Switch Mode

ရွှေမင်းသမီး ၅

The Princess Garden of Memento
Chapter 5 – အိမ်ပေါက်ဝကို ရောက်လာတဲ့ ဧည့်သည်

“ဦးလေးကြီး၊ ဦးလေးကြီး… သမီးရေးထားတာ ဖတ်ကြည့်ပေး။” စာပေပိုးပါတဲ့ ကလောင်ရှင်လောင်းလျာကလေးတွေအတွက်တော့ သူတို့ရေးထားတဲ့စာတွေကို တခြားသူတွေဆီပြတာဟာ နေ့စဥ်အလုပ်လိုပါပဲ။

ဒါပေမဲ့ သူတို့ရေးထားတာကို ဆိုးဆိုးဝါးဝါးဝေဖန်မှာ
ကြောက်ကြတဲ့အတွက် သူတို့ယုံကြည်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပဲ ပြသလေ့ရှိတယ်။ ဒါကြောင့် ဖီးလစ်ကို လူနာက အခုလိုလက်ရာတွေပြသလာခြင်းဟာ သူ့ရဲ့ယုံကြည်မှုကို ပြသတဲ့လက္ခဏာတစ်ရပ်ပါပဲ။

“ဂျက်စမင်နဲ့နဂါးစီးမင်းသားလေးပုံပြင်ဆိုပါ့လား။”

မိသားစုခေါင်းစဥ်နဲ့ စာစီစာကုံးကိစ္စပြီးသွားတာ တစ်လလောက်ကြာသွားပြီ။ ဒီတစ်လအတွင်းမှာ လူနာက နေ့တိုင်းနီးပါး ဦးလေးကြီးရဲ့ပန်းခြံထဲကို လာဆော့တယ်။

ဒါပေမဲ့ ဦးလေးဖီးလစ်က လူနာကိုအလကားမနေခိုင်းပါဘူး၊ ပန်းခြံအလုပ်တွေအကုန်လုံးကို ကူလုပ်ခိုင်းတော့တာပဲ။ မေမေလူစီကတော့ သူ့သမီး တစ်နေကုန်ဖုန်းပွတ်မနေရင်ပြီးတာပဲဆိုပြီး လွှတ်ထားလိုက်တယ်။ အခုခေတ်ကလေးတွေက ကျောင်းကပြန်တာနဲ့ ဂိမ်းဆော့ရင်ဆော့၊ မဟုတ်ရင် ရုပ်ရှင်ပဲကြည့်နေတော့တာ။ ကိုယ်လက်လှုပ်ရှားမှု နည်းနည်းလေးမှ ရှိကြတာမဟုတ်ဘူး။

“ဟေး၊ လူရှုပ်လေးတွေ။ နင်တို့တွေ သေဖို့သာပြင်ထားကြ။” ရပ်ကွက်ထဲက ကလေကချေကောင်လေးတွေ ဦးလေးကြီးပန်းခြံကို ပြဿနာလာရှာနေကြဆဲပဲဆိုပေမဲ့ ခုတော့သူတို့နဲ့ရွယ်တူဖြစ်တဲ့ လူနာက ကာကွယ်ပေးနေပြီမလို့ ခဲနဲ့မပေါက်ရဲကြတော့ဘူး။ ဦးလေးကြီးက ကလေးတွေကိုမကျေနပ်ပေမဲ့ ဘာမှပြန်ပြောတာမဟုတ်ဘူးလေ။ ဒါပေမဲ့ လူနာကတော့ ပန်းခြံသုံးဂေါ်ပြားလေးကိုမပြီး ပြေးလိုက်ဖူးတယ်။

