ချင်ယွီက အေးစက်ကာ ရွှေရောင်များ တောက်ပနေသော လှံရှည်အား ကိုင်ထားသည်။ ထက်ရှအေးစက်သော အကြည့်ဖြင့် သူက ဂူတုံးလျိုအား ငုံ့ကြည့်သည်။
ကော့တေး၏ တပည့်ကြီး သုံးယောက်က အရှေ့မြေရိုင်းဒေသမှ သူတို့ ကိစ္စများအား ဝင်စွက်ဖက်ရဲသည်။ ယနေ့ ထိုကော့တေး တပည့်များက အဆုံးသတ်ကြ ရမည်။ သူ၏အဖေက ကျောင်းတော်အား စောင့်ကြည့်ထားရာ မည်သူမှ သူတို့အား လာကယ်နိုင်မည် မဟုတ်ပေ။ သူတို့က ဤနေရာမှ တိုက်ပွဲ ပြီးသွားသည်နှင့် သူတို့က ကျောင်းတော်သို့ သွားရောက်ကြမည် ဖြစ်သည်။ ထိုအရာ အရှေ့မြေရိုင်း ဒေသအား သန့်ရှင်း စင်ကြယ်အောင် လုပ်ခြင်းလည်း ဖြစ်သည်။
ချင်ယွီက ရွှေရောင်လျှပ်စီး အလင်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ သူက ဂူတုံးလျိုထံကို မရောက်မီတွင်ပင် သူ၏လှံရှည်က လျှပ်စီးများ ဝင်းလက် တောက်ပစွာဖြင့် ဂူတုံးလျိုထံသို့ တိုးဝင်သွားသည်။
ဂူတုံးလျိုက ခေါင်းမော့ ကြည့်လိုက်သည်။ သူ၏ထက်ရှသော မျက်လုံးများမှ လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာကာ တစ်နည်းအားဖြင့် ထူးဆန်းသော အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။ ချင်ယွီက သူ၏မြင်ကွင်းထဲကို ဝင်ရောက်လာလျှင် သူ၏လှုပ်ရှားမှုတိုင်းက ဂူတုံးလျို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဟန်ရသည်။
ချင်ယွီ ခံစားရသည်ကား သူ၏စိတ်ဝိညာဉ်တွင် အရိပ်တစ်ခု ပေါ်လာသည်ဟုပင်။ ထိုအရာများက သူ့ထံကို တိုးဝင်လာနေသော စစ်နတ်ဘုရားများနှင့် ဆင်သည်။ ထိုအရာက သူ့အား ပိုမိုဒေါသ ထွက်စေသည်။ စိတ်ဝိညာဉ် မှော်ပညာရှင်များက အလွန် စိတ်အနှောင့်အယှက် ပေးသည်။ သူတို့အား စိတ်ဝိညာဉ် စွမ်းအားများဖြင့်သာ ကာကွယ်နိုင်သည်။ စိတ်ဝိညာဉ်စွမ်းအားကို ကာကွယ်နိုင်သည့် တခြားနည်းလမ်း မရှိပေ။
ဟူး…
ချင်ယွီ၏လှံရှည်က လျှပ်စီးအလင်း တစ်ချက် လင်းလက် သွားသည်။ နောက်မှ ပါလာသည်ကား လှံရှည် အရိပ်တစ်ခုက ရှေ့ကို တိုးဝင်လာခြင်းပင်။ ဂူတုံးလျို၏ ခြေထောက်မှ အလင်းရောင်များ ဖြစ်ပေါ်လာကာ သူက ထိုနေရာမှ ပျောက်ကွယ် သွားသည်။ လှံရှည်က သူရပ်နေရာ နှင်းမြေပြင်အား ထိုးခွဲလျှင် ဝုန်းခနဲ မြည်သံနှင့်အတူ ထိုနေရာက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။ မြေပြင်တွင် ကျန်နေခဲ့သည်ကား ကြီးမားသော အခေါင်းပေါက်ကြီး တစ်ခုပင်။
ချင်ယွီက လှံရှည်အား ဝှေ့ယမ်းလျှင် သူ၏ခန္ဓာကိုယ်က ဝေဝါးသွားသည်။ ထိုအခိုက်တွင် လျှပ်စီးက လေနှင့်အတူ ပြောင်းလဲ သွားသည့်အလား သူ့အား နေရာအသစ် တစ်ခုသို့ ရောက်ရှိ သွားစေသည်။ ထိုနေရာကား ဂူတုံးလျို ရပ်နေသော နေရာဖြစ်သည်။
ဝုန်း… ဝုန်း… ဝုန်း…
ကောင်းကင်တွင် လျှပ်စီးအက်ကွဲသံများ အဆက်မပြတ် ကြားကြရသည်။ သို့သော်လည်း ချင်ယွီ၏ လှံချက်တိုင်းက ဂူတုံးလျို၏ အရိပ်ကိုသာ ထိမိသည်။ ဂူတုံးလျိုက ချင်ယွီ မရောက်လာမီ ကတည်းက တခြားတစ်နေရာကို တည်နေရာ ခုန်ကျော်ပြီး ဖြစ်သည်။ သူ၏ အဖြူရောင်ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေသလို သူ၏ခြေထောက်မှ လျှပ်စီးများကလည်း တောက်ပ လင်းလက်နေသည်။ သူ၏လက်များက တံဆိပ်တော်များ စတင် ဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးက လိုက်လျောညီထွေ ရှိသော ရှေးဟောင်း သင်္ကေတများက ဂူတုံးလျို၏ခန္ဓာကို စတင် လှည့်ပတ် လာကြသည်။ ထိုအရာက စိတ်ဝိညာဉ် စွမ်းအား၏ ကုချီတံဆိပ်တော် ကိုးခုမှ ချိန်သင်္ကေတ ဖြစ်သည်။
ချင်ယွီ၏ မျက်နှာက နက်မှောင် သွားသည်။ သူက နောက်လှည့်ကာ တစ်ဖက်မှ လူငယ်အား ကြည့်သည်။ သူက အေးစက်စွာ ပြောသည်… “မင်းက ရှောင်ပဲ ရှောင်တတ်တာလား…”
ဂူတုံလျိုက ပြန်ကြည့်လျှင် ချင်ယွီက သူ၏ခန္ဓာကိုယ် ထုံကျင် သွားသည်ကို ခံစားရသည်။ သူ၏စိတ်ဝိညာဉ် နယ်ပယ်အားလည်း ပုံရိပ်ယောင် စစ်နတ်ဘုရားများ တိုးဝင်လာကြသည်။
ချင်ယွီ၏ မာန်သွင်းသံနှင့်အတူ ချင်ယွီ၏ ခန္ဓာကိုယ် အနီးတွင် နဂါးပုံရိပ် ကိုးခုနှင့်အတူ ရွှေရောင်များ ဝင်းလက်နေသာ ထည်ဝါသော နဂါးကြီးတစ်ကောင် ပေါ်လာသည်။ ထိုရွှေနဂါးကား သူ၏ဓမ္မနှင့် သက်စောင့်ဝိညာဉ် ဖြစ်သည်။
ကျယ်လောင်စွာ ဟိန်းဟောက်သံနှင့်အတူ နဂါးများနှင့် သူ၏လက်ထဲမှ လှံရှည်တို့က တစ်ချိန်တည်းတွင် လှုပ်ရှားသွားသည်။ ချင်ယွီက ရှေ့ကို တစ်လှမ်းတိုးကာ သူ၏လှံရှည်အား ဝှေ့ယမ်းလျှင် ကောင်းကင်အား နှစ်ခြမ်း ဖြစ်သွားစေသည်။ သို့သော်လည်း သူ၏တိုက်ခိုက်မှုက ဂူတုံးလျိုအား ထိနိုင်ခြင်း မရှိသေးပေ။
ဝှီး… ဝှီး… ဝှီး…
ဂူတုံးလျို၏ ခန္ဓာကိုယ်အား တံဆိပ်တော်ကိုးခုက အဆက်မပြတ် လှည့်ပတ်နေသည်။ တံဆိပ်တော် ကိုးခု၏ အလင်းမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင် တစ်ခုကလည်း သူ၏နောက်တွင် ပေါ်လာသည်။ ထိုအခိုက်တွင် ဂူတုံးလျိုက စစ်နတ်ဘုရားနှင့် ဆင်တူသည်။
