ရီဖူရှင်းထံ လှမ်းလာနေသော တန်ခိုးရှင်များထံသို့ ကျူးကော့ဟွေ၏ ကျာပွတ်က ရောက်ရှိသွားသည်။ သူတို့၏ မျက်နှာများ အားလုံး ဖြူရော်သွားကာ နောက်ကို ဆုတ်ရန် ကြိုးစားကြသည်။ ကျာပွတ်ကား အလွန် မြန်ဆန်လွန်းလှသည်။ ကျာပွတ်ထံမှ လင်းလက် တောက်ပနေသော လျှပ်စီးများက ထက်ရှသော ဓားသွားများအလား သူတို့ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေကာ လေထုထဲကို သွေးခြင်းခြင်း နီစေသည်။
တစ်ချိန်တည်းမှာပင် ဓားသခင်၏ ဓားက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ရောက်ရှိလာကာ ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်တို့ကို နောက်ဆုတ် သွားစေသည်။ ထို့နောက် ဓားသခင်က ဓားအလင်းအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်း၏ရှေ့ကို ရောက်လာသည်။ ဂူတုံးလျိုကိုမူကား ချင်ယွီက တားဆီးနိုင်စွမ်း မရှိပေ။
တိုက်ပွဲက ကျူးကော့ဟွေ၊ ဓားသခင်နှင့် ဂူတုံးလျိုတို့ သုံးယောက်က ရီဖူရှင်း၏ရှေ့ကို ရောက်ရှိ လာခြင်းနှင့်အတူ ရုတ်တရက် ရပ်တန့်သွားသည်။ သူတို့က ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ မည်သည့် တန်ခိုးရှင်ကမှ ရီဖူရှင်း၏အနီးကို ကပ်လာမည်ကို ခွင့်မပြုပေ။ ထို့အတူ ချင်ယွီတို့ကလည်း အလောတကြီး တိုက်ခိုက်လိုသော ပုံစံ မရှိပေ။
ကလန် ခေါင်းဆောင်ဟွာနှင့် သခင်မယွီရှောင်တို့၏ မျက်လုံများက ဟွာချင်းချင်းထံကို ရောက်သွားသည်… “ချင်းချင်း.. ဒီကိုလာ…” မိန်းကလေးက သခင်မ ယွီရှောင်ထံသို့ လျှောက်သွားသည်။
သူမ ဝတ်ဆင်ထားသော အင်္ကျီကို ကြည့်ကာ သူတို့စုံတွဲ၏ မျက်လုံးများတွင် နားမလည်နိုင်သော အရိပ်အယောင် များကို မြင်ရသည်။ သခင်မ ယွီရှောင်က ခေါ်သည်… “ချင်းချင်း…”
သူမ၏အသံတွင် မေးခွန်းများ ပါနေသည်။ သူမက ရီဖူရှင်း၏အင်္ကျီကို မှတ်မိသည်။ ယခု ရီဖူရှင်း၏အင်္ကျီကို ဟွာချင်းချင်းက ဝတ်ထားသည်။
နန်ဖန်း၊ ချူရှန်းနှင့် တခြား လူများကလည်း ဟွာချင်းချင်းကို ကြည့်နေကြသည်။ ထိုအရှက်ရစရာ ဖြစ်ရပ်အတွက် သူမက လူအများရှေ့တွင် မည်သို့ ထုတ်ပြောရမည် သိမည် မဟုတ်ပေ။ ထိုအရာက မိန်းကလေးတိုင်း အတွက် ခက်ခဲသောအရာ ဖြစ်သည်။ ဒူဟောင်မူကား သိပ်ထူးခြားသော အမူအရာများ မပြပေ။ သူ၏မျက်လုံးများက သရော်ဟန် အနည်းငယ်ပင်လျှင် ပြသနေသေးသည်။
“အဖေ… အမေ… အိမ်ပြန်ရအောင်…” ဟွာချင်းချင်းက ရုတ်တရက် ပြောသည်။ ထိုအရာက အမှန်တကယ်ပင် သူမ ထုတ်ပြောနိုင်စွမ်း မရှိသော ကိစ္စဖြစ်သည်။ ထိုအဖြစ်က သူမ၏ ဂုဏ်သိက္ခာနှင့် ဆက်စပ်နေသလို ရီဖူရှင်း၏ အင်္ကျီကိစ္စကိုလည်း မည်သို့ ရှင်းပြရမည်နည်း။ ရီဖူရှင်းက သူမကို ကယ်တင်ခဲ့ကြောင်း အားလုံးကို သူမက ပြောပြရမည်လော။ ဤသို့ဆိုလျှင် မြေရိုင်းဒေသမှ လူများက ရီဖူရှင်း မိစ္ဆာငှက်နှင့် ပတ်သက်၍ တာဝန်ရှိသူဟု သိသွားကြမည် ဖြစ်သည်။ ထို့ကြောင့် ဟွာချင်းချင်းက အိမ်သို့ ပြန်ကာ သူမ၏မိဘများအား ဖြစ်ပျက်သမျှကို ရှင်းပြလိုပေသည်။
“အိမ်ပြန်မယ်…” ကလန် ခေါင်းဆောင်ဟွာက နားမလည်ပေ… “နန်ထျန်း… ချင်းချင်းကို ဘေးကို ခေါ်သွား…” သူ၏သမီးအား အိမ်ကို ရောက်မှ အသေးစိတ် မေးရမည်။ ယခုမူကား တိုက်ပွဲက ပိုမို အရေးကြီးပေသည်။ ကော့တေးတပည့် သုံးယောက်က အလွန် စွမ်းပေသည်။ ယနေ့ သူတို့အား လွှတ်ပေးလိုက်ပါက နောက်နှစ် အနည်းငယ်တွင် သူတို့အား ထိန်းချုပ်ရန် လွန်စွာ ခက်ခဲ သွားပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ချင်ပြည်ထောင်က အလျင်လိုခြင်း ဖြစ်သည်။
ဟွာချင်းချင်းက သူမ၏အဖေအား ကြည့်ကာ ဘာလုပ်ရမည် မသိတော့ပေ။ ရီဖူရှင်းက သူမအား ကယ်တင်ခဲ့ကြောင်း ပြောလျှင် ရီဖူရှင်းက အန္တရာယ် ကျရောက်ပေမည်။ အကယ်၍ သူမက ဘာမှ မပြောလျှင် သူမ၏မိဘများက ရီဖူရှင်းကို သတ်ကြမည် ဖြစ်သည်။ ဒူဟောင်က သူမအား လုပ်ခဲ့သည်များကို သူမ၏မိဘများကို ပြောပြလိုက်လျှင်ကော…။ သူမ၏မိဘများက မြေရိုင်းဒေသမှ အင်အားစုကို စိန်ခေါ်ကြမည်လော။ ဤသို့ဆိုလျှင် သူမကြောင့် ဒွန်ဟွာကလန်က အဆုံးသတ် သွားရပေမည်။
သူမ၏ မျက်လုံးများမှ ဟွာချင်းချင်းက လွန်စွာ ဝေခွဲမရ ဖြစ်နေသည်ကို မြင်ကြရသည်။ သူမက ဘာလုပ်ရမည် မသိတော့ပေ။
