ထိုအသံလှိုင်းက ထိုနိုဘယ်အား နောက်ဆုတ်စေခဲ့သလို ကောင်းကင်တောင် တစ်ဝိုက်ကိုလည်း ဖြတ်ရိုက်သွားသည်။ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ၏ ခန္ဓာကိုယ်က အလင်းများ ဖြာထွက် လာကြသည်။ သူတို့က ကိုယ်ပိုင် စွမ်းအားများဖြင့် ကာကွယ်ကြ သော်လည်း ညည်းညူသံများ အော်သံများ ထွက်ပေါ် လာကြကာ သူတို့၏ မျက်နှာများ ပြာနှမ်း သွားကြသည်။ နိုဘယ်အဆင့် အတွင်းမှ လူများအာလုံး နောက်ဆုတ်ကြသည်။ မြေရိုင်းဒေသမှ လူများ စတည်းချရာ နေရာမှ နဂါးများက အော်ဟစ်ကြသလို မီးငှက်ကလည်း စူးစူးဝါးဝါး အော်သည်။ ကျယ်ပြန့်သော ကောင်းကင်ပြင်ကြီး တစ်ခုလုံး တုန်ခါသည်။
အတန်ကြာလျှင် ခေါင်းလောင်းသံက အနောက်ဘက် နယ်မြေတစ်ခုလုံးကို ပျံ့နှံ့ကာ အသံက တိုးညင်း ပျောက်ကွယ် သွားသည်။ အဝေး တောင်တန်းများထံမှမူ ခေါင်းလောင်းသံ ပဲ့တင်သံများကိုမူ ကြားနေရဆဲ ဖြစ်သည်။
လူတိုင်းက ရီဖူရှင်းကို မော့ကြည့်ကြသည်။ သူက လေထဲတွင် ဝင့်ကြွားစွာ ရပ်နေကာ လူတိုင်းအား ငုံ့ကြည့်သည်။ ထိုအချိန်တွင်မှ ကုန်ခဲ့သော နှစ်က တောင်ခြေမှ အဖြစ်အပျက်ကို သတိရကြကာ ရီဖူရှင်းက ခေါင်းလောင်းကို ထိန်းချုပ်နိုင်သည်ကို သိလိုက်ကြသည်။ ရီဖူရှင်းက ကောင်းကင် တောင်၏ စိတ်အသိကို ထိန်းချုပ်ထားသည်။
ရီဖူရှင်းအား ဖမ်းဆီးရန် ကြိုးစားသော နိုဘယ်၏ မျက်နှာက ကြောက်မက်ဖွယ် ကောင်းသော မျက်နှာအမူအရာ ဖြစ်နေသည်။ သူ အမှန်ဒေါသ ထွက်နေသည်။ အကာနာအဆင့် လူငယ်တစ်ယောက်၏ ကြိမ်းမောင်းသံက သူ့အား နောက်ဆုတ် စေခဲ့သည်။
မြေရိုင်းဒေသမှ လူများ၏ မျက်လုံးများက အရောင်ဝင်းလက် နေကြသည်။ ထိုအရာက အဟံ ပြောသလိုပင်။
ချင်ယွီ၏ အမူအရာက အရုပ်ဆိုးနေကာ သူက နှာခေါင်းရှုံ့လိုက်သည်။ ဤနည်းဖြင့် ရီဖူရှင်းအား မည်သူမှ ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ ယနေ့ သူက သေကို သေရမည်။ ဘာတွေ ဖြစ်ပျက်ပါစေ သူက လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူ၏ တန်ခိုးအဆင့်ဖြင့် သူက ကောင်းကင် တောင်အား အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ မြေရိုင်းဒေသမှ အင်အားစုများက သူ့အား လွှတ်မေးကြမည် မဟုတ်ပေ။ ကော့တေးကလည်း သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်တော့ပေ။
ရီဖူရှင်း၏ မျက်လုံးက သူ၏စီနီယာများထံ ရောက်လာသည်။ ကျူးကော့ဟွေက ပြုံးလျက် ပြောသည်… “မောင်ငယ်လေး… မင်းက တော်တော် ကောင်းတယ်…”
“အစ်မနှစ်… ဒါက မတော်တဆပါ…” ကျူးကော့ဟွေ၏ အပြုံးကို မြင်လျှင် ရီဖူရှင်းက ထိတ်လန့်စွာ ပြောသည်။ ထိုအရာက တမင် ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ခြင်း မဟုတ်ပေ။
“အဲဒီတုန်းက ဘယ်ခွေးကောင်းက လုပ်ခဲ့တယ် ဆိုတာ ငါစဉ်းစားနေတာ… မင်းလို့ ငါမထင်ထားဘူး…” ကျူးကော့ဟွေ၏ မျက်လုံးထဲတွင် ပြုံးရောင်သန်း နေသည်။ သူမက ခန့်မှန်းမိသော်လည်း အမှန်တကယ် လက်တွေ့ မြင်ရသောအခါ ထိတ်လန့် အံ့အားသင့်ရသည်။ မှန်သည်… သူမက ရီဖူရှင်းအား အမှန်တကယ် အပြစ်မတင်ပေ။
“အစ်မနှစ်… ကျွန်တော်က မသိတတ်ဘူး… ကျွန်တော်က ကော့တေးက ထွက်သွားရင် ဘယ်လိုလဲ… အစ်မနဲ့ အစ်ကိုတွေပဲ ပြန်သွားလိုက်လေ… ကျွန်တော် ပြန်မလိုက်တော့ဘူး…” ရီဖူရှင်းက ပြောသည်။ ဓားသခင်နှင့် ကျန်လူများ အားလုံးက အံ့အားသင့် သွားကြသည်။ သူတို့က ရီဖူရှင်း၏ သဘောကို နားလည်ကြသည်။ ယခု သူ၏ရန်သူများက ချင်ပြည်ထောင်သာ မဟုတ်တော့ပေ။ မြေရိုင်းဒေသကပါ သူ့အား ရန်ပြုလိုနေကြရာ ကော့တေးက ဝင်ပါခဲ့ပါက ကော့တေးလည်း ဘေးကင်းမည် မဟုတ်ပေ။
ထိုစကားကို ကြားလျှင် ကျူးကော့ဟွေက လျှပ်တစ်ပြက် ရီဖူရှင်း၏ဘေးကို ရောက်လာကာ ပြုံးကြည့်သည်။
“အစ်မနှစ်…” ရီဖူရှင်းက ခေါ်လိုက်သည်။
ပြုံးလျက်ပင် ကျူးကော့ဟွေက လက်ဆန့်တန်းကာ ရီဖူရှင်း၏ နားရွက်အား လှမ်းဆွဲလိုက်သည်… “ထပ်ပြောစမ်း…”
“အစ်မနှစ်… ကျွန်တော် မှားပါတယ်…” ရီဖူရှင်း မျက်ရည်ကျလု နီးပါးပင်။ သူက အရွယ်ရောက်နေပြီ ဖြစ်သည်။ သူမက လူပုံအလယ်တွင် ထိုသို့ လုပ်ရသလော…။ သူ၏ ပြီးပြည့်စုံသော ပုံရိပ်က ယခု ပျက်စီး သွားလေပြီ။
“ကောင်းတယ်…” ကျူးကော့ဟွေက လွှတ်ပေးလိုက်ကာ ရီဖူရှင်း၏ ခေါင်းကို ပုတ်သည်… “နောက်ထပ် အဲလိုတွေ မပြောနဲ့…”
ရီဖူရှင်းက အမှန်ပင် ငိုချင်သွားသည်။ သူမက သူ၏ ဂုဏ်သိက္ခာအား ထည့်မတွက်တော့ ဘူးလား…။
သူ မသိလိုက်မီတွင်ပင် ဓားသခင်နှင့် ဂူတုံးလျိုတို့ နှစ်ယောက်လုံးက သူ့ဘေးကို ရောက်နေကြပြီ ဖြစ်သည်။ သူတို့က ဘာမှ မပြောသော်လည်း သူတို့၏ ရပ်တည်ချက်က ထင်ရှားပေသည်။
“ကျုပ်ကို လွှတ်ပေး…” ထိုအခိုက်တွင် နောက်ဘက်မှ အေးစက်သော အသံတစ်သံကို ကြားရသည်။
ရီဖူရှင်းက နောက်လှည့် ကြည့်သည်။ နန်ယွီကား တောင်ခြေ တစ်နေရာတွင် ဝက်တစ်ကောင်လို နွယ်ပင်များ၏ ချုပ်နှောင် ထားခြင်းကို ခံထားရသည်။ သူ၏ လွန်စွာ နက်မှောင်သော မျက်လုံးများက ရီဖူရှင်းကို ဒေါသတကြီး ကြည့်နေသည်။ သူကား လူအများ၏ရှေ့တွင် အရှက်ခွဲ ခံနေရသည်။
“မင်း ဘာလုပ်နေတာကို မင်းသိလား… ကျုပ်က မြေရိုင်းဒေသက နန်ထျန်း အိမ်တော်ကပဲ…” နန်ယွီ၏ အသံက အက်ကွဲသံ ပါနေသည်။ နန်ထျန်းအိမ်တော်မှ မျိုးဆက်က ဤသို့ အရှက်ခွဲခံနေရသည်ကို မြေရိုင်းဒေသမှ လူများက သိသွားကြလျှင် သူ၏သိက္ခာများ လုံးဝ ကျဆင်း သွားတော့မည်။ သူက လူအများ၏ ရယ်မောစရာ ဖြစ်သွားတော့မည်။
“ကျောင်းတော်မှာတုန်းက ငါက မင်းကို ဘာလို့ စိန်မခေါ်ခဲ့တာလဲလို့ မင်းက မေးတယ်… အခု မင်း သိပြီလား…” နန်ယွီအား စိုက်ကြည့်ကာ ရီဖူရှင်းက သရော်သည်… “မင်းလို အရှုံးသမားက တစ်ချက်တောင် အရိုက်မခံဘူး… မင်းကို အနိုင်ယူရမှာ အဓိပ္ပာယ်မဲ့တယ်… မင်းက မင်းရဲ့ မိသားစု နာမည်နဲ့ ခြိမ်းခြောက်တာ အပြင် ဘာလုပ်တတ်လဲ… ဘာကမှ အမှန်တကယ် စော်ကားတယ် ဆိုတာ မင်းသိလား…”
နန်ယွီ၏ ခန္ဓာကိုယ်က တုန်ယင် သွားသည်။ သူ၏ အမူအရာက လွန်စွာ နက်မှောင်နေသည်။ သူက ရီဖူရှင်း၏ စကားများကို မငြင်းပယ်နိုင်ပေ။
“တော်လောက်ပြီ…” နဂါးပေါ်မှ နန်ဖန်းက ပြောသည်… “သူ့ကို လွှတ်လိုက်…”
ရီဖူရှင်းက သူ့ကို လျစ်လျူရှု ထားသည်။
“မင်းက လူသားကမ္ဘာကို မဝင်ချင်ဘူးလား… ငါတို့က ကလန်ပဲ… မင်းက ပါရမီ ပါပြီးတော့ အဲဒီမှာ နေရာ တစ်နေရာ ရမှာပဲ…” ချူရှန်းက ရုတ်တရက် ပြောသည်။
ရီဖူရှင်းက သူမကို ပြုံးကြည့်သည်။ လူသားကမ္ဘာကို ဝင်ရောက်ခဲ့လျှင်ကော သူက လွတ်လပ် ဦးမည်လော။ သူက သူ၏ကံကို ပေးအပ်ခြင်းနှင့် အတူတူပင်။
“ကျေးဇူးတင်ပါတယ်… မိန်းကလေးချူ… ဒါပေမဲ့ ကျွန်တော်က အခု လက်ရှိ ကလန်ကိုပဲ သဘောကျတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ကျွန်တော်က ကောင်းကင်တောင်ရဲ့ ရှေးဟောင်း အကြွင်းအကျန်ကို ကံကောင်းပြီး ရခဲ့တယ်… အဲဒါက ကျုပ်နဲ့ဆိုင်တယ်… ခင်ဗျားက ခင်ဗျား လူတွေကို ခေါ်ပြီး ထွက်သွားပါလား…”
ချူရှန်းက ရီဖူရှင်းကို အကဲခတ်သည်။ သူကား အမှန်ပင် မိုက်မဲပေသည်။ ရှေးဟောင်း အကြွင်းအကျန်ကား အကောင်းဆုံး ဂီတသံစဉ် ဆယ်ခုထဲမှ အူကီယိုဖြစ်သည်။ ရီဖူရှင်းက ထိုအရာအား လက်ထဲ ထားနိုင်စွမ်း မရှိပေ။ သူမက ထွက်သွားရန် သဘောတူလျှင်ပင် တခြား အင်အားစုများက ထွက်သွားမည် မဟုတ်ပေ။
ထိုအရာက မရိုးရှင်းပေ။
“ခင်ဗျားတို့ကရော…” ရီဖူရှင်းက တခြား အင်အားစုများကို ကြည့်သည်။ သူတို့က ဘာမှ မပြောဘဲ ကြည့်နေကြသည်… “ကျုပ်က ကျုပ်ဆီက လာလုတဲ့လူတွေကို ပြန်တိုက်ခိုက်မှာပဲ… ကျုပ်တို့က ဒီမှာ ဒီအတိုင်း နေကြမှာလား…” ရီဖူရှင်းက မေးသည်။ သူ၏ တန်ခိုးအဆင့်နိမ့်မှုကို ရီဖူရှင်းက မုန်းပေသည်။ မဟုတ်လျှင် သူက သူ့ထံမှ လုမည့် ဘယ်သူမဆို သတ်ပစ်မည် ဖြစ်သည်။ အကျိုးအပြစ်များ ကိုလည်း သိပ်ဂရုစိုက်စရာ လိုမည် မဟုတ်ပေ။ သူက တစ်ယောက်တည်း ဆိုလျှင် ဘယ်လောက် ကောင်းလိုက် မည်နည်း။ သို့သော် ကော့တေး၊ ကျောင်းတော်နှင့် သူ၏ မိသားစုများကြောင့် သူက တစ်ယောက်တည်း စိတ်ကြိုက် မည်သို့ လုပ်နိုင်မည်နည်း။ သူက ကိုယ့်တစ်ယောက်တည်း တွေး၍ မရပေ။
“အားလုံး… သူက ကောင်းကင်တောင်ရဲ့ စိတ်အသိကို သုံးပြီး တိုက်ခိုက် နိုင်တယ်… အဲဒါမရှိရင် သူက အသုံးမဝင်ဘူး… တကယ်လို့ ခင်ဗျားတို့က ကော့တေးကို သွားမယ်ဆိုရင် သူက ပြန်လာမှာပဲ…” ချင်ယွီ၏အမူအရာက အေးစက်သွားသည်။ ရီဖူရှင်းတွင် ကောင်းကင်တောင်၏ အသိရှိနေမှတော့ ဤနေရာတွင် သူ့အား သတ်ရန် ခက်ခဲပေသည်။ မြေရိုင်းဒေသမှ အဖွဲ့များက စာအုပ်တောင်ကို သွားခြင်းက ပိုလွယ်ပေမည်။
“ခေါင်းလောင်းက အကာနာအဆင့်က လူတွေကို သိပ်မထိဘူး… သူတို့က ရီဖူရှင်းကို ဖမ်းနိုင်တယ်…” အဟံက မီးငှက်အပေါ်မှ ပြောသည်။ သူက ခေါင်းလောင်းအား ခံစားမိသည်။ အကာနာအဆင့်မှ လူများကလည်း ခေါင်းလောင်းသံကို ခံစားရသော်လည်း နိုဘယ်အဆင့်မှ လူများကဲ့သို့ ဒဏ်ရာမရပေ။ မြေရိုင်းဒေသမှ အဖွဲ့များတွင် များစွာသော အကာနာ တန်ခိုးရှင်များ ပါလာကြသည်။ သူတို့က ရီဖူရှင်းကို ဖမ်းဆီး နိုင်ပေသည်။
“အဲဒါ အလုပ်ဖြစ်တယ်…” ချင်ယွီ၏ မျက်လုံးများက အရောင်လက် သွားသည်။
“သူ့ကို ဖမ်း…” ဒူဟောင်က အေးစက်စွာ အမိန့်ပေးသည်။ နိုဘယ်နှင့် အကာနာအဆင့်မှစွမ်းအားမြင့် တန်ခိုးရှင်များ ရှေ့ကို လျှောက်သွား ကြသည်။
“အစ်မနှစ်… ကျွန်တော် လူသတ်ချင်တယ်…” ရီဖူရှင်းက ပြောသည်။
“ငါလည်း သတ်ချင်တယ်…” ကျူးကော့ဟွေက လူအုပ်အား အေးစက်စွာ ကြည့်သည်။
“ချင်ယွီကို အရင် သတ်ရအောင်…” ရီဖူရှင်းက ပြောသည်။ သူက ချင်ယွီအား လူသေ တစ်ယောက်အလား ကြည့်သည်။
“ကောင်းပြီ…” ကျူးကော့ဟွေက ခေါင်းညိတ်သည်။
ကျူးကော့ဟွေက ချင်ယွီနှင့် ဒွန်ဟွာကလန် ခေါင်းဆောင် လင်မယားတို့ကို ကြည့်သည်။ သူတို့ဘေးမှ မိန်းကလေးက ဒွန်ဟွာကလန် ခေါင်းဆောင်ကို ပြောသည်… “အမေ.. အဖေ… မတိုက်ခိုက်လို့ မရဘူးလား…”
“ချင်းချင်း… ပြန်သွား…” ခေါင်းဆောင်က သက်ပြင်းချသည်။ သူကလည်း နောက်ဆုတ် လိုသော်လည်း ယခု မဖြစ်နိုင်တော့ပေ။
မြေရိုင်းဒေသက ယခုကိစ္စတွင် ပါဝင် ပတ်သက်နေသည်။ ရီဖူရှင်းနှင့် ကော့တေးတို့၏ ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်နေလေပြီ။ အရှေ့မြေရိုင်း ဒေသက ယခု ချင်ပြည်ထောင်၏ လက်အောက်ကို ကျဆင်းသွားတော့မည် ဖြစ်သည်။ သူတို့က မည်သို့ နောက်ဆုတ် နိုင်မည်နည်း။ ဧကရာဇ်ချင်နှင့် ချင်ပြည်ထောင်က သူတို့ကိုပါ ရှင်းပစ်လိမ့်မည်။
“ခေါင်းဆောင်… ဒီတိုက်ပွဲပြီးရင် ဒွန်ဟွာကလန်က အင်အားအကြီးဆုံး ကလန် ဖြစ်လာလိမ့်မယ်…” ချင်ယွီက ပြောသည်။ သခင်မယွီရှောင်က သူ့အား သဘော မကျသည်ကို သူသိသည်။
ကလန်ခေါင်းဆောင်က ခေါင်းညိတ်ကာ ရှေ့ကို တက်သွားသည်။ မရေမတွက်နိုင်သော စွမ်းအားမြင့် တန်ခိုးရှင်များက ရီဖူရှင်းတို့ အုပ်စုထံသို့ ပြေးဝင် သွားကြသည်။ တောင်အောက်တွင် အခြေအနေအား များစွာသော လူများက စောင့်ကြည့် နေကြသည်။
“အစ်ကို အစ်မများ… ကျွန်တော် တစ်ခုခုလုပ်ရင် ဒါက တမင်လုပ်တာ မဟုတ်ဘူး…” ရီဖူရှင်းက တောင်းပန်သည်။ ကျူးကော့ဟွေက သူ့အား ဒေါသတကြီး ကြည့်သည်။ သူက ထပ်လုပ်တော့ မလို့လား…။
“အားသိပ်မသုံးနဲ့…” ကျူးကော့ဟွေက ပြောသည်။
“သေချာတာပေါ့…” ရီဖူရှင်းက တုန်ယင်စွာဖြင့် ပြုံးပြသည်။ ထို့နောက် သူက လေထဲကို ထိုးတက်သွားကာ အေးစက်သော မျက်လုံးများဖြင့် ချင်ယွီကို ကြည့်သည်… “ချင်ယွီ… ကောင်းကင်တောင်က ခင်ဗျားအတွက် မြေမြှုပ် သင်္ဂြိုဟ်ရာ နေရာပဲ…” ထို့နောက် သူက ကောင်းကင် တောင်၏ အသိနှင့် စတင်၍ ဆက်သွယ်သည်။
ထိုအခိုက်တွင် ကောင်းကင်တောင်၌ ကျဆင်းလာသော နှင်းဖွဲများက ပိုမို သိပ်သည်းလာသည်။ နှင်းများက ရီဖူရှင်းနှင့် အားလုံး အပေါ်ကို ကျဆင်းနေရာ သူတို့အားလုံးက ကြောက်မက်ဖွယ် ကောင်းသော သဘာဝ စွမ်းအင်များကို ခံစားကြရသည်။ တောင်ပေါ်မှ ကျဆင်းလာသော နှင်းများ အားလုံးက သဘာဝ စွမ်းအင်များနှင့် ပြည့်နေသည်။ နှင်းပွင့် တစ်ခုစီတိုင်းက သဘဝစွမ်းအင်များ ဖြစ်ကြသည်။
“သူက ကောင်းကင်တောင်ရဲ့ သဘာဝ စွမ်းအင်ကို အသုံးပြုနိုင်တယ်…” လူတိုင်း၏ အမူအရာက ပြောင်းလဲ သွားသည်။ ယခု အကာနာအဆင့်မှ လူများက ရီဖူရှင်းအား မသတ်နိုင်သည်ကို သူတို့ သိလိုက်ကြသည်။
မရေမတွက်နိုင်သော ရွှေရောင်နွယ်ပင်များက ရုတ်တရက် ကောင်းကင်တောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားဟန် ရသည်။ ချက်ချင်းပင် လူတိုင်း၏ ကောင်းကင်၌ ရွှေရောင် နွယ်ပင်များနှင့် ပြည့်နှက်သွားသည်။ ရီဖူရှင်းက လေထဲတွင် ရပ်ကာ မျက်လုံးအား မှိတ်ထားသည်။ သူက ပတ်ဝန်းကျင်အား စတင်၍ အာရုံခံသည်။
ချင်ယွီတို့အုပ်စုက မော့ကြည့်ကြသည်… “နောက်ဆုတ်…” သူက အော်ဟစ် လိုက်သည်။
မဆုံးနိုင်သော သစ်ကိုင်းလှုပ်သံများ မြည်လာကာ နွယ်ပင်များက ကောင်းကင်ကို ဖုံးအုပ်သွားသည်။ ချင်ယွီက နောက်ဆုတ်ရန် ကြိုးစားသော်လည်း ခေါင်းလောင်းသံ မြည်လာပြန်သည်။ ခေါင်းလောင်းသံက ကောင်းကင်တောင် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြတ်တိုက် သွားသည်။ ထိုအခိုက်တွင် လူတိုင်း၏ စိတ်နယ်ပယ်ထဲတွင် ရှေးဟောင်း ခေါင်းလောင်းကြီး တစ်လုံး ပေါ်လာသည်။
လေထဲတွင် သူတို့၏ခန္ဓာကိုယ်က တုန်ယင်သွားကာ မျက်နှာများက ပြာနှမ်း သွားကြသည်။
ဒေါင်…
ခေါင်းလောင်းသံ မြည်လာပြန်သည်။ သူတို့၏စိတ်ထဲတွင် ဧရာမ ခေါင်းလောင်းကြီးက အရာ အားလုံးကို တုန်ခါစေလျက် ကောင်းကင်မှ ကျဆင်းလာသည်။ အင့်ခနဲ အော်ကာ ချင်ယွီ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်သည်။ သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ ကောင်းကင်တောင်တွင် ရှိသော နိုဘယ်များအားလုံး ဒဏ်ရာပြင်းစွာ ရကြသည်။ သူတို့၏ပါးစပ်မှ သွေးများ အဆက်မပြတ် ထွက်လာနေကြသည်။ မြေရိုင်းဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး နာကျင်သော ဒဏ်ကို ခံနေရသည်။
ဓားသခင်၊ ကျူးကော့ဟွေနှင့် ဂူတုံးလျိုတို့က ရီဖူရှင်း၏ရှေ့တွင် မျက်လုံးမှိတ်ကာ ထိုင်နေကြသည်။ သူတို့က ခေါင်းလောင်းသံအား ခုခံရန်မှအပ တခြားအရာများကို စိတ်ပူဖို့မလိုရာ ပို၍ လွယ်ကူပေသည်။
ချင်ယွီက မာန်သွင်းသည်။ ရွှေရောင် အလင်းများက သူ့ခန္ဓာကိုယ်အား ဖုံးအုပ်သွားသည်။ သူက ထွက်ပြေးလိုသည်။
ဒေါင်… ဒေါင်…
ခေါင်းလောင်းသံက ဆက်လက် ထွက်ပေါ်လာလျှင် သူက ထပ်မံ၍ သွေးများ အဆက်မပြတ် အန်သည်။ သူ၏မျက်နှာက စာရွက်ကဲ့သို့ ဖြူဆွတ် သွားသည်။ ထိုစဉ်မှာပင် ရွှေရောင် နွယ်ပင်များက ကောင်းကင်မှ ကျဆင်းလာကာ သူ၏ခန္ဓာကိုယ်အား ရီဖူရှင်းထံသို့ ရစ်ပတ် ဆွဲငင်သွားသည်။
“မဟုတ်ဘူး…” ချင်ယွီ အမှန်ပင် ထိတ်လန့် ကြောက်ရွံ့နေသည်။ သူ၏ခန္ဓာကိုယ်အား သူကိုယ်တိုင် မထိန်းချုပ်နိုင်တော့ပေ။
***