Switch Mode

ရွှေမင်းသမီး ၆

The Princess Garden of Memento
Chapter 6 – တစ်စစီကြွေလွင့်

လူစိမ်းဧည့်သည် အိမ်ထဲဝင်လာကတည်းက ဦးလေးဖီးလစ် မျက်နှာမကောင်း။ ထိပ်ပြောင်ပြောင်လူကြီးက ခနဲ့တဲ့တဲ့ စားပွဲပေါ်မှာ အသင့်သားထိုင်ရင်း စာချုပ်စာတမ်းတွေကို လက်ဆင့်ကမ်းပေးလိုက်တယ်။

“မစ္စတာဖီးလစ်… စာချုပ်ပေါ်မှာ မျိုးရိုးနာမည်မပါဘူးဆိုတော့ နာမည်အရင်းနဲ့ပဲ ခေါ်တော့မယ်။ အိမ်ပေါင်ထားတဲ့ စာချုပ်သက်တမ်းက ပြည့်တာကြာပြီမလို့ ကျွန်တော်တို့ဘဏ်က ပိုင်ဆိုင်မှုကို ရုပ်သိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါက ရှေ့အပတ်နောက်ဆုံးထားပြီး ဒီအိမ်ကထွက်ခွာပေးဖို့ တရားရုံးအသိပေးစာပါ။ လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပြီးရင် ရပါပြီ။”

လူနာလေးကတော့ စာချုပ်စာတမ်းကိစ္စတွေကို သိပ်နားမလည်ပေမဲ့ ဦးလေးကြီးက အိမ်ကနေထွက်သွားရမယ်ဆိုတော့ ပန်းခြံက ဘာဖြစ်သွားမှာလဲ။

ဦးလေးကြီးက ဒီစကားကိုကြားတော့ တခြားတစ်ယောက်လိုမျိုး ဆင်ခြင်တုံတရား ကင်းမဲ့သွားပြီး ဘဏ်ဝန်ထမ်းရဲ့အင်္ကျီကော်လံကို ဆုပ်ကိုင်ပြီး အော်ဟစ်လိုက်တယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ္ကေန ငါခွာမပေးနိုင်ဘူး။ အခုထွက်သွား….”

“လူကြီးမင်း၊ ခင်ဗျားအိမ်ကနေ မခွာရင် ပိုင်နက်ကျူးလွန်မှုနဲ့ ကျွန်တော်တို့တရားစွဲလို့ရတယ်။ အခုလိုအကြမ်းဖက်ရင်လည်း ကိုယ်ထိလက်ရောက်မှုနဲ့တရားထပ်စွဲလို့ရတယ်နော်။” ဘဏ်ဝန်ထမ်းက ဖြစ်လာတဲ့ကိစ္စတွေကြောင့် နည်းနည်းထိတ်လန့်သွားပေမဲ့ လေသံကိုထိန်းပြီး ပြန်အော်ပြောတယ်။

ဦးလေးကြီးကတော့ စိတ်ထိန်းထားရလွန်းလို့လားမသိဘူး နဖူးက သွေးကြောတွေတောင် ထောင်ထနေလေရဲ့။ ဒါပေမဲ့ လူနာလေးကိုတွေ့တော့ ခြေထောက်နဲ့မြေကြီး လွတ်နေပြီဖြစ်တဲ့ ဘဏ်ဝန်ထမ်းကို ပြန်ချပေးလိုက်တယ်။

ဘဏ်ဝန်ထမ်းလည်း ဘာမှဆက်မပြောရဲတော့ဘဲ စာရွက်စာတမ်းဖိုင်လေးတွေကို အမြန်ကောက်သိမ်းပြီး အိမ်ထဲကနေ ထွက်ပြေးသွားလေရဲ့။ ပြေးတဲ့လမ်းမှာ ပန်းအိုးတချို့ကိုတောင် ဝင်တိုက်မိသွားသေးတယ်။

ဦးလေးကြီးကတော့ ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး ညည်းညူလိုက်တယ်။

“တစ်နေ့နေ့တော့ ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိသားပဲ။ ဒါပေမဲ့ ဒီလောက်မြန်လိမ့်မယ်တော့ ထင်မထားခဲ့ဘူး။”

အဲဒီနောက်တော့ လူနာကို ဦးလေးဖီးလစ်က ဖြစ်ကြောင်းကုန်စင် ရှင်းပြတယ်။ မိန်းမဖြစ်သူနဲ့ စတွေ့ခဲ့တဲ့အကြောင်း၊ ပန်းခြံလေးကို အတူတူတည်ထောင်ဖြစ်ခဲ့တဲ့အကြောင်း၊ ခွဲခွါခဲ့ရတဲ့အကြောင်းတွေရယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ဆုံးရှုံးခဲ့တဲ့ အကြောင်းတွေရယ်ပေါ့။

“ဒါဆိုဘယ်လိုလုပ်ကြမလဲ၊ ဒီအတိုင်းထားရင် သမီးတို့ပန်းခြံလေးကို သူတို့သိမ်းသွားမှာပေါ့။ ပြီးတော့ ပန်းခြံလေးက ဦးလေးကြီးရဲ့အမှတ်တရတွေမဟုတ်လား။”

ဒါပေမဲ့ ချေးငွေစာချုပ်မှာ သူကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုးပေးခဲ့တာဆိုတော့ ဘာမှလုပ်လို့မရဘူး။

အဲဒီနေ့က လူနာတစ်ယောက် အိမ်ကိုညိုးငယ်စွာနဲ့ ပြန်လာခဲ့တယ်။ ပန်းချီကားကို အပြီးသတ်ပြီးဖြစ်တဲ့ လူစီကတော့ သူ့သမီးလေးကိုကြည့်ပြီး မေးလိုက်လေရဲ့။

“လူနာ၊ ဘာဖြစ်လာတာလဲ။ တစ်ယောက်ယောက်နဲ့ရန်ဖြစ်လာတာလား။” လူနာတစ်ယောက် သူ့အမေရဲ့စကားကြောင့် ပြေးဖက်ပြီးပြောလိုက်တယ်။

“ဒီနေ့ဦးလေးဖီးလစ်ဆီကို ဘဏ်ဝန်ထမ်းဆိုတဲ့လူကြီး ရောက်လာတယ်။ ပန်းခြံအိမ်လေးကို သူတို့သိမ်းသွားတော့မှာတဲ့၊ သမီးဘယ်လိုလုပ်ပေးရမလဲ။”

လူနာလေး နေရာအသစ်ကိုပြောင်းလာကတည်းက ပန်းခြံအိမ်လေးကြောင့် ဒီနေရာလေးကို အများကြီးပိုပြီး ခင်တွယ်ခဲ့တယ်။ အခုတော့ သူကစားနေကျ ကမ္ဘာငယ်လေးက ပျက်စီးကိန်းဆိုက်နေပြီမလို့ ဆောက်တည်ရာမရ ဖြစ်နေတာပါ။ လူစီမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမတတ်နိုင်ဘူး။

ဒါကြောင့် လူနာကိုသာ အလိုက်သင့်ဖက်ထားလိုက်တယ်။ “သမီး၊ လောကမှာ ဘယ်အရာမှ တည်မြဲတာမရှိဘူးလေ။ အရာရာတိုင်းက အမြဲတမ်းပြောင်းလဲနေတာ။” ဒီလိုပြောခဲ့ပေမဲ့ လူနာလိုကလေးတစ်ယောက်အတွက်တော့ နားဝင်ဖို့ခက်ပါတယ်။

နောက်တစ်နေ့ရောက်တော့ အင်ဂျင်နီယာအဖွဲ့က ပန်းခြံအိမ်လေးနံဘေးက မြေကွက်လွတ်တွေကို တိုင်းတာဖို့အတွက် လုပ်နေကြပြီ။ ဘာကြောင့်မှန်းတော့ လူနာလေးမသိပေမဲ့ တစ်ခုခုဆောက်ဖို့အတွက် မြေအခြေအနေကြည့်နေကြပုံပဲ။

ကျောင်းကနေ ပြန်လာကာစမလို့ အိမ်ကိုတောင် လူနာလေးမဝင်ရသေးဘူး။ အင်ဂျင်နီယာကြီးတွေ ပစ္စည်းတွေချတိုင်းနေတာကို စိတ်ဝင်တစားကြည့်ရင်း သူတို့ထဲကတစ်ယောက်ကို မေးလိုက်တယ်။

“ဦးတို့က ဘာဆောက်မလို့လဲဟင်။” အင်ဂျင်နီယာတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပေမဲ့ သဘောကောင်းတဲ့ အင်ဂျင်နီယာတစ်ယောက်ကတော့ ကောင်မလေးကိုတွေ့တော့ ပြုံးပြလိုက်ပြီး လူနာ့ကိုပြောလိုက်တယ်။

“ဒီနေရာမှာ အပန်းဖြေပန်းခြံအငယ်စားလေးတစ်ခု ဆောက်မှာလေ။ မြို့ပြင်မှာဆိုတော့ နောက်ပိုင်းချဲ့ချင်လည်း ချဲ့လို့ရတယ်။ အပန်းဖြေဥယျာဥ်တွေမှာ ကစားရတာပျော်တယ်မဟုတ်လား။”

တကယ်တော့ လူနာလေးက စက်ပစ္စည်းတွေနဲ့ပြည့်နေတဲ့ ကစားကွင်းမျိုးကို သဘောမကျဘူး။ တအားဆူညံ့ပြီး ပျော်ဖို့မကောင်းဘူးလို့မြင်တယ်။ ငယ်ငယ်က ပင်လယ်ဓားပြလှေစီးရင်း အမေနဲ့လူချင်းကွဲသွားလို့ ငိုလိုက်ရတာအမောဆိုတော့ ပိုဆိုးတော့တာပေါ့။

ခဏနေတော့ အင်ဂျင်နီယာတစ်ယောက်က မြေပုံကိုင်ရင်း ရှေ့ကိုလျှောက်ထွက်လာတယ်။ နောက်တော့ ပန်းခြံအိမ်လေးကိုကြည့်ရင်း လက်ညိုးထိုးလိုက်တယ်။

“အဲဒီအိမ်က ငါတို့ဖျက်ချရမယ့်အထဲမှာ ပါတယ်မဟုတ်လား။ ဒါပေမဲ့ အထဲမှာလူနေနေတုန်းပဲထင်တယ်။”

ပန်းခြံအိမ်လေးထဲမှာတော့ ဦးလေးဖီးလစ်က ပန်းပင်တွေကို ရေလောင်းနေရင်း အင်ဂျင်နီယာအုပ်စုကို စားတော့ဝါးတော့မလိုဖြစ်နေတယ်။ အခုပုံစံမျိုးက ပန်းတွေကိုဖျက်ဆီးပစ်တဲ့ ကလေးတွေကို ဦးလေးကြီး ဆက်ဆံတဲ့ပုံစံမျိုးနဲ့ သိပ်တူတာပဲ။

“သူရူးရူးမိုက်မိုက် တစ်ခုခုတော့ မလုပ်လောက်ပါဘူးနော်။”

အဲဒီနေ့ကလည်း လူနာလေးတစ်ယောက် ပန်းခြံအိမ်ထဲသွားပြီး ဥယျာဥ်အလုပ်တွေ ကူလုပ်ပေးခဲ့ပေမဲ့ ဦးလေးဖီးလစ်က ခါတိုင်းနဲ့မတူဘဲ ထူးထူးခြားခြား စကားနည်းနေတယ်။ ဒါကြောင့် အရင်ကလိုမျိုး ပန်းခြံထဲမှာကစားရတာက ပျော်ဖို့မကောင်းတော့ဘူး။

ဒီလိုနဲ့တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာသလို တရားရုံးက နိုတီပေးထားတဲ့ရက်ကို ရောက်လာတယ်။ လူနာလေးလည်း ခါတိုင်းလိုပဲ ပန်းခြံအိမ်ထဲဝင်လာတာပေါ့။

ဒါပေမဲ့ ခါတိုင်းနဲ့မတူတာက တခြားမြေကွက်လပ်တွေကို အလုပ်သမားတွေက ပေါင်းသင်မြက်ရှင်းပြီးပြီဖြစ်ပြီး တချို့နေရာတွေမှာ ဖောင်ဒေးရှင်းချဖို့အတွက် တွင်းကြီးတွေတောင်တူးနေကြပြီ။

စက်ယန္တရားကြီးတွေလည်း ရောက်လာနေပြီ။ အရင်နှစ်ရက်လောက်က ဘဏ်ဝန်ထမ်းရောက်လာပြီး ဒီခြံလေးကို တခြားကော်ကိုရေးရှင်းတစ်ခုကို ရောင်းပြီးဖြစ်ကြောင်းနဲ့ အမြန်ပြောင်းရွေ့ဖို့ လာပြောခဲ့ပေမဲ့ ဦးလေးကြီးက ဂေါ်ပြားကိုင်ပြီး နှင်ထုတ်ခဲ့တယ်လေ။

ဒီနေရာက သူ့မိန်းမဖြစ်သူ ခေါင်းချခဲ့တဲ့အိမ်လေးဖြစ်တာကြောင့် သူဘယ်လိုမှမစွန့်ခွာနိုင်ဘူးဖြစ်နေတယ်။ ဥပဒေအရ ဒီအိမ်လေးကို သူဆုံးရှုံးပြီးသား ဖြစ်နေခဲ့ပေမဲ့ပေါ့။

“ဒီအိမ်ကို ဖျက်လိုက်တော့။” မန်နေဂျာခေါင်းဆောင်က ဘူဒိုဇာမောင်းတဲ့ အလုပ်သမားကို အော်ပြီးအမိန့်ပေးတယ်။

ခဏနေတော့ စက်ကြီးတွေကို ပန်းခြံအိမ်လေးနားကို ရောက်လာပြီ။ သက်လတ်ပိုင်းဦးလေးကတော့ လက်ထဲက ဥယျာဥ်မြေသုံးဂေါ်ပြားကို တင်းတင်းကိုင်ထားရင်း စက်ယန္တရားကြီးတွေကို ရပ်ကြည့်နေလေရဲ့။

သူ့ရဲ့ပုံစံဟာ တိုက်တန်ကြီးတွေရှေ့မှာ ပိတ်ရပ်မိတဲ့ ပုရွက်ဆိတ်တစ်ကောင်အလား။

စက်ပေါ်မှာရှိနေတဲ့ အလုပ်သမားကလည်း ဒါကိုတွေ့တော့ အင်ဂျင်နီယာကို လှမ်းအော်ပြောပြန်တယ်။ “ဆရာ၊ ဒီအိမ်ကိုဖျက်မှာသေချာလား။ ခြံထဲမှာလူရှိနေတဲ့ပုံပဲ။”

“နေပါစေ၊ သူတို့ကို နိုတီပေးထားပြီးသား။ ဖယ်မပေးမှတော့ ဝင်ဖျက်လိုက်ရုံပဲ။ မသေချင်ရင် ဘေးဖယ်သွားလိမ့်မယ်။” အင်ဂျင်နီယာခေါင်းကတော့ ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တယ်။

ယန္တရားဒရိုက်ဘာဟာလည်း ခေါင်းကိုသာ ခါယမ်းလိုက်တာပေါ့။ အထက်လူကြီးပြောနေပြီပဲ၊ သူငြင်းစရာဘာရှိသေးလို့လဲ။ လူတစ်ယောက် သူတို့ရှေ့မှာ ရပ်နေပေမဲ့ ဖယ်မပေးရင် သူ့ထိုက်နဲ့သူ့ကံပဲမဟုတ်လား။

စက်ယန္တရားကြီးက အားကုန်ဖွင့်ရင်း အိမ်လေးကို ဂေါ်နှင့်ကုပ်ဖို့ ​ပြင်လိုက်တယ်။ ဦးလေးဖီးလစ်လည်း စိတ်မထိန်းနိုင်တော့ဘဲ လက်ထဲကဂေါ်ပြားနဲ့ ဘူဒိုဇာကို လှမ်းပစ်တယ်။ မှန်ကိုထိသွားပြီး မှန်ဟာပင့်ကူအိမ်လိုမျိုး တစ်စစီကွဲအက်သွားလေရဲ့။

“ိုးမသားတွေ၊ ငါ့အိမ်နဲ့ဝေးဝေးနေကြစမ်း။”

နောက်ဖြစ်ပျက်လာတာတွေကြောင့် အလုပ်သမားတွေရော အင်ဂျင်နီယာခေါင်းဆောင်ပါ ဆွံအကုန်ကြတယ်။ အများဆုံးမှာ လူအိုကြီးဘေးလွတ်ရာကို ရှောင်သွားရုံပဲလို့ ထင်ခဲ့မိပေမဲ့ ဖီးလစ်ဟာ ပန်းပင်တွေအတွက် ဘောင်ခတ်ပေးထားတဲ့ အုတ်နီခဲတွေကို တူးထုတ်ပြီး သူတို့ဆီကို အဆက်မပြတ်လှမ်းပစ်နေပြီ။

တချို့အလုပ်သမားလေးတွေဆို အုတ်ခဲမှန်လို့ နဖူးမှာသွေးတွေရဲရဲနီလို့။ ဦးလေးကြီးကတော့ ဒီလောက်နဲ့ မတော်နိုင်သေးပါဘူး။ ဥယျာဥ်သုံးကပ်ကြေးကိုကိုင်ပြီး အလုပ်သမားတွေနောက်ကို ပြေးလိုက်တဲ့အတွက် အကုန်လုံးပြေးပေါက်မှားကုန်ကြပြီ။

“ပြေး… ​ပြေးကြ။”

“တစ်ယောက်ယောက် ရဲခေါ်ကြပါဟ။”

ပန်းခြံထဲကနေ ရပ်ကြည့်နေတဲ့ လူနာလေးကတော့ မျက်လုံးအပြူးသား။ ဦးလေးကြီးက သူ့ကိုစိတ်မကောင်းစွာနဲ့ ပြန်လှ​ည့်ကြည့်လိုက်တယ်။ တကယ်တော့ အခုလုပ်ရက်က သွေးရူးသွေးတမ်းလုပ်ရက်ထက် မပိုခဲ့ပါဘူး။

“ကလေးတစ်ယောက်ကို အခုလိုမြင်ကွင်းတွေ မြင်စေခဲ့တဲ့အတွက် ဦးလေးစိတ်မကောင်းပါဘူး။ အခုတော့ အိမ်ပြန်သင့်နေပြီ။” အိမ်ထဲကို ပြန်ဝင်လာတဲ့ ဦးလေးကြီးက လူနာလေးခေါင်းကိုပုတ်လိုက်ရင်း ပြောလိုက်တယ်။

လူနာ့မျက်လုံးထဲကနေ မျက်ရည်စတချို့တောင် စီးကျလာနေပြီ။ “ဦးလေး၊ ဦးလေးအဲဒီလိုလုပ်ရင် ရဲတွေလာဖမ်းမှာ သိတယ်မဟုတ်ဘူးလား။ ဘာလို့ဒီလိုလုပ်ရတာလဲ။”

တကယ်တော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ဒီခြံလေးကို ဖီးလစ်မပိုင်တော့။ တရားဥပဒေအရ တစ်ဖက်လူတွေမှာ လုပ်ပိုင်ခွင့်ကအပြည့်။ သူတို့အိမ်ကိုဘူဒိုဇာနဲ့ထိုးချရင်တောင် ဥပဒေအရ ဘာအပြစ်မှမရှိ။ ဦးလေးကြီးကိုတောင် ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲလို့ ရနေသေးတယ်။

ဖီးလစ်ကတော့ လူနာကို ဘာမှမပြောတော့ဘဲ ခြံထဲကနေ ဆွဲထုတ်ပြီး တံခါးကိုတင်းတင်းဆွဲပိတ်လိုက်လေရဲ့။

“နောက်ကျနေပြီ၊ ဒီအိမ်ထဲမှာ မင်းလုပ်စရာဘာမှမရှိတော့ဘူး။”

“ဦးလေးဖီးလစ်၊ ကိုယ့်ကိုယ်ကိုယ် အိမ်ထဲမှာ တစ်ယောက်တည်း အလုံပိတ်ပြီးနေနေလို့မရဘူးလေ။”

လူနာအသံကုန်အော်ဟစ်လိုက်ပေမဲ့ ​သူ့အရပ်ထက်မြင့်တဲ့ ခြံဝင်းရဲ့တံခါးတစ်ဖက်ဆီကနေ ဘာသံမှမကြားရတော့။ အတော်ကြာအောင် အော်ဟစ်နေခဲ့ပေမဲ့ ဘာမှပြန်ဖြေသံမကြားရတဲ့အတွက် လူနာလေး လက်လျှော့ပြီး အိမ်ပြန်လာခဲ့ရတယ်။

သိပ်မကြာဘူး၊ ပန်းခြံအိမ်လေးရှေ့မှာ ရဲကားနှစ်စီးထိုးရပ်လိုက်ပြီး ရဲတွေဆင်းလာတယ်။ နောက်တော့ တင်းတင်းပိတ်ထားတဲ့ ခြံတံခါးကို ဖြတ်ဝင်ပြီး မိနစ်ပိုင်းအကြာမှာပဲ လက်ထိပ်ခတ်ထားတဲ့ ဦးလေးဖီးလစ်ကို အိမ်ထဲကနေ အတင်းဆွဲထုတ်လာတယ်။

“ဒါက ငါ့အိမ်ကွ၊ ငါတခြားဘယ်ကိုမှ သွားမှာမဟုတ်ဘူး။” ရဲကားထဲ ထိုးထည့်မခံရခင် ဖီးလစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။

မျက်နှာချင်းဆိုင်တိုက်ခန်းဝရန်တာကနေ အမေဖြစ်သူနဲ့အတူ ဒီမြင်ကွင်းကိုကြည့်နေတဲ့ လူနာလည်း ဖြစ်စဥ်ကို အစအဆုံးမြင်နေရတာပေါ့။

ရဲသားကတော့ ဖီးလစ်ကို ကားနောက်ထိုင်ခုံထဲ နေရာကျသွားအောင် ထိုးထည့်လိုက်ပြီး တံခါးမပိတ်ခင် လေသံမာမာနဲ့ပြောတယ်။

“စခန်းရောက်မှရှင်းပါ၊ မစ္စတာဖီးလစ်။ ခင်ဗျားက မျိုးရိုးနာမည်မရှိဘူးဆိုတော့ ဖီးလစ်လို့ပဲခေါ်မယ်နော်။”

အဲဒီနောက်တော့ ရဲကားထဲကို ပြန်ဝင်ကာ စက်နှိုးလိုက်ပြီး ပန်းခြံအိမ်လေးရှေ့ကနေ ထွက်ခွာသွားကြတယ်။

လူနာလေးကတော့ အဲဒီမြင်ကွင်းကို ကြည့်နေရုံသာ တက်နိုင်ပြီး ဘာမှလုပ်မပေးနိုင်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် အမေဖြစ်သူကို အားကိုတကြီးမော့ကြည့်လိုက်တယ်။

“အမေ၊ သမီးတို့ဘယ်လိုလုပ်ကြမလဲ။”

“အမေလည်း ဘာမှမတတ်နိုင်ဘူးလေ၊ သမီးရယ်။” လူစီကတော့ လူနာလေးရဲ့ခေါင်းကိုပွေ့ဖက်လိုက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

နောက်တစ်နေ့ရောက်တော့ လူနာနဲ့အတူ တိုက်ခန်းလေးက အတူနေမိသားစုတွေ ရဲအချုပ်မှာအဖမ်းခံထားရတဲ့ ဖီးလစ်ကိုအခြေအနေသွားကြည့်ကြတယ်။

သူတို့တွေက အာမခံရဖို့အတွက် ကြိုးစားခဲ့ကြပေမဲ့လည်း သူတို့က ဖီးလစ်ရဲ့မိသားစုဝင်မဟုတ်တာရယ်၊ ဘာမှထိထိရောက်ရောက်မပေါက်မြောက်ကြတဲ့ သာမန်ပြည်သူတွေဖြစ်နေတာရယ်ကြောင့် ဘာမှအကူအညီမဖြစ်ခဲ့ဘူး။

ဒါပေမဲ့ လူစီတို့သားအမိကတော့ ဝင်တွေ့ခွင့်ရခဲ့ပါတယ်။

“ဦးလေးဖီးလစ်…” လူနာက သူ့အမေလက်ကိုဆွဲရင်း ကြည့်ကောင်းပုံမရတဲ့ အမူးသမားတချို့နဲ့ပြည့်နေတဲ့ ရဲအချုပ်ကို ဖြတ်လာရင်း ထောင့်တစ်ထောင့်မှာ ထိုင်နေတဲ့ ဖီးလစ်ဆီရောက်လာတယ်။

ဖီးလစ်ကတော့ တစ်ညလုံးစိတ်ဖိစီးမှုကြောင့် တစ်ကိုယ်လုံးကို ကုပ်ခြစ်ထားတဲ့ပုံစံမျိုးနဲ့ လက်တွေ၊ ခြေတွေ၊ မျက်နှာတွေမှာ သွေးစတွေရှိနေတဲ့ အစင်းကြောင်းတချို့ရှိနေတယ်။

သူက လူနာရဲ့စကားသံကိုကြားတော့ ချက်ချင်းအချုပ်ခန်းသံတိုင်တွေဆီ ပြေးလာပြီး မေးလိုက်တယ်။

“ငါ့အိမ်လေးရော… ပန်းခြံလေးရှိသေးတယ်မဟုတ်လား။” ဦးလေးကြီးက မျှော်လင့်ချက်တွေပြည့်နေတဲ့ မျက်လုံးတွေနဲ့ လူနာလေးရဲ့လက်ကို အချုပ်ခန်းအတွင်းကနေ ဆွဲကိုင်ရင်းမေးလိုက်တာ။

ဒါပေမဲ့ လူနာကတော့ စိတ်မကောင်းစွာနဲ့ ခေါင်းခါပြလိုက်တယ်။ “တောင်းပန်ပါတယ် ဦးဦးဖီးလစ်၊ သူတို့တွေ ဒီမနက်ဥယျာဥ်လေးကို စပြီးဖြိုချနေကြပြီ။ သမီးတို့လည်း ဘာမှမတတ်နိုင်ဘူး။”

ဒီစကားကိုကြားတော့ ဖီးလစ်ရဲ့မျက်နှာက ချက်ချင်းငိုင်ကျသွားတယ်။ သူကိုယ်တိုင်တောင် တရားစွဲခံရမယ့် အန္တရာယ်နဲ့ကြုံနေရတယ်ဆိုတာကို မေ့နေတဲ့ပုံပဲ။

“ဖီးလစ်၊ ရှင့်အိမ်ထက် အရေးကြီးတဲ့ကိစ္စကို နည်းနည်းလေး သတိထားပါဦး။ ရှင်တစ်ခုခုမလုပ်နိုင်ရင် ကုမ္ပဏီဖက်က ရှင့်ကိုတရားဆွဲတော့မှာ၊ ကိုယ်ထိလက်ရောက်မှု၊ ပုဂ္ဂလိကပိုင်ပစ္စည်းဖျက်ဆီးမှု၊ ပိုင်နက်ကျူးကျော်မှုနဲ့ တခြားပုဒ်မတွေအများကြီး တပ်ဖို့ပြင်နေကျတာ။ ရှင့်မှာကူညီပေးနိုင်မယ့်မိတ်ဆွေတစ်ယောက်ယောက်ရှိလား။”

မေမေလူစီကလည်း ဖီးလစ်ကို စိတ်ပူတဲ့အတွက်ကြောင့် မေးကြည့်လိုက်တယ်။ သူတို့က အကူအညီမဖြစ်ဘူးဆိုပေမဲ့ ဖီးလစ်က အထက်တန်းလွှာကျောင်းမှာ တက်ခွင့်ရဖူးတဲ့လူလေ။ ပြီးတော့ တော်ဝင်မိသားစုက ဘယ်နည်းနဲ့ပဲသဘောမတူပါစေ၊ သူက မင်းသမီးတစ်ပါးရဲ့ကြင်ယာတော်လည်း ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် အကူအညီပေးနိုင်မယ့် အကောင်ကြီးကြီးတစ်ယောက်လောက်နဲ့တော့ သိနေသင့်တယ်မဟုတ်လား။

ဒါပေမဲ့ ဖီးလစ်ကတော့ ခေါင်းတခါခါ…

“မရှိဘူး၊ ငါ့မှာသာ မင်းတို့လိုကိုယ်ဖိရင်ဖိ ကူညီပေးမယ့် မိတ်ဆွေစစ်တစ်ယောက် ရှိခဲ့မယ်ဆိုရင် ငါ့ဇနီးဒီလိုအဖြစ်မျိုးနဲ့ ကြုံရမှာမဟုတ်သလို ငါလည်းဒီလိုမျိုး ဒုက္ခရောက်နေမှာမဟုတ်ဘူး။ အခုတော့ ကံကိုယုံပြီး ရှေ့ဆက်ရုံပဲ ရှိတော့တယ်။”

ဦးလေးကြီးရဲ့စကားမှာ သူ့ဘဝတစ်လျှောက်လုံး ထမ်းပိုးလာရတဲ့ လေးပင်မှုတွေပါဝင်နေသလိုမျိုး နားထောင်နေရသူအတိုင်း ရင်ထဲလေးလံသွားစေတယ်။

နှစ်ပေါင်းများစွာ ဘဝကိုဖြတ်သန်းခဲ့သူတစ်ဦးအနေနဲ့ သူ့မှာမရေမတွက်နိုင်တဲ့ အသိမိတ်ဆွေသူငယ်ချင်းတွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ သူဒုက္ခရောက်နေချိန်မှာ ကူညီပေးခဲ့သူတွေ တစ်ယောက်မှမရှိခဲ့ဘူး။

“နောက်ဘာဆက်ဖြစ်လဲဟင်။” အနောက်တိုင်းဝတ်စုံကို ကျော့မော့နေအောင်ဝတ်ထားသည့် အမျိုးသားက သူ့ရှေ့တွင်ထိုင်နေသည့် အမျိုးသမီးကို စိတ်ဝင်တစား​ဖြင့် မေးလိုက်သည်။

အမျိုးသမီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“အင်း… နောက်ဘာဆက်ဖြစ်လဲဆိုတော့၊ ခန့်မှန်းရတာ လွယ်လွန်းတယ်မဟုတ်လား။”

လူနာတို့ တက္ကစီငှားပြီးအိမ်ပြန်လာတော့ သစ်ပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ လမ်းမလေးကို ထပ်ဖြတ်ရပြန်တယ်။ လူနာ့လက်ထဲမှာ သူအကြိုက်ဆုံးဟော့ဒေါ့လေးကို ကိုင်ထားပေမဲ့ တစ်ကိုက်သာကိုက်ပြီး ဆက်မစားဘဲ ကားပြတင်းပေါက်ကနေ အပြင်ကရှုခင်းတွေကိုပဲ ဆက်ကြည့်ဖြစ်နေတယ်။

တစ်နေရာရောက်တော့ ကားသမားက ရုတ်တရက်ဆိုသလို ကျွီခနဲဘရိတ်ကို နင်းချလိုက်တဲ့အတွက် အသားချောင်းဟာ ပေါင်မုန့်ကို သေချာကိုင်မထားတဲ့ လူနာ့လက်ထဲကနေ ရွှတ်ခနဲထွက်ကျသွားတယ်။

အဲဒီကျမှ ဒီဟော့ဒေါ့ကို သူ့အမေက သူငိုနေလို့ ချော့တဲ့အနေနဲ့ မရှိမဲ့ရှိမဲ့ငွေလေးနဲ့ ဝယ်ပေးထားတာမှန်း ပြန်သတိရလာတယ်။

“လူနာ၊ ထပ်မပူဆာနဲ့တော့နော်။ အမေတို့ မီတာခမပေးရသေးဘူး။” အမေ့စကားကို ပြန်ကြားယောင်မိပေမဲ့ အခုတော့ ဟော့ဒေါ့က ကားခြေနင်းခွက်ထဲမှာ အလကားဖြစ်သွားရှာပြီ။

ဒါပေမဲ့ လူနာဂရုမစိုက်အားဘူး။ သူတို့ကားရပ်လိုက်ရတဲ့ အကြောင်းအရင်းက လမ်းမပေါ်မှာ လုပ်ငန်းခွင်ရှိသည်လို့ ရေးထားတဲ့ ယာယီစည်းရိုးတစ်ခုရှိနေလို့။ ဒါကြောင့် ဒရိုက်ဘာက ကားကိုအရှိန်လျှော့ပြီး ဘေးကပ်မောင်းရတယ်။

ဒါပေမဲ့တိုက်ခန်းကိုရောက်တော့မှာမလို့ လမ်းတစ်ဖက်ခြမ်းဆီ ကွေ့သွားဖို့ပဲကျန်တော့တာ။

  ပန်းခြံအိမ်လေး ရှိဖူးတဲ့နေရာမှာတော့ အခုသစ်သားပုံကြီးတစ်ပုံပဲ ရှိတော့တယ်။ ပန်းပင်လေးတွေမှာတော့ တစ်နေရာစီပြန့်ကျဲလို့။ တချို့အပင်ကြီးတွေကိုကျ အင်ဂျင်နီယာတွေက စက်တွေနဲ့တူးထုတ်ဖို့ ပြင်ဆင်နေကြတယ်။

တစ်နည်းပြောရရင်တော့ လူနာရဲ့အိပ်မက်ထဲက နတ်သမီးပန်းခြံလေး တစ်စစီကြွေလွင့်သွားခဲ့ပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset