Switch Mode

ရွှေမင်းသမီး ၇

မင်းသမီးလေးရဲ့အမှတ်တရပန်းခြံ
Chapter 7 – ဂျက်စမင်

ကျွန်မ ဒီနေရာလေးကို ပြန်လာခွင့်ရလိမ့်မယ်လို့ တစ်သက်နဲ့တစ်ကိုယ် မျှော်လင့်မထားခဲ့မိဘူး။

ကျွန်မစီးနေတဲ့ ကိုယ်ပိုင်ကားလေး​က ညောင်ပင်အိုကြီးတွေရဲ့အရိပ် ဖုံးလွှမ်းနေတဲ့ လမ်းမငယ်ဘေးထဲကို ဝင်လာဖြစ်ခဲ့တယ်။ လမ်းကလေး ကျဥ်းလွန်းလို့ ကားနှစ်စီးရှောင်စာပဲ နေရာရှိတယ်။

တစ်ဖက်ကလာနေတဲ့ ကျောင်းကားကို ရှောင်ပေးဖို့အတွက် ကျွန်မကားလေးကို လမ်းဘေးကပ်ရပ်ပေးမိလိုက်တယ်။ နောက်တော့ ကားပြတင်းကနေပြီး အပြင်က ရှုမျှော်ခင်းတွေကို လှမ်းကြည့်မိတယ်။

ခေတ်မီအထပ်မြင့်တိုက်ကြီးတွေကြားထဲမှာ နစ်မြုပ်နေတဲ့ ခြောက်ထပ်တိုက်ကလေးကိုတွေ့တော့ ကျွန်မသက်ပြင်းချမိပြန်တယ်။ ခြောက်ထပ်တိုက်ဆိုတာ အရင်ဆယ်စုနှစ်တုန်းက မနိမ့်လှပေမဲ့ အခုတော့မြို့ပြပိုမိုထွန်းကားလာတဲ့အတွက် သွားသစ်တွေကြားထဲမှာ ကျွတ်မထွက်သေးတဲ့ ငယ်သွားလိုမျိုး ကြည့်ရဆိုးနေပြီ။

ဒီနေရာလေးမှာ ကျွန်မငယ်ဘဝကို တော်တော်ကြာကြာ ဖြတ်သန်းခဲ့ဖူးတယ်။ ကျွန်မ ကားစီရာရင်ကို လက်တစ်ဖက်နဲ့ကိုင်ထားရင်း နောက်ခန်းထဲကို ကြည့်လိုက်မိတယ်။ ဆံနက်ထဲမှာ ဆံဖြူတွေရောစွတ်နေပြီဖြစ်တဲ့ အမေက ကျွန်မကိုပြုံးပြလိုက်တယ်။

ဆယ်နှစ်ကြာသွားခဲ့ပြီ။ ဒီအချိန်ကာလက လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေဖို့အတွက် လုံလောက်တဲ့ကာလပါ။

တစ်စုံတစ်ယောက်ရဲ့ကျေးဇူးနဲ့ ကျွန်မရဲ့ပုံပြင်ငယ်လေးကို အကောင်းဆုံးဖြစ်အောင် အသက်သွင်းနိုင်ခဲ့တယ်။ နောက်တော့ စာအုပ်တစ်အုပ်ဖြစ်လာခဲ့ပြီး ရုပ်ပုံတွေအဖြစ်နဲ့လည်း သရုပ်ဖော်ခံခဲ့ရတယ်။ နောက်ဆုံးမှာတော့ အန်နီမေးရှင်းရုပ်ရှင်တစ်ကားအနေနဲ့ အောင်မြင်မှုတချို့ရခဲ့ပြီး လူနဲ့ရိုက်ဖို့အထိ ဖြစ်လာခဲ့ပြီ။

အမေလည်း ပုံမဆွဲတော့ဘူး။ ဒါပေမဲ့ သူ့ပန်းချီကားတွေကတော့ ဂန္တဝင်လက်ရာတစ်ခုဖြစ်လာတယ်။ ကျွန်မဇာတ်ကောင်လေးတွေကို ရုပ်ပြအဖြစ်အသက်သွင်းပေးခဲ့တာ ကျွန်မအမေကိုယ်တိုင်ပဲလေ။

အရာရာအဆင်ပြေသွားပြီးနောက်တော့ ငယ်ဘဝက မှတ်ဉာဏ်လေးတွေရှိရာဆီကို ကျွန်မပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေါ့၊ ပန်းခြံလေးမရှိသင့်တော့ပေမဲ့ပေါ့။

ကျွီ…

ကျွန်မကိုယ်ပိုင်ကားလေးကို ခြောက်ထပ်တိုက်လေးရှေ့မှာရပ်လိုက်တယ်။ နောက်တော့ ဝမ်းနည်းစွာနဲ့ အိမ်ငယ်လေးရှိခဲ့တဲ့ဖက်ကို လှည့်ကြည့်မိတယ်။ အခုလောက်ဆိုရင် အပန်း​ဖြေအားကစားကွင်းတို့ဘာတို့ ဖြစ်နေသင့်ပြီမဟုတ်လား။

ဒါပေမဲ့… ကျွန်မကိုအံ့ဩသွားစေတာတစ်ခုက အဲဒီနေရာမှာ ကျွန်မမြင်ဖူးသမျှထက် ပိုပြီးလှပတဲ့ပန်းခြံလေးတစ်ခု ရှိနေခဲ့တာပါပဲ။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” ကျွန်မပြောလိုက်မိတယ်။ ကျွန်မအမေလည်း အလားတူပဲအံ့ဩနေတယ်။ အဲဒီနေ့က အိမ်ငယ်လေးနဲ့အတူ ပန်းပင်တွေပြိုကျသွားတာကို ကျွန်မမြင်ခဲ့ရတာလေ။

အခုတော့ တစ်နေရာလုံးမှာ အလှပဆုံးပန်းပင်တွေနဲ့ပြည့်နှက်နေပြီး ရပ်ကွက်ထဲက ကလေးလူကြီးတွေအားလုံး ချထားတဲ့ခုံတန်းလေးတွေပေါ်မှာ ပျော်ရွှင်စွာအနားယူနေကြတယ်။

“လူစီတို့သားအမိလား…” ခဏနေတော့ လမ်းလျှောက်ဖို့တောင် တော်တော်လေးအိုမင်းနေပြီဖြစ်တဲ့ အဖွားအိုတစ်ယောက် ခြောက်ထပ်တိုက်ပေါ်ကနေ ဆင်းလာတယ်။ အစပိုင်းတော့ ကျွန်မသေချာမမှတ်မိပေမဲ့ သေချာကြည့်လိုက်တော့မှ ပိုပြီးရင့်ကျက်လာတဲ့ အန်တီနန်စီဖြစ်နေတယ်။

“အန်တီနန်စီ… အန်တီကျန်းကျန်းမာမာရှိနေတုန်းပဲလား။” ကျွန်မကားပေါ်က ဆင်းလာပြီး အန်တီနန်စီကို ပြေးဖက်လိုက်တယ်။ သူ့ကိုတကယ်သတိရနေတာ။ ခဏနေတော့ တခြားအိမ်ငှားအဟောင်းတွေလည်း ဆင်းလာကြပြီး ကျွန်မအမေနဲ့ကျွန်မကို နှုတ်ဆက်ကြတယ်။

“သိပ်ကောင်းတာပဲ၊ ရှင်တို့အားလုံး ဒီမှာရှိနေသေးတာလား။” ကျွန်မက သူတို့အားလုံးကိုပြောလိုက်တော့ အားလုံးခေါင်းညိတ်ပြကြတယ်။ သူတို့အားလုံးက အိမ်နီးချင်းကောင်းတွေ။

“ဒါပေါ့၊ မင်းက လူနာလေးလား။ အများကြီးလှလာတာပဲ။” အန်တီနန်စီက ကျွန်မကိုစကားအများကြီး ပြောချင်သေးပုံပေါ်ပေမဲ့ ကျွန်မအတွေးတွေကတော့ ပန်းခြံငယ်လေးနေရာမှာ အသစ်ဝင်လာတဲ့ ဧရာမပန်းခြံကြီးဆီမှာ။ အဲဒါက ခြံလေးခြံဆက်ထားတဲ့ အရွယ်ရှိပြီးတော့ တကယ့်မြို့တွင်းပန်းခြံလိုကိုဖြစ်နေပြီ။

“အန်တီနန်စီ၊ သူတို့ကစားကွင်းဆောက်မှာမဟုတ်လား ဒါပေမဲ့ဘယ်လိုလုပ်ပြီး ဥယျာဥ်ကြီးဖြစ်နေရတာလဲ။”

ကျွန်မမေးလိုက်တော့ အန်တီနန်စီက ရယ်ကျဲကျဲနဲ့ပြန်ဖြေရှာတယ်။ သွားတချို့မရှိတော့လို့ ကြည်ရနည်းနည်းဆိုးပေမဲ့ ဖော်ရွေတဲ့အပြုံးပါ။

“ဟုတ်သားပဲ၊ သမီးကထွက်သွားတာကြာပြီဆိုတော့ ဖီးလစ်ပြန်ရောက်နေတာ ဘယ်လိုလုပ်သိဦးမလဲ။”

“ရှင်… ဦးလေးဖီးလစ်ပြန်ရောက်နေတယ်၊ ဒါပေမဲ့ ခြံကို ဘဏ်ကသိမ်းပြီး ရောင်းစားပစ်လိုက်တာမဟုတ်ဘူးလား။”

ပြီးတော့ ဦးလေးဖီးလစ်က အလုပ်လုပ်နေတဲ့အဖွဲ့ကို ရန်သွားရှာလို့ ထောင်ကျနေရမှာလေ။ ဘယ်လိုလုပ်ပြီး ဒီလိုအပြောင်းအလဲကြီးဖြစ်လာရတာတုန်း။

“ဘဏ်ကရောင်းလိုက်တဲ့ ကုမ္ပဏီက ကစားကွင်းဆောက်ဖို့လုပ်နေတုန်း ဒေဝါလီခံလိုက်ရတယ်လေ။ ဖီးလစ်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွတ်လာတာ။ လွတ်လာပြီးပြီးချင်း အနားကခြံတွေကိုပါဝယ်ပြီး ပန်းခြံကြီးလုပ်ပစ်တော့တာပဲ။”

“သူဒီမှာပဲနေတာလား…” ကျွန်မပန်းခြံအဆုံးက အိမ်ဟောင်းလေးနဲ့ပုံစံတူအိမ်ကို လက်ညိုးထိုးပြရင်း အန်တီနန်စီကို စိတ်လှုပ်ရှားစွာနဲ့မေးလိုက်တယ်။

အန်တီနန်စီက ခေါင်းညိတ်ပြတော့ ကျွန်မလည်းတစ်ခါတည်း ပြေးထွက်သွားလိုက်မိတယ်။ ငယ်ငယ်က ပျော်ရွှင်မှုတွေနဲ့ အကောင်းဆုံးမှတ်ဉာဏ်တွေအားလုံး ကျွန်မစိတ်ထဲမှာ ပြန်ထွက်ပေါ်လာတယ်။ ပျော်ရွှင်မှုတွေက ကျွန်မရင်ထဲမှာ စမ်းချောင်းလေးတစ်ခုလိုမျိုး စီးဆင်းနေတယ်။

ငယ်ငယ်က ပျော်ရွှင်ခဲ့ရဖူးတဲ့ အချိန်တွေအားလုံးကို ရုပ်ရှင်ကားတစ်ကားကို ပြန်ကြည့်နေရသလို မြင်ယောင်လာတယ်။

“တီ..တီ…” ရုတ်တရက် ကားဟွန်းသံကြောင့် ကျွန်မသတိဝင်လာတယ်။ အခုမှ ကျွန်မကိုယ်ကျွန်မ လမ်းပေါ်မှာ ဟိုမကြည့်ဒီမကြည့်နဲ့ ပြေးမိနေမှန်း သတိရတာ။

ကျွန်မနဲ့ဝင်တိုးမိမလိုဖြစ်သွားတော့ ကားဆရာကြီးကတော့ လက်ခလယ်ထောင်ပြီး ကျိန်ဆဲနေပြီ။

“ဪ… ဒီကလေးနဲ့ကတော့ တကယ်ပါပဲ။” အမေကတော့ ရင်တမမ။

ကျွန်မကတော့ ကားနဲ့တိုက်မိတာမှမဟုတ်တာဘဲဆိုပြီး လမ်းတစ်ဖက်မှာရှိနေတဲ့ ပန်းခြံလေးဆီကို ဆက်ကူးသွားလိုက်တယ်။ ရင်ထဲက ပျော်ရွှင်မှုလှိုင်းတွေကြောင့် ကျွန်မရင်တွေဖိုနေပြီး မျက်ရည်စတချို့တောင် မျက်လုံးထဲမှာ ဝိုင်းလာခဲ့တယ်။

ကလေးတချို့တောင် ကျွန်မပန်းခြံထဲမှာ အတင်းပြေးနေတာတွေ့တော့ ကြောက်လန့်တကြားနဲ့ရှောင်ပြေးကုန်ကြတယ်။ မိဘတွေကတော့ အဆိုးဆုံးပဲ၊ သူတို့စိတ်ထဲ အရူးမကြီးပြေးနေတယ်လို့ကို ထင်ကုန်ကြမှာ။

ကျွန်မအခုပြေးနေတာက ပန်းခြံရဲ့ကျောက်ခင်းလမ်းလေးပေါ်မှာ။ ဒါပေမဲ့ အိမ်ငယ်လေးရှေ့ကိုရောက်တော့ လမ်းက ဆက်မရှိတော့ဘူး။ အဲဒီအစား သစ်ပင်ပုလေးတွေကို စည်းရိုးလိုမျိုးကာထားပြီး မြေပြင်မှာတော့ စာထွင်းထားတဲ့ ကျောက်ပြားတစ်ပြား စိုက်ထားတယ်။

“ရွှေမင်းသမီးရဲ့အမှတ်တရပန်းခြံ။”

ကျွန်မအဲဒီကျောက်ပြားလေးကိုကြည့်ရင်း လက်နဲ့ထိကြည့်လိုက်မိတယ်။ ဦးလေးဖီးလစ် ပန်းခြံဖျက်ဆီးခံရတုန်း​က ဝမ်းနည်းနေပုံကို မှတ်မိတယ်။ အခုလို သူ့ပန်းခြံလေးကို ပြန်တည်ဆောက်နိုင်ခဲ့တော့ သူသိပ်ပျော်နေမှာပဲ။ ကျွန်မလို သူ့ပန်းခြံလေးထဲ ဆော့ခဲ့ရတဲ့သူသက်သက်တောင် သိပ်ပျော်နေခဲ့တာလေ။

“ဟိုက ကောင်မလေး၊ ပန်းခြံထဲမှာ လျှောက်မပြေးရဘူးဆိုတာ နားမလည်ဘူးလား။ ပန်းတွေနင်းမိရင် ​မင်းလျှောက်နိုင်လို့လား။”

ခဏနေတော့ ရင်းနှီးနေသူတစ်ယောက်ရဲ့အသံကို ကျွန်မစကြားလိုက်ရတယ်။ ကျွန်မ ဝမ်းသာအားရနဲ့ နောက်လှည့်ကြည့်ပြီး ပြောလိုက်တယ်။

“ဦးလေးကြီး….”

ဒီလိုအခေါ်ခံလိုက်ရတဲ့ သက်လတ်ပိုင်းလူကြီးလည်း
အံ့ဩပြီး ကျွန်မကိုစိုက်ကြည့်နေတယ်။ ဦးလေးဖီးလစ်က အများကြီးပြောင်းလဲမသွားဘူး။ သူ့ခေါင်းမှာ ဆံပင်ဖြူတချို့တိုးလာရုံပဲ။ အရင်လိုခန့်ညားပြီး ဥယျာဥ်မှူးဝတ်စုံကို ဝတ်ထားတယ်။ ဒါပေမဲ့ ပန်းခြံက ကြီးလာတော့ တခြားဥယျာဥ်မှူးတွေလည်းရှိနေပြီ။ ကြည့်ရတာ ကျွန်မတို့ခွဲခွာလိုက်ရတုန်း ဦးလေးဖီးလစ် ငွေကြေးတချို့ရှာဖွေနိုင်ခဲ့ပုံပဲ။

တကယ်​တော့ တစ်ချိန်ကအတော်ဆုံးကျောင်းသားဖြစ်ဖူးတဲ့ သူ့အရည်အချင်းနဲ့ဆိုရင် ဒီလိုလုပ်ဖို့က သိပ်ခက်လှတယ်မဟုတ်ဘူး။

“ကောင်မလေး မင်းလား…” ဦးလေးဖီးလစ်က ကျွန်မကို အတော်ကြာကြာစိုက်ကြည့်ပြီးမှ ပြန်မှတ်မိသွားတယ်။ နှစ်တွေကြာပြီးတဲ့နောက် ကျွန်မအတော်ပြောင်းလဲသွားခဲ့ပြီကိုး။ ကျွန်မကြီးလာပြီ။ ဒါကြောင့် သူမမှတ်မိတော့တာပုံမှန်ပဲ။ ကျွန်မ ခေါင်းညိတ်ပြရင်း မျက်ရည်တွေကို လက်ခုံနဲ့ဖယ်ရှားလိုက်တယ်။

“ဟုတ််တယ်… ပန်းခြံလေးကို ပြန်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဦး​လေးဖီးလစ်။”

ဦးလေးဖီးလစ်လည်း နေရာမှာရပ်နေရင်း ဒီစကားကြောင့် ပြန်ပြုံးပြလိုက်တယ်။ သိပ်ကို ဖော်ရွေပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ အပြုံးမျိုးပါပဲ။

“ဒီတော့ မင်းလည်းနာမည်ကြီး စာရေးဆရာမတစ်ယောက် ဖြစ်လာပြီပေါ့။ ဂျက်စမင်ဇာတ်ကား ငါကြည့်လိုက်ရသေးတယ်။ မင်းငါအကြံပေးခဲ့တာတွေအကုန်လုံးကို ပြန်ပြင်ထားတာပဲ။”

ကျွန်မအခု ဦးလေးကြီးရဲ့အိမ်ငယ်လေးထဲမှာ။ အသစ်ပြန်ဆောက်ထားပေမဲ့ အရာအားလုံးက ပုံစံတူပဲ ဟောင်းနွမ်းမနေတော့တာပဲရှိတာ။

ခါတိုင်းလိုပဲ ဦးလေးကြီးက သူဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကို ကျွန်မဆီ ကမ်းပေးလိုက်တယ်။ ခါတိုင်းလိုပဲ ခါးသက်ပြီး အရသာရှိနေဆဲပဲ။ ဒါပေမဲ့ ကွဲပြားသွားတာက ဦးလေးကြီးဟာ ကော်ဖီလိုမျိုး ခါးသက်တဲ့အပြုံး မပြုံးတော့ဘဲ ပျော်ရွှင်ပြီးလွတ်လပ်တဲ့အပြုံးမျိုးကို ပြုံးနေတော့တာပဲ။

သူ့အပြုံးကနေတစ်ဆင့် သူ့ရဲ့အပျော်တွေက ကျွန်မဆီကို ကူးစက်နေတယ်။ သူ့အနားကလူတွေအားလုံးကိုပါ လိုက်ပါပျော်ရွှင်စေနိုင်တဲ့ အပြုံးမျိုးပါပဲ။

“ဒီတော့… လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်မအပြီးထိ ဖတ်မပြခဲ့ရတဲ့ ပြင်ဆင်ထားတဲ့ပုံပြင်ဗားရှင်းကို ဆက်ဖတ်ပြလို့ရမလား။” ကျွန်မလည်း ဦးလေးကြီးကို စစ်မှန်စွာ ပြုံးပြရင်း လက်ဆွဲအိတ်ထဲက ကျွန်မမှတ်စုစာအုပ်ကို ထုတ်လိုက်တယ်။

ဦးလေးကြီးက သူ့ကော်ဖီခွက်ကို တစ်ငုံမော့သောက်ရင်း ပြန်ဖြေပါတယ်။

“ဒါပေါ့….”

ဟိုးရှေးရှေးတုန်းက…

လူနာရီယန်တိုင်းပြည်ကြီးရှိသတဲ့။

တိုင်းပြည်ကြီးရဲ့နန်းတော်ဟာ လှပတဲ့ရေကန်ကြီးထဲမှာ တည်ထားပြီး မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်တဲ့ ဂျာရက်မင်းကြီး စိုးစံလေသတဲ့။

ဂျာရက်မင်းကြီးမှာ သားတော်နှစ်ပါးရှိပြီး ပထမမင်းသားကြီး တိုက်ဆန်ကတော့ ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့လေသတဲ့။ အာဏာကိုလည်း တပ်မက်ပြီး အမြဲဘုရင်ဖြစ်ဖို့ပဲ အခွင့်ချောင်းနေသူပေါ့။

သားတော်ငယ် ပက်ထရစ်ကတော့ ရဲစွမ်းသတ္တိနဲ့ပြည့်ဝပြီး ကြင်နာတတ်တဲ့နှလုံးသားရှိလေသတဲ့။ သူငယ်စဥ်က ဒဏ်ရာရနေတဲ့ ငှက်ကလေးတစ်ကောင်ကို ကယ်ဆယ်ပေးခဲ့ဖူးပြီး အဲဒီငှက်ကလေးဟာ တကယ်တော့ နဂါး​နီကြီးတစ်ကောင် ဖြစ်နေလေသတဲ့။ အဲဒီနေ့ကစပြီး နဂါးနီကြီးဟာ မင်းသားလေးကို ကျေးဇူးရှင်အမှတ်နဲ့ ကာကွယ်စောင့်ရှောက်နေတော့တာပေါ့။

တစ်ညသောအခါမှာတော့ မိုးကောင်းကင်ပေါ်မှာ ထူးခြားတဲ့ ကြယ်တာရာနမိတ်အစုံအလင် ထွက်ပေါ်လာပါလေရောလား။ ၇လပိုင်း ၇ရက်နေ့ ခုနစ်စဥ်ကြယ် အမြီးတန်းတဲ့အချိန်မှာ ဥက္ကာခဲတစ်ခု နိုင်ငံအနောက်ပိုင်းတောင်တန်းတွေဆီ ကျဆင်းခဲ့တယ်လေ။

မင်းကြီးအပါအဝင် မှူးကြီးမတ်ရာတွေလည်း ပွတ်လောရိုက်ကုန်တော့တာပေါ့။ ပရောဟိတ်တွေကလည်း စိတ်ထင်ရာဟောကြ။

တိုင်းပြည်ကြီး ပျက်တော့မလိုလို၊ ရန်သူတော်ကြီးပဲ ပေါ်လာတော့မလိုလို။ နောက်တော့ မင်းကြီးက တိုင်းပြည်ရဲ့အရဲရင့်ဆုံးလူငယ်လေး ပက်ထရစ်ကို စုံစမ်းခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။

နဂါးစီးသူရဲကောင်းလေး စွန့်စားခန်းထွက်ရပြီပေါ့။

..

အနောက်ပိုင်းတောအုပ်ကြီးဂျူရာရဲ့အနက်ပိုင်းမှာတော့ စံပယ်ပန်းရုံတစ်ရုံမှာ ပန်းခုနစ်ပွင့်အတူပွင့်နေလေရဲ့။

ဥက္ကာပျံကြီး သစ်တောတွင်းကို ကျဆင်းလာချိန်မှာတော့ ခုနစ်ပွင့်မြောက်ပန်းကလေးဟာ မြေပေါ်ကို ကြွေကျလေသတဲ့။

ကြွေကျသွားတဲ့ ပန်းကလေးဟာ မြေပြင်နဲ့ထိမိပြီးတဲ့နောက် အဖြူရောင်အလင်းတွေနဲ့အတူ ပြစ်မျိုးမှဲ့မထင်အောင်လှတဲ့ စံပယ်ပန်းပျိုဖြူလေးအဖြစ် ပြောင်းလဲသွားပါလေရောလား။

ဂျက်စမင် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးက စောင့်ကြိုနေလေရဲ့။

ရုတ်တရက် ထူးဆန်းတဲ့အတွေးတွေက သူ့ခေါင်းထဲ ထိုးဝင်လာတယ်။

“ငါဘယ်သူလဲ… ငါဘယ်ကိုရောက်နေတာလဲ… ငါဘာလုပ်နေခဲ့တာလဲ။’

‘ငါက စံပယ်ပန်းလေးတစ်ပွင့်ပါ၊ ဒီတောအုပ်ကြီးထဲမှာ ငါ့ကိုမွေးခဲ့တာ။ ငါအကြာကြီး သစ်ခက်ပေါ်မှာရှိနေခဲ့တယ်။ ဒါပေမဲ့ ပန်းပင်လေးဖြစ်တဲ့ငါက ဘာလို့မြေပေါ်ကိုကြွေကျပြီး ဒီလိုမျိုးတွေးတော်တတ်နေရတာလဲ။ တခြားပန်းပင်တွေလိုမျိုး ပင်စည်ကပေးလိုက်တဲ့အစာကို ခြေဖျက်ရင်း အပင်ပေါ်မှာပဲ နေသင့်တာမဟုတ်ဘူးလား။’

‘ဘာကြောင့်လဲ…’ ဂျက်စမင့်ခေါင်းထဲမှာတော့ လောကကြီးအကြောင်းမေးခွန်းတွေက ထောင်ချီလို့ပေါ့။

… ပြီးပါပြီ ….

Comment

Leave a Reply

Options

not work with dark mode
Reset