လေထဲတွင် မျောလွင့်နေသော ချိန်သင်္ကေတက သူ၏ခန္ဓာကိုယ်နှင့် ပူးကပ်သွားသည်။ သူ၏ပတ်ဝန်းကျင်က လိုက်လျောညီထွေ ဖြစ်သွားလျှင် ရှေးဟောင်း သင်္ကေတများစွာ ထပ်မံ၍ ပေါ်လာသည်။ ထို့နောက်တွင်ကား ကောင်းကင်ထက်တွင် ဂူတုံးလျို၏ ပုံရိပ်ယောင် များကိုသာ မြင်တွေ့ရတော့သည်။ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ကြားတွင် ဂူတုံးလျို၏ မူလခန္ဓာအား ရှာဖွေရန် လွန်စွာ ခက်ခဲလှပေသည်။ ချင်ယွီက သူ၏ရှေ့မှ ပုံရိပ်များက လှံရှည်အား ဝှေ့ယမ်းလျက် ဖျက်ဆီးသော်လည်း ပုံရိပ်များက အဆုံးမဲ့လှသည်။
လူအုပ်က တိုက်ပွဲအား အဝေးမှ ကြည့်နေရာမှ လွန်စွာ ထိတ်လန့်ကြသည်။ သူတို့ကား လွန်စွာ အားကောင်းကြသည်။
ကော့တေး၏ တပည့်ကြီး သုံးယောက်က များစွာသော ထိပ်သီး အင်အားစုများမှ ခေါင်းဆောင်များအား ယှဉ်ပြိုင် တိုက်ခိုက်နေကြသည်။ နတ်သမီးအလား ကျူးကော့ဟွေက ဒွန်ဟွာကလန်၏ ခေါင်းဆောင်နှင့် တိုက်ခိုက်နေသည်။ ကော့တေး၏ ပထမတပည့်က ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်မှ ခေါင်းဆောင်များကို တစ်ယောက်တည်း တိုက်ခိုက်နေသည်။ ဂူတုံးလျိုက ရှီအဆင့် လက်နက်ကို ကိုင်ဆောင်ထားသော ချင်ယွီအား တိုက်ခိုက်နေသည်။
သို့သော်လည်း ချင်ပြည်ထောင်ဘက်တွင် တိုက်ပွဲထဲ ဝင်မပါရသေး သူများလည်း ရှိသေးသည်။ သခင်မယွီရှောင်က ကလန် ခေါင်းဆောင်ဟွာနှင့် ကျူးကော့ဟွေတို့ တိုက်ပွဲကို ကြည့်နေသည်။ သူတို့နှစ်ယောက်က ဂျူနီယာ တစ်ယောက်အား ဝိုင်း၍ မတိုက်ခိုက် လိုသည်မှာ ထင်ရှားသည်။ မည်သို့ဆိုစေ ကျူးကော့ဟွေက သူတို့အတွက် ဂျူနီယာ တစ်ယောက်သာ ဖြစ်သည်။
လုနန်ထျန်းကလည်း ဝင်မပါသေးပေ။ သူက ချင်ယွီနှင့် ဂူတုံးလျိုတို့အကြား တိုက်ပွဲကို ကြည့်နေသည်။ သူက လွန်ခဲ့သော နှစ်အနည်းငယ်က ဒွန်ချန် ကျောင်းတော်တွင် ဂူတုံးလျိုနှင့် တိုက်ခိုက်ဖူးသည်။ ယခု ဂူတုံးလျိုကား ယခင်ကထက် များစွာ အားကောင်း လာသည်။ သူက ပထမအဆင့် နိုဘယ်ဖြစ်လာရုံမက သူ့တွင် ရှီအသိ အနည်းငယ်ပင် ရှိနေပြီဖြစ်သည်။ ထိုအရာက အခြေခံမျှသာ ဖြစ်သော်လည်း သူက လမ်းကြောင်းပေါ်ကို ရောက်နေပြီဟု ပြောနိုင်သည်။
