Switch Mode

အပိုင်း (၃၈၆)

မင်းနဲ့ ထိုက်တန်လို့လား…

အဟံ၏စကားကို ကြားခြင်း၊ မြေရိုင်းဒေသမှ လူများ၏ စစ်ဆေး မေးမြန်းမှုများကြောင့် လူအများက ရီဖူရှင်းကို စိုက်ကြည့် နေကြသည်။ ရီဖူရှင်းက ကောင်းကင် တောင်ထိပ်ကို အမှန်တကယ် ရောက်ရှိခဲ့မည်ဟု မထင်ခဲ့ကြပေ။ နှစ်ပေါင်းများစွာ မရေမတွက်နိုင်သော လူများက ကောင်းကင် တောင်ထိပ်ကို ရောက်အောင် ကြိုးစားခဲ့ကြ သော်လည်း ဘယ်သူမှ မအောင်မြင်ခဲ့ကြပေ။ သို့သော် ရီဖူရှင်း လုပ်နိုင်ခဲ့သည်။

သူ့တွင် ထိုမျှ ကောင်းမွန်သော ပါရမီ ရှိသော်လည်း ကံမကောင်းသည်က သူက မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့များကို ရင်ဆိုင်နေရသည်။ အဟံက အမှန်တရားအား ထုတ်ဖော်ခဲ့သည်။ ထို့ကြောင့်ပင် ရီဖူရှင်းက အန္တရာယ် ကျရောက် လာခဲ့သည်။ ကော့တေးက ချင်ပြည်ထောင်ကို ရင်ဆိုင်ရန် သိပ်ပြဿနာ မရှိသော်လည်း နယ်ခြား အဖွဲ့အစည်းများ၏ ပြိုင်ဘက်တော့ မဟုတ်ပေ။

ထိုအခိုက်တွင် ကောင်းကင်တောင်၌ တိတ်ဆိတ်မှုသာ ကျန်ရှိတော့သည်။ သခင်မယွီရှောင်က ဟွာချင်းချင်းကို မေးသည်… “တောင်ထိပ်မှာ တကယ် ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ…”

အဟံ ပြောသည်ကို ကြားကာ သခင်မ ယွီရှောင်ကလည်း သူမ၏သမီးနှင့် ရီဖူရှင်းတို့ အကြားတွင် ပုံပြင်တစ်ခုခု ရှိရမည်ဟု ယုံကြည်သည်။

ဟွာချင်းချင်းက ခေါင်းငုံ့ကာ အသာအယာ ပြောသည်… “တစ်စုံ တစ်ယောက်က သမီးကို သတ်မလို့ လုပ်တာ ရီဖူရှင်းက သမီးကို ကယ်ခဲ့တယ်…”

“ဘယ်သူလဲ…” သခင်မ ယွီရှောင်က အေးစက်စွာ မေးသည်။

“အမေ… သမီးတို့ ဒီအတိုင်း ထားလိုက်လို့ မရဘူးလား…” ဟွာချင်းချင်းက သူမ၏အမေအား စိုးရိမ်စွာ ကြည့်သည်။ အခြေအနေက ပိုမို၍ ရှုပ်ထွေးလာနေသည်။ ရီဖူရှင်းက မည်သည့် ပြဿနာများနှင့် ရင်ဆိုင်ရတော့မည်ကို သူမ မသိသော်လည်း ယခု သူမ၏မိဘများက ရီဖူရှင်းအား ထပ်မံ၍ ရန်မရှာရန် မျှော်လင့်နေသည်။ ဒွန်ဟွာကလန်က ပါဝင်ပါက သူတို့က လွန်စွာ အန္တရာယ် ကြီးမားသော အခြေအနေသို့ ကျဆင်း သွားပေမည်။

“သခင်မ… ကျုပ်တို့ ဒါတွေကို နောက်မှ ပြောလို့ မရဘူးလား… အခု ကော့တေးကို ရှင်းပစ်ရင် ခင်ဗျားက အကျိုးဆက်ကို သိတယ်မလား…” ချင်ယွီက လျှောက်လာကာ သခင်မယွီရှောင်ကို ပြောသည်။

သခင်မယွီရှောင်က ချင်ယွီအား အေးစက်စွာ ကြည့်သည်။ ချင်ယွီကြောင့်သာ မဟုတ်လျှင် သူမ၏သမီးက ကောင်းကင် တောင်ပေါ်ကို သွားရမည် မဟုတ်သလို တခြားလူများ၏ အန္တရာယ်ပေးခြင်း ကိုလည်း ခံရမည် မဟုတ်ပေ။ ရီဖူရှင်းက သူမ၏သမီးကို ကယ်တင်ခဲ့သည်။ ယခု သခင်မ ယွီရှောင်က ရီဖူရှင်းကို အကြွေးတင်သွားပြီ ဖြစ်သည်။

သခင်မယွီရှောင်က ဒူဟောင်ကို ကြည့်သည်။ သူတို့ ခုနက ပြောခဲ့သော စကားများအရ ဒူဟောင်က တရားခံဖြစ်သည်ကို သူမက ခန့်မှန်းမိသည်။ လုနန်ထျန်း၏ မျက်လုံးများက တင်းမာနေသည်။ သူ၏ခန္ဓာကိုယ်က မီးလျှံများ ထွက်ပေါ်လာနေဟန် ရသည်။

“ခေါင်းဆောင်… သခင်မ… ဒီလိုဖြစ်မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး… မိန်းကလေးဟွာက ဘာမှ မဖြစ်တာ သတင်းကောင်းပဲ…” ချင်ယွီက ပြောသည်… “မြေရိုင်းဒေသရဲ့ အင်အားစုတွေနဲ့ဆို ကျုပ်တို့က အရှေ့မြေရိုင်း ဒေသကို အလွယ်တကူ လွှမ်းမိုး ချုပ်ကိုင် နိုင်လိမ့်မယ်…”

ဘန်း…

ဒွန်ဟွာကလန် ခေါင်းဆောင်က သူ၏နှင်တံဖြင့် အနီးမှ ကျောက်ဆောင်အား ရိုက်နှက် လိုက်သည်။ သူ၏မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထ လာနေသည်ကို တွေ့ရသည်။ ဒွန်ဟွာကလန်၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် သူ၏သမီးက တခြားလူများ၏ အနိုင်စားခြင်း ခံရသည်ကို သူက မည်သို့ သည်းခံနိုင်မည်နည်း။

“ခေါင်းဆောင်… ပိုကြီးတဲ့ ပုံရိပ်ကိုပဲ တွေးပေးပါ… ကျုပ်တို့ အခု လှုပ်ရှားသင့်တယ်… ရီဖူရှင်းတို့အုပ်စုက သေကိုသေရတော့မယ်…” ချင်ယွီက ဆက်ပြောသည်။ ထို့နောက် သူ့လူများကို သူက ကော့တေးထံသို့ လျှောက်သွားရန် အချက်ပြသည်။ ကော့တေး၏ နာမည်ကျော် တပည့် လေးယောက်ကား ယခု ကောင်းကင်တောင် အနီးတွင် အဝိုင်းခံထားရသည်။

ထိုအချိန်တွင် ရီဖူရှင်းက နန်ဖန်းအား ကြည့်ကာ ရယ်မောလိုက်သည်။ သူက ကောင်းကင် တောင်ဘက်ကို ပြန်လျှောက်သွားကာ တောင်ခြေရင်းကို ပြန်ရောက်သွားလျှင် နောက်ဘက်ကို ပြန်လှည့်လိုက်သည်။ သူက နန်ဖန်းကို ကြည့်ကာ ပြုံးလျက် ပြောသည်… “ကောင်းကင် တောင်မှာ ကျုပ် ဘာရခဲ့လဲဆိုတာ ကျုပ်ကိစ္စပဲ… ဒါက ခင်ဗျားတို့ ကိစ္စမဟုတ်ဘူး…”

ရီဖူရှင်း၏ စကားကို ကြားလျှင် အားလုံးသော သူများက နှာခေါင်းရှုံ့ကြသည်။ အဲဒါ မင်း ဘယ်သူလဲနဲ့ မဆိုင်ဘူး…။ မင်း ဘာရတာလဲနဲ့ ဆိုင်တာ…။ ဒါကိုတောင် မင်းက နားမလည်ဘူးလား….။

“ဘယ်လို အရူးလဲ….” နန်ယွီက ရီဖူရှင်းအား အထင်းသေးစွာ ကြည့်သည်။ ထိုအရာက ငါ့ရဲ့ ကိစ္စ မဟုတ်ဘူးလား…။ သူက နှာခေါင်းရှုံ့ကာ ရီဖူရှင်းထံသို့ လျှောက်သွားသည်… “ကောင်းကင်တောင်က ရှေးဟောင်း အကြွင်းအကျန်တွေက မင်း ရယူနိုင်တဲ့ဟာတွေ မဟုတ်ဘူး… အားလုံးကို ပြောပြရင် မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိတယ်…”

“တကယ်လား…” ရီဖူရှင်းက နန်ယွီကို ကြည့်ကာ ပြောသည်… “မင်းက ငါပြောတာကို ယုံတယ် ဆိုရင်တောင် ငါက အမှန်ကို ပြောပြီးတဲ့အခါ မင်းက ငါ့ကို သတ်မှာပဲ မလား… ပြောတာ မပြောတာ ဘာကွာသွားလဲ…”

“မင်းက နန်ထျန်းအိမ်တော်ကို ဝင်ခွင့်ရမယ့် အခွင့်အရေးကို ငါပေးမယ်… ငါ့နောက်ကိုလိုက်… ငါ့သက်တော်စောင့်လုပ်… ငါက မင်းကို ခွင့်လွှတ်ပေးမယ်…” နန်ယွီက သူ့အား ကယ်တင်ရန် ကြိုးစားသည့်အလား သူ့ထံ လျှောက်လာသည်။

နန်ယွီက ရီဖူရှင်းထံကို လျှောက်သွားလျှင် နန်ထျန်း အိမ်တော်မှ လူများက တိတ်တဆိတ် လူများ ဖြန့်ကာ ဓားသခင်တို့ အုပ်စုကို ဝန်းရံလိုက်ကြသည်။ ထိုအုပ်စုက ပြန်တိုက်ခိုက် ရဲမည်ဟု သူတို့ မယူဆပေ။

ရီဖူရှင်းက ကောင်းကင်တောင်၏ ရှေးဟောင်း အကြွင်းအကျန်အား ရရှိခဲ့မှတော့ သူ့အား ဘယ်သူမှ ကယ်တင်၍ မရတော့ပေ။

ကျူးကော့ဟွေက ရီဖူရှင်းနှင့် နန်ယွီဘက်ကို ကြည့်ကာ  ပြုံးသည်။ သူက တော်တော် ဉာဏ်ကောင်းပြီဟု နန်ယွီက တွေးထင်နေသည်။ ရီဖူရှင်းက မည်သို့သော လူမျိုး ဖြစ်သည်ကို သူမသိသည်။ နန်ယွီက သူမ၏ မောင်ငယ်လေးအား သူ၏လက်အောက်ကို ခေါ်လိုသည်။ သူက တကယ် အတည် လုပ်နေသည်လား…။

“မင်းနောက်ကို လိုက်မယ်…” ရီဖူရှင်းက နန်ယွီက ပြုံးကြည့်သည်… “မင်းက ထိုက်တန်လို့လား…”

ရီဖူရှင်း၏ ငေါ့တော့တော့ စကားကို ကြားလျှင် နန်ယွီကလည်း ပိုမို တောက်ပစွာ ပြုံးလိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်က လွန်စွာ ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာသည်။ သူ၏လက်ထဲတွင် ငွေရောင်လှံတံရှည် တစ်လက် ဖြစ်ပေါ်လာပြီး သူ၏ခန္ဓာကိုယ် ပေါ်တွင်လည်း ငွေရောင်ချပ်ဝတ် တစ်ခု ဖြစ်ပေါ်လာသည်။

“ငါက မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်… မင်းက တန်ဖိုးမထားရင် နောက်ထပ် မရှိတော့ဘူး…” နန်ယွီက ပြုံးသည်။

ရီဖူရှင်းက ရယ်မောလိုက်ကာ ကောင်းကင်တောင်ဘက်ကို လှည့်လိုက်သည်။ ရုတ်တရက် နန်ယွီက ရီဖူရှင်းထံသို့ လျှပ်စီးအလား လျင်မြန်စွာ ပြေးသွားသည်။ တခြားလူများက နန်ယွီကို မကူညီကြပေ။ နန်ယွီက ရီဖူရှင်းအား မည်သည့်နည်းနှင့်မဆို အနိုင်ရမည်ဟု သူတို့ ယုံကြည်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ချင်ယွီက ကျေနပ်စွာ ပြုံးသည်။ ယခု မြေရိုင်းဒေသက ရီဖူရှင်းအား တိုက်ခိုက်နေသည်။ ကော့တေးက ဝင်စွက်ဖက်မည်မှာ သေချာသည်။ ကောင်းမွန်သော ပြပွဲတစ်ခု ဖြစ်လာတော့မည်။ မြေရိုင်းဒေသက သူ လုပ်လိုသည်များအား သူတို့က ကူလုပ်ပေးမည်ဟု သူ မထင်ထားပေ။

ဟူး…

ငွေရောင်လှံရှည်က ရီဖူရှင်းထံသို့ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ထွင်းဖောက် သွားသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက ဘာဖြစ်နေသည်ကိုပင် သတိထားမိပုံ မရပေ။ သူက နောက်ကို လှည့်မကြည့်ပေ။ သို့သော် မြေပြင်ကို ခြေတစ်ချက် ဆောင့်နင်းလျှင် သူ၏ခြေထောက်တွင် ငွေရောင် အလင်းများနှင့်အတူ လေဓာတ်နှင့် လျှပ်စီးဓာတ်များ ဖြစ်ပေါ်လာသည်။

ဝှစ်…

လှံတံရှည်က မရောက်လာမီတွင်ပင် မူလနေရာတွင် လျှပ်စီးအလင်း တချို့ကို ချန်ထားကာ ရီဖူရှင်း၏ခန္ဓာကိုယ်က ထိုနေရာမှ​ ပျောက်ကွယ်သွားသည်။ လှံရှည်က ရီဖူရှင်း ရပ်နေခဲ့သော မြေပြင်ကိုသာ ထိုးခွဲမိသည်။ တောင်ခြေ၏ နောက်ထပ် ကျောက်တုံး တစ်ခုပေါ်တွင် ရပ်ကာ ရီဖူရှင်းက နောက်လှည့်ကြည့်သည်။

“အဲဒါ အရိပ်ခြေလှမ်းပဲ…” ဂူတုံးလျို၏ မျက်လုံးက အရောင်လက် သွားသည်။ သူ၏ ညီငယ်လေးကား အလွန် ပါရမီပါသည်။ ဤသို့သော အချိန်တို ကာလအတွင်းတွင် သူက ထိုနည်းစနစ်အား ဤမျှလောက်အထိ ကျွမ်းကျင်အောင် လေ့ကျင့်နိုင်သည်။ ဂူတုံးလျိုကလည်း ထိုနည်းစနစ်အား လေ့ကျင့်ရာ ထိုအရာက မလွယ်ကူသည်ကို သူ သိသည်။ သို့သော် ရီဖူရှင်းက နန်ယွီ၏ တိုက်ခိုက်မှုအား ထိုနည်းစနစ်ဖြင့် အလွယ်တကူ ရှောင်တိမ်းနိုင်သည်။

“ဟင်း…” နန်ယွီက ရီဖူရှင်းအား တစ်ချက်ကြည့်ကာ ရီဖူရှင်းထံသို့ လျှပ်စီး အလင်းတန်းအလား တစ်ဟုန်ထိုး ပြေးသွားသည်။

ထိုအခိုက်တွင် တရှဲရှဲ အသံများ မြည်လာသည်။ မရေမတွက်နိုင်သော ရွှေရောင် နွယ်ပင်များက ရီဖူရှင်း၏အနီးမှ ပေါ်လာကာ နန်ယွီထံသို့ ရွှေရောင် လှံရှည်များအလား တိုးဝင် သွားကြသည်။ ပိုမို ကြောက်မက်ဖွယ် ကောင်းသည်ကား ထိုရွှေလှံရှည်မျာက နွယ်ပင်များအလား တွန့်လိမ် ကွေးကောက် လာနေကြကာ သူတို့၏လာရာ လမ်းကြောင်းကို လွန်စွာ ခန့်မှန်း ရခက်ခြင်းပင်။