အရှိန်လွန်လဲကျပြီး ဒူးပြဲသွားတာက လွဲလို့ပေါ့။ အဲဒီနေ့က တော်တော်ငိုလိုက်ရသေးတယ်။

“ဒီတော့ ပန်းပွင့်လေးကနေ လူဖြစ်လာတဲ့ ကောင်မလေးတစ်ယောက်နဲ့ နဂါးစီးမင်းသားလေးရဲ့ ဝမ်းနည်းဖွယ်ရာပုံပြင်လေးပေါ့။” ဖီးလစ်က ပုံပြင်ကိုဖတ်ပြီးတော့ လူနာကိုမော့ကြည့်လိုက်တယ်။ လူနာကတော့ ယုံကြည်ချက်ပြင်းပြစွာနဲ့ ပြန်ပြုံးပြနေတယ်။

ဖီးလစ်က သက်ပြင်းချလိုက်ပြီး စာအုပ်ကိုပြန်ငုံကြည့်လိုက်တယ်။ အခုလူနာရဲ့ပုံပြင်ကို ကျောင်းတစ်ခုလုံးက အာရုံစိုက်နေကြတာ။ ဆယ်ကျော်သက်ကလေးတစ်ယောက်က ဒီအဆင့်ရှိတဲ့ပုံပြင်တစ်ပုဒ်ကို ရေးနိုင်တယ်ဆိုတာ တကယ်ကိုချီးကျူးရမယ့်ကိစ္စ။

ဒါပေါ့၊ အနုပ​ညာအားပေးတဲ့နိုင်ငံမလို့လေ။

“ပန်းအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကနေ မင်းဘာကြောင့် စံပယ်ပန်းကိုမှ ရွေးခဲ့တယ်လဲ။” ဖီးလစ်က သိချင်စိတ်ပြင်းပြစွာနဲ့ မေးလိုက်တယ်။

“ဘာလို့ဆို… သူတို့တွေက မွှေးတယ်မဟုတ်လား။”

လူနာရဲ့အဖြေစကားကိုကြားတော့ ဖီးလစ်ခပ်ဟဟ ရယ်မောလိုက်တယ်။ နောက်တော့ ကောင်မလေးခေါင်းကို ပုတ်လိုက်လေရဲ့။

“သိပ်ကောင်းတယ်၊ စံပယ်ပန်းပွင့်လေးတွေရဲ့သက်တမ်းက အပင်ပေါ်မှာဆိုရင်တောင် ရက်အနည်းငယ်ပဲခံတာ။ သူ့ဘဝနဲ့ယှဥ်လိုက်ရင်တော့ တိုတိုလေးပဲ။ ဒါပေမဲ့ လူတစ်ယောက်ကို ချစ်မိသွားဖို့အတွက်တော့ လုံလောက်တယ်ပေါ့။”

ဖီးလစ်က အတွေးစိတ်ကူးတချို့နဲ့အတူ ပန်းခြံထဲမှာရှိနေတဲ့ စံပယ်ပန်းလေးတစ်ပွင့်ကို ခူးပြီး လူနာရဲ့လက်ထဲ ထည့်ပေးလိုက်တယ်။

“ဒါပေမဲ့ ပန်းကိုခူးလိုက်ပြီးရင် တစ်နေ့အတွင်းညိုးခြောက်သွားမှာလေ၊ သမီးရဲ့ပုံပြင်ထဲကလို ခြေနှစ်ချောင်းနဲ့ တိုင်းပြည်အနှံလျှောက်သွားနေဖို့ ဝေးရော။”

ဖီးလစ်ရဲ့ခပ်ပြတ်ပြတ်စကားကြောင့် လူနာလေးရဲ့မျှော်လင့်ချက်အပြည့်နဲ့အပြုံးက ရုတ်တရက်အေးခဲသွားတယ်။

လာပါပြီ၊ လာပါပြီ။ လူကြီးတွေရဲ့မမျှမတအသိဉာဏ်ကြီးနဲ့ သူ့စိတ်ကူးလေးတွေကို ချိုးဖျက်ဖို့လုပ်နေပြီ။ လူနာလေး အကြီးအကျယ်စိတ်ဆိုးသွားတယ်။

“အား… ဦးလေးကြီးကလဲ၊ ပုံပြင်ပါဆိုနေမှ။ ဒီလောက်တိကျစရာလိုလို့လားလို့။”

ဒါပေမဲ့ ဦးလေးဖီးလစ်ကတော့ မနားတမ်းဆက်ဝေဖန်နေတုန်းပဲ။ “ပြီးတော့ မင်းစပယ်ပန်းက ဘယ်ကနေဘယ်လို လူဖြစ်သွားမှန်းလည်းမပါဘူး။”

“…..” လူနာဒီတစ်ခါတော့ စကားဆက်မပြောတော့ဘူး။ ဦးလေးကြီးကို နှုတ်ခမ်းဆူပြီးကြည့်နေတယ်။ ဖီးလစ်ကတော့ ကျိုးကြောင်းလျှော်ညီစွာနဲ့ ဆက်ပြောနေတယ်။

“ပုံပြင်တွေနဲ့ဝတ္ထုတွေအားလုံးက စိတ်ကူးယဥ်တွေပါပဲ။ ဒါပေမဲ့အထူးဆန်းဆုံး စိတ်ကူးယဥ်အိပ်မက်တွေမှာတောင် သဘာဝကျမှုဆိုတာလိုအပ်တယ်။ အကြောင်းမရှိဘဲ အကျိုးမဖြစ်ထွန်းလာပြီ။ စင်ဒရဲလားလေး ကပွဲကို ဘယ််လိုတက်ခွင့်ရခဲ့တာလဲ။” ဖီးလစ်က စကားကိုခဏရပ်ထားပြီး ရုတ်တရက်မေးလိုက်တယ်။

“နတ်သမီးက သူ့အတွက်အဝတ်အစားတွေနဲ့ ရထားလုံးကို ပြင်ပေးလို့မဟုတ်လား။” လူနာတစ်ယောက် အဲဒီအဖြေကိုပေးလိုက်ရင်းနဲ့ သူ့ပါးစပ်သူ လက်ဖဝါးလေးနဲ့ ပြန်အုပ်ထားလိုက်တယ်။

“ဘုရားရေ…. သမီးအဓိကအချက်တွေကို စဥ်းစားဖို့မေ့သွားတာပဲ။”

ဦးလေးဖီးလစ်က ပြုံးလိုက်ပြီး သူထိုင်နေတဲ့ကုလားထိုင်ကနေ ထလိုက်တယ်။ နောက်တော့ လူနာရဲ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ချလိုက်ပြီး သူတို့နှစ်ယောက်ရဲ့အရပ်က အတူတူထင်ရတဲ့အနေအထားမျိုးဖြစ်အောင် ခါးကိုလည်းကိုင်းထားတာပေါ့။ နောက်တော့ လူနာ့လက်ထဲက စံပယ်ပန်းလေးကို ပြန်ယူလိုက်ပြီး လက်ထဲမှာမြှောက်ပြလိုက်တယ်။

“စင်ဒရဲလား​က မိထွေးနဲ့မယားပါအစ်မတွေ နှိပ်စက်လို့ အထီးကျန်ပြီးဝမ်းနည်းနေခဲ့တယ်။ ပန်းပွင့်လေးဘဝကနေ ရုတ်တရက်လူဖြစ်လာတဲ့ ဂျက်စမင်လေးအတွက်ရော သူ့ခံစားချက်တွေက ဘယ်လိုဖြစ်နေမယ်ထင်လဲ။”

“သူ… သူက ရုတ်တရက်ပြောင်းလွဲသွားတဲ့အတွက် အံ့အားသင့်နေမှာမလား…” လူနာပြန်ဖြေလိုက်တော့ ဖီးလစ်က ခေါင်းညိတ်ပြပြီး စံပယ်ပန်းလေးကို လူနာရဲ့နားသယ်မှာပန်ပေးလိုက်တယ်။

“ဟုတ်တယ်၊ ပြီးတော့ သူ့မျက်စိရှေ့မှာအသစ်အဆန်းဖြစ်နေတဲ့ လောကကြီးကိုစူးစမ်းချင်တဲ့စိတ်ရော ရှိနေရမှာ။ မင်းရဲ့ဇာတ်ကောင်မှာ ခံစားချက်တွေနဲ့ ကျိုးကြောင်းဆက်နွယ်မှုမရှိရင် ဇာတ်လမ်းမှာ ဟာပေါက်အကြီးကြီးဖြစ်နေတော့မှာပေါ့၊ ကလေးမရဲ့။”

ဖီးလစ်ရဲ့စကားအဆုံးမှာ ကလေးမလေးမျက်နှာက ရှက်လွန်းလို့နီမြန်းသွားတယ်။ အရမ်းဆိုးတဲ့ပုံပြင်တစ်ခုကို ရေးပြီးလူကြီးတွေကိုပြမိလို့ ရှက်သွားတာလား။ ဒါမှမဟုတ် လူစိမ်းတစ်ယောက်က ပန်းပန်ပေးလိုက်လို့ ရှက်သွားတာလားတော့ သူကိုယ်တိုင်လည်းမသိ။

“ဟုတ်…ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။” နောက်တော့ ကလေးမလေးက ဖီးလစ်လက်ထဲက စာအုပ်ကို ပြန်ဆွဲယူလိုက်ပြီး ပန်းခြံထဲကနေ ယပျာကယာ ပြေးထွက်သွားတယ်။

ဖီးလစ်ကတော့ မတ်တပ်ပြန်ရပ်လိုက်ပြီး သူ့ဒူးမှာပေနေတဲ့ မြေမှုန်တွေကို လက်နဲ့ခါလိုက်တယ်။ အဲဒီနောက် ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရယ်မောလိုက်တယ်။ တကယ်လွတ်လပ်တဲ့ ရယ်သံမျိုးသူ့ရင်ခေါင်းထဲကနေ ထွက်လာခဲ့တာ။ နောက်တော့ သူ့မျက်နှာက ပြန်တည်သွားပြီး သူ့ဘာသာပြောလိုက်တယ်။

“ဒီကလေးက တကယ်ပဲပါရမီရှိတယ်။”

နောက်တစ်နေ့မနက်ရောက်တော့ ပန်းခြံထဲကို စာအုပ်လေးကိုင်ပြီး ခိုးကြောင်ခိုးဝှက်ဝယ်လာတဲ့ လူနာလေးကို ဖီးလစ်တွေ့လိုက်ရတယ်။ အခုဖီးလစ်က ပန်းပင်တွေကို မြေဩဇာကျွေးနေတာ။ အနားရောက်တော့ လူနာက ဖီးလစ်ကိုစာအုပ်ကမ်ပေးတယ်။

“ဦးလေး၊ ဦးလေးပြောတဲ့ဟာတွေ သမီးပြင်ပြီးထည့်ပြီးသွားပြီ။”

ဒါပေမဲ့ ဖီးလစ်က အလုပ်ရှုပ်နေတော့ ကောင်မလေးစာအုပ်ကို ခပ်မြန်မြန်ပဲလှန်လိုက်ပြီး ​စားပွဲပေါ်သွားတင်ထားလိုက်တယ်။

“အလုပ်ပြီးမှဖတ်မယ်။” ဒါပေမဲ့သူစာအုပ်ကိုမပိတ်ခင် ကောင်မလေးရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ မင်နဲ့ခြစ်ထားတဲ့ ဇာတ်လမ်းအကြမ်းတွေ၊ ဆဲဲဖြုတ်ထားတဲ့ စာမျက်နှာနေနဲ့အတူ ပုံပြင်စာအုပ်လေးက တစ်ဝက်လောက်ကုန်သွားပြီ။

လူနာကိုကြည့်လိုက်တော့ မျက်တွင်းလေးတွေချိုင့်ဝင်လို့။ ကြည့်ရတာ ဇာတ်လမ်းကိုပြင်ဖို့အတွက် တစ်ညလုံး ကြိုးစားခဲ့တဲ့ပုံပဲ။

ဦးလေးကြီးက သုံးခက်ရင်းကိုယူကာ ကြက်ဥခွံတွေကို အမှုန့်ကျိတ်ထားတဲ့ မြေဩဇာအိတ်ကိုတစ်ဖက်ကသယ်ရင်း တခြားအပင်တွေဖက်ကို လှည့်ထွက်သွားတယ်။