တခြား တန်ခိုးရှင်များကလည်း ဓားသခင်နှင့် မလှမ်းမကမ်းတွင် စုစည်းနေကြသည်။ လိုအပ်ပါက အဆင်သင့်ဖြစ်အောင် သူတို့ ပြင်ဆင်ထားကြသည်။ ကလန်ခေါင်းဆောင် ဟန်ယို့ရွှီနှင့် တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်တို့က သူ့အား မထိန်းနိုင်လျှင် သူတို့က အုပ်စုလိုက် တိုက်ခိုက်ရန် အဆင်သင့်ပင်။ သူတို့က ထွက်လာကတည်းက ဤတိုက်ပွဲအား အနိုင်ရရန် ရည်မှန်းထားပြီး ဖြစ်သည်။ ကော့တေးမှ တပည့်ကြီး သုံးယောက်အား ကျောင်းတော်သို့ အသက်ရှင်ရက် ပြန်သွားအောင် သူတို့ ခွင့်ပြုမည် မဟုတ်ပေ။
မြေရိုင်းဒေသမှ လူများက တိုက်ပွဲကို ထိတ်လန့်စွာ ကြည့်ကြသည်။ ကျောင်းတော်မှ တပည့်များ၏ အစွမ်းကို ကြည့်ကာ သူတို့က အံ့အားသင့် ကြရသည်။ သူတို့ အားလုံးတွင် ရှီစွမ်းအင်များ ရှိကြသည်။ သူတို့ကသာ မြေရိုင်းဒေသကို သွားရောက် လိုကြပါက ရှီအဆင့်ကို တက်ရောက်ရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။
ဒူဟောင်၏ မျက်လုံးများက တိုက်ပွဲကို ရောက်နေသည်။ ကလန် ခေါင်းဆောင်ဟွာနှင့် သခင်မယွီရှောင်တို့ မည်မျှ အားကောင်းသည်ကို သူ သတိထားမိသည်။ သူတို့က အလွန်အမင်း အားကောင်းလှပေသည်။ သူက သူတို့၏သမီးအပေါ် လုပ်ခဲ့သော ကိစ္စကို သူတို့သိသွားပါက သူ့အား ဘာလုပ်မည်နည်း ဒူဟောင် သိလိုသည်။
သူက သိပ်လည်း စိတ်မပူပေ။ သူ့တွင် တော်ဝင် မီးတောက်ဂိုဏ်းမှ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ ပါလာသည်။ ထို့အပြင် သူတို့က ထိုကိစ္စကို သိလျှင်ပင် သူ့အား ရင်ဆိုင်ရဲမည်လော…။
ချင်းရွှီဘုရားကျောင်း စတည်းချရာ နေရာသို့ အဟံက ပြန်ရောက်လာပြီး ဖြစ်သည်။ သူက တိုက်ပွဲနေရာကို ကြည့်ကာ ခံစားချက်ပြင်းစွာ ပြုံးလိုက်သည်။ ဤအခြေအနေက သူလိုချင်သည့်အရာ ဖြစ်သည်။
သူ့တွင် နောက်ထပ် အတွေးများ ရှိသေးသည်။ အကယ်၍ အရှေ့မြေရိုင်း ဒေသတွင် ပိုမို၍ ပရမ်းပတာ ဖြစ်လာလျှင် မြေရိုင်းဒေသမှ ပိုမိုအားကောင်းသော အဖွဲ့အစည်းများပါ ပါဝင် လာနိုင်ပေသည် ဟူ၏။
အဆုံးသတ်တွင် ကျောင်းတော်နှင့် ချင်ပြည်ထောင်တို့ နှစ်ဖက်လုံးက ကြီးစွာသော ဆုံးရှုံးမှုများနှင့်အတူ အင်အားများ နည်းပါး သွားလိမ့်မည်။ ဤနည်းဖြင့် ချင်းရွှီ ဘုရားကျောင်း၊ မှော်ကလန်နှင့် ကျိမိသားစုတို့က ထိပ်သီး အင်အားစုများအဖြစ် ကျန်ရစ်ပေမည်။
“မင်း ဘာကို စဉ်းစားနေတာလဲ…” အဟံ၏မျက်နှာပေါ်မှ လှုပ်ရှားမှုများကို မြင်လျှင် ဘုန်းတော်ကြီး တစ်ပါးက မေးသည်။
“တပည့်က ကျုပ်တို့ ဘုရားကျောင်းရဲ့ အယူအဆတွေ အရှေ့မြေရိုင်း တစ်ခွင်လုံးကို ဘယ်တော့ ပျံ့နှံ့မလဲ တွေးနေတာပါ…” အဟံက ဖြေသည်။
“ဗုဒ္ဓတရားတော်က ဒီအတွက် ကံပါလာတဲ့သူတွေ ဆီကိုပဲ ရောက်တယ်… လူတွေရဲ့ ကိုးကွယ်မှုတွေ အတွက် လောဘတက်နေဖို့ မလိုဘူး… အရာအားလုံးက ကံစီမံရာပဲ… သူတို့က ဒီအတွက် ကံမပါလာဘူး ဆိုရင် အတင်းလုပ်ယူဖို့ မလိုဘူး…” လက်ဝါးအုပ်မိုးကာ ဘုန်းတော်ကြီးက ရှင်းပြသည်… “ငါတို့ ဘုရားကျောင်းက အရှေ့မြေရိုင်းဒေသရဲ့ အနောက်ဘက် နယ်မြေမှာ ဘာလို့ ဆောက်ထားရလဲ မင်းသိလား…”
“ကောင်းကင်တောင်က မကောင်းဆိုးဝါး အငွေ့အသက်တွေကို သုံးပြီး ကျုပ်တို့ရဲ့ စိတ်နှလုံးကို လေ့ကျင့်ဖို့ပါ… ကျုပ်တို့ရဲ့ ကြိုးစား အားထုတ်မှုတွေကို မကောင်းဆိုးဝါးစိတ်က ဝါးမျိုခြင်းက ကာကွယ်ပေးနိုင်ဖို့…” အဟံက ပြောသည်။
“နောက်တစ်ခု ရှိသေးတယ်… သန့်စင်တဲ့ နှလုံးသားနဲ့ဆို… မင်းက ကိုယ့်ရဲ့ ပင်ကိုသဘာဝကို မြင်နိုင်တယ်… ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်းက မင်းရဲ့ မကောင်းတဲ့စိတ် အတွေးအကြံတွေကို ပယ်ရှားနိုင်တယ်… ဗုဒ္ဓတရားတော်ကို လိုက်နာ ကျင့်ကြံတဲ့လူတွေက သာမန်လူသားတွေရဲ့ ကိစ္စတွေမှာ ဝင်မပါသင့်ဘူး…” ဘုန်းကြီးက ပြောသည်။ ထို့နောက် သူက ပုတီးလုံးအား တချောက်ချောက် စိပ်ကာ မျက်လုံးအား မှိတ်လိုက်သည်။
“အခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်… ဆရာတော်…” အဟံက လက်ဝါးနှစ်ဖက်အား ပူးကပ်လျက် လက်အုပ်မိုးသည်။ ပုံမှန်အားဖြင့် သူက ထိုဘုန်းတော်ကြီး ပြောသော စကားများကို နားလည် သဘောပေါက် ပေသည်။
…
ကောင်းကင် တောင်ပေါ်တွင် ရီဖူရှင်းတို့ အုပ်စုက တောင်ဆင်းလမ်း အတိုင်း လျှောက်လာ နေကြသည်။ သူတို့က တောင်၏အလယ် တစ်ဝက်ခန့်အထိ ဆင်းလာကြပြီး ဖြစ်သည်။ ထိုအခိုက်တွင် သူတို့က လူတစ်ယောက်က တောင်အစွန်း တစ်နေရာ ကျောက်ဆောင် တစ်ခုဘေးတွင် ထိုင်နေသည်ကို မြင်ရသည်။ ထိုလူအား အပေါ်မှ ထူထပ်သော နှင်းမှုန်များက ဖုံးအုပ်နေသည်။ သူတို့အားလုံး မြင်ရသည်ကား နှင်းလွှာအောက်မှ လှပသော မျက်လုံး တစ်စုံကိုသာ ဖြစ်သည်။
သူမကား ဟွာချင်းချင်း ဖြစ်သည်။ သူမက တောင်ပေါ်မှ ဆင်းလာမည့် လူများအား စောင့်နေခြင်း ဖြစ်သည်။
မိစ္ဆာငှက်က သူမအား ရှာတွေ့နိုင်ရာ ရီဖူရှင်းက အဖြစ်အပျက် တစ်ခုလုံးကို သိသည်။ ရီဖူရှင်းက သူမထံကို လျှောက်သွား လိုက်ပြီး သူ၏အပြင် ဝတ်ရုံရှည်အား ဖယ်ရှားလိုက်ကာ ဟွာချင်းချင်း၏ အပေါ်မှ ခြုံပေးသည်။
“အေးတယ်…” ရီဖူရှင်းက သူမအား ပြုံးကာ ပြောသည်။
သူမ၏ အပြစ်ကင်းသော မျက်လုံးများက ရီဖူရှင်း၏ မျက်လုံးများနှင့် ဆုံသည်။
“ကျေးဇူး…” ဟွာချင်းချင်းက တိုးတိုးလေး ပြောသည်။ ရီဖူရှင်းက ပြုံးကာ ပြန်လှည့် သွားသည်။ သူမ၏စကား နောက်ကွယ်မှ တကယ့် အဓိပ္ပာယ်ကို နားလည်သည်။
“လူကြီးလူကောင်း တစ်ယောက်ပဲ…” နန်ယွီက ငေါ့တော့တော့ ပြောသည်။ သူက ဟွာချင်းချင်းကို ကြည့်ကာ တိုးညင်းစွာ ပြောသည်… “သနားစရာပဲ…” သူ၏အမြင်တွင် သူမက ဒူဟောင်၏ လက်ထဲကို ကျဆင်းသွားပြီး ဖြစ်သည်။ ထိုအပြစ်ကင်းကာ လှပသော မိန်းကလေးက သူ့လိုအကောင်၏ အခွင့်အရေးယူခြင်းကို ခံရသည်မှာ အမှန်တကယ် သနားစရာ ကောင်းလှပေသည်။
ချူရှန်းကလည်း ဟွာချင်းချင်းကို သနား ကရုဏာသက်စွာ ကြည့်သည်။ ထို့နောက် သူတို့အုပ်စုက တောင်အောက်ကို ဆက်ဆင်းကြသည်။
ရီဖူရှင်းတို့အုပ်စု သူမ၏မြင်ကွင်းမှ ပျောက်သွားလျှင် ဟွာချင်းချင်းက သူမ၏ခန္ဓာကိုယ် အပြင်မှ နှင်းလွှာအား ဖယ်ရှားလိုက်သည်။ ထို့နောက် သူမက လက်ဆန့်တန်းကာ ရီဖူရှင်း၏ ဝတ်ရုံရှည်အား သေသေသပ်သပ် ဝတ်ဆင်လိုက်သည်။ သူမ၏ အဝတ်အစားများက ဒူဟောင်ကြောင့် တစ်ဝက်ခန့် ပျက်စီးသွားပြီး ဖြစ်သည်။ ရီဖူရှင်းက ထိုအချက်ကို သိသောကြောင့် သူ၏အင်္ကျီအား သူမအတွက် ထားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမက ထရပ်ကာ ရီဖူရှင်းတို့ ချန်ထားခဲ့သော ခြေရာအတိုင်း တောင်အောက်ကို ဆင်းသည်။
ဤသို့ဖြင့် သူတို့အုပ်စုက တောင်အောက်ကို ရောက်ရှိ လာကြသည်။ တောင်ခြေတွင်ကား မူလကထက် လူများ စည်ကားနေသည်ကို မြင်ရသည်။ ကောင်းကင်တွင်လည်း တိုက်ပွဲအချို့ ဖြစ်ပျက်နေသည်။ မြေရိုင်းဒေသမှ တန်ခိုးရှင်များနှင့် တခြား အင်အားစုများမှ လူများက ဘေးမှနေ၍ တိုက်ပွဲကို ကြည့်နေကြသည်။ ရီဖူရှင်းတို့က တောင်အောက်ကို ရောက်လျှင် ရောက်ချင်း သူတို့က တိုက်ပွဲအလယ်ကို ရောက်သွားသည်ဟု ပြောရပေမည်။
“အစ်ကိုကြီး… အစ်မနှစ်… အစ်ကိုသုံး…” ရီဖူရှင်း အေးခဲသွားသည်။ ထို့နောက် သူက ချင်ယွီနှင့် တခြားလူများကို မြင်ကာ သူ၏မျက်လုံးများက အေးစက်သွားသည်။ ချင်ပြည်ထောင်မှ လူများက အမှန်တကယ်ပင် သူ၏စီနီယာများနှင် ကောင်းကင် တောင်တွင် တိုက်ခိုက်နေသည်။
ဒူဟောင်ကလည်း သူတို့ဘက်ကို လှမ်းကြည့်ကာ နားမလည်သော အမူအရာများ ဖြစ်ပေါ်လာသည်။ ဟွာချင်းချင်းကလည်း သူ့ကို မြင်ကာ သူမ၏ မျက်လုံးများက လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
အဟံကလည်း သူမအား မြင်ကာ အံ့အားသင့်ဟန်များ ဖြစ်ပေါ်လာသည်။ သူက ဟွာချင်းချင်း၏ ခန္ဓာကိုယ်ပေါ်မှ ရီဖူရှင်း၏ အဝတ်အစားများကို မှတ်မိသည်။ ကောင်းကင်တောင်တွင် စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်ပျက်ခဲ့သည်လား…။
ဟွာချင်းချင်းက ရီဖူရှင်း၏ အဝတ်အစားများကို ဝတ်ဆင်ထားကာ ယခင်ကလည်း ရီဖူရှင်းနှင့် ပတ်သက်ကာ ရည်ရွယ်ချက်ရှိရှိ လိမ်ညာခဲ့သည်။ အဟံက ထိုအရာများကို ကောက်ချက်ချရာတွင် လွန်စွာ ထူးချွန်ပေသည်။ ကောင်းကင်တောင်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ ထင်ရှားပေသည်။
လုနန်ထျန်းကလည်း သူမကို မြင်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားကို မြင်လျှင် သူ၏မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
“ရီဖူရှင်းကို ဖမ်း…” ချင်ယွီက ဂူတုံးလျိုနှင့် တိုက်ခိုက်နေရင်းက အမိန့်ပေးသည်။ ဘေးမှ ကြည့်နေကြသော တန်ခိုးရှင်တချို့က ရီဖူရှင်းဘက်ကို ပြေးသွားကြသည်။
သူတို့က အမှန်တကယ်ပင် သေလို နေကြသည်လား…။
ကျူးကော့ဟွေက ကျာပွတ်ဖြင့် ရိုက်ကာ ကလန် ခေါင်းဆောင်ဟွာအား နောက်ဆုတ် စေသည်။ ထို့နောက်က သူမ၏ပုံရိပ်ယောင် တချို့ကို ထားရစ်ခဲ့ကာ ရီဖူရှင်းထံသို့ ပြေးသွားသည်။
ကလန် ခေါင်းဆောင်ဟွာက သူ၏လက်ကို ဆန့်တန်းလျှင် ကြီးမားသော လက်ဝါး တံဆိပ်တော်က ကျူးကော့ဟွေ၏ ပြေးလမ်းကို ပိတ်ဆို့သည်။ သို့သော် သူ အမှန်တကယ် တားလိုက် နိုင်သည်လား ပုံရိပ်ယောင်များသာ…။
သူက ပထမက တွေဝေနေသော်လည်း ချက်ချင်းပင် အော်လိုက်သည်… “သတိထား…” သူ၏အသံ ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ကျူးကော့ဟွေက ရီဖူရှင်း၏ရှေ့မှ ပေါ်လာကာ ရီဖူရှင်းကို ဖမ်းဆီးရန်လာသော တန်ခိုးရှင်များအား ကျာပွတ်ဖြင့် လှမ်းရိုက်လိုက်သည်။
***