ရရှိခဲ့ကာ သူ၏အသိအား ထိန်းချုပ်သည်။ ချင်ပြည်ထောင်၏ မင်းသား ချင်ယွီက သူ၏လက်ထဲတွင် သေဆုံးခဲ့ရသည်။ ကြည့်ရသည်မှာ သူ တစ်ယောက်တည်းသာ သေဆုံးမည့်ပုံ မရပေ။

ကောင်းကင် တောင်ခြေ၏ နှင်းတောထဲတွင် ဖူယွန်ဓားကလန် ခေါင်းဆောင်၊ တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်နှင့် ဒွန်ဟွာကလန် ခေါင်းဆောင်တို့၏ မျက်နှာများ အားလုံးက ပြာနှမ်း နေကြသည်။ သူတို့အားလုံး ခက်ခက်ခဲခဲ အသက်ရှူ နေကြသည်။ ရီဖူရှင်းက ချင်ယွီအား သတ်နိုင်မှတော့ သူတို့ကိုလည်း သတ်နိုင်စွမ်း ရှိသည်ကို သူတို့သိကြသည်။

ကောင်းကင်တွင် ရွှေရောင်နွယ်ပင်များက ကောင်းကင် တစ်ခွင်လုံးကို ဖုံးအုပ်ထားသည်။ နှင်းများ မရှိတော့ပေ။ ရီဖူရှင်းက ဖူယွန်ဓားကလန် ခေါင်းဆောင်နှင့် တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်တို့ကို ကြည့်သည်။ နွယ်ပင်များက သူတို့ထံ တရွှီးရွှီး မည်ကာ ပြေးသွားကြသည်။

ဟူး…

ဖူယွန်ဓားကလန် ခေါင်းဆောင်က သူ၏နောက်ဆုံး ကျန်ရှိနေသေးသော စွမ်းအားဖြင့် ဓားအလင်းအဖြစ် ပြောင်းလဲကာ ထွက်ပြေးသည်။ သို့သော် ဒေါင်ခနဲ မြည်သံနှင့်အတူ သူက မြေပြင်ပေါ်ကို ပြန်ကျဆင်း လာသည်။ နွယ်ပင်များက သူ့ထံကို သွားရောက် ရစ်ပတ်သည်။ နွယ်ပင်အချို့က သူ၏ဓားကို သွားရောက် ရစ်ပတ်ကာ ဓားအလင်းရောင် တစ်ချက် လင်းသွားသည်။ တိုးညင်းသော အသံတစ်ခုနှင့်အတူ ဖူယွန်ဓားကလန်၏ ခေါင်းဆောင် ခေါင်းပြတ် သွားသည်။ ချင်ယွီကဲ့သို့ပင် သူကလည်း ကောင်းကင်တောင်တွင် သေဆုံးခဲ့သည်။

“မဟုတ်ဘူး… ကျုပ်က ကော့တေးကို ခစားနိုင်ပါတယ်…” တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်က ကောင်းကင် တောင်ခြေရှိ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသော လူငယ်အား ကြည့်သည်။ သူက ထိုလူငယ်အား ခစားနိုင်သည်။ သူက အသက်ရှင်ရန်သာ လိုအပ်သည်။ လက်ရှိတွင် သူ ဘာကိုမှ မစဉ်းစားလိုတော့ပေ။

“ကော့တေးကို မစော်ကားနဲ့…” ရီဖူရှင်းက သူ့အား အဖက်မတန်စွာ ကြည့်သည်။ ဓားအလင်း တစ်ချက်နှင့်အတူ ဖြူဖွေးသော နှင်းမြေပြင်က နီရဲသွားသည်။ လူတိုင်း၏ စိတ်နှလုံးက တုန်ခါသွားကြသည်။ ဤတစ်ကြိမ်က အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး တန်ခိုးရှင်ထဲမှ သုံးယောက်မြောက် သူ၏လက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

သူက စတင်၍ လူသတ်နေပြီ ဖြစ်သည်။

ထိုထိပ်သီး တန်ခိုးရှင်များက ဤသို့ သေဆုံးရမည်ဟု မည်သူ ထင်မှတ် ထားသနည်း။ အယ်ကိုင်းဓားက ဒွန်ဟွာကလန် ခေါင်းဆောင်ထံသို့ လျှပ်စီး အလင်းတန်းအလား တိုးဝင်သွားသည်။ ဒွန်ဟွာကလန် ခေါင်းဆောင်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူက သူ့မိန်းမနှင့်အတူ ရပ်ကာ တိတ်တခိုး သက်ပြင်းချသည်။

ဒွန်ဟွာကလန်က အမြဲတမ်း နံပါတ်တစ်ကလန် ဖြစ်လိုခဲ့သည်။ ထို့ကြောင့် သူတို့က ချင်ပြည်ထောင်နှင့် ပူးပေါင်းခဲ့သည်။ ကော့တေး၏ တပည့်များက သည်မျှလောက်အထိ ပါရမီမြင့်ကြမည်ဟု သူတို့ မည်သည့် တွေးထင်မိမည်နည်း။ ဓားသခင်၏လက်ထဲတွင် သေရမည့်အစား ယခု သူတို့က ကော့တေး၏ တပည့်အငယ်ဆုံး လက်ထဲတွင် သေဆုံးရတော့မည်။ ထိုအရာက အမှန်တကယ် အိပ်မက်အလား ထင်မှတ်ရသည်။

အယ်ကိုင်ဓားက လျှပ်စီး အလင်းတန်းအလား ပြေးဝင် လာနေသည်။ ထိုစဉ် လှပသော မိန်းကလေး တစ်ယောက်က ဒွန်ဟွာကလန် ခေါင်းဆောင်၏ရှေ့ကို ရောက်လာသည်။

“ချင်းချင်း…” ခေါင်းဆောင်က အော်ဟစ်သည်။ သူတို့၏ရှေ့တွင်ကား ဟွာချင်းချင်း ဖြစ်သည်။ သူမက ကောင်းကင်တောင်ကို ကြည့်သည်။

ဝုန်း…

အေးစိမ့်သော ဓားအငွေ့အသက်က မြန်ဆန်စွာဖြင့် သူမထံကို တိုးဝင်လာသည်။ ဓားအလင်း ရောင်ပြန်ဟပ်မှုက သူမ၏ မျက်လုံးထဲတွင် တွေ့မြင်နိုင်သည်။ သို့တိုင်အောင် သူမ၏ မျက်လုံးများက မျက်တောင် မခတ်တမ်း ရီဖူရှင်းကို ကြည့်နေသည်။

“ချင်းချင်း.. ဘေးကို ဖယ်…” သူမ၏အဖေက ပြင်းထန်စွာ အော်ဟစ်သော်လည်း သူမက ကြားပုံမရပေ။ ထိုနေရာတွင်ပင် ရပ်နေသည်။

“သူတို့အတွက် ငါသေမယ်…” ဟွာချင်းချင်းက ရီဖူရှင်းကို ပြောသည်။

“မင်းက ကောင်းကင်တောင်ပေါ်မှာ မတိုက်ခိုက်ခဲ့သလို လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းပေးခဲ့တယ်…” ရီဖူရှင်းပြောသည်… “ဒါကြောင့် ငါက မင်းကို ကယ်ခဲ့တာ… ဒါပေမဲ့ မင်းရဲ့ မိဘတွေကတော့ သူတို့လုပ်ရပ် အတွက် ပေးဆပ်ရမယ်…” ဟွာချင်းချင်းက ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများကဲ့သို့ မဟုတ်ပေ။ ထို့ကြောင့် ရီဖူရှင်းက သူမအား ကယ်တင် ပေးခဲ့သည်။ သို့သော်လည်း ဒွန်ဟွာကလန် ခေါင်းဆောင်က သူ၏ စီနီယာများအား သတ်ရန် ကြိုးစားခဲ့သည်။

“ငါသိတယ်.. ဒါကြောင့် ငါက သူတို့အတွက် သေပေးမယ်…” ဟွာချင်းချင်းက တိုးညင်းစွာပြောသည်။

“မရဘူး…”

“သူတို့က လျိုနိုင်ငံကိစ္စမှာ ဝင်မပါခဲ့ကြသလို သိလည်း မသိခဲ့ကြဘူး… အဲဒါက ချင်ပြည်ထောင်ပဲ… တကယ်လို့ နင်က ငါတို့ကို သတ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ငါတို့အားလုံးကို သတ်လိုက်….” ဟွာချင်းချင်းက မျက်လုံးများ မှိတ်လိုက်သည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာသည်။ ထိုနေ့က ကောင်းကင်တောင်၌ သူမ နားထောင်ခဲ့ရသော လှပသော သံစဉ်အား သတိရမိသည်။ အကယ်၍ သည်နေ့လို နေ့မျိုး ရောက်လာမည် ဆိုပါက ထိုစဉ်က သူမက သူ့အား တိုက်ခိုက်ခဲ့မည်လော…။ သူ့အတွက် လျှို့ဝှက်ချက်ကို ထိန်းသိမ်းခဲ့မည်လော…။

“ညီငယ်လေး… သူတို့ကို ခွင့်လွှတ်လိုက်ပါ…” ဓားသခင်က မျက်လုံးကို မှိတ်လျက် ရေရွတ်သည်။

ရီဖူရှင်းက ထိုစကားများကို ကြားလျှင် ဟွာချင်းချင်းဘက်ကို ပြန်ကြည့်သည်… “ကလန်ခေါင်းဆောင်က နောက်ဆို ဘာလုပ်မလဲ…”