ထိုတိုက်ကွက်၏နာမည်ကား သေမင်း ထောင်ချောက် ဖြစ်သည်။

နန်ယွီက ချက်ချင်း ပြေးနေရာမှ ရပ်လိုက်သည်။ သူက လှံရှည်အား ဝှေ့ယမ်းလျှင် သူ၏ရှေ့တွင် ငွေအလင်း အရံအတားတစ်ခု ပေါ်လာသည်။ နွယ်ပင်များက ဖြတ်တောက် ခံရသော်လည်း နွယ်ပင်များက အဆုံးမရှိပေ။ မကြာမီ ထိုနေရာ တစ်ခုလုံးကို နွယ်ပင်များ ဖုံးအုပ်သွားကာ နန်ယွီအား အန္တရာယ် ပေးနိုင်သော အခြေအနေကို ရောက်လာသည်။

“အဲဒါ ဘာလဲ…” မြေရိုင်းဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး အံ့အားသင့် နေကြသည်။ အထူးသဖြင့် နန်ဖန်းဖြစ်သည်။ သူက နန်ယွီ၏ အရည်အချင်းကို သိသည်။ နန်ယွီကား နန်ထျန်းအိမ်တော်၏ ပါရမီရှင်ဖြစ်သည်။ သူတို့နှစ်ယောက်က အဆင့်နိမ့် အကာနာများ ဖြစ်ကြသော်လည်း နန်ယွီ၏ တန်ခိုးအဆင့်က ပိုမိုမြင့်မားပေသည်။ သို့တိုင်အောင် ရီဖူရှင်းက မှော်တိုက်ကွက် တစ်ခုတည်းဖြင့် နန်ယွီအား ထိန်းချုပ် ထားနိုင်သည်။

ထိုအချိန်တွင် နန်ယွီကား အပြင်းအထန် ရုန်းကန်နေသည်။ သူ၏လှံရှည်မှ လျှပ်စီး အလင်းများ ပြင်းထန်စွာ ထွက်ပေါ်လာကာ လွန်စွာ အားကောင်းသော အရှိန်အဝါဖြင့် နွယ်ပင်များအား ခုတ်ဖြတ်နေသည်။

နန်ယွီ၏ နောက်မှ တောက်ပ လင်းလက်သော အရာတစ်ခု ပေါ်လာသည်။ ထိုအရာက လှံရှည်ကိုင်ထားသော စစ်နတ်ဘုရားတစ်ပါးနှင့် တူသည်။ သူ၏အနီးမှ​ ရှိရှိသမျှအားလုံး ပျက်စီး သွားရသည်။ ရွှေရောင်နွယ်ပင်များက ယခု သူ၏အနီးကို မကပ်နိုင်တော့ပေ။

“သေစမ်း…” လွန်စွာ အေးစက်သော အလင်းတစ်ခု နန်ယွီ၏ မျက်လုံးထဲ မြင်နေရသည်။ သူက ငွေရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ရောက်ရှိလာသော နွယ်ပင်များ အားလုံးကို ဖျက်ဆီး လိုက်သည်။

“နန်ထျန်းအိမ်တော် ပါရမီရှင်က သူ့ရဲ့ သက်စောင့်ဝိညာဉ် ကိုတောင် ထုတ်လွှတ်ရတယ်…” မြေရိုင်းဒေသမှ လူများက ထိုရလဒ်အား သံသယ မရှိကြသော်လည်း အံ့အားသင့် ကြရသည်။ သူတို့က ရီဖူရှင်းအား သေသေချာချာ ကြည့်ကြသည်။ ရီဖူရှင်းက လက်ဆန့်တန်း လိုက်လျှင် ပန်းရောင် လျှပ်စီးများက သူ့ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်း သွားသည်။

ကောင်းကင်ပင်လျှင် အရောင်ပြောင်းလဲ သွားသည်။ တောင်ခြေမှ လူများက ကောင်းကင်ကို ထူးဆန်းစွာ ကြည့်ကြသည်။ သူတို့က ပန်းရောင် လျှပ်စီးအား တစ်ခါမှ မမြင်ဖူးကြပေ။

“မင်းရဲ့ ခံစစ်က အတော် အားကောင်းတာပဲ…” ရီဖူရှင်း၏ မျက်လုံးက နန်ယွီအား စူးစိုက် ကြည့်နေသည်။ သူ၏စိတ်ဝိညာဉ် စွမ်းအားက မှော်တိုက်ကွက်နှင့် ပေါင်းစပ်ထားသည်။ ထိုစဉ်မှာပင် ပန်းရောင် လျှပ်စီး အလင်းတန်းက သူ့ထံ တိုးဝင်လာသော ငွေရောင် ပုံသဏ္ဌာန်အား သွားရောက် ရိုက်သည်။

နန်ယွီက သူ့ထံ ရောက်ရှိလာသော ပန်းရောင် လျှပ်စီးအား သူ၏လှံရှည်ဖြင့် ထိုးခွဲသည်။ ထိုလျှပ်စီးက လှံရှည်အား စီးဆင်းသွားကာ နန်ယွီ၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် တိုးဝင်လာသည်။ ထိုအခိုက်တွင် နန်ယွီ၏ခန္ဓာကိုယ်က အဆက်မပြတ် တုန်ခါသွားသည်။ သူ၏ စိတ်ဝိညာဉ်ကလည်း တိုက်ခိုက်ခံရသည်။

ထိုတိုက်ကွက်ကား ကောင်းကင်လျှပ်စီး တိုက်ကွက်ဖြစ်သည်။

ဘန်း… ဘန်း… ဘန်း… နန်ယွီက ထုံကျင်နေသော အချိန်တွင် နောက်ထပ် များစွာသော လျှပ်စီးကြောင်းများက သူ့အား လာရာက် ပစ်ခွင်းကြသည်။ နန်ယွီ၏ ခန္ဓာကိုယ်က ဆက်လက်၍ တုန်ယင်နေသည်။ တရှဲရှဲမြည်သံနှင့်အတူ သေမင်း ထောင်ချောက်က ရောက်လာပြန်သည်။ နွယ်ပင်များက နန်ယွီအား ကောင်းကင်ပေါ်သို့ဆွဲသွားကာ ရီဖူရှင်း၏ရှေ့၌ တွဲလောင်းချထားသည်။

မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် ကြရသည်။ အထူးသဖြင့် မြေရိုင်းဒေသမှ လူများက ထိုမြင်ကွင်းကို မယုံကြည်နိုင်ကြပေ။ နန်ယွီက ထိုမျှ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။

“မင်းက ငါ့ကို မင်းနောက်ကို လိုက်စေချင်သေးလား…” ရီဖူရှင်းက လေထဲမှ နန်ယွီအား ကြည့်သည်။

နန်ယွီက ရီဖူရှင်းအား မီးဟုန်းဟုန်း တောက်မတတ် အကြည့်ဖြင့် ကြည့်သည်။ သူ့ထံမှ အလင်းရောင်များ တစ်ဖန် တောက်ပလာသောလည်း နွယ်ပင်များက သူ့ကို မြေပြင်နှင့် ထပ်မံ၍ ကိုင်ရိုက်လျှင် သူ ပျော့ခွေသွားသည်။

“မင်း လုပ်ရဲလား…” ထိုအချိန်တွင် နန်ထျန်းအိမ်တော်မှ နိုဘယ် တစ်ယောက်က ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ ရီဖူရှင်းထံသို့ တိုးဝင်လာသည်။

ရီဖူရှင်းက သူ့အား အေးစက်စွာ ကြည့်ကာ ပြောသည်… “သွားစမ်း…”

ဒေါင်…

သူက ထိုသို့ ပြောလိုက်သည်နှင့် ခေါင်းလောင်း မြည်သံနှင့်အတူ မမြင်ရသော မုန်တိုင်းက အားလုံးကို ဖြတ်ရိုက် သွားသည်။ ကျယ်လောင်သော အသံနှင့်အတူ နိုဘယ်တန်ခိုးရှင်၏ မျက်နှာက သွေးဆုတ် သွားကာ အဝေးကို လွင့်စဉ် သွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset