ကောင်းကင် တောင်ခြေတွင် လေက ပြင်းထန်စွာ တိုက်ခတ်နေသလို နှင်းဖွဲများ ကလည်း လေနှင့်အတူ ကြမ်းတမ်းစွာ ကျဆင်းနေကြသည်။ ထိုနေရာတွင်ကား တန်ခိုးရှင်တစ်စု ရှိနေသည်။ လူအများအပြားက ထိုအရပ်ကို ကြည့်ကာ ထိတ်လန့် ကြရသည်။
ထိုအုပ်စုတွင် ချင်ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား ချင်ယွီ၊ ဒွန်ဟွာကလန် ခေါင်းဆောင်နှင့် သူ၏ဇနီး၊ လုနန်ထျန်း၊ ဖူယွန်ဓားကလန် ခေါင်းဆောင်၊ တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်၊ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့မှ စွမ်းအားမြင့် တန်ခိုးရှင်တို့ ပါဝင်ကြသည်။
များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက ကောင်းကင်တောင်တွင် ပေါ်လာကာ ကော့တေး၏ စွမ်းအား အမြင့်ဆုံး တပည့်သုံးယောက် ရှိနေသော နေရာကို ဦးတည် နေကြသည်။
အရှေ့မြေရိုင်း ဒေသကား အပြောင်းအလဲကြီး တစ်ခု ဖြစ်ပျက်တော့မည် ဖြစ်သည်။
ကြာမြင့်စွာ စောင့်ဆိုင်းထားခဲ့ရသော တိုက်ပွဲကြီးက ယခု စတင် ဖြစ်ပေါ်တော့မည် ဖြစ်သည်။ ထိုတိုက်ပွဲက ချင်ပြည်ထောင်လည်း မဟုတ်သလို ကျောင်းတော်တွင်လည်း မဟုတ်ဘဲ ကောင်းကင်တောင်တွင် လာရောက် ဖြစ်ပေါ်မည်ဟု မည်သူမှ မထင်မှတ် ထားခဲ့ကြပေ။
တစ်ခုတည်းသော မေးခွန်းက ချင်ပြည်ထောင် ဘုရင်က ဤနေရာကို အဘယ်ကြောင့် ရောက်ရှိလာခြင်း မရှိသနည်း။
ဓားသခင်၊ ကျူးကော့ဟွေနှင့် ဂူတုံးလျိုတို့ကလည်း ထိုအုပ်စုကို သတိထားမိ ကြသည်။ လေထဲတွင် ရပ်နေရင်းက သူတို့၏ မျက်လုံးများကလည်း အေးစက် နေကြသည်။ ကြည့်ရသည်မှာ ထိုအုပ်စုက သူတို့ထံ ဦးတည်၍ ရောက်လာကြခြင်း ဖြစ်ရမည်။ တခြား တစ်ဖက်တွင် မြေရိုင်းဒေသမှ အင်အားစုများ ကလည်း အခြေအနေကို စိတ်ဝင်စားနေကြသည်။ ကြည့်ရသည်မှာ မြေရိုင်းဒေသက ငြိမ်းချမ်းတော့မည့်ဟန် မရှိတော့ပေ။
အရှေ့မြေရိုင်းဒေသက အတော်ဆုံး လူများက မည်မျှ စွမ်းသည်ကို သူတို့ လက်တွေ့ မြင်ရတော့မည် ဖြစ်သည်။
ဓားသခင်တို့ဘေးမှ လူအုပ်များက တတ်နိုင်သမျှ ဝေးအောင် ဆုတ်ခွာကြသည်။ ချင်ယွီတို့အုပ်စု ရောက်ရှိလာရာ နောက်ဆုံး တိုက်ပွဲက ရှောင်လွှဲ၍ မရတော့ရာ သူတို့က အမြန်ဆုံး ရှောင်ပေးရန် လိုအပ်ပေသည်။ ထို့ကြောင့် သိပ်မကြာခင်ပင် ကော့တေး၏ တပည့်သုံးယောက် အနီးတွင် ဘယ်သူမှ မရှိတော့ပဲ တစ်နည်းနည်း အားဖြင့် အထီးကျန် ဆန်လှပေသည်။
ကောင်းကင်မှ နှင်းများက အဆက်မပြတ် ကျဆင်းနေကာ သူတို့သုံးယောက်က ထိုနေရာတွင်ပင် မားမားမတ်မတ် ရပ်နေကြသည်။ ဓားသခင်က ထည်ဝါ ခန့်ငြားသော အချိန်တွင် ကျူးကော့ဟွေက အေးစက်ကာ မာနကြီးသည်။ တစ်ချိန်တည်းမှာပင် ဂူတုံးလျိုက ထက်ရှပေသည်။
ကော့တေးမှ တပည့်ကြီး သုံးယောက်က ရန်သူအား တိုက်ခိုက်ရန် အတူတူ ရပ်နေသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။ လူအများအပြားက အရှေ့မြေရိုင်း ဒေသမှ နာမည်ကျော် ကော့တေး တပည့် သုံးယောက်အား စိတ်ခံစားချက် ပြင်းထန်စွာဖြင့် ကြည့်ကြသည်။ သူတို့က မရေမတွက်နိုင်သော လူငယ်များ၏ လေးစား အားကျရသောသူများ ဖြစ်ကြသည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် သူတို့၏ရန်သူများက လွန်စွာ အားကောင်းလွန်းလှသည်။ ဒွန်ဟွာကလန် ခေါင်းဆောင်နှင့် သူ၏ဇနီး၊ ဖူယွန်ဓားကလန် ခေါင်းဆောင်၊ တော်ဝင် ချန်ကျောင်းတော်၏ အရှင်သခင်တို့က အရှေ့မြေရိုင်း ဒေသ၏အရှိန်အဝါ ကြီးမားသော ခေါင်းဆောင်များ ဖြစ်ကြသည်။
ကော့တေးမှ တပည့်များက သူတို့ကို မည်သို့ တိုက်ခိုက်မည်နည်း။
“ကြည့်ရတာ တစ်ယောက်က မှတ်ဉာဏ် သိပ်မကောင်းဘူး ထင်တယ်… ကြည့်ရတာ ပထမတစ်ခေါက်က ကျာပွတ်ရိုက်ချက်က သိပ်မနာလိုက်ဘူး ထင်တယ်…” ကျူးကော့ဟွေက ချင်ယွီအား ကြည့်ကာ အသာအယာ ပြုံးလျက် ပြောသည်။ ချက်ချင်းပင် ချင်ယွီ၏ မျက်နှာက နက်မှောင်သွားသည်။ ကောင်းကင်တောင်ပေါ်မှ နောက်ဆုံးတစ်ကြိမ် ဖြစ်ပွားခဲ့သော တိုက်ပွဲက သူ့ဘဝ တစ်လျှောက်လုံးတွင် အကြီးမားဆုံးသော အရှက်ရမှု ဖြစ်သည်။
အဖြူရောင် ဝတ်စုံဝတ်ကာ နှင်းဖွဲများအကြားတွင် နတ်သမီးတစ်ပါးအလား လှပစွာ ရပ်နေသော ကျူးကော့ဟွေကို ကြည့်ကာ ချင်ယွီက ပြောသည်… “ကော့တေးရဲ့ ဒုတိယ တပည့်က တကယ်ပဲ ချောတယ်… ခင်ဗျားက အခုထိ လက်မထပ်ရသေးဘူးလို့ ကျုပ်ကြားတယ်… ချင်ပြည်ထောင်ကို လက်မထပ်ချင်ဘူးလား… တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်ကအခု ကိုယ်လုပ်တော်တစ်ယောက် လိုနေတယ်…” ထို့နောက် သူ့ဘေးမှ လူများကို သူက ပြောသည်… “နောက်ပိုင်း သူမကို ညင်သာပါစေ… ဒဏ်ရာမရစေနဲ့…” ချင်ယွီက ထိုနေ့က ကောင်းကင်တောင်တွင် ကြုံခဲ့ရသော အရှက်တကွဲ အကျိုးနည်း ဖြစ်မှုအား အမှန်ပင် ဖယ်ရှားပစ်လိုသည်။ တစ်ခုတည်းသော နည်းလမ်းကား ကျူးကော့ဟွေက သူ့ကို ခစားက သူ၏ ဆော့ကစားခြင်းကို ခံရခြင်းကသာ ထိုအရှက်ရမှုကို ပြေပျောက်စေနိုင်မည်။ သူမ၏တစ်ဘဝလုံးကို အသုံးပြု၍ ထိုတိုက်ပွဲအတွက် နောင်တရစေမည်။
သခင်မယွီရှောင်က ချင်ယွီအား ခံစားချက် ကင်းမဲ့စွာ တစ်ချက်ကြည့်ကာ ရွံရှာသော ခံစားချက်ကို ရသည်။ ချင်ယွီကား အရှက်ခွဲခံရသည်။ အဘယ်ကြောင့်ဆိုသော် သူက ပိုမိုအားနည်းသည် မဟုတ်ပါလား…။ သို့သော် သူက ကျူးကော့ဟွေအား ထိုနည်းဖြင့် ပြန်လည်၍ အရှက်ခွဲလိုသည်။ ထိုအဖြစ်က သခင်မယွီရှောင်အား စိတ်ပျက်စေသည်။
ထိုနေ့က ကောင်းကင် တောင်ပေါ်တွင် ချင်လီက အသတ်ခံရကာ ချင်ယွီက တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ မိမိကိုယ်ကို ယုံကြည်မှုများ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲခဲ့ရသည်။ ထိုစဉ်ကတည်းက သူ၏ စိတ်ပိုင်းဆိုင်ရာက တစ်နည်းနည်းအားဖြင့် နိမ့်ကျသွားခဲ့ရသည်။ ထိုအရာအား ဟွာချင်းချင်းကို အသုံးပြု၍ မြေရိုင်းဒေသမှ အင်အားစုများနှင့် ရင်းနှီးအောင် လုပ်ခြင်းက သိသာစေသည်။
ယခုတွင်ကား ချင်ယွီက သူ၏ရည်ရွယ်ချက် ပြီးမြောက်အောင် မည်သည့်အရာမဆို လုပ်တော့မည် ဖြစ်သည်။ သို့သော်လည်း သခင်မယွီရှောင်က ဘာမှ မပြောတော့ပေ။ ဒွန်ဟွာကလန်က နောက်လှည့် မရနိုင်သော လမ်းကို လျှောက်လှမ်းပြီး ဖြစ်သည်။
ချင်ယွီက ထိုသို့ ပြောလိုက်သည်နှင့်ပင် ဂူတုံးလျိုထံမှ လွန်စွာ ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု မွေးဖွားလာကာ သူက လေထဲကို ထိုးတက်သွားပြီး ချင်ယွီထံသို့ တိုးဝင်သွားသည်။ လူသတ်လိုသော အသိက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ချင်ယွီ၏ စကားကို ကြားလျှင် ကျူးကော့ဟွေက ရုတ်တရက် ရယ်မောလိုက်သည်။ ကိုယ်လုပ်တော်….။ ထို့နောက် သူက ကျာပွတ်အား ထုတ်ယူလိုက်သည်။
ကျူးကော့ဟွေ၏ လက်မောင်းက အနည်းငယ် တုန်ခါသွားသည်။ ကျာပွတ်က လေထဲ လှည့်ပတ်လျှင် လေဟာနယ်အား ဖြတ်ကျော်လျက် အဖြူရောင် လျှပ်စီးတစ်ကြောင်း ဖြစ်ပေါ်လာသည်။ ကောင်းကင်တွင် လျှပ်စီးများ အော်ဟစ်ကာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ထို့နောက် ပတ်ဝန်းကျင် တစ်ခုလုံးအား လျှပ်စီးအသိများ ဖုံးလွှမ်းသွားကာ အလယ်တွင် လျှပ်စီးမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်။ ထိုမုန်တိုင်း အလယ်ကို ရောက်ရှိသွားသူ မှန်သမျှက ပျက်စီး သွားရမည်မှာ သေချာ လှပေသည်။
“နောက်ဆုတ်….” အဝေးမှ လူများက အလွန်ဝေးကွာသော နေရာတစ်ခု အထိသို့ နောက်ဆုတ်ထားပြီး ဖြစ်သော်လည်း ကျူးကော့ဟွေ ဖန်တီးလိုက်သော လျှပ်စီးမုန်တိုင်းကို မြင်လျှင် သူတို့က ဘေးကင်းသည်ဟု မခံစားရတော့ဘဲ ထပ်မံ၍ ဝေးဝေးသို့ ပြေးကြသည်။
ကောင်းကင်တောင် ဘေးမှ မြေရိုင်းဒေသ အင်အားစုများက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် သွားကြသည်။ ကြည့်ရသည်မှာ သူတို့က အမှန်ပင် ကျောင်းတော်၏ စွမ်းအားကို လျှော့တွက်ခဲ့ကြသည်။ အနည်းဆုံး သူတို့ရှေ့မှ မိန်းကလေး၏ စွမ်းအားက နိုဘယ်အဆင့်ထက် ကျော်လွန်နေသည်။
ကောင်းကင်တွင် ချင်ယွီနှင့် ကျန်သောသူများ အားလုံး၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ ကျူးကော့ဟွေက တိုက်ကွက် တစ်ကွက် ထုတ်လွှတ်လိုက်သည်နှင့် သူတို့အားလုံးကို ဖိအားများ ခံစားရစေသည်။ လျှပ်စီးတိုက်ကွက်ကား ရှီအဆင့် ကျာပွတ်ကို သုံးလျက် ထုတ်လွှတ်ခြင်း ဖြစ်သည်။ ထိုအခိုက်တွင် လေကာတစ်ခုလုံးမှ လျှပ်စီးများက ထိုနေရာသို့ စုစည်းနေကြကာ ချင်ယွီတို့ အုပ်စုထံသို့ တိုက်ရိုက် တိုးဝင် သွားကြသည်။
“ခေါင်းဆောင်…” ချင်ယွီက သူ၏ နဂါးလှံတံရှည်အား ကိုင်ကာ သူ့ဘေးမှ ဒွန်ဟွာကလန် ခေါင်းဆောင်ကို ကြည့်သည်။ ကျူးကော့ဟွေအား သူ မယှဉ်နိုင်ပေ။
ဒွန်ဟွာကလန်ကား ချင်ပြည်ထောင်နှင့် ကျောင်းတော်ကဲ့သို့ ကျော်ကြားသော အင်အားစု ဖြစ်သည်။ ထို့ကြောင့် ဒွန်ဟွာကလန် ခေါင်းဆောင်၏စွမ်းအားက လွန်စွာ အားကောင်း ရပေမည်။
ဒွန်ဟွာကလန် ခေါင်းဆောင်က အောက်ကို ငုံ့ကြည့်သည်။ ထိုအခိုက်တွင် သူက မြေဓာတ်နှင်တံ တစ်ချောင်းအား ကိုင်ဆောင် ထားသည်။