“ကျုပ်က နောက်ပိုင်း အရှေ့မြေရိုင်း ဒေသက ကိစ္စတွေမှာ ဝင်မပါတော့ဘူး…” သူက ပြောသည်။

“စကားမတည်ခဲ့ရင်ရော…” ရီဖူရှင်းက ဆက်သည်။

“သူတို့ ပြောသလို မလုပ်ရင် ငါသေမယ်…” ဟွာချင်းချင်းက မျက်လုံးကို ဖွင့်ကာ ရီဖူရှင်းကို ကြည့်သည်။

ရီဖူရှင်းက ထိုဆုံးဖြတ်ချက် ပြတ်သားဟန်ရသော မျက်လုံးများကို ကြည့်သည်။ ထိုအခိုက်တွင် နွယ်ပင်များက အယ်ကိုင်ဓားအား ရစ်ပတ်ကာ တခြား အရပ်တစ်ခုကို တိုးဝင်သွားသည်။ သူက ဒွန်ဟွာကလန် ခေါင်းဆောင်နှင့် သခင်မ ယွီရှောင်တို့ကို မသတ်ခဲ့ပေ။

တခြား အရပ်တစ်ခုကား တော်ဝင် မီးတောက်ဂိုဏ်းရှိရာ နေရာဖြစ်သည်။

အဟံ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်… “ငါ့ကို ကယ်ပါ…” သူက လျှပ်တစ်ပြက် တော်ဝင် မီးတောက်ဂိုဏ်းမှ ဒူဟောင်၏ နောက်ကို ရောက်သွားသည်။

အေးစိမ့်သော အငွေ့အသက်များ ဖုံးလွှမ်းနေသော အယ်ကိုင်ဓားက ရောက်ရှိလာသည်။ ဒူဟောင်က ရီဖူရှင်းကို ကြည့်ကာ အေးစက်စွာ ကြည့်သည်… “မင်း သတ်ရဲလား…”

ဟူး….

နွယ်ပင်များက ကွေးကောက်သွားကာ အဟံအား သွားရောက် ရစ်ပတ်ပြီး လေထဲကို ဆွဲမြှောက်သည်။

“ကျုပ်ကို လွှတ်….” အဟံက ရီဖူရှင်းကို ကြောက်ရွံ့စွာ ကြည့်သည်။ ရွှေရောင်နွယ်ပင်များက သူ့အား ရီဖူရှင်း၏အရှေ့ကို ဆွဲခေါ်သွားသည်။ ရီဖူရှင်းက သူ့အား ပြောသည်… “မင်းက မြေရိုင်းဒေသကို ဝင်ချင်တယ်…” အဟံက ရီဖူရှင်း၏ အသက်ကို ချနင်းကာ မြေရိုင်းဒေသတွင် နေရာ ကောင်းကောင်း ရလိုသည်။

“ငါ သဘောမတူဘူး…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။

အဟံ၏နောက်မှ အယ်ကိုင်းဓားက နွယ်ပင်များနှင့်အတူ ရောက်ရှိလာကာ အဟံ၏ခေါင်းအား ဖြတ်တောက် သွားသည်။ နွယ်ပင်များ ပျောက်ကွယ်သွားကာ သူ၏အသက်မဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ကျသည်။

သူ သေသွားလေပြီ။ သူ၏အလောင်းက ဖူယွန်ဓားကလန် ခေါင်းဆောင်၏အနီးကို ကျကာ နှင်းများအကြား ဖုံးလွှမ်းသွားသည်။ သူတို့ကိုယ်တိုင်က ဤရလဒ်အား မျှော်လင့်ထားကြမည် မဟုတ်ပေ။

“စိတ်မကောင်းပါဘူး… ပုဂ္ဂိုလ်ရေး ပြဿနာတွေက ခင်ဗျားနဲ့ မဆိုင်ဘူး…” ရီဖူရှင်းက ဒူဟောင်ကို ပြောသည်။ သူ၏အသံကား တည်ငြိမ်သည်။ သို့သော် ဒူဟောင်၏ မျက်နှာက လွန်စွာ အရုပ်ဆိုးနေသည်။ ပုဂ္ဂိုလ်ရေး ပြဿနာက သူနှင့် မသက်ဆိုင်ဟု ရီဖူရှင်းက ပြောသည်။ ထိုစကားက သူ့အား ပါးရိုက်ခံရသလို အရှက်ရစေသည်။ သို့တိုင်အောင် ရီဖူရှင်း၏အသံက အေးအေးသက်သာပင်။ သူက ဒူဟောင်အား အလေးထားဟန်လည်း မရပေ။

အမှန်တကယ်လည်း အလေးမထားပေ။ ဒူဟောင်၏ နောက်ကွယ်မှ အထောက်အပံ့များသာ မရှိလျှင် သူက ဒူဟောင်အား သတ်ပစ်ပြီး ဖြစ်သည်။ သူက ဒူဟောင်နှင့် ပြဿနာ ဖြစ်ထားပြီး ဖြစ်သည်။ အဟံအား သတ်ရန် ဒူဟောင်၏အတွေးကို အလေးထားစရာ လိုသေးသလော။

***

Comment

Leave a Reply

Options

not work with dark mode
Reset