“ပန်းပွင့်လေးက ဘယ်လိုလူဖြစ်နေတာလဲရော ရေးပြီးပြီလား။” ဦးလေးကြီးက မြေပြင်ကိုထိုးဆွရင်း မေးလိုက်တယ်။

“၇လပိုင်း၊ ၇ရက်နေ့ ၇စဥ်ကြယ် အမြီးတန်းတဲ့အချိန်မှာ ဥက္ကာပျံတစ်ခုဖြတ်သွားပြီး အဲဒီကအလင်းက ပန်းပွင့်လေးကိုမှန်သွားတာ။ အဲဒီကနေ မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းသွားပြီး သူနားမလည်နိုင်တဲ့ လောကကြီးထဲ လှည့်လည်သွားလာနေတာ။”

ဦးလေးကြီးက မဲ့ရွဲ့ပြီး ကောင်မလေးကို ပြန်ကြည့်လိုက်တယ်။ “ဘယ်လိုလုပ်ပြီး ၇ဂဏန်းတွေချည်း ဖြစ်နေရတာတုန်း၊ ပန်းပွင့်က စံပယ်ခြုံပေါ်မှာ ၇ပွင့်မြောက်တော့ မဟုတ်ပါဘူးနော်။”

“အင်း… အဲဒါလည်းပါတယ်။” လူနာလေးပြန်ဖြေပြီးတဲ့နောက်တော့ ဦးလေးကြီးဘာပြောရမှန်းမသိတော့ဘူး။ လူနာရဲ့ဂျက်စမင်လေးပုံပြင်ကို 7 Eleven ဆိုင်ကြော်ငြာနေတယ်လို့တောင် ထင်လာမိပြီ။

“ဟုတ်ပါပြီ၊ မင်းသားလေးရဲ့နောက်ခံနဲ့ ပန်းပွင့်လေးဘယ်လိုတွေ့တယ်ဆိုတာကိုရော ရေးပြီးပြီလား။” ဦးလေးကြီး မေးလိုက်တော့ လူနာလေး​က မျက်လုံးလေးအကြောင်သားနဲ့ ပြန်ကြည့်လိုက်တယ်။ မရေးရသေးမှန်း အသိသာချည်း။

“မင်းရဲ့မင်းသားလေးက နဂါးလည်ပင်းမှာ ခွေးလည်ပတ်ကြိုးတပ်ပြီး နန်းတော်ရှေ့လမ်းလျှောက်ထွက်ရင်း ပန်းပင့်လေးနဲ့တွေ့တာတော့ မဟုတ်ပါဘူးနော်။”

“….”

“ဟိုဗီလိန်ကောင်ရဲ့ဇာစ်မြစ်ကိုရော ဘယ်လိုလုပ်မှာလဲ။ ဗီလိန်ကောင်က ရုတ်တရက်ကြီးဘွားခနဲပေါ်လာရင် ဘယ်လိုလုပ်အဓိပ္ပါယ်ရှိမှာတုန်း။”

“…..”

ဦးလေးကြီးက လူနာရဲ့ဂျက်စမင်လေးပုံပြင်က ဇာတ်ကွက်ဟာပေါက်တွေအကုန်လုံးကို တစ်ခုချင်းထောက်ပြနေတယ်။ ကြာလာတော့ လူနာလေးတစ်ယောက် နားထဲကနေ အငွေ့တွေထွက်လာပြီလို့တောင် ခံစားလာရလေရဲ့။

“ဒါပေမဲ့၊ ဦးလေးကြီးက ဒီလောက်ဂျီးများနေတာဆိုတော့ ကျွန်မပုံပြင်က မကောင်းလို့များလား။” လူနာပြောလိုက်တော့ ဦးလေးကြီးက ဥယျာဥ်သုံးလက်အိတ်ဝတ်ထားတဲ့လက်နဲ့ ကောင်မလေးခေါင်းကိုခေါင်းလိုက်တယ်။

“အား… ဖုန်တွေအမှုန်တွေနဲ့ကို သမီးဆံပင်တွေပျက်စီးကုန်လိမ့်မယ်။” လူနာက ပြောပြောဆိုဆိုနဲ့ ဆံပင်ပေါ်မှာတင်ကျန်နေတဲ့ မြေမှုန်တွေကို ဖယ်ချလိုက်တယ်။

“အများကြီးတွေးမနေနဲ့၊ ငါက မင်းရဲ့ပုံပြင်လေးကို ပန်းတွေလိုမျိုး ဝေဝေဆာဆာကြီးပွင့်လာအောင် မြေဩဇာထည့်ပေးနေတာ။”

“ကလင်… ကလင်…” သူတို့နှစ်ယောက် စကားပြောနေတဲ့ အချိန်မှာပဲ ခြံတံခါးဝကနေ ခေါင်းလောင်းတီးသံ ထွက်လာတယ်။

အခြားတစ်ယောက်ရဲ့အိမ်ကို လာတယ်ဆိုရင် အိမ်ရှင်သိအောင် ခေါင်းလောင်းတီးရတာက အ​ခြေခံယဥ်ကျေးမှု။ ဒါပေမဲ့ လူနာလေးကတော့ ဒီပန်းခြံလေးထဲကို ကိုယ့်အိမ်ကိုယ်ယာလိုမျိုး ဝင်ထွက်နေတာမလို့ ခေါင်းလောင်းလုံးဝမတီးဘူး။

လူနာလေး​က လှစ်ခနဲပြေးသွားပြီး ခြံတံခါးခေါင်းလောင်းလာတီးတဲ့ ဧည့်သည်ကိုသွားကြည့်တယ်။ အမည်မသိဧည့်သည်က ရှပ်အင်္ကျီအဖြူဝတ်ထားပြီး အပေါ်က အနက်ရောင်အနောက်တိုင်းအင်္ကျီကိုထပ်ထားတယ်။ နေ​ပူပူကြီးထဲ အထူကြီးဝတ်ထားတာမလို့ လည်ပင်းနဲ့နဖူးနားမှာချွေးတွေစီးကျနေတယ်။

ကလေးမလေး​ကိုတွေ့တော့ လူကြီးက တော်တော်ဝမ်းသာသွားပုံပဲ။ သူ့ရဲ့နဖူးပြောင်ပြောင်ပေါ်က စီးကျနေတဲ့ ချွေးစက်တွေကို အင်္ကျီလက်နဲ့သုတ်လိုက်ရင်း လည်ပင်းက ဝန်ထမ်းကတ်ကို ထောင်ပြလိုက်တယ်။

“ကလေးမလေး၊ မင်းက ဒီအိမ်သားလား။ ဦးလေးက မေပယ်ဘဏ်က တာဝန်ခံပါ။ ဒီအိမ်ကိစ္စနဲ့ပတ်သက်ပြီး ပြောစရာရှိလို့။ လူကြီးတွေမရှိဘူးလား။”

လူနာလေးကတော့ နားမလည်နိုင်စွာ ခေါင်းကိုစောင်းပြီး ဘဏ်ဝန်ထမ်းကတ်ကို ကြည့်လိုက်တယ်။ စင်စစ်မှာ ဘဏ်ဆိုတဲ့စကားလုံးကို လူနာလေးသေသေချာချာ နားမလည်သေးပေမဲ့ မကောင်းတဲ့ကောင်တွေလို့တော့ စိတ်ထဲမှာမှတ်သားထားနေကျ။ အကြောင်းကတော့ လူနာ့အမေဟာ လတိုင်းလိုလို ဝင်ငွေခွန်၊ ဖုန်းဘေလ်၊ လျှပ်စစ်မီတာခ စတာတွေနဲ့ ရင်ဆိုင်နပန်းသတ်နေရလို့ဖြစ်တယ်။

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က။

အနည်းငယ် ငယ်ရွယ်သေးသော ဖီးလစ်မှာ ဆေးအရှိန်ကြောင့် အိပ်မောကျနေသည့် ဇနီးဖြစ်သူကို ဆေးရုံခန်းအတွင်း ထားခဲ့ပြီးနောက် ဆရာဝန်ဖြစ်သူ၏ရုံးခန်းသို့လိုက်သွားကာ ရောဂါအခြေအနေအကြောင်း ဆွေးနွေးရန်ဖြစ်လာသည်။

“မစ္စတာဖီးလစ်၊ ခင်ဗျားက မျိုးရိုးနာမည်မရှိဘူးဆိုတော့ ဒီလိုပဲခေါ်ပါရစေ။ ခင်ဗျားမိန်းမက အစာအိမ်ကင်ဆာ ဒုတိယအဆင့်ကိုခံစားနေရတာ တော်တော်ကြာပြီ။ အခုတတိယအဆင့်လို့ သတ်မှတ်ရတော့မှာဆိုတော့ ပဋိဇီဝဆေးတွေသက်သက်နဲ့ ရောဂါကိုဖိနှိပ်လို့ မရနိုင်တော့ဘူး။ ဓာတ်ကင်ကုထုံးတွေနဲ့ပါ စမ်းသပ်ကြည့်ရမှရမယ်။ အကျိတ်တွေကို ဖြတ်ထုတ်တဲ့ ခွဲစိတ်နည်းတွေကလည်း တိုးတက်လာပြီဆိုတော့ အကုန်အကျတော့များပေမဲ့ တော်တော်လေးထိရောက်ပါတယ်။ ခင်ဗျားစမ်းကြည့်ချင်လား။”

ဖီးလစ်က ဆေးပညာဗဟုသုတများနှင့်ပတ်သက်လာလျှင် တော်တော်လေးဉာဏ်ထိုင်းပါသည်။ ဒေါက်တာပြောနေသည့် စကားတချို့ကို ရိုးရှင်းစွာဖြင့် သူနားမလည်ပါ။ သို့သော်လည်း မျှော်လင့်ချက်ရှိသည်ဆိုမှတော့ သူကြိုးစားကြည့်ချင်သေးသည်။

“ပျောက်ကင်းနိုင်တဲ့ ရာခိုင်နှုန်းကရော ဘယ်လောက်ရှိလဲဆရာ။”

ဆရာဝန်က ဆေးစာများကို ပြန်လှန်ကြည့်လိုက်ရင်း ဖီးလစ်ကို ပြန်မော့ကြည့်ကာ ဖြေလိုက်၏။ “လူတစ်ရာမှာ နှစ်ဆယ့်ငါးယောက်လောက်ကတော့ အဆင့်သုံး အစာအိမ်ကင်ဆာကနေ ပြန်ကောင်းလာနိုင်ကြပါတယ်။ ဒါပေမဲ့ ဆေးပညာတွေက တိုးတက်နေတာဆိုတော့ ကုသနေချိန်မှာပဲ အရှင်းပျောက်ကင်းနိုင်တဲ့ ကုသနည်းသစ်တွေ ပေါ်လာနိုင်ပါတယ်။”

ဖီးလစ်က လက်နှစ်ဖက်ကို အချင်းချင်းတင်းတင်းဆုပ်ကိုင်ထားရင်း ဆရာဝန်ကို အရဲစွန့်ကာမေးလိုက်သည်။

“တကယ်လို့ ကုသလို့မပျောက်ကင်းခဲ့ရင်ရော…”

ဆရာဝန်က မျက်မှန်ကို ပင့်တင်လိုက်ရင်း… “ပြောရတာတော့ စိတ်မကောင်းပေမဲ့ဆာ၊ ဒီရောဂါမျိုးက ငါးနှစ်လောက်အထိပဲ အချိန်ဆွဲလို့ရမှာပါ။ ဒါပေမဲ့ ငါးနှစ်အတွင်းမှာ ဆေးပညာက အများကြီးတိုးတက်လာနိုင်ပါတယ်။”

ဖီးလစ်က ဖြစ်နိုင်ခြေများကို တွေးစကြည့်လိုက်ကာ ခေါင်းကိုညိတ်လိုက်ပြီး “ခင်ဗျားပြောတဲ့ ကုထုံးတွေအတွက် ဘယ်လောက်ကုန်မလဲ။”

“တစ်နှစ်တာ ပုံမှန်ဆေးဝါးတွေအတွက် ဒေါ်လာ လေးသောင်းခွဲလောက်ကျမှာပါ။ တချို့အဆင့်မြင့် ကုထုံးတွေကတော့ ဒေါ်လာတစ်သန်းနားကပ်နေပေမဲ့ တော်ဝင်မျိုးတွေဖြစ်တဲ့ ခင်ဗျားတို့အတွက်တော့ စိုးရိမ်စရာမရှိလောက်ပါဘူး။”

အဲဒီနောက် ဖြစ်လာတဲ့အရာတွေကတော့ အတော်လေးရိုးရှင်းပါတယ်။ တော်ဝင်မိသားစုက လီလီယာကို ပြန်ခေါ်သွားလိမ့်မယ်ဆိုတာ ကြိုသိနေခဲ့တဲ့ ဖီးလစ်က အလျှော့မပေးချင်ခဲ့ဘူး။ အတ္တကြီးစွာနဲ့ နောက်ဆုံး ဘာကိုမှရွေးစရာမရှိတော့တဲ့အချိန်အထိ သူကိုယ်တိုင်ရဲ့စွမ်းအားနဲ့ ကုသပေးဖို့အတွက် ကြိုးစားခဲ့တယ်။

သူကြိုးစားခဲ့တဲ့ ရလဒ်လေးတွေ မီးရှို့ခံရသလိုမျိုး တစ်စတစ်စ ပျောက်ကွယ်သွားခဲ့ပေမဲ့ပေါ့။

၂နှစ်ကြာပြီးနောက်မှာတော့ သူဟာ မေပယ်ဘဏ်ရဲ့ချေးငွေဌာနခွဲက ကောင်တာတစ်လုံးရှေ့မှာ ရောက်နေခဲ့ပြီ။ ဝန်ထမ်းအဒေါ်ကြီးကတော့ မျက်မှန်ကိုပင့်တင်ရင်း သူ့ကိုသေချာအောင် မေးလိုက်တယ်။

“နာမည်က ဖီးလစ်နော်၊ မျိုးရိုးနာမည်မရှိဘူး ဟုတ်ရဲ့လား။” ဖီးလစ်ခေါင်းညိတ်ပြတော့ အမျိုးသမီးကြီးက စာချုပ်စာတမ်းများကို ပြန်ငုံကြည့်တယ်။

“ကျေးလက်မှာရှိတဲ့ မင်းရဲ့အိမ်လေးကို ဒေါ်လာတစ်သန်းနဲ့ ပေါင်ချင်တာလား။ ဒါပေမဲ့ လက်ရှိအိမ်ရာပေါက်စျေးအရ မင်းအိမ်လေးက ဒေါ်လာ လေးသိန်းပဲတန်တယ်။ ဘဏ်မူဝါဒအရ မင်းအိမ်တန်ဖိုးရဲ့၆၅%ပဲ ချေးပေးနိုင်တယ်။ အတိုးနှုန်းက ၂၀% ဖြစ်ပြီး အတိုးမသတ်နိုင်တာနဲ့ ၆လအတွင်းဆုံးမယ်။ ၁၀နှစ်အတွင်း ပြန်မရွေးရင်လည်းဆုံးမယ်။”

“ကျွန်တော် ဘယ်လောက်ရနိုင်လဲသာပြောတာ။”

“၂သိန်း ၆သောင်း၊ ပိုလည်းမပိုဘူး။ လျော့လည်းမလျော့ဘူး။ ဘယ်လိုလဲ။”

“အပေးအယူဖြစ်ပြီ။”

Comment

Leave a Reply

Options

not work with dark mode
Reset