ဒွန်ဟွာကလန်က သူတို့၏ မှော်ပညာကြောင့် နာမည် ကျော်ကြား သော်လည်း သူတို့၏ ခေါင်းဆောင်က မှော်ပညာနှင့် သိုင်းပညာ နှစ်မျိုးလုံးကို လေ့ကျင့်သည်။ သူက မြေနှင်တံအား ဝှေ့ယမ်းသည်နှင့် မမြင်ရသော မြေဆွဲအားက တစ်နေရာ တစ်ခုလုံးအား ဖုံးလွှမ်းလာသည်။ ထို့နောက် သူ့အနီးတွင် အညိုရောင် စွမ်းအင်များက သူ့အနီးတွင် ကြမ်းတမ်းစွာ လှည့်ပတ်လာသည်။ ထိုစွမ်းအင်များက အမှန်တကယ်ပင် ကျောက်တုံးခဲကြီးများအဖြစ် ပြောင်းလဲသွားကာ လျှပ်စီး မုန်တိုင်းထံသို့ တိုးဝင်သွားသည်။
ဝုန်း… ဝုန်း…
ကောင်းကင်က အော်ဟစ်သလို တိုက်ပွဲနေရာက အမှန်တကယ် ကမ္ဘာပျက်သည့်အလား ဖြစ်ပျက်လာသည်။ လျှပ်စီးမုန်တိုင်းနှင့် ကျောက်တုံး ကျောက်ခဲများက ရင်ဆိုင်မိကာ တဝုန်းဝုန်း ပေါက်ကွဲသံများ အဆက်မပြတ် ကြားရကာ မြေပြင်က တုန်ခါနေသည်။ မဆုံးနိုင်သော ပန်းရောင်လျှပ်စီးများ အောက်တွင် ကျောက်တုံး ကျောက်ဆောင်များက အဆက်မပြတ် ပျက်စီးနေသော်လည်း ထိုအရာများကလည်း အဆုံးသတ်ပုံ မရပေ။ ကျောက်တုံးများက လျှပ်စီးများအား အဆက်မပြတ် တားဆီး ကာကွယ်ထားသည်။
ကျူးကော့ဟွေ၏ လှည့်ပတ်နေသော လက်က ရုတ်တရက် ကောင်းကင် တစ်နေရာအား ညွှန်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းနေသော လျှပ်စီးများက ပြန့်ကျဲနေရာမှ စုစည်းသွားသည်။
ဒွန်ဟွာကလန် ခေါင်းဆောင်၏ အင်္ကျီက လေထဲ တဖျတ်ဖျတ် လွင့်နေကာ သူ၏ဆံပင်ရှည်က ကခုန်နေကြသည်။ သူက နှင်တံအား မြေပြင်ကို ညွှန်ပြန်လျှင် ချက်ချင်းပင် မြေပြင်မှ မြေစွမ်းအင်များက ကောင်းကင်ပေါ်ကို ဆန်တက်ခြင်းများ ရပ်တန့်သွားသည်။ ထိုစဉ် ရုတ်တရက် မုန်တိုင်းထဲမှ ကျာပွတ် ရိုက်ချက်တစ်ခု ဒွန်ဟွာကလန် ခေါင်းဆောင်ထံသို့ ကျဆင်းလာသည်။
ဒွန်ဟွာကလန် ခေါင်းဆောင်၏ အမူအရာက သိပ်ပြောင်းလဲခြင်း မရှိသော်လည်း သူ၏ မျက်လုံးများက အရောင် ပြောင်းလဲသွားသည်။ သူ့ဘေးတွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်ယောင်က ကြီးမားကာ ပုံစံတိတိကျကျ မရှိသော်လည်း ဧရာမကြီးမားကာ ထည်ဝါလှသည်။ သူက နှင်တံအား ရှေ့ကို ညွှန်ပြသည်နှင့် ကောင်းကင်တွင် မရေမတွက်နိုင်သော လက်ဝါး တံဆိပ်တော်များ ပေါ်လာသည်။ ထိုလက်ဝါးများက တစ်နေရာတည်းကို စုစည်းကာ ကျာပွတ်အား လှမ်း၍ ဖမ်းဆုပ်ရန် ကြိုးစားကြသည်။ သို့သော် ကျာပွတ်က ကွေးကောက် သွားကာ ဦးတည်ရာအရပ် ပြောင်းလဲသွားပြီး ချင်ယွီထံ တိုးဝင်သွားသည်။
ချင်ယွီ၏ ခန္ဓာကိုယ်က ရွှေရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဘေးကို တိမ်းရှောင်သည်။ ထို့နောက်တွင် ကျာပွတ်က ကွေးကောက်လျက် သူ၏နောက်ကို လိုက်ပါလာသည်။ ဘန်းခနဲ မြည်သံနှင့်အတူ သူ၏ကြီးမားသော ခန္ဓာကိုယ်တွင် ကျာပွတ်ရာအား အထင်းသား မြင်ကြရသည်။ နောက်မှ လိုက်ပါလာသည်က လျှပ်စီးမုန်တိုင်း ဖြစ်သည်။ ချင်ယွီ၏ လှံတံကို ဝှေ့ယမ်းလျှင် သူ၏နောက်နားတွင် ရှိနေသော နဂါးကြီးက သူ၏ရှေ့ကို ရောက်လာသည်။ ကျူးကော့ဟွေ၏ လက်မောင်းက အနည်းငယ် တုန်ခါသွားပြန်သည်။ တစ်ဆက်တည်းမှာပင် လျှပ်စီးမုန်တိုင်းက ချင်ယွီ၏ရှေ့မှ ကာကွယ်ထားသော နဂါးအား ဖုံးအုပ်သွားသည်။ လျှပ်စီးမုန်တိုင်းထဲတွင် လျှပ်စီးများက ဓားသွားများအလား နဂါးကို တစ်စစီ ဖြစ်သွားစေသည်။
နဂါး၏ နာကျင်စွာ အော်ဟစ်သံအား အားလုံး သူက ကြားကြရသည်။ ထိုမြင်ကွင်းအား ကြည့်ကာ အဝေးမှ လူများက ထိတ်လန့် ကြရသည်။ ထိုနဂါးအား နိုဘယ်အဆင့်ရှိကာ သူ၏ရုပ်ခန္ဓာက လွန်စွာ မာကျောပေသည်။ သို့သော်လည်း ထိုနဂါးက ကျူးကော့ဟွေ၏ လျှပ်စီးအောက်တွင် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။
ရုတ်တရက် ကောင်းကင်တွင် ဓားအသိတစ်ခု မွေးဖွားလာကာ ဖူယွန်ဓားကလန် ခေါင်းဆောင်က ရှေ့ကို တက်လာသည်။ ကျော်ကြားသော ဓားအယ်ကိုင်အား ကိုင်ကာ သူက ဓားအလင်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ ဆင်းသက်လာသည်။ သူ၏ဓားမှ လင်းလက်လာသော ငွေရောင်အလင်းက ကောင်းကင်တစ်ခုလုံးအား ပင့်တင်လိုက်သဲ့အလား သူက ချင်ယွီကို တိုက်ခိုက်နေသော ကျူးကော့ဟွေထံသို့ လှမ်းခုတ်လိုက်သည်။
ရွှီး…
လွန်စွာ အားကောင်းသော နှစ်ဖက်သွား ဓားအသိကလည်း မွေးဖွားလာသည်။ ဓားသခင်က လျှပ်စီးတစ်ခုအလား ပြောင်းလဲသွားကာ သူ၏နှစ်ဖက်သွား ဓားအသိက လေဟာနယ်အား ဖြတ်ကျော် သွားသည်။ ထိုအရာက ငွေရောင်ဓား အလင်းအား ဖြတ်တောက်လျက် ဖူယွန်ဓားကလန် ခေါင်းဆောင်ရှိရာ ကောင်းကင်သို့ ဆက်လက် တက်သွားသည်။
ယခင်က ဓားသခင်က ဖူယွန်ဓားကလန် ခေါင်းဆောင် ဟန်ယို့ရွှီနှင့် တိုက်ခိုက်ကာ နာမည်ကျော်ကြား လာခဲ့သည်။ ယခု သူတို့နှစ်ယောက်က ရင်ဆိုင်တွေ့ကြပြန်သည်။ ယခုကား ဓားသခင်က ဟန်ယို့ရွှီထက် ပိုမိုကျော်ကြားနေပြီး ဖြစ်သည်။ သို့သော်လည်း ဟန်ယို့ရွှီတွင် နာမည်ကျော်ဓား အယ်ကိုင်းအား ပိုင်ဆိုင်ထားသည်။ သို့သော် ဓားသခင်တွင် ရှီအသိ လက်နက်အား ပိုင်ဆိုင်ထားခြင်း မရှိပေ။
သူတို့နှစ်ယောက် စတင် တိုက်ခိုက်သည်နှင့် ကောင်းကင်ကပင် အပိုင်းအပိုင်း အစစ ခုတ်ဖြတ်ခံရဟန် တူသည်။ ကောင်းကင် တစ်ခုလုံးအား နှစ်ဖက်သွား ဓားအသိနှင့် ဓားအသိများက ပြည့်နှက်သွားသည်။ ပရိသတ်များက အလွန်အမင်း ဝေးကွာသော အရပ်တွင် ရှိနေသည့်တိုင် သူတို့နှစ်ယောက်၏ တိုက်ပွဲက မည်မျှ အန္တရာယ် ကြီးမားသည်ကို ခံစား၍ရသည်။ ဓားသခင်တွင် ရှီအဆင့်လက်နက် မရှိသော်လည်း သူက အနီးကပ် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
ဂူတုံးလျို၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် ချင်ယွီထံ တိုးဝင်သွားသည်။ သူ၏အလျင်က အလွန်အမင်း မြန်ဆန်လွန်း လှသည်။
ကလန်…
ကြမ်းတမ်းသော အသံတစ်သံကို ကြားရသည်။ တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်က သူ၏ရွှေရောင် ခေါင်းလောင်းအား ဂူတုံးလျိုထံသို့ တွန်းပို့ ကာကွယ်သည်။ ရွှေရောင် ခေါင်းလောင်းက ကောင်းကင်မှတစ်ဆင့် ပျံသန်းလျက် ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်သည်။
“နောက်ထပ် ရှီအဆင့် လက်နက်တစ်ခု… တော်ဝင် ချန်ကျောင်းတော် မှာလည်း ရှီအဆင့်လက်နက် ရှိတယ်လား…” လူအများအပြားက ထိတ်လန့်ကြသည်။
“အဲဒါက ချင်ပြည်ထောင်ရဲ့ ဘိုးဘေး အုတ်ဂူက ရတာပဲ ဖြစ်ရမယ်… ဖူယွန်ဓားကလန် ခေါင်းဆောင်ရဲ့ ဓားကလည်း အဲဒီကပဲ လာတာ…”
“သူတို့ သုံးယောက်လုံးမှာ ရှီအဆင့်လက်နက် ရှိကြတယ်… ပြီးတော့ ချင်ယွီ၊ လုနန်ထျန်းနဲ့ သခင်မ ယွီရှောင်တို့က တိုက်ပွဲထဲ မပါသေးဘူး… သူတို့က ဒီကို ယုံကြည်မှုရှိရှိနဲ့ လာတာ သိပ်မထူးဆန်းတော့ဘူး…”
လူအများအပြားက ဆွေးနွေးကြသည်။ မည်သို့ဆိုစေ ကော့တေးမှ တပည့်များကား အမှန်ပင် စွမ်းအား မြင့်ကြပေသည်။ သူတို့အား ရင်ဆိုင်ရန် ချင်ပြည်ထောင်က စွမ်းအားမြင့် တန်ခိုးရှင်များအပြင် ရှီအဆင့် လက်နက်များလည်း လိုအပ်ပေသည်။
“ဓားသခင်ကို ကြည့်လိုက်….” တစ်စုံတစ်ယောက်က အော်သည်။ ဓားသခင်နှင့် ဟန်ယို့ရွှီတို့အကြား အနီးကပ် တိုက်ပွဲက လေဟာနယ်ကိုပင် အစိတ်စိတ် ကွဲအက် သွားစေနိုင်သည်။ သူတို့က တိုက်ခိုက်ရင်းက ကောင်းကင်ပေါ် အထက်သို့ တဖြည်းဖြည်း မြင့်တက် သွားကြသည်။ ပရိသတ်များက သူတို့ထံမှ ထုတ်လွှတ်သော ဓားအလင်းများကို မြင်ကြရတော့သည်။
သို့သော်လည်း ဓားသခင်၏ လှုပ်ရှားမှုများက ရုတ်တရက် နှေးကွေးသွားသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှ နှစ်ဖက်သွားဓား အသိက ပိုမိုသိပ်သည်း လာနေ၏။ သူ၏လက်တွင် နှစ်ဖက်သွားဓား တစ်လက် ပေါ်လာကာ သူ၏လှုပ်ရှားမှုတိုင်းက သဘာဝကျပြီး လောက၏ စွမ်းအားများကို နှစ်ဖက်သွား ဓားအသိနှင့် ပေါင်းစပ်စေသည်။ သူ၏ဓားကို ထုတ်လွှတ်လိုက်သည်နှင့် ဓားအလင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ကို ထက်ခြမ်းခွဲ၍ ဟန်ယို့ရွှီထံ ဆင်းသက်လာသည်။ ဟန်ယို့ရွှီက ချက်ချင်းပင် အယ်ကိုင်းဓားကို ဝှေ့ယမ်း ကာကွယ်သော်လည်း ဖိအားက ပြင်းထန်လွန်းရာ နောက်ကို အဆက်မပြတ် ဆုတ်နေရသည်။
“သူ့ကို သွားကူညီလိုက်…” ချင်ယွီက တော်ဝင် ချန်ကျောင်းတော် ခေါင်းဆောင်အား အော်လိုက်သည်။ တခြားတစ်ဖက်တွင် သူက ဂူတုံးလျိုအား သူ၏လှံတံဖြင့် ဝှေ့ယမ်း ကာကွယ်သည်။
ဂူတုံးလျိုကား သူကဲ့သို့ ကျော်ကြားသူဖြစ်ကာ လုနန်ထျန်းကို စိန်ခေါ်၍ အနိုင်ရထားသည်။ သို့သော် လက်ရှိတွင် ချင်ယွီ၌ ရှီအဆင့် လက်နက်ကို ကိုင်ထားသည်။
“ကောင်းပြီ…” တော်ဝင်ချန်ကျောင်းတော် အရှင်သခင်က လျှပ်တစ်ပြက် ကောင်းကင်ကို ထိုးတက်သွားကာ ရွှေခေါင်းလောင်းကို စေလွှတ်လိုက်သည်။
ကောင်းကင်ပေါ်မှ တိုက်ပွဲကို ကြည့်ကာ လူအများအပြားက ဆွံ့အကြရသည်။ ဖူယွန်ဓားကလန်နှင့် တောဝင် ချန်ကျောင်းတော် ခေါင်းဆောင်များက သိဒ္ဓိဝင် ရှီလက်နက်များဖြင့် နှစ်ယောက်ပေါင်း တိုက်ခိုက်သည့်တိုင် သူတို့က ဓားသခင်ကို ယှဉ်နိုင်သည် ဆိုရုံမျှသာ တတ်နိုင်ကြပေသည်။
***