ထိုအခိုက်တွင် ချင်ယွီက သူမအား စိုက်ကြည့်နေသည်။ သူမက အမှန်ပင် ရီဖူရှင်း၏ အင်္ကျီကို ဝတ်ဆင်ထားသည်။ ကြည့်ရသည်မှာ မိန်းကလေးက သူ ယခင်က တွေးထင်ခဲ့သလို သန့်စင်ကာ အပြစ်ကင်းသူ မဟုတ်နိုင်တော့ပေ။ ချင်ယွီ၏ ညီမအငယ်ဆုံးက ဒွန်ဟွာကလန်မှ ချိန်ရှင်းမူနှင့် လက်ထပ်ကာ ကောင်းကင် တောင်တွင် အသတ်ခံခဲ့ရသည်။ ဟွာချင်းချင်းက ဘာလုပ်ခဲ့သနည်း။ သူမက ရီဖူရှင်းက ကောင်းကင် တောင်ပေါ်ကို ရောက်ခဲ့သည့်ကိစ္စကို ဖုံးကွယ် ထားခဲ့သည်။ ကြည့်ရသည်မှာ သူတို့က ကောင်းကင် တောင်ပေါ်မှ ကိစ္စရပ်များနှင့် ပတ်သက်၍ အမှန်တကယ် အားဖြင့် သိနားလည်ခြင်း မရှိသေးသည်ကို ချင်ယွီက နားလည် လိုက်သည်။ သို့သော် ထိုကိစ္စအား နောက်ပိုင်းမှ သူက ဖြေရှင်းရမည်။ လက်ရှိတွင် သူက သူမအား အပြစ်သွားတင်၍ မရပေ။ သူက ကလန် ခေါင်းဆောင်ဟွာနှင့် သခင်မ ယွီရှောင်တို့အား အသုံးပြုကာ ကော့တေးမှ တပည့်များကို ရှင်းပစ်ရန် လိုအပ်ပေသေးသည်။
ထိုစဉ်မှာပင် အဟံက မြေရိုင်းဒေသမှ လူများ၏ အမူအရာများကို ကြည့်ကာ တစ်စုံတစ်ခုကို သတိထားမိဟန် တူသည်။ သူက မြေရိုင်းဒေသမှ လူများကို မေးသည်… “ခင်ဗျားတို့က တောင်ထိပ်ကို မရောက်ခဲ့ဘူးလား…” မြေရိုင်းဒေသမှ လူများက အဟံအား ကြည့်ကြသည်။ အဟံက ဆက်ပြောသည်… “တောင်ပေါ်ကို ရောက်ဖူးတဲ့ နှစ်ယောက်က ခင်ဗျားတို့ကို ဦးဆောင်ပြီး ခေါ်သွားမှတော့ တောင်ပေါ်ကို မရောက်စရာ အကြောင်း မရှိဘူး…”
“ငါတို့ကို မိစ္ဆာငှက် တစ်ကောင်က တိုက်ခိုက်ခဲ့တယ်…” နန်ဖန်းက ပြောသည်။
“မိစ္ဆာငှက်…” အဟံ၏ မျက်လုံးများက ရီဖူရှင်းထံ ရောက်သွားသည်။ ထိုအခါမှ ရီဖူရှင်းက သူ့အား အေးစက်စွာ လှမ်းကြည့်နေသည်ကို သတိထားမိသည်။
ထိုအခိုက်တွင် ဘယ်သူက သွေးထိုး လှုံ့ဆော်သည်ကို ရီဖူရှင်းက သိလိုက်သည်။ သူ့အား တမင် သွေးထိုးသူက ချင်းရွှီ ဘုရားကျောင်းမှ အဟံဖြစ်မည်ဟု သူက တစ်ခါမှ မထင်ထားခဲ့ပေ။
“ကျုပ် နားလည်ပြီ…” အဟံက ပြောသည်။ သူ၏မျက်လုံးများက တစ်ဖက်ကို လှည့်သွားကာ လက်ဝါးနှစ်ဖက်အား လက်အုပ်မိုးလျက် ဗုဒ္ဓတရားတော်များကို ရွက်ဆိုကာ မျက်လုံးများကို မှိတ်လိုက်သည်။
“အဲဒါ ဘာကို ဆိုလိုတာလဲ…” နန်ယွီက မေးသည်။
“ကျုပ်မပြောနိုင်ဘူး…” အဟံက ခေါင်းယမ်းသည်။
နန်ယွီ၏ မျက်ခုံးက ကွေးညွတ်သွားကာ နားမလည်သော အမူအရာများ ဖြစ်ပေါ်လာသည်။ ထိုက်ချွန်တောင်မှ ဟန်လန်က ပြောသည်… “တကယ်လို့ ခင်ဗျား တစ်ခုခု သိထားရင် ပြောပါ…”
“ကျုပ်က ပြောရင်တောင် ခင်ဗျားတို့က နားလည်မှာ မဟုတ်ဘူး… ပြီးတော့ ဒါကို ထုတ်ပြောလိုက်ရင် ဆိုးကျိုးတွေပဲ ရှိတယ်… ကျုပ်က အတွေ့အကြုံ သိပ်မရှိသေးတဲ့ ဘုန်းကြီးတစ်ပါးပဲ ဖြစ်တယ်… ဒီစကားအတွက် ဖြစ်လာမယ့် အမုန်းတရားကို ကျုပ်က ခံနိုင်ရည်မရှိဘူး…” အဟံက ထပ်မံ၍ ခေါင်းယမ်းသည်။
“ခွန်မင်…” ချင်းရွှီဘုရားကျောင်းမှ ဆရာတော်က အဟံအား ခေါ်လိုက်သည်။ အဟံ၏ နာမည်က ခွန်မင်ဖြစ်သည်။
ဒူဟောင်က ချင်းရွှီဘုရားကျောင်း အုပ်စုထံသို့ လျှောက်သွားလျှင် မီးငှက်ပေါ်မှ လူများနှင့် တခြား အင်အားစုများ ကလည်း လိုက်ပါ သွားကြသည်။ ဒူဟောင်က ပြောသည်… “ပြောပါ… ခင်ဗျားကို ဘယ်သူမှ အန္တရာယ် မပေးနိုင်ဘူး ဆိုတာ ကျုပ် အာမခံတယ်…”
“ဆရာတော်က ကျုပ်ကို ဒီကိစ္စကို မပြောဖို့ တားမြစ်ထားတယ်…” အဟံက သူ၏ခေါင်းကို ထပ်ယမ်းသည်… “ဒီကိစ္စကို ပြောမိရင် ဆရာတော်က ကျုပ်ကို ဘုရားကျောင်းက နှင်ထုတ်လိမ့်မယ်…”
“ခင်ဗျားက ကျုပ်နဲ့အတူ တော်ဝင် မီးတောက် ကလန်သို့ လိုက်လာလို့ ရတယ်…” ဒူဟောင်က ပြောသည်။
အဟံက ပတ်ဝန်းကျင်ကို ကြည့်လျှင် နန်ဖန်းကလည်း အနီးကို ကပ်လာကာ ပြောသည်… “ခင်ဗျားကို ဘယ်သူမှ မထိစေရဘူးလို့ ကျုပ်လည်း အာမခံတယ်…” အဟံက အနည်းငယ် စဉ်းစားပြီးမှ ဆရာတော်ဘက်ကို လှည့်ကာ ဦးညွှတ်သည်… “ဆရာတော်… ဘုန်းကြီးတွေက မလိမ်ဘူး… တပည့်က အမှန်ကို ပြောရလိမ့်မယ်…” ထို့နောက် သူက ဒူဟောင်ဘက်ကို လှည့်ကာ ပြောသည်…. “ကောင်းကင်တောင်မှာ မိစ္ဆာငှက် မရှိဘူး…”
“ကျုပ်တို့က ကန်းနေတယ်လို့ ခင်ဗျား ထင်လား…” နန်ယွီက အေးစက်စွာ ပြောသည်။ သူ့အား မိစ္ဆာငှက်က တိုက်ခိုက်ခဲ့ကာ ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သည်။
“ချင်းရွှီ ဘုရားကျောင်းက ကောင်းကင်တောင်ကို မျက်နှာချင်းဆိုင်ပြီး နှစ်ပေါင်းများစွာ နေလာခဲ့တယ်… ကောင်းကင်တောင်နဲ့ ပတ်သက်ပြီး ကျုပ်တို့လောက် ဘယ်သူမှ မသိဘူး… တောင်ပေါ်မှာ မိစ္ဆာငှက်က ကျန်ခဲ့တဲ့အသိပဲ ရှိတယ်… တကယ့်မိစ္ဆာငှက် မရှိဘူး… တကယ်လို့ ခင်ဗျားတို့က မယုံဘူးဆိုရင် ဆရာတော်ကို မေးလို့ရတယ်…” အဟံက ပြောသည်။ လူတိုင်း၏ အာရုံက ဆရာတော်ထံကို ရောက်သွားသော်လည်း ဆရာတော်က မျက်လုံးကို မှိတ်ကာ စိပ်ပုတီးအား လက်ဖြင့် ဆုပ်ကိုင်လျက် တိတ်ဆိတ်နေသည်။ အမှန်တကယ်အားဖြင့် သူက လွန်စွာ စိတ်ပျက်နေသည်။
“ဆရာတော်…” နန်ယွီက ခေါ်လိုက်သည်။
“ကောင်းကင်တောင်ကို လေ့လာ စောင့်ကြည့်တာက မင်းရဲ့ ပင်ကိုနှလုံးသားကို နားလည်စေတယ်… ကြည့်ရတာတော့… ခွန်မင်… မင်းက မင်းရဲ့ နှလုံးသားကို နားလည်နေပြီပဲ…” ဆရာတော်က ပြောသည်။
အဟံက ခေါင်းညိတ်ကာ ပြောသည်… “ဟုတ်ပါတယ်…”
“ဒါဆိုရင်လည်း မင်းသွားလို့ ရပြီ…” ဆရာတော်က ပြောသည်။
“အားလုံးအတွက် ကျေးဇူးတင်ပါတယ်…” အဟံက ဆရာတော်ကို ထပ်မံ၍ အရိုအသေ ပေးသည်။ ဗုဒ္ဓတရားတော်ကို သူက လေ့ကျင့်လေလေ သူက ပိုမို၍ မိမိကိုယ်ကို သိနားလည် လာလေလေ ဖြစ်သည်။ အားလုံးသော သက်ရှိများက မျှတမှု ရှိသည်ဟု ဗုဒ္ဓက ပြောခဲ့သည်။ သို့သော် မျှတမှုက ဘယ်နေရာတွင် ရှိသနည်း။ လူအများက အဆင့်အတန်း မြင့်သော သူများကိုသာ လေးစားကြသည်။ သူ့အတွက်မူ ဗုဒ္ဓလမ်းစဉ်ကို လေ့ကျင့်ခြင်းမှာ စွမ်းအား ကြီးမားလို၍သာ ဖြစ်သည်။ ဗုဒ္ဓက သူလိုသည်ကို မပေးနိုင်ပေ။
ယခု ချင်းရွှီ ဘုရားကျောင်းက ရည်မှန်းချက် ဘာမှ မရှိသည်ကို သူ သိနားလည်လိုက်ပြီ ဖြစ်သည်။ သူ့အတွက်လည်း ဘာအခွင့်အရေးမှ မရှိပေ။ ယခု အရှေ့မြေရိုင်း ဒေသက အပြောင်းအလဲများ ဖြစ်လာသည်။ ဗုဒ္ဓက အခွင့်အရေး အကြောင်း ပြောသည်။ သူ၏ အခွင့်အရေးက ယခု ရောက်လာပြီ ဖြစ်သည်။
“သွားမယ်…” ဆရာတော်က ပြောသည်။ ထို့နောက် သူက ချင်းရွှီ ဘုရားကျောင်းမှ ဘုန်းတော်ကြီးများ အားလုံးကို ဦးဆောင်ကာ ထိုနေရာမှ ထွက်ခွာ သွားသည်။ လူအများအပြားက အဟံအား ကြည့်ကြသည်။ သူက ဗုဒ္ဓ တရားတော်များကို နက်ရှိုင်းစွာ နားလည်ထားပုံ ရသည်။ ထို့ကြောင့်လည်း သူက အဟံဘွဲ့တော်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကြည့်ရသည်မှာ သူ၏ပင်ကို စိတ်သဘာဝက သူ လျှောက်လှမ်းနေသော လမ်းနှင့် ကိုက်ညီပုံ မရပေ။
မြေရိုင်းဒေသမှ လူများ အားလုံးက ထိုမြင်ကွင်းကို မြင်လျှင် အဟံပြောသည်မှာ မှန်ကန်သည်ဟု ကောက်ချက် ချကြသည်။ ဒူဟောင်က ပြောသည်… “ခင်ဗျား ပြောတာကို ဆက်ပြော…”
“ဟွာချင်းချင်း တစ်ယောက်ပဲ ကောင်းကင်တောင်ကို ရောက်ခဲ့တာ မဟုတ်ဘူးလို့ ကျုပ်ပြောပြီးပြီ… အမှန်တကယ်က သူတို့ပဲ မဟုတ်ဘူး…” သူက ဆက်လက်၍ ရှင်းပြသည်… “အဲဒီအချိန်တုန်းက ရီဖူရှင်းက ချင်ပြည်ထောင်က ချင်လီကို ကောင်းကင်တောင်မှာ သတ်ခဲ့တယ်… သူက ချင်လီကို သတ်ပြီး နောက်ပိုင်းမှာ တိုက်ခိုက်ဖို့ စွမ်းရည် မရှိတော့ဘူး… သူ့နောက်က ဟွာချင်းချင်းက လိုက်နေတယ်… ရီဖူရှင်းကို ကာကွယ်ဖို့ အတွက် ယူချင်းက ရီဖူရှင်းနဲ့အတူ ရှိတယ်… သူတို့အုပ်စုမှာ နောက်ထပ် သတ္တဝါဆန်း တစ်ကောင်လည်း ပါတယ်… သတ္တဝါဆန်းက ရီဖူရှင်းကို ကာကွယ်ဖို့အတွက် မိစ္ဆာငှက်အဖြစ် ပြောင်းလဲခဲ့တယ်… သူက တောင်ပေါ်ကို မပျံတက်ခင် ကျုပ်နဲ့ ဟွာချင်းချင်းကို ဒဏ်ရာရစေခဲ့တယ်… ပြီးတော့ ရီဖူရှင်းနဲ့ ယူချင်းက တောင်ပေါ်ကို ဆက်တက်ခဲ့တယ်… ဟွာချင်းချင်းကလည်း သူတို့နောက်ကို ဆက်လိုက်ခဲ့တယ်…”
အဟံက ဆက်ပြောသည်… “ခင်ဗျားတိုက ကျုပ်ကို မယုံရင် ချင်လီရဲ့အဖေ ချင်ယွီကို မေးလို့ရတယ်… ဟွာချင်းချင်းက ကောင်းကင် တောင်ထိပ်ကို ရောက်ခဲ့တယ် ပြောတာ သူပဲ… ပြီးတော့ ခင်ဗျားတို့က ဟွာချင်းချင်းကိုလည်း မေးလို့ရတယ်… ဒါပေမဲ့ ကျုပ်အမြင်မှာတော့ ဟွာချင်းချင်းက ရီဖူရှင်းရဲ့ အင်္ကျီကို ဝတ်ထားမှတော့ ရီဖူရှင်းနဲ့ ဟွာချင်းချင်း ကြားမှာ တစ်ခုခု ဖြစ်ခဲ့မယ် ထင်တယ်…”
ဒူဟောင်၏မျက်နှာက အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ အဟံ၏ ရှင်းပြချက်ကို နားထောင်ပြီးလျှင် သူပြောသည်မှာ မှော်ကလန် နိုင်သည်ဟု သူတို့ ထင်မြင်ကြသည်။ ဤသို့ဆိုလျှင် သူတို့မြင်ခဲ့သော မိစ္ဆာငှက်က ဘယ်က လာသနည်း။
“မိစ္ဆာငှက်က ဟွာချင်းချင်းကို ကယ်ခဲ့တယ်…” ဒူဟောင်က ရေရွတ်သည်။ နနဖန်းနှင့် တခြားလူများ အားလုံးက အရာအားလုံးကို နားလည် သွားကြသည်။
ကောင်းကင် တောင်တွင် မိစ္ဆာငှက်က ရုတ်တရက် ပေါ်လာကာ ဟွာချင်းချင်းအား ကယ်ခဲ့သည်။ ထို့နောက် ရီဖူရှင်းက သူမ၏ခန္ဓာကိုယ်တွင် အင်္ကျီခြုံပေးခဲ့သည်။ ရီဖူရှင်းက သဘောထား ကြီးသည်ဟု သူတို့က အမှန်တကယ် တွေးခဲ့ကြသည်။ ကြည့်ရသည်မှာ သူတို့က အရှေ့မြေရိုင်း ဒေသက လူငယ် တစ်ယောက်၏ လှည့်စားခြင်းကို ခံခဲ့ရသည်။
စိတ်ဝင်စားစရာပဲ…။ နန်ယွီက နောက်လှည့်ကာ ရီဖူရှင်းအား ကြည့်သည်။ အမှန်ပင် ရီဖူရှင်းက သူတို့အား တောင်ပေါ်ကို မြှူဆွယ်ခဲ့သည်။ ထို့နောက် မိစ္ဆာငှက်က သူတို့အား ဒဏ်ရာရစေခဲ့သည်။
ဒူဟောင်၏ မျက်လုံးများက လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းလာသည်။
မိစ္ဆာငှက်က သူ့အား သတ်လုနီးပါးပင်။ ရီဖူရှင်းက အမှန်တကယ် သူ့ကို သတ်ရဲချင်မှ သတ်ရဲပေမည်။ သူက အားလုံးကို မသတ်ရဲသည့်တိုင် မိစ္ဆာငှက်က ဒူဟောင်အား သတ်ခဲ့ပါက တခြားလူများက ရီဖူရှင်းကို သံသယ ရှိကြမည် မဟုတ်ပေ။ ထို့အပြင် ရီဖူရှင်းက တခြား လူများနှင့်အတူ ရှိနေခဲ့သည်။ သူက အရှေ့မြေရိုင်း ဒေသတွင် သေလုနီးပါး ဖြစ်ခဲ့မည်ဟု မည်သူ ထင်မည်နည်း။
ရီဖူရှင်းက သူတို့အား မကြည့်ပေ။ အဘယ်ကြောင့် ဆိုသော် သူ၏မျက်လုံးများက အဟံကို စူးစိုက်၍ ကြည့်နေသော ကြောင့်ပင်။ အဟံက ထိုကိစ္စများအား ရှင်းလင်း ပြလိုက်သောအခါ ယခု အရာအားလုံးက ဘူးပေါ်သလို ပေါ်သွားပြီ ဖြစ်သည်။
ကျူးကော့ဟွေနှင့် ဂူတုံးလျိုတို့ကလည်း အဟံကို အေးစက်စွာ ကြည့်နေကြသည်။ သို့သော်လည်း အဟံက မီးငှက်ပေါ်မှ အဖွဲ့များထံသို့ ရောက်သွားပြီး ဖြစ်သည်။ သူက ချင်းရွှီ ဘုရားကျောင်းအား စွန့်ခွာသည်။ သူက အရှေ့မြေရိုင်းဒေသမှ ထွက်ခွာသွားနိုင်မည့် အခွင့်အရေးကို မြင်ရပြီဖြစ်သည်။ နောင်တွင် သူ၏အဆင့်က ပိုမိုမြင့်မား လာတော့မည်။
“မင်းက ငါ့ကို လှည့်စားပြီးတော့ ကောင်းကင်တောင်ကို တက်စေခဲ့တယ်… ပြီးတော့ မိစ္ဆာငှက်ကို တိုက်ခိုက်ခိုင်းခဲ့တယ်… မင်းက ငါ့ကို သေစေချင်တာလား…” နန်ယွီက ရီဖူရှင်းကို ပြုံး၍ ကြည့်သည်။
“မင်းက အတည်လား…” နန်ယွီ၏ မျက်လုံးများက ချက်ချင်း လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက် သွားသည်။
မြေရိုင်းဒေသမှ လူများက ရီဖူရှင်းထံသို့ လျှောက်လာကြသည်။ ထို့နောက် နန်ဖန်းက ပြောသည်… “မင်းက ကောင်းကင်တောင်က ရှေးဟောင်း အကြွင်းအကျန်တွေကို မရနိုင်ဘူးလို့ ငါတို့ထင်ခဲ့တယ်… ကြည့်ရတာ ငါတို့က မင်းကို အထင်သေးခဲ့တာပဲ… ကောင်းကင်တောင်က မင်း ဘာတွေ ရထားသလဲ…”
***